Tuesday, May 5, 2020

ဗိုင်းရပ်စ်မုဆိုး သို့မဟုတ် လင်းနို့မယ် (၄) ခိုင်ကြည်သစ် ဘာသာပြန်သည်။

0 comments
ဗိုင်းရပ်စ်မုဆိုး သို့မဟုတ် လင်းနို့မယ် (၄)
ခိုင်ကြည်သစ် ဘာသာပြန်သည်။
(၇)
ဒေသတွင်းရှိ ကြီးထွားလာနေဆဲ တောရိုင်းတိရစ္ဆာန်စျေးကွက်တွင် လင်းနို့၊ ကြောင်ကတိုး၊ သင်းခွေချပ်၊ ခွေးတူ ဝက်တူ နှင့် မိချောင်း အပါအဝင် တောရိုင်းသတ္တဝါ အမျိုးအစားပေါင်းများစွာကို ရောင်းချနေကြသည်။ ယင်း တော ရိုင်းတိရစ္ဆာန်‌ေစျးကြီးများက ဗိုင်းရပ်စ်ပိုးမွှားများကို ရောမွှေပစ်မည့် ဟင်းပေါင်းအိုးကြီး ဖြစ်လို့နေသည်။ ရှီနှင့် အဖွဲ့ ၏ လေ့လာမှုများအပါအဝင် အခြား လေ့လာမှု အတော်များများက ဗိုင်းရပ်စ်ပိုးမွှားများက လင်းနို့မှ လူသို့ တိုက်ရိုက် ရောက်ရှိကူးစက်နိုင်သည်ဟု ဆိုသော်ငြားလည်း၊ အခြား လွတ်လပ်သည့် သုတေသနအဖွဲ့များက သင်းခွေချပ်သည် လင်းနို့နှင့် လူအကြား ဗိုင်းရပ်စ်ရောက်ရှိစေရန် ကြားခံလက်ခံကောင်အဖြစ် ဆောင်ရွက်ပေးသည်ဟု တွေ့ရှိထား ကြပြန်သည်။ ယင်း သုတေသီအဖွဲ့က တရုတ်ပြည်တောင်ပိုင်း မှောင်ခိုတားဆီးရေးလုပ်ငန်းများက ဖမ်းဆီးရမိထား သည့် သင်းခွေချပ်များတွင် SARS-CoV-2 ကဲ့သို့သော ဗိုင်းရပ်စ်ကို တွေ့ရှိထားသည်။ 
ဖေဖော်ဝါရီလ ၂၄ ရက်တွင် တရုတ်နိုင်ငံအစိုးရက တောရိုင်းတိရစ္ဆာန်များအား သုတေသနလုပ်ငန်းများ၊ ဆေးပညာ ရှာဖွေမှုနှင့် အများပြည်သူအား ပြသရန်အတွက်မှ အပ ဝယ်ယူစားသောက်ခြင်းနှင့် ကုန်သွယ်ခြင်းများကို တားမြစ် ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ တရုတ် အင်ဂျင်နီယာ အကယ်ဒမီ၏ ၂၀၁၇ အစီရင်ခံစာအရ ယင်းကြေငြာချက် က အမေရိကန်ဒေါ်လာ ၇၆ ဘီလီယာ တန်ဖိုးရှိသည့် စီးပွားရေးလုပ်ငန်းကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။ လုပ် သားပေါင်း ၁၄ သန်းကို အလုပ်မှ ထုတ်ပယ်လိုက်ခြင်းလည်း ဖြစ်သည်။ 
ယင်းသို့ တားမြစ်ချက် ချက်ခြင်းထုတ်ပြန် ခြင်းအပေါ် အချို့က ကြိုဆိုခဲ့ကြသည်။ ဒက်စ်ဇက်စ် ကဲ့သို့သော ပညာရှင်များကမူ ပြည်သူလူထု၏ တောရိုင်း တိရစ္ဆာန်များနှင့်ပတ်သက်သည့် မိရိုးမလာ ယုံကြည်မှုများကို မပြောင်းလဲပေးနိုင်သေးချိန်တွင်၊ အလုပ်ပြုတ်သွားသူ များအတွက် အစားထိုး စားဝတ်နေမှေုအစီအစဉ်များမဖန်တီးပေးဘဲ ယခုကဲ့သို့ တားမြစ်လိုက်ခြင်းက ယင်းလုပ်ငန်း ကို မှောင်ခိုအဖြစ် ဆက်လက်ကြီးထွားရှင်သန်စေလိမ့်မည်ဟု စိုးရိမ်ကြသည်။ ယင်းသို့ မှောင်ခိုရောင်းဝယ်မှုများ ဖြစ်ပေါ်လာပါက ရောဂါကို စုံစမ်းထောက်လှမ်းရန် ပိုမို၍ ခက်ခဲလာနိုင်မည် ဖြစ်သည်။ "တောကောင်သားတွေ စားသောက်တာက တရုတ်ရိုးရာရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေတယ်" ဟု ဒက်စ်ဇက်ခ် က ဆိုသည်။ "ဒါကို ည တွင်းချင်း ပြောင်းလဲပစ်လို့ မရနိုင်ဘူး" ဟု သူက ထောက်ပြသည်။
ရှီ က "တောရိုင်းတိရစ္ဆာန်ကုန်သွယ်ရေးနဲ့ စားသုံးမှု ဆိုတာ ပြဿနာကြီးတစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ် တယ်" ဟု ဆိုသည်။ ၂၀၁၆ နှစ်ကုန်ပိုင်းက ကွမ်တုံပြည်နယ် ချင်းယန် (Qingyuan) ခရီုင်အတွင်းရှိ ဝက်မွေးမြူရေးခြံ ၄ ခြံ ရှိ ဝက်များတွင် အန်ခြင်း၊ ဝမ်းသွားခြင်း စသည့် ပြင်းထန်သော လက္ခဏာများ တွေ့ရှိခဲ့ရသည်။ ဝက်ကောင်ရေ ၂၅,၀၀၀ နီးပါး သေဆုံးခဲ့ရသည်။ ယင်းမွေးမြူရေးခြံမှာ ဆားစ်ရောဂါ စတင်ဖြစ်ပွားရာနေရာနှင့် မိုင်ပေါင်း ၆၀ ခန့်သာ ကွာဝေးသည်။ ဒေသခံ တိရစ္ဆာန်ဆေးကုဆရာဝန်များက ရောဂါကို လေ့လာနိုင်ရန်အတွက် ရှီ ကို အကူအညီတောင်းခံခဲ့ကြသည်။ လေ့လာမှုများအရ ယင်းရောဂါမှာ swine acute diarrhea syndrome (SADS) ဖြစ်ပြီး၊ ဝက်ခြံအနီးအနားရှိ လှိုဏ်ဂူများတွင် နေထိုင်ကျက်စားကြသည့် မြင်းခွာပုံလင်းနို့များတွင် တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးနှင့် မျိုးဗီဇဖွဲ့စည်းပုံ ၉၈% တူညီသည်ကို တွေ့ရှိခဲ့ရသည်။ 
ယင်းတွေ့ရှိချက်နှင့် ပတ်သက်၍ Duke University မှ ကူးစက်ရောဂါပျံ့နှံ့မှုလေ့လာရေးပညာရှင် ဂျော့ချ်ဂရေး (Gregory Gray) က "ဒါ အတော့်ကို လေးလေးနက်နက်ထားရမယ့် ကိစ္စဖြစ်တယ်" ဟု သုံးသပ်သည်။ ဝက်နှင့် လူသားများ၏ ခုခံအားစနစ်သည် များစွာဆင်တူပြီး အချင်းချင်းကြား ဗိုင်းရပ်စ်ပိုးများ ကူးစက်ရန် အလွန်လွယ်ကူ သည်။ ထို့ပြင် ဟန်ကျိုး (Hangzhou) မြို့ရှိ Zhejiang University မှ သုတေသီအဖွဲ့တစ်ဖွဲ့၏ တွေ့ရှိ ချက်များအရ SADS ရောဂါအား ဓာတ်ခွဲခန်းအတွင်း စမ်းသပ်သည့်အခါ တွင်းအောင်သတ္တဝါများ၊ ကြက်၊ လူ မဟုတ်သော လူတူ ပရိုင်းမိတ်များနှင့် လူသားများ၏ ဆဲလ်များကို ကူးစက်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ တရုတ်၊ အမေရိကန်တို့ကဲ့သို့ သော ဝက်မွေးမြူရေးပမာဏ ကြီးမားသည့် နိုင်ငံများရှိ ဝက်ခြံများတွင် ကိုရိုနာဗိုင်းရပ်စ်အသစ် ရှာဖွေရေးလုပ်ငန်း များမှာ ထိပ်တန်းဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်သည်ဟု ဂရေးက သုံးသပ်သည်။ 
ပြီးခဲ့သည့် ဆယ်စုနှစ် ၃ ခုအတွင်း ဖြစ်ပွားခဲ့သော ကူးစက်ရောဂါကြီးများမှာ လင်းနို့နေ ဗိုင်းရပ်စ် ၆ မျိုးဖြစ်သော ဟန်ဒရာ (Hendra)၊ နီးပါး (Nipah)၊ မားဘာ့ချ် (Marburg)၊ ဆားစ် (SARS-CoV)၊ မားစ် (MERS-CoV) နှင့် အီဘိုလာ (Ebola) ဗိုင်းရပ်စ်များကြေင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သို့သော် "(လင်းနို့၊ ဝက် အစရှိတဲ့) တိရစ္ဆာန်တွေက အဓိကပြဿနာ မဟုတ်ဘူး" ဟု ဝမ် က သုံးသပ်သည်။ တကယ်တမ်းတွင် လင်းနို့များသည် အင်းဆတ်များကို စား သုံးခြင်း၊ အပင်များ ဝတ်မှုံကူးခြင်းတို့ကို ကူညီဆောင်ရွက်ပေးခြင်းဖြင့် ဇီဝမျိုးစုံလင်မှုနှင့် ဂေဟစနစ် ရှင်သန်ကျန်း မာရေးကို အထောက်အကူပြုနေသည်။ "ကျွန်တော်တို့တတွေ သူတို့နဲ့ ထိတွေ့မှသာ ပြဿနာက စတင်ဖြစ်ပေါ် လာတာပါ" ဟု ဝမ်က သုံးသပ်သည်။
(၈)
ဆောင်းပါးရှင်သည် ဖေဖော်ဝါရီ လကုန်ပိုင်း၊ ရောဂါ စတင်ပြီးနောက် ၂ လ ခန့်ရှိလာချိန်၊ လူဦးရေ ၁၁ သန်း နေထိုင် သည့် ဝူဟန့်မြို့ကို အစိုးရက ပိတ်ဆို့ထားချိန် တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ သူမက ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်း နေပြီဖြစ်ကြောင်း ရယ်ရယ်မောမော ပြောဆိုခဲ့သည်။ "ကျွန်မတို့က ဒီလိုအခြေအနေမျိုးနဲ့ အသားကျလာတာလည်း ဖြစ်ကောင်းဖြစ်မယ်၊ အဆိုးဆုံးနေ့ရက်တွေကို သေချာပေါက် ကျော်လွှားနိုင်မှာပါ" ဟု ဆိုသည်။ သူမ အလုပ်လုပ် ကိုင်သည့် ဝူဟန့် ဗိုင်းရပ်စ်သုတေသန သိပ္ပံမှ ဝန်ထမ်းများအတွက် အိမ်နှင့် ဓာတ်ခွဲခန်းအကြား သွားလာနိုင်ရန် အထူးခွင့်ပြုချက်ကို အစိုးရက ထုတ်ပေးထားသည်။ ဓာတ်ခွဲခန်းကလွဲ၍ အခြားမည်သည့်နေရာကိုမျှ မသွားလာ နိုင်ကြချေ။စားသောက်ဆိုင်တန်းက ပိတ်ထားသဖြင့် ဓာတ်ခွဲခန်းအတွင်းရှိ ရှည်လျားလှသော အလုပ်ချိန်အတွင်း ခေါက်ဆွဲခြောက်ထုပ်ကိုသာ အားပြုစားသောက်ရင်း သုတေသနလုပ်ငန်းများ ကို ဆက်လက်လုပ်ကိုင်နေရသည်။ 
ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် တွေ့ရှိချက်အသစ်များက မကြာတော့သော အချိန်ကာလတွင် ဆက်လက် ထုတ်ဖော်ပြောဆိုနိုင်ကြမည် ဖြစ်သည်။ ဥပမာအားဖြင့် ရှီ ဦးဆောင်သော သုတေသီများက ရောဂါပိုးသည် လူသား ၏ အဆုပ်ဆဲလ်များအတွင်းသို့ ဝင်ရောက်ရာတွင် angiotensin-converting enzyme 2 ဟူသော ဆဲလ်ဝင်ပေါက်ကို အသုံးပြုကြောင်း တွေ့ရှိခဲ့ရသည်။ အခြားသော သုတေသနအဖွဲ့အစည်းများက ယင်းဆဲလ်ဝင်ပေါက်ကို ပိတ်ဆို့ နိုင်မည့် ဆေးဝါးများကို ရှာဖွေနေကြသည်။ ယခုအခါ သိပ္ပံပညာရှင်များက ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီ ဖြစ်သည်။ ရေရှည်အတွက်၊ လူကို ဒုက္ခပေးသည့် ကိုရိုနာဗိုင်းရပ်စ်များကို ဆေးတစ်မျိုးတည်းဖြင့် ကာကွယ်နိုင်သည့် ကာကွယ်ဆေး (broad-spectrum vaccines) နှင့် ကုသဆေးများ ဖော်ထုတ်နိုင်ရန် ဝူဟန့် သုတေသီများက စီစဉ်နေကြသည်။ "အခု ဝူဟန့်မှာဖြစ်တဲ့ ရောဂါဟာ ကျွန်မတို့အားလုံးကို သတိပေး သံချောင်းခေါက်လိုက်တာပဲ" ဟု ရှီ က ဆိုသည်။
သိပ္ပံပညာရှင်များစွာတို့က လူ့အသက်အန္တရာယ်ကို ထိခိုက်စေသော ရောဂါများအား ရောဂါဖြစ်ပွားမှ တုံ့ပြန်ဖြေရှင်း ခြင်းထက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်သင့်ကြောင်း ပြောဆိုကြသည်။ "တကယ်ကို ရှေ့ဆက်ဆောင်ရွက် သင့်တာကတော့ ကြိုတင်ကာကွယ်တားဆီးရေးပါပဲ" ဟု ဒက်စ်ဇက်ခ် က ဆိုသည်။ လူသားများတွင် အသစ် ဖြစ်ပွားသော ကူးစက်ရောဂါအားလုံး၏ ၇၀% မှာ တောရိုင်းတိရစ္ဆာန်များမှ ကူးစက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိပ်တန်းဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းမှာ ယင်းရောဂါများကို ကြိုတင် ရှာဖွေထားခြင်းနှင့် ရောဂါစမ်းသပ် ပစ္စည်းများ ကြိုတင်ထုတ်လုပ်ထားခြင်း ဖြစ်သည်ဟု ဒက်စ်ဇက်ခ် က သုံးသပ်ထားသည်။ ဆိုလိုသည်မှာ ဒက်စ် ဇက်ခ် နှင့် ရှီ တို့ကဲ့သို့သော သုတေသီများ၏ သုတေသနလုပ်ငန်းများကို ယခုနှစ် ရံပုံငွေများ မကုန်ဆုံးသေးမီ ပမာဏများများ ထပ်မံ ဖြည့်ဆည်းပေးရန် လိုအပ်နေသည်။ 
ယင်းလုပ်ငန်းများကို ကိုရိုနာဗိုင်းရပ်စ်သယ်ဆောင်ထားနိုင်ချေများသည့် လင်းနို့၊ တွင်းအောင်သတ္တဝါ၊ ကြောင်က တိုး၊ ခွေးတူဝက်တူ၊ သင်းခွေချပ်၊ လူတူပရိုင်းမိတ်များအပါအဝင် နို့တိုက်သတ္တဝါအုပ်စုများတွင် အာရုံစိုက် ဆောင် ရွက်သင့်သည်ဟု ဒက်စ်ဇက်ခ် က အကြံပြုသည်။ သူက အပူပိုင်းဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဇီဝမျိုးစုံလင်မှု မြင့် မားပြီး ယင်းဒေသများသည် ဗိုင်းရပ်စ်များကို ခုခံကာကွယ်ရန်အတွက် ရှေ့တန်းစစ်မျက်နှာများ ဖြစ်သည်ဟု ဆိုသည်။
ဒက်စ်ဇက်ခ် နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် ပြီးခဲ့သည့် ရာစုနှစ်အတွင်း လူသားများတွင် ဖြစ်ပွားသည့် ကူး စက်ရောဂါ ၅၀၀ ဝန်းကျင်ကို လေ့လာသုံးသပ်ခဲ့ကြသည်။ သူတို့၏ လေ့လာချက်များက လူဦးရေသိပ်သည်းမှု ကြောင့် လမ်းသစ်ဖောက်လုပ်ခြင်း၊ သတ္တုတွင်းတူးဖော်ခြင်း၊ သစ်တောများ ခုတ်ထွင်ခြင်း၊ စိုက်ပျိုးမြေတိုးချဲ့ခြင်းတို့ ဖြစ်ပေါ်ကာ ရေမြေတောတောင်သဘာဝ ပြောင်းလဲသွားသည့် ဒေသများတွင် ကူးစက်ရောဂါသစ်များ ဖြစ်ပွားနိုင် သည်ဟု ကောက်ချက်ချထားသည်။ "တရုတ်နိုင်ငံ တစ်ခုတည်း အခုလို ရောဂါဘေးကို ခံရနိုင်တာ မဟုတ်ပါဘူး" ဟု ဒက်စ်ဇက်ခ် က သတိပေးသည်။ သူက စီးပွားရေး ဖွံ့ဖြိုးကြီးထွားလာသည့် အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ဘရားဇီးလ် ကဲ့သို့သော နိုင်ငံများသည်လည်း ကူးစက်ရောဂါအန္တရာယ် ကြီးကြီးမားမား ရှိနေကြောင်း ထောက်ပြပြောဆိုသည်။
ကူးစက်ရောဂါဖြစ်ပွားနို်င်ချေရှိသည့် ပိုးမွှားများကို ဖော်ထုတ်နိုင်ပြီ ဆိုပါက သိပ္ပံပညာရှင်များ၊ လူထုကျန်းမာရေး တာဝန်ရှိသူများအနေဖြင့် မွေးမြူထားသည့် တိရစ္ဆာန်၊ ဝယ်ယူရောင်းချ ကုန်သွယ်ကြသည့် တောရိုင်းတိရစ္ဆာန်များ၊ ရောဂါကူးစက်ခံရနိုင်ချေရှိသည့် စိုက်ပျိုးမွေးမြူသူများ၊ သတ္တုတွင်းလုပ်သားများ၊ လင်းနို့နှင့် နီးကပ်သည့် ကျေးရွာ များမှ ပြည်သူများ၊ တောလိုက်မုဆိုးများ ထံမှ သွေးနမူနာ၊ တို့ပတ် နမူနာများ ပုံမှန်ရယူကာ လူသားများထံသို့ ရောဂါပိုးမွှား ကူစက်လာနိုင်ချေကို ကြိုတင်ထောက်လှမ်းနိုင်မည် ဟု ဂရေးက သုံးသပ်သည်။ လူသားများ၊ မွေးမြူ ရေးတိရစ္ဆာန်များနှင့် တောရိုင်းသတ္တဝါများ၏ ကျန်းမာရေးကို ချိတ်ဆက်ချဉ်းကပ်ကာ စီမံခန့်ခွဲသည့် ယင်းလုပ်ငန်း များကို "တစ်စုတည်းသော ကျန်းမာရေး (One Health)" ဟု ခေါ်သည်။ "ဒီလိုနည်းနဲ့သာ ရောဂါဖြစ်ပွားမှု အသေး စားလေးတွေကို ကြီးမားတဲ့ ကူးစက်ပျံ့နှံ့မှုဆီ မရောက်လာအောင် ကျွန်တော်တို့ တားဆီးချုပ်နှောင်နိုင်မယ်" ဟု သူက ဆိုသည်။ တစ်စုတည်းသောကျန်းမာရေး ဟူသည့် ဗျူဟာက ရောဂါကူးစက်မှုကြောင့် ကုန်ကျရသည့် ကုန်ကျစရိတ်ငွေ ဒေါ်လာဘီလီယံနှင့် ချီကာ သက်သာစေလိမ့်မည်ဟု သူက ထောက်ပြပြောဆိုခဲ့သည်။
(၉)
ဧပြီလ ၈ ရက်။ 
တားဆီးပိတ်ဆို့မှုများကို ဖယ်ရှားလိုက်ပြီဖြစ်သော ဝူဟန့်မြို့ကို ပြန်လည်စောင်းငဲ့ကြည့်သည့်အခါ ရှီကျန်းလီ သည် လင်းနို့မယ် ဟူ၍ ထင်ပေါ်ကျော်ကြားသူ တစ်ဦးအဖြစ်သာမကတော့ပေ။ သူမသည် ပြင်းထန်ကြီးမားသည့် စိတ်ဖိ စီးမှုကို ခံစားနေရရှာသည်။ SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးဗီဇသည် ဓာတ်ခွဲခန်းအတွင်း ယခင်က လေ့လာခဲ့သည့် ဗိုင်းရပ်စ်များ၏ မျိုးဗီဇဖွဲ့စည်းပုံနှင့် ကိုက်ညီမှု မရှိကြောင်း သိပ္ပံတွေ့ရှိချက်များ အထင်အရှား ရှိနေသည့်တိုင် ယင်းဗိုင်းရပ်စ်သည် အင်တာနက်နှင့် သတင်းဌာနကြီးအချို့က ဓာတ်ခွဲခန်းမှ လွတ်ထွက်သွားခြင်း ဖြစ်သည် ဟူသော သတင်းမှားကို အဆက်မပြတ် ထုတ်လွှင့်နေကြသည်။ အခြားသိပ္ပံပညာရှင်များက ယင်း သတင်းမှားများ ကို ပြတ်ပြတ်သားသား ငြင်းဆိုကြသည်။ ဒက်စ်ဇက်ခ် က "ရှီ ဟာ အဆင့်အမြင့်ဆုံး ကမ္ဘာ့အဆင့် ဓာတ်ခွဲခန်းကို ဦးဆောင်နေတဲ့သူပါ" ဟု ဆိုသည်။ 
အနှောက်အယှက်များ ရှိနေလင့်ကစား၊ ရှီ က သူမ၏အလုပ်ကို ဆက်လက်လုပ်ကိုင်နေရန် ဆုံးဖြတ်ထားသည်။ "ကျွန်မတို့ရဲ့ မစ်ရှင်က ဆက်လက်ရှင်သန်နေရမယ်" ဟု သူမက ဆိုသည်။ "အခု ကျွန်မတို့ ရှာဖွေတွေ့ရှိထားတယ် ဆိုတာတွေက ပင်လယ်ပြင်ထဲက ရေခဲကျောက်ဆောင်ရဲ့ ရေပေါ်ပေါ်နေတဲ့ အစိတ်အပိုင်းလေးလောက်သာ ဖြစ် တယ်" ဟု သူမက ရှင်းပြသည်။ ရှီ သည် သူမ ယခင်က ဆောင်ရွက်ခဲ့သော သုတေသနလုပ်ငန်းများကို ချဲ့ထွင်ကာ တစ်နိုင်ငံလုံးရှိ လင်းနို့လှိုဏ်ဂူများမှ ရောဂါနမူနာပစ္စည်းများကို စနစ်တကျ ရယူ စမ်းသပ်စစ်ဆေးမည့် နိုင်ငံတော် အဆင့် စီမံကိန်းကို ဦးဆောင်မည် ဖြစ်သည်။ ဒက်စ်ဇက်ခ်နှင့် သူ့အဖွဲ့က တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လေ့လာ ကြည့် ပါက လင်းနို့များတွင် ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်ခွဲပေင်း ၅၀၀၀ ကျော် ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။ 
"လင်းနို့နေ ကိုရိုနာဗိုင်းရပ်စ်တွေက ရောဂါအသစ်တွေ ထပ်ဖြစ်စေလိမ့်ဦးမယ်" ဟု ရှီ က အခိုင်အမာ ပြောဆိုသည်။ 
ရှီကျန်းလီက သူမ၏ ခိုင်မာသော သံဓိဌာန်ကိုလည်း ထုတ်ဖော်ကြေငြာခဲ့သည်။ 
"အဲဒီ ဗိုင်းရပ်စ်တွေက ကျွန်မတို့ကို ရှာမတွေ့ခင်၊ ကျွန်မတို့က သူတို့ကို အရင်ရှာဖွေရမယ်" ဟူ၍ ဖြစ်သည်။ ။

0 comments:

Post a Comment