Monday, May 11, 2020

အဖေ့အကြောင်း(၈) (အောင်သွေး)

0 comments
အဖေ့အကြောင်း(၈) (အောင်သွေး)
ဒီလိုနဲ့ အဖေ ၁၉၇၆ ခု နှစ်ဦးမှာ လွတ်လာပါတယ်။ သူထောင်ကအထွက်မှာ ညီလေး ကိုသော်က ထောင်ထဲကိုဝင်သွားရပြန်တယ်။ ညီလေးက မှိုင်းရာပြည့်နဲ့ဖြစ်ပါတယ်။ အဖေကရန်ကုန်မှာပဲနေတယ်။ ကျနော်က မြို့က လုပ်ငန်းစစ်ဆေးရေးရုံးမှာစါရင်းစစ်အဆင့်(၁)နဲ့ အလုပ်ဝင် နေပါတယ်။ ကျနော်တို့ရုံးကစုပေါင်းရုံးကြီးဖြစ်တယ်။ တရားရေးရော၊ ဘဏ်ရော၊ အခွန်ဌာနရော အတူရုံးထိုင်ကြတာပါ။ မဆလ ပါတီယူနစ်ဥက္ကဌက ဗိုလ်ကြီးတယောက်ဖြစ်ပြီး စျေးနားကပါတီယူနစ်ရုံးမှာ ရုံးထိုင်ပါတယ်။ အတွင်းရေးမှူးကကျနော်တို့ရုံးကြီးမှာ ထွေအုပ်နဲ့အတူရုံးထိုင်တယ်

တရက်အမေ့ကိုရုံးမှာတွေ့လို့ အမေဘာလာလုပ်သလဲမေးကြည့်တော့ မဆလအတွင်းရေးမှူးကခေါ်လို့တဲ့။ ကျနော်လည်းလိုက်သွားပြီး အတွင်းရေးမှူးအခန်းအပြင်ဖက်က နားထောင်နေပါတယ်။ ပြောရအုံးမယ်အဲဒီလူက အရင်အလုပ်မရှိခင်က အဖေ့ဆီမှာ နိုင်ငံရေးလာပြီး လေ့လာကျနော်တို့အိမ်မှာ စားအိမ်သောက်အိမ်ဖြစ်နေခဲ့တာပါ။ အခု မဆလအတွင်းရေးမှူး ဖြစ်လာတော့စကားပြောတာကအစ မောက်မာ လာပါတယ်။ အခန်းထဲမှာ သူကအမေ့ကိုမောက်မာစွာနဲ့ပြောနေတယ်ညီလေးထောင်ကျတဲ့ကိစ္စပါ။ နောင်မှာဒီလိုမဖြစ်အောင် တာဝန်ယူ လက်မှတ်ထိုးဖို့ပြောနေတယ်။ အမေက အောင်မယ်လေးမောင်သိန်းကြွယ်ရယ် အဒေါ်တို့အမျိုးက သူပုန်မျိုးဆိုတာ မင်းလည်းသိသားနဲ့ ငါလည်းမြှောက်ပေးတာမဟုတ်ဘူးသူ့ယုံကြည်ချက်နဲ့ သူလုပ်တာငါလက်မှတ်မထိုးနိုင်ဘူးမင်းကြိုက်သလိုလုပ်လို့ပြောပြီးထ ထွက်လာခဲ့ ပါတော့တယ်။ ဒီအကြောင်း အဖေကြားတော့ဒေါပွပြီး ဒီကောင့်မျက်နှာငါမကြည့်ချင်ဘူးဆိုကာ မြို့ကိုပြန်မလာတော့ပဲ ရန်ကုန်မှာပဲ နေပါတော့တယ်။

ဒီနှစ်ထဲမှာ ကျနော်ပါတီဗဟိုရှိရာကို ဆက်သားအဖြစ်သွားရပါတယ်။ အသွားအပြန်ဆယ်ရက်ခရီးမို့ ခွင့်ယူလို့မရနိုင်ပါ။ ဒီတော့ ဘယ်လို လုပ်ရလည်း ပြောပါမယ်။ ကျနော်ကအဆင့်(၁)ဝန်ထမ်းဖြစ်နေလို့ အဆင့်(၂)ဖြစ်အောင် ရန်ကုန်မှာ စာမေးပွဲသွားဖြေဖို့ခွင့်ရပါတယ်။ အဲဒီရက်တွေဟာ ကျနော့အတွက်ခရီးသွားချိန်တွေပါပဲလုံလုံလောက်လောက်ရှိပါတယ်။ စာမေးပွဲကိုနှစ်တိုင်း ဖြေခွင့်ရပါတယ်။ ဘယ်တော့မှ မအောင်ပါဘူး။ ဖြေမှမဖြေတာလေ။ ကျနော် ခရီးထွက်မှာကိုအမေကရိပ်မိပါတယ်။ ကျနော့ကို သားပိုက်ဆံမလောက်ရင်ယူသွားလေတဲ့။ ကျနော်မယူပါ။ ကျနော့်မှာစုထားတဲ့လခက လုံလောက်ပါတယ်။ ရန်ကုန်ရောက်တော့ အဖေကလည်းရိပ်မိတယ်။ အရင်တလောကပဲ ဗိုလ်ကျော်ဇောတို့ထက်သွားတာကို သူကသိနေတယ်။ ဘယ်လိုထွက်တာ၊ ဘယ်သူပါတာကအစ သူကသိနေတယ်၊ ကားပေါ်မှာ တောက အဖိုးကြီးလို တဘက်ကိုခေါင်းပေါင်းပြီး ဦးရွှေဆိုတဲ့မှတ်ပုံတင်နဲ့ သွားတာလို့လည်းပြောသေးတယ်။ အဲဒါတွေကို ကျနော်ကဘာမှ မသိပါ။ အဲလိုပြောပြီး ဟေ့ကောင်ဟိုရောက်ရင် ဗိုလ်ကျော်ဇောကိုငါပြောတာပြောပြခဲ့ဆိုပြီး မဆလပါတီတွင်းအခြေအနေ၊ လုပ်ဖေါ်ကိုင်ဘက် တွေရဲ့အခြေအနေသတင်းတွေကို ပြောပြပါတယ်။ ကျနော်က မဟုတ်ပါဘူးပြောလည်းမရပါဘူး။ ပြန်လာတော့လည်း သူပြောတာ ပြောခဲ့လားဆိုပြီး မေးသေးတယ်။ သူထင်တာ ကျနော်ကတွေ့ချင်တဲ့သူနဲ့တွေ့ပြောချင်တာတွေ ပြောလို့ရတယ်ထင်နေတာ။ တကယ်လည်း မတွေ့ခဲ့ရပါဘူး။ ရဲဘော်ထွန်းကိုပဲတွေ့ခဲ့ရပြီး သူ့ကိုပဲအဖေပြောတာတင်ပြခဲ့ရပါတယ်။ အဖေက ထပ်မေးနေတော့ကျနော်က မဟုတ်ပါဘူးဆိုမှအဖေကလည်းလို့ ငြင်းခဲ့ရပါတယ်။ သူကျေနပ်ပုံမပေါ်ပါဘူး။
ဆက်ပါမည်
အောင်သွေး

0 comments:

Post a Comment