Thursday, May 14, 2020

ရွေးကောက်ပွဲ(၁)(ဝေစည်)

0 comments
ရွေးကောက်ပွဲ(၁)(ဝေစည်)
Facebook ပေါ်မှာရေးတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ကြီးကြပ်ရေး၊ စိစစ်ရေးအဖွဲ့တွေ ဖွဲ့သွားဖို့ရှိတယ်။ ရွေးကောက်ပွဲကိုထိခိုက်စေတဲ့ စကားလုံးတွေ၊ ရွေးကောက်ပွဲကိုပျက်ပြယ်စေအောင် တိုက်ခိုက်တဲ့ စကားလုံးတွေ၊ အမုန်းစကားကိုဖြစ်စေတဲ့ စကားလုံးတွေရေးမယ်ဆိုရင် ပယ်ဖျက်သွားဖို့ ရှိပါတယ်။ Facebook ကနေ တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးပြီးပြီ၊ သူတို့ကိုယ်တိုင်သိရင်လည်းပယ်ဖျက်သွားဖို့ရှိသလိုကျနော်တို့ကနေတင်ပြသွားရင်လည်းပယ်ဖျက်ပေးဖို့ ဆွေးနွေးပြီးဖြစ်ပါတယ်။ 
ဦးမြင့်နိုင် (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)
(၆.၂.၂၀) နေ့ သတင်းစာရှင်းလင်းပွဲမှ စကား
အထက်ပါပြောဆိုချက်အရရွေးကောက်ပွဲအောင်မြင်ရေးအတွက် FB အရေးအသားတွေကိုအစိုးရဖွဲ့ပေးတဲ့ကော်မရှင်နဲ့ FB ပေါင်းပြီးဆင်ဆာလုပ်တော့မယ်ဆိုတာသေချာနေပါပြီ။ 
ဗမာပြည်သူတွေမှာရွေးကောက်ပွဲကိုသဘောမတူခွင့်မရှိဘူးလား။ သဘောမတူတာကိုထုတ်ဖော်ခွင့်ရောမရှိဘူးလား။ အခုလိုဆင်ဆာလုပ်မယ်ဆိုတာ နိုင်ငံသားအခွင့်အရေးရောလူ့အခွင့်အရေးပါ ချိုးဖေါက်ခံရတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကိုသဘောမတူတာ၊ မဲမထည့်ဖို့လှုံ့ဆော်တာဟာဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ FB ကိုအသုံးပြုပြီး ဝါဒဖြန့်လိုက်ရုံနဲ့လည်းရွေးကောက်ပွဲကြီးကပျက်ပြားသွားမှာမဟုတ်ပါဘူး။ (အာဏာရှိသူတွေဇွတ်လုပ်ရင်ဖြစ်တာများပါတယ်) ဒီနေရာမှာအာဏာရပါတီရဲ့သဘောထားကထိန်းမနိုင် သိမ်းမရ လုံးဝကျွံကျလာတာတွေ့ရတယ်။ 
၂၀၀၈ ခြေ/ဥအတည်ပြုပွဲကိုနာဂစ်အလောင်းပုံပေါ်မှာနအဖအစိုးရကဇွတ်လုပ်ခဲ့ဖူးတယ်။ အခုလည်းကိုဗစ် ၁၉ ကူးစက်မှုတွေကြားမှာရွေးကောက်ပွဲဇွတ်လုပ်ဖို့ ကြံနေပုံရပါတယ်။ အဲဒီရွေးကောက်ပွဲကလူမျိုးစုံ ပြည်သူလူထုကြီးအတွက် ဘယ်လောက်အကျိုးများစရာရှိပါသလဲ။ မရှိရေးချမရှိပါ။ အတိုင်ပင်ခံနဲ့ NLD ရဲ့ ခြောက်ပြားတပဲအာဏာဆက်လက်တည်တံ့ရေးအတွက်သာဖြစ်ပါတယ်။ မတတ်သာလွန်းလို့ ဝိဒေဟရာဇ် ဗိုလ်သန်းရွှေကအတိုင်ပင်ခံအာဏာတပဲသားဒေါ်အောင်ဆန်းစုကြည်လည်ပင်းစွပ်ပေးလိုက်ရတယ်။ ဒါပေမဲ့ ဒေါ်စုက ရာဇဝင်ထဲကပုတ်သင်မဟုတ်ဘူး။ ဆွဲပေးသူကိုအကြိမ်ကြိမ်ဦးညွတ်တယ်၊ချီးကျူးတယ်၊ဂုဏ်ပြုတယ်။ ဒီတော့ အတိုင်ပင်ခံအာဏာတပဲသားဟာစစ်အာဏာခြေမန်းကွင်းပမာ ဖြစ်သွားတော့တယ်။ ရောင်းသူဝယ်သူအသံတူသွားတော့တာပေါ့။ 
NLD အစိုးရကသူ့အာဏာရသက်တမ်းအတွင်းမှာသူ့အတွင်းသားကိုကုန်စင်အောင် လှစ်ပြခဲ့ပြီးလည်း ဖြစ်တယ်။ အတိုင်ပင်ခံကစစ်တပ်ကိုကြေညာချက်ထုတ်ဂုဏ်ပြုပြီးပြီ၊ သမ္မတက မေဒေးသဝဏ်လွှာမှာ အလုပ်သမားတွေကို ခြိမ်းခြောက်ကြိမ်းမောင်းပြီးပြီ။ NLD ဒုဥက္ကဌ မန်းဝန်ကြီးချုပ် Dr.ဇော်မြင့်မောင် လယ်သမားအရေးဘယ်လိုကိုင်တွယ်တယ်ဆိုတာ ပြည်သူတွေသိခဲ့ရပြီးပြီ။ ကျောင်းသားသမဂ္ဂကိစ္စမှာလည်းအတိုင်ပင်ခံဦးဆောင်ပြီးသပ်လျှိုသွေးခွဲခဲ့တာသရက်သီးလက်ဆောင်ကိစ္စမှာကတည်းကထင်ရှားတယ်။ 
ရွေးကောက်ပွဲလုပ်ဖြစ်မယ်ဆိုရင် အဓိကပြိုင်ရမှာ ကြံ့/ဖွံ့ နဲ့ NLD ပါပဲ။ (တိုင်းရင်းသားပါတီတွေကသူတို့ဒေသအလိုက်လောက်ပဲ ဖြစ်ကြမှာ) ကြံ့/ဖွံ့ နဲ့ NLD၊ NLD နဲ့ ကြံ့/ဖွံ့ ဘာကွာသလဲမေးရင် မိလ္လာအိုးကြီးထက်ခြမ်းကွဲရာမှာဘယ်အခြမ်းကအညစ်ပတ်သက်သာမလဲဆိုတဲ့သဘောပဲလို့ ပြန်ဖြေရလိမ့်မယ်။ ဒါပေမဲ့ ကြံ့ဖွံ့ဟာတစညကံကြမ္မာမျိုးနဲ့ ရင်ဆိုင်နေရပါပြီ။ သူတို့ကိုစစ်အုပ်စုကသိပ်မသုံးချင်တော့ပါဘူး။ အသုံးလည်းမတည့်လှတော့ပါဘူး။ စစ်အာဏာရှင်စနစ် ဆက်လက်ချီတက်ရေးအတွက် ဆီထည့်ရတဲ့နေရာမှာ (ပြည်သူက တရားဝင်တင်မြှောက်ထားတယ်ဆိုတဲ့) NLD ဆီလောက် ဘယ်ဆီမှ မကောင်းပါဘူး။ 
စစ်အုပ်စုက NLD ငါးစိမ်းမြင်တော့ ကြံ့/ဖွံ့ငါးကင်ကိုပစ်ပါပြီ။ NLD ကလည်းနောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲနိုင်သမျှကဲအောင်ကြိုးစားပြီးလူထုကိုတိုးတိုးပြီးဖိနှိပ်ပြပါတယ်။ 
ဒီတော့ လူထုအဖို့တော့ ရွေးကောက်ပွဲဆိုတာရှေ့တိုးထမ်းပိုး၊ နောက်ဆုတ် လှည်းဒုတ်သာပါပဲ။ ဘာအဖြေမှ ထွက်မှာမဟုတ်ပါဘူး။ 
(ဝေစည်)
၁၁.၅.၂၀၂၀

0 comments:

Post a Comment