Sunday, May 24, 2020

တရုတ်ပြည်မှာ ဘယ်လိုအစိုးရ အုပ်ချုပ်နေသလဲ

0 comments
တရုတ်ပြည်မှာ ဘယ်လိုအစိုးရ အုပ်ချုပ်နေသလဲ
အမေရိကန်အပါအဝင် အနောက်နိုင်ငံများ အနေဖြင့် နောင်လာမည့် နှစ်များအတွင်း တရုတ်ပြည်နှင့် မည်သို့ဆက်ဆံရမည်ကို သဘောပေါက်လိုပါက တရုတ်လူ့အဖွဲ့အစည်း မည်သို့မည်ပုံဆိုသည်ကို နားလည်ထားရန်လိုသည်။ ထိုနားလည်မှုကို တရုတ်သမိုင်းကြောင်းနှင့် မဝေးသေးသော အတိတ်ကာလအတွင်း ၎င်း၏ပြုမူချက်များမှတဆင့် ရယူရန် လိုပါသည်။
ဤသို့ဆွေးနွေးရာတွင် ကျနော်တို့ အနေဖြင့် အမေရိကန်-တရုတ် ဆက်ဆံရေး ယခုတလော ယိုယွင်းလာခြင်းမှ ထွက်လာသည့် ဆူညံသံများနှင့် ရောထွေးမစဥ်းစားမိရန် လိုပါသည်။ COVID-19 ပြဿနာ၌ မိမိကိုယ်တိုင်၏ ညံ့ဖျင်းစွာကိုင်တွယ်မှုရလဒ်ကို အာရုံပြောင်းစေရန် ထရမ့်အစိုးရသည် မလိုအပ်သော လှုံ့ဆော်မှုများဖြင့် တရုတ်ကို ဦးတည်ထိုးနှက်မှုများ ပြုလုပ်လာသည်။ ဥပမာ ကိုဗစ်ရောဂါပိုးကို “ဝူဟန်ဗိုင်းရပ်စ်” ဟု ခေါ်ခြင်းမျိုး ဖြစ်သည်။ ထိုအပြုအမူသည် လေးနက်သော ပေါ်လစီချဥ်းကပ်မှုမျိုး မဟုတ်ပါ။ ပကတိအနေအထားမှ ရပ်တည်ကာ ဒေါသကင်းစင်သော ဆန်းစစ်ချက်တခုဖြင့် ကျနော်တို့ အစားထိုးချဥ်းကပ်ရန် လိုပါသည်။
တရုတ်ပြည်သည် ကမ္ဘာ့ပေါ်မှ အရှည်ဆုံး သမိုင်းကြောင်းရှိခဲ့သည့် လူ့အဖွဲ့အစည်းများအနက်မှ တခုအပါအဝင်ဖြစ်သည်။ သမိုင်းဆလျှောက် အုပ်စိုးခဲ့သည့် အမျိုးမျိုးသော မင်းဆက်များနှင့် ယနေ့အုပ်ချုပ်သူများအကြား အသွယ်သွယ်သော ဆက်စပ်မှုများ ရှိနေသည်။ အနောက်တိုင်း လေ့လာသူများ အကျွမ်းဝင်သည်မှာ ၂၀ ရာစုမတိုင်မီ တရုတ်သမိုင်း - ကျင်းမင်းဆက် နှောင်းပိုင်း ယိုယွင်းနေခဲ့သည့် အုပ်ချုပ်ရေးကာလ - အထိသာ ဖြစ်သည်။
တရုတ်သည် ကမ္ဘာပေါ်၌ ခေတ်မီ နိုင်ငံတော် အုပ်ချုပ်ရေးကို တည်ဆောက်ခဲ့သည့် ပထမဆုံးသော ယဥ်ကျေးမှုလူ့အဖွဲ့အစည်း ဖြစ်သည်။ ခေတ်မီသည်ဟု ဆိုရာဝယ် နိုင်ငံသားများအား ကျောသားရင်သား မခွဲခြားဘဲ အုပ်ချုပ်သည့် နိုင်ငံတော်မျိုးကို ရည်ညွှန်းသည်။ မက်စ်ဝက်ဘာ၏ စကားအရဆိုလျှင် အစောပိုင်း နိုင်ငံတော် အများစုမှာ “သားစဥ်မြေးဆက်” အုပ်ချုပ်မှုများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ နိုင်ငံတော်အစိုးရသည် အုပ်စိုးသူ ဘုရင်၏ အိမ်တ်ေပါ မိသားစုမှ ကြီးထွားလာခြင်းဖြစ်ပြီး ဘုရင်နှင့် သူ၏ အဆွေအမျိုးများ ရောင်းရင်းများအကြား ဆက်ဆံရေးမှ အခြေပြု ဖြစ်ထွန်းသည်။ ၎င်းနှင့် ကွဲပြားသည့် “ကျောသားရင်သား မခွဲခြားသော နိုင်ငံတော်” ဆိုသည်မှာ ဗဟိုအုပ်ချုပ်ရေး၊ ဗျူရိုကရေစီယန္တရား စသည်တို့ဖြင့် တည်ဆောက်ထားပြီး ဘုရင်၏ တချက်လွှတ်အမိန့်အစား စည်းမျဥ်းစည်းကမ်းများဖြင့် လည်ပတ်သည်။
ခေတ်မီနိုင်ငံတော်သည် အနောက်ပိုင်း ချင်မင်းဆက်တွင် ပထမဆုံး ပေါ်ပေါက်လာခဲ့သည်။ ပရပ်ရှား သိမ်းသွင်းမှုကဲ့သို့သော တရုတ်ပြည်မှ အဖြစ်အပျက်ကို စစ်ဖြစ်နေသော နိုင်ငံတော်များကာလ ရန်သူများကို အနိုင်ယူပြီး ညီညွတ်သော တရုတ်မင်းဆက်အဖြစ် ပထမဆုံးတည်ဆောက်နိုင်ခဲ့သည့် ၂၂၁ ဘီစီ ၌ စတင်သည်။ ချင်မင်းဆက်သည် တညီတညွတ်တည်းသော အလေးချိန်တွယ်နှင့် အတိုင်းအတာများ၊ အခွန်စည်းကြပ်သည့် စနစ်၊ ယင်းကိုကြပ်မတ်သည့် ဗျူရိုကရေစီစနစ်အပြင် ဧရာမ လူမှုစရိုက်ပြုပြင်ရေး ပရောဂျက် စသည်တို့ကို ဖန်တည်းခဲ့သည်။ ချင်ကို ဆက်ခံသည့် အစောပိုင်း ဟန်မင်းဆက်၌ ခိုင်မာသော ကွန်ဖြူးရှပ်အဆုံးအမများကို ထပ်ပေါင်းခဲ့။ ပညာတတ် အရာထမ်းများဖြင့် အုပ်ချုပ်ရမည်ဆိုသည့် သဘောတရားကို ထိုအချိန်က ကမ္ဘာ့အကြီးဆုံး အင်ပါယာအတွင်း မြှင့်တင်ခဲ့သည်။ သို့ရာတွင် တောင့်တင်းလှသော တရုတ်နိုင်ငံတော်၌ တရားဥပဒေအရ အုပ်ချုပ်ခြင်း၊ ဒီမိုကရေစီအရ တာဝန်ခံခြင်း အစရှိသည့် အပြန်အလှန် ထိန်းကျောင်းမှုကို အားပေးသည့် အင်စတီကျူးရှင်းများ လုံးဝဖြစ်ထွန်းလာခြင်း မရှိခဲ့ဘဲ အုပ်ချုပ်သူများအား ပညာ‌ရေးမှတဆင့် ထိန်းကျောင်းမှုမျိုးဖြင့်သာ မှိခိုလည်ပတ်ခဲ့ရသည်။
ထိုအခြေခံ အဆောက်အအုံများက တရုတ်အစိုးရပုံစံကို နောက်ထပ်ထောင်စုနှစ် ၂ ခုအထိ ဆက်လက်ပုံဖော် လာခဲ့ကြသည်။ တရုတ်အစိုးရ ဆိုသည်နှင့် ဗဟိုဦးစီး၊ ဗျုရိုကရေစီ၊ အရည်အချင်းအခြေခံ များကို ဆိုလိုသည်။ ဒေသန္တရအုပ်ချုပ်သူများ အနေဖြင့် ထိပ်ပိုင်းအလွှာ လူတန်းစားကို ၎င်းတို့ကိုယ်ပိုင်အဖြစ် တည်ဆောက်ခွင့်မရှိ။ ဥရောပ ပဒေသရာဇ်ခေတ်မှာကဲ့သို့ (သားသမီးက နယ်စားပယ်စား ရာထူး စသည်ကို ဖခင်ထံမှ အမွေဆက်ခံယူနိုင်သည့်) သူကောင်းမျိုးရိုး တရုတ်မှာ မထွန်းကားခဲ့။ စီရင်စုများ၊ ပြည်နယ်များ၊ မြို့များ၏ အုပ်ချုပ်သူများကို တရုတ်ဧကရာဇ်က ခန့်အပ်ပြီး အလှည့်ကြ ရွှေ့ပြောင်းတာဝန်ထမ်းစေခြင်းဖြင့် (၎င်းတို့အပေါ်) ဒေသခံ အထက်တန်းလွှာ၏ သိမ်းသွင်းနိုင်မှုကို ကာကွယ်ထားခဲ့သည်။ ယနေ့ခေတ် ရှန်ဟိုင်းမှ ဆန်ဖရန်စစ္စကိုထိ တရုတ်သားသမီးများကို ပြင်းထန်တင်းကြပ်လှသည့် စည်းကမ်းဖြင့် အုပ်ထိန်းကြသည့် “ကျားမိခင်” တို့၏ ဓလေ့သည် အစိုးရဝန်ထမ်းစာမေးပွဲ၌ အမှတ်ကောင်းရမှ လူမှုအဆင့် တိုးတက်လာမည်ကို ယုံကြည်သည့် ရှေးယဥ်ကျေးမှုမှ ထင်ဟပ်လာသော ခပ်သဲ့သဲ့ ပဲ့တင်သံ တခုဖြစ်၏။
ထိုသို့သော အထက်-အောက် တလမ်းသွား စီမံခန့်ခွဲမှု ပုံစံက အချို့သော အုပ်ချုပ်ရေး ဒွိဟများကို ဖြစ်စေသည်။ ဧကရာဇ်က ပညာတတ် ဗျူရိုကရက်များဖြင့် တိုင်းပြည်အုပ်ချုပ်သည်။ သို့သော် အလွယ်တကူ အကျင့်ပျက်သွားနိုင်သည့် ထိုဗျူရိုကရက်များကို မည်သူက ထိန်းချုပ်မည်နည်း။ ထိုအကြောင်းပြချက်ဖြင့် ဧကရာဇ်သည် ၎င်း၏ အိမ်တော်ပါလူပျိုတော်များကို ဗျူရိုကရက်များအား တန်ပြန်စောင့်ကြည့်ရာ၌ အသုံးပြုသည်။ တဖန် ဘုရင့်လူပျိုတော်များကို မည်သူက ထိန်းချုပ်သနည်း။ မင် မင်းဆက် ကာလ၌ လူပျိုတော်များကို ကြပ်မတ်ရန် ‘လူပျိုတော်ပြုပြင်ရေးဗျူရို’ ကို ဖန်တီးခဲ့သည်။ ယနေ့ တရုတ်ကွန်မြူနစ်ပါတီက အစိုးရကို စောင့်ကြည့်သည်။ ပါတီ၏ အုပ်ချုပ်ရေးဌာနက ပါတီကို စောင့်ကြည့်သည်။ တဖန် ရှီကျင့်ဖျင်ကို တိုက်ရိုက် အစီရင်ခံသည့် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်က ပါတီ အုပ်ချုပ်ရေးဌာနကို စောင့်ကြည့်သည်။ ဤနည်းဖြင့် စနစ်တခုလုံးအတွင်းမှ အကျင့်ပျက်ချစားမှုကို ဖယ်ရှားသည်။
တရုတ်ဧကရာဇ်များ အနေဖြင့် အကြွင်းမဲ့အာဏာ ပိုင်ဆိုင်သော်လည်း လက်တွေ့၌ အကန့်အသတ်များစွာရှိသည်။ ခရစ်တော်မွေးဖွားသည့် ခုနှစ်များနှင့် ခေတ်ပြိုင်ကာလတွင် ကျယ်ပြောလှသည့် တရုတ်အင်ပါယာအတွင်း သန်း ၆၀ ခန့်မျှသော လူဦးရေကို ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်ရန် အခြေအနေပေးသည့်တိုင် အပြည့်အဝ ထိန်းချုပ်ရန်မှာမူ မဖြစ်နိုင်ချေ။ မင်းနေပြည်တော် ရုံးစိုက်ရာ ချန်အန် သို့မဟုတ် လောင်ယန် မှ ခရီးရက်သတ္တပတ်တာ ဝေးကွာလှသည့် ပြည်နယ်များ စီရင်စုများအထိ အာဏာကို အဆင့်ဆင့် လွှဲအပ်ရသည်။ သို့ဖြစ်ရာ ဝေးလံခေါင်ဖျား ဒေသန္တရ အဆင့်၌ နိုင်ငံတော် အုပ်ချုပ်ရေးပုံစံထက် ထိုခေတ်တရုတ် လူ့အဖွဲ့အစည်း၏ ကလန်အဆင့်ဆင့်တို့ လက်ထဲတွင်သာ အများအားဖြင့် ရှိခဲ့သည်။
ယနေ့ တရုတ်ကွန်မြူနစ်ပါတီနှင့် ပဒေသရာဇ်မင်းဆက်များအကြား ထိုသို့သော ဆင်တူစီးဆင်းမှုများ ရှိသော်လည်း အရေးကြီးသည့် ခြားနားချက်များလည်း ရှိ၏။ ယင်းတို့အနက် အရေးပါဆုံးသော အချက်တခုမှာ ရှီ၏ CCP (Chinese Communist Party) အနေဖြင့် လူ့သမိုင်းတလျှောက် မည်သည့်အခါကမျှ မရရှိခဲ့ဖူးသော အလုံးစုံ ထိန်းချုပ်နိုင်မှုကို တရုတ်လူ့အဖွဲ့အစည်းအပေါ်၌ ရရှိထားခြင်း ဖြစ်သည်။ ဤနေရာ၌ အစောပိုင်း တရုတ်သမိုင်းကြောင်းပုံစံမှ ကူးယူခြင်းထက် စတာလင်၏ ဆိုဗီယက်ယူနီယံပုံစံမှ ငှားရမ်းသုံစွဲခြင်းက ပိုများသည်ဟု ဆိုနိုင်သည်။
၂၀ ရာစု အလယ်က ကားလ်ဖရက်ဒရစ် နှင့် ဇဘစ်ညက်ဘရက်ဇင်စကီ (Carl Friedrich and Zbigniew Brzezinski) တို့က ဆိုဗီယက်နှင့် နာဇီ အစိုးရများအား အခြားသော မည်ကာမတ္တ အာဏာပိုင်သူ အာဏာရှင်များနှင့် ခွဲခြားသတ်မှတ်ရန် “အလုံးစုံထိန်းချုပ်သူ” (totalitarian) ဆိုသည့် စကားကို စတင်သုံးစွဲခဲ့ကြသည်။ ထို အလုံးစုံထိန်းချုပ်သူ အစိုးရများအား စည်းကမ်းတကျရှိသည့် ပါတီတခုမှ ဦးဆောင်သည်။ ကျယ်ပြန့် အယူအဆတခုဖြင့် ဆွဲဆောင်မည်၊ ပုလိပ်အင်အားသုံး၌ ၎င်း၏ရည်ရွယ်ချက်ကို မညှာမတာ ပြဌာန်းမည်၊ နိုင်ငံသားတို့၏ နေ့စဥ်ဘဝ နက်နက်ရှိုင်းရှိုင်းအထိ ထိန်းချုပ်မည်။ ထိုအစိုးရမျိုးသည် နကိုရှိပြီးသား လူမှုချည်နှောင်ကြိုးများကို ဖြတ်တောက်ပြီး နိုင်ငံသားတို့အား နိုင်ငံတော်သို့ တိုက်ရိုက်ချည်နှောင်ရန် ရည်ရွယ်ချက်ထားသည်။ လူ့အဖွဲ့အစည်းကို အနုမြူဗုံးခွဲဖြိုခွင်းသည့် ထိုရလဒ်ကို ပါဗယ် မိုရိုဇော့ဖြစ်ရပ် ဖြင့် သင်္ကေတပြုကြသည်။ စတာလင်ကိုယ်တိုင်မှ ချီမွမ်းခဲ့သော မိုရိုဇော့သည် ၎င်း၏ မိဘများကို လျှို့ဝှက်ရဲတပ်ဖွဲ့လက်သို့ အပ်ခဲ့သူဖြစ်၏။ ဤသို့သော စက်ဝိုင်းပုံ ပါဝါစီးဆင်းမှု၌ ပါတီသည် လူထုအား ၎င်းတို့၏ (မွေးရာပါ) လူမှုချည်နှောင်ကြိုးကို မမှတ်မိတော့သည် အထိ ဦးနှောက်ဆေးကြော ကျုံးသွင်းမှုလုပ်သည်။
၂၀ ရာစု အလုံးစုံထိန်းချုပ်သူ ပုံစံမှာ နောက်ဆုံး၌ ကျဆုံးခဲ့ရသည်။ အကြောင်းရင်း များစွာရှိ၏။ ထိုအချိန်က ရှိခဲ့သော လူထုထိန်းချုပ်ရေး နည်းပညာများ - ဝါဒဖြန့်စာစောင်၊ ပညာပေး စခန်းများ၊ ဂူလက် Gulag ရဲဘက်စခန်းများ၊ စောင်ကြည့်မှုများ၊ သတင်းပေးများ စသဖြင့် - မှာ ဆီုဗီယက်ယူနီယံ၏ များပြားလှသော လူထုကြီးတရပ်လုံးကို သက်ရောက်ရန် မစွမ်းနိုင်ခဲ့ချေ။ စီးပွားရေးဖွံ့ဖြိုးရန်နှင့် တီထွင်ကြံဆမှုများကို အားပေးရန် တကိုယ်ရေ လွတ်လပ်မှု ဒီဂရီတခုထိ လိုသည်။ အလုံးစုံထိန်းချုပ်သူပုံစံ (ဆိုဗီယက်ယူနီယံ၌) ကျရှုံးသွားသည့်တိုင် နောက်ခံရည်မှန်းချက်မှာ သေဆုံးမသွားခဲ့။ ဆိုဗီယက်ကွန်မြူနစ်ပါတီမှ တရုတ်သို့ လက်ဆင့်ကမ်းပေးနိုင်ခဲ့သည်။
မော်စီတုန်းက အလုံးစုံထိန်းချုပ်သူ ပုံစံကို အလားတူကိရိယာများဖြင့် အသက်သွင်းရန် အားထုတ်ခဲ့ရာ ယဥ်ကျေးမှု တော်လှန်ရေး ကာလ၌ အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ မော်၏အတွေးအခေါ် ကို ကိုင်စွဲကြသော ရဲရဲတောက် တပ်နီလူငယ်များမှာ ဘာသာရေးဂိုဏ်းတခုနှယ် ဖြစ်လာပြီး လူ့အဖွဲ့အစည်းအတွင်းမှ အင်စတီကျူးရှင်းများအပေါ် အတင်းအကြပ် သက်ရောက်စေခဲ့သည်။ ဆီုဗီယက်တို့ကဲ့သို့ပင် ထိုအားထုတ်မှုသည် အဆုံးသတ်၌ ကျရှုံးခဲ့ရသည်။ ယဥ်ကျေးမှု တော်လှန်ရေး၏ ကုန်ကျစားရိတ်ကို တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်ပိုင်းအလွှာအထိ ပေးဆပ်ခဲ့ရသည်။ အရင်းရှင်လမ်းလိုက်သူ တိန့်ရှောင်ဖိန် တက်လာပြီး အလုံးစုံထိန်းချုပ်သူ နိုင်ငံတော်၏ အစိတ်အပိုင်းများကို ဖြိုချပြီး သူလိုကိုယ်လို သာမန် အာဏာရှင်အစိုးရ ပုံစံဖြင့် အစားထိုးခဲ့သည်။
၁၉၇၈ မှ ၂၀၁၂ ခုနှစ် အထိ ခုနှစ်များကို အလွမ်းပြေ လည်ပြန်‌စောင်းငဲ့ ကြည့်ကြပါစို့။ တော်လှန်ရေး ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တရုတ်ပြည်သူတို့ အတိုင်းအတာ တခုအထိ လွတ်လပ်မှုရရှိခဲ့ကြသည်။ လွတ်လပ်စွာ ရောင်းဝယ်ခွင့်၊ လှည်လည်သွားလာခွင့်၊ အမြင်ဖော်ထုတ်ခွင့်၊ နိုင်ငံရပ်ခြားသို့ သွားလာလည်ပတ်ခွင့် များ ရရှိလာခဲ့ရာ ပဒေသရာဇ်မင်းဆက်များကာလ တရုတ်ပြည်နှင့် ခေတ်သစ်ကာလအကြား အဆက်အစပ်ကို ပြန်လည်ဖော်ထုတ် နိုင်ခဲ့သည်။ တရုတ်ပညာရှင်များအနေဖြင့် ၎င်းတို့၏ အမျိုးသားနိုင်ငံတော် သမိုင်းကြောင်းကို လွတ်လွတ်လပ်လပ် ပြန်လည်ဖော်ထုတ်ခွင့် ရခဲ့ပြီး ကွန်မြူနစ်ဝါဒဟူသော တိုင်းတပါးဗိုင်းရပ်ကြောင့် ပျက်စီးခဲ့ရသည့် အစဥ်အလာများကို လေ့လာခွင့် ရခဲ့သည်။ ပါတီအနေဖြင့် စီးပွား‌ရေးနှင့် နိုင်ငံတော် အပေါ် ထိန်းချုပ်မှုများကို လျှော့ချပေးခဲ့ပြီး ပါတီကိုယ်တိုင်၏ လုပ်ရပ်များကို စုပေါင်းခေါင်းဆောင်မှု၊ မဖြစ်မနေ အငြိမ်းစားယူရမှု၊ ထိပ်တန်း ခေါင်းဆောင်များအတွက် ၁၀ နှစ်သက်တမ်း ကန့်သတ်ချက် စသည်တို့ဖြင့် ထိန်းကျောင်းလာခဲ့သည်။ အခြားသော အာဏာရှင်အစိုးရများနှင့် ခြားနားစွာပင် တရုတ်အစိုးရကို အင်စတီကျူးရှင်းများဖြင့် ခြေခြေမြစ်မြစ် တည်ဆောက်လာနိုင်ခဲ့သည်။
ရှီကျင့်ဖျင်အား CCP အထွေထွေအတွင်းရေးမှုးအဖြစ် (ရာသက်ပန်) ခန့်အပ်သည့် ၁၈ ကြိမ်မြောက် ပါတီကွန်ဂရက်မှ စတင်သည့် ဖြစ်ရပ်သည် မော်၏ ပုံစံ တစိတ်တပိုင်းကို ပြန်လည်အသက်သွင်းရန် အားထုတ်မှုဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင် ရှီ၏ မိသားစုမှာ ယဥ်ကျေးမှု တော်လှန်ရေးအတွင်းက တနယ်တကျေးသို့ အပို့ခံခဲ့ရဖူးသည်။ ထိုအိပ်မက်ဆိုး မက်ခဲ့ဖူးသည့် အခြားသော အထက်တန်းလွှာများနှင့် မတူခြားနားစွာပင် ရှီ သည် ထိုအတွေ့အကြုံကို လွမ်းဆွတ်စိတ်ဖြင့် သတိရကာ သူ့လက်ထက်၌ မော်၏ မိုဒယ်ကို ပြန်လည်တည်ဆောက်ရန် လုပ်ဆောင်လာခဲ့သည်။ ပါတီဦးဆောင်မှုကို တရုတ်နေ့စဥ်ဘဝ၏ မျက်နှာပြင်အားလုံး၌ ပြန်လည်ထည့်သွင်းခဲ့သည်။ မာ့က်စ်-လီနင်ဝါဒကို အခြေခံဥပဒေထဲတွင် “ရှီကျင့်ဖျင်အတွေးအခေါ်” အမည်တပ် ထည့်သွင်းခဲ့ပြီး ကျောင်းတိုင်း၌ ပြန်လည်သင်ကြားစေခဲ့သည်။ လုံခြုံရေး ပုလိပ်တို့၏ အာဏာကို မခန့်မှန်းနိုင်လောက်အောင် တိုးမြှင့်ပေးခဲ့သည်။ တရုတ်ပြည်အနောက်ပိုင်း၌ ဝီဂါလူမျိုး တသန်းကျော်ကို ပညာပေးစခန်းများ၌ ကျုံးသွင်းကာ ၎င်းတို့၏ သိစိတ်အတွင်းမှ အစ္စလာမ် အဆုံးအမများကို ဖျောက်ဖျက်ပြီး စိတ်သစ်လူသစ်ဖြစ်စေမည့် ပြန်လည်ထူထောင်ရေး အစီအစဥ်ကို အ‌ကောင်အထည်ဖော်သည်။ တပ်နီလူငယ်တို့၏ သီချင်းများကိုပင် ပြန်လည်ဆန်းသစ်မှုများ ပြုလုပ်လာခဲ့သည်။
အလုံးစုံထိန်းချုပ်သူတဦး၏ ရည်မှန်းချက်များ၌ တူညီသော်လည်း မော် နှင့် ရှီတို့အကြား ခြားနားချက် တချို့ရှိနေသည်။ “ရှီကျင့်ဖျင်၏ အတွေးအခေါ်များ” စာအုပ်မှာ မော်၏ “စာအုပ်နီလေး” ကို ဖျော့တော့တော့ အစားထိုးထားခြင်းဖြစ်သည်။ ရှီအနေဖြင့် တရုတ်အမျိုးသားရေး ဝါဒမှ လွဲ၍ (မော် ခေတ်ကကဲ့သို့) ၎င်း၏နောက်လိုက်နောက်ပါများကို အရူးအမူး ဖြစ်စေမည့် အချိတ်အဆက်မိမိ အတွေးအခေါ် တခုကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိသေးချေ။ အခြားတဖက်တွင် ရှီ၏လက်ထဲ၌ ၂၀ ရာစု အလုံးစုံထိန်းချုပ်သူများ စိတ်ကူးမယဥ်နိုင်သော နည်းပညာကိရိယာများ ရှိနေသည်။ AI ဉာဏ်ရည်တု၊ big data နှင့် အလိုက်သိ ဆင်ဆာများ pervasive sensors ၏ စုပေါင်းနည်းပညာဖြင့် တည်ဆောက်ထားသည့် “လူမှုအမှတ်ပေးစနစ်” သည် တရုတ်နိုင်ငံတော်အစိုးရ၏ လက်ထဲ၌ ပိုင်ပိုင်နိုင်နိုင် ရှိနေသည်။ စတာလင်၊ မော် တို့ခေတ်က ယနေ့ တရုတ်ပါတီကဲ့သို့ လူထု၏ နေ့စဥ်ဘဝ လှုပ်ရှားသွားလာမှုများ၊ စကားများ၊ အလွဲအပြောင်းများကို တိုက်ရိုက်ကြည့်ရှုနိုင်သည့် အခွင့်အရေး မရှိခဲ့ချေ။
အလုံးစုံထိန်းချုပ်သူ စနစ်ဟောင်းနှင့် ယနေ့ ရှီ အကြား တခြားကြီးကျယ်သော ခြားနားချက် တခုမှာ (တရုတ်လူထုအား) ပျားရည်နှင့် ဝမ်းချနိုင်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ခြင်းဖြစ်သည်။ ရှီအဖို့ ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေးကြီး လက်ထဲမှာ ရှိခြင်း၏ ဆုလာဘ်ကို ရထားသည်။ လမ်းစဥ်လိုက်နာသူများကို ဆုပေး ချီးမြှင့်နိုင်သည့် အခွင့်အရေး သူ့လက်ထဲမှာ ရှိနေသည်။ ရှီ၏ တရုတ်ပြည်သည် စိုးရိမ်ထိတ်လန့်နေသည့် လယ်သမားများအစား မလုပ်မရှုပ်ဟု ခံယူသည့် သက်တောင့်သက်သာ လူလတ်တန်းစားများအပေါ် ပိုမိုမှီခိုရသည်။ တရုတ်နိုင်ငံသား အားလုံးသို့ ပေးအပ်လာသည့် အပြစ်ကင်းစင် အခွင့်အလမ်းတိုင်း၏ နောက်ကွယ်တွင် နိုင်ငံတော်၏ လက်မည်းကြီး ရှိနေသည်။
မော်နှင့် ရှီအကြား အကြီးအကျယ် ခြားနားသည့် နောက်တချက်မှာ နိုင်ငံခြား ဆက်ဆံရေး ဖြစ်သည်။ ယဥ်ကျေးမှု တော်လှန်ရေး စတင်ချိန် ကာလက တရုတ်ပြည်မှာ ပြည်တွင်းရေးရာများဖြင့် အလုပ်ရှုပ်နေခဲ့ပြီး ပြင်ပကမ္ဘာကို ခြိမ်းခြောက်မှုမျိုး မလုပ်နိုင်ခဲ့။ ရှီအတွက်မှာ ခြားနားစွာပင် CCP ၏ ကြီးမားလှသည့် နိုင်ငံတကာ အာဂျင်ဒါကို သတ်မှတ်နိုင်ခဲ့သည်။ ရည်ရွယ်ချက်မှာ ကမ္ဘာ့စီးပွားရေး၏ ဗဟိုချက်ကို နဂါးပတ်လမ်း Belt and Road တည်ဆောက်ရေး အစပျိုးမှုဖြင့် ယူရှေးရှား ဒေသသို့ ရွှေ့ပြောင်းရန် အားထုတ်ခြင်း ဖြစ်သည်။ လက်ရှိ အမေရိကန် ပြည်ထောင်စုကို ဗဟိုပြုသည့် သမုဒ္ဒရာအသွယ်သွယ် လမ်းကြောင်းမှ ဝေးရာသို့ ရွှေ့ပြောင်းရန် အားထုတ်မှု ဖြစ်သည်။ ပထမဆုံး အနေဖြင့် တောင်တရုတ်ပင်လယ်မှ “အစက်ကိုးစက်မျဥ်း” အတွင်း အကျုံးဝင်သည့် ကျွန်းများပေါ်၌ စစ်ရေးတည်ဆောက်မှု ပြုလုပ်ခြင်း ပြုလုပ်လာသည်။ ရှီက တိုင်ဝမ်ကို ဆယ်စုနှစ် တခုအတွင်း ပြန်လည်ပေါင်းစည်းစေရန်နှင့် လိုအပ်ပါက အင်အားသုံးရန် ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြောလာသည်။ ထို့ပြင် ၂၀၁၂ ခုနှစ် မတိုင်မီကနှင့် ဆန့်ကျင်စွာပင် “တရုတ်မိုဒယ်” (အစိုးရပုံစံ) ကို တင်ပို့စရာ တခုအဖြစ် ရည်ညွှန်း လက်မထောင်လာြခင်းဖြစ်သည်။
အလုံးစုံထိန်းချုပ်သူပုံစံကို ဆိုဗီယက်ယူနီယံထံမှ တင်ပို့ခဲ့သည် ဆိုသော်လည်း တရုတ်သမိုင်းကြောင်း၌လည်း မကင်းရာမကင်းကြောင်း ရှိခဲ့ဖူးသည်။ ချင်မင်းဆက် အစိုးရသည် ရှေးဦး-အလုံးစုံထိန်းချုပ်သူ စနစ်ကို ဝန်ကြီးချုပ် ရှန်ယန် (Shang Yang) ၏ လမ်းညွှန်မှုအောက်၌ ကျင့်သုံးခဲ့ဖူးသည်။ ထိုလမ်းစဥ်ကို လှေနံဒါးထစ် ဖြတ်ထုံးများအပေါ် အကြီးအကျယ် မှီခိုသည့် စနစ် (လူသားသည် အခြေခံအားဖြင့် ဆိုးသွမ်းသူဖြစ်ပြီး ပြစ်ဒဏ်များဖြင့် ထိန်းချုပ်ထားရမည်ဟု ယူဆသည့် တရုတ်တွေးခေါ်ရှင် ဟန်ဖိုင် Han Fei ၏ ရေးသားချက်များဖြင့် ) ထောက်ပံထားခဲ့သည်။ ထိုအုပ်ချုပ်မှုပုံစံကို စည်းလုံးသော တရုတ်ပြည်၏ ပထမဆုံး ဧကရာဇ် ချင် ရှီဟွမ်တီ လက်ထက်၌ စတင်ပြဌာန်း ခဲ့သည်။ Terra Cotta စစ်သည်များဖြင့် စောင့်ရှောက်ထားသည့် ရှီဟွမ်တီ၏ အုတ်ဂူသည် ရှီအန် မြို့တွင် ရှိပြီး ယနေ့ တိုးရစ်အမြောက်အများ သွားကြသည့် နေရာဖြစ်သည်။ ရှန်ယန်၏ ပေါ်လစီများသည် (ဘီစီ ကိုးရာစု ကျိုးမင်းဆက် ကတည်းက ရှိခဲ့သည့်) မြေယာချထားရေးစနစ်ကို ပယ်ဖျက်လိုသည့် လူမှုပြုပြင်ရေး၏ အစဖြစ်ပြီး လယ်သမား ထောင်ပေါင်းများစွာကို နိုင်ငံတော်၏ ထိန်းချုပ်မှုလက်အောက်သို့ ရောက်လာစေရန် အားထုတ်ခဲ့သည်။ ချင် ဧကရာဇ်သည် ကွန်ဖြူးရှပ် အတွေးအခေါ်ကို လက်စတုံးရန် ရည်ရွယ်ချက်ဖြင့် ကျမ်းစာများကို မီးရှို့ခဲ့ပြီး ကွန်ဖြူးရှပ်ကျောင်းတော်သား ပညာရှိ လေးရာကျော်ကို အရှင်လတ်လတ် မြေမြုပ်ခဲ့သည်။ မော်စီတုန်းသည် ရှန်ယန်ကို လေးစားသူတဦးဖြစ်ခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ချေ။
ချင်မင်းဆက် အုပ်ချုပ်‌ရေးမှာ ရက်စက်ကြမ်းကြုပ်လှသည်ဖြစ်ရာ ၁၆ နှစ်သာ သက်ဆိုးရှည်ခဲ့၏။ ချင် ဧကရာဇ်မှ စစ်ပွဲရှုံးသူ ဗိုလ်ချုပ်အားလုံး သေဒဏ်ဟု အမိန့်ထုတ်ပြန်ခဲ့ရာ သေမထူး နေမထူး ဗိုလ်ချုပ်နှစ်ယောက်က ထိုအမိန့်ကို ဖီဆန်ခဲ့ကြသည်။ ချင် မင်းဆက်ကို ကြီးကျယ်မြင့်မြတ်မှုများဖြင့် ပြည့်နှက်နေသည့် (အပိုင်းနှစ်ပိုင်းဖြင့်) သက်တမ်းငါးရာတည်တံ့ခဲ့သော ဟန်မင်းဆက်ဖြင့် ဆက်ခံနိုင်ခဲ့သည်။ ဖြတ်ထုံးများအပေါ် မှီခိုသည့် စနစ်ကို ပြန်လည်ထွန်းသစ်လာသည့် ကွန်ဖြူးရှပ် အဆုံးအမများဖြင့် အစားထိုး နိုင်ခဲ့သည်။ ပညာရေးကို အားပေးပြီး မိသားစုများအပေါ် ပိုမိုလွတ်လပ်ခွင့်များ ပေးနိုင်ခဲ့သည်။
သို့ဖြစ်ရာ ရှီ၏ အလုံးစုံထိန်းချုပ်သူပုံစံသည် ရှေးဟောင်းနှင့် ခေတ်သစ် တရုတ်ပြည် အစိုးရ အုပ်ချုပ်ရေး နှစ်ခုစလုံး၌ နမူနာများ ရှိခဲ့ပြီးပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် ရှီသည် တယောက်တည်း မဟုတ်ဟု သတိချပ်ရန် အရေးကြီးသည်။ ကွန်မြူနစ် တရုတ်ပြည် မတိုင်မီ မင်းဆက်အများစုတို့မှာ ရှန်ယန်၊ မော်၊ ရှီ တို့ကဲ့သို့သော အလုံးစုံ ထိန်းချုပ်မှုပုံစံနောက်သို့ မလိုက်ခဲ့ကြပါ။ ရှေးတရုတ်မင်းဆက် အစိုးရအများစုမှာ တိန့်ရှောင်ဖိန်၊ ကျန်ဇီမင်းတို့ လက်ထက်မှာ ကျင့်သုံးသော အာဏာရှင်ပုံစံနှင့် ဆင်တူကြသည်။ လှေနံဒါးထစ် ဖြတ်ထုံးများကို အလွန်အမင်း အားပြုသည့် စနစ်နှင့် ဆန့်ကျင်စွာ ကွန်ဖြူးရှပ် အယူအဆများက လူသားသည် အခြေခံအားဖြင့် ကောင်းစွာပြုမူလိုသူဟု သတ်မှတ်သည်။ လူကို ပညာရေးဖြင့် ပိုမိုတောက်ပအောင် ပျိုးထောင်နိုင်သည်ဟု ခံယူသည်။ လူ့အဖွဲ့အစည်းကို အမြဲတမ်းလိုက်ပါချောင်းမြောင်းနေသည့် နိုင်ငံတော်ကို ခစားရမည့် တသီးပုဂ္ဂလများအဖြစ် မခံယူဘဲ လူ့အဖွဲ့အစည်းအတွင်း အချင်းချင်း ဆက်ဆံရေး ပုံစံကွဲအမျိုးမျိုး၏ အ‌ရေးပါမှုကို အသိအမှတ်ပြုသည်။ နောက်ပိုင်း တရုတ်သမိုင်းပညာရှင်များစွာက ချင် မင်းဆက်ကို နမူနာယူရန်ထက် သင်ခန်းစာယူ ရှောင်တိမ်းရမည့် တရုတ်ထုံးတမ်း ပုံပျက်မှုတခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ သို့ဖြစ်ရာ မာ့က်စ်-လီနင် ဆိုဗီယက်အမွေအနှစ်များ ပေါင်းစပ်ထားသည့် ယနေ့ CCP ၏ အလုံးစုံ ထိန်းချုပ်နိုင်သူ အကောက်အယူများနှင့် အလေ့အကျင့်များသည် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာသည့် တရုတ်ထုံးတမ်းစဥ်လာများနှင့် တစောင်းစေးနှင့် မျက်ချေးသဖွယ်ဖြစ်ကြောင်း သိသာသည်။
သို့ဖြစ်ရာ ရှီ၏ တရုတ်ပြည်သည် မဖြစ်မနေ ရောက်လာရမည့် မူလတရုတ်သမိုင်းကြောင်း၏ အထွတ်အထိပ် မဟုတ်ချေ။ ၂၀၁၂ ခုနှစ်တွင် ပါတီခေါင်းဆောင်အဖြစ် ရှီကို တင်မြှောက်ခဲ့စဥ်က တရုတ်အထက်တန်းလွာ အများစုက တနေ့တခြား ဆိုးဝါးလာနေသော အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မည့်သူအဖြစ် သူ့အပေါ် မြှော်လင့်ချက် ထားခဲ့ကြသည်။ ထို့ပြင် ပိုမိုပွင့်လင်းလာသည့် တရုတ်ပြည်၌ (နိုင်ငံသားများ) ပြောရေးဆိုခွင့်၊ ဆက်သွယ်ခွင့်၊ တွေးခေါ်ခွင့်နှင့် အစိုးရကိုပင် ဝေဖန်ပိုင်ခွင့် ပိုမိုရှိလာရန် မျှော်လင့်ခဲ့ကြသည်။ သို့သော် ရှီက ထိုတာဝန်ကို အာဏာရှင်ဆန်ဆန် ထမ်း‌ဆောင်ပြခဲ့ပြီး မျှော်လင့်ချက်များ၏ ဆန့်ကျင်ဖက်သို့ ဦးတည်လာသည့်အပြင် နိုင်ငံတော်တခုလုံး၏ ကောင်းကျိုးချမ်းသာအထက်၌ တရုတ်ကွန်မြူနစ် ပါတီ၏ ရှင်သန်ရေးကို ရှေ့တန်းတင်လာသည့်အတွက် ခါးသီးစွာ စိတ်ပျက်ခဲ့ကြသည်။ တရုတ်ခေါင်းဆောင် နောက်တယောက်လည်း လမ်းမှားလိုက်ချေပြီ။ (ဘယ်ရောက်၍ ဘယ်ပေါက်ဦးမည်မသိ) လက်ရှိရလဒ်အတွက် ရာဇဝင်ဘီး တပတ်လည်စရာ နမူနာ မရှိသေး။
အလုံးစုံထိန်းချုပ်နိုင်သူ အစိုးရ၏ အန္တရာယ်များကို ကိုဗစ်ပြဿနာ အစောပိုင်း နေ့ရက်များကတည်းက လယ်ပြင်မှာ ဆင်သွားသလို တွေ့ခဲ့ရပြီး ဖြစ်သည်။ ဖြစ်လာနိုင်သည့် ကပ်ရောဂါဆိုးအကြောင်း ရိုးသားစွာ ဖွင့်ဟလိုသည့် ဒေါက်တာလီဝမ်လင်းမှာ ပြင်းထန်စွာ အရေးယူခံခဲ့ရရှာသည်။ သတင်းအချက်အလက်မှားများ ဆက်လက်စီးဆင်းနေမှုမှာ ယနေ့အထိဖြစ်ကြောင်း ကျနော်တို့ သိထားကြသည်။ CCP ၏ အလုံးစုံထိန်းချုပ်နိုင်သူပုံစံ ချဥ်းကပ်မှုကို အခြားတိုင်းပြည်များအတွက် ဗိုင်းရပ်တိုက်ဖျက်ရေး နမူနာအဖြစ် စံပြယူပါက မှားယွင်းပါသည်။ ပတ်ဝန်းကျင်မှ တိုင်ဝမ်နှင့် တောင်ကိုရီးယား လစ်ဘရယ် ဒီမိုကရေစီများတွင် တရုတ်မှာကဲ့သို့ တဆုံးတဆ ကန့်သတ်မှုများ လုပ်စရာမလိုဘဲ ပိုမိုကောင်းမွန်သော ရလဒ်များကို ရယူနိုင်ခဲ့ကြသည်။ သို့‌သော် လက်ရှိ အကြီးဆုံး အန္တရာယ်တခုမှာ (ကိုဗစ်ထိန်းချုပ်ရေး၌) နိုင်ငံတော်၏ သန်စွမ်းသော ဆောင်ရွက်နိုင်မှုနှင့် နည်းပညာစွမ်းရည်ကို စံပြုရာတွင် ကမ္ဘာ့သည် အရှေ့အာရှတခုလုံးအထိ ဖြန့်ကျက်မကြည့်ဘဲ ရှီ၏ အလုံးစုံထိန်းချုပ်နိုင်သူပုံစံကိုသာ အနာဂတ် ပြဿနာများ ကိုင်တွယ်‌ရေးအတွက် နမူနာအဖြစ် ရှုမြင်နေကြခြင်းဖြစ်သည်။
အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်တိုင်း ဒီမိုကရေစီများအနေဖြင့် ရှီ၏ တရုတ်ပြည်ကို မည်သို့ ကိုင်တွယ်ကြမည်နည်း။ တာထွက်ပွိုင့် အနေဖြင့် ကျနော်တို့သည် ၂၀ ရာစုအလယ်ပိုင်းက အရှိန်တက်ခဲ့သည့် ဆိုဗီယက်ယူနီယံ ကဲ့သို့သော အားကျစရာ အလုံးစုံထိန်းချုပ်နိုင်သူ တိုင်းပြည်တခုနှင့် ရင်ဆိုင်နေရသည့်အဖြစ်ကို အသိအမှတ်ပြုရန် လိုပါသည်။ ပုံမှန် အာဏာရှင် အရင်းရှင်အစိုးရတရပ်နှင့် ရင်ဆိုင်နေရခြင်း မဟုတ်ပါ။ တရုတ်ပြည်၌ ပုဂ္ဂလိကစီးပွားရေးနယ်ပယ်စစ်စစ်ဟူ၍ မရှိပါ။ တစိတ်တပိုင်း ပိုင်ဆိုင်မှု အခွင့်အရေးများ၊ ရည်ရွယ်ချက် ကြီးမားကြသည့် စွန့်ဦးတီထွင်သူများ ရှိနေသော်လည်း Tencent နှင့် Alibaba ကဲ့သို့သော ပုဂ္ဂလိက ကုမ္ပဏီ မည်သည်ကိုမဆို တရုတ်အစိုးရမှ အချိန်မရွေး ၀င်ရောက်ထိန်းချုပ်နိုင်သည်။ ထရမ့်အစိုးရ၏ Huawei ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ကရော်ချော်မယ်နိုင်ပြီး ကိုယ့်ရှုးကိုယ်ပတ်မည့်ကိန်း ဆိုက်နေသော်လည်း ရည်ရွယ်ချက်မှာ အခြေခံအားဖြင့် မှန်ကန်သည်။ လစ်ဘရယ်ဒီမိုကရေစီ မည်သည့်နိုင်ငံမဆို တရုတ်နိုင်ငံတော် အစိုးရမှ အချိန်မရွေး ထိန်းချုပ်နိုင်သည့် ကုမ္ပဏီတခုအား အခြေခံ သတင်းအချက်အလက် အဆောက်အအုံများ တည်ဆောက်ခွင့် ပေးခြင်းလောက် ရူးသွပ်မှုမျိုး ရှိမည်မထင်။
ကျယ်ကျယ်ပြန့်ပြန့် ချဥ်းကပ်ရာတွင် အမေရိကန်နှင့် အခြားသော လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံများ အနေဖြင့် တရုတ်နှင့် စီးပွားရေး ဖြတ်တောက်မှုကို အဆင့်ဆင့် လုပ်ဆောင်သွားသင့်သည်။ ဥရောပနှင့် မြောက်အမေရိကသည် အန္တရာယ်ကြီးစွာပင် ယုံကြည်၍မရသော ပါဝါနိုင်ငံတခု၏ ကုန်ထုပ်လုပ်ရေး အစွမ်းအစအပေါ်၌ မည်မျှ မှီခိုလာရသည်ကို ကပ်ရောဂါက သက်သေပြနေသည်။ ယနေ့ကမ္ဘာ၌ ထောက်ပို့လမ်းကြောင်း စခန်းများ တည်ထောင်ရန် နေရာများစွာ ရှိနေသေးသည်။ ထိုလုပ်ငန်းများအတွက် စွမ်းဆောင်ရည် နောက်ဆုံးတစက် ကျန်သည်အထိ ညှစ်ထုတ်ရာတွင် ရေစိမ်ခံမှု၊ အဝင်လမ်းကြောင်း အသွယ်သွယ်ရှိမှု၊ လုပ်ရည်ကိုင်ရည်ကို အသိအမှတ်ပြုလေးစားမှု စသဖြင့်တို့ကို အခြေခံ ဆုံးဖြတ်ပါက ဒီမိုကရေစီ တန်ဖိုးများကို ဝေမျှခံစားနိုင်သည့် တိုင်းပြည်များ၌သာ တည်ထောင်ခြင်းက ပိုကောင်းပေလိမ့်မည်။ အနောက်တိုင်း ဆက်သွယ်ရေးလုပ်ငန်းများ အနေဖြင့် 5G ကွန်ယက်များကို အစမှအဆုံး ပံ့ပိုးနိုင်စွမ်း မရှိသည်အထိ ဖြစ်ရခြင်းမျိုးမှာ လုံးဝမဖြစ်သင့်ချေ။
နိုင်ငံခြားရေး မူဝါဒ၌ အမေရိကသည် ဂျပန်နှင့် တောင်ကိုရီးယားတို့၏ လုံခြုံရေးအတွက် ထောက်ပံ့ရန် ဥပဒေကြောင်းအရ တာဝန်ရှိသည်။ တိုင်ဝမ်နှင့် စင်ကာပူကဲ့သို့သော တိုင်းပြည်များကိုလည်း လုံခြုံရေး အာမခံချက်ပေးရန် အရိပ်အမြွက် ကတိစကားများ ရှိခဲ့ဖူးသည်။ ထို့ပြင် နိုင်ငံတကာ စံဖြစ်သော ရေကြောင်းသွားလာရေး လွတ်လပ်ခွင့်ကို ကာကွယ်လိုသည်။ သို့ရာတွင် အရှေ့အာရှ ပင်လယ်များအတွင်းမှ “ပထမကျွန်းစုများဆက်ကွင်း” တွင် စစ်ရေးချိန်ခွင်လျှာမှာ လျှင်မြန်စွာ ပြောင်းလဲနေသည်။ တရုတ်တို့၏ စစ်ရေးစွမ်းဆောင်ရည်များမှာ ဖြေးဖြေးနှင့်မှန်မှန် တိုးတက်လာနေပြီး အမေရိကန်တို့၏ ကတိကဝတ်များကို ပြည့်မှီအောင် ဆောင်ရွက်နိုင်ခြေမှာ မှန်မှန်ကြီး မှေးမှိန်လာနေသည်။ ထိုအဟကို ပြတ်ပြတ်သားသား ရင်ဆိုင်ရန် လိုအပ်၏။ လိုအပ်သော လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ခြင်း သို့မဟုတ် ရည်ရွယ်ချက်များကို လျှော့ချရန် နည်းလမ်း ရှာဖွေသင့်သည်။
ကံမကောင်း အကြောင်းမလှစွာပင် CCP ၏ အလုံးစုံထိန်းချုပ်ရေး ရည်မှန်းချက်များ ကမ္ဘာတဝန်းမှ လစ်ဘရယ်ဒီမိုကရေစီများသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ ထောင်ပေါင်းများစွာသော တရုတ်နိုင်ငံသားများ နိုင်ငံရပ်ခြား၌ ပညာရှာ၊ ဥစ္စာရှာ၊ နေထိုင်ကြသည်။ အကြောင်းရင်မှာ ပိုမိုကောင်းမွန်သော ဘဝကို တည်ဆောက်လိုသောကြောင့်ဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များသည် ၎င်းတို့၏ မိခင်တိုင်းပြည်ထက် ပိုမိုကောင်းမွန်သော အခွင့်အရေးများ ကမ်းလှမ်းနိုင်ကြောင်း တွေ့နိုင်သောကြောင့်ဖြစ်သည်။ သို့ရာတွင် CCP သည် ၎င်း၏ ညီညွတ်သောတပ်ဦး ဌာနမှတဆင့် အဝေးရောက် နိုင်ငံသားများကို တရုတ်ပြည်အပေါ် သစ္စာစောင့်သိရန် ဖိအားပေးရင်း တရုတ်နိုင်ငံခြားရေး မူဝါဒကို အခွင့်သာလျှင် သာသလို မြှင့်တင်သည်။ ချွန်မြသောပါဝါ ဟု သမုတ်လာကြသည့် ထိုအပြုအမူသည် အနောက်တိုင်းတက္ကသိုလ်ပရဝုဏ်များစွာတို့တွင် လွတ်လပ်စွာ ပညာရှာခွင့်ကို ခြိမ်းခြောက်လာပြီ ဖြစ်သည်။ ထိုတက္ကသိုလ်များတွင် တရုတ်ကျောင်းသားအုပ်စုများ အခြားအဖွဲ့အစည်းများ၏ ဖိအားကို သိသိသာသာ ခံစားလာရပြီ ဖြစ်သည်။ နောက်ဆက်တွဲအဖြစ် ဒေသခံ တရုတ်နွယ်ဖွားများအပေါ် မတရားသော သံသယမျက်လုံးဖြင့် ကြည့်ရှုမှုများ ဖြစ်ပေါ်စေပြီး အရှက်ရစေမှုများ နှစ်ဖက်သစ္စာခံအဖြစ် မတရားစွပ်စွဲမှုများကို ဖြစ်စေသည်။
သို့ရာတွင် စာရေးသူတို့ အနေဖြင့် ရှီ၏ တရုတ်ပြည်ကို အလုံးစုံထိန်းချုပ်နိုင်သူ ပါဝါတခုအဖြစ် နားလည်ရန် လိုအပ်သည့်တိုင် ထိုနားလည်သဘောပေါက်မှုသည် တရုတ်ပြည်၏ ရှောင်လွဲမရသော အနာဂတ်ဟု မှတ်ယူရန် မဟုတ်ပါချေ။ ထိုအစိုးရသည် အလုံးစုံထိန်းချုပ်နိုင်သူအဖြစ် ရည်မှန်းချက်ထားသော်လည်း (ထိုရည်မှန်းချက်) လက်တွေ့အကောင်ပေါက်လာမည်ဟု မဆိုလိုပေ။ နည်းပညာအသစ်များက လူမှုအမှတ်ပေးစနစ်ကဲ့သို့သော ထိန်းချုပ်ရေးနည်းနာများအပေါ် အဆုံးစွန်ဆုံး၌ မည်သို့သက်ရောက်နိုင်သည်ကို ကျနော်တို့ မသိသေးပါ။ ယနေ့တရုတ်နိုင်ငံသားများသည် မြောက်ကိုရီးယား နိုင်ငံသားများထက် ပိုမိုလွတ်လပ်ကြသည်။ အလုံးစုံထိန်းချုပ်နိုင်သူပုံစံ၏ ကနဦးအတွေ့အကြုံများမှာ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နိုင်ကြောင်း သက်သေပြပြီး ဖြစ်၏။ ချင်မင်းဆက်မှာ ၁၆ နှစ်သာခံခဲ့သည်။ ယဥ်ကျေးမှုတော်လှန်ရေးမှာ ဆယ်စုနှစ်တခု အတွင်းမှာပင် မီးစာကုန်ဆီခန်း ဖြစ်သွားခဲ့သည်။ ယနေ့ CCP စည်းမျဥ်းများ လိုက်နာရန်မှာ သဘောဆန္ဒအလျောက်သာဖြစ်ပြီး ခြိမ်းခြောက်ခိုင်းစေမှုမျိုး မရှီသေး။ တရုတ်စီးပွားရေး နှေးကွေးလာပြီး ကျဆင်းဆုတ်ယုတ်မှုအထိ ထိခိုက်လာပါက အစိုးရအနေဖြင့် ပုဂ္ဂလိက ကော်ပိုရေးရှင်းများကို ပျားရည်နှင့် ဝမ်ချနိုင်မှု အခွင့်အလမ်းမှာ ကျဥ်းမြောင်းသွားဖွယ်ရာရှိသည်။ ထို့ပြင် ရှီသည် မော် မဟုတ်။ သူ့မှာ မော်ကဲ့သို့ အမွေကျန်ရစ်မည့် ပြင်းပြသန်စွမ်းသော တွေးခေါ်ယူဆမှုမျိုး မရှိ။ “တရုတ်လက္ခဏာများနှင့် ဆိုရှယ်လစ်စနစ်” သို့မဟုတ် “ရှီကျင့်ဖျင်၏ အတွေးအခေါ်များ” မှာ လူအုပ်ကြီးက အသေခံကာကွယ်ကြမည့် အယူအဆများ မဟုတ်ချေ။
အနာဂတ် တရုတ်ပြည် မည်သို့ပြောင်းလဲလာမည်နည်း။ စာရေးသူတို့ မျှော်လင့်သည့် အပြောင်းအလဲ လှုပ်ရှားမှုစနစ်နှင့် လုပ်ငန်းစဥ်အရ ထို့ပြင် ရေရှည်ရလဒ်များအရ မည်သို့ရှိလာမည်နည်း။
လှုပ်ရှားမှုစနစ်အရ အပြောင်းအလဲသည် ကျနော်တို့ တွေ့ဖူးသော အာရပ်နွေဦးကဲ့သို့သော အောက်ခြေ မြက်ပင်များအဆင့်မှ စတင်ဖြစ်ထွန်းလာရန် မရှိသလောက်ဖြစ်သည်။ လက်ရှိ CCP ၏ ထိန်းချုပ်နိုင်မှု အဆင့်နှင့် ကျယ်ပြောလှသည့် ဧရိယာက လူအုပ်စုများ ရွှေ့ပြောင်းလှုပ်ရှားရန် ချိတ်ဆက် လှုံဆော်ရန် လွန်စွာခက်ခဲစေသည်။ အစိုးရလက်ဝယ်၌ လိုအပ်သလို အသုံးပြုရန် ဝန်မလေးသည့် နှိပ်စက်နိုင်စွမ်းပကား အကြီးအကျယ် ရှိနေသည်။
တရုတ်ပြည် ပြောင်းလဲမည် ဆိုပါက အထက်ပိုင်း ပါတီထိပ်တန်းအလွှာကိုယ်တိုင် စတင်မှသာ ဖြစ်နိုင်ချေရှိ၏။ သေချာသည်မှာ ရှီကျင့်ဖျင်၏ ပါဝါသို့ တက်လှမ်းလာရာ၌ အများဆုံး ပေးဆပ်ရသူများမှာ ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်များပင် ဖြစ်သည်။ တိန့်ရှောင်ဖိန်က စုပေါင်းခေါင်းဆောင်ခြင်း အမွေကို ချန်ရစ်ခဲ့ရာတွင် မည်သူတဦးတယောက်မျှ မော် ကဲ့သို့ အာဏာကုန်စုစည်းနိုင်သူ ဖြစ်မလာစေရန် ဖြစ်သည်။ ထိုစနစ်က အနှစ်သုံးဆယ်ကျော် အလုပ်ဖြစ်ခဲ့သည်။ သို့သော် ရှီက လုံးဝပယ်ဖျက်ခဲ့သည်။ အခြားခေါင်းဆောင်များကို ဘေးဖယ်ခဲ့သည်။ သူ၏ သက်တမ်း ကန့်သတ်ချက် ၁၀ နှစ်ကို ပယ်ဖျက်ခဲ့သည်။ ဘာသာရေး ဂိုဏ်းတခုအသွင် သူ့ပတ်ဝန်းကျင်ကို ဝန်းရံတည်ဆောက်ခဲ့သည်။ ဆိုဗီယက်ယူနီယံခေတ်က နီကီတာ ခရူးရှက်ကို ဖယ်ရှားခဲ့သည့် ထိပ်တန်းအာဏာသိမ်းမှုမျိုး မဖြစ်နိုင်ဟု ပြောရန်ခက်ခဲလှသည်။ စီးပွားရေး မတည်ငြိမ်မှုများအောက်တွင် အတွင်းခေါင်းဆောင်ပိုင်း အကွဲအပြဲမှာ ပိုမိုထင်ရှားစွာ ဖြစ်လာနိုင်သည်။
တရုတ်ပြည် ပြောင်းလဲပြီဆိုပါက တရုတ်နိုင်ငံသားများအနေဖြင့် မည်သို့ မျှော်လင့်သင့်သနည်း။
အသင့်တော်ဆုံး လမ်းကြောင်းမှာ အဆင့်ဆင့် ပြောင်းလဲခြင်းဖြစ်သည်။ ပထမဆင့် အနေဖြင့် လွတ်လပ်ခွင့်များ ရရှိလာပြီး ဒီမိုကရေစီလမ်းကြောင်းကို စတင်ရန်ဖြစ်သည်။ ၁၉ ရာစုနှင့် ၂၀ ရာစုအတွင်း ဥရောပနိုင်ငံများ လျှောက်ခဲ့ကြသည့် လမ်းကြောင်းဖြစ်သည်။ တာထွက်ပွိုင့်မှာ “ဥပဒေဖြင့် အုပ်ချုပ်ခြင်း” မှသည် “ဥပဒေအရ အုပ်ချုပ်ခြင်း” (from rule by law to rule of law) သို့ ကူးပြောင်းရန် ဖြစ်သည်။ ရှင်းလင်းတိကျသော စည်းမျဥ်းများကို သာမန် နိုင်ငံသားများ အတွက်နှင့် အဆင့်နိမ့် အစိုးရဆိုင်ရာများအတွက်သာ မက ပါတီအတွက်ပါ ပြဌာန်းရန်လိုသည်။ ပါတီနိုင်ငံတော်အပေါ်၌ အခြေခံဥပဒေအရ အကန့်အသတ်များ ပြဌာန်းထားရှိရန် လိုပြီး ဥပဒေပြုကဏ္ဍ၌ စစ်မှန်သော လွတ်လပ်မှု ရရှိလာရန် လိုအပ်သည်။ လက်ရှိ အခြေခံဥပဒေသည် တာထွက်ပွိုင့် ဖြစ်နိုင်သော်လည်း CCP အား အာဏာကုန် ပေးထားသည့် အခြေခံမူ လေးချက်ကို ပယ်ဖျက်ပစ်ရန် လိုသည်။ CCP အနေဖြင့် တရုတ်လူ့အဖွဲ့အစည်း၏ ချောင်ကြိုချောင်ကြားအထိ ဖြန့်ကျက်ထားသည့် သက်ရောက်မှုကို ရုပ်သိမ်းပေးရန် လိုသည်။ အစိုးရနှင့် ပြည်သူ့ကွန်ဂရက်ထံ အာဏာပြန်အပ်ရန်လိုသည်။ နိုင်ငံသားများအား ပိုမိုလွတ်လပ်စွာ ပြောဆိုပိုင်ခွင့် တွေးခေါ်ပိုင်ခွင့် စည်းရုံးပိုင်ခွင့် ဝေဖန်ပိုင်ခွင့် များကို အနိမ့်ဆုံး အနေဖြင့် ရှီကျင့်ဖျင်ခေတ် မတိုင်မီ နေ့ကောင်းရက်မြတ်များအတိုင်း ပြန်လည်ပေးအပ်ရန် လိုသည်။
၁၉၈၀ ပြည့်နှစ်များမှ တိုင်ဝမ်နှင့် တောင်ကိုရီးယားတို့မှာကဲ့သို့ ပါတီစုံစနစ်သို့ အချိန်တိုအတွင်း ပြောင်းလဲမှုမျိုးသည် ပြဿနာဖြစ်ရန် ပိုမိုနီးစပ်စေမည်ဖြစ်သည်။ အဖွဲ့ဝင် သန်းကိုးဆယ် ရှိသည့် CCP သည် ပါလီမန် ဒီမိုကရေစီမှာကဲ့သို့ အစိုးရကို အပေါ်မှ ညွှန်ကြားသည့် သာမန် နိုင်ငံရေးပါတီတခုမဟုတ်။ နိုင်ငံတော်ကို လည်ပတ်ရန် လိုအပ်သည့် လုပ်ရည်ကိုင်ရည်ကို ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ထားနိုင်သည့် ကိုယ်တိုင် အစိုးရ လုပ်နေသည့် ပါတီမျိုး ဖြစ်သည်။ ပါတီတွင်း ဒီမိုကရေစီဖြင့် စတင်ရန် ဖြစ်သည်။ အောက်ခြေအဆင့် အစိတ်အပိုင်းများကို လွတ်လပ်ခွင့်ပိုပေးပြီး အာဏာကို အထက် အဆင့်ဆင့်သို့ စီးဆင်းစေခြင်းဖြင့်သာ လက်ရှိ အခြေအနေကို ပြောင်းပြန် ပြောင်းလဲစေမည်ဖြစ်သည်။
တရုတ်ပြည် အနာဂတ် ပြုပြင်ရေးနှင့် ပတ်သက်၍ ဤမျှ အသေးစိတ် ခန့်မှန်းခြင်း၌ တန်ဖိုးအကန့်အသတ်ရှိပါသည်။ တရုတ်ကို ဤသို့ဖြစ်ရမည်ဟု တွန်းပို့ခြင်းသည် ယေဘူယျအဆင့်မှ ကျော်လွန်၍ အမေရိကန် နိုင်ငံခြားရေး ပေါ်လစီ အစိတ်အပိုင်းတခု ဖြစ်မလာသင့်ပါ။ ချိနဲ့လာနေသည့် ပါဝါတခု အထူးသဖြင့် ဂလိုဘယ်ကပ်ဆိုက်ချိန် နယ်ပယ်များစွာ၌ အထင်သေးခံနေရသည့် အမေရိက၏ ဖိအားသည် အရာမထင် ဆန့်ကျင်ဖက် သက်ရောက်မှုသာ ရလာမည်ဖြစ်သည်။ ထိုအပြောင်းအလဲများသည် တရုတ်ပြည်သူများကိုယ်တိုင်မှ အစပြုရန် လိုသည်။ အထူးသဖြင့် ၎င်းတို့၏ လက်ရှိစနစ် မည်သို့ လည်ပတ်သည်ကို ကောင်းစွာ နားလည်သော၊ အပြောင်းအလဲအတွက် မည်သည့်နေရာ၌ ဖြစ်နိုင်ခြေ (ဖိအားသက်ရောက်နိုင်ခြေ) အမှတ်များရှိသည်ကို သိသော တရုတ် ပညာတတ် အထက်တန်းလွာမှ အစပြုရန် လိုသည်။
အမေရိကန် ပြည်သူများ သတိပြုရန်မှာ ၎င်းတို့၏ လက်ရှိ ရန်သူ နှင့် ပြိုင်ဘက်မှာ တရုတ်ပြည်မဟုတ်၊ အဆင့်မြင့် အလုံးစုံ ထိန်းချုပ်နိုင်သူပုံစံသို့ ရွှေ့လျားသွားခဲ့သည့် တရုတ်ကွန်မြူနစ် ပါတီသာဖြစ်ကြောင်း ဖြစ်သည်။ စာရေးသူတို့သည် ၁၉၉၀ သို့မဟုတ် ၂၀၀၀ ပြည့်နှစ်များက တရုတ်ပြည်နှင့် ဆက်ဆံနေခြင်း မဟုတ်ပါ။ လုံးဝခြားနားသည့် ကျနော်တို့၏ ဒီမိုကရက်တစ် စံတန်ဖိုးများကို ခြိမ်းခြောက်လာနေသည့် တိရိစ္ဆာန် တကောင်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ၎င်းကို သာမန် အာဏာရှင် အစိုးရတခုအဆင့်သို့ ပြန်လည်သက်ဆင်းလာသည့် (သို့မဟုတ် လစ်ဘရယ်တိုင်းပြည် လမ်းစသို့ ရောက်လာသည့်) အနာဂတ် အချိန်တခုအထိ ဒုက္ခမပေးနိုင်သည့် တနေရာ၌ လှောင်ပိတ်ထားရန် လိုသည်။ ထိုသို့ပြုလုပ်နိုင်ခြင်းဖြင့် တရုတ်ပြည်မှ ပေးလာသည့် စိန်ခေါ်မှုများ ပပျောက်သွားမည် မဟုတ်ပါ။ ပိုမိုပွင့်လင်းလာသည့် တရုတ်ပြည် အမျိုးသားရေးဖက် ပိုမိုတိမ်းညွတ်မသွားဟု မပြောနိုင်ပါ။ သို့ရာတွင် ပိုမိုလွယ်ကူသည် နည်းလမ်းများဖြင့် ကိုင်တွယ်ဆက်ဆံနိုင်ဖွယ်ရာ ရှိပါသည်။
ကံမကောင်း အကြောင်းမလှစွာဖြင့် အမေရိကန်ပြည်ထောင်စုသည် လွန်ခဲ့သော သုံးနှစ်ခွဲအတွင်း ကိုယ်ကိုကိုယ်ဖျက် သံချေးတက်စေသည့် အပြုအမူပေါင်းစုံဖြင့် အင်အားချိနဲ့လာခဲ့သည်။ ပြည်တွင်းအတိုက်အခံကို ပြည်ပပြိုင်ဖက်များထက် ပိုမိုဆိုးဝါးစွာ သရဲသဘက်ကဲ့သို့ ဆက်ဆံခဲ့သည့် အမေရိကန်ပါဝါ၏ ဖောင်ဒေးရှင်းဖြစ်သည့် ကိုယ်ကျင့်သိက္ခာကုန်းမြင့်ကို စွန့်လွှတ်ခဲ့သူ သမ္မတအား တင်မြှောက်မိလျှက်သား ဖြစ်နေခဲ့သည်။ မျိုးဆက် သုံးခုခန့် ကာလများအတွင်း အကြီးကျယ်ဆုံးသော ပြဿနာကို ပေမှီ‌ဒေါက်မှီ စီမံခန့်ခွဲမှု မလုပ်နိုင်သူ၊ ရန်သူ မိတ်ဆွေ မည်သူကမျှ အရေးတယူ အလုပ်မခံရတော့သည့် ခေါင်းဆောင်၏ အုပ်ချုပ်မှု လက်အောက်သို့ ရောက်နေချိန် ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံများ အစုအဝေး အနေဖြင့် ပြဿနာကို ထိန်းချုပ်ရာတွင် အာဏာရှင်တို့ထက် ပိုမိုညံ့ဖျင်းစွာ လုပ်ဆောင်နိုင်ခဲ့ခြင်းမျိုး မဟုတ်သေးသော်လည်း တရုတ်အစိုးရသည် ၎င်းအနေဖြင့် အမေရိကန်ထက် ပိုမိုသာလွန်မှုဖြင့် စွမ်းဆောင်နိုင်ကြောင်း ပုံဖော်လာနိုင်ခဲ့သည်။ ကမ္ဘာသူ ကမ္ဘာသားများ စိတ်ဝင်စားကြသည်မှာလည်း ထိုနှစ်နိုင်ငံ နှိုင်းယှဥ်မှုပင်ဖြစ်သည်။ တရုတ်ပြည်ကို ပြောင်းလဲရန် အားမထုတ်ခင် စာရေးသူတို့ အနေဖြင့် အမေရိကကို ၎င်း၏နေရာဖြစ်သော ကမ္ဘာတဝန်း လစ်ဘရယ် ဒီမိုကရစ်တစ် တန်ဖိုးများ၏ မီးပြတိုက်နေရာကို ပြန်လည်ရယူနိုင်ရန် ကြိုးစားသင့်ပါသည်။ ။
Francis Fukuyama is chairman of the editorial board of The American Interest. His writings on Chinese political development can be found in his books The Origins of Political Order and Political Order and Political Decay.
ဆောင်းပါးအညွှန်း။ ။https://www.the-american-interest.com/…/what-kind-of-regim…/
Ko Htay Aye Naing
2011+ publishing ပေါ့ဂျ်မှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment