Friday, May 15, 2020

(နေနိုင်အောင် နေရမယ်)

0 comments
(နေနိုင်အောင် နေရမယ်)
"ကိုဗစ်နိုင်တင်န်းဖြစ်လိုက်တာ တို့တွေ ငွေအပိုမသုံးမိသလိုတောင်ဖြစ်သွားတယ်နော်"ဟု ဇနီးက ရွှင်ရွှင်ပြပြ ပြောပြတော့မှ အင်းဟုတ်သားဟဟု စိတ်တွင်ဖြစ်မိ၏။ ခါတိုင်းဆိုပါက တပတ်တကြိမ် Costco ဆိုသည့် လက်ကားဆိုင်ကြီးသို့ရောက်တတ်၏။ ဝယ်စရာမယ်မယ်ရရမရှိလည်း အစားအသောက်သစ်များ နမူနာအမြည်းပေးသည်ကိုလိုက်စားရင်း ခံတွင်းလိုက်သွားလျှင် ဝယ်လာတတ်စမြဲ။ တကယ်လိုအပ်လို့ဝယ်တာထက် နှုတ်မြိန်သွားသဖြင့် လက်ပါသွားခြင်းကများ၏။ တခါတလေ ဝယ်ဖို့ရည်ရွယ်မထားပါပဲလျှက် ပစ္စည်းဈေးက အလွန်တော်နေ ချိုနေသဖြင့် ခတ်လွယ်လွယ်ဝယ်လိုက်ဖြစ်တာတွေလည်း မနည်း။ တခါတလေတော့လည်း ဘာမှမဝယ်ဖြစ်ပဲ ဟိုမေးဒီမေးဆိုင်ငေးထွက် Window Shopping ထွက်သည့်အခါထွက်၏။
ပြီးတော့ နှစ်ယောက်စလုံး ပူပူနွေးနွေး ဗမာစာ အမေရိကန်စာသာမက ပြင်သစ်စာ အီတလီစာ အာဖရိကန်စာ အရှေ့အလယ်ပိုင်းစာ အာရပ်စာ မက္ကဆီကန်စာ လက်တင်အမေရိကစာ စသည့်အစာမရွေးလည်း ကြိုက်၏။ စားလည်းစား၏။ လင်ကိုယ်မယား ၂ ယောက်တည်းလည်းဖြစ် အစားအသောက်ကလည်းမရွေးကြတော့ တပတ်လျှင်အနည်းဆုံး ၃ ကြိမ်လောက် အပြင်ထွက်စားဖြစ်၏။ တခါတလေ အသောက်ကလေးလည်း ပါတတ်၏။ တခါတလေကျတော့ ဆိုင်ကဝယ်လာပြီး အိမ်မှာစား၏။ ယခုတော့ တလကျော်လုံးလုံး ဘယ်အပြင်ဆိုင်မှထွက်မစားဖြစ်ခဲ့။ အိမ်ဝယ်ပြီးလည်း မစားဖြစ်။
ပြီးခဲ့သည့်အပတ်က ဧည့်သည်လာသဖြင့်သာ ဆိုင်က ၃ ကြိမ်လောက် မှာကျွေးဖြစ်၏။ ဧည့်သည်များကလည်း ဇီဇာမကြောင်သည့်အပြင် အိမ်နေတုန်း သူတို့ဘာသာ ချက်ပြုတ်စားသောက်ကြသဖြင့် ကျနော်တို့ စားရိတ်လည်းငြိမ်း လူလည်းငြိမ်း၏။ ပို့ရမည့်နေရာတွေ ပိတ်ထားသည်ဆိုတော့ ခါတိုင်းလို ဟိုပို့ဒီပို့လည်း ပို့စရာမလို။ ကိုယ့်ဘာသာကျတော့လည်း အပြင်သိတ်မထွက်ဖြစ်။ ဘယ်အိမ်မှလည်း အလည်မရောက်။ အလွန်ဆုံးသွားလှ အမေ့အိမ် တပတ် ၂ ကြိမ် ၃ ကြိမ်ထက်မပို။
ဆိုတော့ ကိုယ့်ဘာသာလည်း အပြင်သိတ်မထွက်ဖြစ်၊ ဘယ်သူ့မှလည်း လိုက်ပို့စရာမလို၊ ဘယ်အိမ်မှလည်း မလည်၊ အပြင်ထွက်လည်းမစားဆိုတော့ ကားက မမောင်းရသလောက်။ ကားမမောင်းရတော့ ဆီဖိုးက သိသိသာသာ အကုန်အကျနည်းသွား၏။ အစားအသောက်ဖိုးက ဘာမှ ဟုတ်တိပတ်တိမကုန်။ ဒီကြားထဲ အမေ့အိမ်မှာစားလာသည့် အနပ်တွေကရှိသေး၏။
"ညကျရင် ဒီတလ ဘယ်လောက် အကုန်အကျသက်သာသွားလဲ အကြမ်းတွက်ကြည့်ဦးမှ"ဇနီးက ဆိုတော့ "ဘယ်လိုတွက်မှာလဲ" ကျနော်ပြန်မေးမိ၏။ "တို့ တကယ်မလိုပဲ ဝယ်တာသုံးတာတွလေ၊ အဲ့ဒါတွေ ဖယ်လိုက်ရင် ကျန်တာ တို့တကယ်မဖြစ်မနေသုံးရတာတွေ ထွက်လာမှာပေါ့ဟုပြန်ဖြေ၏။ ကျနော်က သည်မျှလက်ပေါက်မစိတ်သလို စိတ်လည်း သိတ်မဝင်စားမိ။ ဒါပေမဲ့ သည် တလ နှစ်လ အကုန်အကျသိသိသသာသာ သက်သာသွားတာကတော့ သတိထားမိလောက်အောင်ပင်ဖြစ်၏။ ငွေယားကလေးများလက်ထဲရှိတော့ နွမ်းပါးသူများထံ ခါတိုင်းထက်ပို ဝေငှဖြစ်၏။ ထို့အတွက် စိတ်လက်လည်း ချမ်းသာ၏။ 
"ပုံမှန်အနေအထားပြန်ရောက်သွားရင် နဂိုလိုပြန်ဖြစ်သွားမယ်နဲ့တူတယ်နော်"ဟု ကျနော်ကဆိုတော့ "နဂိုလိုပြန်ဖြစ်ဖို့တော့ မလွယ်ဘူးနဲ့တူတယ်၊ ပုံမှန်အခြေအနေပြန်ရောက်ဦးတောင် အဲ့ဒီပုံမှန်အခြေအနေက New Normal ဖြစ်သွားတော့မှာပဲ"ဟု ခတ်လေးလေးဆို၏။ New Normal တွင် လူတွေ နိစ္စဓူဝ ဘယ်လိုနေကြထိုင်ကြ ပြုမူဆက်ဆံကြ အလုပ်အကိုင်တွေ ပညာရေးတွေ စီးပွားရေးတွေ နိုင်ငံရေးတွေ ဘယ်သို့ရှိကြမည်ကို ပြက်ပြက်ထင်ထင်သာ မမြင်တတ်သေးသော်လည်း ကိုဗစ်နိုင်တင်န်းသည် လူတို့၏ဘဝအပေါ် အများကြီးသက်ရောက်သွားသလို Life Style တွေအပေါ်ပါ ရိုက်ခတ်လာမည်ကတော့ အမှန်ပင်။
ကျနော်တို့(၁၉၆၀ ပြည့်နှစ်တဝိုက်မွေးဖွားသူများ)သည် ဒုတိယကမ္ဘာစစ်ကြီးကိုလည်းမမီခဲ့သလို ကာလဝမ်းလို ကျောက်ရောဂါလို စပိန်တုပ်ကွေးလို ပုလိပ်ရောဂါလို ကပ်ဆိုးဘေးဆိုးကြီးများဒဏ်မှလည်း လွတ်ခဲ့၏။ အိပ်ချ်အိုင်ဗီ အေအိုင်ဒီအက်စ်တို့ ဆားစ်တို့ မားစ်တို့ အီဘိုလာတို့ စသည့် ရောဂါဆိုးရောဂါဆန်းများကို ကျနော်တို့ ရင်ဆိုင်တွေ့ကြုံဖြတ်သန်းလာခဲ့သော်လည်း ထိုရောဂါများသည် ယခု မျက်မှောက်ပြုနေရသည့် ကိုဗစ်နိုင်တင်န်းလောက် ကျနော်တို့ခေတ်ကို မွှေနှောက်ခြောက်ခြားမှုမပြုခဲ့ပါ။ ကိုဗစ်နိုင်တင်န်းကြောင့် ကမ္ဘာတလွှား ဘာတွေဘယ်လိုဖြစ်နေသည်ကို လူတိုင်းအသိမို့ အပ်ကြောင်းထပ်ပြောနေစရာပင် မလိုအပ်တော့ပါ။ 
အဆုံးတနေ့တွင် ဤ ရောဂါဆိုးအား လူသားတို့ အောင်မြင်ကျော်လွှား အနိုင်ယူသွားရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ သို့သော် မျက်မှောက်ပြုနေရသည့်အခြေအနေတွင် ကိုဗစ်နိုင်တင်န်းနှင့် နေထိုင်သွားရမည့်နည်းကိုလည်း စဉ်းစားရမလိုဖြစ်နေ၏။ ကိုဗစ်နိုင်တင်န်းကြီး မရှိတော့သည့်နောက်တွင် ကျနော်တို့ New Normal ဆိုသည့် လူမှုအခြေအနေတရပ်ကို ရကြရလိမ့်ဦးမှာလည်း မုချမသွေဖြစ်နေ၏။ ထို အသစ်ပုံမှန်အခြေအနေတွင် ကျနော်တို့ ဘယ်မျှအသားကျကျနေနိုင်ကြမလဲကလည်း ခုလောလောဆယ်အတွက် တွေးစရာအသစ်ဖြစ်နေမည်လား မပြောတတ်ပါ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ရင်ဆိုင်နိုင်ကြရန် ပြင်ဆင်ထားကြဖို့သာဖြစ်၏။
မျိုးမြင့်ချို
၁၄၊ မေ၊ ၂၀၂၀

0 comments:

Post a Comment