Thursday, May 14, 2020

ရွေးကောက်ပွဲ (၂)(ဝေစည်)

0 comments
ရွေးကောက်ပွဲ (၂)(ဝေစည်)
လာမယ့်ရွေးကောက်ပွဲအတွက် ခပ်သဲ့သဲ့ထွက်နေတဲ့ လှန့်လုံးတခုကရှိသေးတယ်။ တကယ်လို့များ Covid-19 ကြောင့် အရေးပေါ်အခြေအနေဖြစ်သွားပြီဆိုရင် စစ်တပ်ကအာဏာယူပြီးရွေးကောက်ပွဲလုပ်ပေးရမှာတဲ့။ ဒီမိုကရေစီအရပ်သားအစိုးရက Covid-19 ကြားမှာလုပ်ပေးမယ့်ရွေးကောက်ပွဲကို ကြိုက်သလား၊ စစ်အာဏာရှင်တွေလုပ်ပေးမယ့် ရွေးကောက်ပွဲကို ကြိုက်သလားပေါ့လေ။
၂၀၀၈ ခြေ/ဥအောက် ရွေးကောက်ပွဲတွေကိုသိကြားမင်းနားကင်းကြီးနဲ့ပဲဆင်းလုပ်လုပ်၊ ပြည်သူ့အကျိုးရွေးစေ့မှ မဖြစ်ထွန်းပါဘူး။ ဘယ်သူတက်လာလာဘူချည်းပါပဲ။ (ဘူဘူချင်းအတူတူ င့ါကုလားကဓါးပါတယ်ဆိုတာလောက် လေးလုံးထွားရုံပါပဲ) 
၂၀၀၈ ခြေ/ဥအောက်လို့ပြောရပေမဲ့တကယ်ကစစ်အာဏာအောက်လို့ပြောတာပိုမှန်ပါလိမ့်မယ်။ ၁၉၆၀ ရွေးကောက်ပွဲကို ကြည့်ပါ။ တည်မြဲနဲ့သန့်ရှင်းမှာစစ်တပ်ကတည်မြဲကိုထောက်ခံပါတယ်။ ဗြောင် သေနတ်ထောက် မဲထည့်ခိုင်းပါတယ်။ သန့်ရှင်းနိုင်သွားတော့ ၁၉၆၂ မှာအာဏာသိမ်းလိုက်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD နိုင်ပါတယ်။ အာဏာမလွှဲပါဘူး။ အဲဒီအာဏာမလွှဲမှုရဲ့နောက်ဆက်အဖြစ် ၂၀၀၈ ခြေ/ဥ ပေါ်လာတာပါပဲ။ ၂၀၁၀ မှာ ကြံ့ဖွံ့ကတဘီးတည်းလိမ့်ပြီးနို်င်ဖူးပြီ။ ၂၀၁၅ မှာ NLD လည်းဖွဲ့စည်းပုံပြင်မယ်၊ ငြိမ်းချမ်းရေးရရမယ်ဆိုပြီးအုပ်ချုပ်ပြီးပြီ။ ဘာတွေဖြစ်လာခဲ့သလဲဆိုတာလက်တွေ့မျက်တွေ့ပါ။ ၂၀၀၈ ခြေ/ဥ အောက်ကနေ ၂၀၀၈ ပိုမိုခိုင်မာရေးကိုသာဆောင်ရွက်ပေးနိုင်ပါလိမ့်မယ်။ (၂၀၀၈ အောက်ကနေ ၂၀၀၈ ပြင်/ဖျက်ရေးစိတ်ကူးယဉ်နေတဲ့ပါတီတွေ လေးနက်ကြဖို့ပါ) 
မှတ်မိကြပါလိမ့်ဦးမယ်။ ၂၀၁၀ ရွေးကောက်ပွဲ ဝင်မပြိုင်ဘူးဆိုတဲ့ NLD ရဲ့ ကြေညာချက်။ တပြည်လုံးအုံးခြိမ့်ခြိမ့်ညံအောင် ထောက်ခံခဲ့ကြတာပါ။ အဲဒီမှာ ၂၀၀၈ အောက်လျှိုချင်တဲ့၊ ၂၀၁၀ ပွဲဝင်ချင်တဲ့ ဦးခင်မောင်ဆွေတို့၊ဒေါက်တာသန်းငြိမ်းတို့၊ဦးသိန်းညွှန့်တို့နဲ့ အကွဲအပြဲစဖြစ်ပါတယ်။ သူတို့နဲ့ သူတို့ရဲ့ခွဲထွက်ပါတီကိုတပြည်လုံးက ပြည်သူ့သစ္စာဖေါက်တွေအဖြစ် ဝိုင်းဝန်းရွံရှာခဲ့ကြပါတယ်။ ပြည်သူ့တံတွေးခွက်မှာယက်ကန်ယက်ကန် ဖြစ်ခဲ့ကြရတယ်။ နိုင်ငံရေးအရာမဝင်တော့ဘူး။ စစ်အုပ်စုကိုရတဲ့နည်းလမ်းနဲ့ အလုပ်အကျွေးပြုသူတွေလည်း ဖြစ်သွားကြတော့တယ်။
၂၀၁၂ ကြားဖြတ်မှာကျ ဒေါ်အောင်ဆန်းစုကြည်ကသူ့ရဲ့အင်မတန်ကြီးမားတဲ့ ပုဂ္ဂိုလ်ရေးအရှိန်အဝါ ကိုသုံးပြီးရွှေဂုံတိုင်ကြေညာချက်ကိုဖျက်သိမ်းပစ်လိုက်တယ်။ (တကယ့်မူသဘောပြောရရင် ပြည်သူက ဘဝနဲ့ ရေးတာကိုတံတွေးဆွတ်ပြီးခြေနဲ့ဖျက်ပစ်လိုက်တာပဲ) ဒါပေမဲ့ ပုဂ္ဂိုလ်ရေးဩဇာအမြင့်ဆုံးရောက်နေတဲ့အချိန် ဖြစ်လေတော့ ဒေါ်စုနောက် ပြုံပါသွားကြတယ်။ မူဝါဒရေးရာ တိကျခိုင်မာပြတ်သားလှပါတယ်ဆိုတဲ့ အဖွဲ့တချို့တောင် လူကိုမင်လို့ မူကိုပြင်ချင်ချင်ဖြစ်ခဲ့ကြသေးတယ်။ 
အခုအဖြေထွက်နေပါပြီ။ 
အဓိကနှစ်ပါတီဖြစ်တဲ့ NLD နဲ့ ကြံ့ဖွံ့ကိုလူထုကစိတ်ပျက်လှပါပြီ။ဒါကိုဖွတ်ဒေါင်းအခက်တို့အကွက်လို့ တွေးသူတွေလည်းရှိပါတယ်။ NLDခွဲထွက် ပြည်သူ့ရှေ့ဆောင်ပါတီPPPခေါင်းဆောင် ဒေါ်သက်သက်ခိုင် ကNLDနဲ့ကြံ့ဖွံ့ကိုစိတ်ပျက်ပြီးဘယ်သူနိုင်နို်င်မထူးပါဘူးဆိုပြီးမတွေးကြဖို့နဲ့ ကျန်တဲ့ပါတီတွေ၊ပုဂ္ဂိုလ်တွေကိုသေချာလေ့လာပြီးမဲပေးကြဖို့ လူထုကိုဆော်ဩပါတယ်။ 
ပြည်သူ့ပါတီဥက္ကဌဦးကိုကိုကြီးကလည်းကျနော်တို့ ပြည်သူတွေကိုပြောချင်တာကအဓိကနံပါတ်တစ်က နိုင်ငံရေးကိုယုံပါလို့ အားပေးတိုက်တွန်းချင်ပါတယ်။ တချို့က နိုင်ငံရေးကိုစိတ်ပျက်တာမျိုး၊ မဲပေးလည်းမထူးပါဘူးကွာဆိုတာမျိုးအသံတွေထွက်လာတာမျိုးကိုစိတ်မကောင်းဖြစ်မိတယ်။ ဒီလိုမဲပေးရွေးချယ်ခွင့်ရဖို့အတွက် ဘဝတွေ၊အသက်တွေ အများကြီးပေးဆပ်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးနည်းလမ်းကိုယုံပါလို့တိုက်တွန်းချင်တယ် လို့ ကလေးမြို့နယ်ပါတီရုံးဖွင့်ပွဲမှာ ဖေဖေါ်ဝါရီလနှောင်းပိုင်းမှာပြောခဲ့ပါတယ်။ (သူ့စကားမှာဆွေးနွေးစရာတွေ အများကြီးပဲ။ဒါပေမဲ့ ခုစာစုမှာရွေးကောက်ပွဲကိစ္စလိုရင်းမို့ နောင်အလျဉ်းသင့်မှ အသေးစိတ်ဆွေးနွေးပါမယ်) 
PPP ဒေါ်သက်သက်ခိုင်ကပါတီထောင်ကတည်းကတပ်မတော်ဟာမိတ်ဖက်အဖွဲ့အစည်းလို့ ပြောခဲ့ပါတယ်။ PP ဦးကိုကိုကြီးကပါတီမထောင်ရသေးခင် ခပ်စောစောကတည်းကရိုဟင်ဂျာကိစ္စမှာတပ်မတော်နဲ့ လက်တွဲတိုက်ပွဲဝင်မယ်လို့ ပြောခဲ့သူပါ။ (ဦးကိုကိုကြီးဟာလဲ NLDနဲ့ နီးတုန်းကနီးခဲ့ပါတယ်။ NLDရင်ထိုးနဲ့ ဓါတ်ပုံတောင် မြင်ဖူးပါတယ်) 
NLD ခွဲထွက်နဲ့NLD နဲ့နီးခဲ့သူကမဲတောင်းနေကြပါတယ်။ သူတို့ကရှင်းပါတယ်။ “တပ်မတော်သာအမိ၊ တပ်မတော်သာအဖ”လိုင်းကိုဗြောင်တင်ထားတာပါ။ ဦးခင်မောင်ဆွေတို့၊ ဦးသိန်းညွှန့်တို့လိုပါပဲ။ ကိုယ့် မိသားစုမဲအကုန်ရရင်ပဲကံကောင်းလှပြီမှတ်ရမှာ။ 
၂၀၁၅ နောက်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲတွေကိုလေ့လာကြည့်ရင် လူထုမဲပေးနှုန်းကိုမဆိုထားနဲ့၊ မဲဆန္ဒရှင်စာရင်းလာကြည့်တဲ့နှုန်းတောင် အတော်ကျဆင်းနေတာတွေ့ရမှာဖြစ်ပါတယ်။ အဲဒါ ဗမာပြည် လူမျိုးပေါင်းစုံတိုင်းရင်းသားလူထုကြီးရဲ့ သဘောထားပါပဲ။ စစ်အာဏာအောက်ကရွေးကောက်ပွဲတွေဟာဘာမှ မဟုတ်ဘူးဆိုတာလူထုကသဘောပေါက်နေပါပြီ။ တစတစကျယ်ပြန့်လာမှာသေချာပါတယ်။ 
(ဝေစည်)
၁၃.၅.၂၀၂၀

0 comments:

Post a Comment