Friday, November 30, 2018

(ပြည်ဖျက်သူများ)မျိုးမြင့်ချို

0 comments
(ပြည်ဖျက်သူများ)
ဘုန်းကြီးဆိုးဂိုဏ်းချုပ်က လူ့အန္ဓလက်မှတ် ၁,၃၃၅,၆ဝဝ ကိုင်ပြီး သိန်းစိန်+ရွှေမန်းတို့နဲ့ ပူးပေါင်းကြံစည်လိုက်တာ မျိုးစောင့်ဥပဒေဆိုပြီး ဘာသာအယူမတူသူတွေအပေါ် ပစ်မှတ်ထားဖိနှိပ်တဲ့ပြဌာန်းချက်ကြီး ထွက်လာပါတယ်။ ရည်ရွယ်ချက်ဆိုး သန္ဓေဆိုး ဉာဉ်ဆိုး အကျင့်ဆိုးတွေနဲ့ ဒါကြီးကို အကောင်အထည်ဖော်လိုက်တာ ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်မစားနိုင်ဖြစ်သွားတယ်လို့ လုပ်ကြံဝန်ခံပြီးပြန်ရုပ်ဖို့ ထပ်ကြံစည်ရပြန်ပါတယ်။

ဗမာ့ဓလေ့ထုံးတမ်းမှာ တလင်တမယားပုံစံ အိမ်ထောင်ရေးဟာ အသားကျပြီးသားဖြစ်သလို အများလက်ခံကျင့်သုံးနေခဲ့တာဟာ အစူအစဉ်ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေဟာ ဇနီး ၄ ဦး ယူလို့ရတယ်ဆိုပေမယ့် တယောက်ထက်ပိုတဲ့ ဇနီးမယားထားတဲ့ ဗမာမွတ်စလင်မ်ဟာ လက်ချိုးရေလို့ ရလောက်အောင် ရှားပါတယ်။ ဘာသာကိုးကွယ်မှု မထွန်းကားသေးတဲ့ လူမျိုးစုဒေသတွေမှာ ဇနီးမယား တယောက်ထက်မက ယူကြတာဟာလည်း သူ့အရပ်နဲ့သူ့ဇာတ်မို့ အစဉ်အဆက်မှာ ဘာပြဿနာမှ မရှိခဲ့ဖူးပါဘူး။ ယောက်ျားသနာတွေထဲ ဇနီးမယားတယောက်မက ထားတတ်ကြတာဟာ လူမျိုးတွေ ဘာသာတွေနဲ့ တယ်ပြီးမပတ်သက်လှပါဘူး။

တလင်တမယားစနစ်ကိုအာမခံတဲ့ဥပဒေဟာ ကောင်းတယ်ဆိုးတယ်ပြောတာထက် အဲ့ဒီဥပဒေကို ဘယ်သူတွေက ဘယ်ပုံဘယ်နည်း ဘာတွေကိုပစ်မှတ်ထား ဘယ်သူတွေကို ရန်းငြှိုးဖော်ဖို့ကြိုးစား စတာတွေကိုပဲ ကောင်းတယ်ဆိုးတယ်ပြောတာက ပိုဆီလျော်တယ်လို့ထင်ပါတယ်။ ဘယ်ဥပဒေမျိုးပဲဖြစ်ဖြစ် စစဉ်းစားစဉ်ကတည်း နိုင်ငံတော်အာဏာ သက်ရောက်ရာအရပ်တွင် နေထိုင်ကြသူအားလုံးအပေါ် အညီအမျှကျရောက်ဖို့ ရည်ရွယ်ချက်မှန်မှန်နဲ့ ကောင်းကောင်းထားရပါမယ်။ ဘယ်သူ့မှ သာစေနာစေသဘော မပါစေရဘူး။ တခါ ဥပဒေကိုအတည်ပြုပြီး ပြဌာန်းပြီး အသက်ဝင်သွားတာ မှန်ပေမယ့် မပြီးသေးပါဘူး။ အဲ့ဒီ ဥပဒေအာဏာတည်အောင် လုပ်ရပါသေးတယ်။ ဒါမှ လူအားလုံးပေါ် အညီအမျှသက်ရောက်လာမှာ လိုက်နာလာမှာဖြစ်ပါတယ်။ အာဏာတည်အောင် လုပ်တဲ့နေရာမှာလည်း ဘယ်သူဘယ်ဝါ ဘာလူမျိုး ဘာ ဘာသာဆိုတဲ့အစွဲ လုံးဝကင်းစင်မှရပါတယ်။ ဥပဒေအရ အပြစ်ရှိတယ်လို့ အသတ်မှတ်ခံရသူမှာလည်း သူ့ရပိုင်ခွင့်နဲ့အခွင့်အရေးတွေရှိပါတယ်။ ဒါတွေကို မျက်ကွယ်ပြုလို့မရပါဘူး။

လူ့အခွင့်အရေးတွေ၊ လူ့လွတ်လပ်ခွင့်တွေ၊ တသီးပုဂ္ဂအခွင့်အရေးတွေ မိုးထိအောင်ပေးထားပါတယ်၊ လိင်မှုလွတ်လပ်ခွင့် အပြည့်ရှိပါတယ်ဆိုတဲ့ အမေရိကန်လိုပြည်မှာတောင် လူတယောက်ဟာ အိမ်ထောင်ဘက် ၂ ယောက်ကို တပြိုင်တည်း လက်ထပ်ထိမ်းမြားလို့ မရပါဘူး။ တလင်တမယားစနစ်ပါပဲ။ အိမ်ထောင်ရှိရက်နဲ့ ချစ်သူရည်းစားထားတာက ကိုယ့်ကိစ္စကိုယ်ရှင်းနိုင်ရင် ထားလို့ရပါတယ်။ မိန်းမထဲမှာရော ယောက်ျားထဲမှာပါ ထားသူတွေထားကြပါတယ်။ လင်ရှိလျှက် မယားရှိလျှက် ရည်းစားထားလို့ တဘက်ဘက်ကမကျေနပ်ရင် တရားဝင်ကွာရှင်းပြီးမှ အိမ်ထောင်နောက်တဆက် ထူထောင်ကြပါတယ်။ လင်ခိုးမှု မယားခိုးမှုဆိုတာ အမေရိကန်မှာ မရှိဘူး။

အသက်အရွယ်လည်းရောက်ပြီးသား၊ စိတ်အခြေအနေလည်းပုံမှန်ရှိ၊ ကိုယ်ပိုင်ဆုံးချက်ချနိုင်တဲ့ အနေအထားလည်းရှိတယ်ဆို လူဟာ ကိုယ့်ကာမ ကိုယ်ပိုင်တာတာပါပဲ။ ကိုယ့်ခန္ဓာ ကိုယ်ပိုင်တာပါပဲ။ ကာမပိုင်ဆိုပြီး ယောက်ျားနဲ့မိန်းမ အပြန်အလှန်ချုပ်ချယ်ဖိစီးတာကို လက်မခံပါဘူး။ ဘယ်သူ့ကာမမှ ဘယ်သူကမှ ပိုင်ခွင့်မရှိပါဘူး။ တခြားလူသားတယောက်ရဲ့ ကာမကို တခြားလူသားတယောက်က သွားပိုင်ချင်လို့ကိုမရဘူး။ ပိုင်ခွင်လည်း မပေးပါဘူး။ တပြိုင်တည်း ၂ ယောက် လက်ထပ်တာပေါ်လို့ကတော့ အရေးယူခံရပြီသာ မှတ်ပေတော့ပဲ။ အဲ့ဒီဥပဒေဟာ အမေရိကပြည်ထောင်စုမှာ နေထိုင်သူအားလုံးနဲ့ ဆိုင်ပါတယ်။ အားလုံးအပေါ် အညီအမျှသက်ရောက်ပါတယ်။ ကျောသားရင်သား မခွဲခြားပါဘူး။ ဘာသာ လူမျိုးဆိုတာတွေနဲ့မဆိုင်ပါဘူး။ တလင်တမယားအိမ်ထောင်ရေး ရိုးမြေကျ ရာသက်ပန် ပေါင်းသင်းနေထိုင်သွားသူတွေမှ တပုံကြီး။ အိမ်ထောင်ဟောင်းကျိုးပျက်ပြီး အိမ်ထောင်သစ် ထူထောင်ကြတာတွေလည်း အများကြီး။

ခုကျနော်တို့ ဒီမျိုးစောင့်ဥပဒေတွေထဲက တလင်တမယားဥပဒေကို ဆန့်ကျင်နေကြတာက (တစ်)ဘာသာအယူ လူမျိုးမတူသူတွေကို နှိပ်ကွပ်ဖို့ရည်ရွယ်ချက်သက်သက်နဲ့ ပြဌာန်းခဲ့တာဖြစ်လို့။ (နှစ်)ဘုန်းကြီးဆိုးဂိုဏ်းဝင်တွေ၊ လူ့အန္ဓတွေ၊ အရပ်သားအရေခြုံ စစ်အာဏာရှင်တွေ ပူးပေါင်းကြံစည်ပြီး အဓမ္မပြဌာန်းခဲ့တာဖြစ်လို့။ (သုံး)အမျိုးသမီးတွေကို အကာအကွယ်ပေးသယောင်နဲ့ တဘက်လှည့်နဲ့ ဖိနှိပ်နေတာဖြစ်လို့။ (လေး)လူတယောက်ရဲ့ခန္ဓာနဲ့ကာမကို ကာယကံရှင့်သဘောမပါပဲ အဓမ္မပိုင်ခိုင်းစေတာဖြစ်လို့။ (ငါး)မိန်းမယောက်ျား(လူသား)ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရွေးချယ်ခွင့်နဲ့ လူ့အသိဉာဏ်၊ လူ့ဆင်ခြင်တုံတရားနဲ့အညီဆုံးဖြတ်လုပ်ကိုင်ခွင့်ကို လူအကြောင်းလူလောက်မသိ၊ လူလိုမသိ၊ လူလိုမတွေး၊ လူ့စကားမလည်သူတွေက ဝင်စွက်ဖက်ရုံမက ချုပ်ကိုင်ကန့်သတ်ဖို ကြံစည်တဲ့မသမာမှုဖြစ်နေလို့ စတာတွေကြောင့်ဖြစ်တယ်။

သီလ သမာဓိ ပညာနဲ့ပြည်စုံပြီး သိက္ခာပုဒ်တွေစောင့်ထိမ်းတဲ့ ရဟန်းကောင်းရဟန်းမြတ်များသာ သံဃာစင်ပေါ်မှာနေပြီး ယုံကြည်သူတို့ရဲ့အပူဇော်ကို ခံထိုက်ပါတယ်။ အလေးအမြတ် အထွဋ်တပ်ရာလည်း ဖြစ်ပါတယ်။ လောကီလောကုတ် နှစ်ဖြာကောင်းကျိုးအတွက် လောကသားတွေရဲ့ ဦးဆောင်ပုဂ္ဂိုလ်တွေဖြစ်လို့ ရတနာတပါးလို့ ကိုးကွယ်ကြတာလည်းဖြစ်ပါတယ်။

မိန်းမပေါင်ခြံကြားထဲအထိ ခေါင်းလျှိုဆင်းလာပြီး လူ့ရေးလူ့ရာကို ချီးမှန်း ငှက်ပျောမှန်းမသိပဲ အာဏာရှိသူနဲ့ပေါင်းပြီး ဝင်စွက်ဖက် ချုပ်ချယ်ကန့်သတ်တဲ့ ဦးပြည်းနဲ့သင်္ကန်းခြုံတွေကိုတော့ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ တသီးပုဂ္ဂလ အခွင့်အရေး၊ လူ့လွတ်ခွင့်စတာတွေ မြတ်နိုးသူမှန်သမျှ တညီတညွတ်တည်း ဆန့်ကျင်တိုက်ဖျက် ဖော်ထုတ်အရေးယူဖို့လိုပါတယ်။ သူတို့ဟာပြည်ကိုတင်မက မိန်းမတွေကိုပါ ဖျက်ဆီးနေကြတာတွေ့ရမှာပဲ။

ဒီ အဖျက်သမားဘုန်းကြီးယုတ်တွေကို ဗုဒ္ဓသာသနာထဲက ဖယ်ထုတ်ရှင်းလင်းပစ်ဖို့ လိုပါတယ်။
စစ်အာဏာရှင်စနစ်ဆိုးနဲ့တန်းတူထား ဆန့်ကျင်တိုက်ခိုက်ရမှာလည်းဖြစ်ပါတယ်။
မျိုးမြင့်ချို(နိုဝင်ဘာ ၂၉၊ ၂ဝ၁၈)

0 comments:

Post a Comment