Sunday, May 10, 2020

တဟီတီမှ ငါ့နေရာ စိတ်ပျက်ခဲ့တာ ရယ်စရာ(နောင်ကျော်)

0 comments
ခေတ်ရနံမဂ္ဂဇင်း၊ အမှတ်(၆၁)၊ ၂၀၁၉ မေလထုတ်မှ ဆရာနောင်ကျော်၏ ဆောင်းပါးကို ဆရာဒဂုန်ရာ ရာပြည့်မွေးနေ့တွင် ဆရာ့ကို ဂုဏ်ပြုသောအားဖြင့် တင်ပေးလိုက်ပါတယ်။
တဟီတီမှ ငါ့နေရာ စိတ်ပျက်ခဲ့တာ ရယ်စရာ
----------------------------------------------
တစ်ခါတစ်ရံ အောင်ဆန်းမှာ စိတ်အားငယ်တတ်သည်။ သူ့ ကိုတိုင်းသူပြည်သားများ က ချစ်ခင်ကြသည်။ သို့ငြားလည်း သူ့မှာ ရန်သူတွေ ဝိုင်းနေသည်။ နိုင်ငံရေးသမားဟောင်း ကြီးများမှာ သူ့ရန်သူများဖြစ်သည်။ အောင်ဆန်းလူကြည်ညိုခံရသည်ကို သူတို့ မနာလို ဖြစ်ကြသည်။
ဤသို့ စိတ်အားညှိုးငယ်နေသော အချိန်ကာလတစ်ညနေခင်းတွင် အောင်ဆန်းသည် ဒေါ်မန်စမစ်အားလာတွေ့ခဲ့သည်။ အောင်ဆန်း မှာတွေ့နေကျ မြန်မာတစ်ယောက်နှင့်မတူ သည့် လူတစ်မျိုးဟု မှတ်ထင်ရမည်ဆိုလျှင် ဒေါ်မန်စမစ်သည်လည်း အင်္ဂလိပ်ဘုရင်ခံ ထဲတွင် လူတူမရှိနိုင်သူတစ်ယောက်ဟု ပြောရလိမ့်မည်။ ဒေါ်မန်စမစ်၏ နွေးထွေးသော ဆက်ဆံရေးတွင် အောင်ဆန်းညွတ်ပျောင်းလာပြီး စိတ်အားငယ်နေသည့် သူ့အဖြစ်ကို ရင်ဖွင့်လေတော့သည်။ သူ့မှာ အစဉ်သဖြင့် အထီးကျန်ဘဝမှာ နေရသည်ဟုဆိုသည်။ မိတ်ဆွေများလိုချင်ပါသည်။ သို့သော်မတွေ့ (ရှာရနိုင်ဖို့အင်မတန်မှ ခဲယဉ်းခဲ့သည်)ဟု ပြောသည်။ ““ခင်ဗျားမှာ မိတ်ဆွေ မရှိဘူးလို့ ဘာကြောင့်ပြောနိုင်သလဲ။ အခုဆို ခင်ဗျားဟာ ပြည်သူ့ အချစ်ပန်းပဲမဟုတ်လား””ဟု ဒေါ်မန်စမစ်ကပြောသည့်အခါ အောင်ဆန်းက ““အဲဒီ ပြည်သူ့အချစ်တော်ဖြစ်အောင် ကျွန်တော် လုပ်တာမဟုတ်ဘူး။ ကျွန်တော့်တိုင်းပြည်လွတ် လပ်အောင်လုပ် တာပဲ။ အဲဒီလုပ်ငန်းဆောင်ရွက်တဲ့အခါ ဘဝဟာအခုလို အထီးကျန်တာ မျိုးဖြစ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး””ဟု ပြန်ပြောရင်းက အောင်ဆန်းသည် ဝမ်းနည်းပန်း နည်း ညည်းတွားခဲ့သည်။ ဒေါ်မန်စမစ်က သူ့ကိုနှစ်သိမ့်သည်။ သို့သော် နှစ်သိမ့်မှုက မပြေခဲ့””
[Maurice Collis, The Last and First in Burma (1941-1948) ကျော်အောင်(မြန်မာပြန်)စာ၊ ၃၈၃-၃၈၄“
(ခင်မောင်ကြီး၏ဘာသာပြန်နှင့်ပါညှိပါသည်။)
၁၉၄၆ ခုနှစ် ဇွန်လ ၁၄ ရက်တွင် ဘုရင်ခံဆာဒေါ်မန်စမစ်သည် တာဝန်ပြီးဆုံး၍ မြန်မာပြည်မှထွက်ခွာသွားသည်ဟု ဖတ်ရ သောကြောင့် ထိုရက်ထက်စောသောကာလမှာ တွေ့ဆုံခဲ့ကြခြင်းဟု ယူဆရမည်ထင်သည်။ ထုတ်နုတ်ပြထားသောစာကိုဖတ်ပြီး နိုင်ငံရေး ဆိုတာ ဒီလိုမျိုးလားဟု တွေးမိကြလိမ့်မည်။ အဖွဲ့အစည်း နိုင်ငံရေးတွင် ဤသို့ဖြစ်နိုင်သည်။ အာဏာနိုင်ငံရေးတွင် ဤသို့ဖြစ် မှာသေချာသည်ဟု မှတ်ချက်ပေးချင်သည်။ နိုင်ငံရေး၏ အခြေခံက ပရဟိတကိစ်္စဖြစ်သည်။ သို့သော်အဖွဲ့အစည်းထဲတွင် နိုင်ငံရေး အယောင်ဆောင် တွေ၊ ပရဟိတအရေခြုံထားသူတွေက သူတို့ အကျိုးစီးပွားအတွက် တွန်းတာတိုက်တာ၊ မြှောက်တာပင့်တာတွေ ကို ခုတုံးလုပ်ပြီး အသုံးချကြတာမျိုးတွေရှိသည်။ ပြီးတော့ အပြော တစ်မျိုး၊ အလုပ်တစ်မျိုးကျင့်သုံးပြီး လူထုလက်ခုပ်ကို ချူယူသူတွေ လည်းရှိသည်။ ကိုအောင် ဆန်းဝမ်း နည်းနိုင်လောက်သော နိုင်ငံရေးဝန်းကျင်က သူ့ဘေးမှာရှိနေလိမ့်မည်။ ဤသို့ကြံုရ ဆုံရသောအခါ ခံစားမှုဖြစ်ရသည်။ ဝမ်းနည်းမှုနှင့်အတူ စိတ်အားငယ်မှုနှင့်အထီးကျန်ဆန်မှု။
နိုင်ငံရေး၏ပကတိသဘာဝကတော့ ဤသို့မဟုတ်။ သို့သော် ထိုသို့ဖြစ်တတ်တာတွေ က ရှိနေသောအခါ။
(၂)
ဒဂုန်တာရာသည် နိုင်ငံရေးကိုစိတ်ဝင်စားသူဖြစ်သော်လည်း နိုင်ငံရေးပါတီအဖွဲ့အစည်း များတွင် ဝင်ရောက်လုပ်ကိုင်ဖို့စိတ် မဝင်စားသူ။ ကျောင်းသားဘဝတုန်းက တက်္ကသိုလ် သမဂ်္ဂတွင် အမှုဆောင်လုပ်ဖူးသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတုန်းက ထိပ်တန်း ရောက်နိုင်ငံရေးခေါင်းဆောင်ဖြစ်နေကြသူများနှင့် ရင်းနှီးနေသော်လည်း နိုင်ငံရေးထဲ မပါဝင်ခဲ့။ လခစားဝန်ထမ်း ဝင်မလုပ်ဖူးခဲ့။ ဂျပန်ခေတ် (၁၉၄၂-၄၅) တွင် အစိုးရအဖွဲ့ထဲမှာရှိ သော မိတ်ဆွေများက ရာထူးတွေပေးသော်လည်းလက်မခံခဲ့။ ဘဝတစ်လျှောက် လုံးတွင် အစိုးရဝန်ထမ်းအလုပ်နှင့်စီးပွားရေး အလုပ်များကို မလုပ်ဘဲလွတ်လပ်သောကဗျာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာဘဝများ ဖြင့်သာနေထိုင်ခဲ့သည်။ အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက်္ကဋ္ဌ(၁၉၅၀)၊ ကမ်္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာ နိုင်ငံ)၏ ဒုတိယဥက်္ကဋ္ဌ (၁၉၅၁ မှစ၍) တာဝန်ယူခဲ့ပြီး စာပေနှင့်သမိုင်းဆိုင်ရာအသင်း အဖွဲ့များတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးပါတီတွေထဲတွင် ပါဝင်လှုပ်ရှားမှုမရှိခဲ့သော် လည်း နိုင်ငံရေး ဝေဖန်ချက်နှင့် သဘောထားဆိုင်ရာဆောင်းပါးပေါင်းများစွာ ရေး ခဲ့သည်။ ဖဆပလအစိုးရခေတ်ကာလက အာဏာရအစိုးရ၏ လုပ်ဆောင် ချက်များကိုလည်း ဝေဖန် ရေးသားခဲ့သည်။ သို့သော် ဒဂုန်တာရာ သည် နိုင်ငံရေးသမားမဟုတ်။ ခေတ်ပြိုင်နိုင်ငံရေး အခြေ အနေတွေနှင့်တော့ မျက်ခြည်မပြတ်အောင် လေ့လာသုံးသပ်နေသူ ဖြစ်သည်။
အသင်းအဖွဲ့များတွင် ဝင်ရောက်လုပ်ကိုင်ရင်း အမြင်မတူသည့် အခါမျိုးတွင် ငြင်းရခုံရ တာတွေဖြစ်သည်။ တာရာမဂ်္ဂဇင်းထုတ် တုန်းကလည်း လစဉ်ရှုံးသဖြင့် (ထိုခေတ်ကငွေ) အိမ်မှ တစ်သောင်းကျော်ယူသုံးထားရသဖြင့် မဂ်္ဂဇင်းရပ်လိုက်သောအခါ အိမ်သားတွေ ကဝမ်းမြောက်ကြပြီး အဘွားကလည်း သူ့ကိုငွေ အတွက် မပူတော့သဖြင့် ကျေနပ်သွားခဲ့ သည်ဟု ဒဂုန်တာရာကရေးဖူးသည်။
““လူထုလှုပ်ရှားမှုထဲ၌မပါဘဲ အပြင်ပမှနေကာ ယင်းညီညွတ်ရေး၊ ငြိမ်းချမ်းရေးပြဿနာ တို့၏ ရိုက်ခတ်မှုကိုခံရသောအခါ အားလုံးကို စိတ်ပျက်မိသည်။ ကျွန်တော်တို့သည် စာအုပ်ကိုဖတ်ကာနေ၍ အမှန်ကိုသိရန်ခက်လှသည်။ ထိုအခါမျိုး၌ ကျွန်တော်သည် ဆုံးဖြတ်ချက်ပေးလေ့မရှိ၊ ပေးစရာမလို။ ၁၉၆၇ ကာလက ယင်းသို့သော စိတ်အခြေအနေရှိ သည်။
ထိုအခါ ကျွန်တော်သည် ရင်တွင်း၌ပြည့်ကျပ်နေသော မကျေနပ်မှု၊ မရှင်းလင်းမှု၊ ကိုယ့်ကိုယ်ကိုယ် အားမရမှုစသော စိတ်ဝေဒ နာများကို ဖွင့်ဟအန်ချရန် “ငါ့နေရာ” ကဗျာကို ဖွဲ့မိတော့သည်။ ယာယီစိတ် အခြေအနေ၏ဖော်ပြမှု””
(ဒဂုန်တာရာ၊ ကဗျာကိုတွေ့ရှိခြင်း၊ စာ-၁၃၆)
“ငါ့နေရာ”ဆိုသော ကဗျာကလည်း “တဟီဟီသွားရအောင်” ကဗျာနှင့်တွေးမြင်ပုံတွင် ခပ်ဆင်ဆင်တူသော်လည်း တဟီဟီသွား ရအောင် ကဗျာကသွက်သည်ဟုပြောရမည်ထင်သည်။ ကဗျာနှစ် ပုဒ်စလုံးတွင် နိုင်ငံရေးအပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်သော ခံစားမှုအဖွဲ့တို့ကို သတိပြုမိသည်။ တဟီဟီကဗျာကို ဒဂုန်တာရာ က “ဟာသရသဖြင့် ပြောင်ပြက်ထားသည်ကို ပြောင်သည်ဟုမထင် ကြ။ စကားပြောဟန်၊ ပြောင်သည့်ဟန်ဖြင့် ခနဲထားခြင်းဖြစ်သည်” ဟု ပြန်ရေးဖူးသည်။ သူက ပြောင်ပြက်ထားသည်ဟုဆိုသော ကဗျာကိုခံစားကြည့်ရအောင်။ အပြောင်အပြက်ကို ရှာကြည့်ရ အောင်။
တဟီတီသွားရအောင်
(ကဗျာဆရာ၏ထွက်ပြေးမှုဝါဒ)
သရက်ပွင့်တို့
နီကျင့်ဝါဝါ၊ ကြွေရင့်ဖွာကြ
လွင့်ကာရှပ်ရှပ်၊ ရေကမ်းစပ်သို့
ပြေးကပ်တော့မည်၊ ပင်လယ်ဆီသို့
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။
အို...ဘယ်ကြည့်ကြည့်
ဝင်းမှည့်ငိုက်ယွန်း၊ နေရောင်ထွန်း၍
ရွက်ပွန်းထိယှက်၊ သရက်ရွက်တို့
ပြိုးပြက်နီနီ၊ ဂိုဂင်နီနှင့်
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။
အဲ့ဒီကျွန်းမှာ
မိန့်ခွန်းမြွက်ကြား၊ တရားဟောသံ
နိုင်ငံရေးလည်းမရှိဘူးကွယ့်။
လူ့ဘဝ၏
အပေါ်ယံလွှာ၊ ၀ဲကာကြည်နူး
လုပ်ဇာတ်မြူး၏၊ စိတ်ကူးဝတ်္ထု
အတုရုပ်ရှင်လည်းမရှိဘူး။
အဘြားလုပ္သူ
ငြူစူစောင်းမြောင်း၊ ကြိမ်းမောင်းမာန်မဲ
ဆဲရေးသံများ၊ မကြားရဘူး
သိုက်မြုံဦးမှ၊ ကျူးရင့်ဆိုဟန်
ငှက်သံကိုသာ ကြားရမယ်။
ေရညိႇေအာက္မွ
မြွေဟောက်ဝါကျား၊ တို့ကစားပြီး
စွန့်စားခန်းလည်း တွေ့နိုင်သေး။
ရှန်ပိန်အရက်
မချက်လိုဘူး၊ အုန်းရေကိုသောက်
တစ်မော့လောက်နှင့်၊ မူးနောက်ဝေပြီး
သဲငွေသောင်မှာ အိပ်နိုင်သေး။
ဆာရင်လည်းလေ
တွဲလွဲငုံ့ဆိုင်၊ ငှက်ပျောခိုင်မှ
ခူးကိုင်ဆွတ်ကာ၊ အခွံနွှာပြီး
ဗီတာမင်များ၊ ဓာတ်အားကြွယ်လှ
ပလုပ်ပလောင်းစားနိုင်သေး။
ဘာလိုသေးလဲ
အေးအေးမေ့ပျောက်၊ သစ်ပင်အောက်မှ
နှစ်ယောက်တည်းပဲ၊ လက်တွဲချင်တွဲ
မေလည်းသီချင်း၊ လွတ်လပ်ခြင်းနဲ့
ရှိုက်မျှဉ်းတေးကို၊ အော်ဆိုချင်ဆို
ပျက်ပြိုအက်ကွဲကြောင်သွားပစေ။
ဘာလိုသေးလဲ
ငြိမ့်အေးတိတ်ဆိတ်၊ သစ်ပင်ရိပ်မှာ
မမှိတ်ရေးရေး၊ မျက်လုံးမှေး၍
တွေးတောကြံဖန်၊ ကာရန်ကိုရှာ
ကဗျာစပ်ကာ ရူးနိုင်သေး။
ဘယ့်နဲ့လဲမေ
လူထဲသူထဲ၊ ဟန်ဆောင်ဝဲမှ
တိုးရှဲဝေးရာ၊ ထိုကျွန်းသာသို့
ဘယ်ခါလိုက်မယ်ပြောစမ်းပါ့။
(ရှုမဝမဂ်္ဂဇင်း၊ ၁၉၄၉)
(ဒဂုန္တာရာ၏ ဒဂုန္တာရာ၊ စာ ၃၄၁-၃၄၃)
ရှုမဝမဂ်္ဂဇင်းတွင်ပါသော ဤကဗျာကိုဖတ်ပြီး စာရေးဆရာ ကြီး ဦးရန်အောင်က ““ဒီလိုကာရန်ရော၊ အစပ်အဟပ်ပါ မပီသ၊ မခိုင်မြဲတဲ့ ကဗျာမျိုးကို ဒီပြင်တစ်ယောက်ယောက်က စပ်တယ်ဆို ရင်တော့ သူ့ခမျာ မစပ်တတ်ရှာလို့ပဲလို့ ခွင့်လွှတ်ဖို့အကြောင်းရှိ သေးရဲ့။ တာရာဆိုတဲ့လူကတော့ တမင်ကိုလုပ်နေတာနဲ့တူတယ်”” ဟုပြောကြောင်းသိရသည်ဟု ဒဂုန်တာရာက ပြန်ရေးဖူးသည်။ ယနေ့ ခေတ်ပြိုင်ကာလက ကဗျာရေးသူ၊ ဖတ်သူတွေအတွက် ဤ ကဗျာရေးဟန် (မျက်မြင်ကာရန်ယူပုံ)က အထူးအဆန်းမဟုတ် လှသော်လည်း သူ့ခေတ်ပြိုင်ကာလမှာတော့ အစဉ်အလာစည်း မျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့သော ကာရန်ယူပုံစနစ်ဖြစ်သည်။ 
ဤကဗျာအတွေးအတိုင်းပင် ဆရာရန်အောင်က ဂန်္ထဝင်လေးလုံး စပ်နည်းဖြင့် ပြန်ရေးပြခဲ့ဖူးသည်။
ဤကဗျာကို ကဗျာဖတ်သူတွေက အဓိပ်္ပာယ်အမျိုးမျိုး ကောက်ခဲ့ကြပြီး ကဗျာထဲမှလူနှင့်ဒဂုန်တာရာကို တစ်ယောက်တည်းဖြစ် သည်ဟူသော ချဉ်းကပ်သည့်ရှုထောင့်အတွက် ကဗျာရေး သူကိုယ်တိုင်ဖြေရှင်းခဲ့ရပြီး ဟာသရသဖြင့် ပြောင်ပြက်ထားသည်ဟု ဘယ်သူကမှ မထင်ခဲ့ကြ။
““ထို့ကြောင့် ကျွန်တော်သည် နောက် ၁၃ နှစ်ခန့်အကြာ “အလင်္ကာ” ကဗျာပေါင်းချုပ် စာအုပ်၌ ယင်းတဟီတီကဗျာကို ပုံနှိပ်သောအခါ “တဟီတီသွားရအောင်”ခေါင်းစဉ်အောက်၌ “ကဗျာဆရာ၏ ထွက်ပြေးမှုဝါဒ”ဟူ၍ အဓိပ်္ပာယ်ကောက်ရန် ညွှန်းသောခေါင်းစဉ်ငယ် တပ် လိုက်ရသည်””
သူ့ကဗျာထဲ၌ အဘွား၏ဆူပူကြိမ်းမောင်းသံနှင့်ဝေးရာ၊ မိန့်ခွန်းပြော၊ တရားဟောသော နိုင်ငံရေးနှင့်ဝေးရာ တဟီတီကျွန်းဆီ သို့သွားဖို့ပါသည်။ ဤကဗျာပိုဒ်တွေကြောင့် ဒဂုန်တာရာ ကို ကဗျာထဲက ပုဂ်္ဂိုလ်နှင့်တစ်ထပ်တည်း သဘောထားကြပုံရသည်။ တကယ်တမ်းပြောရ လျှင် နိုင်ငံရေးလောကထဲ သေသည်အထိ ရပ်တည်သွားသော ကိုအောင်ဆန်းပင်လျှင် အထီးကျန်ခံစားမှုဖြစ်ပြီး ဝမ်းနည်းပန်းနည်းဖြစ်ခဲ့သည်ပဲမဟုတ်လား။ ဤစိတ်အခံကြောင့်ပင် လျှင် လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးလောကမှထွက်ပြီး စာရေး ဆရာလုပ်မည်ဟုပြောခဲ့ သည်ပဲမဟုတ်လား။ နိုင်ငံရေး၏အခြေခံက ပရဟိတဖြစ်သည်မှန်သော်လည်း အဖွဲ့အစည်း၊ ပါတီထဲတွင် အယောင်ဆောင်နိုင်ငံရေးသမားတွေရှိနေတတ်ခြင်းက နိုင်ငံရေး ကို စိတ်ပျက် စရာကောင်းသော ခံစားမှုဖြစ်စေခဲ့သည်ထင်သည်။
ဒဂုန်တာရာက သူ့ကဗျာထဲက နိုင်ငံရေးကိစ်္စကို ဤသို့ရေးဖူးသည်။
““၁၉၄၉ က “တဟီတီသွားရအောင်” ကဗျာရေးစဉ်က လက် တွ့လုပ်ရပ်မပါဘဲ တရား ဟော၍သာနေသော စင်မြင့်နိုင်ငံရေး (ယနေ့အခေါ်အာလူးနိုင်ငံရေး)ကို “မိန့်ခွန်းမြွက်ကြား၊ တရားဟောသံ၊ နိုင်ငံရေးလည်းမရှိဘူး”ဟု ပြောင်ခဲ့သည်။””
(မိုးဝေမဂ်္ဂဇင်း၊ မေ၊ ၁၉၇၈)
ဒဂုန်တာရာသည် စာပေလမ်းကြောင်းကိုရွေးချယ်ပြီး ရပ်တည်ခဲ့သော်လည်း သူနှင့်နီး ကပ်သော အသိုင်းအဝိုင်းက နိုင်ငံရေးလမ်းကြောင်းပေါ်မှ လူပုဂ်္ဂိုလ်တွေပိုများသည် ဟု ရေးခဲ့ဖူး သည်။ လွတ်လပ်ရေးအကြိုခေတ်နှင့် လွတ်လပ်ရေး ရပြီးခေတ်တွင် စာပေသမားတွေ ထက် နိုင်ငံရေးသမားတွေနှင့်ပိုပြီး ရင်းနှီးခဲ့သူဖြစ် သည်။ သူနှင့်နိုင်ငံရေးသမားတွေကြားက ကွဲလွဲချက်ကို ဤသို့ရေး ခဲ့ဖူးသည်။
““ကျွန်တော်သည် နိုင်ငံရေးကိုယုံကြည်၏။ သို့သော် နိုင်ငံရေးသမားများနှင့်ပတ် သက်၍ ကျွန်တော့်ရင်တွင်း၌ ခံစားနေသော သံသယတစ်ခုရှိနေ၏။ နိုင်ငံရေးပန်းတိုင်ကား ကျွန်တော်နှင့်အတူတူပင်ဖြစ်၏။ သို့သော် နိုင်ငံရေးသမားတွေနှင့် ကျွန်တော်မှာ အကြီး အကျယ်ကွဲတာရှိ၏။ သူတို့က ပန်း တိုင်ရောက်အောင် ဘယ် နည်းနှင့်မဆိုသွားနိုင်ကြ၏။ ကျွန်တော်က “ဘယ်နည်းနှင့်မဆို”ကို လက်ခံ၍မရ။ ပန်းတိုင်လည်းမှန်ရမည်၊ သွားမည့်နည်း လမ်းလည်း မှန်ကန်ရမည်၊ ဖြောင့်ရမည်ဟု ယုံကြည်နေမိသည်။ မှန်ကန်ရမည်၊ ဖြောင့်ရ မည်ဆိုရာ၌ တရားသောနည်းလမ်းကိုဆိုလို၏။
နိုင်ငံရေးပန်းတိုင်ကား တိုင်းပြည်ကြီးပွားရေးဖြစ်သည်။ သို့သော် တကယ်လက်တွေ့ ကား လုပ်ယင်းလုပ်ယင်း မိမိ၏ပုဂ်္ဂလိက ကြီးပွားရေးဖြစ်နေတတ်သည်””
(ဒဂုန်တာရာ၊ စာလုံးစောင်းကြိုး၊ ဆေးစက်နှင့်ကတီ်္ထပါကားလိပ်၊ စာ-၂၇၃)
ဤသို့သော အမြင်သဘောထားရှိသော ဒဂုန်တာရာအတွက် နိုင်ငံရေးသမားဆိုသူ တချို့၏လုပ်ရပ်အပေါ် စိတ်ပျက်လက်ပျက် ဖြစ်မိတာကတော့ ရှိမှာသေချာသည်။ သူက မကျေနပ်မိသော၊ ဘဝင်မကျမိသောအခါ ကဗျာရေး၍ ပြက်ရယ်ပြုသည်။ အပြောင် အပြက်လုပ်ကာရေးသည်။ အတည်ပေါက်ကြီးတော့ ဝေဖန်တိုက် ခိုက်တာမျိုးမလုပ်ခဲ့။ ရန်သူ ဟု (ထိုစဉ်ကာလက သဘောထား အရ) သတ်မှတ်မထား၍လည်း ဖြစ်မည်။ သို့သော် စိတ်ပျက်လက်ပျက်။
“တဟီတီသွားရအောင်”ကဗျာလိုမျိုး နောက်တစ်ပုဒ်ရှိသေးသည်။ “ငါ့နေရာ” ကဗျာ ဖြစ်ပြီး ၁၉၆၇ ခုနှစ် ဒီဇင်ဘာ ငွေတာရီ မဂ်္ဂဇင်းတွင် ဖော်ပြခဲ့သော ကဗျာဖြစ်သည်။ (မာယာစာအုပ်တွင် ၁၉၇၆ ခုဟု မှားယွင်းနေ သည်။) ဤကဗျာမှာတော့ ကဗျာဆရာ ၏ ရင်တွင်း ထိခိုက်မှုက “တဟီတီ”ကဗျာထက် ပြင်းထန်ပုံရသည်။ ဤသို့မှတ် ချက်ပေးရသော အကြောင်းရှိသည်။ သူကိုယ်တိုင်ပြန်ရေးသော စာများဖြင့် ကိုးကား ပြလျှင်ပိုရှင်းမည်ထင်သည်။
““ယင်းကဗျာ၌ ခြောက်ပိုဒ်ရှိသည့်အနက် အထက်ငါးပိုဒ်၏ အဓိပ်္ပာယ်မှာရှင်းသည်။ ကျွန်တော်နေချင်သော စိတ်ကူးကမ်္ဘာ၊ လူပေါ်စရှေးဦးဘုံခေတ်ဆန်ဆန်၊ ပန်းနုရောင်၊ ပယင်းရောင်မြေ ကြီး၊ တောင်ရိပ်ထင်သော စမ်းချောင်းဘေး၊ ငန်းဖြူမျောသော ရေကန်၊ ထင်ရှူးပင်၊ ယူကလစ်တပ်ပင်များဝိုင်းရံလျက်။ ကျွန်တော် နှစ် သက်သော သစ်ခွပန်းအပြာ၊ နှင်းဆီဝါတို့က ပွင့်ဖူးလျက်။ နာရီ မလို၊ ပိတောက်ပန်းသည် နှစ်သစ်၏အမှတ်အသား၊ တကယ်ငြိမ်း ချမ်းရေးအစစ်ရှိသောတော။ မိမိဘာသာလုံလောက်ဖူလုံသော စီးပွားရေးသဘောတရား။ စားဝတ်နေရေးကို မိမိဘာသာဖန်တီး သည့် လွတ်လပ်သည့်သဘော။ ကိုယ်တိုင်စိုက်ကိုယ်တိုင်ရက်ကာ ဝါးအိမ်၌နေချင်သည်။ ကြာပွင့်သော သီတင်းကျွတ်၌ပင် ကောက် ရင်ပွင့်နေပေပြီ။ စာအုပ်လည်းမဖတ်ချင်။ ကျွန်တော်၏ အဖော် မိတ်ဆွေများမှာ နေ၊ လ၊ ကြယ်တာရာ၊ ရေမြေတောတောင်စသော စသော သဘာဝ။ ကောက်ရိုးပုံ၌ မှေးကာ ကျေးငှက်တေးသံ၊ နေဝင်ချိန်ပန်းချီကားအလှ၊ စံပယ်ကုံးသီသော အနုပညာစသည်တို့ ကို အာရုံခံစားမည်။
နောက်ဆုံးအပိုဒ်ကား ကျွန်တော်၏ယာယီပေါ်လာတတ် သော စိတ်အခြေအနေကို ဖော်ပြဖွင့်အန်ထားပေသည်။ တစ်ပုဒ်လုံး ၏အချုပ်ပင်။
(ကဗျာကိုတွေ့ရှိခြင်း၊ စာ-၁၃၄)
သူညွှန်းသောကဗျာ၏ နောက်ဆုံးအပိုဒ်ကား ထိုသို့ဖြစ်၏။
““ဤေနရာ၌
နှစ်ကြာကာလ၊ ပျင်းရိကလျှင်
မြေတွင်မြှုပ်ထား၊ တူးဖော်ငြား၍
ဓာတ်အားခဲဆံ၊ အသံဖမ်းစက်
ဖွင့်လျက်ထားပြီး၊ လူသားအသံ
ဆဲသံခြဲသံ၊ ကြဲသံၿပဲသံ
ရွဲ့သံမဲ့သံ၊ ပလီသံကို
နာခံဝဝ၊ သည်ဟာသဖြင့်
အားရပါးရ ရယ်နိုင်သေး””
(ဒဂုန်တာရာကဗျာပေါင်းချုပ်၊ စာ-၁၇၀)
နေရတာကြာလာသဖြင့် ပျင်းလာပါက မြေကြီးထဲတွင်မြှုပ် ထားခဲ့သော ထရန်စစ်္စတာရေဒီယိုကိုပြန်တူးဖော်ထုတ်ယူကာ ဆဲသံခွဲသံ၊ ပလီသံ စသည်တို့ကို နားထောင်ရင်းအားရပါးရ ရယ် မောနိုင်သေးသည်ဟု ရေးထားသော အဆုံးသတ်ပိုဒ်ဖြစ်သည်။ ဤကဗျာပိုဒ်နှင့်ပတ်သက်၍ ဒဂုန်တာရာရေးခဲ့သော စာကိုပြန်ဖတ် ကြည့်လျှင် ဘာကြောင့်လဲဆိုသည်ကို ရှာတွေ့လိမ့်မည်ထင်သည်။
““ထိုနှစ်ကား ၁၉၆၇။ ကျွန်တော်အကျဉ်းထောင်မှ လွတ်လာ သောနှစ်။ ပြည်တွင်းပြည်ပအဖြစ်အပျက်များက ကျွန်တော့်အား ရိုက်ခတ်လျက်ရှိနေသည်။ တရုတ်ပြည်၌ မဟာပစ်္စည်းမဲ့ယဉ်ကျေးမှု တော်လှန်ရေးကြီးသည် အရှိန်ကောင်းလျက်ရှိနေသည်။ မြန်မာ ပြည်၌လည်း အရေးအခင်းများ ဖြစ်ပွားနေသည်။ တောတွင်း၌ လည်း ပြန်လည်ပြင်ဆင်ရေးဆန့်ကျင်မှု တိုက်ပွဲများပြင်းထန်လျက် ရှိနေသည်။ တရုတ်-ဆိုဗီယက်ကွဲလွဲမှုများလည်း အရှိန်လျော့သည် မရှိ၊ တင်းမာသည်ထက် တင်းမာလျက်ပင်ရှိနေသည်။ ကျွန်တော် သည် ရန်ကုန်၊ မော်စကို၊ ပီကင်းရေဒီယိုအသံများကို နားထောင် လျက်ရှိနေသည်။ “ဆဲသံခွဲသံ ကွဲသံပြဲသံ”များကို ကြားနေရသည်။ “မဲ့သံ ရွဲ့သံ ပလီသံ”တို့ဆိုသည်မှာ ချစ်တော့တစ်မျိုး၊ မုန်းတော့ တစ်မျိုး (သဘာဝတော့ကျပါသည်) တစ်ဖက်နှင့်တစ်ဖက် ပုတ် ခတ်သည်များကို တင်စား၍ဆိုခြင်းဖြစ်ပေသည်။ အခြေအနေ ပြောင်းသောအခါ အာဘော်လည်း ပြောင်းသွားပြန်သည်။ ခုချို ခုခါး ပရိယာယ်များကို ပြောင်ထားခြင်းဖြစ်ပေသည်။ ထိုအခါက ကျွန်တော်၏ ရင်ထဲ၌မကျေနပ်ချက်များ၊ မကျေလည်မှုများ၊ မရှင်း လင်းမှုများဖြင့် ပြည့်သိပ်လျက်ရှိသည်။ ကျပ်ခဲတောင့်တင်းလျက်ရှိ နေသည်။””
(ကဗျာကိုတွေ့ရှိခြင်း၊ စာ-၁၃၅)
ဤသို့သော စိတ်ခံစားမှုအခြေအနေတွင် “ငါ့နေရာ”ကဗျာကို ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ မကျေနပ်၊ မကျေလည်၊ မရှင်းလင်းမှုတွေ ဖြင့် စိတ်ထဲကျပ်ခဲတောင့်တင်းမှုကို အဖြစ်စေခဲ့ဆုံးဖြစ်ရပ်ကတော့ ဗမာပြည်ကွန်မြူနစ်ပါတီ (ပဲခူးရိုးမ)မှ ပါတီတွင်းအရေးယူသေဒဏ် ပေးမှုတွေပဲဖြစ်လိမ့်မည်ထင်သည်။ ဒဂုန်တာရာ ဤကိစ်္စကို တိုက် ရိုက်တော့မပြောခဲ့ပါ။ သို့သော် ရင်ထဲမှာကြီးကျယ်ပြင်းထန်သော ခံစားမှုဒဏ်ရာဖြစ်ခဲ့မည်ထင်သည်။ နိုင်ငံတကာအရေးအခင်းထက် ပြည်တွင်း(တော်လှန်ရေးပါတီအတွင်း)မှာဖြစ်သော အရေးအခင်း က မကျေနပ်၊ မကျေလည်၊ မရှင်းလင်းမှုဖြစ်စေခဲ့မည်ထင် သည်။ ““ပုဂ်္ဂိုလ်ရေးကိုယ်ထည်မှ ကိုယ်ခွဲတစ်ခုက ဇာတ်ကောင် တစ်ခု အဖြစ် ရင်ထဲမှာ ပြည့်သိပ်နေသော ဝေဒနာကို ဖွင့်ဟအန်ချလိုက် သည်”” ဟုပင် ဒဂုန်တာရာကပြန်ရေးခဲ့သည်။ “ရင်ထဲမှ ပြည့် သိပ်နေသော ဝေဒနာ”” ဟူသောစကားလုံးက ခံစားမှုဘယ်လောက် ပြင်းထန်ခဲ့ သလဲဆိုသည်ကို ဖော်ပြနေသည်ပင် မဟုတ်ပါလား။ တန်ဖိုးထား သောဝါဒ၊ တန်ဖိုးထားသောပါတီ၊ တန်ဖိုးထားသော မိတ်ဆွေများ ကြားမှာ ဖြစ်သောပြဿနာများ။
(၃)
““လူထုလှုပ်ရှားမှုထဲမပါဘဲ အပြင်ပမှနေကာ ယင်းညီညွတ် ရေး၊ ငြိမ်းချမ်းရေးပြဿနာတို့၏ ရိုက်ခတ်မှုကို ခံရသောအခါ အားလုံးကို စိတ်ပျက်မိသည်””ဟုရေးခဲ့ဖူးသည့်အတိုင်း ဒဂုန်တာရာ သည် စိတ်ပျက်လက်ပျက်ခံစားမှုဖြစ်ခဲ့သည်။ တကယ့်လုပ်ရပ်မပါ ဘဲ တရားဟော၍သာနေသော စင်မြင့်နိုင်ငံရေး(အာလူးနိုင်ငံရေး) ကိုလည်း စိတ်ပျက်ခဲ့ဖူးသည်။ ဝါဒလမ်းကြောင်းတစ်ခုတည်းပေါ်မှာ ရပ်ပြီး ယုံကြည်လေးနက်စွာ၊ စွန့်လွှတ်ရဲစွာလုပ်ကိုင်ကြသော အဖွဲ့ အစည်းထဲမှ အကွဲအပြဲတွေ၊ ဆဲဆိုသံတွေ၊ စွဲချက်တွေကိုလည်း အကြီးအကျယ်စိတ်ပျက်ခဲ့ဖူးသည်။ သူက ကဗျာဆရာဆိုတော့ ထိုခံစားမှုတွေကို ကဗျာထဲမှာသိမ်မွေ့စွာဖွဲ့ခဲ့သည်။ ကဗျာသက် သက်ကိုသာဖတ်လျှင် (ခေတ်ပြိုင်ပရိသတ်အချို့မှလွဲ၍) သူပေးချင် သော ခံစားမှုကို ရဖို့ခက်မည်ထင်သည်။ ရလျှင်တောင်မှ အပေါ်ယံ မျှသာရနိုင်လိမ့်မည်ထင်သည်။ သူရေးသောကဗျာအတ်္ထုပ်္ပတိ္တနှင့် ဆက်စပ်မိတော့မှ “ဒါကိုရေးခဲ့တာပါလား”ဟုသိပြီး ခံစားမှုအရပို၍ နက်ရှိုင်းလာပေလိမ့်မည်။
ကိုအောင်ဆန်းက နိုင်ငံရေးအရထိပ်သီးခေါင်းဆောင်ဖြစ်နေ ချိန်တွင်ပင် ““အထီးကျန်သောခံစားမှု””ဖြင့် ဝမ်းနည်းခဲ့ဖူးသည်။ နိုင်ငံ ရေးဆိုသည်မှာ ပရိဟတစိတ်အခြေခံဖြင့် လုပ်ရသော အလုပ်မျိုး ဖြစ်သော်လည်း နာမည်ကြီးလာသော ပါတီအဖွဲ့အစည်းနှင့် အာဏာနိုင်ငံရေးအခြေခံသောလမ်းကြောင်းပေါ်သို့ ရောက်လာ သော အခြေအနေတွင် နိုင်ငံရေးအယောင်ဆောင်တွေ၊ ပရဟိတ အရေခြုံတွေက ထိုအဖွဲ့အစည်းနှင့်ထိုလောကထဲတွင် မင်းမူလာ တတ်၊ တွင်ကျယ်လာတတ်၊ အကောင်လုပ်လာတတ်ကြသည်။ နောက်တစ်ခုကတော့ ပရဟိတစိတ်အခြေခံကောင်းသော်လည်း အစွန်းရောက်အတွေးအမြင်နှင့်တရားသေဆန်သော လုပ်ဟန်များ၊ ပြောဆိုမှုများ။
နိုင်ငံရေး၏အခြေခံသဘာဝကကောင်းသော်လည်း လူတွင် ကျယ်လုပ်သူတွေ၊ ငါနှင့်မတူလျှင် ရန်သူဟုသတ်မှတ်ပြီး တိုက်ခိုက် တတ်သူတွေ၊ လုပ်စားကိုင်စားအချောင်သမားတွေကြောင့် နိုင်ငံ ရေးဆိုသည်က စိတ်ပျက်စရာကောင်းလာတာမျိုးဖြစ်တတ်သည်။ ဒဂုန်တာရာလည်း အခိုက်အတန့်ကာလတစ်ခုတွင် စိတ်ပျက်လက် ပျက်ဖြစ်ဖူးသည်။ သို့သော် ယုံကြည်ချက်နှင့်ရပ်တည်ချက်က ပျက် မသွားခဲ့ပါ။
နောင်ကျော်
၂၁၊ ၁၊ ၂၀၁၉

0 comments:

Post a Comment