Tuesday, May 19, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၄ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၄
ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁)
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အမျိုးသားရေးစုစည်းမှု
#ဒီပဲယင်းမင်း
(၁၇၆၀ - ၁၇၆၃)
အလောင်းမင်းတရားရဲ့ သားတော်အကြီးဆုံးမို့ သူ့ကို နောင်တော်ကြီးလို့ ခေါ်တာပါ။ အလောင်းမင်းတရား နတ်ရွာ မစံခင်ကတည်းက သူ့ကို အိမ်ရှေ့နန်းလျာ ထားခဲ့တယ်။ အိမ်ရှေ့မင်းကို ဥပရာဇာလို့ ခေါ်တယ်။ အလောင်းမင်းတရားရဲ့ နာရေးသတင်း ရောက်လာတော့ သူကထီးနန်းကို ဆက်ခံတယ်။ သူ့အောက်ကညီတော် မြေဒူးမင်းက ပုန်ကန်တယ်။ ဒါပေမဲ့ အရာမရောက်ပါဘူး။ မြေဒူးမင်းက အညံ့ခံတဲ့အတွက် အပြစ်မယူဘူး။ ဒီနောက် ဘုရင်က သူမနှစ်မြို့တဲ့ စစ်သူကြီး နှစ်ယောက်ကိုခေါ်ပြီး ကွပ်မျက်တယ်။ မင်းခေါင်နော်ရထာကို သူဆင့်ခေါ်တော့ စစ်သူကြီးက အန္တရာယ်ကို မြင်ပြီး ပုန်ကန်တယ်။ မင်းခေါင်နော်ရထာမှာ ရဲမက် ၁၂၀၀၀ ရှိတယ်။ သူတို့ထဲမှာ အများစုက မာစကတ် လက်နက်ကိုင်တွေပဲ။ သူက နာမည်ကြီး စစ်သူကြီးလည်း ဖြစ်တယ်။ ဒါကြောင့် ရဲမက်တွေအမြောက်အများ သူနဲ့ ပူးပေါင်းကုန်ကြတယ်။ သူက အင်းဝကိုသိမ်းပြီး မြို့ထဲကနေ ကြံ့ကြံ့ခံတယ်။ ဘုရင်က စစ်ပြေငြိမ်းဖို့ ဝန်ကြီးတွေကို လွှတ်တယ်။ ဒါပေမဲ့ ကမ်းလှမ်းချက် ဟူသမျှကို မင်းခေါင်နော်ရထာက ပယ်ချလိုက်တယ်။ သူက ဘုရင်ကို မယုံတော့လို့ပါပဲ။ မင်းခေါင်နော်ရထာဟာ ယောက်ျားပီပီ သေဖို့ကိုပဲ ဆုံးဖြတ်လိုက်တယ်။ ဘုရင်က အင်းဝကို ဝိုင်းထားတယ်။ ဒါပေမဲ့ မြို့ကို မသိမ်းနိုင်ဘူး။ အင်းဝတိုက်ပွဲကို ဦးဆောင်ဖို့ ဘုရင်က စစ်ကိုင်းကို ရောက်လာတယ်။ 
မင်းခေါင်နော်ရထာက ဆုံးခန်းတိုင်တိုက်ဖို့ ပိုင်းဖြတ်ထားတာပါ။ လက်နက်ချဖို့ ကမ်းလှမ်းတာကို လက်မခံဘူး။ ဒါပေမဲ့ မြို့ကို ဝိုင်းထားတဲ့အတွက် လက်နက်ရိက္ခာ အထောက်အပံ့ ပြတ်သွားပြီ။ ဒါကြောင့် နောက်ဆုံးမှာ ရဲမက် အနည်းငယ်နဲ့ အနောက်ဖက်ကနေ ဖောက်ထွက်ရတယ်။ကျောက်ဆည်နားက တိုက်ပွဲတခုမှာ မင်းခေါင်နော်ရထာ အသတ်ခံရတယ်။ နောက်ထပ် ဘုရင့် ဘဒွေးတော် တောင်ငူစားပုန်ကန်မှုလည်း ရှိပါသေးတယ်။ ဒါပေမဲ့ တောင်ငူစားက အညံ့ခံတဲ့အတွက် ခွင့်လွှတ်လိုက်တယ်။ ဒါ့အပြင် နောက်ထပ်ပုန်ကန်မှုလည်း ဆက်ရှိနေတုန်းပဲ။ မွန်စစ်သူကြီး ဒလဘန်းက မအောင်မြင်တဲ့ မုတ္တမတိုက်ပွဲအပြီးမှာ ချင်းမိုင်ကို ထွက်ပြေးတယ်။ မြန်မာတပ်က ထက်ချပ်မကွာ လိုက်လာပြီး ချင်းမိုင်ကို သိမ်းတယ်။ ဒလဘန်းလွတ်သွားပေမဲ့ သူ့မိသားစု အဖမ်းခံရတယ်။ ဒါနဲ့ပဲ ဒလဘန်း လက်နက်ချရတော့တယ်။ သူ့ကို ခွင့်လွှတ်ပြီး ဘုရင့်အမှုတော် ထမ်းစေတယ်။ ဘုရင်က ၁၇၆၃ ခုနှစ် အသက် ၂၉ နှစ်အရွယ်မှာ စောစောစီးစီး နတ်ရွာစံပါတယ်။ သားသမီး ၇ ယောက် ကျန်ခဲ့တယ်။ သူ့အောက်က ညီတော် ထီးနန်း ဆက်ခံတယ်။

0 comments:

Post a Comment