Thursday, July 29, 2021

ဖိုးမာဒင်

0 comments
ဖိုးမာဒင်
(ဇော်ဂျီ)

ကျွန်ုပ်သည် တစ်ညနေတွင် အနောက်ဘက်ကောင်းကင်သို့ မျှော်လျက် နေမိသည်။ ကောင်းကင်ဝယ် တိမ်လွှာတို့သည် အချို့ကား ရွှေရွှေ၊ အချို့ ကား နီနီ၊ အချို့ကား မရမ်း အချို့ကား မှိုင်းမှုန်မှုန် ရှိကြ၍ ကောင်းကင် လေရူး၏ တန်ခိုးကြောင့် အမျိုးမျိုးသော သဏ္ဌာန်တို့ကို ဖန်ဆင်းကာ တိမ်ဇာတ်ခင်းလျက် နေကြလေသည်။ ထိုအခိုက်တွင် တိမ်စိုင်ခဲတစ်ခုသည် တိမ်ထုတစ်ခုမှ ပဲ့ထွက်၍ မင်းဖွယ်စိုးဟန် နေကြသော တိမ်လွှာတို့၏ အကြား၌ မိမိ၏ ရပ်တည်ရာ လဲလျောင်းရာကို မမြင် မသိသည့်အလားတောင်သို့ ကူးကာ၊ မြောက်သို့ လားကာ အထီးတည်း လွင့်ပျံလျက် နေလေ သည်။ အချိန် အတော်နှောင်းသွားသောအခါ ကောင်းကင်တစ်ခုလုံးသည် မည်းလာလေသည်။ ရောင်စုံ ဝင်းပနေသော တိမ်လွှာတို့သည်လည်း အသီး သီး အရောင် မေ့သွားကြလေသည်။ အထီးကျန် တိမ်စိုင်ခဲသည်လည်း သူ့အလိုလို ပျက်ကြွေသွားလေသည်။
ကျွန်ုပ်သည် ဤတိမ်ကားကို ယခုမှ သတိရသဖြင့် ပြန်လှန်၍ ရေးရ သော်လည်း ထိုနေ့ ညနေကသော် မှောင်ကျလာသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်၏ စိတ်အာရုံတွင် ရောင်စုံဝင်းပနေကြသော တိမ်လွှာတို့ ပျောက်ကွယ် ၍ အထီးကျန် တိမ်စိုင်ခဲတစ်ခုသာ ကျန်ခဲ့လေသည်။ သို့နှင့်လည်း ကျွန်ုပ်၏
စိတ်အာရုံသည် ထိုတိမ်စိုင်ခဲ၌သာ အကြာအရှည် စူးစိုက်၍ မနေခဲ့။ ပေါ့ပါးသော တောင်ပံနှစ်ခုကို ရလိုက်သည့်ပမာ အစအဆုံး မသိမြင်နိုင်သော ဤကမ္ဘာကြီး၏ ထက်ဝန်းကျင်သို့ စိတ်တို့၏ လျင်မြန်သောအဟုန်ဖြင့် ထိုမှ ဤမှ ကျက်စားသွားလာခဲ့လေသည်။ နောက်ဆုံးတွင် ထိုစိတ်အာရုံ သည် ကျွန်ုပ်တို့၏ ရွာငယ်သို့ နွေဆန်းစ အခါတိုင်း ရောက်လာတတ်သော ဖိုးမာဒင်ဟု ခေါ်ကြသည့်အဘိုးအို တစ်ယောက်ထံသို့ ရောက်သွားလေသည်။
ဖိုးမာဒင်သည် ဇရာဒုဗ္ဗလ၏ ဖိစီးနှိပ်စက်ခြင်းကို ခံနေရသူတစ်ဦး ဖြစ်သည့်အားလျော်စွာ ခါးကိုင်းကိုင်း၊ ခြေလက်တို့မှာ အကြောပြိုင်းပြိုင်းထ၍ မျက်စိသည် အတန်ငယ် မွဲဟန် ရှိလေသည်။ ထိုအဘိုးအိုသည် နဂိုကပင် တုထိုဘော နေတတ်သဖြင့် အကယ်၍သာ ကိုယ်လက်အင်္ဂါ လှုပ်ရှားခြင်း မရှိခဲ့ပါမူ မြန်မာ ကျောင်း၊ တန်ဆောင်းများ၌ တွေ့ တတ်မြင်တတ်သော သူအို ကမ္မဋ္ဌာန်းရုပ် သာသာပင်ဟု တွေးတောစရာ ဖြစ်တော့သည်။ သို့ရာ တွင် သူ၏မျက်လုံးသည် အလွန်ကြည်လင်၍ အသံသည်လည်း မာကျောလှ လေသည်။
အရပ်စကား ပြောကြသည်မှာ ထိုဖိုးမာဒင်သည် ရုပ်သေးဆရာ ဖြစ်ခဲ့ဖူးကြောင်း၊ လွန်ခဲ့သော အနှစ်သုံးဆယ်လောက်က ရှမ်းပြည်နယ်၌ လှည့်လည်၍ ရုပ်သေးရုပ် ကပြစဉ် သူ့ကို ချစ်နေသူတစ်ဦးက သူ့ကို ချစ်သောကြောင့် ပြုစားလိုက်ကြောင်း၊ ထိုသို့ ပြုစားလိုက်သည့် နေ့မှစ၍ သူ့မှာ ရုပ်သေးစင်ပေါ်၌ ထိုင်၍ မသီဆိုနိုင်တော့ဘဲ အရပ်ရပ်လှည့်၍ ဆုံလည်နွားကဲ့သို့ နေရကြောင်းများ ဖြစ်လေသည်။ “အေရယ်...ချစ်လို့များ ပြုစားရသလား... အေရယ်' ဟု တစ်ယောက်က ပြောဖူးသည်။ ထိုအခါအခြားတစ်ယောက်က “အို..သူက သူ့ကိုယ်သူ ရုပ်သေးဆရာပဲလို့ ဟန်ကြီး ပန်ကြီး လုပ်နေတာလားမှ မသိဘဲ” ဟု ထောက်ဖူးသည်။ ထိုအခါ နောက် တစ်ယောက်က “ငါ့များ ဒီလိုချစ်လာရင် ပြန်ချစ်လိုက်မှာပဲ” ဟု ရယ်မော သံနှင့်ရော၍ ပြောဖူးလေသည်။
________________
ဖိုးမာဒင်မှာ ဤကမ္ဘာပေါ်တွင် သူ၏ ကိုယ်ပိုင်ပစ္စည်းဟူ၍ မင်းသမီး ရုပ်သေးက တစ်ရုပ်၊ ထန်းခေါက်ဖာက တစ်လုံး၊ ပေါင်းမို့မို့နှင့် လှေငယ် တစ်စင်းသာ ရှိလေသည်။ ဖိုးမာဒင်သည် ပေါင်းမို့မို့လှေငယ်ဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ ရွာငယ်များသို့ နှံ့စပ်အောင် သွားလာ လှော်ခတ်လျက် နေလေသည်။ သူ၏လှေငယ် ဆိုက်ကပ်ရာ ရွာတိုင်းတွင် သူသည် မင်းသမီး ရုပ်ကို ထန်းခေါက်ဖာတွင်းမှ ထုတ်၍ ပခုံး၌ ကျောချင်းကပ် ပိုးလွယ်ကာ ရွက်ကုန်ဖွင့်ထားသဖြင့် ရှေ့သို့ ငိုက်စိုက် ငိုက်စိုက်နှင့် လွင့်သွားသော တုန်ကင်းကြီးပမာ ရွာရိုးသို့လျှောက်၍ အရိပ်ကောင်းကောင်းတစ်ခုတွင် ကြိုးဆွဲကပြသီဆိုလေ့ ရှိလေသည်။ ။
သူ၏ မျက်နှာတွင် ထူထပ်သော မျက်ခုံးမွေး၊ ပျဉ်းတွဲသော ပါးရေ၊ နှုတ်ခမ်းပေါ်တွင် ဖုံးအုပ်လျက်နေသော ဖြူဆွတ်ဆွတ် နှုတ်ခမ်းမွေးများ ရှိလေသည်။ သူသည် မည်သည့်အခါမျှ ရွှင်ပြုံးသည်ဟူ၍ မရှိ။ အစဉ် အံ့မှိုင်းသော ကောင်းကင်ကဲ့သို့ တွေဝေငေးမောလျက် ရှိလေသည်။ သို့ရာ တွင် သူ၏ကျော၌ ပိုးလွယ်ထားသော မင်းသမီးရုပ်ကလေး၏ မျက်နှာပုံမှာ မျက်လုံးဝိုင်းဝိုင်း၊ နှာတံပေါ်ပေါ်၊ ပါးပြင်ကလေးမှာ ချောမွတ်၍ နှုတ်ခမ်း များမှာ ဟင်္သပဒါးရောင် ဆေးနီ ဆိုးထားသည့် ချိုပြုံးသော မျက်နှာပေး ရှိလေသည်။
ဖိုးမာဒင်သည် ရှေးရိုး ရုပ်သေးပျက်ကြီး ပီသစွာ သီချင်းဟောင်း များကို ကျနစွာ စည်းကျ ဝါးကျ ဆိုနိုင်လေသည်။ ခေတ်ကာလအလျောက် ပေါ်သော သီချင်းများကိုလည်း တော်သင့်စွာ ဆိုနိုင်လေသည်။ အသံမှာ အရွယ်နှင့် မလိုက်၊ ချိုအေးသောအသံ ဖြစ်သည်။ ထို့ကြောင့် နားဆင်ရန် လူကြီး လူငယ် ဟူသမျှသည် ထိုသီချင်းသည် အဘိုးအိုအား သနားကြသည်။ လ သဒ္ဓါကြသည်။ ထို့ကြောင့် ဖိုးမာဒင်သည် ရောက်လေရာ အရပ်တိုင်း၌ မနှစ်လိုအပ်သော အနိဋ္ဌာရုံ သူဆင်းရဲ မဟုတ်။ သူခပ်သိမ်းတို့၏ ကြင်နာစွာ စောင့်ရှောက်ခြင်း၊ ရေပေးခြင်း၊ အစားအစာ ပေးခြင်း၊ နေရာထိုင်ခင်းပေးခြင်း၊ ချစ်ခင်ပျူငှာစွာ ခေါ်ငင်ခြင်း တည်းဟူသော ဤသတ္တလောက ကြီး၏ ဆုထူးဆုမြတ်ကို ခံယူခဲ့သော သူဆင်းရဲမျိုးသာ ဖြစ်လေသည်။
သို့ရာတွင် ဖိုးမာဒင်သည် ထို ဆုထူး ဆုမြတ်ကို ခုံခုံမင်မင် ရှိလှသည် မဟုတ်၊ နားဆင်သူတို့၏ ဆန္ဒကို ဖြည့်ပြီး၍ တစ်ထွာမျှသော မိမိ၏ဝမ်းကို ဝ စေပြီးလျှင်ပင် လူနှံ့ကို မခံချင်သော အမူအရာဖြင့် မိမိ၏ ပေါင်းမို့မို့လှေကလေးဆီသို့ အမိအရ ပြန်သွားတတ်လေသည်။ အချို့က အဘိုးအိုအား ချီးမွမ်းကြသည်။ အချို့က အဘိုးအိုသည် မာနကြီးသည်တကား၊ လူဆန်းပြား ဖြစ်သည်တကား ဟု ပြောတတ်လေသည်။ သို့ရာတွင် ထိုစကားနှစ်ရပ်သည် ဖိုးမာဒင်၏ စိတ်၌ အစွန်းအထင်းမျှ မထိ။ ဘာသာအလျောက်ပင် နေတတ် လေသည်။ လူ့လောကနှင့် ခပ်ခွာခွာနေခြင်းကို သူ နှစ်ခြိုက်ဟန် တူလေ သည်။ ထိုသို့ နေခြင်းသည် သူ့ဝါသနာ ဖြစ်ဟန်တူသည်။ ဖိုးဒင်၌ ထူးဆန်းသော အချက်တစ်ခု ရှိသေး၏။ ထိုအချက်ကို သေချာစွာ စုံစမ်းနိုင်မှ တွေ့မြင်နိုင်သည်။ အထူးသဖြင့် သူသည် အရုပ်ကို က စေ၍ သီချင်း ဆိုလိုက်သဖြင့် နားထောင်သူတို့ မောနေသော အခါတွင် သူ၏ အံ့မှိုင်း လျက်နေသော မျက်နှာသည် လန်းလာ၍ အသံသည်လည်း တိုး၍ ကြည်လင် လာတတ်သည်။ သူ၏ ကြုံလှီသော ကိုယ်ကာယသည်လည်း အသစ် အသစ်
သော ခွန်အားဗလတို့ဖြင့် ကြီးထွားလာသည်ဟု ထင်မှတ်ရလေသည်။ သီချင်း ဆုံးသောအခါ ဖိုးမာဒင်သည် ကြားနာသူတို့အား မသိမသာ ကြည့်၍ မိမိ လိုရာသို့ ထွက်သွားတတ်လေသည်။
တပေါင်းလသည် ကျွန်ုပ်တို့၏ ရွာသို့ ဖိုးမာဒင်ကြီး နှစ်စဉ်နှစ်တိုင်း သူ၏ ချိုပြုံးသော အရုပ်ကလေးကို ပခုံး၌ လွယ်ကာ လာတတ်သောလ ဖြစ်လေသည်။ ရွာရှိ ကလေးတို့သည် ဖိုးမာဒင်ကို တမျှော်မျှော်နှင့် နေကြ သည်။ တပေါင်းလတွင် ပုရစ်ဖူးကလေးများသည် စင်၍ စိမ်းလန်းသော အရွက်ဘဝသို့ ကူးပြီးနောက် ယခုအခါတွင် ရင့်သော အဆင့်ကိုပင် ဆင်မြန်း ကြပြီ ဖြစ်သဖြင့် ရွာနောက်ဖေးရှိ တောအုပ်ကလေးသည် ညိုပုပ်ပုပ် အရောင် ကို ဆောင်ကြလေပြီ။ ဖိုးမာဒင်၏ သီချင်းသံနှင့် တစ်လအတွင်း အပြိုင်အဆိုင် ကြားငြိမ့်ရသော ဥသြတို့၏ အသံသည်လည်း ရပ်စဲ၍ အထက်အာကာမှ မိုးပဇ္ဇန် နတ်သားသည်ပင်လျှင် ဒိုးဒလိမ့်မည်ကာ မြူးထူးပျော်ပါးကြလေပြီ။ ဖိုးမာဒင်ကြီးသည်ကား ကျွန်ုပ်တို့၏ ရွာသို့ သူ၏ ပေါင်းမို့မို့ လှေကလေးနှင့် ပေါ်မလာတော့ချေ။
ကျွန်ုပ်သည် ဖိုးမာဒင်ကို လွန်ခဲ့သော တပေါင်းလက နောက်ဆုံး မြင်လိုက်ရသည်။ မြင်လိုက်ရသော အချိန်သည် ညနေစောင်း ဖြစ်သည်။ မြင်လိုက်ရာ နေရာသည် သူ၏ လှေကလေး ဆိုက်လေ့ရှိသော ကမ်းဆွယ် တွင် ပေါက်နေသည့် လက်ပံပင်အောက်က နေရာ ဖြစ်လေသည်။ ။
ကျွန်ုပ်သည် ဖြူရော်သော အသွေးရှိ၍ အပွေး အပွေး ထ နေသော အခေါက်များကို နေခြည်ဖျော့ဖျော့ ရိုက်သဖြင့် ပန်းရောင်တောက်နေသော လက်ပံကိုင်းကြီးကို လည်းကောင်း၊ ထိုအကိုင်းအပေါ်တွင် အရွက်ကားသော အခက်ကြား၌ သားကောင်၏ဦးနှောက်ကို ဖောက်စားတော့မည့် ဟန်ကဲ့သို့ နားနေသော အမွေးပွပွနှင့် တောကျီးကန်းကို လည်းကောင်း၊ ထိုအကိုင်း
အောက်၌ ခါးကို ဆန့်တန်းလျက် ပခုံး၌ ပိုးလွယ်ထားသော မင်းသမီးရုပ်၏ ကြိုးကို ဘယ်လက်ဖြင့် ဆုပ်ကိုင်၍ နေရောင်ကို ညာလက်ဖြင့် မိုးကာလျက် ဝင်လုဆဲဆဲဖြစ်သော နေနံလုံးဆီသို့ ငေးကြည့်နေသော ဖိုးမာဒင်ကို လည်းကောင်း ယခုတိုင် မြင်ယောင်ယောင် ရှိသေးလေသည်။
လွန်ခဲ့သောနှစ်က ကျွန်ုပ်တို့၏ ရွာမှ ထွက်ခွာသွားသော ဖိုးမာဒင် သည် အပြောကျယ်လှသော ဤမဟာပထဝီမြေကြီးပေါ်တွင် လွတ်လပ်စွာ သွားလာပြီးနောက် ယခုနှစ် ကျွန်ုပ်တို့၏ရွာသို့ လှည့်လာခါနီး၊ ဆောင်း အကုန် နွေအကူးလောက်မှ စ၍ နာခြင်းတည်းဟူသော ဗျာဓိမင်း၏ အကျဉ်း သားတစ်ယောက် ဖြစ်ခဲ့ဟန် တူလေသည်။
အကြောင်းမူကား ကျွန်ုပ်သည် ရွာဘုန်းတော်ကြီးနှင့် အတူတကွ တစ်နေ့သော နံနက်ခင်းတွင် ရွာအနီးရှိ ရွာတစ်ရွာသို့ လယ်ကွက်များကို ဖြတ်၍ သွားသောအခါ တောအုပ်တစ်ခု၏ အကြားမှ ကျွန်ုပ်တို့အား ချောင်းမြောင်း ကြည့်နေသည့်ပမာ တစ်စွန်းတစ်ကွက်ပေါ်နေသော တဲခေါင်မိုး တစ်ခုကို မြင်လိုက်ရပါသည်။ နေမင်းသည် ထန်းတစ်ဖျားလောက်ရှိပြီ ဖြစ်သောကြောင့် ရေငတ်သည်ကလည်း တစ်ကြောင်း။ ထိုတ်ခေါင်မိုးကို လည်း ယခုမှသာ မြင်၍ အံ့ဩသည်ကလည်း တစ်ကြောင်း။ ဤအကြောင်း များကြောင့် ဘုန်းတော်ကြီးအား လျှောက်ထား၍ တဲရှိရာသို့ ရောက်သွား လေသည်။
အတန်ငယ်လျှောက်သွား၍ တောအုပ်ကို ခိုဝင်မိသည်နှင့် တစ်ပြိုင် နက် ကျွန်ုပ်သည် ခရေပင်များဝိုင်းလျက် မှော်ရွက်ကလေးများအပေါ် မျော နေသော ချောင်းဖျား ကျဉ်းကျဉ်းတစ်ခုအနှီး ဖရိုဖရဲ ဆောက်ထားသော ဓနိတဲငယ် တစ်လုံး၏ အရှေ့တွင် ရောက်နေလေသည်။ ထိုနေရာသည် တိတ်ဆိတ်လှလေသည်။ ကျွန်ုပ်သည် ဦးခေါင်းငုံ့၍ တဲထဲသို့ ဝင်လိုက် ပါသည်။
တဲထဲတွင် ထန်းခေါက်ဖာ၏ နံဘေး၌ မွဲခြောက်လျက်ရှိသော ဆံပင် ဟောက်နက်၍နေသော မျက်အိမ်၊ ချိုင့်ဝှမ်းသော ပါး၊ စုတ်ဖွားသော နှုတ်ခမ်းမွေးတို့ ထင်ကုန်သော မျက်နှာရှင် ဖိုးမာဒင်၏ အလောင်းကို မြင်ရ လေသည်။ တဲနံရံတွင် အမိပင် သေဆုံးခဲ့သော်လည်း သောကဗျာပါဟူသည် မြူခြည်မျှမရှိ၊ ရွှင်ကြည်လျက် နေတတ်သော၊ အကလေးကဲ့သို့ ချိုပြုံးသော မျက်နှာကလေးဖြင့် ရင်ကလေးကို ချီမကာ သူ၏ မင်းသမီးရုပ်ကလေးသည် တွဲလဲဆွဲလျက် ရှိလေသည်။ ။
ဤတံသည် ဖိုးမာဒင် အနှောင်အချုပ်ခံသော ဗျာဓိမင်း၏ သံလှောင် အိမ်ပေတကား။ ကျွန်ုပ်၏ ရှေ့၌ ဖိုးမာဒင်၊ ဖိုးမာဒင်၏ နံဘေး၌ ထန်း ခေါက်ဖာ၊ ထန်းခေါက်ဖာ အထက် တဲနံရံ၌ မင်းသမီးရုပ်ကလေးသည် ပြုံးလျက် ရှိလေသည်။ ဖိုးမာဒင်မှာကား ချိုပြုံးသော မင်းသမီးရုပ်ကလေးနှင့် နေရသောဘဝကို အဆုံးသတ်လိုက်လေပြီ။
အို-သခင်... ဖိုးမာဒင်၊ အသင်သာဒင် သည် သူခပ်သိမ်းတို့အား အသင်၏အသံဖြင့် မွေ့လျော်စေခဲ့ပြီ။ အသင် -ကောင်းရာသုဂတိသို့ လားပါစေ။ ကျွန်ုပ်သည် ဤသို့လျှင် ဆုတောင်း လိုက်ပါသည်။
ကျွန်ုပ်သည် ယခုအခါတွင် ဖိုးမာဒင်၏ ပုံပန်းအစစ်ကို ကြည့်ချင် မြင်ချင်သည်ရှိသော် စိတ်မျက်စိဖြင့်သာ ကြည့်ရလေတော့သည်။ သူ၏ သာယာသော အသံအစစ်ကို ကြားချင်ပြန်ကလည်း စိတ်များဖြင့်သာ နားဆောင်ရလေတော့သည်။ ဤနည်းမှအပ မနုဿလူသားတို့၏ စွမ်းရည်သည် မတတ်နိုင်ကုန်။ အဘယ်ကြောင့်ဆိုသော် အလိုလို လှုပ်ရှားခြင်းငှာ မတတ် နိုင်သော ဖိုးမာဒင်၏ သွေးသား ခန္ဓာသည် ဩကာသ လောကတွင် အကျုံး ဝင် သွားလေပြီ။
ကျွန်ုပ်သည် ဖိုးမာဒင်၏ အလောင်းရှေ့တွင် တစ်ယောက်တည်း တုန်လှုပ်လာသဖြင့် ဘုန်းတော်ကြီးအား ပင့်ခေါ်ရန် တဲမှအထွက်တွင် ဘုန်းတော်ကြီးနှင့် ရင်ဆိုင်တွေ့သဖြင့် အကြောင်းကို လျှောက်ထားလေသည်။ ဘုန်းတော်ကြီးသည် တဲအတွင်းသို့ ဝင်၍ အလောင်းကို စမ်းသပ်ရင်း “ည ကပင် ဆုံးဟန်တူတယ်။ ကဲ...ကဲ...ရွာသူကြီးကို မင်း သွားပြီး အကြောင်း ကြားဦး” ဟု စေလိုက်သဖြင့် ကျွန်ုပ်သည် တဲမှ ခွာခဲ့လေသည်။
နောက်သို့ တစ်ချက်ပြန်၍ လှည့်ကြည့်လိုက်ရာ ဘုန်းတော်ကြီးသည် မာန်ကို လျှော့ချနေသည့်ပမာ ငုံ့အပ်သော ဦးပြည်းဖြင့် တဲရှေ့၌ ရပ်နေသည် ကို မြင်ရလေသည်။ တဲခေါင်မှ အငွေ့ ကလေးများလည်း တလူလူထွက်၍ နေကြလေသည်။
ဂန္တလောက၊ နိုဝင်ဘာ၊ ၁၉၃၃
ဆရာဇော်ဂျီ၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်မှ

သစ္စာဖောက်

0 comments
သစ္စာဖောက်
မြသန်းတင့် (ဘာသာပြန်)
ထုံးစံအတိုင်းပင် မနက်ခြောက်နာရီတိတိ ထိုးသည်နှင့် ဗိုးလ်မဲင်း၏ ဖောသွပ်နေသောမျက်နှာကြီးသည် တန်းလျားအမှတ် ၉ ရှိ နံပတ်ပိတ်ကားချပ်ကြီးပေါ်တွင် ပေါ်လာပြီး လူ ၂၅ ယောက်တို့ကို အော်ဟစ်အမိန့်ပေးတတ်သည်။ ယင်းတို့မှာ အက်စရန်ဂိုးဒေသ တောင်ရိုးများကြားထဲတွင်ရှိသည့် ကတ်စဗိုးသတ္တုတွင်းတွင် နေထိုင်အလုပ်လုပ်သူများ ဖြစ်ကြသည်။
" ဟေ့... ခွေးမသားတွေ၊ မင်းတို့ကို ဇိမ်ခံဖို့ ဒီကိုခေါ်လာတာ မဟုတ်ဘူးကွ၊ ဒီမှာ တစ်ပတ်ကို ပီပါနှစ်ဆယ်ထွက်ရမယ်လို့ လျာထားတယ်၊ ခု စံနှုန်းတွေလျော့နေလို့ ဌာနချုပ်က ကြိမ်းနေတယ်၊ နောင်ဆိုရင် သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း အပြည့်ထွက်အောင်လုပ်ပါ၊ မင်းတို့ဘာသာ ဘယ်နှနာရီပဲလုပ်လုပ်၊ ဘယ်လောက်ပင်ပန်းပင်ပန်း ငါ နားမလည်ဘူး "
ရုပ်သံပိတ်ကားကြီးပေါ်မှ ဗိုးလ်မဲင်း၏ မျက်နှာကြီးသည် ဒေါသကြောင့် ရှုံ့မဲ့လျက်ရှိကာ အသံကြီးကလည်း အဆိပ်တွေလွှတ်ထားသည့်နှယ် ကြောက်စရာကောင်းနေသည်။ ထို့နောက် ဗိုးလ်မဲင်းသည် ထိုနေ့လုပ်ရမည့်လုပ်ငန်းစဉ်ကို ပြောသည်။ အချို့သူများကို သီးခြားတာဝန်ပေးသည်။ ညွှန်ကြားချက်များ၊ အမိန့်များကို အသံကွဲကြီးဖြင့် ပြောသည်။
အလုပ်သမားများသည် သူတို့အလုပ်ရုံမှူးကို မုန်းတီးကြသည့်တိုင် ထိုအသံကြီးကို ကြားသည်နှင့် အိပ်ရာမှ လူးလဲထကြရသည်။ နောက်ထပ် နာရီပိုလုပ်ရမည်ဆိုသည့်အတွက် ဒေါသလည်း ထွက်နေကြသည်။ လူကိုယ်တိုင်မမြင်ရသော သူတို့အလုပ်ရုံမှူးကြီး၏အမိန့်ကို မည်သူမျှ မငြင်းဆန်ရဲ။
ဇေဗီဟာဂါရင်သည် ကိုယ်လုံးကိုယ်ပေါက်ကြံ့ခိုင်၍ ထိုဒေသတွင် သတ္တုတွင်းစဖွင့်စဉ်ကတည်းက အလုပ်လုပ်လာခဲ့သည့် သက်လတ်ပိုင်းအလုပ်သမားတစ်ယောက်ဖြစ်သည်။ ဟာဂါရင်သည် သတ္တုတွင်းကြီးထဲသို့ ဆင်းလာရင်း ...
" ဒီကျင်းကြီးထဲ ဆင်းရတာကို ငါ စက်ဆုပ်လှပြီကွာ၊ ဒီကျင်းထဲက ထွက်ရမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်ပါတယ်၊ ခွေးသားဗိုးလ်မဲင်းဆိုတဲ့ ကောင်ကြီးကို လည်ပင်းညှစ်သတ်ပြီး စက်တိုင်တက်ရမယ်ဆိုရင်လည်း တက်ပါတယ် " ဟု တစ်ယောက်တည်း ရေရွတ်နေသည်။
ဟာဂါရင်တို့ အလုပ်အဖွဲ့ခေါင်းဆောင်မှာ အသက်နှစ်ဆယ်ကျော်မျှသာ ရှိသေးသည့် ပီထရန်ဆိုသူဖြစ်၏။ ပီထရန်သည် ခပ်မှိန်မှိန်လင်းနေသော လှိုဏ်ခေါင်းကျဉ်းကျဉ်းကလေး၏နံရံကို ပေါက်တူးဖြင့် ပေါက်လိုက်ရင်း ပဲ့ကျလာသော သတ္တုခဲလေးတစ်ခဲကို ကောက်ယူလိုက်ရာမှ
" ဒါတွေ တွေးနေလို့လည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး၊ ကျုပ်တို့မှာ ကယ်မယ့်သူလည်း မရှိဘူး၊ ဒီတော့ မတရားခိုင်းတာတွေ ဘာတွေကို စဉ်းစားမနေနဲ့၊ မေ့ထားလိုက်၊ ဒါတွေ ဘာဖြစ်လို့တွေးနေမှာလဲ၊ အဆိုးထဲက အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစားရတော့မှာပေါ့ "
ပီထရန်သည် ခေါင်းကို ဖြည်းလေးစွာ ယမ်းနေသည်။
" တို့ဘဝက အကျဉ်းစခန်းထဲက အကျဉ်းသမားတွေနဲ့ ဘာခြားသေးလို့လဲကွ " ဟု ဟာဂါရင်သည် ညည်းသည်။ အခြားသူများက အကြံပေးနေကြသည်ကို သူ ဂရုမစိုက်နိုင်။ ဟာဂါရင်သည် ဥမင်နံရံကို ပေါက်တူးဖြင့် တူးနေသည်။ သူ့ရင်ထဲတွင် ဒေါသတွေ ဆူပွက်လျက်ရှိသဖြင့် တစ်ကိုယ်လုံး ချွေးတွေ ရွှဲရွှဲစိုနေသည်။
" ငါ ဒီသတ္တုတွင်းမှာ အလုပ်လုပ်လာတာ နှစ်ဆယ့်ငါးနှစ်ရှိပြီကွ၊ တစ်ခါမှလည်း အနားမရဖူးဘူး၊ တခြားထွက်လုပ်မယ်ဆိုတော့လည်း ခွင့်မပြုဘူး၊ ခွေးမသားတွေ...၊ ဒီဥမင်နံရံကြီးသာ ဗိုးလ်မဲင်းရဲ့မျက်နှာကြီးဖြစ်ရင်လည်း အကောင်းသား "
ခါတိုင်းထက် အချိန်ပို၍အလုပ်လုပ်ရပြီးသည့်နောက် ညနေမိုးချုပ်သို့ ရောက်သည့်အခါတွင် ထိုနေ့အတွက် တူးဖော်ရရှိသော သတ္တုခဲများကို သတ္တုတွင်းစခန်းအလယ်ရှိ ကုန်လှောင်ရုံသို့ ပို့ပေးရသည်။ ကြီးမားသော ရဟတ်ယာဉ်ကြီးတစ်စင်းသည် သူတို့စခန်းသို့ တစ်ပတ်လျှင် တစ်ကြိမ်ကျ ရောက်လာလေ့ရှိရာ ထိုအခါတွင် အလုပ်သမားများသည် သတ္တုခဲများကို ထည့်ထားသည့် စည်ကြီးများကို ယာဉ်ပေါ်သို့ တင်ပေးကြရသည်။ ရဟတ်ယာဉ်မောင်းသမားများသည် သူတို့စခန်းထဲမှနေ၍ အလုပ်သမားများ ပင်ပန်းစွာ အလုပ်လုပ်နေကြသည်ကို မဆိုင်သည့်နှယ် ကြည့်နေကြသည်။ စကားလည်းမပြောကြ။ ပီပါများကို တင်ပြီးသည်နှင့် လေးလံသောရဟတ်ယာဉ်ကြီးသည် ကောင်းကင်သို့ ပျံတက်သွားတတ်သည်။
" ဒီရဟတ်ယာဉ်ကြီးပေါ်ကို ခိုးလိုက်သွားရရင် ကောင်းမှာကွ၊ ဒီတော့မှပဲ တို့လည်း ဒီသတ္တုတွင်းစခန်းကြီးထဲ နေရတဲ့ဝဋ်က ကျွတ်တော့မှာ... "
လုပ်သက်ရင့်နေပြီဖြစ်သည့် အလုပ်သမားတစ်ယောက်က ညည်းသည်။
`ဟေ့ကောင်... ဒါတွေပြောမနေနဲ့၊ ရဟတ်ယာဉ်မောင်းသမားတွေက မင်းကိုမတွေ့ရင်လည်း ဗိုးလ်မဲင်းကတော့ တွေ့မှာပဲ၊ ဒီငနဲကြီးက သူ့မျက်လုံးတွေနဲ့ တို့ကို အမြဲလိုက်ကြည့်နေတာ ´
ဟာဂါရင်က ပြောသည်။ သူတို့၏မျက်လုံးများသည် စခန်းအလယ်ကောင်တွင်ရှိသည့် တစ်ခုတည်းသော အုတ်တိုက်အဆောက်အအုံကြီးဆီသို့ ရောက်သွားကြ၏။ ထိုအုတ်တိုက်မှာ စခန်းအပြင်ဘက် စည်းရိုးနားတွင်ရှိပြီး မည်သည့်အလုပ်သမားကိုမျှ သွားခွင့်မပြုသည့်နေရာဖြစ်သည်။ ထိုနေရာမှာ ဗိုးလ်မဲင်းနေသည့် နေရာဖြစ်သည်။ ထိုနေရာမှနေ၍ ဗိုးလ်မဲင်းသည် သူတို့ကို ရုပ်မြင်သံကြားစက်ဖြင့် စောင့်ကြည့်ကာ အသံချဲ့စက်ဖြင့် အမိန့်ပေးလေ့ရှိသည်။ အုတ်တိုက်၏တစ်ပေါက်တည်းသော ပြတင်းပေါက်မှနေ၍ ဗိုးလ်မဲင်း၏မျက်လုံးများသည် သူတို့ကိုယ်ထဲသို့ ဖောက်ထွင်းကြည့်နေသည်ဟု ထင်မှတ်မိကြသည်။
ထိုစဉ် အသံချဲ့စက်မှနေ၍ ဗိုးမဲင်း၏အသံကြီး ပေါ်လာသည်။
"ဟေ့ကောင်တွေ... ဒီနားမှာ စာခြောက်ရုပ်တွေလို ဘာလို့ ရပ်ကြည့်နေရတာလဲ၊ ကိုယ့်တန်းလျား ကိုယ်ပြန် "
နောက်တစ်နေ့မနက်တွင် သတ္တုတွင်းအလုပ်သမားများသည် အထိတ်တလန့်ဖြစ်နေကြသည်။ သူတို့တန်းလျား ရုပ်မြင်သံကြားပိတ်ကားပေါ်တွင် ဗိုးလ်မဲင်း၏မျက်နှာကြီးသည် ပထမဆုံးအကြိမ် ပေါ်မလာဘဲ ပျောက်ကွယ်နေသောကြောင့်ဖြစ်၏။
အလုပ်သမားများသည် ဘာလုပ်ရမည်မသိဘဲ တထိတ်တလန့်ဖြစ်နေကြသည်။ ဗိုးလ်မဲင်း၏ အမိန့်ပေးသံကို မကြားရဘဲ ဘာလုပ်၍ဘာကိုင်ရမည်ကို သူတို့မသိကြ။ သူတို့ကို အလုပ်တာဝန်ခွဲပေးသူမှာ ဗိုးလ်မဲင်းဖြစ်ရာ ဗိုးလ်မဲင်းမရှိလျှင် အလုပ်ခွင်သို့ မည်သို့မည်ပုံ လူစုခွဲ၍ ဝင်ရမည်ကိုလည်းမသိ။
"ဘာဖြစ်လဲ မသိဘူး၊ ဗိုးလ်မဲင်းမျက်နှာလည်း ပိတ်ကားပေါ်မှာ ပေါ်မလာပါကလား၊ တစ်ခုခုတော့ တစ်ခုခုပဲ..."
သို့ဖြင့် အချိန်တွေကုန်သွားသည်။
ဟာဂါရင်သည် သူ့အိပ်စင်မှ ထကာ အနီးဆုံးတွင်ရှိသည့် ရုပ်မြင်သံကြားပိတ်ကားပေါ်သို့ လှမ်းကြည့်၏။ ပိတ်ကားက ဟာလာဟင်းလင်း။
ဟာဂါရင်သည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ပြောနေသည်။ တခြားသူများက မဖြစ်နိုင်ကြောင်း ပြောကြသည်။ ဟာဂါရင်က တုန်လှုပ်ချောက်ချားလျက်ရှိရာမှ
" ဘယ့်နှယ့်လဲ... ကျုပ်တို့ ထွက်ပြေးကြမလား၊ ဒါဟာ ကျုပ်တို့အတွက် အခွင့်ကောင်းပဲ၊ သူသေပြီဆိုရင် သံဆူးကြိုးတွေကိုလည်း လျှပ်စစ်ဓာတ် လွှတ်နိုင်တော့မှာ မဟုတ်ဘူး၊ ဒီစခန်းက ထွက်သွားပြီး ဟိုတောင်ရိုးက တောတွေထဲရောက်ရင် ပျောက်သွားမှာပဲ၊ ဘယ်လိုလုပ်မှ ရှာလို့တွေ့မှာ မဟုတ်ဘူး "
"အရမ်းတွေ လျှောက်လုပ်မနေနဲ့၊ တို့ကို စမ်းကြည့်တာလားမှ မသိတာ၊ တို့ ဘာလုပ်မလဲ သိချင်လို့ ထောင်ထားတာထင်တယ်၊ တို့လှုပ်ရှားမှုကို ရုပ်မြင်သံကြားထဲက ထိုင်ကြည့်နေရင် ဒုက္ခရောက်ကုန်လိမ့်မယ် " ဟု အလုပ်သမားတစ်ယောက်က ပြောသည်။
ပီထရန်သည် အိပ်စင်မှ ဟာလာဟင်းလင်းဖြစ်နေသော ရုပ်သံပိတ်ကားကြီးနားသို့ ကပ်လာခဲ့သည်။ ကျန်လူများသည် သူ့ကို ကြောက်လန့်တကြားဖြင့် ကြည့်နေကြ၏။
" ဗျို့ ပီထရန်၊ ဘာလုပ်မလို့လဲ..."
" ဗိုးလ်မဲင်း ရှိမရှိ ကြည့်ရအောင်လို့ "
အလုပ်သမားများသို့ ပြုံး၍ပြောလိုက်ပြီး ရုပ်မြင်သံကြားပိတ်ကားကြီးဘက်သို့ လှည့်လိုက်လျက်
" ဟေ့... ဗိုးလ်မဲင်း၊ မင်းဟာ အလကားကောင်၊ မင်းကို တို့ သောက်မြင်ကပ်နေတာ ကြာပြီကွ သိရဲ့လား၊ တို့အားလုံးက မင်းကို သောက်မြင်ကပ်နေကြတာ၊ မင်းဟာ အညစ်အကြေးမြောင်းထဲက တက်လာတဲ့ကောင် သိရဲ့လား...´
ပီထရန်သည် စိတ်ဆိုးဆိုးဖြင့် သူ့ကို ဆဲရေးတိုင်းထွာလျက်ရှိ၏။ အားလုံးမှာ ထိတ်လန့်လျက် ရှိနေလေပြီ။ အချို့မှာ ကြောက်ကြောက်ဖြင့် ညည်းနေကြသည်။ ဗိုးလ်မဲင်း၏မျက်နှာကြီးသည် ရုပ်ပိတ်ကားပေါ် ချက်ချင်းပေါ်လာကာ သူတို့အား အော်ဟစ်ကြိမ်းမောင်းပြီး ပြစ်ဒဏ်ပေးလေမည်လောဟု ထင်နေကြသည်။ ပီထရန်ကိုယ်တိုင်မှာလည်း ကြောက်လန့်လျက်ရှိလေပြီ။ သို့ရာတွင် ဘာမှမဖြစ်။ ပီထရန်သည် အနည်းငယ် စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်၏။
"ဒီမှာ ကိုယ့်လူတို့ ဗိုးလ်မဲင်းသာ အဲဒီအထဲမှာ တကယ်ရှိရင် ခု ကျုပ်တို့ ဒီလောက်စော်ကားမော်ကား ပြောနေတာကို ဘယ်နည်းနဲ့မှ သည်းခံမှာ မဟုတ်ဘူး၊ ဒီငနဲကြီး သေပြီဗျ၊ လောင်းကြေးစားကြေးတောင် လုပ်ချင်သေးတယ်၊ ကျုပ်တို့ကို သတ္တုတွေ တိုးထုတ်ဖို့ ပြောထားတယ်မဟုတ်လား၊ ခု ကျုပ်တို့ ဘာမှမလုပ်သေးဘဲနဲ့နေတာကို စောင့်ကြည့်နေတာ မဖြစ်နိုင်ဘူး၊ ဒီလိုကြည့်နေရင် ထုတ်လုပ်မှုစံချိန်မမီလို့ သူလည်း သက်သာမှာ မဟုတ်ဘူး၊ ကဲ ပြောနေကြာတယ် စခန်းအပြင်ဘက်ကို ထွက်ကြစို့ "
အလုပ်သမားများမှာ ဝမ်းသာအားရဖြစ်ကာ ခုန်ပေါက်နေကြပြီ။ ထိုသို့ ဝမ်းသာအားရဖြစ်နေကြပုံကို တန်းလျားအမှတ် ၉ တွင် ယခင်က တစ်ခါမျှ မတွေ့ဖူးခဲ့။ အလုပ်သမားများသည် မိမိတို့၏ အဝတ်အစားများ၊ ရိက္ခာများကို ထုပ်ပိုးပြင်ဆင်ကြသည်။
ဟာဂါရင်က ဝမ်းမြောက်ဝမ်းသာဖြင့်
" တောထဲမှာ ကျုပ်တို့ဘာသာ ကျုပ်တို့ ကမ္ဘာလေးတစ်ခု ထူထောင်ကြမယ်၊ အစတော့ နည်းနည်းခက်ခဲမှာပေါ့ဗျာ၊ နောင်ကျရင်တော့ ကိုယ့်ဘာသာကိုယ် ဘယ်လိုအသက်ရှင်အောင် နေထိုင်ရမယ်ဆိုတာ နားလည်သွားမှာပေါ့၊ ရဲဘော်တို့ ..... တို့ လွတ်လပ်ပြီ၊ ဒီလူဆိုးရဲ့ လက်ထဲက လွတ်မြောက်ပြီ၊ ဒီအမှိုက်ပုံကြီးထဲက လွတ်မြောက်ပြီ၊ ငါတို့ဘဝကို ငါတို့ဘာသာ ဖန်တီးနိုင်တော့မယ်၊ ကဲ... သွားကြစို့၊ ထွက်ကြစို့ ´
နှစ်နာရီအတွင်းတွင် သူတို့တစ်သိုက်သည် ထွက်ခွာရန် အဆင်သင့်ဖြစ်နေကြလေပြီ။ အလုပ်သမားများသည် ဆူညံစွာအော်ဟစ်ကာ စခန်းရှိ တစ်ခုတည်းသော ထွက်ပေါက်ကြီးဆီသို့ လာခဲ့ကြသည်။ ညအချိန်တွင် အလုပ်သမားများ ထွက်ပြေးမည်စိုးသဖြင့် လျှပ်စစ်ဓာတ်အားလွှတ်ထားသည့်တိုင် ကိုယ်လုံးတောင့်တင်းသည့် ဟာဂါရင်က ဝင်းတံခါးကြီးကို တစ်ချက်ဆောင့်ကန်လိုက်သည်တွင် တံခါးသော့သည် ပြုတ်ထွက်သွား၏။ ဟာဂါရင်သည် လက်နှစ်ဖက်ကိုမြှောက်ကာ အားလုံးတိတ်တိတ်နေရန် အချက်ပြလိုက်၏။
" ကိုယ့်လူတို့... ကျုပ်တို့ထွက်မသွားခင် ဗိုးလ်မဲင်းရဲ့ရုံးခန်းကို ဝင်ကြည့်လိုက်ကြရအောင်၊ ဒီငနဲကြီးကို နောက်ဆုံးကြည့်ခြင်းအနေနဲ့ ကြည့်ပြီး သေနေတာကို မျက်စိစားပွဲ ထိုင်သွားကြဦးစို့ ´
အားလုံးက ထောက်ခံကြသည်။
ကန့်ကွက်သူဟူ၍ ပီထရန်တစ်ယောက်သာ ရှိ၏။
`ဗိုးလ်မဲင်းနဲ့ ဒီစခန်းကြီးအကြောင်းကို မေ့ထားလိုက်ကြစမ်းပါ၊ ကျုပ်တို့အဖို့ အရေးအကြီးဆုံးက အချိန်ရှိတုန်း အပြင်ကို မြန်မြန်ရောက်ဖို့လိုတယ်၊ ကျုပ်တို့မှာ လွတ်မြောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်၊ ဘာဖြစ်လို့ အလဟဿ စွန့်ပြီး သွားကြည့်နေဦးမှာလဲ ´
ပီထရန်၏အသံသည် စိုးရိမ်ကြောင့်ကြသံ ပါနေ၏။ သို့ရာတွင် အနားသို့ကပ်ခွင့်ပင်မရသော ထိုနေရာကို သွားကြည့်ချင်ကြသည်။ ပီထရန်မှာ အများဆန္ဒကို လိုက်လျောလိုက်ရ၏။ သို့ဖြင့် ထိတ်လန့်အံ့ဩလျက်ရှိသော အလုပ်သမားတစ်သိုက်သည် အမိုးပြားကြီးမိုးထားသည့် ခပ်နိမ့်နိမ့်အုတ်တိုက်ကလေးဆီသို့ လာခဲ့ကြသည်။ အုတ်တိုက်နောက်ဖေး ခြံစည်းရိုးနှင့် မီတာအနည်းငယ်ခန့်အကွာတွင် တိုက်ထဲသို့ဝင်သည့် တံခါးပေါက်ကို တွေ့သည်။
" ဖွင့်ဗျာ၊ အထဲကို ကြည့်ရအောင် " ဟု အလုပ်သမားတစ်ယောက်က ဟာဂါရင်ကို ခပ်တိုးတိုးပြော၏။
ဟာဂါရင်သည် တံခါးကို ဖွင့်ကြည့်ချင်သော်လည်း ကြောက်နေသည်။ ထို့ကြောင့် ကြောက်စိတ်ကို မနည်းမျိုသိပ်ထားရသည်။ တစ်လျှောက်လုံး ဗိုးလ်မဲင်းအား ကြောက်လာရသဖြင့် ထိုအကြောက်သည် သူ့အသည်းတွင် စွဲနေလေပြီ။ ဟာဂါရင်သည် အားတင်းလိုက်ကာ တံခါးလက်ကိုင်ကို လှည့်၍ ဆွဲဖွင့်လိုက်သည်။
သူတို့အားလုံး အံ့အားသင့်ကာ မယုံကြည်နိုင်အောင်ဖြစ်နေကြသည်။ အခန်းကြီးတစ်ခုလုံးမှာ ဟာလာဟင်းလင်းဖြစ်လျက်ရှိပြီး နံရံတစ်လျှောက်တွင် ရှုပ်ထွေးဆန်းကြယ်သော အီလက်ထရွန်းနစ်ကိရိယာများ၊ ခုံများ တပ်ဆင်ထားသည်ကို တွေ့ရသည်။ အလုပ်သမားများသည် မရဲတရဲဖြင့် ဝင်လာကြကာ အသက်ကင်း၍ ရှုပ်ထွေးသောစက်ယန္တရားကြီးများကို ကြည့်နေကြသည်။
" ဟင်... ဗိုးလ်မဲင်းကော၊ ဒါတွေက ဘာတွေလဲ " ဟု အလုပ်သမားတစ်ယောက်က ခပ်တိုးတိုး မေး၏။
ကြမ်းပေါ်တွင် ငွေဖြင့်ပြုလုပ်ထားသော ပစ္စည်းတစ်ခု ကျနေသည်ကို တွေ့ရသည်။ ထိုပစ္စည်းမှာ စက်ခုံများပေါ်တွင် တပ်ထားသော အခြားသောပစ္စည်းများနှင့် အတူတူပင်ဖြစ်သည်။ ဟာဂါရင်သည် ထိုပစ္စည်းကို ကောက်ကိုင်ကာ ဝေခွဲမရဟန်ဖြင့် ကြည့်နေသည်။ စက်ခုံတစ်နေရာတွင် ပလပ်ပေါက်တစ်ခု လွတ်နေသည်ကို တွေ့သဖြင့် သူ့စိတ်ထဲတွင် ခပ်ဆန်းဆန်းဖြစ်နေသည်။ ဟာဂါရင်သည် စက်ခုံအနီးသို့ ကပ်လာကာ ထိုပစ္စည်းနှင့် ပလပ်ပေါက်တို့ ကိုက် မကိုက် ကြည့်နေသည်။
ပီထရန်မှာ အခြေအနေကို နားလည်လိုက်သဖြင့်
" ဗျို့ ဟာဂါရင်၊ ပလပ်ပေါက်ထဲကို သွားပြီး မထိုးလိုက်နဲ့နော်၊ မလုပ်နဲ့ ဒီအတိုင်း ထားလိုက် ´ ဟု လှမ်းအော်၏။
သို့ရာတွင် နောက်ကျသွားခဲ့လေပြီ။ စက်ယန္တရားကြီးတစ်ခုလုံးသည် မြည်ဟည်းစပြုလာကာ မီးရောင်များသည် ထိန်လင်းလာကြသည်။ နံရံရှိ ရုပ်သံပိတ်ကားကြီးပေါ်တွင် ဗိုးလ်မဲင်း၏မျက်နှာကြီး ပေါ်လာသဖြင့် အလုပ်သမားများမှာ အလန့်တကြား အော်ဟစ်မိကြသည်။ သူ့မျက်နှာကြီးမှာ ဒေါသကြောင့် ရှုံ့မဲ့လျက်။
" ဟေ့... ခွေးမသားတွေ၊ သွား ဒီနေရာက ထွက်သွားကြ၊ အလုပ်ခွင်ကို ပြန်ဝင်ကြ၊ မင်းတို့ကို အချိန်ပိုခိုင်းရမယ်၊ ရိက္ခာကိုလည်း တစ်ဝက်ဖြတ်မယ်၊ သွား အခုထွက်သွားကြ... "
အလုပ်သမားများသည် ကြောက်ကြောက်လန့်လန့်ဖြင့် စက်ခန်းထဲမှ ထွက်ပြေးကာ တန်းလျားဆီသို့ ပြေးလာကြသည်။ ပီထရန် တစ်ယောက်သာလျှင် အခြေအနေကို နားလည်သည်။ ပီထရန်က သူ့လုပ်ဖော်ကိုင်ဖက်များကို လှမ်းအော်နေသည်။
`ဟေ့လူတွေ ဒီလောက်မှ နားမလည်ကြဘူးလား၊ ဗိုးလ်မဲင်းဆိုတာ မရှိဘူး၊ ဒီနေရာကို ကွန်ပျူတာနဲ့ အုပ်ချုပ်နေတာ၊ ဗိုးလ်မဲင်းဟာ တကယ့်လူမဟုတ်ဘူး၊ ခင်ဗျားတို့ကို ဘာမှမလုပ်နိုင်ဘူး၊ ကျုပ်တို့ကို ညာပြီးခိုင်းနေတာ၊ လာ ဒီနေရာက ထွက်ကြမယ်၊ ဘာဖြစ်လို့ မသွားရမှာလဲ...´
သို့ရာတွင် သူ့စကားများကို မည်သူမျှ နားမဝင်ကြတော့ပြီ။ ဗိုးလ်မဲင်း၏ ဖောသွပ်သွပ်မျက်နှာကြီးသည် ရုံးခန်းအပြင်ဘက်ရှိ ရုပ်သံပိတ်ကားပေါ်တွင် ပေါ်လာသည်။ ကြောက်ရွံ့ထိတ်လန့်နေသော အလုပ်သမားများကို အော်ဟစ်အမိန့်ပေးလျက်
"ဟေ့ အလုပ်သမားတွေ၊ ပီထရန်ဟာ သစ္စာဖောက်၊ ဒီကောင်ကို ဖမ်းချုပ်ပြီး အကျဉ်းခန်းထဲထည့်ထား၊ ပြီးတော့ ကြိမ်ဒဏ်ပေး၊ ဟာဂါရင် မင်းကိုယ်တိုင် ဒီကောင်ကို ကြိမ်ဒဏ်ပေး... "
ခဏအကြာတွင် အလုပ်သမားများသည် ပီထရန်ကို ဖမ်းသွားကြသည်။ ရုန်းကန်အော်ဟစ်ကာ အကျိုးအကြောင်းကို ရှင်းပြသော်လည်း မည်သူမျှ နားမထောင်တော့ပြီ။ မိမိတို့၏ လွတ်မြောက်ရေးအိပ်မက်သည်လည်း အဆုံးသတ်လေပြီ။ နောင်တွင် ဘယ်တော့မှ လွတ်မြောက်နိုင်မည် မဟုတ်တော့။ ။

Wednesday, July 28, 2021

 သူ့မယား

0 comments
သူ့မယား

(၁)
ဈေးသည်မ မဖော့သည် ကိုဆင်၏ မယား ဖြစ်သည်။
မဖော့သည် မြို့သို့တက်၍ ကုန်စိမ်းရောင်းလေ့ ရှိရာ နံနက်တိုင်း ဗျပ်ကိုရွက်၍ မြို့သို့ တစ်မိုင်နီးပါးခန့် ခြေကျင်သွားရသည်။ အရောင်းရ တွင်လျှင် စောစော ပြန်လာတတ်၍ အရောင်းရ ထိုင်းလျှင် နေစောင်းမှ ပြန်လာတတ်သည်။ ပြန်လာတိုင်း ချောင်းကိုဖြတ်ကာ ရွာဘက်သို့ ကူးထားသော ဝါးတံတားသို့ ရောက်လျှင် လင်စိတ်၊ သားသမီးစိတ်တို့သည် အလိုလို ပေါ်လာတတ်ကြလေသည်။
မဖော့သည် အရပ် ထောင်ထောင်မောင်းမောင်း ဖြစ်သည်။ ဆံပင်သည် နီကြန်ကြန် ဖြစ်၍ တစ်ထွာ သာသာလောက် ရှည်သည်။ သွား အတန်ငယ် ခေါသည်။ သို့ရာတွင် အရုပ်ဆိုးဟု မဆိုသာချေ။ ကိုဆင်သည် အိမ်၌ ထိုင်စားသမား ဖြစ်သည်။ အို ... ထိုင်စားသမား သက်သက်လည်း မဟုတ်ပါပေ။ အိမ်မှာ ထမင်းအိုး တည်ရသည်။ သားငယ်၊ သမီးငယ်များကို ထိန်းရသည်။
ကိုဆင်သည် ငယ်စဉ်က သာမဏေ ဘဝ၌ ကိုးနှစ်ခန့် နေခဲ့ဖူးသူ ဖြစ်သဖြင့် စာပေ၌ အတော်အတန် ခေါက်မိသည်။ စိတ်ထား သဘောထား ကောင်းသည်။ ရယ်ရယ်မောမော နေတတ်သည်။ အလှူ မင်္ဂလာပွဲများတွင် ရှေ့တန်းက ပါတတ်သည်။ သူ၏ အရပ်အမောင်းမှာ မယားလောက် မမြင့်လှ။ ဆံပင် ကောင်းသည်။ နှုတ်ခမ်းမွေး ရေးရေး ရှိသည်။ ရင်အုပ် ကျဉ်းသည်။ ထိုးကွင်းကို ဒူးအထိ ထိုးထားသည်။
သူတို့နှစ်ယောက် ညားကြ၍ သားငယ်တစ်ယောက် ရပြီးသည်အထိ မဖော့သည် ဈေးရောင်းလည်း ထွက်သည်။ ကိုဆင်ကိုလည်း ပြုစုရှာသည်။ သားတစ်ယောက် နောက်ထပ် တိုးလာသောအခါ မဖော့သည် ဈေးရောင်းသာ ထွက်နိုင်ရှာတော့သည်။ နောက်တစ်ဖန် သမီးတစ်ယောက် တိုးလာပြန်သောအခါ မဖော့ အလွန် မောပန်း လာတတ်သည်။ ကုန်ရှုံးသော အလှည့်နှင့် ကြုံသည့်အခါ သနားဖွယ်သာ ဖြစ်တော့သည်။ သို့ရာတွင် မဖော့သည် ညည်းသည် မရှိ။
“အရှေ့ပိုင်းက မင်္ဂလာဆောင်မှာ ညည်းယောက်ျား မင်္ဂလာဩဘာ စကား ပြောပုံကို ညည်း လာပြီး နားထောင်စေ့ချင်တယ် သူငယ်ချင်းမရဲ့၊ အလွန်ခံ့တယ်။ ညည့်ယောက်ျား ပညာ ပြည့်ပါပေတယ်အေ့” ဟု မဖော့ သူငယ်ချင်းမ တစ်ယောက်က ကိုဆင်ကို ချီးမွမ်းဖူးလေသည်။ ထိုအခါ မဖော့သည် အလွန် အားရသည်။ သူ၏ စိတ်ထဲတွင် ကျက်သရေ အပေါင်းတို့ ပြည့်လျှမ်းနေသော လင်၏ မျက်နှာကို မြင်လာ ထင်လာသည်။ တစ်ခါတစ်ရံ တစ်ဆယ့်လေးနှစ် အရွယ် သားအကြီးက တံတားမှ ဆီးကြို၍ အမေ့ ဗျပ်၊ တောင်း စသည်တို့ကို ကူသယ်ပေး၏။ ထိုအခါ မဖော့သည် အားရပြန်သည်။ “မောင်မင်းကြီးသားကြောင့် ဒီသားကလေး အားထားရ ပေတယ်” ဟု တွေးမိသည်။
တစ်ခါသော် အိမ်ငယ်ရှေ့သို့ ထန်းရည်မူးသမား တစ်ယောက် ရောက်လာ၍ အိမ်ရှေ့ကပြင်၌ စကားပြောနေကြသော မဖော့တို့ သားအမိကို မထီမဲ့မြင် ပြုလိုသော မျက်စိဖြင့် ကြည့်လေသည်။ ထိုအခါ သားအမိသည် အိမ်တွင်းသို့ ပြေးဝင်ကြသည်။ အိမ်တွင်းက ကိုဆင်သည် အိမ်ရှေ့သို့ ကပျာကယာ ထွက်လာ၍ ကပြင်၌ ခါးထောက်ကာ ရပ်နေလိုက်သည်။ မထီမဲ့မြင် ပြုလိုသော မျက်လုံးတို့သည် ချာခနဲ လှည့်သွားပြီးနောက် ယိမ်းထိုး သွားကြသော ခြေတို့နှင့်အတူ ယိုင်ယမ်းကာ ပါသွားကြသည်။ ထိုအခါ အိမ်ခန်းတံခါးမှ ခေါင်းပြူ ကြည့်နေသော မဖော့သည် “မောင်မင်းကြီးသား မရှိလျှင် ဒုက္ခ အဖြစ်ပဲ” ဟု တွေးမိပြန်သည်။
မဖော့သည် ယခု သုံးဆယ့်ခုနစ်နှစ် အတွင်းသို့ ဝင်ပြီ။ ကိုဆင်သည် မဖော့ထက် ခြောက်နှစ်မျှ ကြီးသည်။ ကိုဆင်သည် ဤအသက်အရွယ် အထိ မည်သည့် အလုပ်ကိုမျှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့ဖူးချေ။ “ထဘီနား ခိုစားသည်” ဟု မလိုသူတို့က ကဲ့ရဲ့ကြလျှင် “အလို ... ဝေဿန္တရာ မင်းကြီးတောင် မဒ္ဒီရဲ့ လုပ်စာကို ထိုင်စားသေးတာပဲ” ဟု ရယ်သလို မောသလိုနှင့် ပြန်ချေလေ့ ရှိသည်။ “ကိုယ့်ကုသိုလ်နှင့် ကိုယ်ဖြစ်တာ၊ မနာလို တိုရှည် မဖြစ်ကြနှင့်လေ" ဟု နောက်ထပ် ဆက်လိုက်သေးသည်။ သို့ရာတွင် စိတ်ထဲ၌ကား နာကျင်မိသည်။ နာပင် နာငြားသော်လည်း နာရမှန်း မသိ။ စကားနိုင် လု၍ ပြောလိုက်ရသော သူ့ကိုယ်ကိုပင် သူ ချီးမွမ်းလိုက်သည်။
မလိုသူတို့သည် စကား အတင်စီး ခံကြရသဖြင့် သာ၍ မလိုစိတ် ပေါက်လာကြသည်။ အခွင့်ရတိုင်း မေးငေါ့ကြသည်။ မဲ့ရွဲ့ကြသည်။ ထိုသို့ မေး အငေါ့ခံခဲ့ရ၊ အမဲ့အရွဲ့ ခံခဲ့ရသော ဒဏ်ရာများသည် ကိုဆင် အသက်အရွယ် ကြီးလာသောအခါ ကိုဆင်၏ စိတ်တွင် ပေါ်လာကြသည်။
ထို့ကြောင့် ကိုဆင်သည် အစ်ကိုဝမ်းကွဲ တစ်ယောက်ထံမှ ငွေချေး၍ ဝါးရောင်းသည်။ ဝါးဈေးကျခိုက် ကြုံသဖြင့် ခွက်ခွက်လန်အောင် ရှုံးပါ လေ၏။ နောက်တစ်နှစ် မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှား ဆင်းထွန်ပြန်သည်။ ထွန်သွား ထိသဖြင့် ခြေသလုံးတွင် သွေးစက်စက်နှင့် ပြန်လာရသည်။ အနာကို ဆယ့်ငါးရက်လောက် ကုယူရသည်။
(၂)
အနာကျက်သော နေ့တွင် ကိုဆင်၏ အသက် လေးဆယ့်သုံးနှစ် ပြည့်ပြီ။ အသား အနာသည် ကောင်းစွာ ကျက်ပေ၏။ သို့ရာတွင် စိတ်အနာကား ရင်းစ ပြုလာပြီ။
မဖော့သည် ခါတိုင်းကဲ့သို့ ဈေးသို့ တက်သွား၏။ ထိုအခါ သားအကြီးသည် ဘုန်းကြီးကျောင်းသို့ သွားသည်။ သားအလတ်နှင့် သမီး အထွေးတို့သည် အိမ်ရှေ့ မန်ကျည်းပင် အောက်၌ ကစားကြသည်။ ကိုဆင်သည် ကပြင်၌ လက်ဖက်ရည်အဖန် သောက်သည်။ အတန်ကြာသောအခါ ခေါင်းရင်းအိမ်က သားသမီး ခြောက်ယောက်တို့၏ အဖသည် လက်သမားသေတ္တာ ထမ်း၍ ထွက်သွားသည်။ ခြေရင်းအိမ်က မယား မီးယပ်သည်မ၏ ယောက်ျားသည် ဓနိခုတ်ရန် ဓားကိုယူ၍ တစ်ဖက်ကမ်းသို့ လှေဖြင့် ကူးသည်။ မျက်နှာချင်းဆိုင် အိမ်က အဘိုးအိုပင်လျှင် တဒေါက်ဒေါက်နှင့် ယောက်မ ခုတ်နေသည်။
လက်ဦးတွင် ကိုဆင်သည် လက်ဖက်ရည် အဖန်ကို တစ်ခွက်ပြီး တစ်ခွက် ငှဲ့သောက်ကာ အိမ်ရှေ့၌ ကစားနေကြသော သားနှင့် သမီးတို့ကို ကြည့်၍ ကြည်နူးနေသည်။ သို့ရာတွင် အိမ်နီးချင်းတို့က တလှုပ်လှုပ် တရွရွ အလုပ်သွားကြ၊ အလုပ် လုပ်ကြသည်တို့ကို မြင်ရသောအခါ သားသမီးတို့ကို ကြည့်၍ မကြည်နူးနိုင်။ ထမင်းအိုး တည်ရမည် ဖြစ်သော သူ၏ အလုပ်ကို သူ သတိရလာသည်။ မေးငေါ့ကြသော မျက်နှာ၊ မဲ့ရွဲ့ကြသော မျက်နှာတို့ကိုလည်း မြင်ယောင်ယောင် ဖြစ်လာသည်။ ထို့ကြောင့် ခေါင်းငုံ့နေလိုက်သည်။ ထိုမျက်နှာတို့ကိုကား မမြင်ရ။ သို့ရာတွင် သူ့ဖြစ်ရှေး တသီတတန်ုးကြီးသည် သူ့မျက်စိတွင် ပေါ်လာသည်။ ရှင်လူထွက်သည့် အခါမှစ၍ ပိုးပဝါ တသသနှင့် လူပေါ်ကြော့ လုပ်လာခဲ့ပုံ၊ မဖော့နှင့် ညားပုံ၊ ကုန်ရှုံးပုံ၊ ခြေသလုံး၌ ဒဏ်ရာရပုံတို့ ဖြစ်သည်။ သူ ဝမ်းနည်းလာ၏။ ရှက်လာ၏။ သည်ဘဝနှင့် သူ မနေချင်၊ သူ ရုန်းထွက်ချင်သည်။ သူ တွေးသည်မှာ ရဟန်း ဝတ်ရလျှင် ကောင်းမည်။ ရဟန်းဖြစ်လျှင် သူ ထမင်းအိုး တည်ရတော့မည် မဟုတ်။ ရဟန်းဖြစ်လျှင် နိဗ္ဗာန်ကို သူ မျက်မှောက် ပြုနိုင်မည်။ မယား၊ သားသမီးတို့သည် သူ့ကိုမှီ၍ ကုသိုလ် ရကြမည်။ သူ ကျွတ်ချိန်တန်ပြီ။ သူ ဘုရားဆုပန်မည်။ သူ ရဟန်း ဝတ်တော့မည်။ သူ့ အတွေးကား ဤသို့ပေတည်း။
ဪ ... ထမင်းအိုးတည်စရာ ရှိပါသေး၏ တကား။ မတည်လျှင် သူ ယနေ့ ထမင်းငတ်မည်။ သူ့သားနှင့် သမီးတို့ ငိုကြလိမ့်မည်။ ထို့ကြောင့် ကိုဆင်သည် စားဖိုသို့ ဝင်ရလေ၏။ ထိုအချိန်၌ မြို့ဈေးတွင် ဈေးရောင်း နေသော မဖော့သည် ကုန်စိမ်းများကို ရေပို၍ ဆွတ်သည်။ အလေးချိန် ပို၍ စီးလျှင် အမြတ်ငွေ ပို၍ ရစရာ ရှိသည်။ ရလျှင် ကိုဆင်ဖို့ ဆေးပေါ့လိပ် ကောင်းကောင်း ဝယ်သွားမည်ဟု မဖော့ စိတ်ကူးနေသည်။
ကျွမ်းကျင်သည့်အလျောက် ကိုဆင်သည် ထမင်းကို ကောင်းစွာ ချက်နိုင်သည်။ ကျက်သောအခါ ကလေးများကိုခေါ်၍ မနေ့ညနေက ချန်ထားသော ဟင်းနှင့် စားကြသည်။ စားပြီးသောအခါ ကလေးများသည် ဆော့မြဲတိုင်း ဆော့ကြပြန်သည်။ ကိုဆင်လည်း အိမ်ခါးပန်း၌ ခြေတွဲလဲချ၍ ဆေးပေါ့လိပ်ကို လက်ကြားညှပ်ကာ ယခင်အတွေးကို ပြန်၍ ကောက်သည်။ သူ ရဟန်းဖြစ်လျှင် မဖော့အိမ်သို့ နံနက်စောစော သူ ဆွမ်းခံကြွမည်။ မဖော့ ဈေးသို့ မသွားသေးသဖြင့် မဖော့၏ မျက်နှာကို သူ မြင်ရမည်။ သူ့ သားသမီးများ၏ မျက်နှာတို့ကိုလည်း သူ မြင်ရမည်။ မဖော့သည် စာမတတ်၊ တရားမတတ်။ သေလျှင် မဖော့ အပါယ်ကျတော့မည်၊ မဖော့ကို သူ သနားလှသည်။ မဖော့ကို သူ တရားပြမည်။
ထိုသို့ တွေး၍ ကောင်းနေတုန်း သားနှင့် သမီးတို့၏ ငိုသံကို ကြားလိုက်ရာ အတွေးဆက် ပြတ်သွားသည်။ ညီမငယ်က အစ်ကို၏ မျက်နှာကို ကုတ်ဆွဲသဖြင့် အစ်ကို ငိုသည်။ တစ်ဖန် အစ်ကိုက ညီမငယ် ဆံပင်ကို ဆွဲလိုက်သဖြင့် ညီမငယ် ငိုပြန်သည်။
“နင်တို့ ငါ့ကို အလွန် ဒုက္ခပေးတယ်၊ အိမ်ထဲကို လာခဲ့ကြ။ နင်က သည်တိုင်မှာ ထိုင်၊ နင်က ဟိုတိုင်မှာ ထိုင်၊ မထကြနဲ့” ဟု ကိုဆင်သည် ကြိမ်းမောင်း၍ နေရာချပေးသည်။ ကလေးတို့သည် မျက်ရည်သုတ်၍ တစ်တိုင်စီမှာ ထိုင်ကြသည်။ ကိုဆင်သည် ထိုင်မြဲနေရာမှာ ပြန်ထိုင်၍ အတွေးကို ပြန်ကောက်သည်။ ကောက်၍ မရတော့ချေ။ အတန်ကြာသော အခါ ကလေးတို့ကို ကြည့်လိုက်သည်။ ကလေးတို့သည် ငိုက်နေကြသည်။ ကိုဆင်သည် သမ်းချင်လာသည်။
“ဘယ်ကိုမှ ထ မသွားကြနဲ့၊ တိုင်မှာသာ ထိုင်နေကြရမယ်” ဟု ပြောပြီးနောက် ကိုဆင်သည် တုံးလုံးလှဲ၍ မျက်စိတို့ကို မှိတ်လိုက်သည်။ ကိုဆင် မျက်စိမှိတ်သည်နှင့် တစ်ပြိုင်နက် ကလေးတို့၏ မျက်စိများသည် ပွင့်လာကြသည်။ တစ်ယောက်၏ မျက်နှာကို တာစ်ယောက် ကြည့်သည်။ မျက်စိမှိတ်နေသော ကိုဆင်ကို ကြည့်ကြပြန်သည်။ ကိုဆင် အိပ်ပျော်လျှင် သူတို့ ဆင်းကစားကြလိမ့်ဦးမည်။
မည်မျှ ကြာသွားသည် မသိ။ ကိုဆင် နိုးသောအခါ မဖော့၏ အသံကို ကြားရသည်။ မဖော့၏ အသံကြောင့်လည်း ကိုဆင် နိုးလာခြင်း ဖြစ်သည်။ မဖော့သည် မန်ကျည်းပင်ပေါ်သို့ မော့ကြည့်၍-
“ကြည့်စမ်း ... ဟဲ့ကောင်လေး ဆင်းခဲ့၊ မြန်မြန် ဆင်းခဲ့။ လိမ့်ကျရင် မခက်ပါလား၊ ညီမလေး ဘယ်မှာလဲ”
“ဟို ကမ်းနားမှာ”
“အကျိုးနည်းကုန် ပါပြီတော်။ ကိုဆင်၊ ရှင် သည်လိုပဲ ကလေးတွေကို ပစ်ထားရသလား။ တယ်တော်တဲ့ အဖေပါကလား ရှင်”
ထိုအခိုက် သမီးသည် ရွှံ့ပေနေသော လက်များဖြင့် အမေ့ထံသို့ ပြေးလာသည်။ သားသည် မန်ကျည်းပင်ပေါ်မှ ဆင်းလာ၍ မြေပြင်ကို နင်းမိပြီ။
ကိုဆင်သည် ကလေးတို့ကို မျက်စောင်းထိုး၍ ကြည့်၏။ ကလေးတို့ သည် အမေကို ကွယ်နေကြသည်။ “ရော့ ... ကိုဆင်၊ ဆေးပေါ့လိပ်” ဟု မဖော့သည် ပြောပေး ပေး၍ ကလေးများကို စားဖိုဆောင်သို့ သိမ်းရုံး ခေါ် သွားသည်။ ကိုဆင်သည် စားဖိုဆောင်ဘက်သို့ လိုက်၍ ကြည့်သည်။ မဖော့သည် သမီး၏ လက်များကို ရေဆေးပေးသည်။ ထို့နောက် မိမိ ဝယ်လာခဲ့သော မုန့်ပဲတို့ကို ကလေးတို့အား ထုတ်ကျွေးသည်။ ထိုနောက် ကြမ်းပေါ်တွင် ခြေဆင်း၍ ဆံပင်ကို ဖြေသည်။ ခါးကို ရှေ့သို့ ကုန်းလိုက်သည်။ ထိုအခါ တစ်ထွာသာသာ ရှည်သော ဆံပင်တို့သည် ရှေ့သို့ ဖားလျား ကျလာ၍ ခြေသလုံးပေါ်တွင် ဝဲနေကြသည်။
“အမေ့ ကျောကို တံတောင်နဲ့ ကြိတ်စမ်း” ဟု ဆိုသဖြင့် သားသည် ပါးစပ်ထဲ၌ မုန့်ကို ကိုက်လျက် အမေ့ကျောကို တံတောင်နှင့် ကြိတ်နေသည်။ ကျောသည် တံတောင်အောက်တွင် ယိုင်ယမ်း နေလေရာ မဖော့ကို ကြည့်ရသည်မှာ သရဲအခြောက် ခံနေရသည်နှင့် တူလှ လေသည်။
ကိုဆင်သည် မဖော့ကို မြင်၏။ သက်ပြင်းကြီးချ၍ “ငါ သင်္ကန်း ဝတ်မှ ဖြစ်မယ်” ဟု အတွေးဟောင်းတွင် အတွေးသစ် လောင်းလိုက်သည်။ သို့ရာတွင် မယားကို တော်တော်နှင့် မပြောဝံ့သေး။ နှစ်သစ်ကူးချိန် ရောက်မှ ပြောဝံ့၍ သူ့အကြံ အထမြောက်သွားသည်။
(၃)
ပြောစဉ်က တစ်လလောက် သင်္ကန်း ဝတ်လိုကြောင်း ပြော၍ သင်္ကန်း ဝတ်သည်။ သို့ရာတွင် သုံးလနီးပါး ရှိလာပြီ။ ကိုဆင် လူမထွက်သေးချေ။ ကလေးများကို ကြည့်ဖော် ရှုဖော် အဖြစ်ဖြင့် လာရောက် နေထိုင်သော မဖော့၏ ဒွေးလေးသည် သူ့၏ သမီးများကို အောက်မေ့လှပြီ။ သူ ရွာသို့ ပြန်ချင်ပြီ။ တစ်နေ့သောအခါ ဒွေးလေးက “ဦးပဉ္စင်း ... ဘယ်တော့ လူထွက်မှာလဲ” ဟု မေးသည်။ ဦးပဉ္စင်းသည် အမေးကို မဖြေ။ သင်္ကန်း၏ အရိပ်အာဝါသ အေးမြကြောင်း အစချီကာ ပါဠိဂါထာများကို ရွက်၍ တာရားဟောလေ တော့သည်။ ဒွေးလေး ခက်ပြီ။ ဒွေးလေး နားသို့ ထိုတရားတော် မဝင်။ သူ့ကို မတရားသဖြင့် အိမ်မှာ ခေါ်ထားသည်ဟု အောက်မေ့၍ စိတ်ထဲတွင် ဒေါသူပုန်ထလေသည်။ ဦးပဉ္စင်း ကြွသွားသောအခါ ဒွေးလေးသည် “ဟေ့ ရှင်ဖော့၊ ငါ ပြန်ချင်ပြီ၊ ညည့်အိမ်မှာ ကျွန်ခံ မနေချင်ဘူး” ဟု မဖော့ကို ကြိမ်းသည်။ မဖော့ကလည်း ဦးပဉ္စင်းကို လူထွက်စေချင်လှပြီ။ တစ်ခါ နှစ်ခါ လျှောက်ကြည့်ပါ၏။ တရား အဟောသာ ခံခဲ့ရသည်။ ဝါလည်း ဝင်လုပြီး။ ဒွေးလေးကလည်း နားပူလှပြီ။
ကြံရာ မရသဖြင့် မဖော့သည် သူငယ်ချင်းမ တစ်ယောက်နှင့် တိုင်ပင်သည်။ ပြီးသောအခါ နှစ်ယောက်သား တဝါးဝါး ရယ်ကြသည်။
(၄)
ထိုနေ့ နံနက်ခင်းသည် နေရောင်ကြောင့် ဝါထိန်နေသည်။ မန်ကျည်းပင် ထိပ်က ချိုးကူသံသည် ဆက်ကာဆက်ကာ မြည်နေသည်။ မဖော့သည် မြို့သို့ ဈေးရောင်းမတက်၊ အိမ်တွင် ကိုယ်တိုင် ချက်ပြုတ်ကြော်လှော် နေသည်။ ပြီးလျှင် ရေမိုးချိုး၍ သနပ်ခါး လူးသည်။ ခြေအထိ လူးသည်။ မျက်နှာမှာ ခပ်ပါးပါး ခပ်မှုန်မှုန် ရိုက်သည်။ သူ့တစ်ကိုယ်လုံး မွှေးကြိုင်နေသည်။ ဆံထုံးကို သေသပ်စွာ ထုံးသည်။ ဆံစု သုံးချောင်းမျှ ရောပေါင်း ထုံးထားသဖြင့် ဆံထုံးနှင့် မျက်နှာတို့သည် အချိုးအစား ကျသည်။ မျက်ခုံးကို ကော့နေအောင် ဆွဲသည်။ နဖူးက မရှိမဲ့ ရှိမဲ့ ဆံစများကို ခိုတောင်ကျအောင် အတင်းသိမ်း ဆွဲထားသည်။ ကွမ်းဝါး၍ နှုတ်ခမ်းတို့ကို နီစေသည်။ အင်္ကျီ ဖြူဖြူပါးပါး အသစ်နှင့် ပန်းပွင့် အနီရိုက် သရက်ထည်ထဘီ အသစ်တို့ကို ဝတ်သည်။ ကလေး နှစ်ယောက်ကို ဝတ်ကောင်းစားလှ ဆင်ထားသည်။ အိမ်ထဲတွင် အချို့ အိမ်ထောင်ပစ္စည်းများကို သိမ်းဆည်း ထုပ်ပိုးထားသည်။ ရှေ့တွင် လှည်းတစ်စီးကို အဆင်သင့် ပြင်ထားသည်။
ဆယ်နာရီလောက်တွင် ဦးပဉ္စင်းသည် အိမ်သို့ ကြွလာ၏။ သူ့နောက်က သူ့သား ကျောင်းသား ပါလာသည်။ လျှောက်လာရင်း “ငါ့ကို လူထွက်ဖို့ ပြောကြဦးမှာပဲ” ဟု တွေး၍ စိတ်လေးလာသည်။ အိမ်နားသို့ ရောက်လာ၏။ လှည်းကို မြင်သည်။ အိမ်တွင်းသို့ ဝင်၏။ အထုပ်အပိုးတို့ကို မြင်သည်။ ဒွေးလေးက ပင့်ရာ အိမ်ခေါင်းရင်း၌ ခင်းအပ်သော ဖျာပေါ်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်လိုက်သည်။ မဖော့ကိုကား မမြင်ရသေးချေ။
အတန်ကြာမှ မဖော့သည် ဆွမ်းနှင့် ဆွမ်းဟင်းဗျပ်ကို ချီကာ ထွက်လာသည်။ ညှိုးငယ်သော မျက်နှာကို ငုံ့ထားသည်။ ငုံ့လျက်နှင့်ပင် ဦးပဉ္စင်းအား ဆွမ်းကပ်သည်။ ဦးပဉ္စင်းသည် တစ်ချက်မျှ စောင်းငဲ့၍ ကြည့်၏။ မဖော့ ဖြီးပုံ လိမ်းပုံ ဝတ်ဆင်ပုံတို့ကို မြင်သည်။ တစ်ဖန်ထပ်၍ တစ်ချက် ကြည့်ပြန်သည်။ “ထူးခြားလှပါကလား” ဟု တွေးမိလာသည်။ မဖော့ စားဖိုဆောင်သို့ ပြန်သွားသည်။ ဆွမ်းစားရင်း”မဖော့ ငါ့ကို ဘာကြောင့် မကြည့်ပါလိမ့်” ဟူသော အတွေးနှင့် မဖော့၏ ထူးခြားသော ရူပါရုံတို့သည် ဦးပဉ္စင်း၏ စိတ်ထဲတွင် တဝဲလည်လည် ဖြစ်လာကြသည်။ “ငါ့ကို လူထွက်ဖို့ ပြောမှာပါပဲ။ ငါ့တာဝန်ကတော့ သင်းတို့ကို တရားပြဖို့ပဲ မဟုတ်လား” ဟု ဖြေလိုက်မှ စိတ်ငြိမ်သွားသည်။
ဆွမ်းကိစ္စ ပြီးပေပြီ။ အချို့ပွဲကို မဖော့ ယူလာပြန်သည်။ ဦးပဉ္စင်းသည် မဖော့ကို တစ်ချက် ကြည့်လိုက်ပြန်၏။ “အလို ... နုဖူးမှာ ခိုတောင်များ ချလို့ ပါကလား” ဟု အံ့ဩလာသည်။ အချိုပွဲကို သိမ်းသွားပြန်သည်။ ထို့နောက် မဖော့ ပြန်ထွက်လာ၍ ခပ်လှမ်းလှမ်း နေရာတွင် ခပ်ကျုံ့ကျုံ့ ထိုင်သည်။ ဦးပဉ္စင်းက တရားဟောတော့မည်ဟု ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် မဖော့သည် “ဒွေးလေး ... လှည်းဆရာကြီး မလာသေးဘူးလား” ဟု လှမ်းမေးလိုက်သည်။ ဦးပဉ္စင်း တရားမဟောနိုင်။ လှည်းဆီသို့ လှမ်းကြည့် လိုက်သည်။
ဦးပဉ္စင်းသည် တရားကို စ ရမည့်အစား “မဖော့တို့ ဘာများ လုပ်ကြမှာတုံး” ဟု မေးသည်။
“ဦးပဉ္စင်းကြီးကို အားလုံးစုံ လျှောက်ပါရစေ ဘုရား” ဟု မဖော့သည် ခေါင်းကို မမော့ဘဲ ပြောသည်။
“ဒွေးလေးကလည်း သူ့ရွာကို ပြန်ချင်လှပြီ။ ဒွေးလေးပြန်ရင် တပည့်တော်မမှာ ဈေးကိုလည်း ထွက်ရ၊ ကလေးတွေ ကိုလည်း ကြည့်ရ ဖြစ်ပါလိမ့်မယ်။ သိပ် ဒုက္ခ ရောက်ပါလိမ့်မယ်။ ဒုက္ခ မရောက်ရအောင် တပည့်တော်မနှင့် ကလေးနှစ်းယောက်၊ ဒွေးလေးတို့ရွာမှာ ပြောင်းနေပါရစေတော့ ဘုရား။ သားအကြီးကိုသာ ဦးပဉ္စင်းကြီး ကြည့်ရှုပါဘုရား၊ ဟဲ့ ... သားလေး .... ဦးပဉ္စင်းကြီးနှင့် နေရစ်ပေတော့”
မဖော့သည် ခေါင်းကို မမော့ဘဲ မျက်ရည်စကို သိမ်း၏။ ဦးပဉ္စင်းသည် ဦးပြည်းကို တိမ်းကာ ငေးနေသည်။ မဖော့ ဆက်၍ လျှောက်ပြန်သည်မှာ-
“ဦးပဉ္စင်းကြီးလည်း တစ်သက်လုံး ရဟန်းဘဝနှင့် နေပါ။ တပည့်တော်မတို့လည်း သင့်သလို ကြည့်နေပါ့မယ်။ ဦးပဉ္စင်းကြီးရဲ့ ဘာဝနဲ့ တပည့်တော်မတို့ရဲ့ ဘဝဟာ ကွာခြားနေပါပြီ။ ဆရာနဲ့ တကာမ အဖြစ်သာ ဆက်ဆံနိုင်ပါတော့မယ်။ တပည့်တော်မမှာလည်း သားသမီး နှစ်ယောက် ရှိနေသေးတော့ တစ်ရွာတစ်ကျေးမှာ အားကိုးအားထား တွေ့ရင် လက်ခံ လိုပါတယ်။ ဟဲ့ ... ဖိုးနီ၊ ဟိုအထုပ်တွေကို လှည်းပေါ်မှာ တင်လိုက်။ ဒါကြောင့်မို့ အခုက စပြီး ရှင်းအောင် ကိစ္စကို စီမံပေးစေချင်ပါတယ်။ နောင်အခါ စကားအရှုပ်အထွေး ဖြစ်ပြီး ရုံးကို မရောက်ပါရစေနဲ့ ဘုရား” ဟု မဖော့က လျှောက်၏။
“ဟင်” ဟု ဦးပဉ္စင်းသည် အာလေးလေးနှင့် မြည်လိုက်သည်။ မဖော့သည် ခေါင်းကို မမော့တမော်၊ မျက်နှာကို မဖော့တဖော် ထားသည်။ ဦးပဉ္စင်းသည် သင်္ကန်းကို ဟိုပြင် သည်ပြင် ပြင်သလို ပြု၍ မဖော့၏ မျက်နှာကို လိုက်ကြည့်ပြန်သည်။
မဖော့သည် အားတက်လာ၍ ...
“ဦးပဉ္စင်းကြီးဘုရား ... ယခုလို လျှောက်ထားရတာဟာ နှစ်ဖက်အကျိုးကို ကြည့်ပြီး လျှောက်ထားရခြင်းသာ ဖြစ်ပါတယ်။ ဦးပဉ္စင်းကြီးလည်း တရားတော်ကို ဖြောင့်ဖြောင့် အားထုတ်နိုင်ပါလိမ့်မယ်။ တပည့်တော်မမှာလည်း အခြား အားကိုးအားထားကို တွေ့ပါက ...”
“ဟာ ... နင်တို့ ဒွေးလေးရွာမှာ ထန်းရည်သမား အလွန်ပေါတယ်ဟ။ ငါ လူထွက်ပါတော့မယ်ဟာ” ဟု ပြော၍ အိမ်မှ ဆင်းသွားလေ၏။
မဖော့ ကိုဆင်၏ မယား ဖြစ်ရပြန်လေသတည်း။
ဇော်ဂျီ
ဂန္ထလောက၊ အောက်တိုဘာ၊ ၁၉၃၇။

"ဘကြီးအောင်ညာတယ်"

0 comments
"ဘကြီးအောင်ညာတယ်"
==================
“အရှေ့ကျောင်းသား သူတောင်းစား၊ လည်ပေါ်ကျောင်းသားအကောင်းစား၊ ကျောက်မီးသွေးမို့ မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို၊ ဟေ့လာမောင်ရို့ ဝါး” ဟု အားရပါးရဆူညံစွာအော်ဟစ်ပြေးလွှား လာကြသော ကလေးတစ်စုသည်ကား လည်ပေါ်ဘုန်းကြီးကျောင်းသားကလေးများ ဖြစ်ကြ၏။
၄င်းတို့၏ ကျောဘက် တင်းချလယ်တစ်ကွက်လောက် အကွာတွင်ချည်လုံချည်ကို ပျာတာကွင်းသိုင်း၍ သင်တိုင်းအင်္ကျီကို လျော့ရိလျော့ရဲဝတ်လျက် ခေါင်းငိုက်စိုက်နှင့်တစ်လှမ်းချင်း လာနေသော မောင်ချစ်သည် “ဧဝံ မေသုတံ ဧကံ သမယံ”ဟု တတွတ်တွတ်ရွတ်လျက်ရှိ၏။ ဆေးတစ်အိုးကျွမ်းလောက်အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီး ဦးအောင်ချာ၏ ကနားဖျင်းတဲ၌ ကျောင်းသားသူငယ်ချင်းများ ဝိုင်းအုံနေသည်ကို တွေ့ရလေ၏။ မိမိသည်လည်းအကြောင်းကို သိလိုသောကြောင့် ပြေးသွားတိုးဝင်ကြည့်ရှုလေ၏။
ဦးအောင်ချာသည် ဆင်စွယ်မင်းသမီးရုပ်ကလေးတစ်ခုကို ထုလျက်ရှိ၏။ ထုလုပ်စဖြစ်၍ ရုပ်လုံးပေါ်ရုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ နွဲ့နှောင်းဖြူဖွေးချစ်စရာကလေးဖြစ်ပေ၏။ အတန်ကြာသောအခါ မောင်ထွေး၊ မောင်ခွေး၊ ဘိုးစ၊ ဘိုးလှ တို့တစ်စု ထပြန်သွားလေ၏။ မောင်ချစ်ကား မြေကြီးပေါ်တွင် ဒူးထောက်၍ ကွပ်ပျစ်ခါးပန်းတွင် မေးတင်ပြီးလျှင် အငေးသားကြည့်လျက်ပင်ရှိသေး၏။
“ဘကြီးအောင်၊ ဒီမင်းသမီးရုပ်ကလေးကို ဘယ်သူ့ပေးဖို့ ထုနေတာလဲ ဟင်” ဟု မျက်စိကလေး ပေကလပ်လုပ်၍ မေးလေ၏။ ဆောက်ပုတ်နှင့် ဆောက်ကလေးကို အသာချ၍ ဆောက်ပုံးထဲတွင် ဆေးလိပ်တိုစမ်းနေသော ဦးအောင်ချာက “ငါ့တူလိုချင်လို့လား၊ ငွေတစ်ကျပ်ယူခဲ့ရင် ဘကြီးပေးမယ်သိလား”ဟု အမှတ်မဲ့ ပြောလိုက်သောအခါ မျက်မှောင်ကြုတ်ရင်းခေါင်းကုတ်လျက် “ငွေတစ်ကျပ်ဆိုတာ ဘယ်နှစ်ပြားလဲ ဘကြီးအောင်ရဲ့”ဟု မေးပြန်လေ၏။ ပန်းပုဆရာကြီးလည်း ဆေးလိပ်ကိုချ၍ လက်ဝါးနှစ်ဖက်ကိုထောင်ပြလျက် “ဆယ်ပြား၊ ဆယ်ပြား ခြောက်ခါ။ နောက်ပြီးတော့ လေးပြားထည့်။ ပေါင်း ခြောက်ဆယ်နဲ့လေးပြား။ အဲသလောက်ကိုတစ်ကျပ်ခေါ်တယ်၊ ကြားလား”ဟု ကလေးသူငယ်များကို ချစ်ခင်သောဝါသနာရှိသည့်အတိုင်း စိတ်ရှည်လက်ရှည် ခြေဟန်လက်ဟန်နှင့် ရှင်းလင်းပြောပြလေ၏။ “ခြောက်ဆယ့်လေးပြားပေးရင် ကျွန်တော် ဒီအရုပ်ကလေးကို တစ်ကယ်ပဲရမလား။ နောက်တော့မညာနဲ့နော် ဘကြီးအောင်” ဟု ပြောရင်း သျှောင်ဆံမြိတ်လေးကို ချာချာလည်အောင် ပတ်ရစ်လျက် အိမ်ရှိရာသို့ ရွှင်လန်းဝမ်းမြောက်စွာ ခုန်ပေါက်ပြေးလွှားသွားလေ၏။
မောင်ချစ်သည် နေ့လည်ချိန် ကျောင်းတွင် မုန့်ဝယ်စားဖို့ရန် မိခင်ပေးလိုက်သော တစ်ပြား တစ်ပြားသော အသပြာကို မသုံးရက်၊ မစွဲရက်ဘဲ အင်္ကျီ သင်ပုန်းခေါင်းတွင် အပေါက်ငယ်ဖောက်၍ စုထားသည်မှာ ခြောက်ပြားမျှရလေ၏။ တစ်ထွာမျှကျယ်သော မိမိဝမ်းခေါင်းသမုဒ္ဒရာအတါကမူကကား နေ့ဆွမ်းစား ကုလားတက်အခေါက်တွင် ဘုန်းတော်ကြီးဦးခေမာဝေသော ငှက်ပျောသီးတစ်လုံးနှင့် ကျေနပ်ဖူလုံလျက်ရှိလေ၏။
ဆင်စွယ်ရုပ်ကလေးသည် တစ်နေ့တစ်ခြား သားနားကျော့ရှင်း၍လာ၏။ သွားကလေးများပေါ်လုမတတ်ရှိအောင် ပြုံးလိုက်ရန် ဟန်ပြင်နေသောအသွင်သည် အိပ်ပျော်နေသော ညအချိန်တွင်ပင်လည်း မောင်ချစ်မျက်လုံးတွင်းမှမထွက်။ ကြည့်ရဖန်များလေ အရုပ်ကလေးမှာ လှလာလေ၊ လိုချင်စိတ်ပွားလာလေ ဖြစ်ရကား တစ်နေ့မှ တစ်ပြားတစ်ပြား စုရသည်ကို အလွန်ဖင့်နှေးကြန့်ကြာသည်ဟု သိလာလေ၏။ ပိုက်ဆံရလိုလွန်း၍ ဥပုသ်နေ့များကိုပင် စာသင်ရက်ဖြစ်ပါစေတော့ဟု ဆုတောင်းမိ၏။ တစ်ပေါက်တစ်လမ်း ဘယ်နည်းနှင့် ပိုက်ဆံရအောင်ကြိုးစားရပါမည်နည်းဟု ကြံစည်မိပြန်၏။
ထိုစဉ်အခါက ကမ္ဘာစစ်ကြီးအတွင်းဖြစ်၍ ကျောက်တံအလွန်ရှား၏။ မောင်ချစ်သည် အစ်ကိုကြီးကိုသစ်၏ ကျောက်သင်ပုန်းကွဲများကို ညောင်ရေအိုးစင်မှယူ၍ ညည့်နက်သန်းခေါင်မရှောင် မှိုင်းတလူလူထွက်နေသော ရေနံဆီမီးခွက်ကြီးကို ထွန်းညှိလျက် ချွန်ထက်သော ဖဲထီးသံချောင်းဖြင့် ကျောက်တံတိုက်လေ၏။ ကျောက်တံရောင်း၍ ပိုက်ဆံခြောက်ပြားရ၏။ ကျောင်းသားကြီးဖိုးတေက အနိုင်ကျင့်၍ မပေးဘဲထားသော အကြွေးတစ်ပြားအတွက် တွေးမိတိုင်းဆွေးမိ၏။
တစ်ဆယ့်နှစ်ပြားမျှရလာသောအခါ အင်္ကျီသင်ပုန်းခေါင်းမှာ မဆံ့တော့ပြီဖြစ်၍နှစ်ဖက်ပိတ် ကြသောင်းဝါးဆစ်တစ်ဆစ်တွင် ထိပ်ကအပေါက်ဖောက်ကာ ဝေလာခေါင်း၊ ဂျော့ခေါင်း၊ နတ်ဖိုးချွန်း စသော တံဆိပ်အမျိုးမျိုး ခတ်နှိပ်သည့် ကြေးပြား ၁၂ ပြားတိတိကို သွင်းလှောင် သိုမှီးထားလေ၏။ နှစ်ဆန်းတစ်ရက်နေ့ကဒွေးလေးညို ချစ်စနိုး၍ပေးသည့် သူငယ်ဖော်မောင်ထွေးက အလိုက်နှစ်ပြားပေး၍ ပိုက်ဆံချင်းလဲစဉ်က မလဲရက်ဘဲ တွယ်တာခဲ့သည့် ထုံးအမှတ်နှင့်ဒေါင်းပိုက်ဆံကလေးကိုလည်း ဖျာအောက်မှထုတ်ယူ၍ ကြေးပြားအဖော်များရှိရာ ကြေးတိုက်အတွင်းသို့ သွတ်သွင်းလိုက်လေ၏။ ကြေးပြားအရေအတွက်ကိုလည်း ဝါးကြောတွင် စူးဖြင့်ခြစ်၍မှတ်ထားလေ၏။ “ပဲဟင်းချက်တဲ့နေ့က တစ်ပြား၊ ဘကြီးထူး ကျွဲပျောက်တဲ့နေ့ကတစ်ပြား” စသည်ဖြင့်လက်ချောင်းကလေးများကိုချိုးကာချိုးကာ ပိုက်ဆံစာရင်းတွက်ရသည်မှာ နေ့စဉ်နှင့်အမျှဖြစ်၏။ ရေတံလျှောက်ထဲမှာ ထားရရင်ကောင်းနိုးနိုး၊ သင်္ဘောကြမ်းပေါ်မှာ ဝှက်ရလျှင် လုံနိုးနိုးနှင့် ပိုက်ဆံဘူးနေရာ ကျတ်ပြောင်းရသည်မှာလည်း အမောပင်ဖြစ်၏။ အရုပ်ကလေးကိုရလျှင်ထည့်ထားဖို့ရန် ထန်းရွက်ဖာချောကလေးကို အမျိုးမျိုး ပြုပြင်ဆင်ယင်မွမ်းမံရသည်မှာလည်း မအားပင်ဖြစ်လေ၏။
စျေးသည် ဒေါ်ခါဥ၏ တောင်းနီထဲ၌ အငွေ့ထောင်းထောင်းနှင့် ကောက်ဦးငချိပ်ပေါင်းကိုမြင်ရသောအခါ သွားရည်ယိုမိ၏။ သို့ပါသော်လည်း ဝယ်မှရသောသရေစာတို့ကို သပိတ်မှောက်လေ၏။ သူငယ်ဖော်တို့ ဖန်ဒိုးဝယ်၍ ဂေါ်လီရိုက်သောအခါ ကလေးတို့ဘဝ အများနည်းတူကစားလိုပါသော်လည်း မိမိတွင် ရှိရင်းစွဲ စည်ပတ်သံခွေအဟောင်းကြီးကို ကျောင်းဝိုင်းပတ်လည်တွင် လှည့်ပတ်ရိုက်လျက် တစ်ယောက်ထီးတည်း ကျေနပ်တင်းတိမ်ရလေတော့၏။ သို့ဖြင့် တစ်ပြားတိုးလျှင် တစ်မျိုးဝမ်းသာလျှက် စုဆောင်းလာခဲ့ရာ ပိုက်ဆံ ၃၆ ပြား ပိုက်မိသော နေ့သို့ရောက်လေသတည်း။
ညနေ ၄ နာရီ ကျောင်းလွှတ်ခေါင်းလောင်းသံသည် မောင်ချစ်၏ နှစ်လုံးသွေးကို နှိုးဆွလိုက်လေ၏။ ဘုရားရှိခိုးဆုံးခါနီး “အာမ” ဟု ဆိုမိလျှင်ပင် “ဘန္တေ” ကို မစောင့်နိုင်ဘဲ ထ၍ပြေးလေရာ အဆောင့်ကိုရင်ကြီးတစ်ပါးက အလျင်လိုရကောင်းမလားဟူ၍ ထိပ်ကို ဂေါင်ဂေါင်မြည်အောင် ခေါက်လိုက်၏။ အမှုမထားမိ။ လမ်းတွင် ခလုတ်တိုက်၍ ခြေမကွဲသွားသောလလည်းနာရမှန်းမသိ။ ဦးအောင်ချာ့ ကနားဖျင်းနားရောက်သောအခါ အတွင်းသို့ ဝင်သွားလေ၏။ ဖော့ဦးထုပ်ကိုဆာင်း ဘောင်းဘီအပြာဝတ်လျက် ကွပ်ပျစ်ထက်တွင် အခန့်သားထိုင်ရင်း မင်းသမီးရုပ်ကလေးကို ဘယ်ပြန်ညာပြန် ပယ်ပယ်နယ်နယ် ကိုင်တွယ်ကြည့်ရှုနေသော လူကြီးတစ်ယောက်ကိုမြင်မှသာ ကိုယ်ရှိန်သတ်၍ ပြောနေကြသောစကားကို ကြားမိလေတော့၏။
“ဘယ့်နှယ့်လဲ ဆရာကြီးရဲ့၊ ကျုပ်ပြောတဲ့အဖိုးနဲ့ပဲ ပေးလိုက်မယ်မဟုတ်လား။ ခင်များတို့အရပ်မှာ ဒီအရုပ်ကလေးနဲ့တန်တဲ့အိမ် တစ်အိမ်မှမရှိပါဘူး။ ဝယ်နိုင်မယ့်လူလည်း ရှိမှာမဟုတ်ပါဘူး”
“မှန်ပါ။ ဝန်ထောက်မင်းဖို့ဆိုရင်တော့ အလကားတောင်းလည်း ပေးရမှာပါပဲ။ နို့ပေမဲ့ အချောသတ် အမွှမ်းတင်ဖို့ လေးငါးရက်လောက်ဆိုင်းစေချင်ပါတယ်။ ပြီးရင်ပြီးချင်း ဝန်ထောက်မင်းတို့ဆီကို လာပြီးပို့ပေးပါ့မယ်”
ထိုမျှ ကြားရလျှင်ပင် မောင်ချစ်၏ အသည်းနှလုံး အူသိမ်အူမတို့သည် ကြွေကျမတတ်ဖြစ်လေ၏။ အရုပ်ကလေးကို အတင်းလု၍ ပြေးလိုသောစိတ် ပေါ်လာသော်လည်း ဝန်ထောက်မင်းဟု ကြားရရုံမျှနှင့်ပင် ရင်ဒူးတုန်နေရသော မောင်ချစ်မှာ အဘယ်သို့ ဝံ့ရဲပါအံ့နည်း။ ခါးကြားက ခြောက်လုံးပြူးသေနတ်သည်လည်း မောင်ချစ်၏အကြံကို သိသည့်အလား မောင်ချစ်ဆီသို့ စိမ်းစိမ်းလှည့်၍ ခြောက်လှန့်မောင်းနှင်လေ၏။ ဝဲလာသောမျက်ရည်ကို အနိုင်နိုင်ထိန်း၍ မိမိဘက်သို့ကျောင်ခိုင်းနေသော ဆင်စွယ်ဒေဝီကလေးကို နောက်ဆုံးကြည့်ကြည့်လျက် ထွက်လာလေ၏။ လမ်းကြားငယ်တစ်ခုအတွင်းမှ “ဟိုကောင်ကလေး ညိုတိုတို တို့ကိုကြိုက်လို့ငို၊ နင်ငိုပေမယ့်အလကား၊ တို့အမေက မပေးစား”ဟု ထွက်ပေါ်လာသော တေးသံသည် တေးဆိုသူအားနှလုံးပွားဖွယ်ပင်ဖြစ်သော်လည်း မောင်ချစ်၏ နှလုံးသားကိုကား ဓါးပါးနှင့်မွှန်းလိုက်လေတော့သတည်း။
၁၅ ရက်မျှကြာသောအခါ ခေါင်းထက်တွင် တဘက်ကိုယ်စီတင်ထားသော မိန်းမကြီတစ်စုနှင့် ယောကျာ်းကြီးတစ်ယောက်တို့ မောင်ချစ်တို့၏ ခြောက်သွေ့သောခြံကလေးအတွင်းသို့ဝင်သွားသည်ကို မြင်ရပါသည်။ အိမ်ရှေ့ခွေးကတက်ကို တက်မိလျှင်ပင် တိုင်ဖုံးနား၌ မျက်ရည်စက်လက် ဦးဆံဖားလျားနှင့် ထိုင်နေသော မိန်းမတစ်ဦးသည် ယောက်ျားကြီး၏ ခြေအစုံကိုပြေးဖက်လျက် “အမလေး ကိုရင်အောင်ရဲ့၊ မောင်ချစ်ဖြစ်ပုံတေါကို မြင်ဝံ့သေးရဲ့လားရှင်။ မောင်ချစ်ရေ၊ အမေ့သားကြီးရဲ့ အမေလိုက်ခဲ့မယ်ကွဲ့နော်။ ဟီး ဟီး” ဟု ဟစ်အော်ပြောဆိုငိုကြွေးမြည်တမ်းလေ၏။ ဦးအောင်ချာလည်း မောင်ချစ်အလောင်းနားတွင် မလှုပ်မယှက်ထိုင်နေသော မောင်ချစ်ဖခင်အား “ဘယ့်နှယ်ဖြစ်ရတာလဲ မောင်ဖိုးငွေရဲ့။ ကိုရင်လည်း မြို့တက်သွားတာဆယ့်လေးငါးရက်ကြာသွားလို့ ဘာသတင်းမှ မကြားမိဘူး။ အခုပြန်ရောက်ရောက်ချင်းပဲအိမ်မှာ ထိုင်တောင်မထိုင်ခဲ့ဘဲ ပြေးလာတာပဲကွဲ့”ဟု ပြောလေ၏။ “ကိုရင်ရယ်၊ ဘာရောဂါရယ်လို့လဲ မပြောတတ်ပါဘူး၊ တမှိုင်မှိုင် တတွေတွေနဲ့ ထမင်းမစား၊ ဟင်းမစား။ တစ်ခါတလေ သူ့အမေကျွေးလို့ဆန်ပြုတ်ကလေး တစ်ဇွန်းလောက်ဝင်သွားပေမဲ့ ချက်ချင်းအန်ပစ်လိုက်တာပဲ၊ ပယောဂဆိုလို့ ဆရာသြခေါ်ပြပါလည်း ဘာမှမထူးခြားပါဘူး။ မနေ့ညကတော့ သူ့အမေကိုခေါ်ပြီး သူစုထားတဲ့ပိုက်ဆံ ငါးမူးနှစ်ပြားကို သူ့ဆရာတော်ကိုလှူလိုက်ပါလို့မှာပြီးတော့ ကိုရင်အောင်ကိုမေးတာပဲ။ မြို့သွားတယ်လို့ပြောတော့ အတန်ကြာကြာ ဘာမျှမပြောဘဲ မောနေပြီး “ဘကြီးအောင် ညာတယ်” လို့ မပီတပီပြောရင်း အသက်ပျောက်သွားတာပဲ” ဟု ပြော၍ လုံချည်စဖြင့် မျက်ရည်သုတ်လေ၏။ ဦးအောင်ချာလည်း စဉ်းစား၍ အကြောင်းအရင်းကို ရိပ်မိသောအခါ မျက်နှာညှိုးငယ်၍သွားလေတော့သတည်း။
ယခုအခါတွင်ကား ရွာကလေးအနောက်ဘက် နွားစားကျက်အနီး ထိမ်ပင်ကြီးတောင်ယွန်းရှိ သင်္ချိုင်းကုန်းထက်တွင် ထီးထီးသောအုတ်ဂူကလေးတစ်ခုကို တွေ့နိုင်ပါသည်။ “အချစ်ဂူ” ဟူ၍လည်းကောင်း၊ “မောင်ချစ်ဂူ” ဟူ၍ လည်းကောင်း အမည်နှစ်မျိုးဖြင့် ခေါ်ကြရာ မည်သည်ကိုအမှန်ဟူ၍ မပြောနိုင်ပါ။ ဂူကလေး၏ အရှေ့မျက်နှာလိုဏ်ပေါက်ခေါင်းလေးထဲတွင် ကျွဲကျောင်းသား၊ နွားကျောင်းသားတို့၏လက်ချက်ကြောင့် ကျိုးပဲ့ပျက်စီးနေသော အရုပ်ကလေးတစ်စုံကို တွေ့နိုင်ပါသေးသည်။ လိုဏ်ဝအင်္ဂတေတွင် သွင်းနှံထားသော ကျောက်ပြားငယ်ထက်တွင်ကား “လို၍မရသော ဆင်းရဲ” ဟု စာတန်းထိုးထားပါသည်။ ကျွန်တော်၏ ဘိုးအေအား မေးမြန်းကြည့်ရာ သုံးနှစ်လောက်က ပျံလွန်တော်မူသွားသော တောထွက်ကြီး ဦးဣန္ဒ၏ လက်ရာဖြစ်သည်ဟု သာမန်မျှသာသိရပါသတည်း။ ။
မင်းသုဝဏ်
[၁၉၃၁]
၂၀ ရာစုမြန်မာဝတ္ထုတို ၁၀၀
စာရေးဆရာ ၁၀၀

စွန့်စားခန်းနှင့်အချစ်ဇာတ်လမ်းတစ်ပုဒ်

0 comments
စွန့်စားခန်းနှင့်အချစ်ဇာတ်လမ်းတစ်ပုဒ်
#မြသန်းတင့် (ဘာသာပြန်)
“အိမ်အလုပ်ကလေး ဘာလေးလည်း လုပ်ပါဦး” ဟု အမေက ပြောပြီး သူ့အိတ်ကပ်ထဲသို့ နှိုက်နေပါသည်။
“ရော့ ပိုက်ဆံယူသွားပြီး ပဲလှော်သုပ် နည်းနည်း သွားဝယ်ချည် စမ်း၊ လမ်းလည်း ကောင်းကောင်းသွားနော်။ ကားကိုလည်း ကြည့်ရှောင်”
ကျွန်တော်သည် ခုံဖိနပ်ကို စီးကာ ပန်းကန်ယူပြီး သီချင်း ကလေး တအေးအေးဖြင့် ထွက်လာခဲ့ပါသည်။ ပဲလှော်ဆိုင်တွင် လူတွေ ပြည့်ကျပ်နေသဖြင့် ကျွန်တော်သည် အတော်ကြာအောင် စောင့်ရပါ သည်။
“ပဲလှော် တစ်ကျပ်ဖိုးပေးပါ”
ဟု ကျွန်တော်က အသံစူးစူးဖြင့် ပြောပါသည်။
“ပဲလှော်လား၊ ပဲလှော်သုပ်လား”
ကျွန်တော်က မဖြေသည့်အခါတွင် ဆိုင်ရှင်က စိတ်ဆိုးဆိုးဖြင့် ...
“ဖယ်၊ ဖယ်၊ ဈေးဝယ်သူ လာနေတယ်”
ကျွန်တော်သည် လူထူထူရှေ့တွင် အဟောက်ခံရသည့်အခါတွင် ရှက်ရှက်ဖြင့် အိမ်ပြန်လာပါသည်။
“ဟင် ဘာမှလည်း မပါပါလား။ ဘာလဲ လမ်းမှာ ပဲလှော် တွေ အကုန်ဖိတ်လာသလား။ ဒါမှမဟုတ်ရင်လည်း ပိုက်ဆံပျောက်ခဲ့ပြီ လား၊ တော်တော်ခက်တဲ့ ကောင်လေးပဲ”
အမေက မြည်တွန်ပါသည်။
“အမေက ဘာမှန်းမှ မသိဘဲဗျ၊ ပဲလှော်လား၊ ပဲလှော်သုပ်လား၊ ပဲကြော်လားဆိုတာ ပြောမှ မပြောလိုက်တာ”
“ဟဲ့ကောင်လေးရဲ့၊ နင်မနက်တိုင်း စားနေတာ မသိဘူးလား”
“ဘယ်သိမလဲ အမေရ”
“တော်တော် အသုံးမကျတဲ့ကောင်လေး၊ သွား ၊ ပဲလှော်သုပ်လို့ပြော”
ကျွန်တော်သည် ဈေးဆိုင်သို့ ပြန်လာပြီး ပြောသည်။ ဆိုင်ရှင်က စိတ်မရှည်ဟန်ဖြင့်မျက်မှောင်ကုတ်သည်။
“ဘာဆီနဲ့ သုတ်တဲ့ ပဲလှော်လဲ။ မြေပဲဆီနဲ့ သုတ်တာလား။ သံလွင်ဆီနဲ့ သုတ်တာလား။ သစ်ကြားဆီနဲ့ သုတ်တာလား”
ကျွန်တော် ဘာမျှ မဖြေနိုင်ပြန်ပါ။
“နောက်မှာ ဈေးဝယ်လာနေတယ်ကွ၊ ဖယ်ပေးလိုက်ပါ”
ကျွန်တော် ဒေါပွပြီး ပြန်လာသည်။ အမေက အံ့အားသင့်နေ သည်။
“ဟောတော့၊ ဘာမှလည်း မပါပါလား။ ဘယ်မှာလဲ ပဲလှော်”
“မြေပဲဆီနဲ့ သုတ်တာလား၊ သံလွင်ဆီနဲ့ သုတ်တာလား၊ သစ် ကြားဆီနဲ့ သုတ်တာလား။ အမေက ဘာမှ သေသေချာချာ မပြောလိုက် ဘဲဗျ”
ဟု ကျွန်တော် စိတ်ဆိုးမာန်ဆိုးနှင့် ပြောသည်။
“ဟဲ့ .. ပဲလှော်သုပ်လို့ ပြောလိုက်ရင် မြေပဲဆီနဲ့ သုတ်တာ ပေါ့ဟဲ့”
“ဒါတော့ ကျွန်တော် ဘယ်သိမလဲဗျ”
“နင် တော်တော် အသုံးမကျတဲ့ ကောင်လေး၊ ဆိုင်ရှင်ကလည်း ဒီလောက်မှ နားမလည်ဘူးတဲ့လားတော်၊ သွား ပြောချေ။ မြေပဲဆီနဲ့ သုတ်တာလို့”
“ရှက်တယ်ဗျာ”
ကျွန်တော်သည် အိမ်မှ ခပ်သုတ်သုတ် ထွက်လာခဲ့ကာ ဆိုင် ထဲသို့ မရောက်ခင်ကတည်းက “မြေပဲဆီနဲ့ သုပ်တဲ့ ပဲလှော်သုပ်တဲ့ ဦးလေးရေ” ဟု အော်ပြောသည်။
“ပိုက်ဆံကို ခုံပေါ်မှာထား”
ဟုဆိုကာ ဆိုင်ရှင်သည် ပဲလှော်ပုံ ကို နှိုက်နေသည်။
ကျွန်တော်သည် အိတ်ထဲသို့ နှိုက်ကြည့်သည်။ သို့ရာတွင် ကျွန် တော်အိတ်ထဲတွင် ပိုက်ဆံကို ရှာမတွေ့တော့။ အင်္ကျီအိတ်ကပ်ကို အတွင်း အပြင် လှန်ရှာသည့်တိုင် ပိုက်ဆံဆို၍ အရိပ်အရောင်မျှ မမြင်ရ။ ဆိုင်ရှင် က ပဲလှော်ကို ဇွန်းကြီးဖြင့် ခပ်နေရာမှ ပြန်ချလိုက်သည်။
“ဘာလဲ၊ ပိုက်ဆံကျကျန်ရစ်ခဲ့ပြီလား။ ဘာမှ စိတ်မချရပါ ကလားကွ”
“မပျောက်ပါဘူးဗျ၊ စောစောကတင် ရှိသေးတာပဲ”
ဟု ကျွန် တော်က အောက်သို့ ငုံ့ရှာရင်း ပြောသည်။
“ကဲ .. ကဲ ဈေးဝယ်တွေ လာတယ်ကွာ။ သူများကို အနှောင့် အယှက် မပေးပါနဲ့”
ကျွန်တော်သည် ဟာလာဟင်းလင်းဖြစ်နေသော ပန်းကန်ဖြင့် အိမ်သို့ ပြန်လာခဲ့ရပြန်သည်။
“ဟောတော့ ဘာဖြစ်လာပြန်တာလဲ”
“ပိုက်ဆံ”
“ပိုက်ဆံ ဘာဖြစ်တာလဲ”
“ကျွန်တော် အိတ်ထဲမှာ ပိုက်ဆံမှ ပါမသွားတာ”
“ဘာဝယ်စားပစ်လိုက်ပြန်ပြီလဲ”
“ဘုရားစူးရပါစေ့ဗျာ၊ ဘာမှ ဝယ်မစားပါဘူး”
“ဒါဖြင့် ဘယ်မှာ ပျောက်ကျန်ရစ်ခဲ့တာလဲ ဟဲ့”
“ဒါတော့ ဘယ်သိမလဲ အမေရ”
“နင် ဘာမှ ဝယ်မစားဘူးဆို ဘုရားစူး”
“ဘုရားစူးရစေ့ရဲ့”
“နင့် အိတ်ကပ်က ပေါက်နေလို့လား”
“မပေါက်ပါဘူး”
“အရင်အခေါက်တွေတုန်းက ဆိုင်ရှင်ကိုများ ပေးခဲ့သလားမှမသိတာ”
“မပြောတတ်ဘူး။ ဟုတ်ချင် ဟုတ်မလား မသိဘူး”
“နင့်ဟာ ဘာမှ စိတ်မချရပါလား ဟင်”
“ဆာတယ်ဗျာ”
အမေက ရင်ကိုထုသည်။
“သေပါတော့ဟယ်။ ကဲ . ကဲ နင့်ကို နောက်ထပ် ပိုက်ဆံ ပေးလိုက်မယ်။ ဒါပေမယ့် နင့်စုဗူးထဲက ထုတ်ပေးမယ်။ ဒီတစ်ခါ ဘာမှ မပါဘဲ ပြန်လာရင် သေပြီသာမှတ်”
ကျွန်တော်သည် ဆာလှပြီဖြစ်သဖြင့် ဆိုင်သို့ အပြေးထွက်လာ ခဲ့ပါသည်။ ဆိုင်နားရောက်ကာနီး လမ်းထောင့် အရောက်တွင် ဆိုင်ရှေ့မှာ ဟေးလားဝါးလား အော်ဟစ်နေကြသည့် ကလေးတစ်သိုက်၏ အသံကို ကြားရသည်။ ကျွန်တော်သည် ခြေလှမ်းတုံ့သွားကာ သူတို့ဆီသို့ စိတ် ရောက်သွားသည်။ သူတို့အနားသို့ သွားကြည့်ချင်သေးသည်။
ကျွန် တော်သည် လူအုပ်ထဲသို့ တိုးဝှေ့ဝင်လာခဲ့ရာ ကျွန်တော့်ကို ကြည့်နေ သော မျက်လှည့်ဆရာကို တွေ့ရသည်။ ကျွန်တော်သည် အဆာပျောက် သွားကာ မျက်လှည့်ပွဲကို ဝင်ကြည့်နေလိုက်သည်။
ကျွန်တော်သည် ဦး ထုပ်ထဲမှ ကြက်ဥတွေ၊ ယုန်တွေ ထွက်လာသည်ကို ကြည့်၍ သဘောကျ နေသည်။ ကြိုးကနေ မြွေဖြစ်သွားပုံကို ကြည့်၍ အရာအားလုံးကို မေ့နေ သည်။ မျက်လှည့်ဆရာက ကလေးတွေဆီက ပိုက်ဆံကောက်သည့်အခါ တွင် ကျွန်တော်သည် နောက်သို့ ဆုတ်လိုက်ရင်း ကျွန်တော့်မှာ ပိုက်ဆံ မပါဘူးဗျ ဟု ပြောသည်။
မျက်လှည့်ဆရာက ကျွန်တော့်ကို လိုက်သဖြင့် ကျွန်တော်သည် ချာခနဲ လှည့်ကာ ဈေးဆိုင်ဆီသို့ ပြေးလာခဲ့သည်။
“ဦးလေး၊ မြေပဲဆီနဲ့ ပဲလှော်သုပ် တစ်ကျပ်ဖိုးပေးပါ”
ဆိုင်ရှင်က တုတ်တုတ်မျှ မလှုပ်ဘဲ ကျွန်တော့်ကို ကြည့်နေ သဖြင့် ကျွန်တော်က နောက်တစ်ခါ ထပ်ပြောသည်။
“ပေး... ပေး၊ ပန်းကန်ပေး”
ဟု သူက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောပါသည်။
ပန်းကန်တဲ့၊ ပန်းကန် ဘယ်ကျန်နေရစ်ပါလိမ့်။ မျက်လှည့် ဆရာ လိုက်တုန်းက ကျကျန်ရစ်ခဲ့သလား။ မျက်လှည့်ဆရာပဲ ယူထား လိုက်သလား ကျွန်တော် မသိတော့
“ကောင်လေးက ရူးသလိုလို ပေါသလိုလိုနဲ့”
ကျွန်တော်သည် ပြန်လှည့်လာကာ ပန်းကန်ကို လိုက်ရှာသည်။ မျက်လှည့်ဆရာမှာ စောစောက နေရာတွင် မရှိတော့။ သို့ရာတွင် လမ်း ကြားကလေးတစ်ခုထဲမှ ကလေးတွေအော်သံကို ကြားသဖြင့် ကျွန်တော် သည် မျက်လှည့်ပွဲသို့ လိုက်လာခဲ့သည်။
မျက်လှည့်ဆရာသည် ကျွန်တော့်ကို မြင်သွားပြီး အော်သည်။
“ဟေ့ကောင်လေး၊ မျက်လှည့်ကြည့်ခ ဘယ်မလဲ၊ နာချင်ပြီ လား”
“ကျွန်တော့် ပန်းကန်ရော”
“ဘယ်ကပန်းကန်လဲ”
“ကျွန်တော့်ပန်းကန် ပြန်ပေးပါဗျ”
စိတ်ညစ်နေရသည့်အထဲတွင် အသံတစ်ခုကို ကြားလိုက်ရပြန် သည်။
“ကဲ .. ကဲ လာကြည့်ကြနော်၊ လာကြည့်ကြ”
နောက်သို့ လှည့်ကြည့်လိုက်သည့်အခါတွင် ချောင်းကြည့် ပေါက်မှ ကြည့်ရသော အရိပ်ပြပွဲတစ်ခုကို တွေ့ရသည်။ ကလေးတွေက အရိပ်ပြပွဲဆီသို့ သွားကာ အလှည့်ကျ ကြည့်ရန် စောင့်နေကြသည်။ အရိပ်ပြပွဲပြသူက အထဲတွင် ပါသည့် အကြောင်းအရာများကို ပြောပြနေ သည်။
“အဲဒါက လူစွမ်းကောင်း မင်းသားကလေးက အချောဆုံး ဇေ နာမင်းသမီးကလေးကို ကယ်ဆယ်နေတဲ့ပုံကွယ့်”
ကျွန်တော်သည် မျက်ရည်များကို သုတ်လိုက်ပြီး အရိပ်ပြပွဲ ပြနေသည့် သေတ္တာကလေးကို ကြည့်နေမိသည်။ ကျွန်တော့်စိတ်ထဲတွင် မျက်လှည့်ဆရာကို လည်းကောင်း၊ ပန်းကန်ကိုလည်းကောင်း သတိမရတော့ပါ။ ကျွန်တော်သည် လက်ထဲတွင် ရှိသည့် ပိုက်ဆံကို အရိပ်ပြပွဲပြ သူကို လှမ်းပေးလိုက်ပြီး သေတ္တာပေါက်ကလေးထဲသို့ ချောင်းကြည့် လိုက်ပါသည်။
ကျွန်တော့်ဘေးက အပေါက်တွင် ကောင်မလေးတစ် ယောက်လည်း ရပ်ကြည့်နေပါသည်။ ပြပွဲပြီး၍ သတိရလာသည့်အခါ တွင် ကျွန်တော့်တွင် ပိုက်ဆံရော၊ ပန်းကန်ရော၊ မရှိတော့သည်ကို ကျွန်တော် သတိရလိုက်ပါသည်။ မျက်လှည့်ဆရာကိုလည်း အရိပ်အရောင်မျှ မမြင်ရတော့ပါ။ သို့ရာတွင် ထိုအရာများသည် ကျွန်တော့်စိတ်ထဲတွင် အရေးမကြီးတော့ပြီ။
ကျွန်တော်သည် အရိပ်ပြပွဲမှ စွန့်စားခန်း၊ အချစ်နှင့် ရဲရင့်မှုတွေကို မြင်ပြီး အကြီးအကျယ် သဘောကျနေ ပါသည်။ ကျွန်တော် သည် ဗိုက်ဆာသည်ကိုလည်း မေ့သွားပါပြီ။ အိမ်ပြန်ရောက်လျှင် အမေ ဆူပူကြိမ်းမောင်းမည်ကိုလည်း မေ့သွားပါပြီ။
ကျွန်တော်သည် နောက်သို့ အနည်းငယ်ဆုတ်ပြီး ထွက်ပြေးလာခဲ့ပါသည်။ တစ်ခါက ငွေတိုက်နှင့် စော်ဘွား၏ ရုံးလုပ်ခဲ့သည့် အုတ်တံတိုင်းကြီးတစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီး အရိပ်ပြပွဲထဲက စွန့်စားခန်းများကိုသာ စဉ်းစားနေပါသည်။
ကျွန်တော်သည် ရုပ်ရှင်ထဲက လူဆိုးကြီးကိုလည်းကောင်း၊ ဇေနာ မင်း သမီးကလေး ကိုလည်းကောင်း၊ လူဆိုးကြီး ကိုလည်းကောင်း သတိရနေ ပါသည်။ ထိုမျှမက ပါးစပ်ကရော ကိုယ်ခန္ဓာကရော ရုပ်ရှင်ထဲက စကား တွေကို ပြောပြီး ဟန်အမူအရာတွေ လုပ်နေမိပါသည်။
ဟေ့ကောင်၊ မပြေးနဲ့ကွ။ ကိုင်း မှတ်ကရောကွာ ဟု ဆိုကာ လေထဲတွင် လှံပစ်သည့်ပုံမျိုး လုပ်နေပါသည်။
ပြီးတော့ “ဇေနာမင်းသမီးလေးကို မြင်းပေါ်မှာတင်ပြီး မြင်းကို ဒုန်းစိုင်း သွားတယ်နော်”
ကျွန်တော့် နောက်မှ ချိုသာသည့် အသံကလေးတစ်သံကို ကြားလိုက်ရပါသည်။
နောက်သို့ လှည့်ကြည့်လိုက်သည့်အခါတွင် အရိပ်ပြပွဲတုန်းက ကျွန်တော့်ဘေးက အပေါက်တွင် ရပ်ကြည့်နေသည့် ကောင်မလေးကို တွေ့ရပါသည်။ ကောင်မလေးမှာ ညစ်ပတ်သည့် အဝတ်အစားများကို ဝတ်ထားပြီး ဆေးရောင်ခြယ်ထားသည့် ခုံဖိနပ်ကို စီးထားပါသည်။ သူ သည် သူ့ကျစ်ဆံမြီးကလေးများကို လက်ဖြင့် ဖွနေပါသည်။ လက်တစ် ဖက်တွင်မူ သကြားလုံးများကို ကိုင်ထားပြီး ပါးစပ်ထဲတွင်လည်း မြုံနေ ပါသည်။ ကျွန်တော်တို့သည် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့် လိုက်မိကြပါသည်။ ကျွန်တော်မှာ ကောင်မလေးကို တော်တော် သဘော ကျသွားပါပြီ။
“တို့ ဒီနားမှာ ခဏထိုင်ရအောင်လေ”
ဟု ကျွန်တော်က ပြောပါသည်။
သူကလည်း ထိုင်ချင်နေဟန် တူပါသည်။ ကျွန်တော်သည် သူ့လက်ကို ဆွဲကာ ပြိုပျက်နေသည့် မြို့ရိုးကြီးမုခ်ဦးအောက်က လှေ ကားထစ်ပေါ်သို့ တက်လာခဲ့ပါသည်။ ထိုလှေကားထစ်များမှာလည်း ပြိုပျက်နေကြပါပြီ။ ထိပ်ဆုံးကို ရောက်သည့်အခါတွင် မိုးကုတ်စက်ဝိုင်း နှင့် ပြအိုးများကို မြင်ရပါသည်။
ကျွန်တော်တို့ နှစ်ယောက်သည် စကားမပြောမိကြဘဲ အတူ ထိုင်နေမိကြပါသည်။ ပြောစရာစကားလည်း ရှာမတွေ့ပါ။ ကျွန်တော့် စိတ်ထဲတွင်မူ ထူးဆန်းသည့် ခံစားချက်တစ်မျိုး ပေါ်နေပါသည်။ သူ့မျက် နှာနှင့် ကပ်လိုက်သည့်အခါတွင် မြေသင်းနံ့နှင့် ရောနေသည့် သူ့ဆံပင်မှ မွှေးပျံ့သော အနံ့ကို ရှုလိုက်ရပါသည်။ ထို့နောက် သကြားလုံးနံ့ သင်းသော အနံ့ကို ရပါသည်။
ကျွန်တော်သည် ပါးကလေးကိုရော နမ်းလိုက် ပါသည်။ ကျွန်တော်က နမ်းသည့်အခါ သူ ငြိမ်နေပါသည်။ နမ်းပြီးသည့် အခါတွင် သူသည် သကြားလုံး ဆက်စုပ်နေပါသည်။ နောက်ဆုံးတွင် သူက ပြန်ရန် ပြောပါသည်။ ကျွန်တော်က သူ့လက်ကို ဆွဲပြီး တားပါ သည်။
“နေပါဦးဟာ၊ မသွားပါနဲ့ဦး”
“ဟင့်အင်း၊ သွားတော့မယ်”
“ဘယ်ကို သွားမှာလဲ” ဟု ကျွန်တော်က စိတ်တိုတိုဖြင့် မေး သည်။
“ဝမ်းဆွဲသည်ဆီကို”
သူက အိမ်တစ်အိမ်ကို လက်ညှိုးထိုးပြသည်။
“ဘာလို့ သွားမှာလဲ”
“မြန်မြန်လာခဲ့ပါလို့ သွားခေါ်မလို့”
“အမေ ဗိုက်နာနေလို့၊ အိမ်မှာ အော်နေတယ်။ အမေက ဝမ်း ဆွဲသည်ကြီးကို မြန်မြန်ခေါ်ခဲ့လို့ ခိုင်းလိုက်လို့”
“ဝမ်းဆွဲသည်ကြီးကို ခေါ်ပြီးရင် ပြန်လာမှာ၊ ဟုတ်လား”
သူက ခေါင်းညိတ်ပြသည်။ သူက သူ့အမေ ခိုင်းလိုက်သည့် အလုပ်ကို ပြောသည့်အခါတွင် ကျွန်တော်သည် အမေခိုင်းလိုက်သည့် အလုပ်ကို အမှတ်ရကာ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ကျွန်တော် က အရေးရှိလျှင် အသုံးပြုလေ့ရှိသော လက်နက်ကို သုံးပါသည်။
ကျွန်တော်သည် အသံထွက်အောင် ငို၍ပြန်လာပါသည်။ ကျွန်တော့် ငိုသံကို ကြားလျှင် အမေသည် ထွက်လာပြီး အကျိုးအကြောင်း မေးမည် ထင်ပါ သည်။
သို့ရာတွင် အမေထွက် မလာပါ။ ကျွန်တော်သည် အိမ်ထဲသို့ လိုက်ရှာပါသည်။ အမေမှာ မီးဖိုထဲတွင်လည်း မရှိပါ။ အမေဘယ်သွား နေသနည်း။ ဘယ်အချိန် ပြန်လာမည်နည်း။ အိမ်တွင် ကျွန်တော် တစ် ယောက်တည်း ယောင်တောင်တောင် ဖြစ်နေပါသည်။
ထိုစဉ် အကြံ တစ်ခု ကျွန်တော်ရပါသည်။ ကျွန်တော်သည် ပန်းကန်တစ်ချပ်ကိုကောက်ယူကာ ကျွန်တော့် စုဗူးထဲမှ ငွေတစ်ကျပ်ကို ယူပြီး ပဲဆိုင်သို့ ထွက်လာခဲ့ပါသည်။ ဆိုင်ရှင်မှာ ခုံတန်းလျားတစ်ခုပေါ်တွင် နဖူးပေါ် လက်တင်ပြီး အိပ်ပျော်နေပါသည်။ ပဲလှော်ထည့်ထားသည့် ဗူးများလည်းမရှိတော့ပါ။
လည်ပင်းရှည်ရှည်နှင့် ဆီပုလင်းများမှာလည်း စင်ပေါ် ပြန် ရောက်နေကြပါပြီ။ ကျောက်ဖြူသား ခင်းထားသည့် စားပွဲမှာလည်း ဆေး ကြောထားပါသည်။
“ဦးလေး၊ ဦးလေး” ဟု ကျွန်တော်က ခပ်တိုးတိုး ခေါ်ပါသည်။
သူက ဟောက်နေသဖြင့် ကျွန်တော်က သူ့ပခုံးကို အသာတို့ ပါသည်။ ဆိုင်ရှင်သည် လက်ကို အလန့်တကြား မြှောက်လိုက်ပြီး နီရဲ နေသော မျက်လုံးများကို ဖွင့်၍ ကျွန်တော့်ကို ကြည့်ပါသည်။
“ဘာလာလုပ်ပြန်တာလဲကွ”
ကျွန်တော့်ကို မှတ်မိသွားသဖြင့် ခပ်ထန်ထန် မေးပါသည်။
“မြေပဲဆီနဲ့ ပဲလှော်သုတ် တစ်ကျပ်ဖိုး ပေးပါ”
“ဘာ”
“ကျွန်တော့်မှာ ပန်းကန်လည်း ပါပါတယ်။ ပိုက်ဆံလည်း ပါပါတယ်”
“ဟေ့ကောင်လေး၊ သွား သွား။ လာရှုပ်မနေနဲ့။ ငါ ကောက် ရိုက်မိလိမ့်မယ်”
ကျွန်တော်က ရပ်မြဲ ရပ်နေသည့်အခါ သူသည် ကျွန်တော့်ကို ခပ်ပြင်းပြင်း တွန်းပစ်လိုက်ပါသည်။ ကျွန်တော်သည် ပက်လက်လန် ကျသွားပါသည်။ ကျွန်တော်သည် ငိုချင်စိတ်ကို အနိုင်နိုင် ချုပ်တည်းပြီး လဲရာမှ ထပါသည်။ လက်တစ်ဖက် တစ်ချက်စီတွင်လည်း ပန်းကန်ပြား နှင့် ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပါသည်။ ကျွန်တော်သည် သူ့ကို ပြန်၍ မိုက်ကြည့်ကြည့်နေပါသည်။ ကျွန်တော် ပြန်ပြေး မည်ဟု စိတ်ကူးမိပါသေးသည်။ သို့ရာတွင် လူစွမ်းကောင်းလို သတ္တိမျိုး မွေးရ မည်ဆိုသည့် စိတ်ကလေး ဖြစ်ပေါ်လာသဖြင့် ခပ်တည်တည် ရပ်နေပါ သည်။
ထို့နောက် လက်ထဲတွင် ကိုင်ထားသည့် ပန်းကန်ဖြင့် တအား ပစ်ပေါက်လိုက်ပါသည်။ ပန်းကန်သည် လေထဲတွင် ဝွီးခနဲ အော်မြည် ပျံသန်းကာ သူ့ခေါင်းကြီးကို သွားမှန်ပါသည်။
ထို့နောက် ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် လှည့် ပြေးခဲ့ပါသည်။ ပြေးလာရင်းလည်း ကျွန်တော့် စိတ်ထဲတွင် လူစွမ်းကောင်းက လူကြမ်းကြီး သတ်ခဲ့သလို သူ့ကို အသေသတ်ခဲ့ပြီဟု ထင်နေ ပါသည်။ ကျွန်တော်သည် မြို့ရိုးဟောင်းကြီးနား ရောက်သည့်အထိ အား ကုန် ပြေးလာခဲ့ပါသည်။
မြို့ရိုးနား ရောက်သည့်အခါတွင်မှ မောကြီးပန်းကြီးဖြင့် နောက်ကို လှည့်ကြည့်ပါသည်။ သို့ရာတွင် နောက်မှ မည်သူမျှ လိုက်လာသည်ကို မမြင်ရပါ။
ကျွန်တော်သည် ထိုအခါကျမှ ရပ်ပြီး အမောဖြေနိုင်ပါသည်။ အမောဖြေရင်း ဒုတိယပန်းကန်တစ်လုံး ဆုံးခဲ့ သည့်ကိစ္စကို မည်သို့ဖြေရှင်းမည် နည်းဟု စဉ်းစားနေပါသည်။ အိမ်သို့ တိုက်ရိုက်မပြန်ရန် ကျွန်တော့်ကို တစ်စုံတစ်ခုက သတိပေးနေပါသည်။ ထို့ကြောင့် ကျွန်တော်သည် ဘာမျှ မစဉ်းစားတော့ဘဲ ခြေဦးတည့်ရာလျှောက်သွားနေပါသည်။
ပြန်လာလျှင် ကျွန်တော့်ကို အမေ ရိုက်မည် မုချ။ အရိုက်ခံရမည့်အတူတူ နောက်မှ အရိုက်ခံရအောင် အချိန်ရွှေ့ထား လိုက်ချင်သည်။ ကျွန်တော့်လက်ထဲတွင် ပိုက်ဆံတော့ ရှိသေးသည်။ အရိုက်မခံရခင် ပိုက်ဆံကလေးတော့ သုံးလိုက်ချင်သေးသည်။ နောင်မှ ဖြစ်လိုရာ ဖြစ်စေတော့။
သို့ရာတွင် မျက်လှည့်ဆရာကော ဘယ်ရောက်သွားပြီနည်း။ အရိပ်ပြပွဲကော ဘယ်ရောက်သွားပြီနည်း။ ကျွန်တော် သူတို့ကို လိုက်ရှာ သည်။ သို့ရာတွင် ရှာမတွေ့ပါ။
လိုက်ရှာ၍ မတွေ့သည့်အခါတွင် မောမောဖြင့် ကျွန်တော်သည် ကောင်မလေးနှင့် ချိန်းထားသည့် မြို့ရိုးပျက်နားက လှေကားကြီးပေါ်သို့ တက်လာခဲ့ပါသည်။ ကျွန်တော်သည် ချိုချဉ်နံ့သင်းနေသော ကောင်မလေးကို နမ်းရန် စောင့်နေပါသည်။ ကောင်မလေးသည် ကျွန်တော့်ကို စွဲအောင် လုပ်သွားပြီဟု ထင်ပါသည်။ ထိုအတွေ့မျိုးကို ကျွန်တော် တစ် ခါမျှ မတွေ့ဖူးသေးပါ။
ကျွန်တော် ထိုင်စောင့်နေ၍ အတန်ကြာသည့်အခါတွင် ကျွန် တော့် နောက်နားဆီမှ တီးတိုး စကားပြောသံများကို ကျွန်တော် ကြား လိုက်ရပါသည်။
ကျွန်တော်သည် လှေကားကြီးထိပ်သို့ တက်လာပြီး တစ်ဖက်သို့ ကြည့်လိုက်ပါသည်။ မြို့ရိုးအောက်ခြေတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ထိုင်နေကြပါသည်။ တီးတိုး စကားပြောသံများမှာ သူတို့ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ အမျိုး သားမှာ လူလေလူလွင့် တစ်ယောက်နှင့် တူပြီး အမျိုးသမီးမှာ သိုးများကို ကျောင်းသည့် ဂျစ်ပစီမ တစ်ယောက်နှင့် တူပါသည်။
သူတို့လည်း ကျွန် တော်တို့ နှစ်ယောက်လို ချိန်းတွေ့ခြင်း ဖြစ်သည် ထင်ပါသည်။ ကျွန် တော်သည် သူတို့နှစ်ယောက်ကို ချောင်းကြည့်ရင်း စိတ်လှုပ်ရှားနေပါ သည်။ ပျော်လည်း ပျော်၊ ကြောက်လည်းကြောက် ဖြစ်နေပါသည်။ သူတို့ နှစ်ယောက်သည် ထထိုင်ကာ တစ်ယောက်ကို တစ်ယောက် စကားမပြောဘဲ ငူငူကြီးတွေ ထိုင်နေကြပါသည်။
အတန်ကြာသည့်အခါတွင် အမျိုးသားက စ၍ စကားပြောပါ သည်။
“ပိုက်ဆံပေးဦး”
“ရှင့်မှာ ပိုက်ဆံချည်းပဲ တောင်းနေတာပဲ”
“နင်က အလကား ကောင်မ”
အမျိုးသားက တံတွေးကို ပစ်ခနဲ ထွေးလိုက်သည်။
“နင်ကော သူခိုး”
အမျိုးသားက အမျိုးသမီးပါးကို ခပ်ပြင်းပြင်း လက်ပြန် ရိုက် လိုက်ပါသည်။ အမျိုးသမီးက မြေကြီးတစ်ဆုပ်ကို ကောက်ပြီး သူ့မျက် နှာကို ပက်လိုက်ပါသည်။ အမျိုးသားက အမျိုးသမီး၏ လည်ပင်းကို ထညှစ်ပါသည်။ အမျိုးသမီးက အတင်းရုန်းပါသည်။ အမျိုးသမီးက အော်သော်လည်း အသံမထွက်လာပါ။ မျက်လုံးကြီးတွေ ပြူးပြီး ခြေ ထောက်က မြေကြီးပေါ်မှာ လွတ်နေပါသည်။
ကျွန်တော် ကြောက်ကြောက်ဖြင့် ကြည့်နေပါသည်။ အမျိုးသမီး၏ နှာခေါင်းမှ သွေးတွေ စီးကျလာပါသည်။ ကျွန်တော်သည် ထလှမ်းအော်ပါသည်။ အမျိုးသား က မော့မကြည့်မီ ကျွန်တော်သည် မြို့ရိုးပျက်ပေါ်မှ ခုန်ဆင်းကာ ခြေဦး တည့်ရာသို့ တအားစွတ်ပြေးလာခဲ့ပါသည်။ ကျွန်တော် အသက်ကိုမျှ မရှူနိုင်ဘဲ စွတ်ပြေးလာခဲ့ရာ နောက်ဆုံး သတိရ၍ ကြည့်လိုက်သည့် အခါတွင် အမိုးခုံးခုံးကြီးတွေ ရှိသည့် လမ်းဆုံလမ်းခွတစ်ခုသို့ ရောက် နေသည်ကို တွေ့ရပါသည်။ ကျွန်တော်သည် ထိုနေရာသို့ တစ်ခါမျှ မရောက်ဖူးပါ။
ကျွန်တော်နေသည့် ရပ်ကွက်ပင်လျှင် ဘယ်နားရောက်နေ သည်ကို ကျွန်တော် မသိပါ။ လမ်းဘေးတစ်ဖက်တစ်ချက်တွင် မျက် မမြင် သူတောင်းစားတွေ တစာစာတောင်းနေကြပါသည်။ အရပ်လေး မျက်နှာမှလာသော လမ်းသွားလမ်းလာများသည် ဘယ်သူ့ကိုမျှ ဂရု မစိုက်နိုင်ဘဲ ကိုယ့်ကိစ္စနှင့် ကိုယ် ခပ်သုတ်သုတ် သွားနေကြပါသည်။ ကျွန်တော်သည် မျက်စေ့လည်နေပါသည်။ အိမ်ကို ဘယ်လို ပြန်ရမည် ဆိုသည်ကိုပင် မသိတော့ပါ။ လမ်းသွားလမ်းလာ တစ်ယောက်ယောက် ကို မေးရမည်လားဟု စိတ်ကူးမိပါသေးသည်။ ယခုနေ ပဲလှော်ဆိုင်ရှင် လို လူမျိုး၊ မြို့ရိုးပျက်ကြီးနားက လူလေလူလွင့် လူမျိုးနှင့် သွားတွေ့လျှင် မည်သို့ လုပ်မည်နည်။ ဘုရားသိကြားမ၍ ကျွန်တော့်ကို လိုက်ရှာနေသည့် အမေနှင့် သွားတွေ့လျှင် မည်မျှ ကောင်းမည်နည်း။
သို့မဟုတ် ကျွန်တော် မှတ်မိသည့် အဆောက်အအုံတစ်ခုခု၊ နေရာတစ်ခုခု၊ အမှတ် အသားတစ်ခုခုကို တွေ့သည်အထိ လျှောက်သွားရမည်လော။
ကျွန်တော်သည် ပြတ်ပြတ်သားသား၊ မြန်မြန်ဆန်ဆန် ဆုံး ဖြတ်ရတော့မည် ဖြစ်ပါသည်။ အချိန်မရှိတော့။
နေ့တာသည် ကုန်ဆုံးလျက်ရှိကာ လျှို့ဝှက်ဆန်းကျယ်သည့် အမှောင်ထုသည် သက်ဆင်းလာတော့မည်။