Wednesday, May 13, 2020

အဖေ့အကြောင်း(၁၁) (အောင်သွေး)

0 comments
အဖေ့အကြောင်း(၁၁) (အောင်သွေး)
မြို့တမြို့ရောက်ရင်ဝန်ထမ်းတွေကို ရှာရတာလွယ်ပါတယ်။ အားလုံးက ပြည်သူ့ဝန်ထမ်းလခစားတွေကိုး။ ပြည်သူနဲ့ထိတွေ့ဆက်ဆံ နေရသူတွေကိုး။ အဲဒီမှာအမျိုးမျိုးတော့ရှိတာပေါ့။ နံမည်ကြီးတာနဲ့မကြီးတာ။ ကောင်းမှုနဲ့ကျော်ကြားတာလားမကောင်းမှုနဲ့ကျော်ကြား တာလား။ လာဘ်စားလို့နာမည်ကြီးတာလား။ ကျန်းမာရေးအခမဲ့ကုသပေးလို့ နံမည်ကြီးတာလားပေါ့။

ကို့သူငယ်ချင်းကတော့ တရားရေးဝန်ထမ်းဖြစ်ပြီး ရိုးသားလို့နာမည်ကြီးတော့ လွယ်လွယ်နဲ့ရှာလို့ရပါတယ်။ အင်္ဂလိပ်ခေတ်က ခြေတံရှည် တထပ်အိမ်၊ သွပ်မိုးသစ်သားခင်းသစ်သားကာ ဘန်ဂလိုလေးမှာတယောက်ထဲနေပြီး မယ်ဒလင်လေးတလက်နဲ့ ရပ်ဝေးမှာကျန်ခဲ့တဲ့မိသားစုကို လွမ်းဆွတ်သတိရနေသူပါ။ ရုံးဆင်းတဲ့အချိန်လောက်သွားတော့ တန်းတွေ့ပါတယ်။ ကျနော်ကအကိုသူငယ်ချင်းက စာပေးလိုက်ပါတယ်ပြောပြီး စာထုတ်ပေးတော့ဖေါ်ရွေစွာနဲ့လက်ခံ နေရာထိုင်ခင်းပေးပြီး ထမင်းမစားရသေးဘူးထင်တယ်လို့ပြောရင်း မနက်က-သူ ၂-နပ်စာ ချက်ထားတဲ့ ထမင်းဟင်းတွေနွှေးပြီး ဝေငှစားသောက်ကြပါတယ်။ စားပြီးတော့ဝရန်တာဘက်ထွက်ထိုင်ပြီး စကားပြောရင်း အကိုက မယ်ဒလင်စကိုင်ပါတယ်။ ကွတ်ခိုင်က ဆောင်းမဝင်သေးမိုးတွင်းဆိုတော့ရာသီဥတုက သာယာနေပါတယ်။ ခပ်လှမ်းလှမ်းက လွယ်ဆမ်ဆစ်တောင်ကြီးကလည်း လွမ်းစရာပေါ့။ အကိုကသီချင်းတပုဒ်တီးလိုက် စကားပြောလိုက်နဲ့ပါ။ ကျနော်ကလည်း တိုးတိုးလိုက်ဆိုတာပေါ့။ ဒီလိုနဲ့ သူနဲ့ကျနော် အနုပညာသမားချင်း အလွမ်းသင့်သွားပါတော့တယ်။

အကို ညီလေးကို ဘာအကူအညီပေးရမလည်းတဲ့။ ကျနော်ကလာရှိုးကအကိုဆီ လာလည်ရင်းမူဆယ်ကိုတရုတ်ပစ္စည်းတချို့သွားဝယ်ချင်လို့ပါ။ ဒီမှာရှိတဲ့ ဆရာမလေးနဲ့ကျနော် မင်္ဂလာဆောင်တော့မှာမို့ တရုပ်ချည်ထည်တွေဖြစ်တဲ့။ အိပ်ရာခင်းခေါင်းအုံးဖုံး၊ ဓာတ်ဘူးကအစ သွားဝယ် ချင်လို့ပါ။ ပြီးတော့ ကျနော်ကပန်းချီဝါသနာပါလို့ တရုတ်ကလုပ်တဲ့စုတ်တံတွေလည်း ဝယ်ချင်လို့ပါဆိုတော့။ သူကဘယ်တော့သွားမှာ လဲ တရက်နှစ်ရက်တော့နားပါအုံးဆိုတော့ ကျနော်လည်းဝန်ထမ်းပါအကို ခွင့်သိပ်မရလို့ပါပြောပြီး မနက်ဖြန်သွားချင်ပါတယ်ဆိုတော့ ရတယ် အကို ကားဂိတ်လိုက်ပို့ပေးမယ်တဲ့။ ပြီးတော့ ကဲအကိုကညီလေးတို့မင်္ဂလာဆောင်အတွက်လက်ဖွဲ့ပေါ့ကွာဆိုပြီး တွံတေးသိန်တန်ရဲ့ မင်္ဂလာတေး သီချင်းကိုကောက်တီးတော့တာပဲဗျာ။

ကျနော်ကလည်း ဒီသီချင်းကို့တယောထိုးလာခဲ့တဲ့ကောင်၊ ဘာရမလဲ၊ အသံကျယ်ကျယ်နဲ့ကို ဆိုပစ်ခဲ့တော့တာပါပဲ။ မနက်ကို သူကရုံးတက်
နေ့လည်ရုံးဆင်းချိန်မှာ ထမင်းစားကြပြီးမှ မူဆယ်ကားဂိတ်ကိုလိုက်ပို့ပါတယ်။ လာရှိုးကထွက်လာတဲ့ တနေ့တစီးပဲရှိတဲ့ကားက နေ့လည်မှာမှ ကွတ်ခိုင်ကိုရောက်ပါတယ်။ မူဆယ်ကားလက်မှတ်ကို ဝယ်ပေးပါတယ်။ ဘတ်စ်ကားကတော့ နမ့်ခမ်းအထိရောက်တာပါ။ ဒီလိုနဲ့ညနေမှာ မူဆယ်ကိုရောက်ပါတယ်။ မူဆယ်မှာကုန်တွေချပြီးတဲ့အထိ ဘယ်မှမသွားတဲ့ကျနော့ကို လမ်းမှာရင်းနှီးလာတဲ့စပယ်ယာလေးက တကြည့်ကြည့်နဲ့ နေပါတယ်။

ကျနော်ကအကိုနမ့်ခမ်းအထိသွားချင်တယ်လို့ပြောပြီး ပိုက်ဆံနဲနဲထပ်ပေးလိုက်တော့ သူနည်းနည်း ပြုံးသွားတာကိုသတိထားမိပါတယ်။ ဒီလိုနဲ့ နမ့်ခမ်းကို ဆက်ထွက်လာပါတယ်။ ကားပေါ်မှာရှမ်းအဖွားကြီး ၃-၄ယောက်ပဲ ရှိပါတော့တယ်။ ကျနော်ကလမ်းမှာဆင်းဖို့ နောက်ဆုံးမှာ ထိုင်နေ ပါတယ်။ ကားရပ်မပေးရင် ခုန်ဆင်းဖို့လည်းပြင်နေရတာပေါ့။ စွန့်စားရတော့မှာပါ-ဇာတ်ပေါင်းခန်းကရောက်တော့မှာလေ။ စပယ်ယာလေးက ကျနော့်အခြေအနေကိုရိပ်မိနေပါပြီ။

ကျနော်က အရင်အခေါက်တွေဒီလမ်းကသွားခဲ့ပေမယ့် မိုးတွင်းဖြစ်နေလို့ လမ်းဘေးကခြုံတွေနဲ့ ဘယ်နေရာမှာ ကျနော်ဆင်းရမလဲ ကြည့်နေတဲ့ မျက်လုံးတွေကို ချာတိတ်ကသိနေပါတယ်။ တနေရာရောက်တော့ ချာတိတ်က လက်ခေါက်မှုတ်လိုက်ပြီး ရှေ့ကကားမောင်းနေတဲ့ဒရိုင်ဘာကို တယောက်ဆင်းမယ်အကိုရေတဲ့။ ကျနော်အူကြောင်ကြောင်ဖြစ်နေတုန်း ကားရပ်နေတဲ့ဘေးက လယ်ထဲသွားတဲ့လမ်းတခုကျနော့ကိုညွွန်ပြရင်း အကိုရေ ဒီလမ်းအတိုင်းတဲ့တဲ့သွား၊ မြစ်ဆိပ်ရောက်ရင်လှေရှိတယ်တဲ့ဗျာ။ ကျနော်ဝမ်းသာအားရနဲ့ သူ့ကိုလက်ပြနှုတ်ဆက်ရင်း အဖေ့ ပြောစကား ကိုပြန်သတိရတဲ့အပြင်ရဲဘော်မော်စီတုန်းရဲ့-တရားရှိရင်ကူသူများတယ်တရားမဲ့ရင်ကူသူနဲတယ်ဆိုတဲ့စကားကို ပြန်လည် သတိရနေရင်း မြစ်ဆိပ်ရောက်တော့ တဖက်ကမ်းမှာရောက်နေတဲ့လှေကို ပါလာတဲ့တဘက်အဖြူလေးဝှေ့ရမ်းပြလိုက်တော့ ဒီဘက်ကိုကူးလာပါတယ်။ ဒီလိုနဲ့ကျနော်တယောက်ကတော့ လွတ်မြောက်လာခဲ့ပါပြီ။ ကျန်တဲ့ဗမာပြည်သူတွေ လွတ်မြောက်ဖို့ ကျနော်ကြိုးစားရပါအုံးမှာပါလား။
အောင်သွေး
ဆက်ပါမည်။

0 comments:

Post a Comment