Sunday, May 10, 2020

အဖေ့အကြောင်း(၃) (အောင်သွေး)

0 comments
အဖေ့အကြောင်း(၃) (အောင်သွေး)
မင်းလှမှာ အဖေကျောင်းဆရာဘဝနဲ့လေးနှစ်နေခဲ့ရပြီး၊ နတ္တလင်းမြို့နယ် ဖလံပင်ရွာကို ၁၉၅၈မှာ ပြောင်းရွှေ့ခွင့်ရခဲ့တယ်။ အဲဒီကမှ ဇီးကုန်းကို ပြောင်းရပြီး ဇာတိ သစ်နဖားရွာမှာ အလယ်တန်းကျောင်းအုပ်တာဝန် ယူခဲ့ရတယ်။ ကျောင်းကဟောင်းပြီး ထရံတွေက ဆွေးမြေ့နေပါတယ်။ အသစ်ဆောက်ဖို့မြေနေရာမရှိလို့ အဖေကသစ်နဖားချောင်းကိုဖြတ်ဖောက်ခါ ကျောင်းမြေနေရာရအောင် လုပ်ခဲ့ရပါတယ်။ ရွာခံဆွေမျိုးတွေ အကူအညီနဲ့ နှစ်ထပ်ကျောင်းဆောင်သစ်ကို ဆောက်နိုင်ခဲ့တယ်။ အသေးစိတ်တော့မမှတ်မိတော့ပါ။ မှတ်မိတာကဇီးကုန်းက အမျိုးတယောက် အိမ်မှာ ကျနော်တို့မိသားစု အိမ်ငှားနေရတာရယ် စစ်တပ်အာဏာသိမ်းပြီးနောက် ဆယ်နှစ်သားကျော်က ဘဝတွေကိုပါပဲ။

၁၉၆၄-၁၉၆၅ခုနှစ်လောက်က သီတင်းကျွတ်နဲ့တန်ဆောင်မုန်း ပွဲတော်တွေကို ကျနော်မှတ်မိနေတယ်။ အဲဒီကာလက ကျနော်အဖေ့ဇာတိ အဖေ့အမတွေရှိရာသစ်နဖားရွာကို ရောက်နေခဲ့တယ်။ မီးထွန်း ရေမျှောပွဲတော်အတွက် နေ့လည်က ကျနော်တို့သူငယ်ချင်းတသိုက် ချောင်းဘေးမှှာ ရွှံ့တွေခွာ၊ ဖယောင်းတိုင်ထည့်ထွန်းဖို့ အထိုင်လေးတွေ လုပ်ပြီး အခြောက်လှမ်းနေခဲ့တယ်။ ညကျရင် ငှက်ပျောဖတ်တွေပေါ်မှာ တင်ပြီး ဖယောင်းတိုင်ထွန်း-ချောင်းရေထဲမျှောဖို့ပေါ့။ ညဦးပိုင်း နေဝင်ရီတရောမှာ ရွာထဲကို တပ်မတော်စစ်ကြောင်း ဝင်လာပါတယ်။ ကျနော်တို့ပွဲပျက်ခဲ့ပါတယ်။ ဦးကြီးနဲ့ကြီးတော်အိမ် မြန်မြန်ပြန်ပြေး ခဲ့ရတယ်။ အိမ်ရောက်တော့ စစ်သားတွေကရောက်နှင့်နေပြီ။ အမတဝမ်းကွဲအပျိုပေါက်က ကျနော့်ကို သူ့အနား ကပ်ထားပါတယ်။ တမိသားစုလုံး အိမ်ပေါ်မှာအိပ်အောက်ထပ်မှာကစစ်သားတွေ၊ တပ်စိတ်-တစိတ်။ ကျနော်ကစပ်စုတတ်သူပီပီ အိမ်ပေါ်ကြမ်းပျဉ်ကြားကနေပြီး အောက်ကို ချောင်းချောင်းကြည့်တယ်။

ပြောရအုံးမယ်။ ကျနော်တို့ဒေသက တတောင့်ထိုးလုပ်သေနတ်လုပ်ရာမှာ နံမည်ကြီးတယ်။ အရှည်တမီတာလောက်ရှိတဲ့ VICEခုံ-တခုံရယ်-တံစဉ်း-၃-၄လက်လောက်ရှိရင် လုပ်သေနတ်လုပ်လို့ရပြီ။ ဘာလက်ကိုင်ယူမလည်း ရတယ်။ ကျွဲချိုလက်ကိုင်လား။ ယမနေသားလား။ သစ်ကနက်သားလားဆင်စွယ်လက်ကိုင်လား။ စျေးကတော့မတူ။ ကျည်ဆံကတော့ အဲဒီအချိန်မှာရိုင်ဖယ်ကျည်-တတောင့် ကျပ်။ စတင်းကျည်-တတောင့် ၃-ကျပ်။ ဘယ်ပုလိပ်ဆီမှာမဆို ဝယ်လို့ရတယ်။ ဖြတ်လေးဖြတ်လာလုပ်တဲ့ အဲဒီစစ်ကြောင်းဟာ ရွာမှာရှိတဲ့ လုပ်သေနတ်တွေကို တညတည်းဖမ်းမိတာမောင်းကွင်းထဲမှာ သံကြိုးနဲ့တွဲလာတာကိုက တတွဲကိုအလက်-၂၀-နဲ့-နှစ်တွဲလောက်ရှိတယ်။ ကျနော်အိမ်ပေါ်ကချောင်းကြည့်လို့ရတဲ့မြင်ကွင်းပါ။ လက်ပစ်ဗုံးတွေပါ-ပါတယ်။ အင်္ဂလိပ်လက်ပစ်ဗုံး--၇-စက္ကန့်ဗုံး တွေပါ။ မယုံမရှိပါနဲ့။

ကျနော် ဇီးကုန်းမှာ စာရင်းစစ်လုပ်တုန်းက ရဲဌာနာကို စာရင်းစစ်ခဲ့ဘူးတယ်။ သက်သေခံပစ္စည်းတွေကို စာရင်းစစ်တော့ အဲဒီမှာ အမှု ပေါင်းစုံကရွှေတွေငွေတွေကို တွေ့ခဲ့ရပါတယ်။ ကျနော်ကအဲဒါတွေကိုစိတ်မဝင်စားဘူး။ လွန်ခဲ့တဲ့-၁၅ နှစ်ကျော်ကတွေ့ခဲ့ရတဲ့ လုပ်သေနတ် တွေကိုပဲ စိတ်ဝင်စားနေမိခဲ့တယ်။ ကျနော် တွေ့မြင်ခဲ့တဲ့အတိုင်း သံကြိုးနဲ့တွဲထားလျက်ပါပဲ။ လက်ပစ်ဗုံးတွေကလည်း စင်ပေါ်မှာအစီအရီပေါ့။ မြေကြီးပေါ်မှာတော့ကျနော်ပြောခဲ့တဲ့ Vice တံတွေက ၂၀-ကျော်လောက်ရှိမယ်။

ဆက်ပြောရရင် သစ်နဖားရွာမှာအဲ ဒီညက တအိမ်သားလုံး ဘယ်သူမှအိပ်မပျော်ပါဘူး။ ညလယ်လောက်မှာ အောက်ထပ်ကတဖွဲ့လုံး ပျောက်သွားပြီး။ ၃-၄နာရီလောက်မှာပြန်လာကာ အောက်ထပ်မှာမီးတွေမွှေးပြီး ဘာတွေချက်ပြုတ်စားနေလည်းမသိပါဘူး။ မနက်မိုးလင်းတော့ စစ်သားတွေ တရွာလုံးမရှိတော့ပါ။ ဒါပေမယ့် ညက သတင်းတွေကတော့ တရွာလုံးပျံ့နေခဲ့တာပေါ့။ အဲဒီသတင်းတွေထဲမှာ ရွာထိပ်ကသုသန်မှာ ကျောရိုး ၃-ယောက် တကျင်းထဲမြုပ်ထားတယ်ဆိုတဲ့သတင်းက ဟော့ထ်နယူးစ်ပေါ့။ အတော်များများသွားကြည့်ကြတယ်။ ကျနော်လည်း သွားကြည့်တယ်။ မြင်ရတဲ့မြင်ကွင်းကမကောင်းပါ။ စစ်သားတွေကအလောင်းတွေကိုကောင်းကောင်းမဖို့ခဲ့လို့ ဒူးထောင်တဲ့သူကထောင်ခေါင်းပေါ်တဲ့သူကပေါ်ပါ။ အဲဒါကိုရွာသားတွေက မြေကြီးတွေနဲ့ပြန်ဖို့ပေးခဲ့ရပါတယ်။

ပြီးတော့ မနေ့ညကစစ်သားတွေဟာ သူတို့သတ်ခဲ့တဲ့ကျောရိုးတွေရဲ့ဝမ်းတွင်းသားတွေကို ချက်ပြုတ်စားသောက်ခဲ့တယ်လို့သတင်းလည်း ထွက်လာခဲ့တယ်။ ကျနော်တို့အိမ်ရဲ့အောက်ထပ်မှာ စောစောစီးစီးချက်ပြုတ်စားသောက်နေကြတာအဲဒါတွေလား။ ကျနော်စဉ်းစားမိခဲ့တယ်။ ဒီလိုစစ်ကြောင်းဆင်းခဲ့တာ မြို့နယ်တခုလုံးမှာပါ။ ရွာပေါင်း-၂၀-ကျော်သုံးဆယ်လောက်ပေါ့။ ဒါက ကြို့ပင်ကောက်နဲ့နတ္တလင်းမပါသေးပါဘူး။
အဲဒီကထဲကကျနော်ဟာ-စစ်တပ်ကိုမုန်းတီးခဲ့ပါတယ်။

နောက်ပိုင်း မဆလခေတ်မှာလည်း အဖေကအဲဒီသစ်နဖားကျောင်းမှာပဲ ကျောင်းအုပ်လုပ်ခဲ့ရတယ်။ အဲဒီခေတ်ကလည်း မဆလဒေါက်တိုင်တွေက တိုးတက်တဲ့ကျောင်းဆရာတွေကို လူမိုက်ငှါးပြီး ချောင်းမြောင်းလုပ်ကြံခိုင်းနေတဲ့အချိန်ပါ။ မယုံမရှိပါနဲ့ကျနော်တို့အိမ်ရှေ့မှာ ဖျာလိပ်နဲ့ လိပ်လာတဲ့ကျောင်းဆရာတယောက်အလောင်း သယ်လာတဲ့နွားလှည်းက လမ်းကြမ်းလို့ကျောင်းဆရာခေါင်း လှည်းပေါ်ကပြုတ်ကျတာကို-လှည်းမောင်းလာတဲ့လူက နွားတွေကိုစုတ်သပ် လှည်းပေါ်ကဆင်းပြီးပြန်ကောက်တင်တာကို ကိုယ်တိုင်မြင်ခဲ့ဘူးပါတယ်။ ရွာကနေ ပုလိပ် ဂတ်တဲနဲ့ဆေးရုံကို လာပို့ရတာပါ။ အဲလိုသတင်းတွေက မကြာခနကြားနေရတာပါ။ အဖေ့ကိုတော့ လာမလုပ်နဲ့။ အဖေကBSA မော်တော်ဆိုင်ကယ်တစီးဝယ်ပြီး မြို့နဲ့-၅-မိုင်ခရီးသစ်နဖားရွာကျောင်းကို နေ့စဉ်ကျောင်းတက်ပါတယ်

ကျောင်းပိတ်ရက်တရက်မှာ နေ့လည် အဖေအိပ်နေတုန်း တိုင်မှာချိတ်ထားတဲ့ အဖေကိုင်နေကျပတ္တူလက်ကိုင်အိတ်ကိုကျနော် လေ့လာစူးစမ်း မိပါတယ်။ အောက်ကနေပြီးမ-ကြည့်တော့ နည်းနည်းလေးနေတာနဲ့ တိုင်ကဖြုတ်ချပြီး အိတ်ကိုဖွင့်ကြည့်တော့ လားလား ဆင်စွယ်ရိုးနဲ့ လုပ်ထားတဲ့ တလုံးထိုးသေနတ် ပြောင်းတိုကိုတွေ့ရပါတော့တယ်။ ကျနော်က ကိုင်ပြီးအလှကြည့်နေတုန်း နောက်ကအဖေရဲ့ဟေ့ကောင်--လို့ငေါက်သံကြားရတာနဲ့ သေနတ်ကိုပစ်ချပြီး လစ်လာခဲ့ရပါတော့တယ်။
အောင်သွေး
ဆက်ပါမည်

0 comments:

Post a Comment