Thursday, November 22, 2018

(ခိုးထွက်) မျိုးမြင့်ချို

0 comments
(ခိုးထွက်) မျိုးမြင့်ချို
ကျနော်ဟာ “ခိုးထွက်“ ဖြစ်ပါတယ်၊
ကျနော့်ကို စစ်အစိုးရက ဗမာပြည်မှာမနေရလို့ မပြောပါဘူး၊
နေလို့မရအောင်လုပ်ထားတာပါ။
ထောင်ပြင်ရောက်တော့ ကျနော့်ကို မနှိပ်စက်ပါဘူး။
ကျနော့်ကြောင့်မိသားစု အနှိပ်စက်ခံရတာပါ၊
အိမ်မှာဧည့်သည်မရှိလည်း စစ်လိုက်တဲ့သန်းကောင်စာရင်း
မိုးမလင်းတော့မယ့်အတိုင်း၊
ဆိုင်သွားထိုင်လည်း လာလာကြည့်လိုက်တာမှ ချောင်းပေါက်မတတ်၊
အိမ် လာလာခြောင်းလိုက်တဲ့အခြောင်းကလည်း ထောင်းလမောင်းထ၊ တနေရာသွားမယ်ဆို ပို့လိုက်ရတဲ့သတင်းကလည်း သူတို့မယ်တင်းတိမ်တယ်ရယ်လို့မရှိ။

ထောင်ထဲဝင်ချိန်က သုံးခေါက်ချိုးမှတ်ပုံတင်၊
ပြန်ထွက်တော့ နိုင်ငံသားစိစစ်ရေးကဒ်။
စိစစ်ရေးကဒ်သွားလျှောက်တော့လည်း

ထောက်လှမ်းရေးက ခွင့်မပြုသေးလိုလုပ်မပေးနိုင်ပါလို့ လဝက ကလည်း လည်ဆန်ခါခါနဲ့ငြင်း၊
လုပ်စားလည်း ခွေးဟောင်၊ ထိုင်နေလည်း နောက်ကလိုက်ဆွဲ၊
နိုင်ငံရေးပြန်မလုပ်ရဲဟောင် မန်ဖီဖီပြနဲ့ ဘယ်မှလည်း သွားမရလာမရ။


အဲ့တိုင်းပြည်မှာ ဘိုးဘေးတွေလက်ထက်ထဲက အစဉ်အဆက်နေထိုင်လာခဲ့တာလည်းမှန်တယ်၊ စစ်ထဲလိုက်ဖူးတာလည်းမှန်တယ်၊
ဒဏ်ရာလို့ တပ်ကနေဆေးပင်စင်နဲ့ ထွက်ခဲ့တာလည်းမှန်တယ်
ဒါပေမယ့် စစ်သားဟောင်းဖြစ်ပြီး စစ်တပ်ပြန်ဆန့်ကျင်တဲ့သစ္စာဖေါက်၊ ဘုရားမရှိတရားရှိတဲ့ ဗကပ၊ အာဏာဖီဆန်ရေးလုပ်တဲ့ NLD ၊ ထောင်ထွက်ဆိုပြီး ကိုယ့်နိုင်ငံကိုယ်နေရင်း နိုင်ငံမဲ့အဖြစ်ရောက်ရ။
ဒါနဲ့ စိတ်ဦးတည့်ရာပြေးမှဟဆိုပြီး စစ်ထောက်လှမ်းရေးတွေမသိအောင် ထိုင်းနိုင်ငံကို“ခိုးထွက်“လာခဲ့ရတာပါ။

ထိုင်းကျမှ ဟား...ငါ့လို ခိုးထွက်တွေက ထိုင်းမှာအများကြီးပါလားဟဆိုပြီး ပါးစပ်အဟောင်းသားဖြစ်ရတာပါ။ ထိုင်းမှာ ဗမာပြည်ဖွား “ခိုးထွက်“ အလုပ်သမားတွေမှ သန်းချီနေပါရောလား၊ ဒုက္ခသည်စခန်းရောက်တော့လည်း လူမျိုးစု “ခိုးထွက်“တွေမှတပုံကြီးပါလား၊ အမေရိကန်ရောက်တော့လည်း ဟာ..ဗမာပြည်ဖွား လူမျိုးစုံလူမျိုးစု“ခိုးထွက်တွေ“ ထောင်သောင်းချီနေပါရောလား၊ နိုင်ငံတကာမှာလည်း ဗမာပြည်ဖွား“ခိုးထွက်တွေ“မှ ရေတွက်လို့မကုန်နိုင်ပါရောလားဆိုပြီး ပါးစပ်တင်မကဘူး စိတ်ပါ အဟောင်းသားဖြစ်သွားတာ။

ဒီလောက် “ခိုးထွက်တွေ“များတဲ့တိုင်းပြည်ကို ဘယ်လိုလူတွေကများ “ခိုးဝင်“ချင်ကြပါလိမ့်လို့ တွေးမိပြီး “ဒီလူတွေ့နှယ် စွပ်စွဲမှစွပ်စွဲရဲကြပလေ၊ အရှက်မှ နည်းကြပလေ၊ မျက်နှာဗြောင်မှ တိုက်ကြပလေ“လို့ ဖြစ်မိတာပါပဲ။ အောက်တိုဘာ ၁၆၊ ၂၀၁၈
(ထပ်တင်ပါဆိုသူအတွက်)

0 comments:

Post a Comment