Wednesday, May 20, 2020

Fascism

0 comments
Fascism
ဖက်ဆစ်ဝါဒသည် အဓိပ္ပါယ်ဖွင့်ဆိုချက် အမျိုးမျိုးရှိပြီး နိုင်ငံရေး ideology များတွင်လည်း အထင်ကရအဖြစ်ဆုံးတစ်ခုလည်း ဖြစ်သည်။ သမိုင်း၌လည်း ပုံစံကွဲအမျိုးမျိုးဖြင့် အသုံးချခဲ့ကြပါသည်။ ဤနေရာ၌ ယေဘုယျသဘောကိုသာ တင်ပြသွားမည်ဖြစ်ပါသည်။
နိုင်ငံရေးစာပေများ ဖတ်ရှုလေ့လာရာတွင်ဖြစ်စေ၊ လူမျိုးရေးဘာသာရေး အစွန်းရောက်သူတို့ကို ခေါ်ဆိုမှုပြုကြရာမှာပဲဖြစ်စေ "ဖက်ဆစ်" ဟုသော အသုံးအနှုန်းကို မကြာခဏမြင်ဖူးကြားဖူးကြမည်ထင်ပါသည်။ ကမ္ဘာ့သမိုင်း၌ တစ်ခေတ်တစ်ခါက ဖက်ဆစ်ဝါဒ အလွန်အားကောင်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ အီတလီနှင့် ဂျပန်တို့၌ ဖက်ဆစ်စနစ် ထွန်းကားခဲ့ပြီး ဂျာမနီတွင်မူ ဟစ်တလာ၏ နာမည်ကြီး နာဇီဝါဒ(ဖက်ဆစ်ဝါဒ အမျိုးအစားတစ်မျိုး)ကိုအခြေခံသည့် နာဇီပါတီ၏ ဘုန်းတန်ခိုးကြီးထွားခဲ့လေသည်။ စစ်ကြီးပြီးသောအခါ ဖက်ဆစ် ၀င်ရိုးစွန်းနိုင်ငံများ ရှုံးနိမ့်ပြီးနောက် ဖက်ဆစ်ဝါဒ အားလျော့ခဲ့ရပါသည်။ သို့သော် ယနေ့ထက်ထိတိုင် neo-fascist (ဖက်ဆစ်လက်သစ်) လှုပ်ရှားမှုများကို နေရာအနှံ့၌တွေ့မြင်နိုင်ပါသည်။ နိုင်ငံရေးလောကတွင်မူ စစ်ကြီးပြီးထဲက ဖက်ဆစ် ဟူသော ဝေါဟာရကိုတိုင်က ညစ်ညမ်းသည့်ဝေါဟာရတစ်ခုသဖွယ်ဖြစ်လာရာ ပေါ်ပေါ်ထင်ထင်သုံးစွဲမှုမျိုး၊ မိမိကိုယ်ကိုဖက်ဆစ်ဟုကြေညာမှုမျိုးတို့က မတွေ့ရသလောက်ပင်။
ဝေါဟာရဆင်းသက်လာပုံ
ဖက်ဆစ်ဝါဒ(fascism) သည် လက်တင်စကားလုံး fasces မှဆင်းသက်လာသည်။ အဓိပ္ပါယ်ကား ထင်းစည်းဖြစ်သည်။ ငယ်စဉ်က အဖိုးအိုနှင့် သားသုံးယောက် ထင်းစည်းချိုးသည့် ပုံပြင်ကို ကြားဖူးကြပါလိမ့်မည်။ ထင်းတစ်ချောင်းကို အလွယ်တကူချိုးလို့ရနိုင်တယ်။ထင်းစည်းသည် စုစည်းထားမှုကြောင့် ချိုးဖျက်ရန်မလွယ်ကူတော့ဘူး။ ဒါဟာဖက်ဆစ်ဝါဒရဲ့ အယူအဆတစ်ခုဖြစ်တဲ့ အဖွဲ့အစည်းကသာ အရေးပါပြီး လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားက ဘာမှအရေးမပါပါဘူးဆိုတာကို reflect လုပ်ပြချင်တာလည်းဖြစ်ပါတယ်။
လက္ခဏာရပ်များ (characteristics)
ဖက်ဆစ်ဝါဒ၏ လက္ခဏာများကိုပြောရာတွင် ယေဘုယျအားဖြင့် အစွန်းရောက်မျိုးချစ်စိတ်၊ စစ်လိုလားမှု၊ ဒီမိုကရေစီနှင့် ပုဂ္ဂလိကလွတ်လပ်ခွင့်ကိုရှုတ်ချခြင်း စသည်တို့ကိုရည်ညွှန်းကြသည်။
သမိုင်းပညာရှင် Stanley Payne ကမူ ဖက်ဆစ်လက္ခဏာသုံးရပ်ကို ဤသို့ဆိုလေသည်
(၁) ဖက်ဆစ်ဝါဒ၏ဆန့်ကျင်သော အရာများ( ကွန်မြူနစ်ဝါဒ၊ လစ်ဘရယ်ဒီမိုကရေစီဝါဒ)
(၂)ဖက်ဆစ်ရည်ရွယ်ချက်များ (မျိုးချစ်စိတ်ကို အသုံးချ၍ အာဏာရှင်စနစ်တည်ဆောက်ခြင်း၊ ဧကရာဇ်များကဲ့သို့ အင်အားတိုးချဲ့၊ နယ်မြေတိုးချဲ့လိုခြင်း စသည်)
(၃)ဖက်ဆစ် ပုံစံ (အကြမ်းဖက်မှုနှင့် အာဏာရှင်စနစ်ကို အားပေးခြင်း/လူမျိုးရေးခွဲခြားမှုစသည်) တို့သည် ဖက်ဆစ်ဝါဒကိုပုံဖော်သည်ဟုဆိုလေသည်။
ဒေါက်တာ လောရင့်စ် ဘရစ် (Dr.Lawyence Britt) ဆိုသူ ပုဂ္ဂိုလ်က ဖက်ဆစ်ဝါဒ၏ ဝိသေသလက္ခဏာ ၁၄ချက်ကို ရေးသားပြခဲ့သည်။ ၎င်းတို့၏ ဆိုလိုရင်းအကျဉ်းမှာ 
(၁) အင်အားအပြည့်ရှိ၍ အဆက်မပြတ်သော အမျိုးသားရေးဝါဒ
ဦးစွာအားဖြင့် ဖက်ဆစ်အစိုးရများက အမျိုးသားရေးစိတ်ဓာတ်ကြွေးကြော်သံများ၊ ဆောင်ပုဒ်များ၊အမှတ်အသားများ၊သီချင်းများနှင့် အခြားသောကိရိယာ တန်ဆာပလာများကို အသုံးချကြသည်။ အလံများကိုလည်း နေရာအနှံ့၌ တွေ့ကြရသည်။ အဝတ်အစားများပေါ်တွင်လည်းကောင်း၊ အခြားလူမြင်ကွင်းနေရာများတွင်လည်းကောင်း၊ ၎င်းအမျိုးသားရေးကြွေးကြော်သံများ၊ ဆောင်ပုဒ်များ၊ အမှတ်အသားများကို တွေ့ကြရသည်။
(၂) လူ့အခွင့်အရေးအသိအမှတ်ပြုမှုကို မလိုလားခြင်း
ရန်သူများကို ကြောက်သဖြင့်လည်းကောင်း၊ လုံခြုံရေးလိုအပ်ချက်အရလည်းကောင်း၊ လူ့အခွင့်အရေးကို လျစ်လျူရှုနိုင်သည်ဟု ပြည်သူလူထုကို ဆွဲဆောင်သည်။ ဤသည်မှာ လူထုကြီးအနေနှင့် ညဉ်းပန်းနှိပ်စက်ခြင်း၊ အကျဉ်းနည်းစစ်ဆေးကာ ကွပ်မျက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ နှစ်ရှည်အကျဉ်းချထားခြင်းများကို လက်ခံလာစေရန် လိမ်ညာချက်သက်သက်သာဖြစ်သည်။
(၃) စည်းလုံးညီညွတ်ရေးအတွက် ရန်သူနှင့် ဓားစာခံများကို အသုံးပြုခြင်း(ရန်သူနှင့် ဓားစာခံများအဖြစ် ပုံဖော်ခြင်း??)
လူမျိုးရေး၊တိုင်းရင်းသား သို့မဟုတ် ဘာသာရေးလူနည်းစု၊ လစ်ဘရယ်များ၊ ကွန်မြူနစ်များ၊ ဆိုရှယ်လစ်များ၊ အကြမ်းဖက်သမားများဟု အကြောင်းပြကာ လူထုကြီးကို အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ဖြင့် စုစည်းစေသည်။
(၄) စစ်ရေးကို ဦးစားပေးခြင်း
ပြည်တွင်း၌ ပြဿနာမြောက်မြားစွာရှိနေသော်လည်း အစိုးရဘက်ဂျက်ကို စစ်ရေးအတွက် အချိုးအစားမညီမျှစွာ အသုံးပြုသည်။ ပြည်တွင်းလိုအပ်ချက်များကို လျစ်လျူရှုသည်။စစ်သားနှင့် စစ်မှုထမ်းများကို ဂုဏ်တင်သည်။
(၅) လိင်ခွဲခြားဆက်ဆံခြင်း
ဖက်ဆစ်နိုင်ငံများ၏ အစိုးရများက လုံးဝနီးပါး ဖိုဝါဒကြီးစိုးမှုကို တိမ်းညွှတ်သည်။ လင်ကွာ မယားကွာကိစ္စ၊ ကိုယ်ဝန်ဖျက်ချခြင်းကိစ္စ၊ လိင်တူဆက်ဆံခြင်းကိစ္စများကို နှိပ်ကွပ်သည်။ နိုင်ငံတော်က မိသားစုစနစ် အစွမ်းကုန်ထိန်းသိမ်းစောင့်ရှောက်သူပြယုဂ်အဖြစ် မိမိတို့ကိုယ်မိမိ တည်ရှိစေသည်။
(၆) လူထုဆက်သွယ်ရေးကိရိယာများကို ထိန်းချုပ်ခြင်း
တခါတရံ လူထုဆက်သွယ်ရေးကိရိယာများကို အစိုးရက ကိုယ်တိုင်ချုပ်ကိုင်သည်။ သို့ရာတွင် အချို့သောကိစ္စများ၌မူ အစိုးရ၏ အမိန့်ညွှန်ကြားချက်များနှင့်ဖြစ်စေ၊ ၎င်းတို့အား လိုလားသည့် လူထုဆက်သွယ်ရေးကိရိယာများမှ ပြောရေးဆိုခွင့်ရှိသူများမှဖြစ်စေ သွယ်ဝိုက်၍ ချုပ်ကိုင်သည်။ ဆင်ဆာ(စိစစ်ဖြတ်တောက်ခြင်း) ပြုလုပ်ခြင်းမှာမူ အစဉ်အလာဖြစ်သည်။ အထူးသဖြင့် စစ်ကာလ၌ ပိုမိုတင်းကျပ်သည်။
(၇) အမျိုးသားလုံခြုံရေးကို လိုအပ်သည်ထက် ပိုမိုအလေးထားခြင်း
ပြည်သူလူထုအပေါ် အကြောက်တရားကို အသုံးပြု၍ အစိုးရက အုပ်ချုပ်သည်။
(၈) ဘာသာရေးနှင့် အစိုးရတို့ ဒွေးရောယှက်တင်ရှိခြင်း
ဖက်ဆစ်နိုင်ငံအစိုးရများက လူအများစုကိုးကွယ်သည့် ဘာသာရေးကို အသုံးချကာ လူထုအာဘော်ရရှိအောင် လှုံ့ဆော်ကြသည်။ အစိုးရ၏ပေါ်လစီနှင့် လုပ်ဆောင်ချက်များကို ဘာသာရေးဆိုင်ရာ အဓိကပုဂ္ဂိုလ်များက ဆန့်ကျင်နေကြသည့်တိုင် အစိုးရ၏ အဖွဲ့ခေါင်းဆောင်များက ဘာသာရေးဆိုင်ရာအသုံးအနှုန်းများ၊ အဆင်တန်ဆာများကို အသုံးပြုကြသည်။
(၉) စုပေါင်းအာဏာကို ကာကွယ်ခြင်း
စက်မှုနှင့် စီးပွားရေးထိပ်တန်းပုဂ္ဂိုလ်များက ဖက်ဆစ်တို့ကို အာဏာပလ္လင်ပေါ်သို့ တင်ပေးခဲ့ကြသူများဖြစ်သည်။ ထို့ကြောင့် အပြန်အလှန်အားဖြင့် နှစ်ဦးနှစ်ဖက် အကျိုးတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။
(၁၀) အလုပ်သမားအင်အားစုကို နှိပ်ကွပ်ခြင်း
ဖက်ဆစ်အစိုးရများအတွက် ညီညွတ်သော အလုပ်သမားတို့၏ အင်အားစုသည် တစ်ခုတည်းသော တကယ့်ခြိမ်းခြောက်မှုဖြစ်သည်။ ထို့ကြောင့် အလုပ်သမားသမဂ္ဂများကို လုံးဝဖျက်သိမ်းပစ်သည်။ သို့မဟုတ် အပြင်းအထန် နှိပ်ကွပ်သည်။
(၁၁) ပညာတတ်များနှင့် အနုပညာသည်များကို မနှစ်မြို့ခြင်း
ဖက်ဆစ်အစိုးရများက ပါမောက္ခနှင့် အခြားပညာရှင်များ၏ ရေးသားချက်ကို စိစစ်ဖြတ်တောက်သည်။ တခါတရံ ဖမ်းပင် ဖမ်းဆီးသည်။ အနုပညာနှင့် စာပေများတွင် လွတ်လပ်စွာရေးသားတင်ပြမှုကို ဗြောင်တိုက်ခိုက်သည်။
(၁၂) ပြစ်မှုနှင့် ပြစ်ဒဏ်ကို မမျှမတ ကျင့်သုံးခြင်း
ဖက်ဆစ်အစိုးရများ၏ လက်အောက်တွင် ဥပဒေများကို ဆောင်ရွက်ရာ၌ ပုလိပ်များကို လုပ်ပိုင်ခွင့်အာဏာ အလွန်အကျူးပေးအပ်ထားသည်။ တခါတရံ လူထုကြီးက ပုလိပ်တို့အာဏာအလွဲသုံးစားပြုမှုများကို မသိကျိုးကျွံပြုရန် သဘောတူကြရသည်။ မျိုးချစ်စိတ်ဓာတ်ဆိုသည့် အမည်နာမအောက်တွင် မိမိတို့၏ နိုင်ငံရေးအခွင့်အရေးများ လက်လွတ်ဆုံးရှုံးခံကြရသည်။
(၁၃) ဆရာမွေးတပည့်မွေးနှင့် အကျင့်ပျက်မှု
ဖက်ဆစ်အစိုးရများသည် အမြဲတမ်းလို မိမိတို့၏ မိတ်ဆွေအုပ်စုများ၊ အပေါင်းအသင်းများကို အစိုးရရာထူးရညခံများ၌ ခန့်အပ်ကြသည်။အစိုးရ၏ သြဇာနှင့်အာဏာကို အသုံးပြု၍ မိမိတုိ့မိတ်ဆွေများ၏ တာဝန်ရှိမှုများမှ လွတ်ကင်းအောင် အကာအကွယ်ပေးကြသည်။
(၁၄) အလိမ်အညာ ရွေးကောက်ပွဲ
တခါတရံ ဖက်ဆစ်နိုင်ငံများ၌ ပြုလုပ်သည့် ရွေးကောက်ပွဲများမှာ အတုအယောင်ရွေးကောက်ပွဲများ ဖြစ်ကြသည်။ ပြိုင်ဖက်များကို သိက္ခာကျအောင် ပြုလုပ်ခြင်းသော်လည်းကောင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းသော်လည်းကောင်း ပြုလုပ်ကြသည်။
ဖက်ဆစ်ဝါဒ အကြောင်းကား ရေးစရာများဆက်၍ရှိသေးသည်။ အလျဉ်းသင့်သလို ကြိုးစားရေးသွားပါဦးမည်။
ဒီနေရာက ယူပါတယ်။ https://www.facebook.com/profile.php?id=100009240307928&__tn__=%2CdC-R-R&eid=ARCcsazwt0buH0-wJJy8E8InaaOyAbqDGBHB3-VzRjPKwGRDQsbMSV86tNaIbamT3mU_hEbfIXVJn0uZ&hc_ref=ARTICGlAoq7OHLL9YLba-OTGNFHDuDN-R1ZPiWPMsY9DmdVJQ1RXouW0Ok99pVndutk&fref=nf

0 comments:

Post a Comment