Tuesday, May 5, 2020

ဗိုင်းရပ်စ်မုဆိုး သို့မဟုတ် လင်းနို့မယ် (၂) ခိုင်ကြည်သစ် ဘာသာပြန်သည်။

0 comments
ဗိုင်းရပ်စ်မုဆိုး သို့မဟုတ် လင်းနို့မယ် (၂)
ခိုင်ကြည်သစ် ဘာသာပြန်သည်။
(၃)
၂၀၀၄ ခုနှစ်၏ နွေဦးရာသီ။
လေနုအေးလေးက ခပ်ဖြေးဖြေး တိုက်ခတ်လို့နေသည်။ ရှီ အတွက် သူမ၏ ပထမဆုံး ဗိုင်းရပ်စ်ရှာဖွေရေး ခရီးစဉ်က အားလပ်ရက် အပျော်ခရီးနှင့်ပင် တူနေသေးတော့သည်။
ကွမ်ရှိပြည်နယ်မြို့တော် နန်နင်း (Nanning) အနီးက ကျောက်လှိုဏ်ဂူများအတွင်း ခိုအောင်းနေကြသော လင်းနို့များထံမှ ရောဂါနမူနာပစ္စည်းများ ရယူမည့် နိုင်ငံတကာ မှ သုတေသီများပါဝင်သော အဖွဲ့တစ်ဖွဲ့တွင် ရှီ ပါဝင်ခဲ့သည်။ 
သွားရေးလာရေး လွယ်ကူသည့် သည်ဒေသို့ ခရီးသွားအများအပြား လာရောက်လည်ပတ်ကြသည်။ ထုံးကျောက် စုလစ်မွန်းချွန်းများနှင့် ယခုမှ အသစ်စက်စက်တွေ့ရှိသော လှိုဏ်ဂူများက ကွမ်ရှိဒေသ၏ အမှတ်အသားပင် ဖြစ် သည်။
"တကယ့်ကို ရင်သပ်ရှုမောပါပဲ"
ရှီက သူမ၏ အတွေ့အကြုံကို ပြန်ပြောပြသည်။ 
နို့နှစ်ရောင် ကျောက်စက်ပန်းဆွဲများက ထုံးကျောက်လှိုဏ်ဂူ၏ အမိုးတွင် တွဲလျားခိုနေကြသည်။ စိုစွတ်မှုနှင့်အတူ အရောင်တောက်နေကြသည်။ 
သို့သော် ရှီ ၏ အပန်းဖြေအနားယူသလို အတွေ့အကြုံက တခဏလေးသာ ကြာမြင့်သည်။ 
အရှေ့တောင်အာရှတွင် ပေါပေါများများတွေ့ရသည့် အင်းဆတ်စား မြင်းခွာပုံလင်းနို့ (horseshoe bat) များ အပါ အ ဝင် လင်းနို့များမှာ မတ်စောက်သည့် တောင်ကြောများကြားက ကျဉ်းမြောင်း ရှည်လျားလှသည့် လှိုဏ်ဂူများတွင် ခို အောင်းတတ်ကြသည်။ ရှီ တို့ အဖွဲ့သည် ဒေသခံ လမ်းပြများ၏ အကူအညီဖြင့် သူတို့ ရှာဖွေနေသည့် လင်းနို့များ ရှိနိုင်သည့် နေရာသို့ရောက်ရှိအောင် ၄ နာရီကြာအောင် ခြေလျင်တောင်တက်ခရီးကို ကျော်ဖြတ်ခဲ့ကြရသည်။ ကျဉ်း မြောင်းကျပ်တည်းလှသည့် ကျောက်တောင်နံရံအစွန်းများကြား ဝမ်းဗိုက်များတွင် ပွမ်းပဲ့ခံကာ အရောက်သွားခဲ့ရ သည်။ 
ထိုမျှ အပင်ပမ်းခံခဲ့သော်လည်း လေပေါ်ပျံနိုင်သည့် လင်းနို့ဟူသော အနှီနို့တိုက်သတ္တဝါများက ပျောက်ချက်သား ကောင်းနေဆဲပင်။ အလွန်ခက်ခဲကြမ်းတမ်းသည့် ရက်သတ္တပတ် တစ်ပတ်ကို လှိုဏ်ဂူပေါင်း ၃၀ ကျော်ထဲတွင် အ ပြင်းအထန်ရှာဖွေခြင်းဖြင့် ကျော်ဖြတ်ပြီးနောက် သူတို့အဖွဲ့၏ ရလဒ်မှာ လင်းနို့ တစ်ဒါဇင်မျှသာ ဖြစ်သည်။
ယင်းသုတေသနခရီးစဉ်သည် ၂၁ ရာစု၏ ပထမဆုံးသော အရေးကြီးကူစက်ရောဂါဖြစ်သော ဆားစ်ရောဂါ၏ လက် သည်တရားခံကို ရှာဖွေနိုင်ဖို့ ကြိုးစားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယင်းမတိုင်မီက ဟောင်ကောင်သုတေသီ များက ဆားစ်ရောဂါကို ကွမ်တုံပြည်နယ်ရှိ တောရိုင်းတိရစ္ဆာန်ကုန်သည်များ၏ ကြောင်ကတိုးထံမှ တွေ့ရှိခဲ့ရသည် ဟု ထုတ်ဖော်တင်ပြခဲ့သည်။ ကြောင်ကတိုးမှာ အာရှနှင့် အာဖရိကရှိ အပူပိုင်းနှင့် အပေူလျော့ပိုင်းဒေသများတွင် ကျင်လည်ကျက်စားကြသည့် နို့တိုက်သတ္တဝါများဖြစ်သည်။
စင်ကာပူနိုင်ငံ Duke-NUS Medical School မှ ကူးစက်ရောဂါသစ်များစီမံချက်၏ ညွှန်ကြားရေးမှူးဖြစ်သူ လင်ဖာ ဝမ် Linfa Wang က "ဗိုင်းရပ်စ်ကို အဏုကြည့်မှန်ဘီလူးအောက်မှာကြည့်ရင် သူ့ရဲ့ မျက်နှာပြင်ပေါ်မှာ သရဖူပုံစံ ဆူးချွန်တွေ ပါဝင်တာကြောင့် ကိုရိုနာဗိုင်းရပ်စ် လို့ ခေါ်တာပါ။ ဆားစ်ရောဂါ မတွေ့ခင်အထိတော့ တစ်ကမ္ဘာလုံးကိ ကိုရိုနာဗိုင်းရပ်စ်ကို အနည်းအကျဉ်းပဲ သတိထားခဲ့ကြတယ်" ဟု ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ်များ သည် သာမန် အ အေးမိဖျားနာလောက်သာ ဖြစ်စေသည်ဟု အများက သိထားခဲ့သည်။ "ဆားစ်ရောဂါက အလှည့်အပြောင်း ဖြစ်စေခဲ့ တယ်" ဟုလည်း ဝမ်က သုံးသပ်သည်။ ဆားစ်ရောဂါသည် လူသားတို့အား သေဆုံးစေနိုင်သည့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်နိုင်ချေရှိသော ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ဖြစ်လာခဲ့သည်။ ယင်းရောဂါ ဖြစ်ပွားမှုက ကမ္ဘာတစ်လွှား တိရစ္ဆာန်မှ လူသို့ ဗိုင်းရပ်စ်များ ကူးစက်ရောက်ရှိလာနိုင်မှုကို သုတေသနပြု ရှာဖွေရန်အတွက် အရှိန်အဟုန် မြှင့်ပေးနိုင်ခဲ့သည်။ ရှီသည် ယင်းသုတေသနလုပ်ငန်းများ၏ အစောပိုင်းကာလကတည်းက ပါဝင်ခဲ့သူဖြစ်သည်။ ဒက်စ်ဇက်ခ် နှင့် ဝမ် တို့နှစ်ဦးစလုံးမှာ ရှီနှင့် နှစ်ပေါင်းများစွာ လက်တွဲခဲ့ကြသူများ ဖြစ်သည်။
ဆာစ်းဗိုင်းရပ်စ်သည် ကြောင်ကတိုးထံသို့ မည်သည့်နည်းဖြင့် ရောက်ရှိခဲ့သည် ဆိုသည့် အချက်မှာ ပဟေဠိအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။ ၁၉၉၄ ခုနှစ်က သြစတေးလျနို်င်ငံတွင် ဖြစ်ပွားသော ဟန်ဒရာဗိုင်းရပ်စ် (Hendra virus) ကူးစက်ရောဂါသည် မြင်းမှ လူသို့ ကူးစက်ခြင်း ဖြစ်သည်။ ၁၉၉၈ ခုနှစ်က မလေးရှားနိုင်ငံတွင် ဖြစ်ပွားသော နီးပါး ဗိုင်းရပ်စ် (Nipah virus) သည် ဝက်မှ လူသို့ ကူးစက်လာခဲ့ခြင်း ဖြစ်သည်။ ဝမ် က ယင်းဗိုင်းရပ်စ် နှစ်မျိုးစလုံးသည် အသီးစားလင်းနို့များ (fruit-eating bats) များထံမှ စတင်ကူးစက်ခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ မြင်းနှင့် ဝက်များသည် ယင်းဗိုင်းရပ်စ်များကို ကြားခံလက်ခံကောင်အဖြစ် ပါဝင်ခဲ့ခြင်းသာ ဖြစ်သည်။ 
ကွမ်တုံစျေးရှိ လင်းနို့များတွင်လည်း ဆားစ်ဗိုင်းရပ်စ် ခြေရာလက်ရာများကို တွေ့ရှိခဲ့ရသည်။ သို့သော် သိပ္ပံပညာရှင် များက ယင်းအချက်ကို ပယ်ချခဲ့ကြသည်။ ဝမ် ကမူ လင်းနို့သည် ယင်းရောဂါများ၏ အရင်းအမြစ်ဟု ယူဆနေဆဲ ဖြစ်သည်။
၂၀၀၄ ခုနှစ် အရောက်တွင် ယခုကဲ့သို့ ရှီတို့အဖွဲ့က ဗိုင်းရပ်စ်များနောက် မုဆိုးလို လိုက်ခဲ့ကြခြင်း ဖြစ်သည်။ လှိုဏ်ဂူ တစ်ခုတွေ့ပြီ ဆိုပါစို့။ ရှီ တို့အဖွဲ့က နေမဝင်မီမှာ ယင်းလှိုဏ်ဂူအဝကို ပိုက်ကွန်များနှင့် ကာရံလိုက်ကြသည်။ ည မှသာ အစာရှာထွက်ကြသည့် လင်းနို့များကို ထောင်ဖမ်းရန် ဖြစ်သည်။ လင်းနို့များ ပိုက်ကွန်တွင် မိပြီဆိုပါက သုတေ သီများက ယင်းလင်းနို့၏ သွေးနမူနာ၊ တံတွေးနမူနာတွေ ရယူရသည်။ တို့ပတ်ဖြင့် ဝမ်းနမူနာ ရယူကြရသည်။ သည်အလုပ်က နာရီအနည်းငယ် ကြာမြင့်လေ့ရှိသည်။ အလုပ်ပြီးလျှင် ခဏတဖြုတ်သာ အိပ်စက်အနားယူကြရ သည်။ နံနက်လင်းပြီဆိုလျှင် လှိုဏ်ဂူသို့ ပြန်သွားကာ လင်းနို့များ၏ ဆီးနမူနာနှင့် ဝမ်းနမူနာတွေ ကောက်ယူကြရ ပြန်သည်။
နမူနာပြီးရင်း နမူနာ မြောက်များလှစွာသော ရောဂါနမူနာပစ္စည်းများကို ကောက်ယူခဲ့ကြသော်လည်း ကိုရိုနာ ဗိုင်း ရပ်စ်၏ မျိုးဗီဇကို ခြေရာခံနိုင်ခြင်း မရှိခဲ့ကြပေ။ ယင်းလုပ်ငန်းမှာ ငွေကုန်လူပမ်း ဖြစ်ခဲ့ရသည်။
"၈ လလောက် ပင်ပင်ပမ်းပမ်း ကြိုးစားအားထုတ်ခဲ့ပြီးနောက်မှာ လုပ်ခဲ့သမျှဟာ ရေစုန်မျောသွားတာပါပဲ" ဟု ရှီက ပြန်ပြောင်းပြောပြသည်။ "လင်းနို့တွေဟာ ဆားစ်နဲ့ ဘယ်လိုမှ မပတ်သက်ဘူးလို့ ကျွန်မတို့ တွေးခဲ့ကြတယ်" ဟု သူမက ဆက်ရှင်းပြသည်။ 
လူတွင် ဆားစ်ရောဂါ ဖြစ်ပွားမှုရှိမရှိကို သိရှိရန် သွေးထဲတွင် ပါဝင်သော ပဋိပစ္စည်း (antibody) ကို စစ်ဆေးသည့် စမ်းသပ်ကိရိယာများ ကို အနီးအနားရှိ ဓာတ်ခွဲခန်း တစ်ခုက ရှီ တို့ သုတေသီအဖွဲ့ထံသို့ ပို့ပေးခဲ့သည်။ ယင်းအချိန် တွင် သုတေသီအများစုက လင်းနို့များနှင့် ပတ်သက်၍ အားလျော့ကာ သုတေသနလုပ်ငန်းကို ရပ်တန့်လုနီးနီးပင် ဖြစ်နေပေပြီ။ 
လူတွင် ဆားစ်ရောဂါကို စမ်းသပ်သည့် ယင်း စမ်းသပ်ပစ္စည်းများက လင်းနို့များ၏ သွေးတွင်းရှိ ပဋိပစ္စည်းများကို ဖော်ထုတ်နိုင်ခြင်း ရှိ၊ မရှိ အာမမခံပေ။ သို့သော ရှီ က စမ်းဖြစ်အောင် စမ်းကြည့်ခဲ့သည်။ "ဒါလေး စမ်းကြည့်လို့ ဘာများ ထပ်ဆုံးရှုံးစရာ ရှိသလဲ" ဟု သူမက ဆိုခဲ့သည်။ လက်တွေ့ စမ်းသပ်ကြည့်သည့်အခါ ရလဒ်များက သုတေ သီများ မျှော်လင့်သည်ထက် များစွာ ပိုမိုခဲ့သည်။ မြင်းခွာပုံလင်းနို့ ၃ ကောင်မှ ရရှိသော ရောဂါနမူနာပစ္စည်းများတွင် ဆားစ်ရောဂါဗိုင်းရပ်စ်ကို တုံ့ပြန်သည့် ပဋိပစ္စည်းများ စမ်းသပ်တွေ့ရှိခဲ့သည်။ "ဒါက ကျွန်မတို့ သုတေသန စီမံကိန်း အတွက် အလှည့်အပြောင်းပဲ" ဟု သူမက ဆိုသည်။ 
ဆက်လက်လေ့လာမှုများအရ လင်းနို့များတွင် ကိုရိုနာဗိုင်းရပ်စ်ကို ရာသီအလိုက် ခဏတဖြုတ်သာ ကူးစက်ခံရခြင်း ဖြစ်ကြောင်း သုတေသီများက ရှာဖွေတွေ့ရှိခဲ့ကြသည်။ ယင်းဗိုင်းရပ်စ်ကို တုံ့ပြန်သည့် ပဋိပစ္စည်းများမှာမူ လင်းနို့၏ သွေးထဲတွင် ရက်သတ္တပတ် အနည်းငယ်မှ နှစ်ပေါက်သည်အထိ ကြာအောင် ရှိနေနိုင်သည်။ ထို့ကြောင့် ဗိုင်းရပ်စ်၏ မျိုးဗီဇကို ခြေရာကောက် လေ့လာရန်အတွက် ရောဂါစမ်းသပ်ပစ္စည်းများက အလွန်တရာ တန်ဖိုးရှိခဲ့သည်။
ရှီ တို့အဖွဲ့သည် ပဋိပစ္စည်းစစ်ဆေးမှုကို အသုံးပြုခဲ့သဖြင့် ဗိုင်းရပ်စ်၏ မျိုးဗီဇကို သိရှိနိုင်မည့် သဲလွန်စများကို ရှာဖွေ ရာတွင် လင်းနို့များရှာဖွေရသည့်နေရာနှင့် လင်းနို့မျိုးစိတ်တို့ကို ယခင်ကထက် လျော့ချ လေ့လာနိုင်ခဲ့ကြသည်။ တရုတ်နိုင်ငံတဝှမ်း ပြည်နယ်ပေါင်းမြောက်များစွာရှိ တောင်တန်းထူထပ်သော နေရာများတွင် ထောက်လှမ်း လေ့ လာပြီးနောက် သုတေသီများအနေဖြင့် သူတို့ အာရုံစိုက်ကာ ဦးတည်လေ့လာရမည့် နေရာတစ်ခုကို သတ်မှတ်နိုင်ခဲ့ ကြသည်။ ယင်းကား ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမြို့အစွန်ရှိ ရှိတူ (Shitou) လှိုဏ်ဂူ ဖြစ်သည်။ 
နောက်ပိုင်း ၅ နှစ်ဆက်တိုက် ယင်းလှိုဏ်ဂူမှ နမူနာပစ္စည်းများကို ပိုက်စိတ်တိုက် ရယူစမ်းသပ်ခဲ့ကြသည်။ 
ကြိုးစားမှု၏ ရလဒ်များကို သုတေသီများ ခံစားခဲ့ရပါသည်။ မျိုးဗီဇအရ ကွဲပြားစုံလင်လှသည့် လင်းနို့နေ ကိုရိုနာ ဗိုင်းရပ်စ်ပေါင်းများစွာကို ရှာဖွေတွေ့ရှိခဲ့ကြပါသည်။ "အများစုကတော့ အန္တရာယ်မရှိတဲ့ ဗိုင်းရပ်စ်မျိုးစိတ်တွေပါ" ဟု ရှီ က ရှင်းပြသည်။ သို့သော် ဆားစ် နှင့် ပတ်သက်နေသော ဗိုင်းရပ်စ်များကိုလည်း ဒါဇင်နှင့်ချီ၍ တွေ့ရှိခဲ့ကြရ သည်။ ထိုဗိုင်းရပ်စ်များက ဓာတ်ခွဲခန်းဖန်ပြားခွက် (petri dish) အတွင်းရှိ လူသားအဆုပ်ဆဲလ် များကို ကူးစက်တို က်ခိုက်နိုင်သည်။ ကြွက်များကို ဆားစ်နှင့် သဏ္ဍန်တူ ရောဂါကို ဖြစ်ပွားစေခဲ့သည်။ 
ရှီ နှင့် အဖွဲ့ စေ့စေ့စပ်စပ်နှင့် အပတ်တကုပ်လေ့လာခဲ့သော ရှိတူလှိုဏ်ဂူသည် လင်းနို့နေဗိုင်းရပ်စ်များကို လေ့လာ ရန်အတွက သဘာဝမျိုးဗီဇပြတိုက်ကြီး တစ်ခု ဖြစ်လို့နေသည်။ သူတို့အဖွဲ့က မြင်းခွာပုံလင်းနို့များတွင် တွေ့ရသည့် ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇသည် ဟောင်ကောင်သုတေသီများ တင်ပြသော ကွမ်တုံမှ ကြောင်ကတိုးတွင် တွေ့ရသည့် ဗိုင်းရပ်စ်နှင့် မျိုးဗီဇအရ ၉၇% တူညီသည်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ရှီနှင့် အဖွဲ့၏ ရှာဖွေတွေ့ရှိမှုက ဆယ်စုနှစ်တစ်ခုကြာ လေ့လာနေခဲ့ကြသည့် ဆားစ်ရောဂါ၏ ဇစ်မြစ်ကို အဆုံးသတ် အဖြေပေးနိုင်ခဲ့သည်။

0 comments:

Post a Comment