Monday, May 11, 2020

အဖေ့အကြောင်း(၆) (အောင်သွေး)

0 comments
အဖေ့အကြောင်း(၆) (အောင်သွေး)
ဒီလိုနေရင်း စစ်အုပ်စုက သူ့ကိုဆန့်ကျင်မယ့်နိုင်ငံရေးသမားတွေကို ထပ်မံစည်းရုံးပြန်ပါတယ်။ အဲဒါကတော့ နိုင်ငံဂုဏ်ရည်ဘွဲ့တို့ မော်ကွန်းဝင်ဘွဲ့တို့ ပေးအပ်တာပါပဲ။ တချို့နိုင်ငံရေးသမားတွေကိုစုပြီး(၃၃) ဦး အကြံပေးကော်မတီတို့ဘာတို့ဖွဲ့ စကားပြောခိုင်းနောက်တော့ သူတို့အကြံပေးတာကိလည်း နားထောင်တာမဟုတ်ပါဘူး။ နေဝင်းဟာအတော်လည်ပါတယ်။ သူ့ကို ဆန့်ကျင်နိုင်မယ့်နိုင်ငံရေးသမားတွေရဲ့
တွင်းစိတ်ကိုသိသွားတာပေါ့။ အဲဒီဘွဲ့တွေကို ရန်ကုန်ကိုသွားပြီးယူရတာပါ။ အဖေ့ကိုမော်ကွန်းဝင်တတိယအဆင့်ပဲ ပေးပါတယ်။ ဂျပန်တော်လှန်ရေးကို အတူလုပ်ခဲ့တဲ့တခြားသူတွေက ပထမဆင့်တွေရကြပြီး သူကျတော့ ဖဆပလ အစိုးရကို တောခိုဆန့်ကျင်ခဲ့လို့ဆိုလား။
အဲဒီဘွဲ့ကြီးကို အဖေကဂုဏ်လည်းမယူဘူး၊ အထင်လည်းမကြီးဘူး၊ သွားလည်းမယူပါဘူး။ နောက်အချိန်တွေကြာလာတော့ အဲလိုတက်မယူ သူတွေလည်းများလာလို့ မြို့နယ်အရောက်လိုက်ပေးတော့မှ မကောင်းတတ်လို့အဖေကလက်ခံခဲ့ပါတယ်။ အဲလိုကိစ္စတွေများလာတော့ အဖေ့ကို ဆွဲထိန်းထားမှဖြစ်မယ်လို့ စဉ်းစားကြပုံပေါ်ပါတယ်။ အဖေ ပထမအကြိမ်ထောင်ကျပါတယ်။

ကျနော်ကအဲဒီအချိန်မြို့မှာမရှိပါဘူး။ အဲဒီနှစ်ကသာယာဝတီမြို့မှာရှိတဲ့ အမဝမ်းကွဲဆီမှာဆယ်တန်းဖြေဖို့ ညကျောင်းသွားတက်နေတာပါ။ အမေကလည်း ကျနော်စာသင်ပျက်မှာစိုးလို့မပြောဘူး။ တကယ်က အမကခရိုင်ပညာရေးရုံးမှာ အလုပ်လုပ်နေတာပါ။ ဖုန်းတချက် ကောက်ဆက် လိုက်ရုံပါပဲ။ ကျနော် ညကျောင်းဖြေပြီး မြို့ကိုပြန်လာတော့ အဖေ့ကိုမတွေ့ရပါဘူး။ အမေ့မှာလည်းသားသမီးတွေက များ။ ဆန်စက်တဖက် ခြံတဖက်နဲ့၊ ကျနော်အမေ့ကိုကူညီလုပ်ကိုင်ပေးရပါတယ်။ အဲဒီအချိန်မှာအဖေထားခဲ့တဲ့ သူ့BSA မော်တော်ဆိုင်ကယ်ကြီးက အိမ်ရှေ့နံရံတံစက်မြိတ်အောက်မှာရှိနေခဲ့ပေါ့။ နည်းနည်းပျက်နေလို့ ပြင်မလို့လုပ်နေရင်း အဖမ်းခံရတာပါ။

အမေကလည်း အဲဒီအချိန်ကရဲအချုပ်ထဲ တလလောက်နေခဲ့ရသေးတယ်။ ဖြစ်ပုံကဒီလိုပါ။ အဲဒီအချိန်က မဆလအစိုးရကလယ်သမားတွေကို သူတို့တောင်းတဲ့ စပါးတာဝန်ကျေမရောင်းနိုင်ခဲ့ရင် အဲဒီလယ်သမားစားဖို့ဆန်ကြိတ်ခွဲ ခွင့်မပေးပါဘူး။ အမေကအဲဒီလယ်သမားတွေကို သနားလို့ခိုးပြီးကြိတ်ခွဲပေးတော့ ဆန်စက်မှာလာထိုင်နေတဲ့ မဆလကြီးကြပ်ရေးမှူးကသိပြီး တရားစွဲပါတယ်။ ဆန်မှောင်ခိုမှုတဲ့ဗျာ။ ဆန်စက်လည်းအပိတ်ခံရပါတယ်။

အချုပ်ထဲကအမေပြန်လွတ်လာတော့ ခလေးတွေကများစားစရာမရှိ။ တရက်မှာတော့ အဖေ့မိတ်ဆွေ ဝပ်ရှော့ဆရာဦးဇေယျက အဖေ့ မော်တော်ဆိုင်ကယ်ကြီးကပစ္စည်းတချို့ လာဝယ်ပါတယ်။ သူ့မိတ်ဆွေဆရာကြီးထောင်ထဲဝင်ရတာ တော်တော်နဲ့ပြန်လာရမယ့်ပုံ မပေါ်ဘူးလို့တွက်ပုံရပါတယ်။ တစီးလုံးလာဝယ်တာလည်းမဟုတ်၊ ရှေ့ဘီးလိုရင်ရှေ့ဘီး လာဖြုတ်ဝယ်လိုက်၊ အမေကလည်း ရောင်းလိုက်၊ နောက်ဘီးလိုရင်လာဝယ်လိုက်ပေးချင်သလောက်ပေး၊ အမေကလည်း နားလည်တာမဟုတ်။ နောက်တော့ဓာတ်ဆီပုံး၊ နောက်တော့ အင်ဂျင်နဲ့အဖေပြန်လာတော့ အစအနတောင်မတွေ့ရတော့ပါဘူး။ အဖေကလည်း အမေ့ကိုအပြစ်မတင်ပါဘူး။ သူလည်းအလုပ်ပြုတ်ပြီး ကျောင်းကို သွားစရာမှမလိုတော့တာကိုး။

အင်းစိန်ထောင်ကလွတ်လာတဲ့နေ့က မြို့ကိုပြန်လာတဲ့အဖေ့ကို ကျနော် မီးရထားဘူတာရုံမှာသွားကြိုခဲ့ပါတယ်။ ရထားပေါ်က ဆင်းလာတဲ့ သူတွေထဲမှာ ဝဝတုတ်တုတ်နဲ့ ဆိုက်ကားကိုအိုဗာဝိတ်ခပေးစီးရတဲ့အဖေ့ကို ကျနော်ရှာမတွေ့ခဲ့ဘူး။ ခနနေမ ဟေ့ကောင်လို့ ခေါ်လို့ လှည့်ကြည့်တော့ ပိန်ပိန်ရှည်ရှည်နဲ့အဖေ့ကိုတွေ့ရပါတော့တယ်။ ကျနော်အံ့သြလွန်းလို့ ဟာအဖေကပိန်လိုက်တာဗျာလို့ ပြောတော့အဖေက ငါအလည်သွားတာမှ မဟုတ်ပဲကွတဲ့။ အဲဒီနေ့က အဖေ့ကိုဆိုက်ကားတစီးခေါ်ပြီး အိမ်ကိုတင်ပေးဆိုက်ကားခကို ရှင်းပေးလိုက်တော့ အသိဆိုက်ကားဆရာက အိုဗာဝိတ်ခမတောင်းတော့ပါဘူး။
အောင်သွေး
ဆက်ပါမည်။

0 comments:

Post a Comment