Tuesday, May 5, 2020

ဗိုင်းရပ်စ်မုဆိုး သို့မဟုတ် လင်းနို့မယ် (၁) ခိုင်ကြည်သစ် ဘာသာပြန်သည်။

0 comments
ဗိုင်းရပ်စ်မုဆိုး သို့မဟုတ် လင်းနို့မယ် (၁)▪️ခိုင်ကြည်သစ် ဘာသာပြန်သည်။
(၁)
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်။ အချိန်က ည ၇ နာရီ။ 
ဝူဟန့်ဗိုင်းရပ်စ်သုတေသနသိပ္ပံ (Wuhan Institute of Virology) သို့ အမျိုးအမည်မသိရသေးဘဲ ပဟေဠိဆန်သော ရောဂါနမူနာများ ရောက်ရှိလာသည်။ 
ခဏအကြာတွင် ရှီကျန်းလီ (Shi Zhengli) ၏ ဖုန်း အသံမြည်လာသည်။ သူမ၏ အထက်လူကြီး၊ တနည်းအားဖြင့် ဝူဟန့်ဗိုင်းရပ်စ်သုတေသနသိပ္ပံ၏ ညွှန်ကြားရေးမှူး က ဆက်သွယ်လာခြင်း ဖြစ်သည်။ 
ဝူဟန့် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာန (Wuhan Center for Disease Control and Preven-tion) သည် ပုံမှန်မဟုတ်သည့် အဆုပ်ရောင်ရောဂါလက္ခဏာများဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် လူ နာနှစ်ဦးထံမှ ကိုရိုနာဗိုင်းရပ်စ် (Coronavirus) အသစ်တစ်မျိုးကို တွေ့ရှိထားရာ အဆိုပါဌာနအနေဖြင့် ရှီ ကို ဓာတ် ခွဲခန်းသို့ အမြန်လာရောက်ကာ အခြေအနေကို စစ်ဆေးကြည့်စေလိုခြင်းဖြစ်သည်။ အကယ်၍ သူတို့ တွေ့ရှိထား သည်မှာ မှန်ကန်ကြောင်း ရှီ က အတည်ပြုပေးနိုင်ခဲ့လျှင် ယင်းဗိုင်းရပ်စ်သည် ဆိုးရွားသည့် လူထုကျန်းမာရေး ပြဿနာတစ်ရပ်ကို ပေါ်ပေါက်စေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော ယင်း ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၀၂ နှင့် ၂၀၀၃ ခုနှစ်များက လူပေါင်း ၈၁၀၀ ကို ကူးစက်ကာ၊ လူ ၈၀၀ ခန့်ကို သေဆုံးစေခဲ့သည့် ကူးစက်မြန်ပြင်းထန် အဆုတ် ရောင်ရောဂါ - ဆားစ် (SARS) ကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်များနှင့် မျိုးနွယ်တူ ဖြစ်နေခြင်းကြောင့်ပင်။ 
"လုပ်လက်စတွေ အကုန်ချထားခဲ့။ အခု ဒီကိစ္စကို အမြန်ဆုံး ကိုင်တွယ်ပါ" 
ဒါကတော့ ဒါရိုက်တာ၏ ဖုန်းထဲမှ ပြောစကားဖြစ်သည်။
ဗိုင်းရပ်စ်များကို လေ့လာသည့် ပညာရှင်တစ်ဦးဖြစ်သော ရှီ ကို သူမ၏ လုပ်ဖော်ကိုင်ဖက်များက လင်းနို့မယ် (bat woman) ဟု ခေါ်ကြသည်။ အကြောင်းက သူမသည် လွန်ခဲ့သည့် ၁၆ နှစ်လုံးလုံး လင်းနို့ဂူများကို လှည့်လည်ကာ ဗိုင်းရပ်စ်များနောက်သို့ မုဆိုးတစ်ယောက်လို လိုက်နေသူ ဖြစ်ခြင်းကြောင့်ပင်။ 
ရှန်ဟိုင်းမြို့တွင် သုတေသနဆွေးနွေးပွဲ တစ်ခုသို့ တက်ရောက်နေသည့် ရှီ သည် ချက်ချင်းပင် ရထားစီးကာ ဝူဟန့်သို့ ပြန်လာခဲ့သည်။ 
"ဝူဟန့် ကျန်းမာရေးဌာနက မှားပြီးတော့များ ပြောတာလားလို့ ကျွန်မ သိချင်မိတယ်" ဟု သူမက ဆိုသည်။ 
"တရုတ်ပြည်ရဲ့ အလယ်ပိုင်းက ဝူဟန့်လိုနေရာမှာ ဒီလိုအခြေအနေမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မမျှော်မှန်း ခဲ့ဖူးဘူး"
သူမ၏ လေ့လာမှုများက တရုတ်ပြည် တောင်ပိုင်း၊ အပူလျော့ပိုင်းပြည်နယ်များဖြစ်သည့် ကွမ်တုံ (Guangdong)၊ ကွမ်ရှိ (Guangxi) နှင့် ယူနန် (Yunnan) ပြည်နယ်များသည် ဗိုင်းရပ်စ်များကို သိုလှောင်ထိန်းသိမ်းထားသည့် တိရစ္ဆာန်များ၊ အထူးသဖြင့် လင်းနို့များမှ ကိုရိုနာဗိုင်းရပ်စ်တွေ လူသို့ ခုန်ကူးလာဖို့ အန္တရာယ်များသည်ကို သက်သေ ထူခဲ့ပြီးဖြစ်သည်။ အကယ်၍ ဝူဟန့်တွင် ဖြစ်ပွားနေသော ရောဂါ၏ လက်သည်တရားခံသည် ကိုရိုနာဗိုင်းရပ်စ်သာ ဖြစ်ခဲ့ပါလျှင်...။
"ငါတို့ ဓာတ်ခွဲခန်းက ထွက်လာတာများ ဖြစ်နိုင်မလား" 
အိမ်အပြန်ခရီးမှာ သူမ တွေးနေမိခဲ့သော အတွေးကို ယခုအထိ အမှတ်ရနေဆဲ ဖြစ်သည်။ 
(၂)
ဝူဟန့်ဓာတ်ခွဲခန်းရှိ ရှီ ၏ အဖွဲ့သားများနှင့် တရုတ်သိပ္ပံအကယ်ဒမီ (Chinese Academy of Sciences) မှ ကျွမ်းကျင် သူများက ကူးစက်ရောဂါပိုးအကြောင်းကို ဖော်ထုတ်နိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ ကြိုးပမ်းနေ သည့် ကြားမှပင် လတ်တလော ဖြစ်ပွားနေသည့် ရောဂါများသည် SARS-CoV-2 ဟု အမည်မှည့်ခေါ်ကြမည့် ကိုရိုနာ ဗိုင်းရပ်စ်အသစ်ကြောင့်ဖြစ်ကြောင်း ချိတ်ဆက်ရှာဖွေနိုင်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ရောဂါက တောမီးပမာ ပျံ့နှံ့ခဲ့လာခဲ့သည်။ 
ဧပြီလ ၂၀ အရောက်တွင် တရုတ်ပြည်တွင်း ကူးစက်မှုခံရသူ လူနာပေါင်း ၈၄၀၀၀ အထိ မြင့်မားလာခဲ့သည်။ သူတို့ထဲက ၈၀% မှာ ဟူပေ (Hubei) ပြည်နယ် မြို့တော် ဝူဟန့် တွင် နေထိုင်သူများဖြစ်သည်။ သေဆုံးသူ ဦးရေ ကလည်း ၄၆၀၀ ကျော်လာသည်။ တရုတ်ပြည်၏ ပြင်ပတွင် နိုင်ငံပေါင်း ၂၁၀ တွင် လူပေါင်း ၂.၄ သန်း ရောဂါပိုး ကူး စက်ခံထားရပြီး လူပေါင်း ၁၆၉၀၀၀ ကျော်မှာ COVID-19 ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီ ဖြစ်သည်။
ကူးစက်ရောဂါအသစ်များ ပေါ်ပေါက်လာသည့်နှုန်းမှာ လျင်မြန်လာနေကြောင်း သိပ္ပံပညာရှင်များက အတော်စော စောကတည်းကပင် သတိပေးခဲ့ကြသည်။ အထူးသဖြင့် လူဦးရေ သိပ်သည်းပြီး လူနှင့် တိရစ္ဆာန်တို့ ရောနှောထိတွေ့ မှု အလွန်များသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထိုရောဂါများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးခဲ့ကြသည်။
ရောဂါဂေဟဗေဒပညာရှင်တစ်ဦးဖြစ်သူ ပီတာ ဒက်စ်ဇက်ခ် (Peter Daszak) က "ရောဂါ ဘယ်က စဖြစ်တာလဲ ဆို တာကို ရှာဖွေဖော်ထုတ်နိုင်ဖို့နဲ့ သတ္တဝါမျိုးစိတ်တစ်ခုကနေ နောက်တစ်ခုကို ဘယ်လိုကူးစက်သွားသလဲ ဆိုတာကို ဖော်ထုတ်နိုင်ဖို့ အရမ်းကို အရေးကြီးပါတယ်။" ဟု ဆိုသည်။ သူက နယူးယောက်ခ်တွင် အခြေစိုက်သော အကျိုး အမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် EcoHealth Alliance ၏ ဥက္ကဌ ဖြစ်သည်။ EcoHealth Alliance သည် ရှီ ကဲ့သို့သော သိပ္ပံသုတေသီများနှင့် ပူးပေါင်းကာ အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းရှိ တောရိုင်း တိရစ္ဆာန်များတွင်တွေ့ရှိရသော ဗိုင်းရပ်စ်အသစ်များကို ရှာဖွေနေသည်။ "အဲဒါနဲ့ တန်းတူ အရေးကြီးတဲ့ နောက်ထပ် တစ်ချက်ကတော့ အလားတူ ရောဂါသစ်တွေ ထပ်ပြီး မဖြစ်ရအောင် ပိုးမွှားတွေကို ရှာဖွေသုတေသနပြု တားဆီး နေဖို့ ဖြစ်တယ်" ဟု ပီတာ ဖြည့်စွက်ပြောဆိုခဲ့သည်။ 
[ဖော်ပြပါ ဆောင်းပါးသည် Scientific American မဂ္ဂဇင်းက ယင်း၏ ဝဘ်ဆိုဒ်တွင် ဧပြီလ ၂၇ ရက်က တင်ပြခဲ့သည့် ဆောင်းပါးရှင် Jane Qiu ၏ How China’s ‘Bat Woman’ Hunted Down Viruses from SARS to the New Coronavirus ဆောင်းပါးကို ခိုင်ကြည်သစ်က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ပြခြင်း ဖြစ်ပါသည်။ 
ဆောင်းပါးတွင် အဓိက ဖော်ပြသည့် လင်းနို့မယ် Shi Zhengli အား COVID-19 ကို ဖြစ်ပွားစေသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ လက်သည်တရားခံအဖြစ် အချို့သော ကောလဟလသတင်းဌာနများက စွတ်စွဲရေးသားလျက်ရှိသည့် အပြင် မြန်မာ နိုင်ငံတွင်လည်း ယင်းကောလဟလကို ပြန်လည်ဖြန့်ဝေမှုများ တွေ့ရှိနေရပါသည်။
Scientific American မဂ္ဂဇင်းသည် အမေရိကန်နိုင်ငံတွင် ၁၈၄၅ ခုနှစ်ကတည်းက အပတ်စဉ် သတင်းစာအဖြစ် စ တင်ခဲ့ပြီး၊ ၁၉၂၁ ခုနှစ်မှ စတင်၍ လစဉ်ထုတ် သိပ္ပံမဂ္ဂဇင်းအဖြစ် ဂုဏ်သိက္ခာကြီးမားစွာ စဉ်ဆက်မပြတ် ရပ်တည်ခဲ့ ပါသည်။ အဲလ်ဘတ်အိုင်းစတိုင်း ကဲ့သို့သော သိပ္ပံ ပညာရှင်များသည်ပင်လျှင် Scientific American တွင် ပါဝင် ရေးသားခဲ့ဖူးပါသည်။ ယခုဆောင်းပါးအား ရေသားသူ Jane Qiu သဘာဝပတ်ဝန်းကျင်ရေးရာ ဆောင်းပါးများကို ရေးသားနေသူ ဖြစ်ပြီး၊ ပူလစ်ဇာဆု ရွေးချယ်ရေးအဖွဲ့က ၂၀၁၆ ခုနှစ်တွင် အာရှတိုက်သား ပတ်ဝန်းကျင်ရေးရာ သတင်းထောက်ဆု (Asian Environmental Journalism Awards) အတွက် ဒုတိယဆု ချီးမြှင့်ခြင်း ခံထားရသူ ဖြစ်ပါသည်။]

0 comments:

Post a Comment