Friday, May 22, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၁၁ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၁၁ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁)
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အမျိုးသားရေးစုစည်းမှု
၁၈၃၇ ခုနှစ်မှာ သာယာဝတီ မင်းသား ပုန်ကန်တယ်။မင်းဆွေမင်းမျိုး မင်းညီမင်းသားနဲ့ သူတို့ရဲ့ နောက်လိုက်ငယ်သားတွေ အားလုံးကို အစုလိုက်အပြုံလိုက် သတ်ပြီး မင်းသားကြီးက ထီးနန်းသိမ်းမှာစိုးလို့ပါ။ မင်းသားက ရွှေဘိုကို ဌာနချုပ်လုပ်ပြီး အဲဒီကနေ ပုန်ကန်မှုကို ညွှန်ကြားတယ်။ ဘုရင့်ရဲ့ တပ်မတော်က သူပုန်တွေထက် အများကြီးပိုပြီး သာလွန် အင်အားကြီးပါတယ်။ ဒါပေမဲ့ တပ်ကို ခေါင်းဆောင်ဖို့ ထူးချွန်တဲ့ စစ်သူကြီး မရှိဘူး။ သာယာဝတီမင်းက အင်္ဂလိပ်ကို ကြားဝင်ပေးဖို့ ဖိတ်တယ်။ ဒါပေမဲ့ အင်္ဂလိပ်က ဘက်မလိုက်ဘဲ ကြားနေခဲ့တယ်။ အကြောင်းကတော့ အာဖဂန်စစ်ပွဲနဲ့ အလုပ်ရှုပ်နေလို့ပါ။ ဒါကြောင့်မို့ သူတို့က စစ်မျက်နှာအသစ် မဖွင့်ချင်တာပါ။ စစ်ကိုင်းမင်းက သူ့ရဲ့ညီတော် သာယာဝတီမင်းအတွက် ၁၈၃၇ ခုနှစ် ဧပြီလ ၈ ရက်မှာ ထီးနန်းကို စွန့်လိုက်တယ်။ စစ်ကိုင်းမင်းကို သုံ့ပန်းအဖြစ် ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ၁၈၄၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက် စစ်ကိုင်းမင်း နတ်ရွာစံရာမှာ အဆိပ်ခတ်ခံရတယ်လို့ မရေမရာ သံသယဝင်ခဲ့ကြတယ်။ အမှားတွေ အများကြီးရှိပေမဲ့ သူက ကုန်းဘောင်ဘုရင်ထဲမှာ အကောင်းဆုံးဘုရင်ပါ။ လူကြီးလူကောင်း အဆန်ဆုံး ပုဂ္ဂိုလ်ပါ။
သာယာဝတီမင်းက ၁၈၃၇ ခုနှစ်မှာ နောင်တော်ရဲ့ထီးနန်းကို သိမ်းပိုက်တယ်။ သူက လောင်းကစားစွဲနေတယ်။ အသုံးအဖြုန်း ကြီးတယ်။ ရက်စက်တတ်တယ်။ ဒါနဲ့တပြိင်တည်းမှာ ဟာသဉာဏ် ရှိသူလည်း ဖြစ်နေပြန်တယ်။ ပြီးတော့ ထက်မြက်တယ်။အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲတုန်းက တပ်မတော်တစ်ခုကို ကွပ်ကဲခဲ့ရတယ်။ ဒါကြောင့် စည်းစနစ်မကျတဲ့ မြန်မာစစ်တပ်နဲ့စာရင် အင်္ဂလိပ်စစ်တပ်က သိပ်ပြီး အားကောင်းတယ်ဆိုတာ သူသိပါတယ်။ သူက စစ်အုပ်စုနဲ့ မသင့်မြတ်ဘူး။ မင်းသားဘဝတုန်းကတော့ အုပ်ချုပ်ရေးယန္တရားနဲ့ စစ်တပ်ဖွဲ့စည်းပုံမှာ နိုင်ငံခြားစနစ်တွေကို စိတ်ဝင်စားပုံ ပြခဲ့တယ်။ ဒါကြောင့်လည်း ဗာနေးက သာယာဝတီမင်း ဘုရင်ဖြစ်လာရင် အင်္ဂလိပ်နဲ့ဆက်ဆံရေး တိုးတက်မှာပဲလို့ မျှော်လင့်ချက် ကြီးကြီးထားခဲ့တာပါ။ ဒါပေမဲ့ မျှော်လင့်တာနဲ့ ပြောင်းပြန်ဖြစ်ခဲ့တယ်။ သာယာဝတီမင်း ဘုရင်ဖြစ်လာတော့ နိုင်ငံခြားသားမှန်သမျှကို မုန်းတယ်။ အသစ်အဆန်း တီထွင်တာမှန်သမျှကိုလည်း သံသယရှိတယ်။ သာယာဝတီမင်း ထီးနန်းသိမ်းရတဲ့ အဓိကအကြောင်းက မင်းသားကြီး လုပ်ကြံမှာ ကြောက်လို့ပဲ။ ထီးနန်းရဲ့ နောက်ကွယ်မှာ မင်းသားကြီး အမှန်တကယ် အာဏာရှိနေတာက ၁၈၃၁ ခုနှစ်ကတည်းကပါ။
သာယာဝတီမင်းက သူရဲ့ နောင်တော်နဲ့ ဘာပြဿနာမှ မရှိခဲ့ဘူး။ ၁၈၃၇ ခုနှစ်အထိ သူက နောင်တော်ကို သစ္စာရှိတယ်။ ဒါပေမဲ့ အဲဒီအချိန်က ခရိုင်ဝန်တွေဟာ လာဘ်စားနေတယ်။ လွှတ်ရုံးအရာရှိကြီးတွေကလည်း အဲဒီ လာဘ်စားတဲ့ အရာရှိတွေကို ပံ့ပိုးနေကြတယ်။ လုယက်မှု ဓါးပြမှုတွေ မကြာခဏကျူးလွန်တဲ့ ခရိုင်ဝန်တယောက်ကို သာယာဝတီမင်းက ခိုလှုံခွင့်ပေးထားတယ်လို့ မင်းသားကြီးက စွပ်စွဲတယ်။ ဒါက အမှန်ကို ချဲ့ကားထားတာပဲ။ သက်သေလည်း မရှိဘူး။ သာယာဝတီမင်းက ဒါကို ဝန်မခံဘဲ ငြင်းလိုက်တယ်။ အဲဒီမှာ မင်းမျက်သင့်တာပဲ။ မင်းသားရဲ့အိမ်တော်ကို ဝိုင်းပြီး သက်သေအထောက်အထားယူဖို့ ဘုရင့်အမိန့်တော် ထွက်လာတယ်။ ဘုရင့်တပ်က အိမ်တော်ကို မဝိုင်းခင် မင်းသားက မြို့ပြင်ကို ထွက်သွားပြီ။ ဒီဖြစ်ရပ်တွေအားလုံးက သာယာဝတီမင်းဟာ နောက်ဆုံးအချိန်အထိ နောင်တော်အပေါ် သစ္စာရှိခဲ့တယ်ဆိုတဲ့ သက်သေသာဓကပါပဲ။ ဘုရင့်တပ်မတော်နဲ့ အစိုးရအဖွဲ့ထဲမှာ သူသာ ခေါင်းဆောင်မှုလိုချင်ရင် အောင်မြင်ဖို့ အလားအလာရှိပါတယ်။ သူက စစ်တပ် တည်ထောင်လိုက်တယ်။ ဒါပေမဲ့ ဒေသခံ ဓါးပြတွေကို စုထားရတာပါ။ သူတို့မှာ လက်နက်ချို့တဲ့တယ်။ ဘုရင့်တပ်ဖွဲ့မှာ ပိုကောင်းတဲ့ လက်နက်တွေရှိပေမဲ့ စစ်သူကြီးကောင်း မရှိဘူး။ မင်းသားကြီးကို လူကြိုက်နည်းတဲ့ အချက်ကလည်း ဘုရင့်လူတွေကို သူပုန်မင်းသားဘက် တွန်းပို့နေတယ်။ တစ်ဖက်မှာတော့ သာယာဝတီမင်းဟာ စည်းရုံးရေးသမားကောင်းဖြစ်ကြောင်း သက်သေထူခဲ့ပါတယ်။ နောက်ဆုံးတော့ စစ်ကိုင်းမင်း လက်နက်ချရတာပဲ။
သာယာဝတီမင်းဟာ ဘုရင်ဖြစ်လာချိန်မှာတော့ လုံးဝကို ပြောင်းလဲသွားတဲ့ လူတစ်ယောက်ဖြစ်လာတယ်။ သူက ပြုပြင်ပြောင်းလဲရေးမှန်သမျှကို ဆန့်ကျင်လာတယ်။ သူ့ရဲ့ အုပ်စိုးမှုက ရက်စက်မှုနဲ့ မတရားမှုရဲ့ အမှတ်အသားဖြစ်လာတယ်။ သူက ညံ့ဖျင်းတဲ့ အုပ်ချုပ်သူပါ။ လူမှန်နေရာမှန် ရွေးချယ်နိုင်စွမ်းမရှိဘူး။ သူအုပ်စိုးတဲ့ကာလမှာ ဓါးပြဂိုဏ်းတွေ ကြီးထွားလာတယ်။ မင်းသားဘဝတုန်းကတော့ ပြန်လည်ဖွဲ့စည်းရေးနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လွတ်လပ်တဲ့ အယူအဆရှိခဲ့တယ်။ ဒါပေမဲ့ ဘုရင်အနေနဲ့ကတော့ သူဟာ အစဉ်အလာရဲ့ ကျေးကျွန်ဖြစ်ခဲ့တယ်။ ပြောင်းလဲတိုးတက်နိုင်တဲ့ အခွင့်အလမ်းဟူသမျှကို ပိတ်ဆို့ထားခဲ့တယ်။ သူလုပ်ခဲ့တဲ့ အပြောင်းအလဲကတော့ နန်းစိုက်ရာမြို့တော်ကို နေရာသစ် ရွှေ့ခဲ့တာပါပဲ။ ပထမဆုံး ရွေးတာက အလောင်းမင်းတရားဆက် ဘုရင်တွေရဲ့ ဘူမိနက်သန် အောင်မြေဖြစ်တဲ့ ရွှေဘိုပါ။ ဒါပေမဲ့ ရွှေဘိုက တိုင်းပြည်ရဲ့ ပင်မဆက်ကြောင်းနဲ့ အလှမ်းကွာလွန်းတယ်။ ဒါ့ကြောင့် မြို့တော်အတွက် နေရာမကောင်းဘူး။ ဒုတိယ ရွေးတာက အင်းဝအထက် ရေဆန် မိုင် ၅၀ လောက်က ကျောက်မြောင်းပါ။ ဒီနေရာက ရွှေဘိုထက် အနေအထားကောင်းပါတယ်။ ဒါပေမဲ့ ဆိုးတဲ့အချက်က ကုန်းတွင်းပိုင်းအနေအထား မကောင်းပါဘူး။ ဒါနဲ့ အမရပူရမှာ နန်းစိုက်ဖို့ ၁၈၃၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှာ ရောက်လာရတာပါပဲ။
သူက ပြည်ထဲရေးမူဝါဒ ပြောင်းလဲမှုတချို့ စလုပ်ပါတယ်။ နိုင်ငံခြားသားတွေကို မြန်မာ့မြေ ဝယ်ယူခွင့် မပြုတော့ဘူးလို့ အမိန့်တော် ထုတ်ခဲ့တယ်။ မြန်မာတွေကို ကျွန်အဖြစ် ခိုင်းစေဖို့ ခွင့်မပြုတော့ဘူး။ ကျေးကျွန် ဖြစ်ပြီးသူတွေကိုလည်း နိုင်ငံပိုင်ငွေစိုက်ထုတ်ပြီး ပြန်ရွေးခဲ့တယ်။ ဒါတွေက လူတွေကောင်းကျိုးအတွက် သာယာဝတီမင်း ဆောင်ရွက်ခဲ့တဲ့ မမေ့နိုင်စရာ လုပ်ဆောင်ချက်တွေပါ။ အဲဒီမှာ နိုင်ငံခြား ဆန့်ကျင်ရေး ခံစားချက်ပါတဲ့ အားကောင်းမောင်းသန် အမျိုးသားရေးစိတ်ဓါတ်ကို ကျွန်တော်တို့တွေ့ရတယ်။ သာယာဝတီမင်းက ရန်ကုန်ဆိပ်ကမ်းမှာ အလုပ်သမား အဆိုင်းစနစ်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့တယ်။ လူမျိုးခြားကုန်သည်တွေက မြန်မာအလုပ်သမားတွေကို အနိုင်မကျင့်အောင်လို့ပါပဲ။ ဘုရင်က ၁၈၄၁ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှာ စစ်တပ်ကြီးနဲ့ ရန်ကုန်ကို ရောက်လာတယ်။ အခုခေတ် ဒဂုံမြို့နယ်ထဲက အိမ်တော်ရာလို့ ခေါ်တဲ့နေရာမှာ စခန်းချခဲ့တယ်။ ရွှေတိဂုံဘုရားကို တံတိုင်းခတ်တယ်။ ၁၈၄၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှာ ရွှေတိဂုံဘုရားကို ဗဟိုပြုပြီးတော့ ရန်ကုန်မြို့သစ်ကို စတည်ခဲ့ပါတယ်။
အဲဒီဆောင်ရွက်ချက်တွေနဲ့ သူက မြန်မာနိုင်ငံကို နောက်ထပ် နိုင်ငံခြားကျူးကျော်မှုကနေ ကယ်တင်ဖို့ မျှော်မှန်းခဲ့တာပါ။ ရန်ကုန်မှာ ဒီလိုလုပ်ဆောင်ခဲ့တာတွေက ဘုရင့် ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်တယ်လို့ သူယုံပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ စစ်တပ်ဖွဲ့စည်းပုံကို တိုးတက်အောင်လုပ်ဖို့ သူပျက်ကွက်ခဲ့တယ်။ အဲဒီအရာတွေအားလုံး အပူတပြင်းပြောင်းလဲဖို့လိုအပ်နေတာပါ။ ဒါပေမဲ့ သူက ခေတ်နောက်ကျကျန်ရစ်တယ်။ ၁၈၄၁ ခုနှစ်နောက်ပိုင်းမှာ ဘုရင့်ရဲ့ အာရုံကြောတွေ ပျက်စီးလာတယ်။ ဒီရောဂါကနေ ပြန်ပြီး နာလံမထူတော့ဘူး။ ၁၈၄၆ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ သာယာဝတီမင်း နတ်ရွာစံတယ်။ သူ့သားတော် ပုဂံမင်း ဘုရင်ဖြစ်လာပါတယ်။

0 comments:

Post a Comment