Sunday, May 24, 2020

၂၀၀၈ ခုနှစ် ဩဂုတ်လထုတ် ပြည်သူ့အာဏာဂျာနယ် အမှတ် ၃၀ “စစ်အုပ်စု သံသရာ” ဆောင်းပါးမှ

0 comments
တိုင်းပြည်ရဲ့အာဏာကို အုပ်စုတစုက အုပ်စီးထားသရွေ့ ဘယ်လိုလုပ်ငန်းစဉ်ပဲကြေညာကြေညာ၊ ဘယ်လိုအစိုးရသဏ္ဌန်နဲ့ပဲ ဖွဲ့စည်းထားတယ်ဆိုဆို စစ်အာဏာရှင်စနစ်ဆိုတဲ့ အနှစ်သာရအရပဲ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဒီလိုအခါမှာ စစ်အုပ်စုဆိုတာဘာလဲဆိုတာကို ရှင်းထားဖို့လိုပါလိမ့်မယ်။
ဟုတ်ပါတယ်။ စစ်အုပ်စုဆိုတာ စစ်တပ်ထဲကဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်ရှိတိုင်း စစ်အုပ်စုရှိတာမဟုတ်ပါဘူး။ နိုင်ငံတိုင်းလိုလိုမှာ စစ်တပ်ရှိပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးစနစ် ပုံမှန်ကျနေတဲ့နိုင်ငံမှာ စစ်အုပ်စုရှိခဲပါတယ်။ အထူးသဖြင့် စစ်တပ်ရဲ့အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း ခွဲခြားထားတဲ့နိုင်ငံတွေမှာ စစ်အုပ်စုရယ်လို့ တည်ရှိခဲပါတယ်။ ဗမာပြည်မှာ ဖဆပလထဲက ဆိုရှယ်လစ်တွေဟာ ပြည်တွင်းစစ်ကိုမဖန်တီးခဲ့ရင် သရဲမွေးသလို ဗိုလ်နေဝင်းတို့စစ်အုပ်စုတွေကိုမွေးဖို့ လိုချင်မှလိုခဲ့မှာပါ။ ဒါ့ကြောင့် ဗမာပြည်မှာ စစ်အုပ်စုပေါ်ပေါက်တာဟာ ပြည်တွင်းစစ်နဲ့တိုက်ရိုက် ဆက်စပ်နေတယ်ဆိုရင် မမှားပါဘူး။
စစ်အုပ်စုဆိုတာ စစ်တပ်ထဲကလို့ဆိုပေမယ့် တခါတလေ စစ်တပ်ပြင်ဘက်မှာ(အနည်းဆုံး နံမည်အရ) ရောက်နေသူ(သူတွေ) စစ်တပ်ထဲမှာရှိနေတဲ့လူတွေနဲ့ပေါင်းပြီး စစ်တပ်ကိုခြယ်လှယ်၊ တိုင်းပြည်ကိုခြယ်လှယ်နေတာမျိုးလည်း ရှိတတ်ပါတယ်။ အလွယ်ဆုံးဥပမာပြရရင် ဗိုလ်နေဝင်းအနားယူသွားပြီဆိုပြီး တပ်အပြင်ကနေ ခြယ်လှယ်လုပ်ကိုင်နေတာမျိုးပါ။ ဒါ့ကြောင့်မို့ စစ်အုပ်စုထဲမှာပါဝင်သူတွေဟာ စစ်ဝတ်နဲ့ချည်း ဟုတ်ချင်မှဟုတ်မှာလို့လည်း ပြောရင်ရပါတယ်။ ဒါပေမဲ့ သူတို့ဟာ စစ်တပ်အပေါ်မှာ တနည်းမဟုတ်တနည်းနဲ့ ဩဇာညောင်းသူတွေဖြစ်ရပါမယ်။ နို့မဟုတ်ရင် သူ့အသုံးဝင်မှုဟာ ယာယီခေတ္တမျှသာဖြစ်ပါလိမ့်မယ်။ သူတို့ကိုယ်တိုင်က စစ်အုပ်စုအပေါ်၊ စစ်အစိုးရအပေါ်၊ စစ်အာဏာရှင်စနစ်အပေါ် ဘယ်လောက်ပဲသစ္စာရှိ၊ အလုပ်အကျွေးပြုပါစေ စစ်အုပ်စုဝင်ဖြစ်ဖို့ကတော့ စစ်တပ်အပေါ်မှာ ဩဇာမညောင်းလို့ကတော့ ကမ်းနားသစ်ပင်ထက်မပိုပါဘူး။ ၁၉၅၈ ခုနှစ်ကစလို့ ဗမာပြည်ရဲ့စစ်အစိုးရနဲ့ စစ်အုပ်စုအဆက်ဆက်ထဲမှာ အရပ်သားတချို့ပါပါတယ်။ ဒါပေမဲ့ သူတို့ကို စစ်အုပ်စုဝင်တွေလို့ ခေါ်လို့မရပါဘူး။ ဒါဟာ သမ္မတဖြစ်ခဲ့တဲ့ ဒေါက်တာမောင်မောင်အပါအဝင် ဖြစ်ပါတယ်။ သူတို့ဟာ စစ်အုပ်စုကနေ တက်ဆို တက်ခဲ့ရသလို၊ ထွက်ဆို ထွက်သွားရတာချည်းဖြစ်ပါတယ်။ စစ်အုပ်စုက အသုံးချသူတွေလို့သာ ခေါ်နိုင်ပါတယ်။
စစ်အုပ်စုရဲ့ အဓိကအင်အားဟာ လက်နက်ကိုင်စစ်တပ်ပဲဖြစ်ပါတယ်။ အာဏာဟာ သေနတ်ပြောင်းထဲကထွက်တယ်ဆိုတဲ့စကားကို အနားအလည်ဆုံး သဘောအပေါက်ဆုံးသူတွေထဲမှာ သူတို့ ထိပ်က ပါပါတယ်။ ဒါကြောင့် စစ်တပ်ကိုချုပ်ကိုင်နိုင်သူမှ စစ်အုပ်စုထိပ်သီး ဖြစ်ပါတယ်။ ဒီထိပ်သီးဟာ တခြားစစ်အုပ်စုဝင်တွေကို ဘယ်လိုတာဝန်တွေခွဲပေး၊ တိုးပေးပါစေ စစ်တပ်တခုလုံးအပေါ်၊ အထူးသဖြင့် တိုက်ခိုက်ရေးတပ်အားလုံးအပေါ် ဩဇာတည်ခွင့်တော့ လုံးဝမပေးပါဘူး။ နအဖ စစ်အုပ်စုရဲ့ဖွဲ့စည်းပုံအပိုဒ်(၃၄၂)မှာ “နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်”လို့ ထည့်ထားပါတယ်။ တပ်ကို “စစ်ရေးအမြင်”ရှိတဲ့နိုင်ငံတော်သမ္မတရဲ့ လက်ခုပ်ထဲက အလွတ်မခံပါဘူး။ အဲ့ဒီသမ္မတကို အတိုင်းမသိ အခွင့်အာဏာပေးအပ်ထားတာဟာ စစ်အာဏာရှင်စနစ်ရဲ့လက္ခဏာပါ။
စစ်အုပ်စုဆိုလို့ အုပ်စုတခုလုံး၊ အုပ်စုဝင်အားလုံး တပြေးညီ အာဏာတွေရှိနေကြတယ်လို့တော့ မအောက်မေ့ပါနဲ့။ စစ်အုပ်စုတခုမှာ နံပတ်တစ်တဦးတည်းသာရှိပါတယ်။ စစ်အုပ်စုဆိုတာ ပေါ်လွင်စေဖို့အတွက် “နေဝင်း-စန်းယု စစ်အစိုးရ”၊ “စောမောင်-ခင်ညွန့်စစ်အစိုးရ”၊ “သန်းရွှေ-မောင်အေး စစ်အစိုးရ” စသည်ဖြင့်ခေါ်ဆိုလေ့ရှိပေမယ့် အခရာကျတဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ တကယ့်အာဏာဟာ တဦးတည်းလက်ထဲမှာသာရှိပါတယ်။
နောက်ပြီး စစ်အုပ်စုမှာ နံပတ်တစ်ကလွဲရင် ကျန်တာတွေ နံပတ်စဉ်ထိုးထားလေ့မရှိပါဘူး။ ဒါက နံပတ်ဝမ်းရဲ့အစီအစဉ်ဖြစ်ပါတယ်။ နံပတ်နှစ်ဆိုတာ ပြင်ပအကဲခတ်များက သတ်မှတ်တာပဲဖြစ်ပါတယ်။ သူတို့ချင်း အသိအမှတ်မပြုပါဘူး။ နံပတ်တစ်နားသွားရင် နံပတ်နှစ်လို့ထင်ထားသူတွေက ဆက်ခံသူဖြစ်လာလေ့သိတ်မရှိတာ တွေ့ရပါ်တယ်။ ကိုယ့်ကို နည်းနည်း ပခုံးယှဉ်လာမယ်၊ သူ့ကိုယ်သူ နံပတ်နှစ်ဖြစ်တယ် ဒါမှမဟုတ် နံပတ်ဝမ်းကြီးရဲ့သား ဖြစ်တယ်ဆိုတာမျိုး ပြောသံတွေကြားလာရပြီဆိုရင်တော့ အဲ့ဒီလူဟာ မကြာဘူး၊ ပြုတ်သွားတာပါပဲ။ ဗိုလ်အောင်ကြီး၊ ထောက်လှမ်းရေးမျက်မှန်တင်ဦး စတာတွေဟာ အထင်ရှားဆုံးသာဓကတွေပါပဲ။ တခါတလေမှာ ဒုတိယလို့အထင်ခံရသူဟာ လက်တွေ့အားဖြင့် နံပတ်ဝမ်းရဲ့ မီးဖိုချောက်ကက်ဘိနက်လောက်တောင် အာဏာမရှိတာတွေ့ရတတ်ပါတယ်။ ဒါဟာ ဗမာ့သမိုင်းမှာ ပထမဆုံးစစ်အုပ်စုလို့ခေါ်ရမယ့် ဗိုလ်နေဝင်းတို့ရဲ့ ဆိုရှယ်လစ်ပါတီအနွယ် စစ်အုပ်စုမှာကတည်းက လေးစားလိုက်နာ ခဲ့ကြတဲ့ ထုံးတမ်းစဉ်လာဖြစ်ပါတယ်။
စစ်အုပ်စုတွေဟာ အာဏာမရမီတုန်းက နိုင်ငံရေးစကား သိတ်ပြောလေ့မရှိပါဘူး။ သူတို့ကိုယ်သူတို့ နိုင်ငံရေးကို သိတ်စိတ်မဝင်စားလေဟန်၊ နိုင်ငံရေးသမားတွေကို မနှစ်မြို့လေဟန်တွေကိုတော့ ဖော်ပြလေ့ရှိပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးပြီဆိုရင်တော့ နိုင်ငံရေးစကားတွေ မပြောမဖြစ် ပြောရပါတော့တယ်။ ကိုယ် ဘာ့ကြောင့်အာဏာသိမ်းတယ်၊ ဘာ့ကြောင့် အာဏာကိုဆက်ထိန်းတယ် စသည်ဖြင့် နိုင်ငံရေးအကြောင်းတွေ ပြရပါတယ်။ အာဏာကို ရာသက်ပန်မစွန့်လွှတ်တော့ဘူးလို့ ဆုံးဖြတ်ထားသူများကလည်း ဘာ့ကြောင့် လုပ်ရတယ်ဆိုတာကို အကြောင်းပြရပါတယ်။ သူတို့အဖို့ တခုခုပြောစရာရှိဖို့ပဲ အရေးကြီးပါတယ်။ ဗမာပြည်သမိုင်းမှာ အာဏာသိမ်းမှု ၃ ခါ လုပ်ခဲ့တာမှာ သုံးခါစလုံး တိုင်းပြည်ကို လက်မတင်လေး ကယ်တင်လိုက်တယ်လို့ပြောတာတွေ တူနေတာဟာ မှတ်လောက်သားလောက် ဖြစ်ပါတယ်။ ဗိုလ်နေဝင်းက အာဏာကိုလက်မလွှတ်တော့ဘူးဆုံးဖြတ်တော့ မဆလလမ်းစဉ်ဆိုတာကို ကြေညာရုံမက အညမညသဘောတရား ဆိုတာကိုတောင် ဖော်ထုတ်လိုက်ပါသေးတယ်။ ဗိုလ်သန်းရွှေတို့ကတော့ လမ်းပြမြေပုံဆိုတာနဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီဆိုတာကို တင်ပါတယ်။
သူတို့လေတွေ ဘယ်လိုပဲ ကွဲပြားပစေ၊ စစ်အုပ်စုတိုင်းမှာ တူညီတဲ့အချက်တချက်ရှိနေပါတယ်။ အဲ့ဒါကတော့ အဲ့ဒီအစုရဲ့ကိုယ်ကျိုးစီးပွားကို ဗဟိုပြုတာနဲ့ အဲ့ဒီအတွက်အရေးအကြီးဆုံးဖြစ်တဲ့ အာဏာကိုလက်မလွှတ်တာပါပဲ။ သူတို့ရဲ့ သေနင်္ဂဗျူဟာမြောက်ခြေလှမ်းတိုင်း ဥပမာ- လမ်းပြမြေပုံ ၇ ချက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ စတာတွေ-ဟာ အဲ့ဒီအာဏာကို ထိန်းသိမ်းကာကွယ်ရေးသာဖြစ်ပါတယ်။ ဒီနေရာမှာ အသေအချာ ထောက်ပြဖို့လိုတာက စစ်အာဏာရှင်စနစ်ဆိုတာ စစ်တပ်ကောင်းစားရေးမဟုတ်ပဲ စစ်တပ်ထဲက ထိပ်ဆုံးအစုလေးတစုဖြစ်တဲ့ စစ်အုပ်စုကောင်းစားရေးသက်သက်သာ ဖြစ်ပါတယ်။ တချို့နိုင်ငံရေးသမားတွေကသာ အာဏာကိစ္စကို သတိမထားမိပဲရှိကောင်းရှိပေမယ့် သူတို့ကတော့ နည်းနည်းမှ မျက်စေ့မလည် နားမယောင်ပါဘူး။
နောက် ထောက်ပြသင့်တယ်ထင်တဲ့အချက် တချက်ကတော့ စစ်အုပ်စုအတွင်း ထိပ်သီးအပြောင်းအလဲတွေပါပဲ။ စစ်အုပ်စုထိပ်သီးတိုင်းလိုလိုပဲ သေတပန်သက်ဆုံး ထိပ်သီးလုပ်သွားချင်တာပါ။ သူတို့အတွင်း ရှောရှောရှူရှူ အာဏာလွှဲပေးတယ်ဆိုတာ အင်မတန်မှရှားပါတယ်။ အားလုံး မတတ်သာလို့ချည်းသာ ဖြစ်ပါတယ်။ နံမည်ကြီးလှတဲ့ ကမ္ဘာကျော်စစ်အာဏာရှင်ကြီးတွေဖြစ်တဲ့ ချီလီက ပင်နိုရှေး၊ စပိန်က ဖရန်ကို စသူတွေကိုကြည့်ပါ။ သေမှ နန်းစွန့်သူတွေချည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားက ဆူဟာတိုနဲ့ ဗမာပြည်ကဗိုလ်နေဝင်းတို့ကတော့ ပြည်သူလူထု တိုက်ပွဲကြောင့် နှုတ်ထွက်ပေးရတာဇြစ်ပါတယ်။ ဆူဟာတိုဟာ ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် သူ့ကို အသုံးမလိုတော့တဲ့အချိန်မှာ အမေရိကန်စီးပွားရေးအပေါ် အများကြီးမှီခိုနေရတဲ့အလျှောက် အမေရိကန်ကအချက်ပြလိုက်တာနဲ့ တပြိုင်နက် နှုတ်ထွက်သွားတာပါ။ အသာတကြည်နှုတ်ထွက်တယ်ဆိုတာ အင်မတန်မှရှားပါတယ်။ သူတို့အနေနဲ့ ဒီလို ရာသက်ပန်အာဏာလက်မလွှတ်နိုင်တာရဲ့ အဓိကအကြောင်းရင်းတွေထဲမှာ တခုကတော့ ကျန်စစ်ဗိုလ်တွေ ဗိုလ်ချုပ်တွေကို မယုံတာပါပဲ။ ဗမာပြည်က ဦးနေဝင်းတို့ရဲ့ နောက်ဆုံးနေ့များ သာဓကတွေရှိတဲ့နိုင်ငံမှာဆိုရင် အာဏာရှင်တွေအဖို့ ပိုလို့တောင် အသေမဖြောင့်စရာရှိပါတယ်။
၂၀၀၈ ခုနှစ် ဩဂုတ်လထုတ် ပြည်သူ့အာဏာဂျာနယ် အမှတ် ၃၀ “စစ်အုပ်စု သံသရာ” ဆောင်းပါးမှ

0 comments:

Post a Comment