Friday, November 23, 2018

(ကေအက်ဖ်စီနဲ့ဒီမိုကရေစီ)မျိုးမြင့်ချို

0 comments
(ကေအက်ဖ်စီနဲ့ဒီမိုကရေစီ)မျိုးမြင့်ချို
ဒီနေ့ ဗမာပြည်မှာ ပထမဆုံး KFC ကြက်ကြော်ဆိုင် စ ဖွင့်ပါတယ်။ ကျနော်ကလည်း ဟာ့ဒ်ဒရိုက်ဗ်ထဲသိမ်းထားတဲ့ ဓာတ်ပုံဟောင်းတွေ ပြန်ကြည့်နေမိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြောရမယ်ထင်တယ်။ ကျနော် ကင်န်တပ်ကီပြည်နယ်ကို ခရီး လေးကြိမ်ထွက်ဖူးတယ်။ ၄ ကြိမ်လုံး လည်ချိန်ပတ်ချိန် ရခဲ့ပါတယ်။ ကင်န်တပ်ကီပြည်နယ် လက်ဇင်တန်မြို့နီးချုပ်စပ်က လူသေ မမြှုပ်တော့တဲ့သဂျိုင်္င်းဟောင်းလေးတခု အကြောင်း ရေးမလို့ ဓာတ်ပုံဟောင်းတွေ ပြန်ရှာဖြစ်ပါတယ်။ကင်န်တပ်ကီဟာ KFC ရဲ့ချက်မြုတ်ရာ မဟုတ်လား။

ကင်န်တပ်ကီနဲ့စပ်တဲ့ တခြား အကြောင်းအရာတွေကတော့ ၅ ပုဒ်လောက်တော့ ရေးဖြစ်ခဲ့တယ်မှတ်တာပဲ။ မှတ်မှတ်ရရ ကြက်ကြော် အကြောင်းတော့ မပါခဲ့ဘူး။ ခေါင်းစဉ်တခုမှာတော့ “ကျွန်ဈေး၊ ကြိမ်ဒဏ်နဲ့ ကြက်ကြော်တဲ့မြို့”လို့တော့ တပ်ဖူးတယ်။

ခု ရွှေပြည်ကြီးမှာ ကင်န်တပ်ကီကြက်ကြော်ဆိုင်ဖွင့်တဲ့အကြောင်း၊ ဖွင့်ပွဲနေ့မှာ ဝယ်သူတွေများလို့ လူဦးရေခွဲတမ်းချ ရောင်းနေရတဲ့အကြောင်း၊ တံခါးပိတ်လိုက်လို့ ဆိုင့်အပြင်မှာ လူတွေ တန်းစီတိုးကြိတ်နေကြောင်း ဓာတ်ပုံတွေသတင်းတွေ မြင်ရဖတ်ရပါတယ်။

အနိမ့်ဆုံးလုပ်ခ တနေ့ဘယ်ရွေ့ဘယ်မျှနဲ့ ဘဝအသက်ဆက်နေကြရသူတွေတော့ ဆိုင်နားတောင် သီဖို့မလွယ်တဲ့ပါ။ ဆင်းရဲသားတွေပါ စားနိုင်တဲ့ အနေအထားမျိုးဖြစ်အောင်ဆို နောက် ဘယ်လောက်တောင် စောင့်ရဦးမလဲမပြောတတ်ပါ။ ကျနော်ကတော့ စားဖူးသူမို့ သိတ်မကြိုက်လှသူမို့ မကောင်းဘူးကောင်းတယ် ဘာမှမပြောလိုပါ။ စားလိုသူတိုင်း စားရစေ့ချင်တဲ့စိတ်တော့ ရင်ထဲမှာရှိပါတယ်။ အဝမဟုတ်တောင် စားချင်တဲ့အခါ တဆွဲလောက်ဆွဲလာပြီး မိသားစုလေးဝိုင်းထိုင်ဝေမျှ ရော့ဟဲ့ နင်တဖဲ့ ငါတဖတ်လောက်လေးဖြစ်ဖြစ် စားရစေ့ချင်ပါတယ်။

အမေရိကန်ကလူတွေနဲ့တော့ နှိုင်းမပြောလိုပါ။ အမေဒီရောက်စက သူ့မြေးတွေ အသားငါး ကြက်ကြော်ကြက်သား စားပုံကြည့်ပြီး လန့်သွားပုံပါပဲ။ "မင်းနှယ်ကွာ တချောင်းတချောင်း ၁၅ ကျပ်သားလောက်ရှိတဲ့ ကြက်ပေါင်ကြီး ၄-၅ ချောင်းကိုများ ကင်ကက်ပြီး အချဉ်ရည်နဲ့ တို့တို့ စားပလိုက်တာ တထိုင်တည်းနဲ့"လို့ပြောတော့ ကျနော်က "အမေရာ သူတို့ စားကျင့်သောက်ကျင့်က ကျနော်တို့အမေတို့လိုမှ မဟုတ်တာ" လို့ ပြန်ပြီး ဖြေပြောလေးပြောပြတော့ အမေက "အင်း..တို့ဆီမှာဆို အဲ့ဒီပေါင် တပေါင်လောက်ကို တုံးတစ်ပြီး အာလူးလေး ၃-၄ လုံးလောက်နဲ့ အရည်စပ်စပ် ဆီပြန်ရေကျန်လေးချက်လိုက်ရင် တို့သားအမိ ၃ ယောက် ညမနက်စားလို့ရတာ"လို့ပြောတော့မှ "အမေရေ နားအလည်အလွယ်ဆုံးပြောရရင် ကျနော်တို့က ကြက်သားကို ဟင်းလုပ်စားရပြီး၊ သူတို့က ကြက်သားကို ထမင်းလုပ်စားနေကြတာဗျ" လို့ ဆိုတော့ အမေ့မျက်လုံးအပြူးက နည်နည်းပြန် ကျဉ်းသွားတယ်။ ဒါပေမယ့် ဆက်ပြောတယ် “အေးလေ ဒါ့ကြောင့် သူတို့ လူကောင်ကြီးတွေ ကြည့်ပါဦး။ ဝတုတ်ကြီးတွေ။ အဆီပိုအသားပိုတွေနဲ့ ရောဂါဘယတွေလည်း များကြမယ်ထင်တယ်"လို့ မှတ်ချက်ချပြီး ပွဲပြီးသွားတယ်။

ကျနော့်ရင်ထဲမှာ ကြက်သားကို ထမင်းလုပ်စားရတဲ့လူတွေရဲ့ဘဝမျိုး ရတာမရာ ရောက်တာမရောက်တာထက် အာလူးရောထားတဲ့ ကြက်သား ဟင်း ဆီပြန်ရေကျန်လေးနဲ့ ထမင်းနပ်မှန်လေးနဲ့ စိတ်လုံလုံခြုံခြုံ ဘဝလုံလုံခြုံခြုံ မိသားစုဘဝကိုယ်စီလေးတွေနဲ့ နေရတယ်ဆိုရင်ပဲ မဆိုးလှ ပါဘူးလို့ တွေးနေမိတာပါပဲ။ စစ်လက်ဝါးကြီးအုပ် ဗျူရိုကရေစီယန္တယားကြီး ရှိနေသရွေ့ကတော့ လူဆင်းရဲတွေအဖို့ ဒီမိုကရေစီရော ကေအက်ဖ်စီပါ ဝကြဖို့လမ်း ဘယ်မမြင်ပါဘူး။
မျိုးမြင့်ချို ၂ဝ၁၈ (လွန်ခဲ့တဲ့လေးငါးနှစ်လောက်ကရေးခဲ့တာပါ)

0 comments:

Post a Comment