Sunday, May 10, 2020

နောင်တော် ရဲဘော်ကြီးများကျေးဇူး၊"(ရဲဘော်ဖိုးသံချောင်း)

0 comments
နောင်တော် ရဲဘော်ကြီးများကျေးဇူး၊"(ရဲဘော်ဖိုးသံချောင်း)
ကျွန်တော် တက္ကသိုလ်ကိုရောက်တော့ အသက်က ၁၆ နှစ်ပြည့်ဖို့ လအနည်းငယ် လိုပါသေးတယ်။ ဒါ့အပြင် လူ့ဘဝ အတွေ့အကြုံ၊ ဖတ်ရှုလေ့လာမှုစတာမှာလည်း ဖြတ်သန်းမှုဟာ အင်မတန်မှ စင်းလွန်းလို့ အတွေ့အကြံုမကြွယ်၊ လူရည် မလည်သူလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ စရောက်ကတည်းက ကျောင်းသားလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်မယ် ဆိုတဲ့ပိုင်းဖြတ်ချက်ဟာ ရှိပြီးလိုဖြစ်နေပါတယ်။ ဒါ့အပြင် အဲဒီတုန်းက မတကသ (မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ)တို့၊ ကျောင်းသား ညီညွတ်ရေးတပ်ဦးတို့မှာ ဦးဆောင်နေ၊ တက်တက်ကြွကြွပါဝင်နေလှုပ်ရှားနေသူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်နဲ့လူချင်းရင်းနှီးပြီးဖြစ်နေပါတယ်။ နောက်ပြီး သူတို့အထဲမှာ ကျွန်တော်က အသက်အရွယ်အားဖြင့် အငယ်ဆုံး ဖြစ်နေတာကတကြောင်း၊ ဘယ်သူဘယ်ဝါ့သား လို့သိနေတာကလည်းတကြောင်းတို့ကြောင့် အားလုံးက ကျွန်တော့်ကို ရင်းရင်းနှီးနှီးကြင်ကြင်နာနာ ဆက်ဆံကြပါတယ်။
ဒီဆောင်းပါးကို ရေးတဲ့ရည်ရွယ်ချက်တခုက အဲဒီတုန်းက ဒီလောက(ကျောင်းသားလှုပ်ရှားမှုလောက)မှာ အကြီး၊ အငယ်၊ စီနီယာ၊ ဂျူနီယာဆက်ဆံမှုအကြောင်းဖြစ်ပါတယ်။
တက္ကသိုလ်ကိုရောက်သွားတော့ သူတို့အားလုံးဟာ ကျွန်တော့်အတွက် အစ်ကိုကြီး၊ အစ်မကြီးတွေဖြစ်နေပါတယ်။ မန္တလေးထောင်ထဲကို ကျွန်တော်နဲ့အတူရောက်ပြီး ထောင်ထဲမှာ ကျဆုံးသွားတဲ့ ကိုဌေးလှဟာ ကျွန်တော်နဲ့တက္ကသိုလ်ကို တနှစ်ထဲရောက်တာပါ။ ဒါပေမဲ့ သူက အသက်ပိုကြီးပြီး လှုပ်ရှားမှုတွေထဲ မှာပါခဲ့တဲ့ ဖြတ်သန်းမှုလည်း ကျွန်တော့်ထက်ရင့်လို့ ကျွန်တော်ကစီနီယာ ရဲဘော်ကြီးတယောက်လိုပဲ သဘောထားပါတယ်။ အဲဒီခေတ်က ကျွန်တော် ကြုံဖူး၊ ဖြတ်သန်းဖူးတဲ့ ကျောင်းသားလှုပ်ရှားမှုလောကမှာ နောက်မှမွေးပြီး မိဦးမှည့်တဲ့လူမရှိဘူးလို့ ထင်ပါတယ်။ ကိုယ့်အရင်လုပ်နေကြတဲ့၊ ရှေ့ကလျှောက်နေတဲ့လူတွေကို နောက်ကလူတွေက လေးစားအသိအမှတ်ပြုကြပါတယ်။ ကျွန်တော်ကလည်း ကိုယ့်အရင်လုပ်နေသူတွေနဲ့ ဆက်ဆံရင် လူအောက်ကျို့လို့ လူမပိပါဘူးဆိုတဲ့ မိဘတွေရဲ့ သင်ကြားချက်အတိုင်း ဆက်ဆံပါတယ်။ သူတို့က ကျွန်တော်နဲ့စကားပြောရင် “မင်း-ငါ” လို့ပြောပြီး ကျွန်တော်ကတော့ “ခင်ဗျား-ကျွန်တော်”သုံးနှုန်းပါတယ်။ ကျွန်တော့်ကိုညွှန်းပြီးပြောရင်တချို့က"ကောင်လေး”လို့လည်း ညွှန်းလေ့ရှိကြ ပါတယ်။ ဒါလေးတွေဟာ မေ့မရတဲ့သူတို့နဲ့ဆက်ဆံရေးထဲက ထူးထူးခြားခြားခေါင်းထဲမှာကျန်နေတဲ့ ကြည်နူးစရာ အမှတ်လက္ခဏာတွေလို့ ကျွန်တော်ဂုဏ်ယူရတဲ့အရာတွေဖြစ်ပါတယ်။
ကျွန်တော့်ဘဝအတွက် အလွန်အဖိုးတန်တဲ့ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးဗဟုသုတတွေကို ဒီလိုနည်းနဲ့ သူတို့ဆီက ရခဲ့တာပါ။ စာဖတ်စရာ၊ စာရေးသူ စတာတွေလည်း သူတို့ညွှန်းသမျှကို လိုက်ဖတ်၊ လိုက်ခံစားခဲ့တာ မှတ်မိနေပါတယ်။ ဗန်းမော်တင်အောင် ရေးတာတွေဖတ်၊ ဂေါ်ကီရေးတာတွေဖတ် စတာတွေကိုသူတို့ဆီကသိရတာပါ။ ဒဂုန်တာရာရေးဖွဲ့တာဘယ်လိုနုတယ်၊ ဒေါင်းနွယ်ဆွေရေးတာဘယ်လို ရှိတယ် စတာမျိုးတွေကိုလည်း နတ်က'ရာကြည့်မော နားထောင်ရင်း နားလည်ခဲ့ပါတယ်။ ကုန်ကုန်ပြောရရင် စစ်တုရင် ကစားရာမှာသာမက သာမန်လူမှုဆက်ဆံရေးဘဝထဲက ကျွန်တော့်ရဲ့မှားကွက်တွေ၊ အားနည်းချက်တွေကို ထောက်ပြကြ၊ သွန်သင်ပေးကြတဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။
မှတ်မှတ်ရရ၊ ကျွန်တော်တက္ကသိုလ်ရောက်တဲ့ ပထမနှစ်က ကိစ္စလေးတခုပြောပြချင်ပါတယ်။ ဒီနေ့အထိ ဗမာပြည်ရဲ့ တက္ကသိုလ်တွေရဲ့သမိုင်းမှာ ကျောင်းသားသမဂ္ဂရွေးကောက်ပွဲတွေကို ၁၉၆၁ ခုနှစ်မှာ နောက်ဆုံးကျင်းပခဲ့တာပါ။ ဒါကြောင့် ကျွန်တော့်အဖို့ မီရုံလို့ပြောရပါလိမ့်မယ်။
ဒီလိုနဲ့ ရွေးကောက်ပွဲမလုပ်မီ တနေ့လယ်မှာ ကျောင်းသားညီညွတ်ရေးတပ်ဦး က သမဂ္ဂရွေးကောက်ပွဲမှာ ဝင်အရွေးခံမယ့်ကိုယ်စားလှယ်တွေကို ရာဇတ်ခန်းမထဲမှာ ကျောင်းသားထုနဲ့ မိတ်ဆက်ပွဲ လုပ်ပါတယ်။ အမှုဆောင်အရွေးခံမယ့် ကိုယ်စားလှယ်တွေက တယောက်ပြီးတယောက် မိန့်ခွန်းပြောကြတာပါ။ တက္ကသိုလ် ရောက်ခါစ အင်မတန်တက်ကြွနေတဲ့ ကျွန်တော်ဟာဒီလိုပွဲမျိုးကို ဘယ်အလွတ်ခံလိမ့်မလဲ။ (ရှေ့တန်းကထိုင်လို့ မကောင်း လို့) ခန်းမကြီးရဲ့အလယ်နားမှာ ကိုကြည်လင်(ကဗျာဆရာကြည်အောင်)၊ ကိုသောင်းရွှေ၊ ကိုမြသွင်(မြင်းခြံ)၊ ကိုကျော်ထွေး (မြင်းခြံ)၊ ကိုကျော်ဝင်း(မြင်းခြံ- ရှစ်လေးလုံးအရေးတော်ပုံတုန်းက မိန့်ခွန်းပြောရင်း လဲကျကွယ်လွန်သွားသူ) စသူတွေနဲ့ အတူထိုင်နားထောင်ပါတယ်။
ဒီလိုနဲ့ ကျွန်တော်နဲ့ရင်းနှီးတဲ့ အရွေးခံကိုယ်စားလှယ်တယောက် မိန့်ခွန်းထပြောတော့ ကျွန်တော်က လူသိ-လူတတ်ကြီးလုပ်ပြီး “ဒါထက်၊ ဒီလူအရင်က ------ ပါတီမှာလုပ်ဖူးတယ်ဆို၊ မဟုတ်ဘူးလား”လို့ပြောလိုက်ပါတယ်။ ဒီအခါမှာ ကျွန်တော့်ဘေးမှာ ကပ်လျက်ထိုင်နေတဲ့ ကိုသောင်းရွှေက ကျွန်တော့် ဘက်ကိုခေါင်းငဲ့၊ ကပ်ပြီး“ဟေ့ကောင်လေး၊ ဒါမျိုးက ဒီလိုနေရာမှာပြောရတာမဟုတ်ဘူးကွ”လို့သတိပေးပါတယ်။ အဲဒီတုန်းက သူပြောတာကိုကျွန်တော် ချက်ချင်းသဘောမပေါက်ပါဘူး။ ဒါပေမဲ့ အကိုကြီးတွေရဲ့စကားဆိုပြီး လိုက်နာခဲ့ပါတယ်။ ကာလတခု ဖြတ်သန်းပြီးမှ ကိုယ်'နု'တာဆိုတာကိုသဘောပေါက်တာပါ။
ကိုသောင်းရွှေ (ရှမ်းပြည်နယ် ပေါင်းလောင်းဒေသမှာ ကျဆုံးသွားသူ)၊ ကိုကျော်ခင်(ပဲခူးရိုးမမှာ ကျဆုံးသွားသူ)၊ ကိုထွန်းကြည်(မြစ်ဝကျွန်းပေါ်မှာ ကျဆုံးသွားသူ)၊နဲ့ ကိုအောင်သူ(ငယ်နာမည် ကိုအောင်ငွေ-မြင်းခြံ-မတကသ နောက်ဆုံးအတွင်းရေးမှူး) စသူတွေဟာ ကျွန်တော့်အစ်ကို ကို အကြောင်းပြုပြီး ကျွန်တော်တက္ကသိုလ် မရောက်ခင်ကတည်းက ကျွန်တော်တို့အိမ်ကို ဝင်ထွက်၊ စားသောက်နေကြသူတွေမို့ ကျွန်တော်တို့မောင်နှမတွေနဲ့ ရင်းနေနှင့်ကြပါတယ်။
၁၉၆၃ ခုနှစ်၊ တိုင်းပြည်နဲ့အဝှမ်းမှာ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ဝှဲချီးကျင်းပနေကြတော့ ကျွန်တော်တို့က ၃၁ လမ်း၊ သုခဝတီပုံနှိပ်တိုက်အနောက်ဘက်နားက သခင်သန်းဖေ အိမ်မှ ာပိုစတာတွေရေးကြပါတယ်။ အဲဒီအခါမှာ တခါမှပိုစတာမရေးဖူးတဲ့၊ လက်ဝဲစာလုံ းနည်းနည်းရေးတတ်တဲ့ကျွန်တော့်ကို ကိုသောင်းရွှေက"ဟေ့ကောင်၊ ဒီလိုအခွင့်ကောင်းကို လက်မလွတ်စေနဲ့၊ လာရေးလှည့်၊ ငါတို့လည်း ဒီလိုလေ့ကျင့်ခဲ့တာပဲ"ဆိုပြီး အတင်းရေးခိုင်းပါတယ်။ သင်လည်းပေးပါတယ်။ ဒီလိုနဲ့နိုင်ငံရေးသမား အဋ္ဌာရသတခုကို့ တတ်လာခဲ့တာပါပဲ။ အကောင်းစားမဟုတ်တောင် မရှိသုံးလောက်တော့ဖြစ်လာတာပေါ့။
အလားတူပဲ ကျွန်တော့်ကို ကဗျာတွေစာတွေရေးချင်အောင်၊ ရေးဖြစ်အောင်တိုက်တွန်းထောက်ပြတာဟာ ကျွန်တော့် မိဘကလွဲရင် အကိုကြီးကိုကြည်လင်(ကြည်အောင်)အများဆုံးပဲဖြစ်တယ်လို့ ကျွန်တော်ရဲရဲပြောဝံ့ပါတယ်။ သူက ကျွန်တော်ရေးတာတွေကို ထောက်ပြဝေဖန်တာတွေလုပ်ရင် ကျွန်တော်ကလည်း အလွန်လေးလေးနက်နက်နဲ့ နားထောင် စဉ်းစားပါတယ်။ မှတ်မိသလောက်ဆိုရင် ငယ်တုန်းရေးမိတဲ့ ကျွန်တော့်ရဲ့အချစ်ကဗျာလေးတွေကိုတောင်မှ သူက အပြစ်မပြော၊ မရှုတ်ချဘဲ ချီးကျူးတန်ချီးကျူး၊ ထောက်ပြတန်ထောက်ပြခဲ့တာ မှတ်မိနေပါတယ်။
ကျောင်းသားသမဂ္ဂရဲ့သမိုင်းအစဉ်အလာ၊ ဗမာပြည်ရဲ့နိုင်ငံရေးသမိုင်း၊ လက်တွေ့အခြေအနေ စတာတွေကို ရှင်းပြ ပြောပြတာကတော့ အားလုံးလိုလိုကပဲလို့ဆိုရပါမယ်။ လက်ဖက်ရည်ဆိုင်မှာ၊ လက်ဖက်သုပ်ဆိုင်မှာ၊ ဘတ်စ်ကား မှတ်တိုင်မှာ၊ လူနေခန်းတွေထဲမှာ မှတ်မှတ်ရရဆိုတာတွေအများမှ အများကြီးဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝမှာ ကျွန်တော့်အပေါ် စဉ်းစားတွေးခေါ်နည်းတွေမှာ သြဇာအညောင်းဆုံးလူတွေဟာ သူတို့ပဲလို့ပြောနိုင်ပါတယ်။
ကျွန်တော် တက္ကသိုလ်ရောက်ပြီး ဒုတိယနှစ်အစမှာပဲ '၇'ရက်ဇူလိုင်အရေးအခင်းဖြစ်ပွား၊ သမဂ္ဂတွေဖျက်သိမ်းခံရတာမို့ ကျွန်တော်တို့ရဲ့ဆုံစည်းရာ၊ လုပ်ငန်းလုပ်ကိုင်ရာ မတကသ ကပ်တဲကြီးလည်း ဖျက်သိမ်းတာခံလိုက်ရပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်၊ ဦးဆောင်ဦးရွက်ပြုနေကြသူတွေဟာ နဂိုကတည်းကမှ အဆောင်က အထုတ်ခံထားရတာအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် အဆောင်မှာနေနိုင်တဲ့လူ မများလှပါဘူး။ ဒါကြောင့် သမဂ္ဂအဆောက်အဦကြီးမရှိတော့တဲ့အခါမှာ သူတို့တတွေဗောဓိကုန်းထဲမှာနေကြ၊ ဗောဓိကုန်းကအိမ်တွေမှာ စာကူးစက်ထား၊ ရုံးလုပ်ကြသလိုဖြစ်ကုန်ပါတယ်။
အဲဒီလိုနေရာတွေအထဲမှာ ဗောဓိကုန်းအဝင်နားက "သပြေ"ဆိုတဲ့အိမ်ကလေးဟာ အထင်ရှားဆုံး၊ ကျောင်းသားတွေရော၊ ထောက်လှမ်းရေးပါ သတိအထားဆုံးအိမ်လို့ဆိုနိုင်ပါတယ်။ အဲဒီမှာနေတာက ကိုအောင်သူ၊ ကိုမြသွင်၊ ကိုလေးမောင်(ကိုကိုးကျွန်းမှ ာကျဆုံး)၊ ကိုအောင်ငြိမ်း(ကိုကိုးကျွန်းပြန်)၊ ကိုကျော်ဝင်း၊ ကိုဘိုမင်း စတဲ့ မြင်းခြံသားကျောင်းသား လေး-ငါးယောက်ပါ။ အားလုံးဟာ ကျောင်းသားလှုပ်ရှားမှုတွေမှာ တက်ကြွသူတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်လို အပြင်ကနေ ဒီအိမ်ကို ကိုယ့်အိမ်ကိုယ်ရာအလား လာနေကြသူတွေကအများကြီးပါပဲ။
ကျွန်တော့်ရဲ့ ဒီနောင်တော်ကြီးများထဲမှာ အရက်ကြိုက်သူ၊ ဆေးလိပ်ကြိုက်သူ၊ ကွမ်းကြိုက်သူများလည် းပါပါတယ်။ ဒါပေမဲ့ ဘယ်သူမှ၊ တခါမှ ကျွန်တော့်ကို ကွမ်းစား၊ အရက်-ဆေးလိပ်သောက်ဖို့ မတိုက်တွန်းဖူးပါဘူး။ ကျွန်တော်ရှိနေလို့ အရက်မသောက်ဘူးဆိုတာတောင်ရှိဖူးပါတယ်။ သူတို့ပါးစပ်ကအယုတ္တအနတ္တစကားတွေ တခါမှမကြားဖူးသလို၊ အချင်းချင်းအကြောင်း မကောင်းပြောတာလည်း မကြားဖူးပါဘူး။ ဘယ်သူတွေက (ရှေ့ကသွားနှင့်သူကျောင်းသားခေါင်းဆောင်များအပါ) ဘယ်လောက်၊ ဘယ်လိုတော်ကြောင်းပြောတာဆိုတဲ့ မုဒိတာစကားတွေသာ့ မပြတ်ကြားရပါတယ်။ ဒီလိုနဲ့ ကျောင်းသားလှုပ်ရှားမှုထဲက တက်ကြွသူတွေရဲ့ကျင့်ထုံးသာမက သာမန်လူတယောက်ရဲ့ ကျင့်ဝတ်တွေပါ သူတို့ဆီက လေ့လာရရှိခဲ့တယ်ဆိုရင် မမှားပါဘူး။
ဘာပဲပြောပြော တခြားလူ့အဖွဲ့အစည်းတွေမှာ တွေ့ရခဲလှတဲ့ ရဲဘော်ရဲဘက်ဆက်ဆံရေးဆိုတာကို ဒီနောင်တော်ကြီးတွေဆီက သင်ယူ၊ နားလည်ခဲ့တယ်လို့ဝန်ခံချင်ပါတယ်။
ရဲဘော်ဖိုးသံချောင်း
အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၂)

0 comments:

Post a Comment