Monday, May 4, 2020

(သူ့အထုပ်နဲ့ ကိုယ့်အလုပ် လုပ်တော့)

0 comments
(သူ့အထုပ်နဲ့ ကိုယ့်အလုပ် လုပ်တော့)
ဝေစည်ရေးတဲ့ အတိုင်ပင်ခံ၏သဘောထားအမှန်ဆောင်းပါးကို Share လို့ဆိုပြီး ဖေ့စ်ဘွတ်ခ်က ကျနော်ကို ပို့စ်တင်ခွင့်၊ Like ပေးခွင့်၊ Comment ရေးခွင့်၊ အခြားသူများရဲ့ပို့စ်တွေကို Share ခွင့်အပြင် Friend requests တွေကိုလက်ခံခွင့်၊ Add ခွင့်တွေတွေပါ ၇ ရက်တိတိပိတ်ထားတာ ခု မိနစ်ပိုင်းလေးကမှပြန်ပွင့်ပါတယ်။ အရင်လည်း အလားတူ ပိတ်တာတွေ ကြုံဖူးပါတယ်၊ ဘာ့ကြောင့် ဘာအကြောင်းအရာကြောင့်ဆိုတာတွေတော့ အမှတ်မရတော့ပါဘူး။ ပိတ်တဲ့အချိန် ခုလောက် မကြာတာလည်းဖြစ်တော့ အမှတ်မထားမိတာဖြစ်ပါလိမ့်မယ်။ အမှတ်မထားမိပေမယ့် နိုင်ငံရေးကိစ္စ ဒါမှမဟုတ် နိုင်ငံရေးနဲ့ဆက်စပ်တဲ့ကိစ္စ ဒါမှမဟုတ် လူမှုပြုပြင်ရေးကိစ္စ၊ ဖြစ်နေတဲ့အမြီးအမေက် မတည့်တဲ့ကိစ္စတွေကို ထောက်ပြဝေဖန်တဲ့ ဒါမှမဟုတ် လှောင်ပြောင်သရော်တဲ့စာတွေ အကြောင်းအရာတွေကလွဲလို့ တခြားတော့ ဘာမှ ဖြစ်မယ်မထင်ပါဘူး။
ဒီတကြိမ်ပိတ်တာက အာဏာရပါတီရဲ့ခေါင်းဆောင်ကို အခြားတဘက်က ထောက်ပြ‌ဝေဖန်ထားတဲ့ဆောင်းပါး ဖြစ်နေလေတော့ ပြည်တွင်း (ဗမာပြည်) အစိုးရစောင့်ကြည့်စနစ်နဲ့ ဖေ့စ်ဘွခ်က မြန်မာတီးမ်း Myanmar Team တို့ရဲ့အဆက်အစပ်ကို ခန့်မှန်းမိသွားပါတယ်။ ကျပ်ငွေ သန်းပေါင်းများစွာအကုန်ခံပြီး အင်တာနက်ဆက်သွယ်မှုတွေကိုစောင့်ကြည့်နေတဲ့ အစိုးရစောင့်ကြည့်စနစ်မှာ ဖေ့စ်ဘွခ်ကိုစောင့်ကြည့်ရေးဟာလည်း ထိပ်ဆုံးကပါနေပါလိမ့်မယ်။ အဲ့ဒီအထဲမှာ အစိုးရကို၊ အာဏာရပါတီကို၊ လူပုဂ္ဂိုလ်ကို(ခေါင်းဆောင်)ကိုဝေဖန်တာတွေကို ပိုသတိထား မျက်လုံးဒေါက်ထောက် ကြည့်မယ့်သဘောရှိပါတယ်။ အဲ့သလို စိစစ်စောင့်ကြည့်ရင်း သူတို့အဖို့ မျက်စေ့စပါးမွှေးစူးစရာ ကြမ်းကြား ခဲခုစရာ တွေ့ရင် ဖေ့စ်ဘွခ်မြန်မာတီးမ်းကို ရီပို့တ်လုပ်မယ့်သဘောရှိပါတယ်။ ရီပို့တ်ကို တယောက်ခြင်းတွေစုပြီး အုံနဲ့ကျင်းနဲ့ဖြစ်အောင် လုပ်တာထက် အစိုးရစနစ်(စနစ်)အနေနဲ့လုပ်တာဖြစ်ဖို့ရှိပါတယ်။ အစိုးရစနစ်ကနေလုပ်တာက ပုဂ္ဂိုလ်သဘောလုပ်တာထက် ပိုခိုင်မာထိရောက်နိုင်ပါတယ်။
ဒီနေရာမှာတွေးစရာက နိုင်ငံရေးအရလူ့လွတ်လပ်ခွင့်ဖြစ်ပါတယ်။ လူဆိုတဲ့နေရာမှာ နိုင်ငံသားအဖြစ်အနေသဘောကိုလည်း ထည့်တွက်စရာ ရှိပါလိမ့်မယ်။ လူ့အခွင့်အရေးကြေညာစာတမ်းဟာ ယူနီဗာဆယ်လ် (ဒီနေရာမှာ ကမ္ဘာလုံးဆိုင်ရာသဘောပဲယူပါတယ်)လို့ ဘယ်လိုပြောပြော စီးပွားရေးအရ နည်းပညာအရ နိုင်ငံရေး စစ်ရေးတွေအရ ရှေ့တန်းရောက်နေတဲ့ လွတ်လပ်ပြီးတည်ငြိမ်တဲ့နိုင်ငံကြီးတွေကနိုင်ငံသားနဲ့ သူတို့ထက် အစစအရာရာနိမ့်ပါးနေတဲ့နိုင်ငံတွေကနိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ရပိုင်ခွင့်တွေဟာခြားနားနေတာ ငြင်းမရနိုင်တဲ့အခိုင်အမာ အချက်အလက် ပါ။ ကျနော်က အမေရိကန်နိုင်ငံသားတယောက်ဖြစ်ပါတယ်။ အမေရိကန်မှာ သမ္မတကို ကျိုးသင့်ကြောင်းသင့်ထောက်ပြဝေဖန်ကြသလို ပိုးစိုးပက်စက်နင်ပဲငဆ ပြောလည်းရပါတယ်။ တည်တည်ကြည်ကြည် ထိုးနှက်လို့ရသလို မဖွယ်မရာပျက်ရယ်ပြုလို့လည်း ရပါတယ်။ သိမ်သိမ်မွေ့မွေ့ ထောက်ပြလို့ ရသလို တစ်တစ်ခွခွ တိုင်းထွာပုတ်ခတ်လို့လည်း ရပါတယ်၊ ဒါအမေရိကန်နိုင်ငံရေးက လူပုဂ္ဂိုလ်နဲ့စပ်တဲ့ နိုင်ငံရေးလွတ်လပ်ခွင့်ပါ။ အမေရိကန်နိုင်ငံသားတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရထားပြီးသားလွတ်လပ်မှုပါ။ 
အမေရိကန်နိုင်ငံသားတယောက်ကို အမေရိကန်အခြေစိုက်တဲ့ ဖေ့စ်ဘွခ်က လူ့နိုင်ငံရေးလွတ်လပ်ခွင့်ကို ခုလိုမျိုးပိတ်ပင်တားဆီးတာဟာ ဥပဒေနဲ့အညီဟုတ်မဟုတ် ဖြစ်မဖြစ်တော့ ကျနော်လည်း မသိပါ။ လေ့လည်း မလေ့လာဖူးပါ။ အမေရိကန်လွတ်လပ်ခွင့် နှုန်းစံနဲ့တိုက်ကြည့်ရင်တော့ မကိုက်ညီပါ။ ကျနော် “အမေရိကန်နိုင်ငံသားအခွင့်အရေး” အချိုးဖေါက်ခံရတယ်လို့ သိမြင်ပါတယ်။ အမေရိကန်နိုင်ငံသားတယောက်ကို အမေရိကန်စနစ်မှာလည်ပတ်နေတဲ့ ဆိုရှယ်မီဒီယာတခုက ခုလိုမျိုးပြုမူတာဟာ အမေရိကန်လွတ်လပ်ခွင့်နှုန်းစံတွေနဲ့တိုက်ကြည့် မကိုက်ဘူး မညီညွတ်ဘူးလို့ဆိုလိုတာပါ။ မှန်ပါတယ် ဖေ့စ်ဘွတ်ခ်မှာလည်း သူ့ နှုန်းစံတွေ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ချက်တွေရှိပါတယ်။ ဒါ ပေမယ့် ကျနော့်ကိစ္စ လူမှုရေး တာချိုးတာမဟုတ်သလို လူ့စာရိတ္တပျက်စီးစေရာစေကြောင်းလည်း မဟုတ်ပါ။ နိုင်ငံရေးပါ။ “နိုင်ငံရေးလူ” တယောက် ဒါမှမဟုတ် “ခေါင်းဆောင်”တယောက်အကြောင်းပါ။ ဒါ့ကြောင်း နှုန်းစံကိုတိုင်းမယ့် ပေတံတော့ကွဲရပါလိမ့်မယ်။ အားလုံးကို ဆန်တုတ်တိုက် လို့တော့ မရပါ။
ခုလို အချိုးဖေါက်ခံရလို့ ဘာလုပ်မယ် ညာလုပ်မယ်ဆိုတဲ့စိတ်ကူးတော့ ကျနော့်အနေနဲ့ အလျဉ်းမရှိပါ။ မကျေနပ်လို့ မကြိုက်လို့ဆို မသုံးပဲနေလိုက်ရုံပဲလို့ ကျနော့်တယောက်တည်းအနေနဲ့ စဉ်းစားဖြစ်မှာပါ။ အခြားသူတွေအတွက်တော့ အခြားနည်းလမ်းတွေ(ဥပဒေကြောင်းအရ စကားပြောတာ‌​ေတွ အပါအဝင်)သုံးပြီး တုံ့ပြန်ဖို့ စဉ်းစားတာတွေရှိကောင်းရှိနိုင်ပါလိမ့်မယ်။ သူတို့တုံ့ပြန်မယ့်နည်းလမ်းတွေဟာ မှန်တယ် ကောင်းတယ် တရားသဖြင့် ဖြစ်တယ်လို့ ကျနော်မြင်ရင် ကျနော်လည်း သူတို့ဦးဆောင်ရာနောက်ကိုလိုက်ပါ့မယ်။ ပူးပေါင်းပါ့မယ်။ ပါဝင်ပါမယ်။
ကျနော့်တယောက်တည်းစဉ်းစားချက်ကတော့ ဖေ့စ်ဘွခ်ဟာ ကျနော့်ကိုယ်ပိုင်စင်မဟုတ်ပါဘူး။ “ကျနော်တို့” ကိုယ်တိုင်ဆောက်ထားတဲ့ စင်လည်းမဟုတ်လို့ပါ။ ကျနော်တို့က သူများစင်သွားပြီး ကိုယ့်စကားပြောရသူတွေ ဖြစ်နေလို့ပါ။ နောက်တနည်းတွေးရရင် ကျနော်တို့ဟာ “သူ့အထုပ်နဲ့ ကိုယ့်အလုပ်” လုပ်နေကြရတာကို သိမှတ်လက်ခံထားရ ကြပ်ကြပ်ဆင်ခြင်ထားရတာဖြစ်ပါတယ်။ ဒီလို လုပ်နေကြရတာမို့ ဘယ်လောက် ခရီးပေါက် မပေါက်ကလည်း တွေးစရာရှိပါတယ်။ ပေါက်သလောက်ဖေါက် ရောက်သလောက်အမြတ်ပဲလို့လည်း တွေးမိပါတယ်။ ကိုယ့်အထုပ်နဲ့ ကိုယ့်အလုပ် လုပ်တယ်ဆိုရင်တော့ ပိုင်ပိုင်နိုင်နိုင် ကိုယ့်လက်ကိုယ့်ခြေဖြစ်မှာပါ။ ခုလောလောဆယ်တော့ ဒီလောက်ပါပဲ။
မျိုးမြင့်ချို

0 comments:

Post a Comment