Monday, May 18, 2020

“ဖွယ်ဖွယ်ရာရာရှိလှတဲ့ အမယ်စုံ ဒုက္ခ” အောင်မော်ဦး

0 comments
“ဖွယ်ဖွယ်ရာရာရှိလှတဲ့ အမယ်စုံ ဒုက္ခ”(အောင်မော်ဦး)
(မိုးမခ) မေ ၁၈၊ ၂၀၂၀
ဒီစာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ရင်ကြားစေ့ရေး”အပေါ် ဝေဖန်စာပါ။ ကျနော်ရေးလေ့ရေးထမရှိတဲ့ စာမျိုးပါ။ ဒါပေမယ့် ဒါဟာ ပထမဆုံးနဲ့ နောက်ဆုံးဝေဖန်စာပါပဲ။ နောက်နောင် ရေးစရာ၊ ပြောစရာအကြောင်းလည်း မရှိတော့ပါဘူး။ ပြီးပါပြီ။
ဒီနေ့မနက် အလုပ်က ပြန်လာပြီး ဖေ့ဘုတ်ဖွင့်ကြည့်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်မှတ်နဲ့ ကြေ ညာချက်တစောင် (တိုင်နဲ့ခေါင်းနဲ့ဆောင့်ရမယ့် စာ) ကို ဖတ်ရပါတယ်။ အဲဒီကြေညာချက်ထဲမှာ “ပြည်သူလူထု ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်၍ ရွပ်ရွပ် ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သား အရာရှိ၊ စစ်သည်များအားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုပါသည်” ဆိုတဲ့ရေးသားဖော်ပြချက်ဟာ သူ့ရဲ့ရပ်တည်ချက်နဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာမလိုတော့တဲ့ အရှင်းဆုံး သက်သေထွက်ဆိုချက်တခုပါပဲ။ ဒါဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြွေး ကြော်သံတခုလို့လည်း နားလည်လိုက်မိပါတယ်။
အဲဒီလို ကြီးကြီးကျယ်ကျယ် စိတ်ထိခိုက်ရတဲ့အခါတိုင်း ရယ်ဖော့ဖော့ပြီး ထွက်ပေါက်ရှာဖို့ အသည်းအသန်ကြိုးစားရတော့တာပါပဲ။ ပျော်တယ်လို့ ထင်ခဲ့ဖူးသမျှထဲက ရှိစုမဲ့စု အပျော်လေးတွေ၊ ရယ်တယ်လို့ ထင်ခဲ့ဖူးသမျှထဲက ရှိစုမဲ့စု အရယ်လေးတွေကို နောက်ကြောင်းပြန်အောက်မေ့ကြည့်ရတော့တာပါပဲ။ ကံကောင်းထောက်မစွာပါပဲ သရော်တော်တော် ပျော်စရာစတေးတပ်လေးတခုကို ပြန်ရှာတွေ့ခဲ့ပါတယ်။ အဲဒီ စတေးတပ်လေးကိုဖတ်ခဲ့ရတုန်းက ပေါက်ပေါက်ရှာရှာကွာဆိုပြီး ပြုံးခဲ့ဖူးပါတယ်။ ဘယ်သူရေးသလဲဆိုတာနဲ့ မူ ရင်းစာသား အတိအကျကိုတော့ မမှတ်မိတော့ပါဘူး။ သရော်တော်တော် ရေးထားပုံလေးက “ဒေါ်အောင်ဆန်းစုကြည်အစစ်ကို ငါတို့ပြန်ကယ်ရမယ်တဲ့။ အခုတွေ့နေရတဲ့ဒေါ်အောင်ဆန်းစုကြည်က အတုကြီးဖြစ်မယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်လုံးကိုယ်ပေါက်တူတဲ့သူကို ရုပ်ပြောင်းရုပ်လွှဲနည်းနဲ့ ပလတ်စတစ်ဆာဂျရီလုပ်ထားတာဖြစ်မယ်တဲ့။ ငါတို့သိတဲ့ဒေါ်အောင်ဆန်းစုကြည်က ဒါမျိုးမဟုတ်ဘူးတဲ့။ ဒါမျိုးမလုပ်ဘူးတဲ့။ ဒါမျိုးမပြောဘူးတဲ့။ ဒါမျိုးမရေးဘူးတဲ့။ ဒါကြောင့် ငါတို့ဒေါ်အောင်ဆန်းစုကြည်အစစ်ကို ပြန်ကယ်ကြရမယ်တဲ့”။ သူ့သရော်ဟန်၊ သူ့ပျော်ဟန်က သူ့မျက်ဝန်းမှာ စို့ခဲ့တဲ့မျက်ရည်များ ကိုယ့်ကို လာစင်လေသလား ခံစားမိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ အခြားသူတွေ ဝေဖန်ထောက်ပြကြတဲ့အချက်တွေက အတော်ပြည့်စုံတာကြောင့် ထပ်ပြီးထည့်မပြောတော့ပါဘူး။ (အခြားသူတွေဆိုပေမယ့်လည်း အမှန်တကယ်ကတော့ လက်ချိုးရေလို့ရတဲ့ အနည်းတကာ့ အနည်းစုပါ)။ ဒီခေတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် ဝေဖန်သူအဖို့ ကိုယ့်လိပ်ပြာကိုယ်သန့်ရတာ တခုကလွဲလို့ ဘက်စုံဆုံးရှုံးရတဲ့အခြေအနေပါ။ ရဲဘော်ရဲဘက်တွေကို ဆုံးရှုံးရပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေကို ဆုံးရှုံးရပါတယ်။ ဆွေမျိုးသားချင်းတွေကို ဆုံးရှုံးရပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကို ဆုံးရှုံးရပါတယ်။ ရာထူးတက်မယ့်အခွင့်အရေး၊ ပညာတော်သင်အခွင့်အရေး စသဖြင့် အခွင့်အရေးမှန်သမျှ ဆုံးရှုံးရပါတယ်။ ကုန်ကုန်ပြောရရင် အသားကျနေတဲ့ လူ့အဖွဲ့အစည်းထဲမှာ One Lone Soldier တယောက်လို ထီးတည်းတိုက်ပွဲဝင်ရတဲ့ ဘဝကိုရောက်ရပါတယ်။ (သူ့အတွက် ဒုတိယကမ္ဘာစစ်ကြီး မပြီးသေးတဲ့ ဂျပန်စစ်သည်တော်ကြီးကို ပြေးမြင်မိပါတယ်)။ ဒါတင်မက လူ့အဖွဲ့အစည်းရဲ့ ပြင်ပကို outsider တယောက်လိုလည်း ထွက်ပေးလိုက်ကြရပါတယ်။
တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကသာ “ကျမတို့ NLD အာဏာရတဲ့အခါကျရင် ရင်ကြားစေ့ရေးမူနဲ့ပဲ သွားမှာဖြစ်ပါတယ်” ဆိုတာမျိုးကို ၁၉၉၀ ကတည်းကသာ ပြောခဲ့ကြည့်ပါ။ ခုထိ အသိမ်းမခံရသေးတဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုကို ရနိုင်စရာ အကြောင်းမရှိပါဘူး။ ဆုတွေနဲ့ဝေခဲ့တဲ့ ဒီမိုကရေစီအိုင်ကွန်ဆိုတာမျိုးဟာလည်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ အာဏာရပြီးတဲ့နောက်မှာ အဲဒီ ရင်ကြားစေ့ရေးမူဆိုတာကို တရားဝင် ထုတ်ပြောလိုက်တဲ့အခါကျတော့ မြင်တဲ့အတိုင်းပါပဲ။ တလျှောက်လုံးကောင်းလာခဲ့တဲ့ သံတမန်ဆက်ဆံရေးတွေ ပျက်ပြားသွားခဲ့ပါပြီ။ ရထားတဲ့ ဆုတွေလည်း ကုန်သလောက်ရှိသွားပါပြီ။ နောက်ဆုံး တရားခံဘဝနဲ့ ရုံးတော်ကို ဦးခိုက်လျှောက်ထားနေရရှာပါပြီ။ “လူသားထုအပေါ် ကျူးလွန်ခဲ့မှုတွေအတွက်“ဆိုတဲ့ စွပ်စွဲချက်မျိုးစွပ်စွဲခံရသူဟာ ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ရပါတယ်။
ဒီစာမှာ ကျေးဇူးစကားဆိုရင်းနဲ့ အနူးအညွှတ်တောင်းပန်လိုတာက တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကိုပါ။ သူတို့ဟာ သူတို့လူမျိုး၊ သူတို့ဒေသလွတ်မြောက်ရေးအတွက် သူတို့အင် သူတို့အားနဲ့ ကျား ကုတ်ကျားခဲ တိုက်ပွဲဝင်နေခဲ့ကြတဲ့ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးအင်အားစုတွေဖြစ်ကြပါတယ်။ သူတို့ရဲ့ “မူလအခွင့်အရေး”တွေ ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တရားမျှတတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးတော့ တောခိုခဲ့ကြတဲ့ ကျနော်တို့ကျောင်းသားတွေဟာ သူတို့တတွေဆီကို ရောက်သွားခဲ့ကြပါတယ်။ အဲဒီကနေ ကျောင်းသားတပ်မတော်ဆိုတာ ဖြစ်လာရတာပါ။
ပထမကျေးဇူးကတော့ သူတို့မှာရှိတဲ့အထဲက တဝက်ခွဲပေးပြီး ကျနော်တို့ယုံကြည်တဲ့ ဒီမိုကရေစီတော်လှန်ရေးကို ဆင်နွှဲခွင့်ပေးခဲ့တဲ့ ကျေးဇူးပါ။ ဒုတိယကျေးဇူးကတော့ လက်နက်ကိုင်တော်လှန်ရေးသမားကြီးတွေကို အကြမ်းမဖက်တဲ့နည်းနဲ့တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကိုခံယူဖို့ ကျနော်တို့တတွေ မရမကပူဆာကြတာကို နားလည်လိုက်လျောပေးခဲ့ကြတဲ့ ကျေးဇူးပါ။ တတိယကျေးဇူးကတော့ အဲဒီလို တော်လှန်ရေးတပ်ပေါင်းစုတွေက သူတို့ရဲ့ ထောက်ခံပံ့ပိုးမှုတွေကို ကုလသမဂ္ဂညီလာခံထဲအထိရောက်အောင်၊ ဥရောပသမဂ္ဂအစည်းအဝေးခန်းထဲအထိရောက်အောင်၊ သြစတေးလျနဲ့ အမေရိကန်လွှတ်တော်ထဲအထိရောက်အောင် နှစ်ပေါင်းများစွာလုပ်ဆောင်ပေးခဲ့ကြတာပါ။ စတုတ္ထကျေးဇူးကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဆိုတာကို ဖွဲ့စည်းပြီး တိုင်းရင်း သားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာသိအောင်ထောက်ခံပေးခဲ့ကြတာပါ။ အဲဒီလိုထောက်ခံပေးခဲ့ကြတဲ့သူတို့ရဲ့ထောက်ခံမှုတွေကို နိုင်ငံရေးအနှစ်သာရအရ အဓိပ္ပာယ်ဖွင့်ရရင် “ဒုတိယပင်လုံစာချုပ်” ကို အဝေးကနေ ကြိုတင်သဘောတူလက်မှတ်ရေးထိုးပေးခဲ့ကြတာသာ ဖြစ်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒီကျေးဇူး ၄ ခုကို ဆပ်ချင်ရင် ဥပမာ - တိုင်းရင်းသားဒေသတွေမှာထောင်ထားတဲ့ NLD မဲပုံးတွေကို ပြန်သိမ်းပြီး သူတို့ဒေသမှာ သူတို့လူမျိုးကို အရွေးခံခွင့်ပေးရမှာဖြစ်ပါတယ်။ ကရင်လူမျိုးတွေအနေနဲ့ ကရင်ခေါင်းဆောင်ကိုပဲ မဲပေးကြပါရှင့်၊ ကချင်လူမျိုးတွေက ကချင့်ခေါင်းဆောင်ကိုပဲ မဲပေးကြပါရှင့်ဆိုပြီး ကူညီမဲဆွယ်ပေးရမှာပါ။ ကရင်အစိုးရဟာ ကရင့်တော်လှန်ရေးခေါင်းဆောင်တွေပဲ ဖြစ်ရမှာပါ။ မွန်အစိုးရဟာလည်း မွန်တော်လှန်ရေးခေါင်းဆောင်တွေပဲဖြစ်ရမှာပါ။ အဲဒါ ဖက်ဒရယ်စစ်စစ်ပါ။ (ဒါပေမယ့် အဲဒီရွေးကောက်ပွဲဆိုတာကလည်း မြန်မာ့ပဋိပက္ခရဲ့ တကဲ့အဖြေမဟုတ်ပြန်ပါဘူး)
အဲဒီလို စိုက်လိုက်မတ်တတ်ထောက်ခံပံ့ပိုးပေးခဲ့ကြတဲ့ လူမျိုးစုံတိုင်းရင်းသားခေါင်းဆောင်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုဆက်ဆံသလဲ၊ ဘယ်လိုအဆင့်နေရာပေးထားသလဲ၊ ဘာတွေပြန်လှည့်ကြည့်ခဲ့သလဲဆိုတာ ခင်ဗျားတို့မြင်တွေ့နေရတဲ့အတိုင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မဟာအမှားက သူ့ကို အသက်ပေးဝန်းရံခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ သူ့ကို ပခုံးထမ်းတင်ပေးခဲ့ကြတဲ့ လူမျိုးစုံတော်လှန်ရေးခေါင်းဆောင်ကြီးတွေကို ကျောခိုင်းပြီး သူ့ကို အပြန်အလှန်အသုံးချနေတဲ့ စစ်အာဏာရှင်တွေနဲ့ ရင်ချင်းသွားအပ်နေခဲ့တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျောင်းသားတွေရဲ့ယုံကြည်မှု၊ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု၊ အပြည်ပြည်ဆိုင်ရာရဲ့ယုံကြည်မှု၊ မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှုတွေကိုအသုံးချပြီး စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့တော်လှန်ရေးမအောင်မြင်ခဲ့ရတဲ့တခုတည်းသောအကြောင်းရင်းဟာ အဲဒီအချက်ပါပဲ။ ကျနော်တို့ ညံ့ခဲ့တယ်ဆိုရင် အဲဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုံအောပြီး ထောက်ခံတိုက်ပွဲဝင်ခဲ့တယ်ဆိုတဲ့အချက်ကြောင့်ပါပဲ။
ထားတော့။ ဒီနှစ်ပေါင်း ၃ဝ ဆိုတဲ့ ခရီးရှည်ကြီးကို ချီတက်ခဲ့ကြပြီးတဲ့နောက် -
လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့ကြတဲ့ ကျနော်တို့မျိုးဆက် (နိုင်ကျဉ်းရဲဘော်တွေအပါအဝင်) ရော ကျနော်တို့ဘဝတာမှာ ဘာတွေပြီးမြောက်ခဲ့ကြပါပြီလဲ။ ကျနော့်အထင် ရောဂါဗရပွနဲ့ အိုမင်းမစွမ်းဖြစ်ခဲ့ကြတာကလွဲလို့ ဘာမှမပြီးမြောက်ခဲ့ကြပါဘူး။ ကျနော်တို့မျိုးဆက်တွေအားလုံး ကစဉ့်ကလျားဖြစ်ကုန်ကြတာကလွဲလို့ မယ်မယ်ရရပြီးမြောက်ခဲ့ကြတာ ဘာမှမရှိခဲ့ပါဘူး။ လူမျိုးစုံတော်လှန်ရေးအင်အားစုတွေရော သူတို့တော်လှန်ရေးဘဝတာမှာ ဘာတွေပြီးမြောက်ခဲ့ကြပါပြီလဲ။ သူတို့လည်း ကျနော်တို့ကျောင်းသားတွေနည်းတူ ဒုက္ခတွေခါးစည်းခံရင်း သူတို့မျှော်လင့်ချက်တွေကို အကောင်အထည်မဖော်နိုင်ကြသေးပါဘူး။ ချစ်ခင်လေးစားဖို့ကောင်းလှတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီး အတော်များများဟာလည်း ကွယ်လွန်ကုန်ကြရရှာပါပြီ။
အကြမ်းမဖက်လှုပ်ရှားမှုနဲ့ နေအိမ်အကျယ်ချုပ်ကနေ တိုက်ပွဲဝင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာရော သူ့ဘဝမှာ ဘာတွေပြီးမြောက်ခဲ့ပါပြီလဲ။ “ပြောင်းလဲချိန်တန်ပြီ”ဆိုတဲ့ ကြွေးကြော်သံနဲ့ ဝင်ပြိုင်ခဲ့တဲ့ ရွေး ကောက်ပွဲတခုကလွဲရင် ဒေါ်အောင်ဆန်းစုကြည်ဘဝမှာ မယ်မယ်ရရ ပြီးမြောက်ခဲ့တဲ့ အခြားတခုခုကို ခုထိ မတွေ့မိသေးပါဘူး။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Political Timeline ကို တည့်တည့်ကြည့်မြင်ချက်ပါ။ အပြည်ပြည်ဆိုင်ရာရဲ့ ဝေဖန်သုံးသပ်ချက်တွေကလည်း ဒါကိုပဲ ထောက်ပြကြတာပါ။ “ခြေဥပြင်မယ်“ဆိုတဲ့ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲဝင်ခဲ့ပေမယ့် မပြင်နိုင်ခဲ့တဲ့အပြင် တရားဝင်အောင်ပါ အတည်ပြုပေးခဲ့လိုက်တာဖြစ်ပါတယ်။ ကျနော်တို့သိထားတဲ့ ၂၀၀၈ ခြေဥ မဟုတ်တော့ပါဘူး။ (ရွေးကောက်ခံ) (အရပ်သား) (လွှတ်တော်ကိုယ်စားလှယ်များ) ၏ (ထောက်ခံမဲများဖြင့်) (အတည်ပြုနိုင်ခဲ့သော) “၂၀၁၉ ခြေဥ ” ကြီး ဖြစ်သွားပါပြီ။
တခေတ်တခါက လူအများရဲ့ သောင်းသောင်းဖျဖျကြိုဆိုထောက်ခံမှုတွေရခဲ့ဖူးတဲ့ အမျိုးသမီးကြီးဟာ သူ့ဘဝရဲ့ နောက်ဆုံးနေ့ရက်တွေမှာ တိုးလို့တန်းလန်းတွေ တသီကြီးနဲ့ လက်စမသတ်ဘဲထားခဲ့တယ်ဆိုတာမျိုးသာ မှတ်တမ်းတွေထဲမှာ ကျန်ရစ်ရှာခဲ့တော့မှာပါ။ ရှစ်လေးလုံးအရေးတော်ပုံကစလို့ ရွေးကောက်ပွဲဝင်တဲ့အထိ ဟောပြောခဲ့တဲ့မိန့်ခွန်းတွေ၊ ပေးခဲ့တဲ့ ကတိကဝတ်တွေနဲ့ ဒီနေ့ ဖေ့ဘုတ်ကနေ တောက်လျှောက်ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “လုပ်ဆောင်ခဲ့၊ လုပ်ဆောင်ဆဲ၊ လုပ်ဆောင်ရန်” ဆိုတဲ့ ကိစ္စတွေကို ပြန်ကြည့်ကြည့်ပါ။ ဆိုကြပါစို့။ “၂၁ရာစုပင်လုံ”၊ “ဖက်ဒရယ်”၊ “ပြည်တွင်းစစ်ရပ်စဲရေး”၊ “ပြည်တွင်းငြိမ်းချမ်းရေး”၊ “ခြေဥပြင်ဆင်ရေး”၊ “သန့်ရှင်းသော ဂါးဗားမင့်”၊ “အဂတိလိုက်စားမှု“၊ “စစ်သားတွေ ယဉ်ကျေးလိမ္မာဖြစ်ရေး”၊ “ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး”၊ “မီးမှန်မှန်ရရှိရေး”၊ လက်လုပ်လက်စားတွေ အဆင်ပြေရေး”၊ ဝန်ထမ်းတွေ လခနဲ့လောက်ငှရေး”၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိရေး”.. စသဖြင့်...။ ဘယ်ကိစ္စများ တိတိ ပပ ပြီးမြောက်ခဲ့ပါသလဲ။ သူသက်ရှိထင်ရှားရှိစဉ်အချိန်မှာတင် မပြီးမြောက်ခဲ့တာလားဆိုတော့ မဟုတ်ပါဘူး။ သူကွယ်လွန်သွားပြီးချိန်မှာတောင် ကျန်ရစ်ခဲ့တဲ့ သူ့ကိုထောက်ခံသူတွေ ဆက်လုပ်ဖို့ ဘယ်ဝန်ကြီးဌာနမှာမှ ဘာ Infrastructure တခုမှ ထူထောင်ထားခဲ့တာမျိုးမရှိပါဘူး။ “ရင်ကြားစေ့ရေး”ဆိုတာဟာ တိုင် းပြည်တပြည်ကို ထူထောင်လို့ရတဲ့ Infrastructure တခုလည်း မဟုတ်ပါဘူး၊ နိုင်ငံရေးစနစ်တခုလည်း မဟုတ်ပါဘူး။ စီးပွားရေးစနစ်တခုလည်း မဟုတ်ပါဘူး။ မူမရှိဘဲ လူနဲ့သွားနေတဲ့တိုင်းပြည်ဟာ လူမရှိတော့ရင် ဘာနဲ့သွားမလဲဆိုတာ ဒီနေ့ မေးခွန်းမထုတ်ကြရင် ဘယ်နေ့ မေးခွန်းထုတ်ကြမှာပါလဲ။
ခေတ်အဆက်ဆက် ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့၊ ကျူးလွန်နေတဲ့ တရားခံတွေကိုလည်း စီရင်ချက်မချနိုင်ခဲ့သလို၊ ဒီမိုကရေစီရေးအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေအတွက်လည်း မှတ်မှတ်ရရတခုမှ စိုက်ထူမပေးနိုင်ခဲ့ပါဘူး။ ဦးကိုနီလို တရားစောင့်တဲ့ပုဂ္ဂိုလ်မျိုးအတွက် တရားဥပဒေစိုးမိုးရေးကို မဆောင် ရွက်ပေးနိုင်သလို၊ ဗစ်တိုးရီးယားလို အပြစ်ကင်းတဲ့ ကလေးသူငယ်လေးအတွက်လည်း တရားမျှတမှုကို ရှာဖွေမပေးနိုင်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ကြားစေ့ရေးဟာ အနှစ်နှစ်အလလ လေ့လာဆည်းပူးထားကြတဲ့ တတ်သိပညာရှင်တွေကို တိုင်းပြည်ထူထောင်ရေးမှာ ပါဝင်ခွင့်မပေးခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ကြားစေ့ရေးဟာ နှစ်ရှည်လများတိုက်ပွဲဝင်ခဲ့ကြတဲ့ လူမျိုးစုံတော်လှန်ရေးခေါင်းဆောင်ကြီးတွေကို တိုင်းပြည်ထူထောင်ရေးမှာ ပါဝင်ခွင့်မပေးခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ကြားစေ့ရေးဟာ ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့ကြတဲ့ ဦးလှရွှေတို့လိုကျောင်းသားခေါင်းဆောင်ကြီးတွေကို တိုင်းပြည်ထူထောင်ရေးမှာ ပါဝင်ခွင့်မပေးခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရင်ကြားစေ့ရေးဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက်တိုက်ပွဲဝင်ခဲ့ကြတဲ့ စာပေဂီတအနုပညာရှင်ကြီးငယ်တွေကို တိုင်းပြည်ထူထောင်ရေးမှာ ပါဝင်ခွင့်မပေးခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ပြောချင်တာ တခုရှိပါသေးတယ်။ ကျနော်တို့အားလုံးထဲမှာ သူဟာ တဦးတည်းသော “ ရွေးချယ်ခွင့် ” ရရှိခဲ့သူပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးမဖြစ်ခင် မိခင်ကျန်းမာရေးမကောင်းလို့ လာပြုစုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်တော့ ပါဝင်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သူက နိုင်ငံရေးသမားတယောက်လည်းမဟုတ်ခဲ့ပါဘူး။ နိုင်ငံရေးလုပ်ဖို့လည်း အစီ အစဉ်မရှိခဲ့ပါဘူး။ မြန်မာပြည်နိုင်ငံရေးရဲ့ စလယ်ဆုံးသုံးပါးစလုံး(၄၈၂၈ မှသည် ၁၉၈၈ မတိုင်မီအထိ) နဲ့လည်း ပါဝင်ပတ်သက်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ရလာတဲ့အခွင့်အရေးကို အမိအရဆုပ်ကိုင်ခဲ့ပြီး သူ့ဘဝကို နိုင်ငံရေးခေါင်းဆောင်တယောက်အဖြစ် ကိုယ့်ဘာသာကိုယ် ရွေးချယ်ခွင့်ရရှိခဲ့တဲ့ ကံကောင်းသူတဦးပါ။
ကျနော်တို့ကတော့ သူ့နဲ့ပြောင်းပြန်ကျစွာပဲ ကိုယ့်ဘဝကို ကိုယ့်ဘာသာ ရွေးချယ်ခွင့်မရခဲ့ကြတဲ့ မျိုးဆက်ပါ။ ကျနော်တို့ဟာ ရွေးချယ်ခွင့်မရခဲ့ကြတဲ့အပြင် “ပြဋ္ဌာန်းခံဘဝ” ကိုပါ ရောက်ခဲ့ကြရပါတယ်။ အဲဒီ “ရွေးချယ်ခွင့်” နဲ့ “ပြဋ္ဌာန်းခံဘဝ” ဆိုတာကို လူရင်းတချို့ကို နာမည်နဲ့တကွ ဥပမာပေးပြီး ဆွေးနွေးလိုပါတယ်။ ကျနော်တို့ဟာ ကျနော်တို့ရဲ့ ကိုယ်ပိုင်ဘဝတွေကို သမိုင်းဆိုင်ရာ အဖြစ်အပျက်ကြီးထဲမှာ ကြုံရာနေရာ၊ ကျရာအခန်းကနေ ပါဝင်လိုက်ပါခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ အဲဒီလို ကြုံရာနေရာ၊ ကျရာအခန်းကနေလိုက်ပါခဲ့ကြတယ်ဆိုတာလည်း သမိုင်းရဲ့တောင်းဆိုမှုကြောင့်ပါ။ ဒါပေမယ့် အခုလို “အပြောင်းအလဲကာလ”မှာကျတော့ အဲဒီလို ကြုံရာ၊ ကျရာဆိုပြီး လိုက်ပါလို့ မရတော့ပါဘူး။ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်၊ သူ့ရွေးချယ်မှုနဲ့သူ တိတိကျကျ လိုက်ပါကြရတော့မှာပါ။ ခုက တိုင်းပြည်တပြည်ကို ပြောင်းလဲပြီး ထူကြထောင်ကြတာဖြစ်ပါတယ်။ သူ့အဆင့်၊ သူ့နေရာ၊ သူ့အခန်းကဏ္ဍနဲ့ လျော်ညီစွာ လိုက်ပါကြရတော့မှာဖြစ်ပါတယ်။
ဆိုကြပါစို့။ ကိုယ့်ကျန်းမာရေးကိုပစ်ထားပြီး လူ့အခွင့်အရေးကိစ္စတွေကို မမောမပမ်းလုပ်နေတဲ့ ကျနော်တို့ရဲဘော်တဦးရှိပါတယ်။ သူက တကယ့်ပညာရှင်ပါ။ ခုဖွဲ့ထားတဲ့ လူ့အခွင့်အရေးကော်မရှင်တဖွဲ့လုံးဟာ သူ့ခြေဖျားမမီပါဘူး။ ကျနော်တို့နဲ့အတူတူတိုက်ပွဲဝင်ခဲ့တဲ့တော်လှန်ရေးရဲဘော်ပါပဲ။ ဒီမေးခွန်းကို သူ့ဘာသာသူတော့ အခါတရာမက မေးပြီးလောက်ပါပြီ။ အဲဒီမေးခွန်းက “ခင်ဗျား ခုလုပ်နေတဲ့အလုပ်နဲ့ ခုရောက်နေတဲ့ဘဝက ကိုယ်တကယ်လုပ်ချင်၊ ကိုယ်တကယ်နေချင်လို့ ကိုယ့်ဘာသာရွေးချယ်ခဲ့တာလား၊ ဒါမှမဟုတ် ရွေးချယ်စရာမရှိတဲ့ အခြေအနေတခုခုက ခင်ဗျားကို ပြဋ္ဌာန်းပေးလိုက်တာလား” ဆိုတဲ့မေးခွန်းပါ။ ဘုရားသုံးဆူမှာ ဝင်းစတားနဲ့ သင်တန်းတက်နေကြတုန်းကတည်းက ကြိတ်ပြီးမက်ခဲ့တဲ့အိပ်မက်တခုခု သူ့ဆီမှာလည်း ရှိမှာပါပဲ။ ဆိုလိုတာက ဒီစစ်ကြီးပြီးသွားရင် ရုပ်ရှင်ထဲကကျောင်းဆရာလေး တွမ်ဟမ့်လို စာပဲပြန်သင်ချင်သင်မယ်ဆိုတာမျိုးပေါ့။ အလားတူပဲ မီဒီယာအသီးသီးမှာ တာဝန်ယူနေကြတဲ့ ကျနော်တို့ရဲဘော်တွေဟာလည်း ဒီမေးခွန်းကိုပဲ သူတို့ဘာသာ အခါတရာမကမေးထားပြီးနှင့်မှာသေချာပါတယ်။ အင်စတီကျူးရှင်းအသီးသီးမှာ တာဝန်ယူနေကြတဲ့ ကျနော်တို့ရဲဘော်တွေဟာလည်း ဒီမေးခွန်းကိုပဲ သူတို့ဘာသာ အခါတရာမက မေးထားပြီးနှင့်မှာ သေချာပါတယ်။ ထောင်တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ကျဉ်းရဲဘော်တွေဟာလည်း ဒီမေးခွန်းကိုပဲ မေးပြီးရင်းမေးနေခဲ့ကြမှာပါပဲ။ ပြီးတော့ ကျနော်ချစ်လှစွာသော ကိုခင်လွန်းကြီး၊ သူလည်း နယူးဇီလန်မှာ တကျွန်းစံတယောက်လို မေးခွန်းတွေတသီတတန်းနဲ့ပဲလား။ ပြီးတော့ ဆရာဝန်၊ အယ်ဒီတာနဲ့ ကဗျာဆရာ နရီမင်း။ တောထဲတုန်းက လုံးထွေးနေလာခဲ့ကြတဲ့ ရဲဘော်ရဲဘက်ပါ။ ဒီနေ့မှာတော့ “အပီဗျင်းတဲ့၊ နရီမင်းလို့ခေါ်ရမှာပေါ့။ သူလည်း သူ့မှာ “ဆရာဝန်မဖြစ်ခွင့်” ဆိုတာနဲ့အစချီလို့ အဲဒီမေးခွန်းကိုပဲ မေးနေခဲ့မှာ သေချာလှပါတယ်။ (အမှန်က ဒီစာက သူရေးရင် ကျနော့်ထက် ပိုကောင်း၊ ပိုပြည့်စုံမှာသေချာတယ်)။ “ငါတို့ ဘာလို့ ရွေးချယ်ခွင့်မရရှိခဲ့ကြတာလဲ”။ “ငါတို့ ဘာလို့ ပြဋ္ဌာန်းခံဘဝ ရောက်ခဲ့ကြရတာလဲ”။ မနေ့တနေ့ကမှ ဆေးရုံကဆင်းလာတဲ့ ရဲဘော်မိုးသီးဇွန်ဟာ “ရွေးချယ်ခွင့်မရရှိခဲ့ကြသူတွေ”အတွက် အခိုင်လုံဆုံး သက်ရှိသက်သေတဦးပါပဲ။
သေချာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တယောက်ကလွဲပြီး ကျနော်တို့မျိုးဆက်တဆက်လုံးဟာ ရွေးချယ်ခွင့်မရခဲ့ကြပါဘူး။ ရွေးချယ်ခွင့်ဆိုတာဟာ “ငါ ဘာဖြစ်ချင်တာလဲ” ဆိုတာနဲ့အတူ “ငါ ဘာမဖြစ်ချင်ဘူးလဲ” ဆိုတာကိုပါ ရွေးချယ်ခွင့်ရှိကြရမှာပါ။ ကျနော်ဟာ ဂစ်တာသမားတယောက် ဖြစ်ချင်ခဲ့ရင်လည်း ဖြစ်ချင်ခဲ့နိုင်ပါတယ်။ ဒါပေမယ့်လည်း ကံဆိုးတဲ့မျိုးဆက်ဟာ ကိုယ့်အိပ်မက်ကို ဆုံးရှုံးခံခဲ့ရပြီး ကိုယ်တကယ်လိုချင်တာမဟုတ်တဲ့ အသက်မွေးဝမ်းကျောင်းမှုကို ပြုနေကြရပါတယ်။ ကံဆိုးတဲ့မျိုးဆက်ဟာ ကိုယ်မနေထိုင်ချင်တဲ့ လူမှုဘဝမှာ နေထိုင်နေကြရရုံမျှမက ကိုယ့်ယုံကြည်မှုကိုပါ ထိပါးခံရ၊ စော်ကားခံရတဲ့ အသက်ရှင်မှုမှာ ဘဝကိုစိတ်ပျက်ငြီးငွေ့နေကြရပါတယ်။ ကဗျာဆရာ ကိုဇော်(ကလေးမြို့) ရဲ့ “လေးဆယ့်ငါးနှစ်အရွယ် လူငယ်တွေ” ဆိုတဲ့ ကဗျာထဲက အသက်ကြီးသွားကြတဲ့ ဇာတ်လိုက်အိုကြီးတွေလို့ပဲ ဆိုကြပါစို့ရဲ့။
ဒီစာမှာ ပေးထားတဲ့ “ဖွယ်ဖွယ်ရာရာရှိလှတဲ့ အမယ်စုံ ဒုက္ခ“ ဆိုတဲ့ခေါင်းစဉ်က ကျနော့်ကိုယ်ပိုင်စကားလုံးမဟုတ်ပါဘူး။ Deal or No Deal နဲ့အောင်မြင်ပြီး America’s Got Talent နဲ့ လူသိပိုများလာတဲ့ Howie Mandel ရဲ့ စကားလုံးပါ။ အဲဒီနေ့က AGT ပြိုင်ပွဲမှာ အဖွဲ့တဖွဲ့က အကြမ်းရမ်းဆုံးပြကွက်တွေနဲ့ ဝင်ပြိုင်ခဲ့ပါတယ်။ ပရိတ်သတ်တွေဟာ သူတို့လက်တွေနဲ့ သူတို့မျက်နှာတွေကိုကာလို့ နိုး နိုး ဆိုပြီး အော်နေကြပါတယ်။ ပရိတ်သတ်တယောက်ဖြစ်တဲ့ ကျနော်ဟာလည်း အဲဒီပြကွက်တွေကိုကြည့်ရင်းနဲ့ လူတွေ ရက်ရက်စက်စက် ပြုမူခံနေရတဲ့ တိုင်းပြည်တပြည်ကို မြင်ယောင်လာပါတယ်။ ကချင်ဘက်မှာ စစ်ကြောင်းတွေ သွားထိုးလိုက်၊ ရခိုင်ဘက်မှာ ဗုံးတွေကြဲချလိုက်၊ အလုပ်သမလေးတွေက စက်ရုံတွေရှေ့မှာ စုပြုံတိုးဝှေ့ကြလိုက်၊ သတင်းသမားတွေက ဖမ်းခံရလိုက်၊ ကျောင်းသားတွေက ဖမ်းခံရလိုက် စသဖြင့် မြင်ယောင်လာသလို စင်ပေါ်က ပြကွက်ကလည်း တကွက်ထက်တကွက် ပိုပို ရက်စက်လာနေပါတယ်။ ဒီလိုနဲ့ စစ်ပွဲထဲကနေ ကလေးလေးတွေကို သွေးသံရဲရဲနဲ့ ထမ်းထုတ်လာတဲ့အခန်းမျိုးကိုရောက်တော့ ဟာဝီမန်ဒဲဟာ ဝုန်းခနဲထရပ်ပြီး " This is torture of buffet “ လို့ ထအော်လိုက်ပါတယ်။
ခု မြန်မာပြည်မှာဖြစ်ပျက်ခဲ့တာတွေ၊ ဖြစ်ပျက်နေတာတွေ၊ ဖြစ်ပျက်နိုင်တာတွေနဲ့ အဲဒီကိစ္စတွေကို တဦးတည်းတာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ကြားစေ့ရေး လုပ်ကိုင်ဆောင်ရွက်နေပုံတွေကိုကြည့်ရတာဟာ ကျနော်တို့အဖို့တော့ ဟာဝီပြောသလို Torture of Buffet ပါပဲ။ အဲဒီမှာ Torture ဆိုတဲ့ အကျည်း တန်လှတဲ့ စကားလုံးနဲ့ Buffet ဆိုတဲ့ အလျှံပယ်ဟင်းပွဲကြီးကို ဟာဝီမန်ဒဲဟာ ဘယ်လိုခံစားရလို့များ တွဲသုံးလိုက်တာပါလိမ့်။ ကျနော် အတော်ကြီးကြာအောင် စဉ်းစားနေမိပါတယ်။ သူ ဘာပြောတာလဲ၊ သူ ဘာပြောချင်တာလဲပေါ့။ တဖြည်းဖြည်းနဲ့ နားလည်သလိုလိုရှိလာပါတယ်။ ဒါကြောင့် ဟာဝီရဲ့ စကားကို စကားလုံးအတိုင်းမပြန်ဘဲ၊ ဟာဝီ ခံစားရတဲ့ မြင်ကွင်းကိုပဲ ဘာသာပြန်လိုက်ပါတယ်။ ဒါကြောင့် ဒီစာရဲ့ ခေါင်းစဉ်ကို ကျနော်မြင်နေရတဲ့ တိုင်းပြည်တပြည်ရဲ့ အခြေအနေတွေကို ပုံဖော်တဲ့အနေနဲ့ “ဖွယ်ဖွယ်ရာရာရှိလှတဲ့ အမယ်စုံ ဒုက္ခ“ လို့ အဓိပ္ပာယ်ဖွင့်လိုက်မိပါတယ်။ ဘာသာဗေဒအရ စကားလုံးချင်းဖလှယ်တာ ဆီလျော်မလျော်တော့ မပြောတတ်ပါဘူး။ အဖြစ်သနစ်ချင်း အဖြစ်သနစ်ချင်းကတော့ ကျနော်တို့ကြုံတွေ့နေကြရတဲ့ သောက ပရိဒေဝ ဗျာပါဒတွေဟာ စားကောင်းသောက်ဖွယ် ဘူဖေးတဝိုင်းနဲ့ခိုင်းနှိုင်းပြောရရင်တော့ အတော့်ကိုပဲ ဖွယ်ဖွယ်ရာရာလည်းရှိလှသလို၊ အတော့်ကိုလည်း အမယ် စုံလင်လှပါပေရဲ့လို့ ခံစားမိပါတယ်။ တကဲ့ကိုပဲ အဲဒီ ဒုက္ခတွေဟာ ဖွယ်ဖွယ်ရာရာ ရှိလှပါသတဲ့လား။
အောင်မော်ဦး
မေ၊ ၁၇၊ ၂၀၂၀။
(ဒီစာကို ဧပြီ၊ ၂၁၊ ၂၀၂၀ နေ့ကတည်းက ရေးထားတာပါ။ ဒါပေမယ့် နိုင်ငံရေးထက် ကျန်းမာရေးဘက်ဦးစားပေးနေလို့ ခုမှတင်ဖြစ်တာပါ။ ကျနော်တို့လုပ်ခဲ့ကြတဲ့ လက်နက်ကိုင်တော်လှန်ရေးအတွက် ဒီစာကို ကျနော်ရေးခွင့်ရှိတယ်လို့လည်း ထင်မိပါတယ်။ ရေးဖို့လိုအပ်တယ်လို့လည်း ထင်မိပါတယ်)။

0 comments:

Post a Comment