Tuesday, November 27, 2018

(မျက်စေ့မလည်ဖို့ဆိုရင်)မျိုးမြင့်ချို

0 comments
(မျက်စေ့မလည်ဖို့ဆိုရင်)
တချိန်က အောင်မင်းရဲ့"တရုတ်ကြောက်ရပါတယ်"နဲ့ အခု "ICC, R2P"လန့်ရပါတယ်" ဆိုတာတွေဟာ စစ်အုပ်စုအတွက် "ပြောင်းပြန်အကျိုးသက်ရောက်မှုကောင်းရရေး ဝါဒဖြန့်ချိမှု"သက်သက်ပါ။

တရုတ်က ကြီးထွားလာတဲ့ဓနကိုကာကွယ်ဖို့ ကြီးမားတဲ့စစ်အင်အား တည်ဆောက်တာမှန်ပေမယ့် ဘယ်နိုင်ငံနဲ့မှ စစ်တိုက်မယ့်လက္ခဏာတော့ ခုထိ မရှိသေးပါဘူး။ စီးပွားရေးအရအုပ်စီးပြီး နိုင်ငံရေးသြဇာထူတောင်နေတာ မြင်သာပါတယ်။ သူ့လောက်လည်း ဓနဥစ္စာမတောင့်တင်း နိုင်ငံရေးအရလည်း သူနဲ့မကင်းရာမကင်းကြောင်းနိုင်ငံတွေကို ကြည့်လိုက်ရင် တရုတ်ရဲ့ပေါ်လစီဟာ အဲ့ဒီနိုင်ငံအစိုးရတွေကကြိုက်ပြီး လူထုကအကြိုက်နည်းတာကို တွေ့ရမှာပါ။ အဲ့ဒီနိုင်ငံတွေကလူထုက အနောက်နဲ့ဥရောပကလာမယ့် ရင်းနှီးမြှုတ်နှံမှုမျိုး ပိုတောင့်တတာပါ။ ဒါပေမယ့် ထင်သလိုနဲ့ထင်သလောက် ရောက်မလာတော့ လာတဲ့တရုတ်နဲ့ပဲ နှစ်ပါးသွားရတော့တာပါ။

စစ်ဖြစ်ရင် စစ်သားတွေက စစ်တိုက်လူသတ်ရ၊ လူတွေသေကြ ပြည်တွေကြေကြတာမှန်ပေမယ့် စစ်တိုက်ဖို့ကိုတော့ အာဏာကိုင်ထားသူက ဆုံးဖြတ်တာပါ။ လက်ရှိအခြေအနေမှာ တရုတ်ဟာ သူ့စစ်သည်လည်း မသတ်၊ သူ့ပြည်သူလည်း မသေ၊ သူ့ပြည်လည်း မကြေတဲ့နည်းနဲ့သွားဖို့ ဆုံးဖြတ်ထားတာတွေ့ရပါတယ်။ ဒါကို စစ်အုပ်စုက ကျနော်တို့ထက်တောင် သိပါတယ်။

ဒါပေမယ့် တရုတ်ရန်ရှိတယ်၊ တရုတ်ကြောက်ရပါတယ်လုပ်လိုက်တော့ မြစ်ဆုံဆည်တည်ဆောက်ရေးဆိုင်းငံ့ထားဖို့ တပြည်လုံးရဲ့နှလုံးသည်းပွတ်ကို သိမ်းကြုံးယူငင်ဖို့ ပိုလွယ်ကူသွားပါတယ်။ "မကြောက်နဲ့ငါတို့ရှိတယ်"တို့၊ တရုတ်ကိုတိုက်ဖို့ "တပ်မတော်ကြီးနဲ့လက်တွဲပါမယ်"တို့အထိ အငိုက်မိသွားသူတွေလည်း ထွက်လာပါတယ်။ မြစ်ဆုံဆည်တည်ဆောက်လို့ အကျိုးများစရာမရှိဘူးလို့ ဘက်ပေါင်းစုံထောင့်ပေါင်းကနေ ထောက်ပြဝေဘန်နေကြသလို ဆည်ဆောက်မှာကို ပြည်သူတွေက တကယ် မလိုလားတာလည်း အမှန်ပါပဲ။

ဟိုဘက်ခေတ်မှာ သေနတ်ကြောက်လို့ အသံတွေဖျောက်ထားခဲ့ကြပေမယ့် အသံထွက်လို့ရတဲ့အချိန်မှာ အသံကုန်ကြွေးကြော်ခဲ့ကြတာပါ။ ဒီအသံကို သူက လူတွေဆီကနေ ချူယူလိုက်တာပါ။ ထွက်လည်းထွက်ပါတယ်။ မြစ်ဆုံကိစ္စ ဆက်လုပ်ချင်ပေမယ့် လူထုအား မလွန်ဆန်နိုင်လို့၊ အလေးထားလို့၊ ဒီမိုကရေစီအစိုးရဖြစ်လို့ဆိုတဲ့ အကာကွယ်ကောင်း ရသွားပါတယ်။ တချိန်က စစ်အုပ်စုကိုကဏ္ဍကောစ လုပ်ခဲ့သူတွေတောင် ဒါမှ တို့သမ္မတကြီးကွဆိုပြီး မျက်စေ့တွေ လည်ထွက်ကုန်ပါတယ်။
ဒါ သူလိုချင်တဲ့ "ပြောင်းပြန် အကျိုးသက်ရောက်မှုကောင်း"ပါ။

မြစ်ဆုံဆည်ကိစ္စကို အစိုးရကဆက်လုပ်ချင်ပေမယ့် ပြည်သူတခဲနက်ဆန့်ကျင်နေတော့ ခက်ပါတယ်လို့ တရုတ်ကိုပြဖို့ ချက်ကောင်းယူတာလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ တရုတ်အကြောက်ပြပြီး သူရှုပ်တဲ့အရှုပ်ထုတ်ကို နောင်လာမယ့်အစိုးရတွေလက်ထဲ ဗြမ္မာကြီးဥက္ခောင်းအပ်သလိုအပ်ရင်း နံမည်ကောင်းယူ နောက်ဆုတ်လက်လျှိုလိုက်နိုင်တယ်။ တရုတ်နဲ့လည်း သိတ်မျက်နှာမပျက်ခဲ့ပါ။ မျက်နှာလည်း သိတ်မပူရပါ။

ခုလည်း ICC နဲ့ R2P ဆိုတာ ဘာမှ ဖြစ်မလာမယ့်ကိစ္စမှန်း သူသိပါတယ်။ ဘယ်ခုံရုံးမှ သူ မတက်ရနိုင်ကြောင်း၊ ဘာစစ်ရေးအရ ဝင်ရောက် စွက်ဖက်တာမျိုးမှ ရှိမလာနိုင်မှန်း သူ တွက်မိပြီးသားပါ။ လူတိုင်းလည်း တွက်လို့ရပါတယ်။

ရိုဟင်ဂျာအရေး ဆော်သြနေသူတွေ၊ နိုင်ငံတကာမှာ လှည့်လည် နားချနေသူတွေက စစ်အုပ်စုကို ICC တင်ပစ်လိုက်မယ်တို့ R2P လာတော့မယ်တို့ဆိုတဲ့ ကြုံးဝါးသံတွေကို စစ်အုပ်စုက ကြိတ်ကြိုက်နေတာပါ။ အဲ့ဒီအသံကို ခုထက်တောင် များများလေး ထွက်စေချင်တာပါ။ ဒါမှ တပ်မတော်ထောက်ခံပွဲတွေလုပ်ဖို့ အကြောင်းပြ ပိုကောင်းမှာပါ။ သူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကိုဖုံးကွယ်ဖို့ ပိုကောင်းတာပါ။ စစ်အုပ်တော့ လန့်နေပြီတို့ ကြောက်နေပြီတို့ ဆိုတဲ့အမြင်မျိုးတွေ လူတွေကြားမှာ ပြန့်နှံ့နေစေ့ချင်တာပါ။

သူဟာ အားနည်းနေတဲ့သူ၊ သူဟာ ချည့်နဲ့နေတဲ့သူ၊ သူဟာ အနိုင်ကျင့်ခံနေရသူဆိုတဲ့ရုပ်လုံးပေါ်အောင် မဘသ ဘုန်းကြီးတွေ၊ စစ်ပြန်တွေအပါအဝင် သူမွေးထားသူတွေကိုကိုင်ပြီး သူ့သြဇာကို တဘက်လှည့်နဲ့ ထူထောင်နေတာပါ။

ICC, R2P ကိုပြပြီးချောက်တော့ ပြည်တွင်းက "စစ်တပ်တော့ မကြိုက်ဘူး ဒါပေမယ့် မွတ်စလင်မ်တွေနဲ့ ရိုဟင်ဂျာလူမျိုးတွေကို ခေါင်းခံပြီး တိုက်ပေးနေတာအတွက်တော့ မဆိုးပါဘူး"ဆိုသူတွေဆီက အိမ်တွင်းပုန်းထောက်ခံမှု ရသွားပါတယ်။ ဒါဟာ သူ့အတွက်တော့ တပြားတချပ်မှ ထပ်အကုန်ခံစရာမလိုပဲ လမ်းပေါ်ထွက်တဲ့လူတွေဆီက ရထာထက် ပိုကြီးမားတဲ့အကျိုးအမြတ် ဖြစ်ပါတယ်။

လမ်းပေါ်ထွက်တဲ့လူတွေကိုမှ နေ့တွက်နဲ့ထမင်းထုတ် ပေးရပါသေးတယ်။ အဲ့လိုပေးတာတွေလူသိတော့ မျက်နှာပူရပါသေးတယ်။ ပြီး အဲ့လူတွေက ပညာတတ်အလွှာက၊ နိုင်ငံရေးထဲက၊ မီဒီယာတွေထဲက၊ စီးပွားရေးထဲကလူတွေမဟုတ်တော့ သူတို့မှာ ဖန်တီးနိုင်တဲ့အနေအထားရှိဖို့ နေနေသာသာ အာဏာနားတောင် မသီနိုင်ပါဘူး။ သူတို့ဆီကရတဲ့ထောက်ခံမှုဟာ တကယ့်အတွင်းစိတ်ထဲက လာတာမျိုးလည်းမဟုတ်သလို ယာယီသာခံတဲ့ထောက်ခံမှုလည်း ဖြစ်ပါတယ်။ လူလုံးပြခိုင်းတဲ့သဘောလောက်ပါပဲ။

ခုနပြောတဲ့လူတွေဆီက ဒို့အရေး ဒို့အရေး လမ်းပေါ်ထွက်မအော်ပဲရလိုက်တဲ့ထောက်ခံမှုကတော့ သူတို့အတွက် တန်ဖိုးပိုကြီးသလို ရေရှည်လည်းခံပါတယ်။ နံမည်ကြီးမီဒီယာတချို့ဆို တပ်မတော်ထောက်ခံပွဲလုပ်တာကို မကြိုက်ကြောင်းသာပြောတာပါ အစ္စလာမ်ဆန့်ကျင်ရေး ရိုဟင်ဂျာလူမျိုးဆန့်ကျင်ရေး လုပ်နေတာတွေကိုတော့ မပြောမဖြစ်လို့ ဖေါ့ပြော ဖျော့ပြောလေးလောက်ပြောတာလေးပဲ တွေ့ရပါတယ်။ တချို့ဆို လုံးဝကို ပါးစပ်ကို မဟတာပါ။ ဒါဟာ စစ်အုပ်စုလိုချင်တဲ့၊ ရလည်းရသွားတဲ့ "ပြောင်းပြန်အကျိုးသက်ရောက်မှုကောင်း"ဖြစ်ပါတယ်။ ဆင်တဲ့ ဂွင်ထဲဝင်ပါတယ်။

ဒီလိုအခြေအနေတွေမှာ ကျနော်တို့ မ "အ"ကြဖို့၊ သူတို့ရဲ့လှည့်ကွက်နဲ့ ဝါဒဖြန့်ချက်တွေမှာ မျက်စေ့လည်မသွားဖို့၊ သူတို့လုပ်ရပ်တွေကို မျက်ခြေမပြတ်ကြဖို့ ဝါယမစိုက်ထုတ်နေတာကို ဆထက်ထမ်းပိုး ကြောင့်ကြစိုက်ထုတ်နေရမှာပါ။
မျိုးမြင့်ချို(နိုဝင်ဘာ ၂၇၊ ၂ဝ၁၈)

0 comments:

Post a Comment