Thursday, November 22, 2018

"ဗကပ မြေပေါ်တက်ရေး" ရဲဘော်ဖိုးသံချောင်း

0 comments
"ဗကပ မြေပေါ်တက်ရေး"
ရဲဘော်ဖိုးသံချောင်း(2014)
တနေ့က ဘီဘီစီက ကျွန်တော့်ကိုဗျူးတော့ ဗကပအနေနဲ့ ပြည်တွင်းကိုဝင်လို့ရအောင်လုပ်တာ ရှိသလား ဆိုတဲ့အဓိပ္ပါယ်မျိုး မေးတာနဲ့ကြုံရပါတယ်။ အဲဒီတုန်းက အချိန်သိပ်မရမှန်းသိလို့ အခြေခံကျတဲ့အချက်တချို့ကို မပြောခဲ့ပါဘူး။ အခုပြောချင်ပါတယ်။

နံပါတ်တစ် အခြေခံအကျဆုံးအချက်က တိုင်းပြည်တပြည်မှာ ဒီမိုကရေစီ ရှိမရှိI ထွန်းကားမထွန်းကား ဆိုတာဟာ အုပ်စိုးသူအပေါ်မူတည်တာလား၊ သူ့ကိုဆန့်ကျင်နေတဲ့အင်အားစုတွေအပေါ် မူတည်တာလားဆိုတဲ့အချက်ပါ။

နိုင်ငံတခုမှာ ဘယ်သူတွေ၊ ဘယ်အလွှာ၊ ဘယ်လူတန်းစား၊ ဘယ်ပါတီတွေကို ဒီမိုကရေစီပေးမယ်။ ဘယ်လောက်ပေးမယ်ဆိုတာကို အုပ်စိုးသူတွေကသာ သတ်မှတ်နိုင်ပါတယ်။ သတ်မှတ်ပါတယ်။ သာမန်လူတွေက ငါ့မှာ ဘယ်လိုဒီမိုကရေစီမျိုးရှိတယ်လို့ သတ်မှတ်လို့မရပါဘူး။ ကိုယ်ဟာ ဘယ်လို၊ ဘယ်လောက် ဒီမိုကရေစီခံစားခွင့်ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအတိုင်း ရမရကို အုပ်စိုးသူ အစိုးရက ပြဋ္ဌာန်းပါတယ်။

တချိန်တုန်းကဆိုရင် ဒီချုပ်ဆိုတဲ့ အဖွဲ့အစည်းတခုထဲကလူချင်းကိုပဲ ဒီမိုကရေစီခံစားခွင့်ကို ခွဲခြားပေးထားတာ မှတ်မိကြမယ်ထင်ပါတယ်။ ဒေါ်စုတို့ ဦးတင်ဦးတို့ကို ထောင်ထဲမှာထားပြီး တခြားလူတွေကိုတော့ တစုံတရာလုပ်ကိုင် ခွင့်ပြုထားခဲ့ပါတယ်။

ဒါဟာ ဗမာပြည် လွတ်လပ်ရေးရပြီးတဲ့နောက် နိုင်ငံရေးလောကမှာ အစိုးရအဆက်ဆက်ကျင့်သုံးခဲ့တဲ့ ကျင့်ထုံးဖြစ်ပါတယ်။ သူတို့ ဖဆပလတွေကိုတော့ ပြူစောထီးတွေကတဆင့် လူသတ်ဖို့အထိခွင့်ပြုထားပြီး အတိုက်အခံတွေကိုတော့ ထောင်ထဲထည့် တကျွန်းပို့တာတွေ လုပ်ခဲ့ပါတယ်။ ကွန်မြူနစ်တွေ တောထဲရောက်ကုန်တာဟာလည်း ဖဆပလဆိုရှယ်လစ်တွေက ပါတီကို ဘူဒိုဇာနဲ့ကော်ထိုးသလို တနိုင်ငံလုံး တောင်သူလယ်သမားသမဂ္ဂမကျန် ဖမ်းဆီးအမြစ်ဖြုတ်ဖို့ လုပ်လို့ဖြစ်တယ်ဆိုတာ အခုတော့ ငြင်းဝံ့တဲ့လူ သိပ်မရှိတော့ပါဘူး။

ဒီနေ့အခါမှာ ဗိုလ်သိန်းစိန် စစ်အစိုးရနဲ့ သူတို့ခရိုနီတွေက လယ်မြေတွေကို ထင်သလိုသိမ်းခွင့်ရထားပြီး ဒီလိုလုပ်ရပ်ကိုဆန့်ကျင်သူတွေ ထောင်ရောက်တန်းရောက် ဖြစ်နေရတာဟာလည်း ဒီမိုကရေစီဆိုတာ ဘက်လိုက်မှုရှိကြောင်း အတိအလင်းဖော်ပြနေတာ ဖြစ်ပါတယ်။ ဗိုလ်သိန်းစိန်ရဲ့ အရပ်ဝတ်အစိုးရဟာ လယ်သမားတွေကို သေနတ်နဲ့ပစ်ဖို့ ရဲတွေရတဲ့ဒီမိုကရေစီမျိုး လယ်သမားတွေကို မပေးနိုင်ဘူးမဟုတ်လား။

ဒီနေ့ ဗကပ တရားဝင် ပြန်ရပ်တည်နိုင်ရေးကိစ္စအတွက် ဗကပဟာ ဘယ်သူနဲ့မဆို စကားပြောနိုင်ကြောင်း ကြေညာထားခဲ့တာ ကြာလှပါပြီ။ စစ်အာဏာရှင်တွေက မသိချင်ဟန်ဆောင်၊ မမှုချင်ဟန်ပြုနေတာသာ ဖြစ်ပါတယ်။ အခုကျမှ ဒီပြဿနာအတွက် ဗကပကို တရားခံလုပ်လို့ကတော့ သမိုင်းကို နားမလည်ရာ၊ စစ်အစိုးရပြောသမျှ လက်ခံလောက်အောင် ရိုးညံ့တဲ့လူ ဖြစ်သွားမှာပါ။ ဒီကိစ္စမှာ ဘောလုံးဟာ စစ်အစိုးရရဲ့ ကွင်းဘက်မှာလို့ အတိအလင်း ပြောနိုင်ပါတယ်။

အဲဒီအင်တာဗျူးမှာ ပိုအံ့သြစရာကောင်းတဲ့အပြောကတော့ ဗကပဟာ အစိုးရနဲ့စကားပြောနိုင်ဖို့အတွက် တခြားအဖွဲ့တွေလိုပဲ မြို့ပေါ်ကို အရင်တက်လာသင့်တယ် ဆိုတာပါပဲ။ ဒေါသနဲ့သာတုန့်ပြန်ရရင် "အဲဒီလို မြို့ပေါ်ကိုတက်သွားလို့ သူ့အဘတွေက မဖမ်းဘူးလို့ အာမခံနိုင်သလား"လို့ ပြောမိမှာပဲ။

ဗကပမြို့ပေါ် ရောက်ဖို့ဆိုရင် ဦးစွာအားဖြင့် ပုဒ်မ၁၇(၁)ကို ဖျက်သိမ်းရပါမယ်။ နောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စစ်အစိုးရရဲ့ ပါတီများမှတ်ပုံတင်ခွင့်ဥပဒေ ဆိုတာတွေအောက်မှာ ဗကပ မြို့ပေါ်တက်လို့ကတော့ 'ဟ'ထားတဲ့ ကျားခံတွင်းထဲ ခုန်ဆင်းသလိုသာ ဖြစ်မှာပါ။

ဗကပကို ချေမှုန်းဖို့ အသေအလဲကြိုးစားခဲ့တဲ့ ဖဆပလI ပထစI မဆလအစိုးရတွေ ကြေပျက်သွားပြီး ၇၅ နှစ် တည်တံ့နေတဲ့ပါတီဟာ ကိုယ့်ကိုယ်ကိုသတ်သေတဲ့အလုပ် မလုပ်ပါဘူး။
ရဲဘော်ဖိုးသံချောင်း
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ

0 comments:

Post a Comment