Thursday, May 14, 2020

တိန်ရှောင်ဖိန် : တတိယကမ္ဘာစစ်က ရှောင်လွှဲလို့ မရနိုင်ဘူး။ အပိုင်း(၁)

0 comments
တိန်ရှောင်ဖိန် : တတိယကမ္ဘာစစ်က ရှောင်လွှဲလို့ မရနိုင်ဘူး။ အပိုင်း(၁)
နာမည်ကျော် အီတလီဂျာနယ်လစ် အိုရီယာနာ ဖလီစီ (ORIANA FALLACHI) နှင့် တရုတ် ဒုတိယထိပ်တန်းခေါင်းဆောင် တိန်ရှောင်ဖိန် (DENG XIAOPING) တို့နှစ်ဦးကြား၁၉၈၀ခုနှစ် ဩဂုတ်လ ၃၁ရက်နေ့တွေ့ဆုံမေးမြန်းမှု နှစ်ပိုင်းထဲမှ ဒုတိယအပိုင်းဖြစ်ပါသည်။ 
ဖလီစီ : အရင်းရှင်အနောက်နိုင်ငံတွေကို တံခါးဖွင့်ပေးတဲ့ အကြောင်းပြောကြရအောင်။ ကျွန်မပြောချင်တာက စီးပွားရေးတံခါးဖွင့်ပေးမှုကြောင့် ရှင့်ရဲ့ လေးမျိုးခေတ်မီရေးလုပ်ဖို့ အစီအစဉ်ကို အကောင်အထည် ဖော်နိုင်တယ်လေ။ ဒီလိုလုပ်ခြင်းအားဖြင့် တရုတ်ပြည်ကို ပြည်ပအရင်းအနှီးတွေ ဝင်ရောက်လာမှာကိုး။ ဒါပေမယ့် အဲ့ဒီလိုလုပ်တာကြောင့် ပုဂ္ဂလိကပိုင်ဆိုင်မှုတွေ ပေါ်ပေါက်ပြန့်နှံ့လာအောင် လှုံ့ဆော်မှာကြောင့် အသေးစားအရင်းရှင်စနစ်ရဲ့ အာရုဏ်ဦးဖြစ်လာမှကို သဘာဝကျကျသံသယမဝင်ဘူးလား? 
တိန် : ဒီလိုစကြရအောင်။ နောက်ဆုံးခွဲခြမ်းလေ့လာချက်အရ ကျွန်တော်တို့ နိုင်ငံတော်ဖွဲစည်းပုံ မူဝါဒက ဥက္ကဌကြီးမော် ရေးဆွဲခဲ့တဲ့ မူနဲ့အတူတူပဲ။ နိုင်ငံတကာ အကူအညီယူနေပေမယ့် အဓိကအားဖြင့်ကတော့ ကိုယ့်အားကိုယ်ကိုးဦးမှာပဲ။ ဒါဟာတော့ ကျွန်တော့တို့ ဘယ်လောက်ပဲ အနောက်နိုင်ငံတွေကိုတံခါးဖွင့်ဖွင့်နေ၊ ဘယ်လောက်ပဲ ပြည်ပအရင်းအနှီးတွေယူယူနေ၊ ဘယ်လောက်ပဲ ပုဂ္ဂလိကပိုင်ရင်းနှီးမှုတွေ ကြီးလာနေနေ၊ သူတို့က တရုတ်ပြည် စီးပွားရေးမှာ သေးငယ်တဲ့ အခန်းကဏ္ဍမှာပဲ ရှိနေမှာပဲ။ <ဒီလိုလုပ်တာကြောင့်> ဘယ်လိုနည်းနဲ့မှ ဆိုရှယ်လစ် ပြည်သူပိုင်စနစ်ကို ထိခိုက်စေမှာမဟုတ်ပါဘူး။ နိုင်ငံခြားသားတွေလာပြီး စက်ရုံတွေလာဆောက်နေတာက လက်အောက်ခံအဖြည့်အစွက်နေရာမှာပဲ ပါဝင်မှာပါ။ ဟုတ်တာပေါ့၊ အရင်းရှင်စနစ်ရဲ့ အကျိုးသက်ရောက်မှုတစိတ်တပိုင်းကတော့ တရုတ်ပြည်ကိုရောက်လာမှာပေါ။ ကျွန်တော်တို့ လဲ သိနေပါတယ်။ ဒါပေမယ့် ကျွန်တော့အနေနဲ့ ဒါဟာတအားကြီးမဆိုးဝါးနိုင်သလို ကျွန်တော်တို့လဲ ကြောက်လို့မနေသင့်ပါဘူး။
ဖလီစီ : ရှင်ပြောနေတာက အရင်းရှင်စနစ်က ထင်သလောက်မဆိုးဘူးပေါ့?
တိန် : အဲ့ဒါကတော့ ခင်ဗျား အရင်းရှင်စနစ်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲ ဆိုတာပေါ်မူတည်တယ်။ ဘာပဲဖြစ်ဖြစ် အရင်းရှင်စနစ်က ပဒေသရာဇ်စနစ်ထက် အများကြီးသာလွန်ကောင်းမွန်တယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ အရင်းရှင်နိုင်ငံတွေမှာ ပေါ်ပေါက်ဖန်တီးထားတဲ့ အရာတွေအားလုံးကို အရင်းရှင်သဘောဆောင်တယ်လို့ ပြောလို့မရဘူး။ ပြောရရင်၊ နည်းပညာ၊ သိပ္ပံ၊ ပြီးတော့ သိပ္ပံလို့ခေါ်ရနိုင်တဲ့ စီးပွားရေးစီမံခန့်ခွဲမှု စတာတို့ဟာ နိုင်ငံတိုင်းအတွက် အသုံးဝင်တာပဲ။ ကျွန်တော်တို့ဟာ ဆိုရှယ်လစ်စနစ်တည်ဆောက်နေရာမှာ ဒီဟာတွေ အားလုံးကို အသုံးချနိုင်ဖို့ သင်ယူလိုစိတ်ရှိပါတယ်။
ဖလီစီ : ဒါပေမယ့်၊ လွန်ခဲ့နှစ်တွေတုန်းက ကြတော့ ရှင်က မဟာခုန်ပျံကျော်လွှားမှုကြီးကို အမှားတရပ်လို့ သတိထားလာမိတယ်လေ။ လူတွေက တစုံတရာကိုယ်တိုင် <ဖန်တီး>ထုတ်လုပ်လိုစိတ်ရှိတာကိုလေ။ <လူတွေအနေနဲ့>ဖြစ်တည်ဖို့ဆိုတာကို ကျွန်မပြောချင်တာလေ။ ဒါကြောင့်ဒါဟာ ကွန်မြူနစ်စနစ်နဲ့ ပတ်သက်လို့ဆွေးနွေးတဲ့အထဲ ပါမသွားဘူးလား?
တိန် : မာ့က်စ်ကပြောတယ်။ ဆိုရှယ်လစ်စနစ်ဆိုတာ ကွန်မြူနစ်စနစ်ရဲ့ ပထမဆုံးအဆင့်ပဲတဲ့။ ပြီးတော့ <အဲ့ဒီကိုရောက်ဖို့ဆို> ရှည်လျားတဲ့ သမိုင်းလမ်းစဉ်ကို ဖြတ်သမ်းရမယ်တဲ့။ ဒီလက်ရှိအဆင့်မှာ ကျွန်တော်တို့ဟာ "လုပ်ရင်လုပ်နိုင်သလို အကျိုးခံစားရမယ်"ဆိုတဲ့ မူကို အကောင်အထည်ဖော်ဖို့ ကြိုးစားသင့်တယ်။ တဦးတယောက်ချင်းစီရဲ့ လိုအင်ဆန္ဒနဲ့ တနိုင်ငံလုံးစာရဲ့လိုအင်ဆန္ဒကို ကျွန်တော်တို့က ပေါ့င်းစည်းသင့်တယ်။ ဒီလိုလုပ်မှ လူအများစုကို ကုန်ထုတ်လုပ်ငန်းလုပ်ဆောင်ဖို့ အားတက်အောင် စုစည်း စည်းရုံးနိုင်မယ်။ ကျွန်တော်တို့ ကုန်ထုတ်စွမ်းအားစုတွေ တိုးတက်အောင်နဲ့၊ ကျွန်တော်တို့တွေကို ခေတ်နောက်ပြန်ဆွဲ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ဖို့ကို ကူညီနိုင်သ၍တော့ အရင်းရှင် အနောက်နိုင်ငံတွေက ကျွန်တော့တို့အတွက် ထောက်အကူဖြစ်မှာပါ။ ပြီးတော့
ဖလီစီ : မစ္စတာ "ကြောင်ဖြူကြောင်မည်း အရေးမကြီးဘူး၊ ကြွက်ခုတ်တတ်ဖို့ အရေးကြီးတယ်" ဆိုတဲ့ စကားကိုရှင် ပြောခဲ့တာလေ။ ဒီလို လက်တွေ့ကျမှုမျိုးကို၊ ဒီလိုသည်းခံမှုမျိုးကို၊ ရှင့်ရဲ့ နိုင်ငံရေးဘဝထဲမှာ အသုံးချမှာလားရှင်? ကျွန်မမေးရတဲ့ အကြောင်းက ရှင်အမေရိကန်မှာတုန်းက ပြောခဲ့တဲ့အဖြေက "ကျွန်တော်တို့တွေ တရုတ်ပြည်မှာ အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ဒီမိုကရေစီစနစ်ကို ကျယ်ပြန့်အောင် လု်ပရမယ်" လို့.. အဲ့ဒီလိုမျိုးပြောခဲ့တယ်လေ။ ရှင်ပြောတယ် ဒီမိုကရေစီဆိုတာ ဘာကိုပြောတာတုန်း? ပါတီစုံ လွတ်လပ်စွာ ရွေးကောက်ပွဲဝင်နိုင်ရေး <ဒီမိုကရေစီ>ကို ပြောတာလားရှင်?
တိန် : ကျွန်တော် အဲ့ဒီလို အဖြေမျိုးတခါမှ မပေးခဲပါဘူး။ နားလည်မှုလွဲတာ ဖြစ်လိမ့်မယ်။ ကျွန်တော်ပြောနိုင် တာကတော့ လေးဦးဂိုဏ်းကို ဖြုတ်ချပြီးတဲ့နောက် ကျွန်တော်တို့ဟာ ပစ္စည်းမဲ့အာဏာရှင်စနစ်ကို လက်မလွတ်ရဘဲ ဆိုရှယ်လစ်ဒီမိုကရေစီမြှင့်တင်ရေးကို အသားပေးလုပ်ဆောင်ခဲ့ကြတယ်။ ဒီမိုကရေစီနဲ့ ပစ္စည်းမဲ့အာဏာရှင်စနစ်တို့ဟာ အကြွေစေ့တဖက်က ဆန့်ကျင်ဘက်တခုကို သဘောဆောင်တဲ့ ရှုထောင့် နှစ်မျိုးဖြစ်တယ်။ နောက်ထပ်ပြောချင်တာက ပစ္စည်းမဲ့ဒီမိုကရေစီက အရင်းရှင်ဒီမိုကရေစီစနစ်ထက် အဆပေါင်း များစွာသာတယ်ဆိုတာကိုပဲ။ အခုအချိန်မှာ ကျွန်တော်တို့ဟာ အခြေခံမူလေးရပ်ရဲ့ အဓိကအရေးပါမှုကို အရေးစိုက်နေကြတယ်။ <အဲ့ဒီလေးခုက> ဆိုရှယ်လစ်စနစ်၊ ပစ္စည်းမဲ့အာဏာရှင်စနစ်၊ မော်စီတုန်း အတွေးအခေါ်နဲ့ ဖြည့်စွက်ထားတဲ့ မာ့က်စ်လီနင်ဝါဒ၊ နဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုပဲ။ ဆိုလိုချင်တာက ပစ္စည်းမဲ့အာဏာရှင်စနစ်မူကိုတော့ လုံးဝအထိအပါးမခံဘူး။
ဖလီစီ : အခုမှပဲ တီယန်နာမင်းရင်ပြင်မှာချိတ်ထားတဲ့ မော်ပုံကို မာ့က်စ်၊ အိန်ဂျယ်၊ လီနင် နဲ့ စတာလင်ပုံတွေက မျက်နှာမူ ချိတ်ဆွဲထားတာကို ကျွန်မနားလည်တော့တယ်။
တိန် : အင်း၊ ယဉ်ကျေးမှုတော်လှန်ရေးကြီးမတိုင်ခင်ကတော့ ဒီပုံတွေက အရေးပါတဲ့နေ့တွေမှ ချိတ်ဆွဲထားတာ။ ဟုတ်တယ်၊ ဒါကအစဉ်အလာပဲ။ ယဉ်ကျေးမှုတော်လှန်ရေးကာလကမှ ပြောင်းသွားတာ။ အဲ့ဒီအချိန်တုန်းကမှ ဒီပုံတွေကို တချိန်လုံးထားထားမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော်တို့လဲ အရင်တုန်းကအတိုင်းပဲ ပြန်လုပ်မလားလို့ စိတ်ကူးနေတာ။
ဖလီစီ : ဒီလိုကိုး။ အရေးကြီးတာ မကြီးတာထက် ဘာကြောင့် စတာလင်ရဲ့ပုံပါ ချိတ်ထားတာတုန်း?
တိန် : ကျွန်တော်တို့ အမြင်က စတာလင်ရဲ့ ကောင်းကွက်တွေနဲ့ တော်လှန်ရေးအပေါ် ပေးဆပ်မှုတွေက သူ့အမှားတွေထက် သာလွန်တယ်လို့ ထင်တယ်။ ကျွန်တော်တို့ တရုတ်တွေလုပ်နေကြအတိုင်း စတာလင်ရဲ့ အမှတ်အဆင့်ကတော့ ၃၀ ရာခိုင်နှုန်းက အမှား၊ ကျန် ၇၀ ကအမှန်ပေါ့ဗျာ။ ပြီးတော့ ဥက္ကဌကြီးမော်ကလဲ ဒါကိုမကြာခဏပြောခဲ့တယ်။ ဆိုဗီယက်ကွန်မြူနစ်ပါတီရဲ့ အကြိမ် ၂၀ မြောက် ညီလာခံအပြီးမှာ တရုတ်ပြည်ကွန်မြူနစ်ပါတီက စတာလင့်အပေါ် တိကျရှင်းလင်းတဲ့ အကဲဖြတ်ဝေဖန်ရေးကို ဖော်ထုတ်ခဲ့တယ်။ ကျွန်တော်တို့ အနေနဲ့ စတာလင်ရဲ့<စာပေ>လက်ရာတွေကို နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှုမှာ အကျုံးဝင်မယ့် ဂန္တဝင်လက်ရာတွေအနေနဲ့ အစဉ်သတ်မှတ်ထားကြမှာပါ။ ခင်ဗျားလဲ သိမှာပါ၊ ကျွန်တော်တို့ကလဲ စတာလင် အနေနဲ့ တရုတ်တော်လှန်ရေးကာလတုန်းက ကျူးလွန်ခဲ့တဲ့အမှားတွေကို နားလည်သဘောပေါက်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး အပြီးမှာ တရုတ်ကွန်မြူနစ်ပါတီနဲ့ ကူမင်တန်ပါတီအကြား မိတ်ပျက်ခဲ့ပြီး နှစ်ဖက်တရုတ်ပြည် လွတ်မြောက်ရေးစစ်ပွဲဆင်နွှဲခဲ့တယ်။ ဒါကို စတာလင်က သဘောမတူခဲ့ဘူး။ ဒါပေမယ့်လဲ ကျွန်တော်တို့ထားရှိတဲ့ သူ့အပေါ်သဘောထားက မပြောင်းလဲခဲ့ဘူး။
ဖလီစီ : ခရူးရှက် အပေါ်ကောပေါ့နော်?
တိန် : ခရူးရှက်?? ဒီခရူးရှက်ဆိုတဲ့ ကောင်က ဘာများကောင်းတာလုပ်ခဲ့လို့တုန်း?
ဖလီစီ : သူက စတာလင်ကို လူသိရှင်ကြား ရှတ်ချခဲ့တယ်လေ။
တိန် : အဲ့ဒါကို နင်က အကောင်းလို့ထင်နေတာလား?
ဖလီစီ : ကောင်းတယ်လို့ မြင်တယ်ရှင်။ ဘုရားစူး၊ စတာလင်သတ်ခဲ့တဲ့ သူတွေဟာ ဒီယဉ်ကျေးမှုတော်လှန်ရေး တလျောက်သေခဲ့တာတွေထက် များတာကိုး။ 
တိန် : မဟုတ်ဘူးထင်တယ်။ ဒါမသေချာဘူးနော်။ ဒီလိုမျိုး နှိုင်းယှဉ်ချက် လုပ်ဖို့က မဖြစ်နိုင်ဘူးနော်။
ဖလီစီ : ဒါဆို ဘာလိုပဲဖြစ်ဖြစ် ခရူးရှက်ထက် စတာလင်ကို ပိုပြီးလိုလားတယ်ပေါ့?
တိန် : ကျွန်တော်တို့က ဥက္ကဌကြီးမော်ကို ခရူးရှက်က စတာလင်ကိုလုပ်ခဲ့သလိုမျိုး ဘယ်တော့မှမလုပ်ပါဘူးလို့ ပြောခဲ့ပြီးပြီ ဆိုရင်ကော?
ဖလီစီ : ကျွန်မက ရှင့်ကို အနောက်နိုင်ငံတွေက တရုတ်ပြည်ရဲ့ ခရူးရှက်လို့ ကင်ပွန်းတပ်ကြတယ်လို့ အဖြေပေးခဲ့လို့ ရှိရင်ကော?
တိန် : (အကျယ်ကြီးရယ်၍) နားထောင်၊ အနောက်နိုင်ငံတွေက ကျွန်တော့ကို ခေါ်ချင်သလိုခေါ်ကြပါစေ။ ဒါပေမယ့် ကျွန်တော်က ခရူးရှက်အကြောင်း ကောင်းကောင်းသိတယ်။ သူ့ကို ၁၀ နှစ်တောင် ဆက်သွယ် ကိုင်တွယ်ခဲ့ရတာ။ ကျွန်တော့ စိတ်ထဲရှိတဲ့အတိုင်းပြောရရင် ကျွန်တော့ကို ခရူးရှက်နဲ့ နှိုင်းယှဉ်တာက ရူးသွပ်မှုပဲ။ စတာလင်က တရုတ်ပြည်သူတွေကို တစုံတရာ အကျိုးပြုခဲ့ပေမယ့်၊ ခရူးရှက်က တရုတ်ပြည်သူတွေကို ကောင်းကျိုး တခုမှမပေးခဲ့ဘူး။ ဒီ<တရုတ်> ပြည်သူ့သမ္မတနိုင်ငံကြီး တည်ထောင်ပြီးသိပ်မကြာဘူး စတာလင်က ကျွန်တော်တို့ စက်မှုလုပ်ငန်းတွေ ခေတ်မီအောင် ကူညီပေးခဲ့ပြီး တရုတ်ပြည်ရဲ့ စီးပွားရေးအုတ်မြစ်အဖြစ် အသုံးချနိုင်ဖို့ စိတ်ရင်းစေတနာမှန်နဲ့ လုပ်ပေးခဲ့တယ်။ အလကားတော့ ကူတာမဟုတ်ဘူးပေါ့။ ကျွန်တော်တို့ကလဲ ပြန်ပြီး <ကျေးဇူး>ကြွေးပြန်ဆက်ခဲ့ကြတယ်။ ဒိနောက် ခရူးရှက်လဲ အာဏာရလာကော အရာအားလုံးဟာ ပြောင်းလဲသွားတယ်။ သူက တရုတ်ပြည်နဲ့ ဆိုဗီယက်အကြား စတာလင်လက်ထက်က သဘောတူညီထားတဲ့ စာချုပ်စာတန်းတွေကို ချိုးဖျက်ခဲ့တယ်။ ရာနဲ့ကို ချီတယ်။ ဒီကိစ္စတွေက ပြောရမှာ အရမ်းခက်ခဲ ရှုပ်ထွေးတယ်။ ဒီလိုပဲ လုပ်ရအောင်၊ ခင်ဗျားလဲ ခင်ဗျားယုံချင်တာယုံ၊ ကျုပ်လဲ ကျုပ်သဘောနဲ့ကျုပ်ပဲ။ ခရူးရှက်အကြောင်း ပြောတာ ရပ်ကြရအောင်။
ဖလီစီ : မစ္စတာ၊ ရှင့်အနေနဲ့ နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှုက အင်တာနယ်ရှင်နယ်ဝါဒကို ထွန်းတောက်စေတယ်လို့ ပြောနိုင်သလား?
တိန် : ကဲ အရေးကြီးတဲ့ အချက်ကတော့ ဘယ်နိုင်ငံက ဘယ်ပါတီမဆို အိမ်ထောင်ဦးစီးကြီးလို့ ပြုမူနေလို့ မဖြစ်ပါဘူး။ ပြီးတော့ ဘယ်ပါတီကမှ <ကမ္ဘာ့>ကွန်မြူနစ်လှုပ်ရှားမှုရဲ့ ဗဟိုမဖြစ်သင့်ဘူး။ ဗဟိုဆိုတာ မရှိဘူး။ ခေါင်းဆောင်ဆိုတာလဲ မရှိဘူး။ လက်ရှိ ဆိုဗီယက်ကွန်မြူနစ်ပါတီကလဲ လီနင်ဦးဆောင်ခဲ့တဲ့ ပါတီမဟုတ်တော့ဘူး။ ကျွန်တော်တို့က <လက်ရှိ>ဆိုဗီယက်ယူနီယံကို နယ်ချဲ့နိုင်ငံ.. ဆိုရှယ်နယ်ချဲ့နိုင်ငံလို့ သတ်မှတ်ထားတယ်။ ဘာလို့လဲဆိုတော့ ဆိုဗီယက်ကွန်မြူနစ်ပါတီက နယ်ချဲ့နိုင်ငံကို ခေါင်းဆောင်တဲ့ ပါတီဖြစ်နေလို့ပဲ။ အဲ့ဒီမှာတောင် ဒီလိုပါတီက ကွန်မြူနစ်ပါတီမှကော ဟုတ်ရဲ့လားလို့ မေးစရာဖြစ်လာတယ်။
ဖလီစီ : ဟုတ်ကဲ့။ ဒီနေ့လက်ရှိ ကမ္ဘာတဝှမ်းမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ ကွန်မြူနစ်နိုင်ငံတွေ အကြားမှာဖြစ်နေတာတွေကို ပြောချင်တာပါ။ အာရပ်နိုင်ငံတွေမပါရင် ခြံရဲ့အခြားတဖက်မှာဆို ဘယ်နိုင်ငံမှ ကွန်မြူနစ်နိုင်ငံတွေ အချင်းချင်းမုန်းသလို မမုန်းကြဘူး။ ဆိုဗီယက်ယူနီယံနဲ့ တရုတ်တို့၊ တရုတ်နဲ့ ဗီယက်နမ်တို့ လိုမျိုးပေါ့။
တိန် : ခင်ဗျားက ဗီယက်နမ်အကြောင်း ပြောချင်တယ်ပေါ့? ဒါဆိုနားထောင်။ ကမ္ဘာ့ သေနင်္ဂဗျူဟာ အမြင်ကနေကြည့်ရင် ဗီယက်နမ်ပြည်သူတွေက ဆိုဗီယက်ယူနီယံရဲ့ ခြေရာတွေလိုက်နင်းနေကြတယ်။ ကျွန်တော် အကြိမ်ကြိမ်အဖန်တရာကျေအောင်ပြောခဲ့သလိုပဲ၊ <ဗီယက်နမ်>သူတို့က အရှေ့တိုင်းရဲ့ ကျူးဘားဖြစ်သွားပြီ။ သူတို့တွေ လာအိုနဲ့ ကမ္ဘောဒီးယားမှာ ဝင်ရောက်စခန်းချနေတာကို မြင်နေတာတောင်<သက်သေ> မလုံလောက် သေးဘူးလား? ဒီဟာဘယ်လိုနိုင်ငံမျိုးလဲ ဆိုတာမေးဖို့မလုံလောက်သေးဘူးလား? ကျွန်တော်တို့ တရုတ်ပြည်သူ တွေ အနေနဲ့ ဗီယက်နမ်ပြည်သူတွေ တရုတ်ကို ကျောခိုင်းသွားရလောက်တဲ့ အကြောင်းပြချက်ကို စဉ်းစားလို့ တောင်မရဘူး။ သူတို့တွေ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ဆင်နွှဲခဲ့တဲ့ ကာလတလျောက် ဗီယက်နမ်က တရုတ်ပြည်ဆီကနေ ကိုယ့်ကျိုးမကြည့်တဲ့ အကူအညီတွေကို ရရှိခဲ့တယ်။ ကျွန်တော်တို့ အနေနဲ့ သူတို့တွေကို စိတ်ပျက်လောက်အောင် ဘာမှမလုပ်မိဘူး။ ပြီးတော့သူတို့ရဲ့ အမျိုးသားရေးကိစ္စတွေမှာလဲ ဝင်ရောက် မစွက်ဖက်ခဲ့ဘူး။ ကျွန်တော်တို့ ဗီယက်နမ်ကို စစ်ပွဲတလျောက် ဘယ်လောက်အကုန်ကျခံပြီး ကူညီခဲ့လဲသိလား? သန်း ၂၀၀၀ ကျော်ကုန်ကျတယ်။ တရုတ်ပြည်လို ဆင်းရဲတဲ့နိုင်ငံအနေနဲ့ဆို ဒါဟာတော်တော်များတာပဲ။
(ဆက်ရန်)
ကာတွန်းချစ်သူ (ဘာသာပြန်သည်)
၁၃.၅.၂၀၂၀

0 comments:

Post a Comment