Wednesday, June 14, 2017

လူများ (၁) မျိုးမြင့်ချို

0 comments
လူများ (၁) ကျနော့်ကို ကျောင်းပြေးတတ်အောင် ပထမဆုံးဆွယ်သူမှာ ပူစူးဖြစ်ပါသည်။
တနေ့သား သူနှင့်ကျနော်ကျောင်းအတူလာရင်း ဟေ့ကောင် ဒီနေ့ ကျောင်းပြေးရအောင်ဟု ဆိုပါသည်။ ကျနော်က ဘာပြန်ဖြေရမှန်းမသိသေးသဖြင့် ပြေးတော့ပြေးကြည့်ချင်တယ်ကွ။ အေးလေပြေးလေကွာဟု မရေမရာ ကျနော်ပြောလိုက်ပါသည်။ ကျနော် ကျောင်းလည်း တခါမှမပြေးဖူးပါ။ ထိုအချိန်တွင် ပြည်အေးကလည်း ကျနော်တို့ရှေ့နားလေးက လျှောက်နေပါသည်။ ဟေ့ကောင် ပြည်အေး ခနခနဆိုတော့ ငါနဲ့ချစ်တူးကျောင်းပြေးမလို့ မင်းလိုက်မလားဟုမေးပါသည်။ ပြည်အေးသည် တချက်တွေသွားပြီး အေးလိုက်မယ် ဘယ်ကိုပြေးမှာလဲဟုမေးပါသည်။ သာဓုကန်ဘက်ဟု ပူစူးကဖြေပြီး မင်းမှာ ပိုက်ဆံပါလား၊ ငါ့မှာတော့ ၃ ကျပ်ပါတယ်၊ မျိုးမြင့်က တမတ်ဘဲပါတယ်ဟုပြောတော့ ပြည်အေးက ကွန်ပါဗူးကိုဖွင့်ကြည့်ပြီး ၆ ကျပ် ပါတယ်ဟုပြောပါသည်။ ဒါဆို အိုကေပဲ လစ်ကြစို့ဆိုကာ ကျောင်းအဝရောက်ကာမှ နောက်ကြောင်းပြန်ကြပါသည်။ ကျနော် လန့်လည်းလန့်နေသလို ကျောင်းလည်းပြေးကြည့်ချင်နေပါသည်။ သို့သော် သူတို့ ၂ ယောက်မှာ တယောက်က ၃ ကျပ် တယောက်က ၆ ခြောက်ကျပ်ဖြစ်ပြီး ကျနော်ကတမတ်သာပါသဖြင့် စိတ်ထဲ တမျိုးဖြစ်ပါသည်။ လမ်းဆုံရောက်တော့ မင်းတို့ ခနစောင့်မလား ငါ အိမ်ပြန်ပြီး ပိုက်ဆံနည်းနည်း ယူလိုက်ဦးမယ်ဆိုတော့ ပူစူးက မလိုပါဘူး ချစ်တူးရာ နောက်တခါကြမှ မင်း ခံပေါ့ဟုပြောပါသည်။
ဤသို့ဖြင့် မှော်ဘီထောက်ကြန့်ကားဂိတ်တွင် လှော်ကားဘက်သွားမည့် ကားများကိုစောင့်နေပါကြပါသည်။ ပူစူးနှင့်ပြည်အေးကတော့ ဘယ်လိုနေမည်မသိပါ ကျနော်ကတော့ အဖေအမေ့အသိတွေ အမကြီး အကိုကြီးအသိတွေ မြင်သွားရင်ဒုက္ခဘဲဟုတွေးရင်း လွယ်အိပ်ကို နောက်ကျောဘက်မှနေ၍ုပုဆိုးကြားထဲ ထည့်ထားပါသည်။ မှော်ဘီထောက်ကြန့်ဂိတ်မှူးကိုဆန်းမြင့်မှာ ကျနော့်ကို ဆရာဦးဝင်းမြင့်ညီမှန်းသိပါသည်။ သူ့သားသမီးတွေသည် ကျနော့်အကိုကြီး ကျူရှင်တက်နေသူများဖြစ်ပါသည်။ ထို့ကြောင့် သူမမြင်အောင် ကုက္ကိုပင်ကြီးအားကွယ်၍ လှော်ကား ကားအလာကိုစောင့်နေပါသည်။ ပူစူးက မင်းကလည်း ခတ်တည်တည်နေစမ်းပါကွာ ဂဏှာမငြိမ်ရင် ပိုရိပ်မိကုန်မယ် လီးလိုဘဲဟု ငေါက်ပါသည်။ ပြည်အေးကတော့ အေးဆေးပါ။
နောက်တော့ လှော်ကားကို လှော်ကားကိုဆိုပြီး ဒေါ့ဂျစ်ကားတစင်း ဝင်လာပါသည်။ကားပေါ်တက်ကြပါသည်။ ဤသို့ဖြင့် လှော်ကားသာဓုကန်ကို ကျနော်တို့ရောက်ကြပါသည်။ ရေကူးကြပါသည်။
အပြန်လည်းကြရော ကားမရှိသဖြင့် ခြေလျင်လျှောက်ပြီး ထောက်ကြန့်အထိပြန်ရပါသည်။ အိမ်ရောက်တော့ မှောင်ပါပြီ။ လမ်းတွင် ပူစူးက ကျနော်မျက်စေ့မျက်နှာ ပျက်နေသည်ကိုကြည့်ပြီး ဟေ့ကောင်ချစ်တူး လုပ်ရဲရင်ခံရဲရမယ်ကွ။ အရိုက်ခံရလည်း ခံလိုက်ကွာ။ ဒါပေမယ့် အမှန်အတိုင်းတော့ပြောပြလိုက် မလိမ်နဲ့ကွဟုပြောပါသည်။
အိမ်ရောက်တော့ ကျနော်အရိုက်ခံရပါသည်။ သို့သော် မလိမ်ခဲ့ပါ။
ခု ပူစူးရှိသေးလား မရှိတော့လားလည်း ကျနော်မသိတော့ပါ။ ကျနော်နှင့် နောက်ဆုံးတွေ့ချိန်က မှော်ဘီ သန္ဓေပင် သံချပ်ကာနှင့်ယန္တယားတပ်တွင် လက်မောင်း ၂ ဘက်၌ ပအရာခံဗိုလ် တံဆိပ်ကြီးနှင့်ဖြစ်ပါသည်။
ပူစူးသည် ကျနော့်အား လုပ်ရဲခံရဲစိတ်နှင့် မလိမ်တတ်အောင် သင်ကြားပေးသူဖြစ်ပါသည်။

ကညွှတ်ကွင်းအိမ်ပြေး (၅)

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၅) အဖေ ကဖိုးထောင်ကို နှိုးမရသည့်အဆုံး အမေခသည် စောင်တထည်နှင့်ခေါင်းအုံး သွားယူလာပြီး အဖေ့ခေါင်းကိုမကာ ခေါင်းအုံးထိုးသွင်းပါသည်။ ထို့နောက် စောင်ကို ကိုယ်ပေါ်လွှားပေးပြီး ဒန်ဂျိုင့်ဟောင်းတလုံးကိုလည်း အဖေ့မျက်နှာနားတွင် ချပေးပါသည်။ ကျနော်က အမေ အဲ့ဒီဂျိုင့်ကဘာလုပ်ဖို့လဲဟုမေးတော့ နင့်အဖေ အန်ချင်ရင် အန်လို့ရအောင်ပေါ့ဟုပြောပါသည်။

ပြီးတော့မှ အမေထမင်းစားဦးမယ် သားအဖေ့အနားမှာထိုင်နေ၊ သူတကယ်လို့အန်ရင် ထူပေးပြီးကျောကို မနာအောင်ထုထုပေးဟုပြောပြီး ခုက ကျနော်စားပြီး ဆေးထားသည့်ဇလုံထဲ ထမင်းကြမ်းခဲသုံးလေးခဲထည့် လယ်ပုဇွန်လုံးငါးပိချက်တွေဆမ်း ကန်းစွန်းရွက်ကြော် ခပ်ထည့်ပြီး အဖေချိုးလာသည့် အတို့အမြှုတ်တွေကို ထမင်းပေါ်တင်ရင်း ကျနော့်တို့ အနားလာထိုင်ပြီး စားပါသည်။

အမေ့ထမင်းစားသံမှာ တပြတ်ပြတ်အသံမည်သဖြင့် ကျနော့်စိတ်ထဲမနှစ်မျို့ပါ။ စားနေရင်းတန်းလန်း လက်တွေကိုလည်း ခနခနစုပ်ပါသည်။ တို့စရာတွေကို ဝါးသည့်အခါလည်း ဂျွိဂျွိ ဂျွိဂျွိနှင့်နေပါသည်။ စားနေရင်း ပါးစပ်ထဲ ထမင်းပလုပ်ပလောင်းနှင့် စကားတွေလည်းပြောပါသည်။ ထမင်းစေ့တွေထွက်ကျတော့ ကောက်ကောက်ပြီး နချေးကျံမြေကြမ်းခင်းပေါ် ပုံထားပါသည်။ စားနေရင်းက ဟော့တော့ဟု အမေဋိတ်သံပြုပါသည်။ ဘာလဲအမေဟုကျနော်မေးတော့ နင့်အဖေ ကြွက်ကြော်တွေ ကုန်အောင် မမြည်းသွားဘူး၊ မှန်းစမ်းဟုဆိုပြီး ကြွက်ကြော်ပန်းကန်ကို ကျနော့်ကို လှမ်းခိုင်းပါသည်။ ပန်းကန်သည် ကျနော့်နှင့်နီးပါသည်။

ကျနော် ပန်းကန်ကိုပေးလိုက်တော့ ပန်းကန်ထဲ လက်ညှိုးနှင့်မွှေနှောက်ပြီး အသားအရိုးတွဲဖတ်တွေကို တကြပ်ကြွပ်ကိုက်လိုက် သူ့ဇလုံဇောင်း တနေရာတွင် အရိုးလေးတွေ ထွေးထုတ်လိုက်နှင့် အားရပါးရ စားနေပါသည်။ ဒါလယ်ကြွက်တွေသားရဲ့၊ အရမ်းသန့်တယ်၊ စပါးပေါ်ချိန်ဆို စားလို့သိပ်ကောင်းတာဟုပြောပါသည်။ စားနေရင်း သား ပါးစပ်ဟဟုပြောတော့ ကျနော်လည်း အလိုလို ဟပေးမိလိုက်ပါသည်။ အဲ့ဒါ အသည်းဖတ်လေး၊ ကြွက်မှာ အသည်းနဲ့ခေါင်းက အဆိမ့်ဆုံးဟုပြောရင်း ကျနော့်ပါးစပ်ထဲ ကြွက်အသည်းကို ခွံ့ပေးပါသည်။

ကျနော်သည် ထိုအချိန်က ကြွက်ဆိုသည်မှာ စားရကောင်းမှန်း မသိသည့်အပြင် ရွံစရာအကောင် ရောဂါတွေသယ်လာသည့်အကောင်ဟုသာ သိနေချိန်ဖြစ်ပါသည်။ သို့သော် အမေခွံ့ကြွေးသည့် ကြွက်အသည်းမှာ တကယ့်ကိုကောင်းပါသည်။ ဆိမ့်နေပါသည်။ မြိုချရမှာပင် သမြောစရာကောင်းပါသည်။ အမဲအသည်းတို့ ကြက်အသည်းတို့ထက် ပိုဆိမ့်ပါသည်။

ခနနေတော့ နေဦး ကြောင်အိမ်ထဲ လက်ကျန်ရှိသေးလားမသိဘူးဟုပြောရင်း ထမင်းဇလုံကို ကျနော့်ဘေးချပြီး မီးဖိုချောင်ဘက်ထသွားပါသည်။ ကြွေရည်သုတ်ပန်းကန်ပြားတချပ်နှင့် ပြန်ရောက်လာပြီး ငါ့သားကံကောင်းတယ် ခေါင်းမှ ၂ လုံးတောင်ကျန်သေးတယ်ဟုပြောပြီး ကျနော့်ကိုတလုံးပေးပါသည်။ ကြွက်သွားတွေက ရှေ့ကို ခတ်ငေါငေါပြူထွက်နေပြီး ခေါင်းကတော့ ပြောင်ချောနေပါသည်။ ကျနော် ကြည့်ရင်းရွံသလို ကြောက်သလိုလည်းဖြစ်ပါသည်။ ပျို့လည်း ပျို့ချင်လာပါသည်။ ကြွက်ခေါင်းတွင် နားရွက်တွေမရှိပါ။ ပုံကြည့်ရသည်မှာ အရေဆုတ်ပြီး ကြော်ချက်ကို ခြောက်နေအောင် ချက်ထားပုံရပါသည်။
ကျနော်လည်း ကြွက်ခေါင်းကိုင်ပြီး ဘယ်လိုစားရမှန်းမသိ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်တွင် အမေက သူ့ Quota ကြွက်ဦးနှောက်ကို ပြွတ်ပြွတ် ပြွတ်ပြွတ်နှင့် စုပ်ပြီးရုံမက ဂုတ်ပိုးသားလေးကိုပါ စားနေပါပြီ။ စားရင်း ကျနော့် မကြည့်ပဲ ဦးနှောက်ကို အရင်စုပ်၊ သားက လူငယ်ဆိုတော့ သွားကောင်းတယ် ပြီးရင် ခေါင်းကိုဝါး အရည်စုပ်ပြီး အရိုးဖတ်အကြေတွေကို ထွေးထုတ်ပစ်လိုက်၊ အမေတို့ကတော့ မဝါးနိုင်တော့ဘူးဟုပြောတော့ အမေ ဦးနှောက်ကို ဘယ်လိုစုပ်ရတာလဲဆိုတော့ အာ ငါ့သားကလည်းဟုပြောပြီး ဒီမှာတွေ့လား ဒီနေရာမှာ ပါးစပ်ကိုတေ့လိုက်၊ ပြီးရင် အသားကုန် စုပ်လိုက်၊ ပါးစပ်ထဲကို ဗြွတ်ကနဲဝင်လာလိမ့်မယ်ဟုပြောရင်း ကြွက်နောက်စေ့နေရာကို ပြပါသည်။ နောက်စေ့နေရာလေးမှာ အုတ်ခွံကို ဟက်ထားတာတွေ့ရပါသည်။

ဒါနှင့် ကျနော်လည်း သူပြောသလို စုပ်ထည့်လိုက်ရာ ကြွက်ဦးနှောက်တွေက ကျနော့်လည်မျိုထဲအထိရောက်သွားပြီး လေပြွန်တွင်းဝင်ကာ တဟွတ်ဟွတ် သီးပါတော့သည်။ ကျနော် ထွေးထုပ်ပစ်လိုက်ပါသည်။ အမေက ပျာပျာသလဲနှင့် အဖေ့ရေဂျိုင့်ကိုယူပြီး သား ပလုပ်ကျင်းလိုက် ဒီထဲတွေးထုပ်လိုက်ဆိုကာ ခုန အဖေအန်ဖို့ချထားသည့် ဒန်ဂျိုင့်ကို ပေးပါသည်။ အခံရအတော်ခက်ပါသည်။ ချက်ထားတာကလည်း ကြွက်ချောက်စပ်ဆိုတေ့ လူလည်း မျက်ရည်တွေကျ နှပ်ရည်တွေကျနှင့်ဖြစ်နေပါသည်။

နောက်ဆို အမေ ကြွက်ခေါင်းခွဲပြီး ဦးနှောက်ထုပ်ပေးမယ်၊ သားက စားမှမစားတတ်သေးတာဟုပြောရင်း ကဲကဲ ဆက်မစားနဲ့တော့ဟုပြောရင်း သူ့စားလက်စကိုလည်း လက်စသိမ်းပါသည်။ ထိုအချိန်တွင် အဖေ ကဖိုးထောင်ဆီက မိခ မိခ ဟု အသံထွက်လာပါသည်။ မျက်လုံးတွေတော့ မပွင့်ပါ။ (ဆက်ပါဦးမည်)

မှုံကြီး (မျိုးမြင့်ချို)

0 comments
မှုံကြီးတင်ညွန်ု့သည် ဒုတပ်ကြပ်ဖြစ်ပါသည်။ ဂျုတီ ရှိရှိ မရှိရှိမူးနေတတ်ပါသည်။ ရှေ့တန်းဆိုလည်းကြိုက်သည့်အတန်းပို့ပို့ အေးဆေးသွားပါသည်။ သတ္တိကောင်းသည့် စစ်သားကောင်းတယောက်ဖြစ်ပါသည်။ နောက်တန်းပြန်ရောက်လျင်လည်း တပ်မှူးကစ ဘယ်မအေလိုးမှ လူမထင်သူဖြစ်ပါသည်။

တရက်ကျနော့်ကို ဟေ့ကောင် ငမျိုး ငါ့အခန်းထဲ ညနေကြလာခဲ့ အရက်တလုံးတော့ ဆွဲလာခဲ့ဟု ခေါ်ပါသည်။ ကျနော်တို့လူပျိုရိပ်သာတွင် ခန်းခွဲလေးများမရှိပါ။ သူတို့နေသည် မယ်ဇယ်ပင်ကြီးအောက်က တပ်ကြပ်ကြီးစာရေးတွေနေသည့် အဆောင်တွင် ခန်းခွဲလေးများရှိပါသည်။ သူသည် တပ်ကြပ်ကြီးစာရေး မဟုတ်သော်လည်း ထိုအဆောင်ဆောင်တွင်နေခွင့် တပ်မှူးက သူ့ကိုပေးထားပါသည်။ 

ကျနော်ညနေစောင်းတွင် ရှမ်းအရက်တလုံးဆွဲပြီး သူ့အခန်းသွားပါသည်။ အခန်းသည် ရှုပ်ပွနံစော်နေပါသည်။ ရေအိုးတအိုးတော့ရှိပါသည်။ ကျနော်ဝင်လာတော့ သူ ကတုန်ကယင်နှင့် တခုခု စားစရာတွေ လုပ်နေပါသည်။ ဆရာ ဘာတွေလုပ်နေလဲ ကျနော်လည်း ကူလုပ်ပေးမယ်လေဆိုတော့ ကျွတ် မင်းဟာမင်းထိုင်းနေစမ်း ငါ မန်ကျည်းရွက်သုတ်နေတာ ပုဇွန်ငါးပိကတော့ အစိမ်းအတိုင်းဘဲ မင်း အရက်ပါလားတဲ့။ ပါတယ်ဆရာ ကျနော် တခုခုထွက်ဝယ်ရမလား ချိုချိုချဉ်ချဉ်လေးပေါ့ဆို့ ဟေ့ကောင် ငါဒီမှာ သုတ်နေတယ်လေ ဘာမှထွက်မဝယ်နဲ့ မင်း သူများ သေနတ်ပစ်ခံရပြီးသေလိမ့်မယ့် စစ်သားဟာစစ်သားလိုနေကွ သေနတ်မပါဘဲအပြင်ထွက်ရင် မသာပေါ်လိမ့်မယ် အရပ်သားလိုနေရင် မသာ ခနလေးနဲ့ပေါ်လိမ့်မယ်ပြောပြီး ထိုတနေ့ကို မန်ကျီးရွက်သုတ်နှင့် ရှမ်းအရက်နှင့် ဆရာတင်ညွန့်နှင့် သောက်ခဲ့မြည်းခဲ့ပါသည်။

နောက်နှပတ်လောက်အကြာမှာ သူ တပ်မ ၉၉ က တပ်ရင်း ၁ဝ၉ နှင့်ရှေ့တန်းပါသွားပါသည်။ တိုက်ပွဲကျသွားပါသည်။ ကျနော်လည်း မန်ကျည်းပင်တွေမြင်တိုင်း သူ့အား သတိရနေပါသည်။ ကျနော်တို့ စစ်သားတွေဖြစ်ခဲ့ကြပါသည်။ စစ်သားဆိုသည်မှာ စစ်တိုက်ရင်းသေရင်သေ မသေရင် အကျိုးအပြတ်ဒုက္ခိဘဝနှင့် နိဌိတံပါသည်။

တရက်သား ၂ ယောက်လုံး ဂျူတီဖရီးသဖြင့် ကျနော် မှုံကြီးတင်ညွန့်(ဒုတပ်ကြပ်တင်ညွန့်)အခန်းဘက် ကွတ်ခိုင်ဘက်ကထွက်သည့် ပြောင်းအရက်ကလေးတလုံး ဆေးပေါ့လိပ်လေး လေးငါးလိပ်နှင့် ရောက်လာပါသည်။ ကျနော်က ဆရာတင်ညွန့်ဟု အသံပြုတော့ လာလေကွာဝင်လေဟုပြောပြီး ယိုင်တီးယိုင်တိုင်နှင့် တံခါးထဖွင့်ပေးပါသည်။ သူ့စစ်ခြင်ထောင်မှာ ခြင်မထောင်နိုင်တော့လောက်အောင် စုတ်ပြတ်နေပါပြီ။ သူ့စစ်စောင်မှာလည်း စစ်မဆောင်နိုင်တော့ပါ့။ သို့သော် သူသည် သူ့ဟာနှင့်သူ ပြည့်စုံနေသူဖြစ်ပါသည်။ ကျနော်ရောက်သည့်အချိန်မှာ ကိုယ့်ဆရာက ကွဲနေပါပြီ။ ရှောက်ရွက်တွေနိုင်းချင်းနှင့် နှဘတ်ချဉ်(နှမ်းဖတ်ချဉ်)ကို တို့ကာတို့ကာ ကလော်ကာကလော်ကာနှင့် ကျနော်တို့ ထွေးညိုဟုဆိုသည့်သုံးကျပ်တန် တောအရက်နှင့် ပြည့်စုံနေပါပြီ။ ဘာမှမဟုတ်ဘူးဆရာ ကွတ်ခိုင်ဘက်က မျောက်သွေးအရက်တလုံးရလာလို့ အဲ့ဒါလာပို့တာဟုပြောတော့ အာ့ဆိုလည်း ချ ချတာပေါ့ကွာဟုပြောပြီး သူ့ နဘတ်ချဉ်သုတ်အမြည်းကို ပွဲတော်တည်ကာ သူ့သစ်သားကုတင်လေးပေါ်ပြန်လှဲကာ နှပ်နေပါသည်။

ကျနော်က အဘဆောင်းဆိုင်က ကြက်ခြေထောက်သုတ်လေး သွားဝယ်လိုက်ဦးမယ်ဆိုကာ စက်ဘီးနင်းထွက်တော့ ဟေ့ကောင် ငမျိုး ချဉ်ငံစပ်လေးလုပ်ခဲ့တဲ့။ ကြက်ခြေထောက်သုတ်တပွဲ လဘက်ချဉ်စပ်တပွဲနှင့် ကျနော်ပြန်ရောက်တော့ ကိုယ့်ဆရာက မှောက်နေပါပြီ။ အတင်းနှိုးနှက်ပြီး ရေလေးဘာလေးရိုက်မှ ဂုတ်ပိုးအုပ်လိုက်မှ အင်းအင်းအဲအဲနှင့်ထလာပါသည်။ ဒီမှာကြက်ခြေထောက်သုတ် ဒီမှာ လဘက်ဂျင်းကြက်သွန်ဖြူချဉ်စပ်ဆိုတော့ သူ ထလာပါသည်။ ပြီးတော့ အရက်တွေ တခွက်ပြီးတခွက် နွားငတ်ရေကျလို ဆက်တိုက်သောက်ပါသည်။ ပြီးတော့ ဟေ့ကောင် စစ်မှာ မတရားတွေတရားတာတွေ ဘာမှမရှိဘူး။ စစ်သားအလုပ်က သူဝင်တိုက်နေတဲ့ဘက်က တိုက်ဖို့ဘဲ။ မင်း မတရားဘူးထင်ရင် မတိုက်နဲ့ပေါ့ကွ စစ်ပြေးလုပ်ပေါ့ကွ။ တရားသောစစ်တို့ မတရားသောစစ်တို့က နိုင်ငံရေးသမားတွေ ပြောကြလိမ့်မယ့်။ တို့က စစ်သား စစ်တိုက်ဖို့ဘဲ ဟုပြောက ပြန်မှောက်သွားပါသည်။ ကြက်ခြေထောက်သုတ်လေးပင် မစားနိုင်ပါ။

ကညွှတ်ကွင်းအိမ်ပြေး (၄) မျိုးမြင့်ချို

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၄)
ကျနော်လည်း အဖေ့ ကွန်ဘေးတွင်ထိုင်ရင်း ဘာလုပ်ရမှန်းမသိဖြစ်လာပါသည်။ ဗိုက်ကလည်းဆာလာပါသည် ဒါနှင့် အဖေ ကျနော်ဗိုက်ဆာတယ် ထမင်းစားချင်တယ်ဟုပြောတော့ ဟာ ငါ့သားကြီးရာ စားရမှာပေါ့ ဖေကြီးလုပ်ပေးမယ်ဟုပြောပြီး ဒယီးဒယိုင်နှင့်ထကာ စတီးလ်ဇလုံတလုံးကိုဆွဲကာ ထမင်းအိုးထဲကထမင်းတွေခူးခပ် သူပြောသည့် လယ်ပုဇွန်လုံးချက်တွေကော်ထည့် ကန်စွန်းရွက်ကြော်တွေခပ်ထည့်ပြီး ရော့စားသားကြီး ဖေကြီးငါးပိထောင်း ထောင်းပေးဦးမည်ဟု ယိုင်တီးယိုင်တိုင်နှင့်ပြောပါသည်။

ကြောင်တွေကလည်း တညောင်ညောင်နှင့် တချိန်လုံးအိမ်လုံး ပွက်နေပါသည်။ ခွေး ၃ ကောင်ကလည်း တဲထဲ ဝင်လိုက်ထွက်လိုက် ကြောင်တွေကိုရန်ရှာလိုက်နှင့် ဆူညံပွက်နေပါသည်။ အဖေ ကြွက်ချက်ကျွေးမယ်ဟုမယ်ဆိုပြီး ထလိုက်တော့မှ ပစ်လဲကျသွားပါသည်။ သူ့ဟာသူလည်း ငါးပိထောင်းလား ကြွက်လား သွဲကွဲပုံမရတော့ပါ။ ထိုအချိန်တွင် အဖေ ကဖိုးထောင်သည် နောက်ချေးကြံ (နွားချေးကြံ) ခင်းထားသည့်မြေအခင်းပေါ်မှောက်နေပါပြီ။ ကျနော်က အဖေအဖေ ဟုခေါ်တော့ ဟေ ဟေ ဟုသာ ထူးနိုင်ပါတော့သည်။

ကျနော်လည်း ဘာလုပ်ရမှန်းမသိသဖြင့် ရေတွင်းဘက်ပြေးပြီး အမေအမေ အဖေလဲကျသွားတယ်ဟု သွားအော်ပြောပါသည်။ ခေါင်းတွေဘာတွေကွဲသေးလား လူလေး ဟု မေးပါသည်။ မကွဲဘူးထင်တယ်အမေဟု အေးမကွဲရင် ဘာမှမဖြစ်ဘူး မင်း သွား အိမ်ထဲမှာနေ၊ အမေရေချိုးလျှော်ဖွပ်လိုက်ဦးမယ်ဆိုပြီး ထမိန်ရင်လျှားပြင်ဝတ်ရင်းပြောပါသည်။

ဒါနှင့်ကျနော်လည်း တဲထဲပြန်ဝင်လာပါသည်။ အဖေ ဒါမျိုးဖြစ်နေကြမို့ အမေ့အတွက် ရိုးတာနေပုံရပါသည်။ ကျနော်လည်း ဇလုံထဲက ကန်စွန်းရွက်ကြော် လယ်ပုဇွန်လုံးငါးပိချက်ကို နယ်ကာဖတ်ကာစားရင်း မဝသဖြင့် ထမင်းလည်းထပ်ထည့် ငါးပိချက်လည်းထပ်ဆမ်းကာ အဖေလဲကျနေသည့်နေရာအနားတွင် ထိုင်စားပါသည်။ အဖေ့ပါးစပ်က ဘာတွေမှန်းလည်းမသိတွေ ရေရွတ်နေပါသည်။ ပက်လက်လန်လိုက် မှောက်ခုံဖြစ်သွားလိုက် ဘေးစောင်းသွားလိုက်နှင့် အငြိမ်မနေနိုင်ဖြစ်နေပုံရပါသည်။
ကျနော်လည်း ထမင်းစားပြီးနောက် ဇလုံကို အင်တုံကြီးထဲနှစ် အင်တုံနှုတ်ခမ်းပေါ်တွေ့သည် ရေပတ်ဝတ်နှင့်တိုက်ပါသည်။ ပန်းကန်ဆေးဆပ်ပြာတော့ မတွေ့ပါ။

ခနနေတော့ အမေ လျှော်ပြီးသားအဝတ်တွေနှင့် တဲထဲ ပြန်ဝင်လာပါသည်။ သားကျောင်းဝတ်စုံလည်း အမေလျှော်ခဲ့တယ်။ ခနနေမှ ထုတ်လှန်းမယ်ဟုပြောရင်း ကဖိုးထောင် ကဖိုးထောင်ဟု လေးငါးခွန်းခေါ်သော်လည်း အဖေကား ပြန်မထူးနိုင်တော့။ တခေါခေါနှင့်ပင် ဟောက်နေပါသေးသည်။
အရက်သာမသောက်ရင်ဟာ သူတော်ကောင်းပဲ သားရဲ့။ သူတခြားဘာမှလုပ်ဘူး။ ကွန်ပစ်တယ် ငါးထောင်တယ် နို့ညှစ်ရောင်းတယ်။ ဘယ်သူ့အပေါ်မှ မတရားမလုပ်ဘူး။ သူများက ဖိနပ်တောင်းရင် အင်္ကျီရော ခေါင်းပေါင်းတဘက်ရော ချွတ်ပေးခဲ့တာ။ အမေ့အပေါ်လည်း သစ္စာရှိရှာတယ်ဟုပြောရင်း အဖေ့ကိုကြည့်ကာ မျက်ရည်တွေ လည်နေပါသည်။ ကျနော်လည်း ဘာလို့မှန်းမသိ ရင်ထဲနင့်ပြီး ငိုချင်လာပါသည်။
(ဆက်ပါဦးမည်)

ကညွှတ်ကွင်းအိမ်ပြေး (၃)

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၃)
တဲကြီးဆီပြန်ရောက်တော့ ဒေါ်ခ က ကဖိုးထောင် သားကိုဖင်တုံးလုံးပြန်ခေါ်ရသလားဟု ဆူပါသည်။ မိန်းမရာ သူက ခလေးဘဲဟာပြန်ပြောတော့ ဒေါ်ခက ခလေးမဟုတ်ဘူးရှတ်တတ်နေပြီ လူပျိုပေါက်လေ ကဖိုးထောင်ဟု ပြောပြီး ကျနော့်အား လာ သား အဖေ့အဝတ်အစားတွေရှိတယ် အမေလဲပေးမယ်ဟုပြောကာ တဲနောက်ခန်းထဲခေါ်ကာ လဲပေးပါသည်။

ပုဆိုးကွင်းကျယ်ကြီးနှင့် စွပ်ကျယ်လက်စကကြီးနှင့်ဖြစ်ပါသည်။ ကျနော် တခါမှမဝတ်ဖူးသည့် အဝတ်အစားများဖြစ်ပါသည်။ အနံ့တွေ့ကလည်း လူကြီးစော်နံသလိုဖြစ်နေပါသည်။ ဘယ်တုန်းထဲကရထားမှန်းမသိသည့် ဝိုင်အိုလက်ပေါင်ဒါတွေလည်း လူးပေးပါသည်။ ကျနော်က ဒေါ်လေး အဲ့ဒီပေါင်ဒါတွေက ကလေးတွေလိမ်းရတာလေ ကျနော်က ခလေးမှမဟုတ်တာဆိုတော့ မင်းက ခလေးဘဲ ဒို့မလည်းလိမ်းပေးစရာက ဘာမှမရှိဘူး ပြီးတော့ မင်းကရန်ကုန်သားလေဟုပြောပြီး ထိုဝိုင်အိုလက်ပေါင်ဒါတွေလူးပေးပါသည်။ 

သား ဘာစားချင်သလဲပြော ဒေါ်လေးချက်ကျွေးမည်ဟုပြောချိန်တွင် ကျနော့်စိတ်ထဲ သူ့ကို အမေဟုခေါ်ချင်စိတ်ပေါက်လာပါသည်။ ဒါနဲ့ အမေ အဖေတို့စရာတွေခူးလာတယ်ဟုပြောလိုက်တော့ သားရယ်သားရယ်ဟုခေါ်ပြီး ကျနော့်ခေါင်းကိုသူ့ရင်ခွင်ထဲထည့်ကာ ကျနော့်ဆံပင်တွေကိုပွတ်ပေးပါသည်။ သူ့ကိုယ်အနံ့မှာ ချွေးစော်တွေနံစော်နေပါသည်။ ခနလေးလေးနေတော့မှ အမေ ရေသွားချိုးဦးမယ် နင့်အဖေနဲ့စကားပြောနေနှင့်ဆိုကာ ထမိန်အပိုအင်္ကျီပိုတွေယူကာရေတွင်းဘက် ထွက်သွားပါသည်။ 

ကျနော်လည်း အပြင်ခန်း ပြန်ထွက်လာပါသည်။ ထိုအချိန်တွင် အဖေဦးဖိုးထောင်သည် အတော်လေးမူးနေပါပြီ။ ကွန်ကတော့ အထိုးမပျက်ပါ။ ကျနော့်တွေ့တော့ လာ သားကြီးထိုင်။ မင့်အမေ ဘာတွေပြောနေတာလဲဟု မူးသံကြီးနှင့်မေးပါသည်။ ဘာမှမဟုတ်ဘူးအဖေ အဲ့လိုဘဲဟုဖြေတော့ မင်း လှေလှော်တတ်လားဟုမေးပါသည် လှော်တတ်တယ်အဖေ ရေလည်းကူးတတ်တယ်ဟု ပြန်ဖြေတော့ ကောင်းကွာကွက်တိဘဲဟုပြောပြီး မင်းမစားတာဘာရှိလဲဟု မူးသံကြီးနှင့်မေးပါသည်။ 

ကျနော်က နောက်ချင်သဖြင့် ရေသားဆိုလျင် သင်္ဘောတို့ လှေတို့ မော်တော်ဘုတ်တို့ မစားကြောင်း၊ ကုန်းသားဆိုလျင် မော်တော်ကားတို့ ကရိန်းတို့မစားကြောင်း၊ ဝေဟင်သားဆိုလျင် လေယဉ်ပျံတို့ ရဟတ်ယဉ်တို့မစားကြောင်းပြောပြတော့ ဟားဟားဟားဟားနဲ့ရယ်ရင်း ငါ့သားအရင်းဘဲဖြစ်လိုက်ပါတော့ကွာဆိုပြီး အရက်သောက်ပြန်ပါသည် ကြွက်ကြော်မြည်းပြန်ပါသည်။ (ဆက်ပါဦးမည်)

ကညွှတ်ကွင်အိမ်ပြေး (၂) မျိုးမြင့်ချို

0 comments
ကညွှတ်ကွင်အိမ်ပြေး (၂)
ကျနော်လည်း ဒေါ်ခနောက်မှ ခတ်ရိုရို့လေးအထဲဝင်လိုက်လာပါသည်။ ကဖိုးထောင် ဒီမှာ အရက်တလုံးဝယ်လာတယ် သားတယောက်လည်း ရလာတယ်ဟုပြောပြီး အရက်ပုလင်းကိုချပေးရင် ကျနော့်ကို မေးနှစ်ချက် ဆတ်ပြပါသည်။ သဘောက သူသင်ထားသလိုအဖေလို့ခေါ်လိုက်ခေါ်လိုက် ဟူသည့်အနက်ပင်ဖြစ်ပါသည်။ ကွန်ကို သဲကြီးမဲကြီးထိုးနေသည့် ဦးဖိုးထောင်က သည်တော့မှ တချက်မော့ကြည့်ပြီး ဟား ငါ့ကောင်က လူချောဘဲ။ နံမည်ဘယ်လိုခေါ်လဲ၊ ဘယ်ကနေဘယ်လို ဒီကိုရောက်လာတာလဲတွေမေးရင်း ကျနော်ဘာမှပြန်မဖြေရသေးခင် မိခရေ ကြောင်အိမ်ထဲမှာ ကြွက်ကြော်ပန်းကန်ရှိတယ်ဟ ယူခဲ့ပါဦး ပြီးတော့ အကြမ်းကန်လုံးတလုံးနဲ့ ရေလည်း တဖလားလောက်ဆွဲခဲ့ပါဟု လှမ်းအော်ပါသည်။

ကျနော့်နံမည်မျိုးမြင့်ပါ ရန်ကုန်ကပါ၊ ကျောင်းပြေးတာတွေများပြီး အိမ်မပြန်ရဲတာနဲ့ အိမ်ပြေးလာတာပါ၊ ဒီရောက်တော့ ဆင်းချင်စိတ်ပေါ်လာတာနဲ့ ကားပေါ်ကဆင်းလာတာပါ၊ ဗိုက်ဆာနေတာလည်းပါပါတယ်၊ ဖိနပ်သဲကြိုးကလည်း သူများ နောက်ကတက်နင်းလို့ပြတ်သွားတာလည်း ပါပါတယ်၊ အဲ့ဒါ ဈေးနားမှာ ဘာလုပ်ရမှန်းမသိဘဲ ရပ်နေတုန်း ဒေါ်လေးနဲ့တွေ့ပြီး ဒီရောက်လာတာပါ အဖေ၊ ဆိုတော့ ဟေ..မင်း ငါ့ကို အဖေခေါ်တယ်ဟုတ်လားဆိုပြီး ရှေ့ကိုဖင်နည်းနည်းရွှေ့ပြီး တက်လာပါသည်။

ထိုအချိန်တွင် ဒေါ်ခကလည်း ကြွက်ကြော်ပန်းကန် ရေဖန်တဂေါင်း ရေနွေးကြမ်းပန်းကန်တလုံး လာချပါသည်။ ကဖိုးထောင် သားက လူချောနော် ကုလားဆင်လေး ဒို့မွေးစားလိုက်ရင်ကောင်းမယ်ဟု ဆိုပါသည်။ အေးဟုတ်တယ် ဒါပေမယ့် သူ့အဖေအမေဘယ်သူလဲ ဘာတွေလုပ်ကြသလဲ အဲ့ဒါတွေတော့ သိဖို့လိုတယ်။ တော်ကြာနေ ရုံးရောက်ဂတ်ရောက်တွေ ရောက်ကုန်မှခက်မယ်ဟုပြောပြီး အရက်ငှဲ့ပါသည်။

၂ ခွက်ဆက်တိုက်မော့ပြီးမှ နေဦး နောက်မှ ပြောကြတာပေါ့ မင်းကိုယ်က နံနေတယ်၊ လာမင်းနဲ့ငါ ရေသွားချိုးမယ် သား ဟုဆိုကာ ခြံအစပ်ကရေတွင်းဆီခေါ်သွားပါသည်။ ကျနော့်တွင် ခါးဝတ်ခါးစားသာပါပါသည်။ ရေလဲပုဆိုးလည်း မပါပါ။ ချိုးလျင် ဘယ်လိုချိုးရပါ့မလဲတွေးနေတုန်း ဦးဖိုးထောင်က သား အဝတ်အစားတွေချွတ်ဟု ပိုင်ပိုင်နိုင်နိုင်ကြီးပြောသလို ကျနော့်အင်္ကျီကြယ်သီးတွေ ဖြုတ်ပေးပါသည်။ အကုန်သာ ချွတ်ချလိုက်ကွ မရှက်နဲ့ဟုပြောပါသည်။ သူ့အသံတွင် ဖခင်ရင်းတယောက်၏ကြင်နာမှုပါနေသလို ခံစားရပါသည်။ ဒါနှင့် ကျနော်လည်း ကိုယ်လုံးတီး ချွတ်ချလိုက်ပါသည်။ လူပျိုပေါက်အရွယ်မို့ ရှက်ရကောင်းမှန်းသိသော်လည်း တခြားလည်းရွေးချယ်စရာမရှိ သူ့၏ဖခင်ဆန်သောအပြုအမူကြောင့်လည်း စိတ်ကအလိုလို မငြင်းတော့ဘဲ အကုန်ချွတ်ချလိုက်ပါသည်။ ကျနော့် ဂွေးငေါက်တောက်လေးကိုမြင်တော့ အဟား မင်းက မွတ်စလင်မ်ကိုးဟုပြောပြီး ရေငင်ပါသည်။

တပုံးသူလောင်း တပုံးကျနော့်လောင်းပေးနှင့် တယောက် ၃ ပုံးလောက်ရှိတော့ ဆင်ချီးတုံးဆပ်ပြာအမဲကြီးနှင့် သူလည်းတိုက် ကျနော့်တကိုယ်လုံးလည်းတိုက်ပေး ချေးတွန်းပေးပါသည်။ ပြီးတော့ နောက်ထပ် တယောက် ဆယ်ပုံးလောက်ချိုးကြပါသည်။ ရေတပုံး ကျနော့်ကိုယ်ပေါ်လောင်းတိုင်း ချေးတွန်းကွသားရ ဖင်ကြားပေါင်ကြား ချိုင်းကြားတွေကိုသေချာပွတ် အဲ့နေရာနေမှာဆပ်ပြာမစင်ရင် ယားနာဘုတွေ ထွက်တတ်ဟုပြောပါသည်။ ရေချိုးပြီးသွားတော့ ခနလေး သား ဒီမှာနေဦး အဖေ အတို့အမြှုတ်လေး နည်းနည်းခူးလိုက်ဦးမယ်ဆိုကာ ကျနော့်အား ဖင်တုံးလုံးထားပြီး ဟိုးခြံအစပ်က ကန်လေးနားသွားပြီး ဉာဏ်ညွန့်တွေ ကနဖေါ့တွေ လယ်ကန်းစွန်းအရိုးနီအညွန့်လေးတွေ ကညှို့တွေ သွားချိုးပါသည်။ လက် ၂ ဆုပ်အပြည့်နှင့်ပြန် ပေါက်ချလာပြီး ရေတပုံးငင်ကာ စင်ဆောင်ဆေးပါသည်။ ပါးစပ်ကလည်း ဒီကောင်တွေက အစိမ်းတို့မှကောင်းတာ သားရ။ ဒါပေမယ့် ရေမစင်ရင် ဝမ်းကိုက်တတ်တယ်။ အိမ်မှာ လယ်ပုဇွန်လုံးငါးပိချက်လည်း အဖေချက်ထားတာရှိတယ်ဟုပြောပါသည်။

ကျနော်က အဖေ ကျနော် ဒီအတိုင်းပြန်သွားရမှာလားဟု ငယ်ပါကိုလက်ဖြင့်အုပ်ရင်းမေးတော့ အေး ဒီအတိုင်းလာခဲ့။ အိမ်မှာဘယ်သူရှိတာလိုက်လို့ မင့်အမေနဲ့အဖေဘဲရှိတာ၊ အိမ်ထဲရောက်မှ အဖေ့အင်္ကျီပုဆိုးတွေ ထုတ်ဝတ်တာပေါ့၊ မင့် ဟာတွေတော့ဒီမှာဘဲထားခဲ့ မင့်အမေ တော်ကြာနေ ရေလာချိုးတော့ လျှော်လိမ့်မယ်ဟုပြောပြီး ကျနော်တို့ တို့စရာတွေနှင့် တဲကြီးဆီပြန်လာခဲ့ပါသည်။ (ဆက်ပါဦးမည်)

ကညွှတ်ကွင်းအိမ်ပြေး (၁) မျိုးမြင့်ချို

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၁)ဒေါ်ခသည် ကညွှတ်ကွင်းတွင်နေပါသည်။ ကညွှတ်ကွင်းသည် သခင်သန်းထွန်း၏ ချက်မြုတ်မြေဖြစ်ပါသည်။ ဒေါ်ခနှင့်သခင်သန်းထွန်း ဘာအဆက်အစပ်မှမရှိသလို ကျနော်နှင့်ဒေါ်ခလည်း ဘာသွေးသားမှမတော်စပ်ပါ။ သို့သော် ကျနော် အိမ်ပြေးဘဝနှင့် ယောင်လည်လည်ဖြစ်နေချိန်တွင် ဟင်းရွက်ကန်စွန်းဗန်းကြီး ခေါင်းပေါ်တင်ကာ အသီးအရွက်စုံရမယ် အသီးအရွက်စုံရှင့်ဟုအော်ရင်း ကျနော့်နားရောက်လာတော့ ငါ့သားကကျောင်းသားလား ဒီမှာဘာလာလုပ်နေတာလဲဟု မေးပါသည်။

ထိုအချိန်က ကျနော့်လက်ထဲ ပိုက်ဆံငါးမူးလောက်ပဲ ရှိပါတော့သည်။ ဖိနပ်ကလည်း ပြတ်နေပါသည်။ ဗိုက်ကလည်း အတော့်ကိုဆာနေပါသည်။ ဒေါ်လေး ကျနော် ရန်ကုန်ကပါ အိမ်ပြေးလာတာ ဒီကကျောင်းသား မဟုတ်ပါဘူးဆိုတော့ ဟယ် ဒါဆိုလာ ဒေါ်လေး ထမင်းဘဲဥဟင်း လိုက်ကျွေးမယ်ဆိုပြီး ဈေးစပ်နားခေါ်သွားပါသည်။ ဆိုင်ရောက်တော့ ဟေ့ မယ်မျှင်း ဒါငါ့တူ ရန်ကုန်က ဒီကိုအလည်လာတာ အဲ့ဒါဘဲဥချဉ်ရေနဲ့ ထမင်းတပွဲထည့်ပေးလိုက်၊ ငါ အခုပြန်လာခဲ့မယ်ဆိုပြီး ထွက်သွားပါသည်။ 

ကျနော်လည်းစိတ်ပူပူနှင့် တဝကြုံးပါတော့သည်။ ငါးပိရည်ကျိုတို့စရာတွေကလည်း တပုံကြီးပါပါသည်။ လိုက်ပွဲပါတောင်းပါသေးသည်။ ခနနေတော့ ဒေါ်ခပြန်ရောက်လာပါသည်။ ထမင်းဖိုး တကျပ်ခွဲရှင်းပြီးတော့ သူ့ ဘေးလွယ်လိပ်လေးထဲမှ လက်ဝါးတံဆိပ် ရော်ဘာဖိနပ်အသစ်လေးပါ ထုပ်ပေးပါသည်။ ကျနော်ဝမ်းသာ၍ ငိုမိပါသည်။ ပြီးတော့မှ တိတ်တိတ် လာ ဒေါ်လေးနောက်လိုက်ခဲ့ နောက် တပတ်လောက်ပတ်လိုက်ရင် ဒါတွေကုန်ပြီဆိုကာ သူ့ ကုန်စိမ်းဗန်းကြီးကို ထိုးပြပါသည်။ ဒါနှင့် ကျနော်လည်း သူ့နောက်က တကောက်ကောက်လိုက်ကာ ရပ်ကွက်တပတ်ပတ်တော့ သူပြောသလိုဘဲ အကုန်ကုန်ပါသည်။ ပိုက်ဆံတွက်ကြည့်တော့ ဆယ့်ရှစ်ကျပ်လောက် ရသည်ဟုထင်ပါသည်။ ပြန်ကြမယ် ဟင်းစားလေး နည်းနည်းဝင်ဝယ်မယ်ဆိုကာ ဈေးထဲဝင်ပြီး ငါးနုသန်းလေး သုံးလေးကောင် ခရမ်းချဉ်သီးလေး ၂လုံး ၃လုံးဝယ်ပြီး ပြန်လာကြပါသည်။ 

လမ်းတဝက်ရောက်တော့ ကျနော် တခါမှမမြင်ဖူးသည့် သူယောက်ျားအား နင့်ဦးလေးအတွက် ချက်အရက်လေးတလုံးဝယ်ရမယ်။ ခမျာပင်ပမ်းရှာတယ်ဟုပြောကာ အရက်ပုန်းဆိုင်လေးမှ တောအရက်တလုံး ဝယ်ပါသည်။ ဆိုင်ရှင် မျက်စိစွေစောင်းစောင်းနှင့်လူက ဒေါ်ခ ပုလင်းခွံတော့ ပြန်လာပေးဦးနော်ဆိုတော့ ဟဲ့ ငါပြန်လာမပေးတာများရှိဖူးလားဟု ပြန်ငေါက်ပါသည်။ ပြီးနောက် လာ သား သွားကြမယ်ဆိုပြီး ဗန်းကြီးတဖက် ပုလင်းတဘက်နှင့် အိမ်ပြန်ရောက်လာပါသည်။ အိမ်မှာ မြေစိုက် တဲအကြီးကြီးတလုံးဖြစ်ပါသည်။ နွားသုံးကောင်ကိုလည်း ထိုတဲကြီး၏အစွန်းဘက်တွင် ကောက်ရိုးတွေ စားနေတာတွေ့ရပါသည်။ သား ဒါ ဒေါ်လေးတို့အိမ်ဘဲ။ အထဲမှာ ဦးလေးရှိတယ် ကွန် ထိုးနေတယ်။ ဒေါ်လေးတို့မှာ သားသမီးမရှိဘူး။ ဦးလေးကိုတွေ့ရင် အဖေလို့သာခေါ်လိုက်ကြားလားဟုပြောပါသည်။ (ဆက်ပါဦးမည်)