Thursday, November 22, 2018

(ပေါရဏမှာတော့ မီးရှူးတိုင်ကို တန်ဆောင်တိုင်လို့ခေါ်သတဲ့ တန်ဆောင်မုန်းရဲ့) မျိုးမြင့်ချို

0 comments
(ပေါရဏမှာတော့ မီးရှူးတိုင်ကို တန်ဆောင်တိုင်လို့ခေါ်သတဲ့ တန်ဆောင်မုန်းရဲ့)
တောင်ငူထောင် အပြောင်းခံရတုန်းကလည်း တန်ဆောင်မုန်းလပြည့်၊
သာယာဝတီထောင် အပြောင်းရတုန်းကလည်း တန်ဆောင်မုန်းလပြည့်၊
ဝိဇ္ဇာ ဇော်ဂျီ တပသီတွေက သစ်ပင်ပန်းမာလ်တွေမှာ ဆေးတွေလာဝှက်လို့ ဆေးပေါင်းခတယ်လို့ဆိုတာလည်း တန်ဆောင်းမုန်းလပြည့်၊ မယ်ဇလီဖူးတွေသုတ်စားပြီး သိဒ္ဓိ မဟိဒ္ဓတွေ မြောက်တယ်ဆိုတာလည်း တန်ဆောင်မုန်းလပြည့်၊
မသိုးသင်္ကန်းတွေ ညတွင်းချင်း အပြီးယက်ပြီး အရုံမတက်မီ ဆင်းတုတော်တွေမှာ ကပ်ကြတာလည်း တန်ဆောင်မုန်းလပြည့်၊ ကျီးမနိုးပွဲလုပ်ပြီး ပျော်စရာဒုက္ခတွေ ပေးကြတာလည်း တန်ဆောင်မုန်းလပြည့်၊
သာမညဖလ အခါတော်နေ့လို့ခေါ်တာလည်း တန်ဆောင်မုန်းလပြည့်
ဗုဒ္ဓမြတ်စွာက အဇာတသတ်မင်းသားကို သာမညဖလသုတ္တံ ဟောခဲ့တာလည်း တန်ဆောင်မုန်းလပြည့်။
အဖေသတ်မိတဲ့ အဇာတသတ်မင်း ခေါင်းခဲလို့အိပ်မပျော်တဲ့ဝေဒနာ ပျောက်ခဲ့တာလည်း တန်ဆောင်မုန်းလပြည့်။

အဲ့ဒီအထိတွေက ဘာပြဿနာမှ မရှိ။ ရှိတာက ခုရော ထောင်ပြောင်းရင် တန်ဆောင်မုန်းလပြည့်ညမှာ ပြောင်းသေးလား။
နိုင်ငံရေးအကျဉ်းသားတွေက ဒီမိုကရေစီအစိုးရဆိုတာအောက်မှလည်း ရှိနေသေးသလား။
သစ်ပင်ပန်းမာလ်တွေရော ဆေးဖက်ဝင်သေးရဲ့လား။
ကတိသစ္စာတည်သောခါ နွယ်မြက်သစ်ပင်ဆေးဖက်ဝင်၏လို့ ဆိုတာနဲ့ပြောရင် "မင်း"ဆိုသူက သူပေးတဲ့ကတိတွေတည်ပါရဲ့လား။ မသိုးသင်္ကန်းတွေရော အရင်အစဉ်အလာအတိုင်း ကပ်ကြပါသေးလား။
မျိုးချစ်အမည်ခံ အကြမ်းဖက်ဘုန်းကြီးဆိုးတွေကတော့ သိန်းချီတန်တဲ့ ကတ္တီပါသင်္ကန်းကြီးတွေ ခြုံကြတယ်ဆိုတယ်။

ရဟန်းပြုခြင်း၏အကျိုးဆိုတာက သာမညဖလသုတ္တံရဲ့အနှစ်သာရ။ လူသတ်အားပေးတရား ဟောနေကြတဲ့ ရဟန်းဆိုသူတွေမှာရော ရဟန်းပြုရခြင်းအကျိုး ပြက်ပြက်ထင်ထင်မြင်ရပါရဲ့လား။
သာမညဖလသုတ္တံဟာ ရဟန်းတို့ရဲ့ ကြေးမုံပြင်သဖွယ်ဖြစ်သတဲ့။
ရဟန်းတပါး ကိုယ်ကျင့်သီလရှိမရှိကို ဒါနဲ့ ထင်ဟပ်ကြည့်လို့ရတယ်တဲ့။
သာမညဖလသုတ္တံနဲ့ ဇတုတ်တိုက်ချလိုက်ရင် ကိုယ်ကျင့်သီလအရာမှာ ဇကာတင်ကျန်မယ့်ရဟန်း ဘယ်နှပါးကျန်မလဲ။ အဖသတ်တဲ့အဇာတသတ် ခေါင်းကိုက်ပျောက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ရသလို အမုန်းတရားဖြန့်ချိနေတဲ့ဘုန်းကြီးဆိုးတွေကြောင့် လူတွေအိပ်ကောင်းခြင်းအိပ်ရ စားကောင်းခြင်းစားရ ရှိကြပါရဲ့လား။
အဖေသတ်တာဟာ အလွန်အပြစ်ကြီးသမို့ မဟာအဝီစိငရဲကျခံရမှာဖြစ်ပေမယ့် ရတနာသုံးပါးကို ယုံကြည်သွားတာရယ် ပထမသင်္ဂါယနာတင်မင်း ဖြစ်သွားတာရယ်တွေကြောင့် လောဟကုမ္ဘီငရဲပဲရောက်သွားတယ်ဆိုရုံမက နောင်တချိန်ချိန်မှာ ဝိဇိတာဝီအမည်နဲ့ ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်မယ်ဆိုကရော စဉ်းစားစရာမဟုတ်ဘူးလား။

အဲ့ဒါနဲ့ယှဉ်တော့ သီတဂူဘုန်းကြီးပြောသလို ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေ၊ ငါးပါးသီလမလုံသူတွေကိုသတ်တာ အပြစ်မမြောက်ဘူးဆိုတဲ့သဘောနဲ့ ယှဉ်ကြည့်စရာဖြစ်လေမလား။
အဇာတသတ်က ခရီးကြိုလွှတ်လိုက်တဲ့ သမားတော်ဇီဝက က ဘာဖြစ်လို့ လူမိန်းမ ငါးရာကို ယောက်ကျားတွေလို စစ်ချပ်ဝတ်တန်ဆာတွေဝတ်ခိုင်းပြီးမှ ဗုဒ္ဓမြတ်စွာသီတင်းသုံးရာ သရက်ဥယျဉ်ဆီခေါ်သွားရတာလဲ။
မိန်းမဆို ဘုန်းနိမ့်တယ်ထင်လို့လား။
တန်ဆောင်မုန်းလပြည့်မှာမှ မဟုတ် ဘယ်လပြည့်ပြည့် ဘယ်လကွယ်ကွယ် အမုန်းတရားဟော အမုန်းစကားပြောတာဟာ ဘယ်ဘာသာတရားရဲ့အဆုံးအမနဲ့မှ မကိုက်ညီလို့ ဘယ်လူမှ မပြောအပ်ဘူး။
၏ဘာသာရေးဦးဆောင်ဆိုသူတွေက သာတောင်မပြောအပ်ဘူး။

ဘာသာတရားတွေမပေါ်ခင်က ဘာသာတရားတွေကြောင့်ဖြစ်ရတဲ့ လူသတ်ပွဲ၊ စစ်ပွဲ၊ ပဋိပက္ခတွေမရှိဘူး။ ဘာသာတရားတွေပေါ်လာတော့ အဲ့ဒီဘာသာတရားယုံကြည်သူ အစွန်းရောက်တွေ နောက်လိုက်တွေကြောင့် သွေးချောင်းစီးမှုကြီးတွေ ထောင်းလမောင်းထခဲ့တာ။ ထရတာပါ။ ခုထိလည်း ဆက်ဖြစ်နေတာပါ။ ဘာသာတရားတွေရဲ့ ကောင်းမွန်မြင့်မြတ်မှုဟာ အမုန်းတရားတွေ အငြှိုးအာဃာတတွေကြောင့် စွန်းထင်း ညစ်နွမ်းရတာဟာ လောကမချမ်းသာစရာဖြစ်ရတာပါပဲ။ ဘာသာတရားဟာ သူ့အဘိဓမ္မာ၊ သူ့ဆရာနဲ့ သူ့ဒကာ(ဘာသာ၊ ရှေ့ဆောင်၊ နောက်လိုက်) သုံးဖလှယ်ကြားကကိစ္စပဲဖြစ်တယ်။ အစိုးရက ဘာသာတရားကို ကိုယ်အာဏာမြဲရေးအတွက် ဒေါက်တိုင်သဖွယ် အသုံးပြုနေတာဟာ လိုလားကောင်းတဲ့အမှုမဟုတ်ဘူး။ အစိုးရမှာ လူတွေကို နိဗ္ဗာန်တွေ၊ နတ်ပြည်တွေ၊ ထာဝရအသက်တာတွေ၊ ဂျန္နတ်သ်သုခဘုံတွေ၊ အမတ တရားတွေ ရအောင်ရောက်အောင် ပို့ဆောင်စရာအကြောင်း ဘာမှမရှိဘူး။ ပို့ဆောင်ပေးရမယ့်တာဝန်လည်း မရှိဘူး။ အဲ့ဒါတွေ တကယ်ရှိဦးတောင် အစိုးရက ပို့ပေးလို့မရဘူး။ တန်ဆောင်မုန်းမှာ ကျနော်တို့ချစ်ချစ်ခင်ခင်နေပြီး လောကကိုအမုန်းမီးမြှိုက်နေသူတွေကို ဆန့်ကျင်ကြဖို့ပါပဲ။ မျိုးမြင့်ချို(နိုဝင်ဘာ ၁ဝ၊ ၂ဝ၁၈)

0 comments:

Post a Comment