Sunday, May 24, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၁၃ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၁၃ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁)
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အမျိုးသားရေးစုစည်းမှု
၁၈၅၂ ခုနှစ် မင်းတုန်းမင်း ထီးနန်းသိမ်းပိုက်တော့ မြို့တော်က အမရပူရမှာပါ။ အမရပူရမှာ ၅ နှစ်ကြာပြီးမှ သူက မြို့တော်အသစ် တည်ချင်လာတယ်။ အကြောင်းကတော့ အသက်ကလေးရယ်တဲ့ရှည်စေလို မန်းတောင်ရိပ်ခိုဆိုတဲ့ တဘောင်ကြောင့်ပါ။ တဘောင်ထဲကအတိုင်း ဘုရင်က သူ့ရဲ့မြို့တော် အသစ်ကို မန္တလေးတောင်ခြေမှာ တည်ပါတယ်။ သူ့ရဲ့ မြို့တော်အသစ်ကို ရတနာ့ပူရ (ရတနာပုံ) လို့ သမုတ်တယ်။ ကျောက်မျက်ရတနာတွေရဲ့မြို့တော်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမဲ့ မန္တလေးလို့ပဲ လူသိများတယ်။ လူတွေကို အရှင်လတ်လတ် မြေမြှုပ်ရင် မြို့ကို ရန်သူ့လက်က ကာကွယ်နိုင်တယ်လို့ အယူရှိတဲ့အတိုင်း ကလေး လူကြီး ၅၂ ဦးကို မြေမြှုပ်ခဲ့တယ်။ တံခါး ၁၂ ပေါက်မှာ ၃ ယောက်စီ၊ ထောင့် ၄ ထောင့်မှာ ၁ ယောက်စီ၊ ကတုတ် ၄ ခုမှာ ၁ ယောက်စီ၊ နန်းတောါတံခါး ၄ ရပ်မှာ ၁ ယောက်စီနဲ့ ပင်မနန်းဆောင်အောက်မှာ ၄ ယောက်ပါ။ ဒါကြောင့် စုစုပေါင်း ၅၂ ဦးပါ။ အင်္ဂလိပ် သံတမန်တစ်ယောက်က ဒီအကြောင်းကိုမေးတော့ မင်းတုန်းမင်းက ဒီအကြောင်းကို ငါဘာမှ မသိဘူးလို့ ငြင်းပါတယ်။ သူ့ရဲ့ မြို့တော် အဆောက်အအုံတွေမှာ ဒါမျိုးမလုပ်ဘူးလို့ ပြောပါတယ်။ အမရပူရနဲ့ နှိုင်းယှဉ်ကြည့်ရင် မန္တလေးက သာပါတယ်။ ဒါပေမဲ့ အင်းဝလောက် မကောင်းဘူး။ ဒါ့ကြောင့် မြို့တော်အသစ် တည်ဆောက်တာက အမြော်အမြင်ရှိတဲ့ ပြောင်းရွှေ့မှုလို့ ကျွန်တော်တို့ မပြောနိုင်ပါဘူး။ 
မင်းတုန်းမင်းက သိပ်ပြီး ဘာသာရေးကိုင်းရှိုင်းသူ ဖြစ်ချင်တာပါ။ ဗုဒ္ဓဘာသာ ပြန့်ပွားရေးနဲ့ သာသနာပြုရေးအတွက် အကြီးအကျယ် ကူညီတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဘာသာတရားအားလုံးကို သဒ္ဓါပွားခဲ့ပါတယ်။ ခရစ်ယာန် သာသနာပြုတွေကို ငွေကြေးနဲ့ မြေနေရာတောင် ကူညီခဲ့ပါတယ်။ ၁၈၆၈ ခုနှစ် မေလ ၄ ရက်နေ့မှာ ပိဋကတ်သုံးပုံ အပြည့်အစုံကို ကျောက်ချပ်ရေ ၇၂၉ ချပ်နဲ့ ရေးထိုးပြီးစီးတယ်။ အဲဒီ တိပိဋက ကျောက်စာတွေကို ကုသိုလ်တော်ဘုရားထဲမှာ စိုက်ထူတယ်။ ရွှေတိဂုံဘုရားကိုလည်း ထီးတော်အသစ်တင်တယ်။ အဲဒီထီးတော်က ရူးပီး ၆ သိန်းကုန်ပြီး ၁ တန်လေးတယ်။ ထီးတော်ကို အင်္ဂလိပ်အစိုးရ ခွင့်ပြုချက်နဲ့ ရန်ကုန်ပို့လိုက်တယ်။ ရွှေတိဂုံဘုရားဂေါပကကို ဘုရင့်လက်ဆောင်အဖြစ် ပို့လိုက်တာပါ။ ထီးတော်ကို ဘုရားမှာ ၁၈၇၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်က တင်ခဲ့တယ်။ မင်းတုန်းမင်းက ပုဂံရွှေစာရံဘုရား ကိုယ်ပွား ကုသိုလ်တော်ဘုရားကိုလည်း တည်ခဲ့တယ်။ ဒါ့အပြင် ၁၈၇၁ ခုနှစ် ဧပြီလ ၁၅ ရက်မှာ စတင်ပြီး ၁၈၇၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက်မှာ အဆုံးသတ်တဲ့ ပဥ္စမသင်္ဂါယနာတင်ပွဲကိုလည်း ကမကထလုပ် ဆော်သြခဲ့တယ်။ အခမ်းအနားကို မြန်မာနဲ့ သီရိလင်္ကာတဝှမ်းက သံဃာ ၂၄၀၀၀ တက်ရောက်ခဲ့တယ်။ မြေနန်းပြဿဒ်ဆောင်မှာ ၅ လနီးပါး စုဝေးဆုံးဖြတ်တာပါ။ ဗုဒ္ဓရဲ့ သင်ကြားချက်တွေကို ရွတ်ဆိုပြီး စာနဲ့မရေးခင် သုတ်သင်တည်းဖြတ်တယ်။ ဒီလိုနဲ့ မင်းတုန်းမင်းဟာ ပဥ္စ မသင်္ဂါယနာတင် အလှူ့ဒါယကာဘွဲ့ကို အလေးအမြတ်ထားပြီး ခံယူခဲ့ပါတယ်။ အလှူငွေချည့်သက်သက် ရူးပီး ၂၂၆ သန်း ကုန်ကျတယ်လို့ ဆိုပါတယ်။ ဒီလောက်များပြားတဲ့ငွေကြေးပမာဏဟာ သူပိုင်ချည့်ပဲလည်း မဟုတ်ပါဘူး။ ရာဇဓမ္မသင်္ဂဟကျမ်းလို့ခေါ်တဲ့ နာမည်ကျော် နိုင်ငံရေးကျမ်းကို ပြုစုသူ သက်တော်ရှည် ဝန်ကြီးတစ်ပါးက ဘုရင်ဟာ တိုင်းပြည်ပိုက်ဆံတွေကို ဖြုန်းတီးပစ်တာပဲလို့ စွပ်စွဲတာကို ခံရပါတယ်။

0 comments:

Post a Comment