Sunday, May 10, 2020

အဖေ့အကြောင်း(၂) (အောင်သွေး)

0 comments
အဖေ့အကြောင်း(၂) (အောင်သွေး)
၁၉၅၂ ခုနှစ် ဖဆပလအစိုးရလက်ထက်မှာ အဖေတို့ရဲဘော်ဖြူအဖွဲ့ လက်နက်နဲ့ဒီမိုကရေစီ လဲခဲ့ကြပါတယ်။ ဗဟိုက ဗိုလ်မှူးဖိုးကွန်းတို့က ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့စကား နားထောင်ပြီးလုပ်ကြတာပါ။ ဗဟိုကဆုံးဖြတ်တော့လည်း အဖေကနာခံရတော့တာပေါ့။ ဘာ ဒီမိုကရေစီမှလည်း မရခဲ့ကြပါဘူး။ ဒီမိုကရေစီအစား ဖေါ့ဦးထုပ်တလုံးပဲရခဲ့တယ်လို့ အဖေကအမြဲပြောနေကျပါ။ အဖေကတော့သူ-အမေနဲ့လက်ထပ်တုန်းက ဘိသိတ်သွန်းပေးခဲ့တဲ့ဆရာကြီးမှိုင်းကို လေးစားကြည်ညိုလို့ သူ့စကားနားထောင်ခဲ့တာလို့ပြောပါတယ်။ သူပုန်တွေက ဆရာကြီးစကားနားထောင်ခဲ့ပေမယ့် ဖဆပလအစိုးရက ဆရာကြီးစကားနားမထောင်ခဲ့ပါဘူး။ အကျယ်မရေးတော့ပါ။ သမိုင်းကို ပြန်ရှာ ကြည့်ကြပါ။

လက်နက်ချအဖေနဲ့အမေဟာ တောထဲက(မင်းကလွန်း)ရွာမှာ မွေးခဲ့တဲ့သားကြီး(အကိုဦး)နဲ့အတူ ရန်ကုန်မြို့မင်းမနိုင်ကွက်သစ်မှာ တဲလေးထိုးပြီး နေရပါတယ်။ အမေက ဘဲခေါင်းဆံပြုတ်ရောင်းပြီး ဝမ်းစာရှာရပါတယ်။ အဖေကတော့ လပ်ယားလပ်ယားနဲ့သူ့ရဲဘော်တွေ-နိုင်ငံရေးသမားတွေနဲ့တွေ့ပေါ့ဆွေးနွေးပေါ့၊ ဘာမှလည်း ဖြစ်မလာပါဘူး။ နောက်တော့ မင်းမနိုင်ရပ်ကွက်တွေကို ကျူးကျော်ရပ်ကွက်ဆိုပြီး ဗိုလ်ထွန်းစိန်က လိုက်ဖျက်တော့-ဘုံပျောက်သွားပါတယ်။ အဲဒီကာလမှာ ကျနော့ကိုမွေးပါတယ်။ ဒေါ်ခင်ကြည် ဆေးရုံမှာပါ။

နောက်တော့အဖေက သူ အောင်လက်မှတ်ရခဲ့တဲ့ စစ်တွေဆရာအတတ်သင်ကျာင်းကလက်မှတ်နဲ့ ကျောင်းဆရာအလုပ် ဝင်လုပ်ပါတယ်။ ပထမဆုံးက မင်းလှ(လက်ပံတန်း)မှာ ကျောင်းဆရာအလုပ်ပါ။ အဲဒီမှာကျနော့အောက်ကညီကိုမွေးလို့ အဖေ့ဆွေမျိုးတွေက ငါ့တို့အမျိုးက မင်း ၃မင်း မွေးတယ်လို့ဂုဏ်ယူပြောနေကြတာပေါ့။ အကိုကြီးက အဖေနဲ့အမေတောခိုတဲ့ ခရမ်းသုံးခွက မင်းကလွန်း ရွာမှာမွေးတယ်။ ကျနော်က မင်းမနိုင်ရပ်ကွက်မှာ မွေးတယ်ညီလေးကမင်းလှမှာ မွေးတယ်လေ။ အဲဒီတော့ပညတ်သွားရာဓာတ်သက်ပါ မင်းမနိုင်မှာမွေးခဲ့တဲ့ကျနော့ကို ဘယ်မင်းမှမနိုင်စေရဘူးစိတ်ချ။ အဲကျနော့်ပါတီက လွဲလို့ပေါ့။ ကျနော်က ပါတီဝင်လေပါတီစကားကိုတော့ နားထောင်ရမှာပေါ့ဗျာ။
အောင်သွေး
ဆက်ပါမည်

0 comments:

Post a Comment