Friday, May 8, 2020

သူ (သို့မဟုတ်) နွမ်းယဲ့ယဲ့ အပြုံးရှင် (မင်းဦးကင်း)

0 comments
သူ (သို့မဟုတ်) နွမ်းယဲ့ယဲ့ အပြုံးရှင်
xxxxxxxxxxxxxxxxxx မင်းဦးကင်း
သူ့ကို ကျနော် စတွေ့တော့ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးအပြီး စစ်အုပ်စု စစ်အာဏာ ပြန်လည် ခေါင်းထောင်လာသည့်ကာလ အရှေ့မြောက် စစ်ဒေသပြိုကွဲချိန်၊ လူထုလှုပ်ရှားမှုရော လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှု ပါ အကျပ်အတည်းဆိုက်နေသည့် သမယ၊ ၁၉၈၉ မတ်လကုန် ဧပြီလဆန်းတွင် ဖြစ်သည်။
သူ ကျနော့်ထက် အသက်ဆယ်နှစ်ခန့်ကြီးသည်။ နိုင်ငံရေးမျိုးဆက်အရ သူက ၆၂ မျိုးဆက်၊ ကျနော်က ၇၄-၇၅-၇၆ မျိုးဆက်။ သူက ၆၂ ဂျူလိုင် ၇ရက် အရေးတော်ပုံကြီးအပြီး စစ်အုပ်စု၏ အညှိုးတကြီး ဖြိုဖျက်ခံခဲ့ရသော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သဖြင့် ကိုကိုးကျွန်းသို့ အပို့ခံခဲ့ရပြီး အသေခံတိုက်ပွဲများကြား မသေကောင်း မပျောက်ကောင်း ပြန်လည် လွတ်မြောက်လာခဲ့သူ ကျွန်းပြန်ရဲဘော် တယောက်။
ကျနော်က ၇၄-၇၅-၇၆ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု လှိုင်းတံပိုးများအကြား ဖြတ်သန်းကြီးပြင်းကာ ဖြိုဖျက်ခံခဲ့ရသော ကျောင်းသားသမဂ္ဂများ ပြန်လည်ဖော်ထုတ်ရန် ကြိုးပမ်းရင်း ၁၆နှစ်မြောက် ဂျူလိုင် ၇ရက် အရေးတော်ပုံ အထိမ်းအမှတ် လှုပ်ရှားမှုအပြီး ဖမ်းဆီးအကျဉ်းချခံခဲ့ရ။ ထိုမှလွတ်သော် ဗမာပြည်ကွန်မြူပါတီ (CPB) ၏ လက်နက်ကိုင် တော်လှန်ရေးသို့ ကူးပြောင်း၊ အကြောင်းမသင့်၍ တိုက်ပွဲခွင်အတွင်း ပြန်လည်ဖမ်းမိရာမှ မသေကောင်း မပျောက်ကောင်း စစ်အာဏာရှင်တို့၏ ငရဲခန်းအတွင်းမှ လွတ်မြောက်လာခဲ့သူ၊ တောပြန် ဒုတိယံမိ ထောင်ထွက်တယောက်။
တွေ့မယ်တွေ့တော့ ချစ်ခင်လေးစားလှစွာသော မိခင်ပါတီကြီး သေလောက်သည့် ဒဏ်ရာရထားသည့် အချိန်။ သူက ရန်သူ့နယ်မြေလုပ်ငန်းတခုလုံး၏ ဦးဆောင် ၄၈၂၈ ဒေသပါတီကော်မတီ၏ ဇုန် ၄ ခေါင်းဆောင်။ ကျနော်က ပြင်ပလောက နှင့် ၇နှစ်ခန့် အဆက်အသွယ်ပြတ်ခဲ့၍ အခြေအနေ အရပ်ရပ်ကို လိပ်ပတ်မလည်သေးသူ။
ရန်သူ့နယ်မြေ လုပ်ငန်းကိစ္စတခုအတွက် လျှို့ဝှက်တွေ့ဆုံမှုတခုတွင် မိခင်ပါတီ၏ လက်နက်ကိုင်တော်လှန်ရေး ဒေသ ပြိုကွဲမှု အခြေအနေကို အူတူတူ ညီငယ်က ခေါင်းဆောင်နောင်တော်ကို သိလိုဇောဖြင့် အမောတကော မေးကြည့်မိ သည်။ ကျဆင်းလုစိတ်ဓာတ်အခံတွင် အိပ်မက်ရုပ်ပုံ နတ်ရေကန်ကြီး ပြန်လည်တွေ့ရနိုး မျှော်လင့်ချက်ဖြင့် စိတ်လှုပ်ရှားစွာ စူးစမ်းခဲ့ခြင်းလည်းဖြစ်သည်။ ကျနော်၏ စိတ်ကူးယဉ်ဘောင်ဘင်ခတ်မှုနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်စွာပင် သူက တည်ငြိမ် သော အိ‌န္ဒြေဖြင့် ကျနော့်အမေးကို အဖြေပေးခဲ့သည်။
“တော်လှန်ရေးတရပ်မှာ ဒီလို အဖြစ်မျိုးဟာ အဆန်းတကျယ်တော့ မဟုတ်ပါဘူး။ ဒီလို တနေ့ဖြစ်လာနိုင်တယ် လို့လည်း ကျနော်ကြိုတွက်မိပါတယ်။ လက်နက်ကိုင်တော်လှန်ရေးနယ်မြေတစ်ခုမှာ ပြည်သူလူထုရဲ့ အခြေခံစားဝတ်နေမှု ဘဝ ကို အာမခံချက်မပေးနိုင်ရင်၊ ကေဒါတွေရဲ့ နိုင်ငံရေးအမြင်ကို မြှင့်တင်မပေးနိုင်ရင် ဒီလိုအဖြစ်မျိုးက ကြုံတွေ့ရတတ်တာပဲ လေ”
ကျနော် တွေသွားသည်။ ဤအဖြေကို ကျနော်မျှော်လင့်မထား။ ပုန်ကန်ခွဲထွက်သူများ၊ နံဘေးမှ သွေးထိုး မြှောက်ပင့် ပေးသူများ၊ တဖက်ရန်သူ၏ အကောက်ကြံ ထိုးနှက်ဖြိုခွဲမှုများအကြောင်းကိုသာ ကြားရလိမ့်မည်ဟု ကျနော် ထင်ထားသည်။ သူ့အဖြေကို ကျနော်မရှင်း။ ဘဝင်မကျဖြစ်မိသည်။ သူက ဆက်ပြောသည်။
“ကျ‌နော်တို့ အခက်အခဲ ပိုကြီးမယ်။ ကျနော်တို့ အသည်းအသန် ရုန်းကန်ကြရမယ်။ ပါတီနဲ့ တော်လှန်ရေး အတွက် ကျနော်တို့ ပိုအားထည့်ပြီး ရုန်းကန်ကြရမယ်။ ဒီရုန်းကန်မှုမရှိရင် အနာဂတ်ကို ကျနော်တို့ မပိုင်ဆိုင်နိုင်ဘူး။ အားမပျက်ပါနဲ့ဗျာ”
သူက ယဲ့ယဲ့ပြုံးရင်း ပြောသည်။ သူ့မျက်နှာမှာ တည်ငြိမ်ခိုင်မာလှသည်။ ပထမအဖြေကို ကျနော် ဇ‌ဝေဇဝါနှင့် မှတ်သားထားလိုက်သော်လည်း နောက်ဆက်တွဲ သူ့အားမာန်က ကျနော့်ကို သွေးအားဖြစ်စေခဲ့သည်။ ဤအား ဤမာန်ဖြင့် ကျနော်ရှေ့က မျိုးဆက်၏ တာဝန်ကို သူထမ်းခဲ့ခြင်းဖြစ်သည်။ အပန်းမကြီးသော်လည်း တည်ငြိမ်သော အိန္ဒြေဖြင့် ကျနော်တို့ မျိုးဆက်နှင့်အတူ တော်လှန်ရေးခရီးကြမ်းကို သူ ဆက်လက်လျှောက်လှမ်းပေဦးမည်။ ကျနော် ယုံသည်။
ထိုညတွင် သူ့စကားများကို ကျနော် ပြန်တွေးသည်။ သူ့ဆိုလိုချက်ကို ကျနော် တဖြည်းဖြည်း နားလည်လာသည်။ သူက ပဋိပက္ခတခု၏ ခုန်ပျံ‌ပြောင်းလဲမှုဖြစ်စဉ်ကို ကြည့်မြင်ရာတွင် အတွင်းအကြောင်းတရားကို အဓိကထားသည်။ ပြောင်းလဲမှုဖြစ်စဉ်၏ အခြေခံအကြောင်းတရားများတွင် အတွင်းနှင့် အပြင်ရှိရာ ပြင်ပသက်ရောက်မှုကို လျစ်လျူရှု မထား သော်လည်း အတွင်းအကြောင်းတရား၏ အရေးပါမှုကို သူဇောင်းပေးပြောဆိုခဲ့ခြင်းဖြစ်သည်။ ကျနော် ဘဝင်ကျ သွားသည်။ သူက စိတ်ကူးမယဉ်။ အနုပဋိလောမ ရုပ်ဝါဒအမြင်ကို အပီအပြင် ကိုင်စွဲသည်။ ဤအမြင်ဖြင့် သမိုင်းကို သူကြည့်သည်။ တော်လှန်‌ရေးကို သူသုံးသပ်သည်။ အပြောင်းအလဲကို သူတွက်ဆသည်။ အနိမ့်အမြင့်အတက်အကျကို အိန္ဒြေရရ သူ ရင်ဆိုင်သည်။ သူကား မာ့က်စ်ဝါဒသမား စစ်စစ်ဖြစ်သည်။ သူကား မိခင်သားကောင်းပီသသည်။ သူ့တည်ငြိမ်မှုနှင့် အားမာန် တို့ က ကျနော့်သွေးထဲသို့ စီးဝင်ခဲ့လေသည်။
များမကြာမီတွင် စစ်အာဏာရှင်တို့၏ ငရဲခန်းအတွင်းသို့ သူဆွဲသွင်းခံလိုက်ရသည်။ သူ့တာဝန်ယူမှုဖြင့် ကျနော်တို့ တတွေ ဘေးမသီရန်မခ ဖြစ်ခဲ့ရသည်။ သို့တစေ ပထမအကြိမ် ကိုကိုးကျွန်းငရဲခန်းကို ဖြတ်သန်းခဲ့ရသော သူ့အဖို့ ဒုတိယံမိ ယခု ရန်သူ့အကျဉ်းစခန်းတွင် ဘယ်လောက်နှိပ်စက်ညှင်းပန်းခံရမည်ကို ကျနော် မှန်းဆမိသည်။ သို့သော် တည်ငြိမ်သော အိန္ဒြေနှင့် မလျှော့သော ဇွဲမာန်တို့ဖြင့် ဤလောကဓံကိုလည်း သူခံနိုင်ဦးမည်။ ရှင်သန်ကျော်ဖြတ်နိုင်ဦးမည်။ ကျနော် ယုံကြည် စိတ်ချသည်။
နောင်တနှစ်သာသာအကြာတွင် ကျနော်လည်း ဤလောကဓံကို တတိယအကြိမ် ထပ်မံရင်ဆိုင်ရပြန်သည်။ စစ် အာဏာစက် ပြင်းထန်နေသော ကာလတွင် နှစ် ၂၀ကြာ ရန်သူ့ငရဲခန်းတွင် အစမ်းသပ်ခံရပြန်သည်။ သူနှင့်တကွသော ရှေ့မျိုးဆက်နောင်တော်၊ ဦးလေးတော် တော်လှန်ရေးသမားတို့၏ ရေရှည်အမြင် ကျင့်သုံးမှုထုံးကို နှလုံးမူလျက် ကျနော် လည်း ဤလောကဓံ ခရီးကြမ်းရှည်ကို ဖြတ်သန်းရှင်သန်နိုင်ခဲ့သည်။
ကျနော် ထောင်ထဲဝင်ကာစအချိန်က ကမ္ဘာတလွှား ကျွမ်းထိုးမှောက်ခုံ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ အရှေ့ ဥရောပ ဆိုရှယ်လစ်နိုင်ငံများ ပြိုလဲပျက်သုဉ်းရာမှ ဆိုဗီယက် ရုရှားနိုင်ငံကြီးလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့ရသည်။ စစ်အေးခေတ်ကုန်ဆုံး၍ လစ်ဘရယ် ဒီမိုကရေစီအနိုင်ရကာ သမိုင်းနိဂုံးချုပ်ခဲ့ပြီဟု ကြွေးကြော်လက်ခမောင်း ခတ်သံများ ညံလာသည်။ ဆိုရှယ်လစ်ဝါဒ (မာ့က်စ်ဝါဒ)ကို စွန့်လွှတ်ကြောင်း အပြိုင်အဆိုင် ကြေညာသူများလည်း မနည်းမနော ထွက် ပေါ်လာသည်။ ဘာတွေလဲ၊ ဘယ်လိုလဲ၊ ဘာ‌ကြောင့်လဲ၊ ကျနော်တို့ မျှော်မှန်းသော ဆိုရှယ်လစ်ရေး အနာဂတ် ဘယ်မှာလဲ။ အတွေးများ ရှုတ်ထွေးစရာဖြစ်လာသည်။ ကိုယ့်လူဆိုသူများ၊ ကိုယ့်ဘက်သားဖြစ်ခဲ့ သူများက မိုးကျရွှေကိုယ်များနှယ် လစ် ဘရယ်တရား ဟောလာကြသည်။ ဆိုရှယ်လစ်ဆန့်ကျင်ရေးစကား ‌ပြောလာကြသည်။ ယုံစားဖွယ်ရာလား၊ ယုံမှားဖွယ် ရာလား။
ဤအချိန်တွင် ပါတီပြိုကွဲမှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည့် သူ့စကားကို ကျနော် ကြား‌ယောင်မိသည်။ ဤအမြင် နှင့် ထင်ဟပ်၍ ယခု အပြောင်းအလဲများကို ကျနော် နှလုံးသွင်းကြည့်မိသည်။ ရန်သူတော်လွန်း၍လော၊ ကိုယ် ညံ့ဖျင်း၍ လော။ နိုင်ငံတကာ ဆိုရှယ်လစ်တော်လှန်ရေးဖြစ်စဉ်ကို ကိုယ်ဉာဏ်မီသမျှ ပြန်လည်သုံးသပ်ကြည့်မိသည်။ အပြောင်းအလဲ အပေါ် ဖွင့်ဆိုရှင်းလင်းချက် အမျိုးမျိုးကိုလည်း ခွဲခြမ်းစိတ်ဖြာကြည့်မိသည်။ အသစ်ဖြစ်ပေါ်တိုးတက်မှုလော၊ အဟောင်းကို အသွင်သစ်ဖြင့် ငယ်ရုပ်ဆင်ခြင်းလော၊ တော်လှန်ရေး၏ နိဂုံးလော၊ အဆင့်သစ်ဖြစ်ပေါ်တိုးတက်မှုလော။
ဤတွင် သူ၏ မာန်တင်းကြုံးဝါးသံကို ကျနော်ပီပီပြင်ပြင် ပြန်ကြားရသည်။ မှန်သည်။ ရှေ့လျှောက် ကျနော်တို့ အခက်အခဲ ပိုကြီးမည်။ သို့သော် ကျနော်တို့ အသည်းအသန် ရုန်းကန်ကြရဦးမည်။ ဆိုရှယ်လစ်ရေးအတွက် ကျနော်တို့ ပိုအားထည့် ရုန်းကန်ကြရမည်။ ဤရုန်းကန်မှုမရှိပါက ဆိုရှယ်လစ် အနာဂတ်ကို ကျနော်တို့ ပိုင်ဆိုင်နိုင်မည် မဟုတ်ချေ။ အားပျက်စရာ မလို။ အားစိုက်တိုက်ပွဲဆက်လက်ဝင်သွားရန်သာ လိုပါသည်။ အချိန်တန်လျှင် ဟန်ဆောင်ဝံ့ကြွားမှုများ ပျောက်ကွယ်သွားလိမ့်မည်။ ကမ္ဘာပြည်သူများက အဖိနှိပ်ခံ ဘဝမှ ပြန်လည်ရုန်းထကြလိမ့်မည်။ ဆိုရှယ်လစ်ရေး အနာဂတ် ကို သမိုင်းက အဆုံးအဖြတ်ပေးလိမ့်မည်။
ကျနော့်အတွေးအမြင်များ ကြည်လင်သွားသည်။ ထိုအကြည်ဓာတ်ဖြင့် ထောင်တွင်း ဘဝ နှစ် ၂၀ ကို ကျနော် ဖြတ်သန်းနိုင်ခဲ့သည်။
ထောင်မှ ကျနော် လွတ်မြောက်လာချိန်တွင် မှတ်မှတ်ရရ အိမ်တိုင်ရာရောက် ကျတော့်ကို လာရောက်နှုတ်ဆက် တွေ့ဆုံခဲ့သူများတွင် သူနှင့် ကျနော့်အမှုတွဲတဦးဖြစ်သူ ကိုကိုးကျွန်းပြန် ရဲဘော်ကြီး ဦးကြည်ညွန့် (ယခု ကွယ်လွန်)တို့က ရှေ့ဆုံးမှ ပါဝင်ခဲ့သည်။ သူတို့က ကျနော့် အရင်နှစ်များမကြာမီက စစ်အစိုးရ ငရဲခန်းအတွင်းမှ ရှင်သန်လွတ်မြောက်လာခဲ့ကြ သူများဖြစ်သည်။ ဤနောင်တော်ကြီးများ၏ နွေးထွေးအားပေးမှုအောက်တွင် ဆယ်စုနှစ် နှစ်ခုကြာ ပြတ်တောက်ခဲ့ရသော ကျနော့် နိုင်ငံရေးဘဝ တဖန်ရှင်ပြန်ထမြောက်ခဲ့ရသည်။
သည်တခါပြန်တွေ့တော့ ယခင်က စိုလွင်တောင့်တင်းခဲ့သည့် သူ့ရုပ်သွင်မှာ အရင်လိုမဟုတ်တော့။ ငယ်ရုပ်သွင်ကို မမြင်ဖူးခဲ့သော်လည်း လေးဆယ်ကျော်သက်က သူ့အသွင် သူ့ဟန်ပန်မှာ ဖြတ်လတ်သွက်လက်၍ လန်းဆန်းတက်ကြွသော အားကစားသမားဟောင်းတဦးလို တောင့်တင်းခိုင်မာသည်။ နုစဉ်ဘဝ အစိတ်အပိုင်းကို ထောင်နှင့်ကျွန်းတွင် အပန်းတကြီး ဖြတ်သန်းခဲ့ရသူဟုပင် ထင်စရာမရှိ။ ပကတိစိုလွင်တက်ကြွ၍ အားမာန်ပြည့်ဝသည့်အသွင်နှင့် နှစ်လိုဖွယ်အပြုံးယဲ့ယဲ့ကို တွေ့ရသည် ။ ယခုမူ အသက်ကလည်း ၇၀ တန်းရောက်ပြီ မို့ သူ့တွင် ကာယခွန်အားများမတွေ့ရတော့။ ကျဲပါးသော ဆံပင် နှင့် ပါးလျားသောခန္တာကိုယ်၊ နွမ်းယဲ့ယဲ့အပြုံးနှင့် ဖြေးလေးသော လှုပ်ရှာမှုဟန်ပန်ကို တွေ့နေရသည်။ 
သို့တစေသူကားမရပ်မနားခရီးနှင်နေဆဲဖြစ်သည်။ နိုင်ငံရေးနယ်ပယ်တွင် ထဲထဲဝင်ဝင်လှုပ်ရှားလုပ်ကိုင်နေသည်ကို တွေ့ရ သည်။ ယဉ်ကျေးမှုစစ်မျက်နှာတွင်လည်း ခမ်းဝင်း ဟူသော ကလောင်တချောင်းကို ကိုင်စွဲ၍ တရားဝင်ပုံနှိပ်စာမျက်နှာ များပေါ် တွင် သူ့အတွေးသူ့အမြင်များကို အထူးသဖြင့် လူငယ်ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတို့အတွက် ဦးတည် ချက်ထား ရေးသားနေသည်ကို မြင်ရသည်။ တရားဝင်ပုံနှိပ်စာမျက်နှာများပေါ်တွင် မတင်သာသော သူ့နိုင်ငံရေးသုံးသပ်ချက် များကို အွန်လိုင်းမီဒီယာမှတဆင့် ဖြန့်ဖြူးကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့ဒီမိုကရေစီရေးအတွက် ဦးတည်ချက်ထား ရေးသားခဲ့သည်။ ရန်သူကိုရရာစစ်မျက်နှာမှ အဆက်မပြတ်တိုက်ခိုက်ခဲ့ပြီး ကျရာတာဝန်ကို အကြား အလပ်မရှိ ထမ်းဆောင် ခဲ့သည်။ 
၂၀၁၉ ခုနှစ် ၊ မေလ ၈ ရက်နေ့တွင် သူဖြတ်သန်းခဲ့ရသောခေတ်ကသူ့ပုခုံးပေါ်တင်ပေးခဲ့သော သမိုင်းတာဝန်များကို တစိုက် မတ်မတ် ယုံယုံကြည်ကြည် ထမ်းဆောင်ရင်း ခရီးလမ်းပေါ်တွင် သူလဲကျသေဆုံးခဲ့သည်။ ကွယ်လွန်ချိန်တွင် သူ့အသက် ၇၇ နှစ်ရှိပြီဖြစ်သည်။ ခရီးပမ်းနေပြီဖြစ်သော်လည်း သူ့ကိုသူ ဘဝခရီးအဆုံးရောက်တော့မည်ဟု ထင်ထားပုံမရ။ သူ့တွင် ထမ်းဆောင်ဆဲနှင့် ထမ်း‌ဆောင်ဦးမည့်တာဝန်များ တသီတတန်းကြီးကျန်ခဲ့သည်။ ထိုတာဝန်များအတွက် ခရီးဖော် များ ရှာဖွေ၍ သူမရပ်မနားလျှောက်လှမ်းခဲ့သည်။ သူ့ခရီးဖော်များကလည်း သူရုတ်တရက်ခွဲခွာသွားရလိမ့်မည်ဟု ထင်မထား။ သူ့နောက်ကမဆုတ်မနစ်ထပ်ချပ်မကွာ အတူလိုက်ပါရန် ပြင်ဆင်ထားကြသည်။ သို့သော်မထင်မှတ်သော မရဏတရားက သူ့ကိုခေါ်ဆောင်သွားခဲ့ချေပြီ။
သူ့နိုင်ငံ‌ရေးဘဝသည် ဗကသနှင့်စ၍ ဗကသနှင့်ပင် ဆုံးခဲ့သည်ဟုဆိုသော်ရ၏။ သူကွယ်လွန်သည့်နေ့က ဗကသနှစ် ၈၃ ပြည့် မျိုးဆက်ဟောင်း/သစ်တွေ့ဆုံပွဲသို့ အချိန်ကပ်၍ဖိတ်ကြားခံရသဖြင့် ထိုပွဲသို့ ကသုတ်ကယက် သွားခဲ့ရာမှ ခရီးဆုံးအရောက် ဘတ်စ်ကားမှတ်တိုင်မှ အဆင်းတွင် ရုတ်တရက်သူလဲကျကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ကွန်လွန်ချိန်တွင် သူ့အင်္ကျီအိပ်ကပ်ထဲ၌ တွေ့ဆုံပွဲမှာ သူပြောကြားဆွေးနွေးမည့် အတိုချုပ်အချက်အလက် ၅ ချက်ပါ စာရွက်ငယ်လေးတရွက် ကျန်ခဲ့သည်။ သူ့လက် ရေးဖြင့် ကသီကရီရေးထားသော ထိုစာရွက်ငယ်ပါ အချက်အလက်များမှာ ဤသို့ဖြစ်၍။
၁။ ပြည်သူဆန့်ကျင်တဲ့အစိုးရနဲ့မပူးပေါင်း။
၂။ ဗကသ ဂိုဏ်းခွဲလုပ်ရပ်ဆန့်ကျင်။
၃။အခြေခံမူ(၃) ရပ်ပေါ်မှာရပ်တည်။
၄။ ကျောင်းသားထုညီညွတ်ရေးကို မူ(၃) ရပ်အတွေးအခေါ်မှာ တည်ဆောက်။
၅။ မိမိတို့အတွင်း ပဋိပက္ခကို ညီညွတ်-ဝေဖန်-ညီညွတ်ရေးနဲ့ ဖြေရှင်း။
ဤစာရွက်ငယ်ပါ အချက်များနှင့် ထိုအချက်များနှင့် သက်ဆိုင်သော သူ့အတွေး၊ သူ့အယူ၊ သူ့သဘောထားကို ဘဝ တပါးသို့သူသယ်ဆောင်သွားခဲ့သလို သက်ဆိုင်ရာ ကျန်ရစ်သူအားလုံးအတွက်လည်းနောက်ဆုံးအမှာစကား သူပါး ခဲ့သည်။ 
သူကားသေဆုံးခဲ့ပေပြီ။ သို့တစေ သူ့သမိုင်းကားမသေခဲ့။ သူ့ပုဂ္ဂိုလ်ရေးဘဝ မှာ ပြောစရာအများအစားမရှိ။ ပုဂ္ဂလိကအကျိုး စီးပွားကို မှတ်မှတ်ရရ သူမရှာဖွေခဲ့။ သူ့နိုင်ငံရေးဘဝမှာကား ပြောစရာများလှသည်။ သူ့နိုင်ငံရေးဘဝ တလျှောက်လုံး အဖိနှိပ်ခံပြည်သူလူထုဘက်မှ ရပ်တည်ဦးဆောင်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ၏အလံအောက်မှ လျှောက်ခဲ့သည်။ သူ့နိုင်ငံရေးဘဝ တလျှောက်လုံး အလုပ်သမား၊ လယ်သမား၊ ကျောင်းသားပြည်သူ အခြေခံ လူတန်းစားဘက်မှ ပြတ်ပြတ်သား သားရပ်၍ ထိုလူတန်းစားအကျိုးစီးပွားအတွက် မယိမ်းမယိုင် ရောက်ရာနေရာမှ ကျရာတာဝန်ကို တစိုက်မတ်မတ် ထမ်းရွက်ခဲ့သည်။ ထိုလူတန်းစားတို့လွတ်မြောက်၍ တိုးတက်သစ်လွင်သော အနာဂတ် ပြည်သူ့ဒီမိုကရေစီ ဗမာပြည်ကြီးကို သူမျှော်မှန်းလျှောက်လှမ်းခဲ့သည်။ သူ့ဘဝ ခရီးလမ်းမှာ ဆူးခလုတ်ပြွမ်း၍ ကြမ်းတမ်း ခက်ခဲသော ခရီးကြမ်းဖြစ်သည်။ ထို ခရီးကြမ်းကို တည်ငြိမ်သော အိန္ဒြေ၊ ခိုင်မတ်သော အကျင့်၊ မယိမ်းယိုင်သော ခြေလှမ်းများနှင့် နွမ်းယဲ့ယဲ့အပြုံးတို့ဖြင့် အဆုံးတိုင်သူလျှောက်လှမ်းခဲ့သည်။ 
“ သူ ” ဆိုသည်မှာ “မပြယ်လေသည့် ချည်နှောင်ထုံး” ဟူသော ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားတယောက်၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို နောက်ဆုံးရေးသားခဲ့သော စာရေးဆရာ “ ခမ်းဝင်း “ (ခေါ်) ဦးတင်အောင် ( အန်ကယ်ကြီး ခေါင်းဖြူ )ပင် ဖြစ်ပါသည်။
နိုင်ငံရေးဂါရဝဖြင့်
(မင်းဦးကင်း)

0 comments:

Post a Comment