Sunday, May 10, 2020

အဖေ့အကြောင်း(၄) (အောင်သွေး)

0 comments
အဖေ့အကြောင်း(၄) (အောင်သွေး)
တော်လှန်ရေးကောင်စီလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့စစ်အစိုးရဟာ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးတာနဲ့ ပါတီဖွဲ့ပြီး လူထုကို ဆိုရှယ်လစ် အတုအယောင်နဲ့ လိမ်ညာလှည့်စားတော့တာပါပဲ။ စိတ်ဓာတ်ပျော့ညံ့တဲ့လက်ဝဲသမားတွေကို စည်းရုံးတယ်။ လခကောင်းကောင်းနဲ့ ရာထူးကြီးကြီးပေးတယ်။ တောင်သူလယ်သမားညီလာခံတွေ ဝှဲချီးကျင်းပတယ်။ အလုပ်သမားတွေကို မြှောက်ပင့်ခိုင်းတယ်။ ဟိုနားဒီနားက အလုပ်သမားတွေကို ချစ်စရာကြီးပါလားလို့ပြောလာတယ်။ အဖေ ကျနော့ကိုပြောခဲ့တဲ့စကားကတော့-ဒီကောင်တွေကိုဘယ်တော့မှမယုံနဲ့ကွတဲ့။ အဖေ့ကိုတော်လှန်ရေးကောင်စီထဲပါတဲ့သူငယ်ချင်းတွေက(ဦးမောင်မောင်ခ၊ ဦးသန်းစိန်၊ ဦးအေးကို၊ စိန်လွင်)သူတို့နဲ့အတူလုပ်ဖို့ စည်းရုံးပါတယ်။ အဖေကမလုပ်ပါ။ ပါတီဝင်ဆိုတာ ပြည်သူတွေရဲ့လုပ်စာနဲ့ လခမယူရဘူးကွလို့လည်း ပြောတတ်ပါတယ်။ ဗိုလ်ရဲထွတ်ဝင်လုပ်တော့တောင် ရန်ကုန်ကိုတမင်သက်သက်သွားပြီး တွယ်ပါသေးတယ်။ နောက်ပိုင်းမှာ မြေပဒေသာကျွန်းညွှန်ကြားရေးမှူးဆိုတာလည်းပေးပါတယ်အဖေ လက်မခံလို့ သူ့သူငယ်ချင်းဗိုလ်မှူးတင်အောင် ဝင်လုပ်ပြီး ရေခဲဆိုင်မှတ်တိုင်ကွေ့မှာ ကားမှောက်ဆုံးသွားတော့ သူစိတ်မကောင်း ဖြစ်နေ ပါသေးတယ်။

အဲဒီအချိန်က သမတရုပ်ရှင်ရုံမန်နေဂျာက သူ့သူငယ်ချင်းဗိုလ်ဉာဏ်မောင်ပါ။ ရန်ကုန်ရောက်ရင် ကျနော့အကိုကြီးက သူ့ဆီကိုသွားပြီး မေတ္တာလက်မှတ်တောင်းတတ်တယ်။ ကျနော်ကတော့ တခါမှမတောင်းဖူးပါ။ ဦးတင်ထွန်းအောင်က ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ချုပ်။ အကိုကြီးက အဲဒီမှာအလုပ်ရတယ်။ မဆလအစိုးရက မာဇဒါဂျစ်တစီးပေးပြီး ကုန်သွယ်ရေး(၄)မှာလည်း လုပ်ဖို့စည်းရုံးကြတယ်။ အဖေကမလုပ်တဲ့အပြင် နှစ်စဉ်နှစ်တိုင်းလုပ်တဲ့ တော်လှန်ရေးနေ့မိတ်ဆုံစားပွဲတွေကို သွားဖြစ်အောင်သွားပြီး ပြောချင်တာတွေ ပြောလာ တတ်ပါတယ်။ တခါကအဲဒီပွဲမှာ ဦးမောင်မောင်ခက တော်လှန်ရေးကရင့်မှည့်လာပြီကွလို့ပြောတော့ အဖေက မင်းတို့တော်လှန်ရေးက ရင့်မှည့်ရုံတင်မကဘူးပုပ်ပြီးကြွေကျတော့မှာကွလို့ပြောကာပြန်လာခဲ့ပါသတဲ့။ အဲလိုပြောပြီးရင် မိတ်ဆုံစားပွဲကအစားအသောက်တွေမစားပဲ ဗိုလ်ကျော်ဇောအိမ်ကိုပဲသွားပြီး လည်ပတ်တတ်ပါတယ်။ ဟိုလူတွေထက် သူကဗိုလ်ကျော်ဇောကို ပိုပြီးလေးစားတာကိုး။

အဖေက အဲလိုပြောခဲ့တာတွေကို ကျနော့်ကို အားရပါးရပြန်ပြောတတ်တယ်။ ကျနော်က သူ့စာအုပ်ဗီရိုထဲကသူ့စာအုပ်တွေကို စိတ်ဝင်တစားဖတ် နေတာသူသိနေခဲ့တာကိုး။ တခြားအကိုတွေညီတွေ သူ့လက်သီးစာမမိဖူးတာမရှိဘူး။ ကျနော့ကိုတော့ သူကတန်းတူရည်တူ ဆက်ဆံတယ်။ တခါမှ လက်သီးနဲ့မထိုးဖူးဘူး။ ကြီးလာတော့ နိုင်ငံရေးဆွေးနွေးဖက်ဖြစ်လာတယ်။ တက္ကသိုလ်နေတုန်းကျနော်ကလည်း ပါတီနဲ့ ဆက်မိနေပြီ။

တနေ့တော့သူက သူလေးစားတဲ့ဗိုလ်ချုပ်အောင်ဆန်းဟာ သူ မသေခင်ကွန်မြူနစ်တွေနဲ့ပြန်လည်စေ့စပ်ဖို့ communist league အဖွဲ့-ဖွဲ့ခဲ့ဖူးတယ်၊ အဲလိုလုပ်နေရင်းနဲ့ ကျဆုံးသွားတာလို့ပြောပြပါတယ်။ ကျနော်ကလည်း အဲဒီအကြောင်းမကြားဖူးဘူး။ ကျနော်က သူပြောတာတွေ နားထောင်ရင်း ဗိုလ်ချုပ်အောင်ဆန်းရှိနေရက်နဲ့ ကွန်မြူနစ်ပါတီကို ဖဆပလထဲကနေ ထုတ်ပစ်တာကိုအပြစ်တင်ရင်း သူလေးစားတဲ့ဗိုလ်ချုပ်ကို-ဗိုလ်ချုပ်မခေါ်သခင်မခေါ်၊ ဦးမခေါ်ပဲသုံးမိလို့ အဖေကျနော့်ကို ဒေါသူပုန်ထပြီး ဘာကွဟေ့ကောင်ပြန်ခေါ်စမ်းဆိုလို့ သူ့လက်သီးစာ ကြောက်ပြီးပြင်ခေါ်ခဲ့ရပါတယ်ဗျာ။
အောင်သွေး
ဆက်ပါမည်

0 comments:

Post a Comment