Tuesday, May 5, 2020

ဗိုင်းရပ်စ်မုဆိုး သို့မဟုတ် လင်းနို့မယ် (၃) ခိုင်ကြည်သစ် ဘာသာပြန်သည်။

0 comments
ဗိုင်းရပ်စ်မုဆိုး သို့မဟုတ် လင်းနို့မယ် (၃)
ခိုင်ကြည်သစ် ဘာသာပြန်သည်။
(၄)
ရှိတူလှိုဏ်ဂူအပြင် အခြားနေရာများမှ ရှီ ရောဂါနမူနာကောက်ယူခဲ့သော လင်းနို့နမူနာများတွင် အမျိုးစုံလင်လှသည့် ဗိုင်းရပ်စ်များက အဆက်မပြတ် ရောထွေးနေသည်ကို တွေ့ရပြီး၊ လူသားတို့အတွက် အန္တရာယ်ကြီးမားသည့် ရောဂါ ပိုးအဖြစ် ပေါ်ထွက်လာနိုင်ကြောင်း University of North Carolina at Chapel Hill တက္ကသိုလ်မှ ဗိုင်းရပ်စ် ကျွမ်း ကျင်ပညာရှင် ရားလ်ဘရစ် (Ralph Baric) က ဆိုသည်။ "အဲဒီလို ဗိုင်းရပ်စ်တွေကို အိုးကြီးတစ်လုံးထဲ စုထည့်ထား သလို ပတ်ဝန်းကျင်အခြေအနေမျိုးမှာ၊ ရောဂါပိုးမွှားတွေဟာ လူသားတွေထံရောက်ရှိလာဖို့ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားသူတွေတောင် မလိုအပ်ပါဘူး" ဟု ရှီ က ဆိုသည်။ 
ဥပမာအားဖြင့် ရှိတူလှိုဏ်ဂူ အနီးအနား ပတ်ဝန်းကျင်ကို လေ့လာကြည့်ပါက စိမ်းလန်းစိုပြေလှသည့် ကုန်းမြေမြင့် များ ကြားတွင် ကျေးရွာများက ဖြန့်ကျက်တည်ရှိနေကြပြီး နှင်းဆီ၊ လိမ္မော်၊ သစ်ကြားသီးနှင့် အခြားဒေသသီးနှံများ စိုက်ပျိုးထားကြသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလက ရှီနှင့် အဖွဲ့သားများက ယင်းကျေးရွာများတွင် နေထိုင်သူ ရွာသား ၂၀၀ ကျော်ထံမှ သွေးနမူနာများ ရယူစစ်ဆေးကြည့်ခဲ့ကြသည်။
စစ်ဆေးခံသူအားလုံး၏ ၃ ရာခိုင်နှုန်းခန့် ဖြစ်သော ကျေးရွာသား ၆ ဦး၏ သွေးတွင် ဆားစ်နှင့်ဆင်တူသည့် လင်းနို့နေ ကိုရိုနာဗိုင်းရပ်စ်ပိုးများကို တုံ့ပြန်သည့် ပဋိပစ္စည်းများ ကို တွေ့ရှိခဲ့ရသည်။ ယင်းတို့ ၆ ဦးစလုံးမှာ တောရိုင်းသတ္တဝါများနှင့် ထိတွေ့ကိုင်တွယ်ခဲ့ခြင်း မရှိ သလို၊ ဆားစ်နှင့် သဏ္ဍန်တူသည့် ရောဂါလက္ခဏာများ၊ အဆုပ်ရောင် ရောဂါလက္ခဏာများ မရှိဘဲ ထိုသို့ ပဋိပစ္စည်း များ တွေ့ရှိရခြင်း ဖြစ်သည်။ သူတို့ထဲမှ တစ်ဦးသာလျှင် သွေးနမူနာ မရယူခင် ယူနန်ပြည်နယ် ပြင်ပသို့ သွားလာခဲ့ ဖူးသည့် ခရီးသွား ရာဇဝင် ရှိသည်။ သူတို့အားလုံးက သူတို့ရွာပေါ်တွင် လင်းနို့များ ပျံသန်းနေသည်ကို တွေ့ခဲ့ဖူး ကြောင်း ပြောဆိုကြသည်။
သည့်အတိုင်မီ ၃ နှစ်ကလည်း ရှီနှင့် သူမ၏အဖွဲ့သည် ယူနန်ပြည်နယ်အတွင်းရှိ တောင်တန်းထူထပ်သော မော် ကျန်းခရိုင် (Mojiang County) မှ သတ္တုတွင်းများတွင် ဗိုင်းရပ်စ်ကို လေ့လာထောက်လှမ်းခဲ့ကြသေးသည်။ ထိုစဉ်က သတ္တုတွင်း လုပ်သား ၆ ဦးတွင် အဆုပ်ရောင်ရောဂါလက္ခဏာများ တွေ့ရှိရပြီး ၂ ဦး သေဆုံးခဲ့သည်။ ယင်း သတ္တု တွင်းအား တစ်နှစ်ခန့်ကြာအောင် နမူနာပစ္စည်းများရယူကာ လေ့လာခဲ့သည်။
နောက်ဆုံးတွင် သုတေသီများက လင်းနို့မျိုးစိတ် ၆ ခုတွင် မတူကွဲပြားသော ကိုရိုနာဗိုင်းရပ်စ်များကို တွေ့ရှိခဲ့ရသည်။ လေ့လာမှုများအရ လင်းနို့ မျိုး စိတ် တစ်ခုတည်းတွင် ဗိုင်းရပ်စ်မျိုးခွဲ စုံလင်စွာ ကူးစက်ခံထားရပြီး ယင်းတို့က ဗိုင်းရပ်စ်အသစ်များ ထုတ်လုပ်နိုင် သည့် စက်ရုံပျံကြီးတွေလို ဖြစ်နေသည်။
ရှီ က "သတ္တုတွင်းဟာ ငရဲခန်းလိုပါပဲ" ဟု ဆိုသည်။ သူမနှင့် လုပ်ဖော်ကိုင်ဖက် တစ်စုသည် အကာအကွယ်ဝတ်စုံ များနှင့် မျက်နှာဖုံးများ ဝတ်ဆင်ကာ လင်းနို့များရှိရာ သတ္တုတွင်းထဲ ဝင်ခဲ့ကြသည်။ "လှိုဏ်ခေါင်းတစ်လျှောက် လင်းနို့ချေးတွေဟာ မှိုတွေတက်ပြီး ညစ်ပတ်နံစော်နေတယ်" ဟု သူမက ရှင်းပြသည်။ ထိုစဉ်က လင်းနို့ချေးများ ပေါ် တွင် ပေါက်ပွားနေသည့် မှိုများက သတ္တုတွင်းလုပ်သားများကို ဒုက္ခပေးခဲ့ခြင်း ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ သို့ သော် ထိုစဉ်က သတ္တုတွင်းကို ချက်ချင်းမပိတ်ပစ်ခဲ့ပါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရဖို့လည်း ရှိသည်ဟု ရှီက ဆို သည်။ 
လူဦးရေ တိုးနှုန်းမြင့်မားလာခြင်းနှင့်အတူ တောရိုင်းသတ္တဝါများ၏ နေရာဌာနများက လူသားတို့၏ ကျူးကျော်ခြင်း ကို ခံကြရသည်။ တစ်ဖက်တွင်လည်း ယခင်ကနှင့် မတူအောင် မြေယာအသုံးချမှုတွေ လုပ်ဆောင်လာသည်။ တောရိုင်းတိရစ္ဆာန်များ၊ မွေးမြူရေးတိရစ္ဆာန်များနှင့် မွေးမြူရေးထွက်ကုန်များကို ကမ္ဘာတစ်ဝှမ်း တစ်နိုင်ငံမှ တစ်နိုင် ငံသို့ တင်ပို့ရောင်းချကြသည်။ ထို့ပြင် ပြည်တွင်း ပြည်ပ ခရီးသွားလာမှုများကလည်း ထင်ထင်ရှားရှား တိုးတက် လာသည်။ သချင်္ာတွက်ချက်မှုများအရ ကမ္ဘာ့ကပ်ရောဂါများ ဖြစ်ပေါ်ရန် ပို၍ သေချာလာနေသည်။ ထိုအချက်ကို သတိရှိကြဖို့ ရှီနှင့် အခြားသော သုတေသီပေါင်း မြောက်များစွာတို့က ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက် ညနေ ဝူဟန့်ဗိုင်းရပ်စ်သုတေသနသိပ္ပံသို့ ပဟေဠိဆန်သော ရောဂါနမူနာပစ္စည်းများ ရောက်မလာခင်အထိ အကြိမ်ပေါင်း များစွာ သတိပေးခဲ့ကြပြီး ဖြစ်သည်။ 
လွန်ခဲ့သော တစ်နှစ်ကျော်ကျော်ကတည်းကပင်၊ ရှီနှင့် သူမ၏ အဖွဲ့က ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို Viruses and Nature Reviews Microbiology တွင် နှစ်ကြိမ်တိုင်တိုင် လေ့လာသုံးသပ်တင်ပြခဲ့ဖူးသည်။ ထိပ်တန်း ပညာရပ် ဂျာနယ်ကြီးများတွင် ပုံနှိပ်ဖော်ပြခဲ့သည့် သူမ၏ ကိုယ်ပိုင် လေ့လာတွေ့ရှိချက်များနှင့် အခြားသူများ၏ လေ့လာ တွေ့ရှိ တင်ပြချက်များကို စုစည်းကာ လင်းနို့နေ ကိုရိုနာဗိုင်းရပ်စ်များကြောင့် တချိန်ချိန်တွင် ရောဂါဖြစ်ပွားမှု (outbreak) များ ဖြစ်ပေါ်သည့် အန္တရာယ်ရှိကြောင်း ရှီနှင့် တွဲဖက်ဆောင်းပါးရှင်များ ပူးပေါင်း၍ တင်ပြခဲ့ဖူးသည်။
(၅)
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၀။
ရှန်ဟို်င်းမှ ဝူဟန့်သို့ ခုတ်မောင်းလာသော မီးရထားပေါ်တွင် ရှီ နှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များက ဝူဟန့် ဗိုင်းရပ်စ်သုတေသနဓာတ်ခွဲခန်းတွင် ရောက်ရှိနေသည့် ရောဂါနမူနာပစ္စည်းများကို ချက်ချင်းစစ်ဆေးနိုင်မည့် နည်း လမ်းကို ရှာဖွေနေခဲ့ကြသည်။ ထိုအချိန်မှစ၍ နောက် ရက်သတ္တပတ်တွေသည် ရှီ အတွက် အပင်ပမ်းဆုံး၊ အခက် ခဲဆုံး ကာလတွေ ဖြစ်တော့ပေမည်။ တရုတ်ပြည်၏ လင်းနို့မယ်သည် သူမ၏ ဘဝအတွက် အဆိုးတကာ့အဆိုးဆုံး ညလယ်အိမ်မက်ဆိုးတွေကြားမှာ စစ်ပွဲကြီးတစ်ခု ဆင်နွှဲရတော့မည်ဟု ခံစားနေရသည်။
သို့သော် ထိုစစ်ပွဲအတွက် လွန်ခဲ့သော ၁၆ နှစ်ကတည်းက သူမ ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။ 
သူမ၏ အဖွဲ့က ပီစီအာ (polymerase chain reaction - PCR) ဟု ခေါ်သော ဗိုင်းရပ်စ်၏ မျိုးဗီဇ ပစ္စည်းများအား ပွားကြည့်၊ ချဲ့ကြည့်သည့် နည်းပညာဖြင့် စစ် ဆေးကြည့်သည့်အခါ လူနာ ၇ ဦးတွင် ၅ ဦး၏ နမူနာပစ္စည်းများတွင် ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇပစ္စည်းများ ပါဝင် နေသည်ကို တွေ့ရှိခဲ့ကြသည်။
ရှီ က နမူနာပစ္စည်းများကို နောက်တစ်ကြိမ် ထပ်မံစမ်းသပ်ရန် သူမ၏ အဖွဲ့အား ညွှန်ကြားလိုက်သည်။ ဗိုင်းရပ်စ်၏ မျိုးဗီဇဖွဲ့စည်းမှု အပြည့်အစုံကို သိရှိနိုင်ရန် အခြားသော ဓာတ်ခွဲခန်းသို့ နမူနာပစ္စည်းများကို ပေးပို့ခဲ့သည်။ 
တချိန်တည်းမှာပင် ရှီ သည် ထိတ်ထိတ်ပြာပြာနှင့်ပင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ရေးသွင်းခဲ့သည့် သူမ၏ ဓာတ်ခွဲခန်း မှတ်တမ်းများကို ပြန်လှန်စစ်ဆေးနေခဲ့သည်။ ဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ရာတွင် အမှားအယွင်း ရှိမရှိ၊ အထူးသဖြင့် ဓာတ်ခွဲစမ်းသပ်ပြီးနောက် ပစ္စည်းများကို စွန့်ပစ်ရာတွင် နည်းလမ်း ကျ မကျ ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ရောဂါခံစားနေရသည့် လူနာများထံမှ စစ်ဆေးတွေ့ရှိရသော ဗိုင်းရပ်စ်၏ မျိုးဗီဇဖွဲ့စည်းမှုသည် လင်းနို့ လှိုဏ်ဂူများမှ သူမ ရယူခဲ့သည့် မည်သည့် ဗိုင်းရပ်စ်၏ မျိုးဗီဇဖွဲ့စည်းပုံနှင့်မှ မတူညီ ဟူသည့် အဖြေကို ရရှိမှသာ သူမအတွက် စိတ်သက်သာရာ ရခဲ့သည်။ "ကျွန်မစိတ်ထဲမှာ တကယ့်ကို လေးလံ ပင်ပန်းလွန်းခဲ့ရပါတယ်။ ကျွန်မ တစ်စက်ကလေးမှ အိပ်မပျော်နိုင်ခဲ့ဘူး" ဟု သူမ၏ အတွေ့အကြုံကို ပြန်ပြောပြသည်။
(၆)
၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၇ ရက်။
ဝူဟန့် ဗိုင်းရပ်စ်သုတေသနသိပ္ပံ အဖွဲ့သားများသည် ပီစီအာရလဒ်များ၊ ဗိုင်းရပ်စ်မျိုးဗီဇဖွဲ့စည်းမှု တစ်ခုလုံးအပေါ် လေ့လာချက်၊ ရောဂါခံစားနေရသူများ၏ သွေးနမူနာထဲတွင် တွေ့ရှိရသည့် ပဋိပစ္စည်းနှင့် ဓာတ်ခွဲခန်းဖန်ပြားထဲတွင် လူ့အဆုပ်ဆဲလ်ကို ဗိုင်းရပ်စ်က တိုက်ခိုက်ပုံတို့ကို စုစည်းသုံးသပ်ခါ လက်ရှိ လူနာများ ခံစားနေရသည့် ရောဂါမှာ ကိုရိုနာဗိုင်းရပ်စ်အသစ် ကြောင့် ဖြစ်ပွားကြောင်း ဆုံးဖြတ်အတည်ပြုခဲ့ကြသည်။ SARS-CoV-2 ဟု နောက်ပိုင်းတွင် နာမည်ရလာသည့် ယင်း ကိုရိုနာဗိုင်းရပ်စ်သည် ယူနန်ပြည်နယ်ရှိ မြင်းခွာပုံလင်းနို့များတွင် သုတေသီများ ရှာဖွေတွေ့ရှိခဲ့သည့် ဗိုင်းရပ်စ်များ၏ မျိုးဗီဇနှင့် ၉၆% တူညီသည်ကို တွေ့ရှိခဲ့ကြသည်။ ရှီ တို့အဖွဲ့၏ တွေ့ရှိချက်ကို ဖေဖော်ဝါရီလ ၃ ရက်တွင် Nature အင်တာနက်စာမျက်နှာ က ဖော်ပြခဲ့သည်။ "ဒါက အင်မတန် ရှင်းလင်း ပြတ်သားပါတယ်။ ဒီတစ်ကြိမ်မှာလည်း လင်းနို့တွေဟာ သဘာဝအရ ရောဂါပိုးကို သယ်ဆောင်ထားသူတွေ ဖြစ်ပါ တယ်" ဟု ရှီ တို့၏ ရောဂါရှာဖွေရေးလုပ်ငန်းတွင် မပါဝင်ခဲ့သည့် ဒက်စ်ဇက်ခ် က ဆိုသည်။ 
ထိုအချိန်မှ စတင်ကာ ကမ္ဘာတစ်လွှားရှိ သုတေသီများက ဗိုင်းရပ်စ်၏ မျိုးဗီဇဖွဲ့စည်းပုံပေါင်း ၄၅၀၀ ကို တင်ပြခဲ့ ကြသည်။ ယင်း မျိုးဗီဇဖွဲ့စည်းပုံများအရ ကမ္ဘာတစ်လွှားတွင် ရောဂါဖြစ်ပွားလျက်ရှိသည့် ဗိုင်းရပ်စ်များသည် တူညီသော မိဘမျိုးရိုးဗိုင်းရပ်စ်များထံမှ ဆင်းသက်လာခဲ့ကြောင်း ဘရစ် က ထောက်ပြသည်။ ယင်း အချက်အ လက်များက ဗိုင်းရပ်စ်သည် လူသားတစ်ဦးထံသို့ ပထမဆုံး စတင်ရောက်ရှိကာ ယင်းမှ လူသားချင်း ဆက်လက် ကူးစက်ခြင်း ဖြစ်ကြောင်း ပြဆိုနေသည်ဟု သုတေသီများက ဆိုသည်။ 
ဗိုင်းရပ်စ်သည် အစပိုင်းတွင် တည်ငြိမ်မှုရှိပြီး ကူးစက်ခံရသူ အများအပြားမှာ ရောဂါလက္ခဏာအပျော့စားကိုသာ တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သိပ္ပံပညာရှင်များက အဆိုပါရောဂါပိုးသည် ယခုကဲ့သို့ ပြင်းထန်ဆိုးဝါးစွာ မထွက်ပေါ် လာမီ ရက်သတ္တပတ် သို့မဟုတ် လချီပြီး ကြာမြင့်အောင် လှည့်လည်ကူးစက်ခဲ့ပြီး ဖြစ်သည်ဟု သံသယ ရှိနေကြ သည်။ ရောဂါဖြစ်ပွားမှု အသေးစားလေးတွေ ရှိကောင်းရှိခဲ့မယ်။ ဒါပေမယ့် "အခုလို အကြီးအကျယ် မကူးစက်မီ ဗိုင်းရပ်စ်ဟာ ပျောက်သွားတာမျိုး၊ ဒါမှမဟုတ် ကူးစက်မှုအနည်းငယ်နဲ့ ထိန်းထားတာမျိုး ဖြစ်ခဲ့တယ်" ဟု ဘရစ် ကဆိုသည်။ တိရစ္ဆာန်မှ ကူးစက်လာသည့် ဗိုင်းရပ်စ်အမျေားစုသည် အချိန်အတိုင်းအတာတစ်ခုအကြာတွင် ပြန် လည် ပေါ်ပေါက်လာတတ်ကြောင်းကိုလည်း သူက ထောက်ပြခဲ့သည်။ "ဝူဟန် ရောဂါဖြစ်ပွားမှုဟာ မတော်တဆမှု ကနေ လာတာ မဟုတ်ဘူး" ဟု သူက ဖြည့်စွက် ပြောကြားခဲ့သည်။

0 comments:

Post a Comment