Friday, November 23, 2018

(ဆေးလိပ်တောင်းသောက်ခြင်း)မျိုးမြင့်ချို

0 comments
(ဆေးလိပ်တောင်းသောက်ခြင်း)မျိုးမြင့်ချို
အမေရိကန်မှာ လူတွေ့ရင် ဆေးလိပ်တောင်းတောင်းသောက်သူတွေ အရင်ကထက် များများလာတယ်။ ဒါ့ကြောင့် လူကြားထဲ ဆေးလိပ် မသောက်မိအောင်နေနေရတာပဲ။ မြို့ကြီးတွေမှာဆို ကားမှတ်တိုင်နား မယောင်မလည်နဲ့ ဆေးလိပ်စောင့်တောင်းနေသူတွေကို ရှိတာ။ ကိုယ်က ဆေးလိပ်ဗူးလေးထုတ်လိုက်တာနဲ့ တလိပ်လောက်ဆိုပြီး ပေါက်ချလာတာပဲ။ ပေးများပေးလိုက်လို့ကတော့ မပြီးတော့ဘူး။ နောက်မှာ နောက်တယောက် နောက်တယောက်တွေနဲ့ ဆက်ဆက်ကုန်တော့တာ။

တခေါက် မိတ်ဆွေ မိသား ၂ စုနဲ့ ချီကားဂိုးသွားတော့ တိရိစ္ဆာန်ရုံဘက်ရောက်တယ်။ ကလေးတွေကို အထဲလိုက်ပို့မယ်ဆိုတော့ လိုက် မသွား ချင်တာနဲ့ အပြင်က ပန်းခြံခုံတန်းရှည်လေးမှာ တယောက်တည်းထိုင်ပြီးနေခဲ့တယ်။ ဆေးလိပ်ကလည်း သောက်ချင်နေတယ်။ မီးခြစ်က ကားထဲကျန်ခဲ့တာ။ သွားယူရအောင်ကြတော့လည်း ကားပါကင်န်နဲ့က ၄ ဖာလုံလောက်ဝေးတယ်။ ဆေးလိပ်က ရှိရက်နဲ့ မသောက်ရတာ။ မရှိလို့ဆို တော်သေးတာပေါ့။ ခံတွင်းကလည်း ချဉ်လှပြီ။ ပါးစောင်လည်း တံတွေးယိုလှပြီ။ စိတ်ထဲ ကသိကအောက်နဲ့ ထိုင်သာနေရတာ။ ထိုင်နေတဲ့ ၁၅ မိနစ်လောက်အတွင်းမှာ ကိုယ့်ရှေ့ကဖြတ်သွားဖြတ်လာပေါင်းက အယောက်(အနည်းဆုံး) ၅ ရာလောက်တော့ ရှိမယ် ထင်တာပဲ။ ဆေးလိပ်သောက်သွားတဲ့သူ တယောက်မှမတွေ့ဘူး။ မီးခိုးအနံ့လေးတောင်မရဘူး။ ဆေးလိပ်သောက်လာတဲ့လူမြင်တာနဲ့ မီးတတို့လောက်လုပ်မလို့ပဲ။

ခနနေတော့ အသက် ၃ဝ လောက်ရှိမယ်ထင်ရတဲ့ မိန်းမတယောက် ကိုယ့်ထိုင်ခုံ တဘက်စွန်းမှာ လာထိုင်တယ်။ အရပ်က ကိုယ့်ထက်တောင် မြင့်မလားပဲ။ ကိုယ်လုံးကိုယ်ပေါက်ကလည်း သိတ် သွယ်သွယ်ပါးပါးကြီးမဟုတ်တော့ အရပ်နဲ့ကိုယ်နဲ့က အတော်လိုက်တယ်ပြောရမှာပဲ။ စကပ်က တိုသလားမမေးနဲ့။ ပေါင်ရင်းအထိ အကုန်ပေါ်။ အပေါ်ပိုင်းမှာလည်း ဘယာစီယာသာသာလေးပဲ ပါတယ်။ ဆံပင်တွေကတော့ အော်ရီဂျင်နယ်လ် ရွှေရောင်နုနု။ ရေမွှေးနံ့လိုလို မိတ်ကပ်နံ့လိုလို နေလောင်ခံအဆီနံ့လိုလို အနံ့တွေနဲ့ လုံးလို့ထွေးလို့။ လွတ်လွတ်လပ်လပ် ထိုင်ရပါစေသဘောနဲ့ “အိပ်ကျုစ်”ဘာညာပြောပြီး ကိုယ်နဲ့သူ့ကြားမှာချထားတဲ့ ကိုယ့်ကင်မရာလေး ကိုယ့်ဘက်အသာပြန်ယူတော့ မျက်လုံးချင်း ဆုံမိတယ်။ မျက်လုံးတွေက အပြာကြည်ကြည်စစ်စစ်တွေ။ လှတော့ အတော်လှတဲ့မိန်းမလို့ စိတ်ထဲဖြစ်မိတာပဲ။ သူကလည်း အမေရိကန်မတွေ ထုံးစံအတိုင်း မျက်လုံးချင်းဆိုင်ပြီး ရဲရဲတင်းတင်းပြန်ကြည့် ပြုံးပြတာပေါ့။

ပြီးလည်းပြီးရော “မင်း စစ်သားဟောင်းလား”လို့ မေးတယ်။ ကိုယ်ကလည်း “စစ်သားဟောင်းတော့ စစ်သားဟောင်းပဲ၊ ဒါပေမယ့် အမေရိကန် တပ်က မဟုတ်ဘူး”ဆိုတော့ ဘယ်တပ်ကလဲ ဘယ်နိုင်ငံကလဲတဲ့။ ဒါနဲ့ ကိုယ်လည်း နည်းနည်းပါးပါးပြောပြတော့ သူ အတော်စိတ်ဝင်စား ဟန်နဲ့ ကိုယ့်ဘက် တိုးတိုးလာတယ်။ သူ့အနံ့တွေကလည်း ကိုယ့်နှာခေါင်းထဲ အလုအယက်ကို တိုးတက်ဝင်တော့တာပဲ။
ခနနေတော့ သူက ဘေးတိုက်အနေအထားနဲ့ ခါးဆန့်ပြီး မတ်မတ်ထိုင်စကားပြောရတာ အားမရလို့လား မသိဘူး။ ခုံတန်းနောက်မှီပေါ် လက်တဘက်ပစ်တင်လိုက်ပြီး အပေါ်တပိုင်းလုံးလှည့်ပြီး ပွားတော့တာပဲ။ ကိုယ်လည်း အလိုက်သင့် ကိုယ်လှည့်ထိုင်တော့ မျက်နှာချင်း ဆိုင်လို ဖြစ်သွားတာပေါ့။ ဟုတ်တယ် သူ ကိုယ့်ထက် အရပ်ပိုမြင့်မှန်း သေချာသွားတယ်။ သူက ကိုယ်ပြောတာ နားထောင်ရင်း ကိုယ်ကို ရှေ့နည်းနည်းလေးကိုင်းပြီး နားထောင်တယ်။ ကိုယ်က သူ့မျက်နှာသာကြည့်ပြီး ပြောပေမယ့် ကိုယ်ကိုင်းလိုက်လို့ စွင့်ကနဲပေါ်လာတဲ့ သူ့ရင်သားအစုံဆီလည်း မျက်စေ့က ရောက်ရောက်သွားတယ်။ သူကလည်း အဲ့သလိုအကြည့်ခံရတာ အတော်ကြေနပ်ပုံပေါ်တယ်။ ပိုတောင် ကိုင်း ကိုင်းပေးသလား မှတ်ရတယ်။ ပြီးတော့ ကိုယ်ကို တမင်လှုပ်လှုပ်ပြီး နားထောင်တယ်။ လှုပ်လေလေ လှလေလေပဲဆိုပါတော့။ ရီစရာများပြောမိလို့ကတော့ တကိုယ်လုံး သိမ့်သိမ့်ခါသွားအောင်များ လှုပ်မလားမသိဘူးလို့ မဆီမဆိုင်တွေးမိလိုက်သေးတယ်။

စကားပြောကြရင်း “ငါက နင်တို့လို့ အာရှသားတွေရဲ့အသားအရည်မျိုး သိတ်ကြိုက်တာ။ နေ သတ်သတ်လှမ်းနေစရာမလိုပဲ ညိုပြီးညက် နေတာ၊ ဆံပင်ကိုလည်း အနက်ရောင်ကြိုက်တယ်၊ မျက်လုံးလည်း ညိုတိုတို နက်တက်တက်လေးဖြစ်ချင်တာ” ဘာညာနဲ့ဆက်တိုက် သူချည်း လွှတ်တော့တာ။ ကိုယ်က သူနဲ့ပြောနေရင်း တချက်တချက် မျက်လုံးက ဖြတ်သွားဖြတ်လာတွေက ဆေးလိပ်သမားကို ရှာရှာနေတာ။ ဒီတော့ သူက “နင် တယောက်ယောက်ကို ရှာနေတာလား စောင့်နေတာလား”တဲ့။ “မဟုတ်ပါဘူး ဆေးလိပ်သမားများ တွေ့မလားကြည့်နေတာ ဆိုတော့ “ဘာလို့လဲ”..တဲ့။ “ဆေးလိပ်သောက်ချင်နေလို့”ဆိုတော့ ဘာမပြောညာမပြောနဲ့ ဇတ်ကနဲမတ်တပ်ထ၊ ရှေ့ကဖြတ်သွားတဲ့လူတွေနား သွားပြီး “ဟိုလူက ဗမာတပ်က စစ်သားဟောင်းပဲ။ တိုက်ပွဲမှာ ဒဏ်ရာရလာတဲ့ စစ်ထွက်ပဲ။ ဒီကို ဒုက္ခသည်အနေနဲ့ ရောက်လာတာ။ သူအခု ဆေးလိပ်သောက်ချင်လို့၊ အဲ့ဒါ ဆေးလိပ်ပါရင် တလိပ်လောက်ပေးခဲ့ပါလား”ဆိုပြီး ကျနော့်လက်ညှိုးထိုးပြလိုက် ဟိုလူတွေကိုပြုံးပြက်ပြလိုက်နဲ့ လူတွေဆီက ဆေးလိပ်လိုက်တောင်းတော့တာပဲ။

ကိုယ်လည်း စိတ်တော့ အတော်ညစ်သွားတယ်။ ရှက်လည်း ရှက်တယ်။ အတော့်ကို မနေတတ်မထိုင်တတ်ကြီးဖြစ်နေတယ်။ ကိုယ်ပြောတဲ့ ဆေးလိပ်သောက်ချင်နေလို့က ဝါကျမှ မဆုံးလိုက်တာ။ ကိုယ်ပြောတာကတမျိုး သူနားလည်သွားတာကတမျိုး ဖြစ်သွားတယ်။ တခုခုတော့ ပြောပြီး သူ့ကိုတားဦးမှလို့ စိတ်ထဲချက်ခြင်းဖြစ်ပေမယ့် မတားဖြစ်လိုက်ဘူး။ ကြည့်ကောင်းကောင်းနဲ့ပဲ ကြည့်နေလိုက်တယ်။ ဘာများဆက်ဖြစ် မလဲလို့ဆိုပြီး။ ပြီးတော့ သူ့စေတနာကို အပျက်အပြယ်လည်း မခံချင်ဘူး။ အတွေ့အကြုံသစ်လည်း ရချင်နေတယ်။ ဒါနဲ့ ဒီအတိုင်းပဲ ထိုင်ကြည့်နေလိုက်တာပါပဲ။

ဆေးလိပ်အတောင်းခံရတဲ့လူတွေက မပါကြောင်း၊ ဆေးလိပ်သမားမဟုတ်ကြောင်း သူ့ကို ယဉ်ယဉ်ကျေးကျေးပြောသလို ကိုယ့်ကိုယ်လည်း လက်လှမ်းပြပြီး ဆောရီးဘာညာနဲ့ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ကြတာပဲ။ ကိုယ်လည်း အလိုက်အထိုက် ဟဲလိုတွေဘာတွေ ရပါတယ်တွေဘာတွေ လုပ်တော့တာပေါ့။ လူတွေစိတ်ထဲ ဒီမိန်းမချော အမေရိကန်မက ဟိုခြေပြတ်လက်ပြတ် အသားညိုညို အာရှသားစစ်ပြန်နဲ့ ဘာအထာလဲ ဘာဇာတ်လမ်းလဲလို့တော့ ထင်ကြမလားမသိဘူးဆိုပြီး ကိုယ့်ဘာသာသဘောတွေ ကျကြက်ပြီး ပြုံးတောင်ပြုံးမိသေးတယ်။

ဆယ့်လေးငါးယောက်လောက် တောင်းလည်းပြီးရော နောက်ဆုံးတယောက်က သူ့မှာပါတယ်လို့ပြောရုံတင်မကဘူး ကျနော့်အနားထိလာပြီး ခါးလေးကိုင်း ဗူးထဲကဆေးလိပ်ကို အဖျားဘက်ကကိုင်၊ ဖင်စီခံ ကျနော့်ဘက်ထားပြီး ပေးလည်းပေး မီးခြစ်လည်းခြစ် မီးပါ ညှိပေးသေးတာ။ ကျနော်က “ကျေးဇူးတင်ပါတယ်၊ ငါသောက်ချင်နေတာကြာပြီ”လို့ပြောတော့ “ရပါတယ် ယူအာရ်ဝဲလ်ကမ်း”တွေဘာတွေပါ လုပ်သွားသေး တာပဲ။

အဲတော့မှ မယ်မင်းကြီးမက အောင်မြင်သူ့အပြုံးနဲ့ ကူညီလိုက်ရလို့ကြေနပ်သွားတဲ့မျက်နှာနဲ့ ကဲ အဆင်ပြေပြီမဟုတ်လား၊ ငါလည်း ညောင်းလို့ ခနဝင်ထိုင်တာ သွားတော့မယ်ဆိုပြီး လစ်တော့တာပဲ။ ကျနော်လည်း ဆေးလိပ်လေးဖွာရင်း မစ်ရှီဂန်ကန်ကြီးတွေဘက် စိတ်မှန်းနဲ့ ငေးကျန်ခဲ့ တာပါပဲ။
(မျိုးမြင့်ချို) လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကရေးခဲ့တာဖြစ်ပါတယ်။

0 comments:

Post a Comment