Wednesday, May 13, 2020

နရသီဟပတေ့မင်း၏ ဟင်းချက်များ၊ ချောင်ဆက်စကူး၏ ရှပ်အင်္ကျီများနှင့်၊ အီမယ်လ်ဒါမားကို့စ် လေဒီရှူးများ မြသန်းတင့်

0 comments
နရသီဟပတေ့မင်း၏ ဟင်းချက်များ၊ ချောင်ဆက်စကူး၏ ရှပ်အင်္ကျီများနှင့်၊ အီမယ်လ်ဒါမားကို့စ် လေဒီရှူးများ
_________________________

မြသန်းတင့်
တော်စတွိုင်း၏ စစ်နှင့် ငြိမ်းချမ်းရေး ဝတ္ထုထဲတွင် အခန်းတစ်ခန်းပါသည်။ ထိုအခန်းတွင် (အဓိကဇာတ်ဆောင်) ပီယာသည် မော်စ ကိုမြို့ကြီး မီးလောင်နေစဉ် ကလေးငယ်တစ်ယောက်ကို မီးထဲမှကယ်ရင်း ပြင်သစ်တို့၏ အကျဉ်းသားအဖြစ် အဖမ်းခံခဲ့ရသည်။
ပြင်သစ်တို့၏ လက်တွင် အဖမ်းခံရစဉ် ပီယာသည် ကြီးစွာသော ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ရသည်။ လူတစ်ယောက် အဆုံးစွန် ခံနိုင် သော ဒုက္ခဆင်းရဲများကို ကြုံတွေ့ခဲ့ရသည်။ သို့ရာတွင် မိမိကျန်းမာရေး ကောင်းမွန်ခြင်း၊ ကိုယ်ခန္ဓာ တောင့်တင်းကြံ့ခိုင်ခြင်းနှင့် အထူးသဖြင့် ဆင်းရဲဒုက္ခသည် မည်သည့်အချိန်က စတင်ခဲ့သည်ဟု မပြောနိုင်လောက်အောင် တဖြည်းဖြည်းမသိမသာ ပေါ်ပေါက် လာခဲ့ခြင်းတို့ကြောင့် ပီယာသည် သူရှောက်ရှိ ကြုံတွေ့နေရသော ဆင်းရဲဒုက္ခတို့ကို ဝမ်းသာရွှင်လန်းစွာ လက်ခံနိုင်ခဲ့သည်။ အထို အခါကျမှပင် သူအပတ်တကုတ် ရှာဖွေခဲ့သော စိတ်၏ ငြိမ်သက်ခြင်းနှင့် စိတ်၏ ချမ်းမြေ့ခြင်းတို့ကို ရရှိခဲ့သည်။
ယခင်က ပီယာသည် စိတ္တပဿဒ္ဓိဟု ဆိုကြသော စိတ်၏ ကြည်လင်ချမ်းမြေ့မှုနှင့် အတွင်းအဇ္ဈတ္တသန္တာန်၏ ညီညွတ်ခြင်းကို နည်း လမ်းအမျိုးမျိုးဖြင့် ရှာဖွေခဲ့ဖူးသည်။ အသောက်အစား အပျော်အပါးတို့ကို ခံစားခဲ့ဖူးသည်။ လိုလေသေးမရှိ ကာမဂုဏ်ချမ်းသာတို့ကို ခံစားခဲ့ဖူးသည်။ သို့ရာတွင် စိတ်၏ ငြိမ်းချမ်းခြင်းကို ရှာ၍မတွေ့။
သူသည် အများကောင်းကျိုးကို ဆောင်ရွက်ခဲ့ဖူးသည်။ ပရဟိတ လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ဖူးသည်။ ညီအစ် ကိုတော် ဂိုဏ်း၏ တရားများတွင် သက်ဝင်ယုံကြည်ခဲ့ဖူးသည်။ သူရဲကောင်းဆန်ဆန်ဖြင့် ကိုယ်ကျိုးစွန့်ပြခဲ့ဖူးသည်။ သူရဲကောင်း ဆန်ဆန်ဖြင့် ကိုယ်ကျိုးစွန့်ပြခဲ့ဖူးသည်။ သို့ရာတွင် စိတ်၏ ငြိမ်းချမ်းခြင်းကို ရှာမတွေ့။
သူသည် နုနယ်ပျိုမြစ်သည့် နာတာရှာကို စိတ်ကူးယဉ်အချစ်ဖြင့် ချစ်ခဲ့ဖူးသည်။ ကျောင်းဆောက်ခြင်း၊ လူအိုရုံဆောက်လုပ်လှူ ဒါန်းခြင်း၊ မြေကျွန်များကို ကျွန်အဖြစ်မှ ကင်းလွှတ်ခွင့်ပေးခြင်းကို ရှာဖွေခဲ့ဖူးသည်။ သို့ရာတွင် သူရှာဖွေနေသော စိတ်၏ ငြိမ်းချမ်း ခြင်းကို မတွေ့။
လောကတွင် စည်းစိမ်ချမ်းသာတို့ဖြင့် မတောင့်မတ၊ မကြောင့်မကြ နေရပါလျက် အဘယ်ကြောင့် စိတ်၏ ငြိမ်ချမ်းခြင်းကို မရ သနည်းဟု သူ့ကိုယ်သူ နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။
ပြင်သစ်တို့၏ အကျဉ်းသားဖြစ်ရသည့်အခါတွင်မူ ပီယာသည် အသိတရားတစ်ခုကို ရလာခဲ့သည်။ ထိုအသိတရားမှာ အခြားမဟုတ်။ လောက၌ မတောင့်မတ၊ မကြောင့်မကြ နေရခြင်းသည် လူ၏ စိတ်ချမ်းမြေ့ပျော်ရွှင်မှုကို မပေးနိုင်။ တောင့်တသော အရာကို တောင့်တသည့် အချိန်တွင် ရရှိခဲ့ခြင်းဖြင့်သာလျှင် လူ၏ စိတ်ချမ်းမြေ့မှုကို ပေးနိုင်သည်ဆိုသော အသိတရားဖြစ်သည်။
လောက၌ အနာရောဂါကင်းစွာနေခြင်း၊ လူတစ်ယောက် အသက်ရှင်နေနိုင်ရန် မရှိမဖြစ်သည့် အခြေခံလိုအပ်ချက်များ ပြည့်စုံခြင်း၊ ယင်းနှင့်အတူ မိမိ၏ အလုပ်ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိခြင်းစသည့် အချက်များသည် လူ၏ ပြည့်စုံသော ပျော်ရွှင်မှုဖြစ်ကြောင်း ကို သူသဘောပေါက်လာခဲ့သည်။
ဆာလောင်မွတ်သိပ်သောအခါ၌ အစားစားရခြင်း၊ ရေငတ်သောအခါ၌ ရေသောက်ရခြင်း၊ အိပ်စက်ခြင်းပြုလိုသောအခါ အိပ်စက်ရခြင်း၊ ချမ်းသောအခါ၌ နွေးထွေးစွာ နေခြင်း၊ စကားစမြည် ပြောလိုသောအခါနှင့် လူတစ် ယောက်အသံကို ကြားလိုသောအခါ၌ လူသားတို့အချင်းချင်း စကားပြောရခြင်း စသည်တို့သည် မည်မျှအရသာရှိကြောင်းကို အကျဉ်းထောင်ထဲတွင်နေစဉ် ဘဝတွင် ပထမဆုံးအကြိမ် သူသဘောပေါက်လာခဲ့သည်။
ကောင်းမွန်စွာ စားသောက်ရခြင်း၊ သန့်ရှင်း စွာ နေထိုင်ရခြင်း၊ လွတ်လပ်စွာ နေထိုင်ရခြင်း စသည်တို့သည် လူ၏ အခြေခံလိုအပ်ချက်ဖြစ်ကြောင်း၊ လူ၏ အထွတ်အထိပ်ဖြစ် သော ပျော်ရွှင်မှုဖြစ်ကြောင်း၊ လူ၏ အခြေခံလိုအပ်ချက်တို့ကို ကျော်လွန်ကာ အလျှံပယ်ပေါများခြင်း၊ စည်းစိမ်ချမ်းသာကို ခံစားခြင်း စသည်တို့သည် စိတ်၏ ချမ်းမြေ့မှုကို ရနိုင်သည့် နည်းလမ်းများ မဟုတ်ကြောင်းကို သူသဘောပေါက်လာခဲ့သည်။
သို့ဖြင့် စိတ်၏ ချမ်းမြေ့မှုကို ရနိုင်သည့် နည်းလမ်းသည် စည်းစိမ်ချမ်းသာတို့ လျှံပယ် ပေါကြွယ်ခြင်းမဟုတ်၊ လူ၏ အသက်ရှင်ရေး အတွက် အခြေခံလိုအပ်ချက်များ ပြည့်စုံရေးသာဖြစ်သည်ဟူသော သဘောကို တော်လ်စတွိုင်င်းက သာဓကထူ၍ ပြခဲ့သည်။
တော်လ်စတွိုင်းသည် ထိုတရား၊ ထိုဒဿနကို ပါးစပ်ကသာ ပြောသည်မဟုတ်။ နောက်ပိုင်းတွင် သူကိုယ်တိုင် လက်တွေ့လုပ် ဆောင်ပြခဲ့သည်။ သူ့တွင်ရှိသည့် စည်းစိမ် ဥစ္စာတို့ကို စွန့်လွှတ်ကာ သူတောင်စင် တစ်ဦးလို နေသွားခဲ့သည်။
သို့ရာတွင် လောက၌ ထိုတရား၊ ထိုဒဿနကို သဘောပေါက်ရန် မလွယ်ပါ။ လက်တွေ့ကျင့်ရန်မှာ သာ၍ပင် မလွယ်ပါ။
အများအားဖြင့် ထိုတရား၊ ထိုဒဿနနှင့် ဆန့်ကျင်လုပ်ဆောင်သူတို့သာ များပါသည်။ အစားအသောက်ကို ကိုယ်စားနိုင်သည်ထက် စားလိုကြပါသည်။ အဝတ်အထည်ကို ကိုယ်ဝတ်နိုင်သည်ထက် ဝတ်လိုကြပါသည်။ စည်းစိမ်ချမ်းသာကို လူတစ်ယောက် ခံစားနိုင် သည်ထက် ပို၍ လိုချင်ကြသူတို့သာ များပါသည်။ ဤသို့ဖြင့် တဏှာအလိုသို့ လိုက်နေကြပါသည်။
နရသီဟမတေ့မင်းသည် တစ်ခါပွဲတော်တည်လျှင် ဟင်းခွက်သုံးရာဖြင့် ပွဲတော်တည်သည်ဟု ဆိုပါသည်။ လက်တွေ့တွင်မူ ဟင်း ခွက်သုံးရာစေ့အောင် နှိုက်ဖို့ပင်မလွယ်ပါ။ အီဂျစ်ပြည် ဖာရောက်ဘုရင်သည် တစ်ပတ်လျှင် ကမာအကောင် ၆၀၀ စားသည်ဟု ဆို ပါသည်။ ဖာရောက်ဘုရင်၏ ဘိုးတော်ဖြစ်၍ ၁၈၉၅ ခုနှစ်တွင် နတ်ရွာစံခဲ့သော ခေဒိုက်အီမာန်ဘုရင်သည် ရှန်ပိန်အရက် နှစ်လုံးကို တကြိမ်တည်းဖြင့် ဆက်တိုက်သောက်သုံးသည်ဟု ဆိုပါသည်။ ထိုအီစမန်ဘုရင်ကြီးတွင် မောင်းမကိုယ်လုပ်တော် ၃၀၀၀ ရှိသည်ဟု ဆိုပါသည်။
၁၈ ရာစုနှစ်တုန်းက ဇောတိကလက်သစ်ဟု ဆိုနိုင်သော ပြင်သစ်ကုန်သည်ကြီးတစ်ဦးဖြစ်သည့် ဗိုးဂျင်းဆိုသူ ရှိပါသည်။ သူ့အ ကြောင်းကို ရေးရာ၌ 'သူသည် အံ့မခန်းလောက်အောင် ခမ်းနားတင့်တယ်သော ပန်းဥယျာဉ်များကို ပိုင်ဆိုင်၏။ သို့ရာတွင် သူသည် လွန်စွာ ဝလွန်း၊ ဆူဖြိုးလွန်းလှသဖြင့် ထိုပန်းဥယျဉ်များထဲတွင် လမ်းမလျှောက်နိုင်ချေတကား။ သူ့တွင် လှပခန်းနား၍ မရေတွက်နိုင် သော အိပ်ခန်း အဆောင်ဆောင်တို့ ရှိသည့်တိုင် အိပ်မပျော်သော ရောဂါကြောင့် အိပ်စက်၍ မပျော်နိုင်ချေတကား။ ပန်းကြွေပန်း နွယ် အသွယ်သွယ်တို့ သဏ္ဍန် ထုဆစ်ထားသော နှင်းဆီခင်းပုံ ရွှေပိန်းချစက်ရာအပေါ်၌ ကြောက်ဖွယ်ဝဖြိုး ဖောသွတ်လျက် ရှိ သည့် ခေါင်းပြောင်ပြောင် အဘိုးအိုသည် လူးလှိမ့်လျက် ရှိသည်တကား' ဟု ပြင်သစ် သမိုင်းဆရာ မီရီယန်ဘီးယတ်က ရေးခဲ့ သည်။
ရောမဧကရာဇ်ဘုရင် အီလာဂါဘာလုသည် သူ့ကျေးကျွန်များအား ပင့်ကူအိမ်အလေးချိန် ပေါင် ၁၀,၀၀၀ ကို ရရှိလာသည့်အခါ 'ငါ၏ ရောမမြို့တော်ကြီး မည်မျှကြီးမား ကျယ်ဝန်းသည်ကို ကြည့်ကြကုန်' ဟု ကြွားဝါခဲ့သည်။
ပြင်သစ်ပြည် ဆယ့်လေးဆယ်မြောက် လူဝီဘုရင်သည် စိန်စီသော အင်္ကျီတစ်ထည်ကို ဆင်မြန်းခဲ့သည်။ သူ့စိန်အင်္ကျီသည် ၁၈ ရာစု နှစ် တန်ဖိုးဖြင့် တွက်လျှင် ဖရန့်ငွေ ၁၄ သန်းတန်သည်ဟု အဆိုရှိသည်။
အိန္ဒိယပြည် နိုင်ဇမ် စော်ဘွားတွင် မော်တော်ကား ရာပေါင်းများစွာ ရှိသည်ဟု ဆိုသည်။ သို့ရာတွင် ထိုမော်တော်ကားများကို စေ့ အောင်မျှ မစီးနိုင်ခဲ့။
ဤသို့ဖြင့် လောကကြီးတွင် အလျှံပယ် ပေါကြွယ်သူတို့သည် ထို့ထက်ပေါများ ကြွယ်ဝအောင် အမြဲတမ်း ကြံစည်နေကြသည်။ လှုပ် ရှားနေကြသည်။ ထိုစည်းစိမ်ချမ်းသာတို့ဖြင့် ကာမဂုဏ် အာရုံခံစားကြသည်။ စိတ်၏ ချမ်းမြေ့မှုကို ရနေသည်ဟု ထင်နေကြသည်။
သူတို့၏ စည်းစိမ်၊ သူတို့၏ ချမ်းသာ၊ သူတို့၏ လောဘ၊ သူတို့၏ ရမ္မက်၊ သူတို့၏ မောဟတို့သည် သမိုင်းတွင် စာတင်လောက်သည်။
ထိုသို့သော လူပုဂ္ဂိုလ်တို့သည် ရောမခေတ်ကလည်း ရှိသည်။ ခေါမခေတ်ကလည်း ရှိသည်။ ခရစ်မပေါ်မီကလည်း ရှိသည်။ ခရစ် ပေါ်ထွန်းပြီးနောက်တွင်လည်း ရှိသည်။ ၁ ရာစုတွင်လည်း ရှိသည်။ ၁၀ ရာစုတွင်လည်းရှိသည်။ ၂၀ ရာစုတွင်လည်း ရှိသည်။
ဘာကြာသေးသနည်း။
ရူမေးနီးယားနိုင်ငံ အာဏာရှင် ချောင်ဆက်စကူးသည် ရှပ်အင်္ကျီတစ်ထည်ကို တစ်ခါသာ ဝတ်သည်ဟု အဆိုရှိသည်။ ချောင်ဆက် စကူးသည် တစ်နေ့လျှင် မနက်စာ ဝတ်စုံနှင့် ညစာဝတ်စုံ အနည်းဆုံး နှစ်စုံတော့လဲလိမ့်မည်။ သို့ဆိုလျှင် ချောင်ဆက်စကူးသည် တစ်နေ့ကို ရှပ်အင်္ကျီ နှစ်ထည်ကုန်သည်။ တစ်လကို အထည် ၆၀ ကုန်သည်။ တနှစ်ကို ရှပ်အင်္ကျီအထည် ၇၂၀ ကုန်လိမ့်မည်။ သူ့ရာ ဇပလ္လင်ပေါ်တွင် ရှိနေစဉ်ကာလ၌ တစ်ခါသာ ဝတ်ပြီး စွန့်ပစ်ခဲ့သော ရှပ်အင်္ကျီပေါင်း နှစ်သောင်းနှင့် သုံးသောင်းကြား ရှိပေလိမ့်မယ်။
ဖီလစ်ပိုင် သမ္မတဟောင်း မားကို့စ်နှင့် အီမယ်လ်ဒါ မားကို့စ်တို့၏ နန်းတော်ထဲမှ တွေ့ရသည့် စာရင်းများသည်လည်း ကြောက်ဖွယ် လိလိ ဖြစ်နေသည်။ ဘဏ်တိုက်တစ်ခုတွင် သန်းတစ်ထောင်၊ အခြား ဘဏ်တိုက်တစ်ခုတွင် သန်းရှစ်ရာ၊ မင်ဟတ်တန်တွင် မျှေစင် ရုံးကြီးတစ်ခု၊ လောင်းအိုင်လင်တွင် မြစ်ဆိပ်ပိုင်စား နယ်မြေကြီးတစ်ခု၊ ဖိလစ်ပိုင်တွင် ကျေးလက်စံအိမ်ပေါင်း ဒါဇင်ပေါင်းများစွာ၊ မားကို့စ်၏ မွေးရပ်ဇာတိတွင် နောက်ထပ်နန်းတော်တစ်ဆောင်။
ထို့နောက် အီမယ်ဒါးမားကို့စ်၏ လေဒီရှူး အရန် ၂၇၀၀၊ သို့မဟုတ် ဖိနပ်ပေါင်း ၅၄၀၀။
ကမ္ဘာတွင် အချမ်းသာဆုံး သူကြွယ်တစ်ဦး ဖြစ်သည့် ဆိုဖီတပ်ကားက 'ကျွန်မသည် မွဲလည်း မွဲခဲ့ဖူးသည်။ ချမ်းလည်း ချမ်းသာခဲ့ဖူး ပါသည်။ မွဲရသည်နှင့် စာလျှင် ချမ်းသာရသည်က ပိုကောင်းပါသည်' ဟု ပြောခဲ့ဖူးသည်။ မှန်ပါသည်။ ပုထုဇဉ်တိုင်း ချမ်းသာလိုကြ သည်မှာ ဘာမျှ အပြစ်ဆိုဖွယ်မရှိ။ သူတော်စင် မဟုတ်သေးသရွေ့၊ ပီယာလို သဘောမပေါက်သေးသရွေ့၊ တော်လ်စတွိုင်းလို မမြင်နိုင်သေးသရွေ့ ချမ်းသာလိုကြမည်မှာ ဓမ္မတာဖြစ်သည်။
ချမ်သားသူတိုင်းသည် ချောင်ဆက်စကူးလို ရှပ်အင်္ကျီတစ်ထည်ကို တစ်ခါသာ ဝတ်မည်ဆိုသည့် စိတ်ကူးမျိုး ရှိမည်မထင်။ အီး မယ်လ်ဒါးမားကို့စ်လို ဖိနပ်အရန်ပေါင်း ၂၇၀၀ ကို စီးရန် စိတ်ကူးမည် မထင်။ နိုင်ဇမ်စော်ဘွားလို မော်တော်ကား ရာပေါင်းများစွာ စီးဖို့ စိတ်ကူးမည်မထင်။
အီမယ်လ်ဒါးမားကို့စ်သည် တစ်နေ့ကို ဖိနပ်သုံးရံလဲ၍ စီးလျှင်ပင် သူ့ဖိနပ်တွေ ကုန်အောင် နှစ်နှစ်ခွဲ နီးပါး စီးရလိမ့်မည်။ ထိုအထဲ တွင် အီမယ်လ်ဒါးမားကို့စ်သည် လေဒီရှူးများကို နောက်ထပ် ဝယ်နေဦးမည်ဖြစ်ရာ ထိုအတိုင်းဆိုလျှင် သူတစ်သက်တွင် ဖိနပ်များ ကို ကုန်အောင် စီးသွားနိုင်မည်မဟုတ်။
သို့ဖြစ်လျှင် အီမယ်လ်ဒါးမားကို့စ်သည် သူမမစီးနိုင်သော လေဒီရှူးများကို ဘာကြောင့် စုဆောင်းနေရသနည်း။ အီစမန်ဘုရင်ကြီး သည် သူပေါင်းသင်းခြင်းမပြုနိုင်သော ကိုယ်လုပ်တော် ၃၀၀၀ ကို ဘာကြောင့် ထားနေရသနည်း။ နိုင်ဇမ်စော်ဘွားသည် သူမစီး နိုင်သော မော်တော်ကား ရာပေါင်းများစွာကို အဘယ်ကြောင့် ဝယ်ထားသနည်း။
တောပစ်ဝါသနာပါသလို၊ စစ်တုရင်ဝါသနာပါသလို၊ အလောင်းအစား ဝါသနာပါသလို ဝါသနာပါလို့ဟူသော အကြောင်းမှတစ်ပါး အခြားဖြေစရာမရှိ။ တစ်နည်းပြောရလျှင် အီစမန်ဘုရင်၊ နိုင်ဇမ်စော်ဘွား ချောင်ဆက်စကူးနှင့် အီမယ်ဒါးမားကို့စ်တို့တွင် ထိုသို့သော ဝါသနာမျိုးကို ဖြစ်ပေါ်စေမည့်၊ ထိုသနာမျိုးကို နှိုးဆွပေးသည့် ဟော်မုန်းဓာတ်များ ရှိနေသောကြောင့် ဖြစ်သည်ဟုသာ ပြောရတော့ မည် ထင်သည်။
တစ်နည်းစဉ်းစားနိုင်သေးသည်။ အဘယ်ကြောင့် ချမ်းသာချင်သနည်း။ အဘယ်ကြောင့် စည်းစိမ်ချမ်းသာ ရှိချင်သနည်း။
မိမိကြိုက်သလိုနေရန်၊ မိမိကြိုက်သလိုစားရန်၊ မိမိကြိုက်သလိုသုံးစွရန်၊ တစ်နည်းပြောရရင် လွတ်လပ်မှုကို ဝယ်ရန်ဖြစ်သည် (ဝါ) သူတစ်ပါးအလိုကျ နေထိုင်ရခြင်းမှ လွတ်ကင်း၍ ကိုယ့်အလိုကျ နေထိုင်ရန်ဖြစ်သည်။
အီမယ်ဒါးမားကို့စ်သည် လေဒီရှူးအရံပေါင်း ၂၇၀၀ ကို ဝယ်ခြင်းမှာ စီးရန်မဟုတ်။ စီးသည့်အခါတွင် ကိုယ်ကြိုက်သည့် ဖိနပ်ကို ရွေး ချယ်နိုင်ရန် ဖြစ်သည်ဟု စဉ်းစားနိုင်သည်။
ထိုဆန္ဒများသည် လောဘမှ ပေါ်ထွက်လာခြင်းသာ ဖြစ်လေသည်။ 'သင့်တွင် ဥစ္စာပြည့်စုံကုံလုံလျှင် ယင်းတို့ကို ရောင်းချ၍ မရှိဆင်း ရဲသားများအား ပေးဝေလေ။ ထိုအခါ၌ သင်သည် ကောင်းကင်ဘုံတွင် စည်းစိမ်းချမ်းသာတို့ကို ရမည်ဟု ခရစ်တော်က ဟောခဲ့ သည်။ သို့ရာတွင် ''ဖာရောက်စ်ဘုရင် နိုင်ဇမ်စော်ဘွား၊ ချောင်ဆက်စကူးနှင့် မားကို့စ်တို့ကား မရှိဆင်းရဲသူတို့၏ ပါးစပ်မှ လုယူ၍ သူတို့သည် စည်းစိမ်ချမ်းသာတို့ကို မြေကြီးပေါ်တွင်စုဆောင်းကြသည်။
သို့ရာတွင် ထိုသို့ လောဘဇောတိုက်မှုများကို ဖရွိက်၏ စိတ်သရုပ်ခွဲပညာဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်ရန် မလိုပါ။ ယင်းသို့သော လောဘ ဇောသည် ရက်စက် ကြမ်းကြုတ်မှုမျိုးသာ ဖြစ်လေသည်။ မောဟ၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်လေသည်။
လောဘ၌ လိုလေသေးမရှိ ပြည့်စုံခြင်းသည် စိတ်၏ ချမ်းမြေ့မှုကို မရနိုင်။ တောင့်တသည့်အခါတွင် လိုသောအရာကို ရခြင်းသာ လျှင် စိတ်၏ ချမ်းမြေ့မှုကို ရနိုင်သည်ဟု တော်လ်စတွိုင်းက ဆိုခဲ့သည်။
ပြစ်သစ်တို့ လက်တွင် အကျဉ်းသား ဖြစ်ရသော ပီယာကား တောင့်တသော အချိန်တွင် လူတို့ အသက်ရှင်ရန် လိုအပ်သော အခြင်း အရာတို့ကို ရရှိသဖြင့် စိတ်၏ ချမ်းမြေ့မှုကို ရခဲ့လေသည်။
သို့ရာတွင် အီမယ်လ်ဒါးမားကို့စ်၏ လေဒီရှူးအရန် ၂၇၀၀ တို့ကား သူမ၏ အိပ်မပျော်သော ညများတွင် ခြောက်အိပ်မက်များ ဖြစ်နေ ပေလိမ့်မည်။
------------
မြသန်းတင့်
သမိုင်းစကား ပန်းစကားစာအုပ်မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment