Sunday, September 30, 2018

ထောက်ခံတာလည်း ခံကြပါ(မျိုးမြင့်ချို)

0 comments
ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ လုပ်တယ်လို့ဆိုတယ်။ လူ ၃ဝ လောက် ပါဝင်တယ်လို့လည်းကြားတယ်။ အမှန်တကယ်လား လျှော့ပြောတာလား ပိုပြောတာလားတော့ မပြောတတ်ပါ။ ထားပါတော့ လူ သုံးဆယ်ပဲ။

သုံးဆယ်ကနေ၊ သုံးရာ၊ သုံးရာကနေ သုံးထောင်၊ သုံးထောင်ကနေ သုံးသောင်း၊ သုံးသိန်း၊ သုံးသန်း၊ သန်းသုံးဆယ် ဖြစ်သွားရင် မကောင်းဘူးလား။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်တော့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။ ၈၈ ကာလတုန်းကလို၊ ၈၈ အပြီး မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဆန့်ကျင်ကြ ကာလတုန်းကလိုတော့ လူထုကြီးပါလာဖို့ မျှော်လင့်လို့မရတော့ဘူး။ မျှော်လည်း မမျှော်လင့်အပ်ဘူး။ လူထုခမျာ ကျားရောရှင်ကြီးရော၊ မောင်ပုလဲရော ဒိုင်းဝန်ရော မနီးရိုးစွဲဆိုတာကို သိကုန်ကြပြီမဟုတ်လား။
 

ခုပွဲကို ဦးစီးဦးဆောင်လုပ်နေသူတွေလည်း ဒါကို ချင့်တွက်မိမှာပါပဲ။
ခုလုပ်ကြတာက သူ့ကို လူထုနည်းနဲ့ လူထုဘက် မျက်နှာပြန်မူလာအောင် လုပ်တာပဲလို့မြင်တယ်။ စစ်လောင်းရိပ်ကနေ ပြန်ဆွဲထုတ်ဖို့ အစပျိုး ကြိုးပမ်းချက်လို့မြင်တယ်။ တိုက်ပွဲထဲကခေါင်းဆောင်ထွက်တာ မဟုတ်ပဲ ခေါင်းဆောင်ကို တိုက်ပွဲထဲပြန်ဆွဲခေါ်နေရတဲ့သဏ္ဍန်မျိုးပဲ။ ဒါပေမဲ့ ဒါဟာ လောလောဆယ်မှာတော့ ကောင်းတဲ့နည်းလမ်းပါပဲ။ အခြား အစားထိုးရမယ့်လူ မရှိသေးခင်မှာ သစ်မရှိစပ်ကြား ဝါး ပေါင်းကွပ်တန် ကွပ်ထားရဦးမှာပဲ။

သူ့သွားမေးရင်တော့ အဲ့ဒါတွေ ကျမနဲ့မဆိုင်ဘူး၊ ကျမ ခိုင်းတာလည်း မဟုတ်ဘူး။ ခိုင်းထားတာမရှိဘူးလို့ ပြောရင်ပြောမှာပဲ။ ဟုတ်လည်း ဟုတ်နိုင်တာပဲ။ သူ ခိုင်းမယ်လို့လည်း မထင်ပါဘူး။ အဲ့လိုပြောလာရင်လည်း သူ့ကို အပြစ်မြင်စရာမရှိဘူးလို့ ထင်တာပါပဲ။ သူက ရင်ကြားစေ့ရင်းစေ့ရင်း ဆူးတွေကြား သူ့ဘာသာတိုးဝင်သွားတဲ့ ဗူးခါးဖြစ်နေတာမဟုတ်လား။

ဒီလူ သုံးဆယ်ထဲမှာ မတက်မနေရ ချောဆွဲခေါ်လာတဲ့လူ၊ ထမင်းထုတ်နဲ့ နေ့တွက်ကြေးပေးပြီး ဆင့်လာတဲ့လူတော့ မပါဘူးမှတ်တာပဲ။ ဒါပေမယ့် သူ့လူကိုယ့်ဘက်သားလုပ်ပြီးပါလာမယ့် တွင်းအောင်းပွေးတွေတော့ ပုံဖျက်ပြီး အရောရောအနှောနှောပါမယ်ဆို ပါလို့ရတယ်။ ဂျိုပေါက်နေတာမှ မဟုတ်ပဲ။ ပင်နီလေးကောက်ဝတ် ကချင်ပုဆိုးလေး ကောက်စွပ်၊ ရင်ထိုးလေး ကောက်ချိတ်လိုက်ရုံနဲ့ ဒီမိုကရေစီဘက်သားလို့ ပုံဖမ်းလို့ရတဲ့ခေတ် မဟုတ်လား။

ဒီ့ထက်ပိုကြီးတဲ့ လူစုဖွဲ့ထောက်ခံမှုဖြစ်လာရင် ပွေးတွေ ဒီ့ထက်မက ပါလာနိုင်တယ်။ ဒီလို အတွင်းဝင် မွှေနှောက်လှည့်ဖျားပြီး ရုန်းရင်းဆန်ခပ်တွေဖြစ်အောင် ပြဿနာပေါင်းစုံတက်အောင် လုပ်တတ်တာလည်း ဒီ စစ်အုပ်စုရဲ့ သန္ဓေပါ ဗီဇဉာဉ်ဆိုးဉာဉ်ယုတ်ပဲ။ ထောက်ခံပွဲတွေ လုပ်တာလည်း လုပ်ပါ။ အားပေးပါတယ်။ သတိလည်း ကြီးကြီးထားကြပါ။ အန္တရာယ်တွေကို ကြိုတွေးပြီး ပြင်ဆင်ထားကြပါ။

တခုတော့ ပူပန်မိတာရှိပါတယ်။ ဒါကလည်း ရှေ့မှာဖြစ်ခဲ့တဲ့ဖူးတဲ့ ရိုးရာရှိလို့ပါ။ လူထုပုံအောပေးခဲ့တဲ့ အောင်ပွဲအထိမ်းအမှတ် ၉ဝ ရွေးကောက်ပွဲရလဒ်ကို ခြေနဲ့ဖျက်ခဲ့တယ်။ ဖွဲ့စည်းပုံပြင်ဖို့ လူထုဆီက ကောက်ယူတဲ့လက်မှတ် ၅ သန်းကို အမှိုက်ခြင်းထဲထည့်ခဲ့တယ်။ ခုလည်း ပွဲကြကြီးလာရင် အဲ့လိုလုပ်လာမှာ စိုးတယ်။ အဲ့ဒါတခုပါပဲ။
မျိုးမြင့်ချို(စက်တင်ဘာ ၃ဝ၊ ၂ဝ၁၈)

Friday, September 28, 2018

အချုပ်တန်းဆရာဖေ(၁၂ဝဝ – ၁၂၅၆) ရန်ဝင်း(တောင်တံခါး)

0 comments
အချုပ်တန်း ဆရာဖေ (၁၂ဝဝ – ၁၂၅၆) ရန်ဝင်း (တောင်တံခါး)ဇွန် ၂ ၊ ၂ဝ၁ဝ
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
အချုပ်တန်းရပ်ကို အစွဲပြုပြီး အချုပ်တန်းမောင်ဖေ၊ နောက်တော့ အချုပ်တန်းဆရာဖေ ရယ်လို့ နာမည်ကျော်ကြားခဲ့တဲ့ မျိုးချစ်စာဆိုတော်ကြီးက ကိုယ့်အမျိုးသားတွေကို စည်းကမ်းရှိစေချင်လွန်းလို့၊ ညီညွတ်ကြစေချင်လွန်းလို့ အားမလိုအားမရဖြစ်ပြီး ရေးခဲ့တဲ့ တေးထပ်တပုဒ်ကို သတိရမိကြဦးမှာပါ။


အချုပ်တန်းဆရာဖေ က မြန်မာသက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်ဖွား အင်းဝဇာတိပါ။ ဆရာဖေရဲ့မိခင်က သဘင်သည်မျိုးရိုး ဖြစ်ပါတယ်။ ပုဂံမင်းလက်ထက်မှာ အသုံးတော်ခံစာရေးအဖြစ် အမှုထမ်းတဲ့ ဖခင်ဦးရောက်နဲ့အတူတူ အမရပူရမြို့ကို မိသားစု လိုက်ပါခဲ့ကြတယ်။
ပုဂံမင်းနန်းကျပြီး မင်းတုန်းမင်းနန်းတက်တော့ ပုဂံမင်းလက်ထက်က အမှုထမ်းတွေ အနားယူရတဲ့အထဲမှာ ဦးရောက်လည်းပါခဲ့တယ်။ ဆရာဖေတို့မိသားစုက အချုပ်အလုပ်ပညာတတ်ကျွမ်းကြတော့ စားဝတ်နေရေးအတွက် ဆရာဖေ ငယ်စဉ်ကတည်းက မိသားစုနဲ့ ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်ခဲ့ရတယ်။

မင်းတုန်းမင်းကြီးက မန္တလေးမြို့သစ်တည်တဲ့အခါ၊ အမရပူရမြို့က လိုက်ပါပြောင်းရွေ့ချင်တဲ့ မြို့သူမြို့သားတွေကို လုပ်ငန်းချင်း တူရာတူရာ အလိုက် အစုတွေ၊ ရပ်ကွက်တွေ၊ ဝင်းကြီးတွေမှာ နေရာချထားပေးခဲ့တယ်။ ဒီနေ့အထိပဲ မန္တလေးမြို့ရဲ့ရပ်ကွက်တွေကို တန်း၊ ဝင်း၊ ရပ်၊ စု လို့ ခေါ်ပါသေးတယ်။
စိတ္တရမဟီလို့ ခေါ်တဲ့ မန္တလေးမြို့ ကျုံးတောင်ဘက်ထိပ်က အချုပ်တန်းကို ဆရာဖေတို့မိသားစု ပြောင်းရွှေ့နေထိုင်ပါတယ်။ ဆရာဖေနဲ့မိသားစုက ဘဝရပ်တည်ရေးအတွက် အပ်ချုပ်အလုပ်တွေကို လုပ်ကိုင်စားကြရသူတွေမို့၊ အချုပ်တန်းမှာ နေရာရပါတယ်။ အချုပ်တန်းဆိုတာ အပ်ချုပ်သည်တွေနေတဲ့ရပ်ကွက်ပါ။ အပ်ချုပ်တန်းလို့လည်း ခေါ်ပါတယ်။ မြင်းကုန်းနှီးတန်းလို့လည်း ခေါ်ပါတယ်။
ဝါသနာပါတဲ့စာပေကိုလည်း တဖက်ကရေးနေတော့၊ ဆရာဖေရဲ့စာတွေကို လူကြိုက်များလာတယ်။ အချုပ်တန်းရပ်ကိုအစွဲပြုပြီး အချုပ်တန်းမောင်ဖေ၊ ဒီနောက်တော့ အချုပ်တန်းဆရာဖေလို့ နာမည်ကျော်ခဲ့တယ်။ ဆရာဖေရဲ့စာတွေက လေးချိုးနဲ့တေးထပ်တွေပဲ များတယ်။ ဇာတ်စာတွေရေးတာမှာ ပြောင်မြောက်လေတော့ ဇာတ်ပညာရှင်အသိုင်းအဝိုင်းမှာကျော်ကြားခဲ့ပြီး အသက် ၂ဝ အရွယ်ကတည်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာ နာမည်တပ်ပြီး အခေါ်ခံခဲ့ရသူပါပဲ။

ဇာတ်စာတွေအရေးများပြီး ဘုရင်ကလည်း သိပ်ပြီးမမြှောက်စားလို့ ဆရာဖေရဲ့စာတွေက ခေတ်ပြိုင်စာဆို စလေဦးပုညရဲ့ စာတွေလောက် လူသိမများခဲ့ပါ။ ဆရာဖေ က စာဆိုပြိုင်ဖက် စလေဦးပုညထက် အသက် ၁ဝ နှစ် ငယ်ပါတယ်။ စလေဦးပုညကို မင်းတုန်းမင်းကြီးကပဲ ဆရာဦးပုညလို့ ခေါ်လေ့ရှိပါသတဲ့။ နောက်တော့မှသာ စလေဆရာဦးပုညလို့ ခေါ်လာကြတယ်လို့ မှတ်သားဖူးပါတယ်။ ‘ဘယ်နဲ့ရေးတဲ့ မောင်ပုတ်စည်၊ ဆန်တပြည် တေးတပုဒ်’လို့စာဆိုရှိပြီး၊ ငယ်နာမည် မောင်ပုတ်စည်လို့ခေါ်တဲ့ စလေဆရာဦးပုညကတော့ ဘုရင့် မြှောက်စားခံရသူပီပီ အဆင်ပြေခဲ့တယ်။ အဲဒီအချိန်မှာ ဆရာဖေကတော့ အလုပ်မျိုးစုံအောင် လုပ်ကိုင်စားခဲ့ရတယ်။

စာစပ်စာဆို ပြိုင်ဘက်ဖြစ်လာတော့ စလေဦးပုညနဲ့ ဆရာဖေတို့ တဦးနဲ့တဦးအပေါ် ကိုယ်ရည်သွေးတဲ့စာတွေ၊ တဖက်သားကို နှိမ့်ချကဲ့ရဲ့တဲ့ စာတွေ အပြန်အလှန်ရေးကြတယ်။ ဒါပေမယ့် ဆရာဖေရဲ့ စာတွေမှာ ဂမ္မဒေါသကိုရှောင်ပြီး ရေးလေ့ရှိတာကိုတွေ့ရပါတယ်။
“ခါးတောင်းကျိုက် ပိတုန်းပိတ်ကယ်နှင့် ကျုံးထိပ်က ငဖေ၊ ကုန်းပြိတ္တတစ္ဆေလို အသရေဟိတ်နွမ်း” စလေဦးပုည လူပုံသဏ္ဌာန်ရော နေတဲ့အရပ်ပါမကျန်အောင်၊ စာဆိုပြိုင်ဖက် စလေဦးပုညရဲ့ ရင့်ရင့်သီးသီးစာချိုးတာကို ခံခဲ့ရပါတယ်။ မက္ခရာမင်းသားဆီမှာ ပုဆိုးခါးတောင်းကျိုက်နဲ့ ဆရာဖေဓားထမ်းပြီး အဆောင်ကိုင်အဖြစ် အမှုထမ်းနေတာကိုမြင်တဲ့အခါ စာဆိုပြိုင်ဖက် စလေဦးပုညက အချက်ကောင်းယူပြီး ခါးတောင်းကျိုက်နဲ့ ဆရာဖေရဲ့ပုံကိုဖော်ပြီးနှိမ့်ချလို့ စာဖွဲ့လိုက်တာပါပဲ။ လူအများ လေးစားကြည်ညို အားကိုးကြတဲ့ မက္ခရာမင်းသားဆီမှာ ဆရာဖေ အမှုထမ်းတာကတော့ မင်းသားကိုကြည်ညိုရင်းစွဲရှိပြီး ခံယူချက်ချင်းလည်းတူညီလို့ ဖြစ်ပါလိမ့်မယ်။
ဆရာဖေရဲ့ ရုပ်ရည်က လူချောလူလှတဦးမဟုတ်ပေမယ့် စလေဦးပုည စာချိုးသလောက်တော့ အရုပ်မဆိုးလှဘူးလို့ သူ့အဆက်အနွယ်တွေက အစဉ်အဆက်ပြောခဲ့ကြတယ်။ နန်းတွင်းပန်းချီဆရာကြီးဦးစောမောင်ဆွဲခဲ့တဲ့ ပုံတူတခုကလွဲရင် သက်သေပြစရာတော့ မရှိကြပါ။
ဆရာဖေနဲ့ စလေဦးပုညတို့ အပြန်အလှန် စာစပ်ကြ စာချိုးကြပြီး၊ ကဗျာတိုက်ပွဲဖြစ်လာရတဲ့ အကြောင်းရင်းကတော့၊ နာမည်ကျော် ယင်းတော်မလေးဇာတ်မှာ အဆိုပိုင်လှတဲ့ယင်းတော်မလေး ဆိုလိုက်လို့ နာမည်သိပ်ကြီးသွားတဲ့ ဆရာဖေရဲ့ ကြင်ဖော်ကွဲ့လေးချိုး ငိုချင်းတပုဒ်ကို ဦးပုည က စာပြောင်ကဗျာလှောင် ဖျက်ရေးတာက စပါတယ်။
“သည်ဘဝ သည်မျှနဲ့တန်ရပေ။
နောင်ဘဝသော်မှ၊ မောင်လှကို ပိုလို့ချစ်မယ်၊ မျိုးစစ်တဲ့ဆွေ။
ဗုဒ္ဓဟေ ညောင်ရွှေကွဲ့သဖန်း။
ပွင့်ဝတ်ကယ် ညှာတံကြွေမှ၊ လွဲသွေကြစတမ်း။”
(အချုပ်တန်းဆရာဖေ)

အဲဒီ ဆရာဖေရဲ့ နာမည်ကျော် ကြင်ဖော်ကွဲလေးချိုးကို ဦးပုညဖျက်ရေးတဲ့ စာပြောင်ကဗျာလှောင်က အင်မတန် ဂမ္မဒေါသသင့်နေတယ်။ ဆရာဖေကတော့ “ရိုင်းလိုက်လေကွယ်” လို့သာ ဆိုပါသတဲ့။ အဲဒီ ကြားရသူ ရှက်စဖွယ် စာပြောင်ကဗျာလှောင်ကို နာမည်ကြီးရုပ်သေးဆရာ ဦသာဗျောက ဆိုလိုက်ပြန်တော့၊ ပရိတ်သတ်အများချစ်ခင်တဲ့ ယင်းတော်မလေးနဲ့ ဆရာဖေရဲ့ အများကြိုက်တဲ့စာကိုပါ မဖွယ်မရာ လုပ်မိရာ ရောက်သွားတယ်။

အဲဒီမှာတင်ပဲ၊ စာကောင်းကို ဖျက်ရမလားလို့ ပရိတ်သတ်က စိတ်မကောင်းဖြစ်ကြပြီး၊ ကဗျာလှောင်သီချင်းကိုဆိုမိတဲ့ ရုပ်သေးဆရာ ဦသာဗျောလည်း နံမည်ကျဆင်း သွားခဲ့ပါတော့တယ်။ ဦးပုညနဲ့ ဆရာဖေတို့ နှစ်ဦးစလုံးရဲ့ စာတွေကိုသုံးနေတဲ့ ယင်းတော်မလေး ကလည်း ဦးပုညဆီက ဘာစာကိုမှ ထပ်ပြီးမတောင်းတော့ပါ။ အများပြည်သူတွေကမေတ္တာထားလို့ ကြည်ညိုကြတဲ့သူကို နင်ပဲငဆ မစော်ကားမိကြစေဖို့ သင်ခန်းစာ ယူစရာပါပဲ။ ဆရာဖေက မရိုင်းပါ။ ဒီလောက်ပဲပြန်ရေးခဲ့ပါတယ်။
“ကဗျာလှောင် နဘေတေးကို၊
ဆရာယောင် စလေ က ရေးတယ်တဲ့ဗျာ
တွေးဆသင့်ကြောင်း။”
(အချုပ်တန်းဆရာဖေ)

ဆရာဖေရဲ့စာတွေကိုဖတ်ကြည့်ရင် မန်ကျီးရွက်ကလေးတွေ အစီအရီ အထပ်ထပ်နေသလိုမို့၊ မန်ကျီးရွက်ထပ်အခြေပါတဲ့ နဘေလို့ခေါ်တဲ့ ကာရန်ကို နိုင်နိုင်နင်းနင်းသုံးထားတာကို တွေ့ရပါလိမ့်မယ်။
“နှစ်တရာ၊ ချစ်ရှာသင့်သူမို့၊ သစ္စာနှင့်မြွက်မယ်၊ မေတ္တာဖြင့် ပန္နက်ရွယ်တယ်၊ တသက်ဝယ်ယုံတမ်း”
“ညရုံတော် အခြေပျက်စေဖို့၊ ရွှေလက်နဲ့ဆွဲကာ၊ ပွေရက်ပေ့ ပုလဲညှာရယ်၊ ကဲပါပေ့ဘုရား”
(အချုပ်တန်းဆရာဖေ)

အဲဒီလို မန်ကျီးရွက်ထပ်နဘေနဲ့ မေတ္တာဘွဲ့တွေ ရေးခဲ့တယ်။ နုနုရွရွ အလှအပတွေရေးတဲ့စာဆို ဖြစ်ပေမယ့်လည်း၊ တချိန်ကျတော့ တော်လှန်တဲ့စာဆိုဘဝကို ရောက်ခဲ့တယ်။ ဂမ္မဒေါသကို ရှောင်လေ့ရှိတဲ့ဆရာဖေလည်း ကိုယ့်အမျိုးသားတွေ ကောင်းစေချင်တဲ့စေတနာနဲ့ ခပ်ကြမ်းကြမ်း၊ ထိထိမိမိစာတွေ ရေးလာခဲ့ရတော့တယ်။
ကျူးကျော်လာတဲ့ နယ်ချဲ့ကိုတော်လှန်ဖို့က မျိုးချစ်တွေရဲ့ ဘဝပေးတာဝန်ဖြစ်တယ်လို့ ခံယူထားသူတွေမှာတော့၊ မြန်မာပြည်တပြည်လုံး နယ်ချဲ့လက်အောက်ကို လုံးလုံးလျားလျား မကျရောက်ခင်ကတည်းက နည်းအမျိုးမျိုးနဲ့ နယ်ချဲ့ကိုဆန့်ကျင်နေခဲ့ကြပြီ။ ဆရာဖေလည်း ကလောင်လက်နက်ကိုကိုင်စွဲလို့ တဖက်တလမ်းက ပါဝင်ခဲ့တယ်။ နယ်ချဲ့ရဲ့ ကလိမ်ကညစ် အကျင့်ဆိုးတွေကို ဖော်ထုတ်ထောက်ပြခဲ့တယ်။ ဇာတိသွေးဇာတိမာန်တွေ တက်ကြွကြဖို့လှုံ့ဆော်ခဲ့တယ်။

မြင်ကွန်း၊ မြင်းခုန်တိုင် အရေးအခင်းဖြစ်တော့ ကလောင်ကိုင်ရုံတင်မကဘဲ၊ ဓားပါကိုင်ခဲ့ရတယ်။ မက္ခရာမင်းသားက မင်းတုန်းမင်းကို ကယ်တင်တဲ့အခါမှာ နောက်ပါးကလိုက်ပါခဲ့တယ်။၊ ကနောင်မင်းရဲ့သားတော်ပတိမ်းစား သူပုန်ထတဲ့အခါ ပလိပ်စစ်ကြောင်းအတိုင်း၊ ညောင်ရမ်းမင်းသားရဲ့တပ်က သူပုန်တပ်တွေကို ရှင်းလင်းတဲ့အခါမှာလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်။

မင်းတုန်းမင်းလက်ထက်မှာ အိန္ဒိယဘုရင်ခံချုပ်လာလည်တော့ မင်းအမိန့်နဲ့ ရန်ကုန်မြို့ကို ဆရာဖေနဲ့ယင်းတော်မလေးတို့က သွားပြီး ကြိုဆိုဖျော်ဖြေရတယ်။ အဲဒီမှာ မြန်မာတွေ အထွဋ်အမြတ်ထားတဲ့ နန်းသုံးထီးဖြူနှစ်လက်မိုးပြီး ဘုရင်ခံချုပ်ကို ကြိုဆိုတာမြင်ခဲ့ရတော့၊ မတန်ရာကို အလုပ်ခိုင်းရမလားလို့ သုံးခွင့်ပြုတဲ့ဘုရင်ကိုပါ စိတ်နာပြီးပြန်ခဲ့ရတယ်။ နောက်တလကြာတော့ အဲဒီဘုရင်ခံချုပ်လည်း ‘ပို့ဘလဲ’ ဆိပ်ကမ်းမြို့မှာ အကျဉ်းစခန်းတခုကို စစ်ဆေးနေတုန်း၊ အကျဉ်းသားတဦးရဲ့လက်ချက်နဲ့ ကွယ်လွန်တယ်။ ဆရာဖေက တပြည်လုံးကျော်တဲ့ တေးထပ်တပုဒ်ရေးခဲ့တယ်။
“ပိတ်ရှာပြီ ဇီဝိ၊ ဘုန်းမတန့် ဘုန်းတန့်ကြံတယ်၊ ဆုံးရုပ်နမ် သွားပေါ့ ဝီဇိ၊
မင်းတုတု ခွေးသေ သေ”
(အချုပ်တန်းဆရာဖေ)

အဲဒီတေးထပ်ကို ဘယ်လောက်လူကြိုက်များသလဲဆိုရင်၊ ဇာတ်အဖွဲတွေက ‘မိစ္ဆာကောင် ဓားထိုးဇာတ်’ နာမည်တပ်လို့ ဇာတ်လမ်းဆင်ပြီး ဆိုကြ၊ ပွဲကကြတဲ့အထိပါပဲ။ တေးထပ်ရဲ့ထူးခြားချက်က တေးထပ်လို ဆိုချင်ဆို၊ ဒါမှမဟုတ် ဗုံထောက်သံနဲ့ ဝိုင်းဖွဲပြီးဆိုလို့လည်းရအောင် ရေးထားတာပါပဲ။ ကျော်လွန်းမက ကျော်လာတော့၊ နယ်ချဲ့အရာရှိတွေက မခံချိမခံသာဖြစ်ကြပြီး၊ စာရေးတဲ့သူကို အရေးယူပါ၊ ပွဲတွေမှာလည်း မကပြစေပါနဲ့ဆိုပြီး အတိုင်ခံရပါလေရော။ နောက်ဆက်တွဲရလဒ်ကတော့ ဘုရင်ခံချုပ်ကို သိက္ခာကျစေတဲ့စာရေးတဲ့အမှုနဲ့ ဆရာဖေ အကျဉ်းကျခံရလေတယ်။ အောက်မြန်မာပြည်ကိုသိမ်းထားတဲ့ နယ်ချဲ့ကျူးကျော်သူကို အထက်မြန်မာပြည်ဘုရင်က မျက်နှာသာပေးပြီး မဟာမိတ်လုပ်နေရချိန်ဆိုတော့၊ အကျယ်အကျယ်မငြိမ်းဖွယ် မဖြစ်စေချင်တာကြောင့် ကိုယ့်လူကို ကိုယ်တိုင်အရေးယူရတာမျိုး ဖြစ်နိုင်ပေမယ့်၊ ဆရာဖေခမျာ နှစ်ခါနာရပြန်တော့တယ်။

တေးထပ်တပုဒ်ကို အချုပ်ထဲမှာရေးပြီး၊ မိတ်ဆွေရင်း ဗြဲတိုက်စာရေး ဦးထွန်းဝ က တဆင့်၊ ရွှေတိုက်ဝန်မင်းဆောင်ကြဉ်းပေးလို့ မင်းတုန်းမင်းကြီးက ကြားနာရတယ်။
“သမုတိအတွက် ငဝက်က ဒဏ်ခံ၊
အထက်က အတန်တန်ကို ရွှေနန်းစံမသိ၊
ရှစ် ခုနှစ်တောင်မျက်နှာတွင်၊ မက္ခရာမင်းနှင့်ပါရှိ၊
ပလိပ်ကြောင်း အောင်ပန်းချွေ မောင်ထမ်းချေစေဘိ၊
ညောင်ရမ်းဆွေရဝိက၊ ပကတိ သက်သေ၊
ရန်သူတော် ရွှေဘိုဘွား၊ ဖေကိုယ်စား တိုက်ခဲ့ရပေ၊”
“ယခုဖြင့် ကောင်းမွေလန်တယ်၊ ဆိုးမွေခံ ထိပ်တုံးနှင့်လေး”
(အချုပ်တန်းဆရာဖေ)

အဲဒီတေးထပ်ကြောင့် ဆရာဖေ အချုပ်ကလွတ်ခဲ့ရပါတော့တယ်။ အချုပ်ကလွတ်စေတဲ့တေးထပ်ဆိုပြီး ကျော်ကြားခဲ့ပြန်တယ်။ မကြာခင်မှာပဲ၊ မင်းတုန်းမင်းကြီးရဲ့လေသာဆောင်မှာ အဆောင်တော်မြဲ ရာထူးနဲ့ အမှုထမ်းခွင့်ရခဲ့တယ်။
ဆရာဖေရဲ့ ပုဆိုးခါးတောင်းကျိုက်အကြောင်း ရယ်သွမ်းသွေးခဲ့ဖူးတဲ့ စလေဦးပုညကတော့ မြင်ကွန်းမြင်းခုန်တိုင် မင်းသားတွေကို အခါပေးတဲ့အမှုနဲ့ ရာဇဝတ်သင့်ပြီး၊ ခေတ္တ ထိန်းသိမ်းထားခံရတုန်း၊ မြို့ဝန်ဦးသာအိုးလက်ထဲမှာ လူကိုခွေးသတ်လို့ ဘဝဆုံးခဲ့ရရှာတယ်။ စာဆိုပြိုင်ဖက်ချင်းဖြစ်ခဲ့ပေမယ့်၊ ဘဝတူ စာပေပညာရှင်တဦးကို မလိုမုန်းထား အမျက်ပွားတာသက်သက်ကြောင့် အဆုံးစီရင်လိုက်တဲ့ အချက်ကို ဆရာဖေက မကျေနပ်နိုင်ခဲ့ပါ။ ကိုယ့်ထက်အင်အားကြီးသူဆိုတော့လည်း နီးရာဓားကိုကြောက်ရလို့ ပြန်မပြောသာတဲ့အကြောင်းကို ရေးပြ လိုက်ပါသေးတယ်။
“ဟုတ်သလို ပြန်မမြွက်သာဘူး၊ တုတ်တပြက် ဓားပါ၊ ရုတ်တရက် ခြားမကွာသည်၊ အနားမှာ လက်ငင်း၊”
“သတိနဲ့ပညာကို၊ စဉ်မကွာ မှန်ထားမှ၊ ရန်ပါးမည့်ခုအခါ၊ နှောဘို့သင့်စွာ၊
သဘောလိုက် မပြောသာသည်၊ ယောဆရာ လုပ်စမ်းချင့်လေး”
(အချုပ်တန်းဆရာဖေ)

သီပေါဘုရင် လက်ထက်ရောက်ပြန်တော့လည်း၊ သီပေါဘုရင်အုပ်ချုပ်ရေးရဲ့ အားပျော့တဲ့အချက်တွေကို ဆရာဖေ က မြင်ပေမယ့် မပြောသာခဲ့ပြန်ပါ။
“မြန်မာတွေ စည်းကမ်းဖောက်၊ ထီးနန်းပျောက်ဖြစ်ပြီ၊”
(အချုပ်တန်းဆရာဖေ)

၁၂၄၇ ခုနှစ် ဖြစ်ပါတယ်။ လာချေပြီ။ နယ်ချဲ့သင်္ဘောတွေ လာကြပြီ။ ကင်းဝန်မင်းကြီးဦးကောင်း က သီပေါဘုရင်ကို နန်းချပြီး၊ ညောင်ရမ်း မင်းသားကို နန်းတင်ဖို့ တိတ်တဆိတ် အကြံကြီးကြီးနဲ့ စီစဉ်ခဲ့တဲ့အတိုင်း၊ ‘မခုခံရ၊ ခုခံလျှင် သူပုန်’လို့ အမိန့်ထုတ်ထားတော့၊ သင်္ဘောဦးမှာ ညောင်ရမ်းမင်းသားကိုတင်လာတဲ့ နယ်ချဲ့သင်္ဘောတွေ မြင်းခြံအထိ အနှောက်အယှက်မရှိ ရောက်လာတယ်။ သင်္ဘောဦးမှာပါလာတာက ညောင်ရမ်းမင်းသားအတု ဖြစ်နေတယ်။ ညောင်ရမ်းမင်းသားအစစ်က ကာလကတ္တားမြို့မှာ ကွယ်လွန်ခဲ့ပြီ။ ‘ဦးကောင်းလိမ်ထုတ်၊ သီပေါပြုတ်’ လို့ဆိုပေမယ့် ကင်းဝန်မင်းကြီးဦးကောင်းကိုယ်တိုင်လည်း နယ်ချဲ့ကျူးကျော်သူရဲ့ အလိမ်မိခဲ့လေတယ်။ နယ်ချဲ့ကျူးကျော်သူက ညစ်ဉာဏ်နဲ့ မလိမ့်တပတ်လုပ်လာတာကြောင့် အငိုက်မိသွားခဲ့ကြရပြန်ပါတယ်။ နောက်ကျချေပြီ။ ကျောချလို့ ဓားပြမှန်းသိပြီဆိုပေမယ့် နောက်ဆုံးအနေနဲ့ အင်္ဂလိပ်စကားပြောကျွမ်းကျင်တဲ့ ကျောက်မြောင်းဝန်ကိုစေလွှတ်ပြီး စစ်ပြေငြိမ်းဖို့အရေး တောင်းပန်တဲ့အခါ၊ ရတနာပုံမြို့ကြီးကိုသိမ်းဖို့ စစ်ချီလာတဲ့ ဗိုလ်ချုပ်က အချိုသတ်ပြီး၊ လက်နက်သာချပါ၊ ဘုရင်ခံချုပ်ကိုပြောပေးမယ်လို့ဆိုပြီး စစ်ချီမြဲချီလာတယ်။ ဒီလိုနဲ့ပဲ သီပေါဘုရင် နယ်ချဲ့လက်ကို ပါခဲ့တယ်။

“လက်နက်ကုန် အပ်နှံသလျှင်ဖြင့်၊ ခွင့်လိုရာ တောင်းပန်ပါ့မယ်လို့၊  ချိုလှစွာ ဉာဏ်နီစွက်တာမို့၊ ခွင့်လိုရာယူစေလို့မြွက်မိတယ်၊ တန်ခိုးပျက်ဘွယ် အမှားပေပ၊ မျိုးကနက်နွယ်ဖွား။”
(အချုပ်တန်းဆရာဖေ)

သီပေါဘုရင်ကို အစားထိုးဝင်ရောက်လာတဲ့ တိုင်းတပါးအုပ်ချုပ်ရေးကို ဆရာဖေ က ကလောင်လက်နက်နဲ့ ဆက်ပြီးတိုက်ပွဲဝင်ခဲ့တယ်။ အာဏာကို မတရားယူထားတဲ့ တိုင်းတပါးနယ်ချဲ့အုပ်ချုပ်သူတွေက တိုင်းပြည်ရဲ့သယံဇာတ အဆီအနှစ်တွေကို စိတ်တိုင်းကျယူရုံမကဘဲ၊ မြန်မာပြည်တပြည်လုံးက တိုင်းသူပြည်သားတွေကိုလည်း အင်မတန် ရက်ရက်စက်စက်ဖိနှိပ်အုပ်ချုပ်လေတော့၊ တိုင်းပြည်အလုံး ကြိမ်မီးအုံးပမာ ဖြစ်ခဲ့ရတယ်။
“မြတ်ကောဇာ လှစ်ဆိုပြရမှာဖြင့်၊ သတ်ဇောဒွါ အစ်ကိုကျကာမှ၊
ခေတ်ညှိုလှ မြန်မာပြေ၊ (အိုကွယ်) ဟစ်ငိုစရာ့ အခါပေ၊”
(အချုပ်တန်းဆရာဖေ)

နေရေးထိုင်ရေးမှာ လူတိုင်း ကျပ်ကျပ်တည်းတည်း၊ ဝမ်းစာကိုလည်း ဆင်းဆင်းရဲရဲနဲ့ ရှာဖွေစားသောက်ခဲ့ကြရတယ်။
“ဖွတ်လူမျိုး မချမ်းသာသည်၊ ဝမ်းစာပင် လက်ပူတိုက်ပါလို့၊ မျက်ဖြူဆိုက် တကိန်းဆင်၊ ငြိမ်းဖို့မမြင်၊”
(အချုပ်တန်းဆရာဖေ)
အာဏာနဲ့ မတရားဖိနှိပ်အုပ်ချုပ်တဲ့ နယ်ချဲ့လက်အောက်မှာ တိုင်းပြည်က မငြိမ်သက်လေတော့ ကျီးလန့်စာစား ဖြစ်နေကြရတဲ့အထဲ၊ တောမီးလောင်၊ တောကြောင်လက်ခမောင်းခတ်ဆိုသလို မျိုးဖျက်တွေကလည်း ရေနစ်သူကို ဝါးကူလို့ထိုးကြပြန်တယ်။
“မော်ဘို့ရာ လမ်းမရှိပါဘူး၊ မှန်းကတိဆုတ်ကွာ၊ ဆန်းကလိယုတ်အခါမှာ၊ မဟုတ်တာပွင့်လင်း၊ သဘောဖြောင့် ရေလိုက်ကြံလျှင်၊ ငွေပိုက်ဆံ ရှားတဲ့ခေတ်တွင်း၊ မုသားကို အပြောသန်သည်၊ မနောကံပျက်ယွင်း၊”
“မိုက်မနော် ပြုမဟေးတို့က၊ သူ့ပထွေးတော့ ခွေးသို့မဟောင်၊ ပြောရောဟဲ့ ရာဇဝင်ပြောင်အောင်၊”
(အချုပ်တန်းဆရာဖေ)
ဘုံရန်သူနယ်ချဲ့ကိုတော့ တိုက်ထုတ်ပစ်ဖို့မကြိုးစားဘဲ မျက်နှာမွဲအချင်းချင်း အိုးမည်းသုတ်ချင်ကြတဲ့သူတွေကို အဲဒီတုန်းက တောင်ပံနီလို့ ခေါ်တယ်။ အဲဒီခေတ်မှာသုံးတဲ့ ဒေါင်းရုပ်တံဆိပ်နဲ့ ရတနာပုံဒေါင်းဒင်္ဂါးတွေကို ငွေသားအစစ်များများ၊ ကြေးနီကနည်းနည်းနဲ့ရောစပ်ပြီး သွန်းထားတယ်။ အစစ်ကိုတုပြီး အတုလုပ်ထားတဲ့ဒင်္ဂါးတွေမှာ ငွေကနည်းနည်း၊ ကြေးနီကများများဆိုတော့ မကြာခင်မှာပဲ ဒေါင်းရုပ်ရဲ့ အတောင်ပံတွေက အရင်ဆုံး ကြေးနီရောင်တွေပေါ်လာတယ်။ တောင်ပံတွေ နီလာတယ်။ တောင်ပံနီဒင်္ဂါး လို့ ခေါ်ကြတယ်။ အမျိုးမစစ်တဲ့ ဒင်္ဂါးတွေပေါ့။ နောက်တော့ တောင်ပံနီဆိုတာ ကိုယ့်အမျိုးကို ကိုယ်မချစ်တဲ့ လူဆိုးလူညစ်တွေကိုခေါ်တဲ့ စကားလုံးအဖြစ် သုံးခဲ့ကြတယ်။
မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်က ရတနာပုံ ဒေါင်းဒင်္ဂါး (ရန်ဝင်း (တောင်တံခါး) စုဆောင်းသည်။ )

ဆရာဖေ က ရမည်းသင်း လယ်ဝန်ဟောင်း ဗိုလ်ထွန်း၊ ဗိုလ်အေး၊ အရပ်ရပ်မှာရှိတဲ့ အင်အားစုတွေနဲ့ပူးပေါင်းပြီး နယ်ချဲ့တော်လှန်ရေးတွေ လုပ်နေခဲ့တယ်။ တော်လှန်ရေးအင်အားစုတွေကလည်း နယ်ချဲ့အုပ်ချုပ်သူတွေရဲ့ ချေမှုန်းတာကိုခံနေရတော့ တဖြည်းဖြည်းနဲ့ အင်အားတွေ နည်းလာခဲ့ကြရတယ်။

နောက်ဆုံးမှာတော့ နယ်ချဲ့တော်လှန်ရေးကို ဦးဆောင်ဦးရွက်လုပ်နေတဲ့အထဲက ဝန်းသိုစော်ဘွားကြီးလည်း တရုတ်ပြည်နယ်စပ်ဘက်ဆီကို ပြောင်းရွှေ့သွားခဲ့တယ်။ မြင်စိုင်းမင်းသားက ကျောက်ဆည်ဘက်ကိုထွက်သွားတယ်။ ကြည့်မြင်တိုင်မင်းသားက တောင်တွင်းကြီးဘက်ကို ထွက်သွားပြန်တယ်။ စော်ဘွားနဲ့မင်းသားတွေက နောက်ပါတွေနဲ့အတူ ရှောင်တိမ်းသွားလေတော့၊ ဆရာဖေလည်း အားလျော့သွားခဲ့ရ ပြန်တော့တယ်။
“မိ ပစ်လို့ ဖ ရှောင်သွေသည်၊ ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး၊”
(အချုပ်တန်းဆရာဖေ)
ခင်မင်ရင်းစွဲရှိတဲ့ ရှမ်းပြည်က သုံးဆယ်စော်ဘွားဆီကို သွားမှဖြစ်မယ်။ နည်းလမ်းရှာပြီး နယ်ချဲ့ကိုဆက်လို့ တော်လှန်ကြစို့ဆိုပြီး၊ မိတ်ဆွေရင်း ဗြဲတိုက်စာရေးဟောင်း ဦးထွန်းဝနဲ့ ဆရာဖေတို့ ၁၂၅၁ ခုနှစ်မှာ ရှမ်းပြည်ကို ပြောင်းရွှေ့ခဲ့ကြတယ်။ ဒီလိုနဲ့ သုံးဆယ်စော်ဘွားဆီမှာကွန်းခိုလို့ လမ်းပန်းအဆက်အသွယ်မကောင်းလှတဲ့ ရှမ်းပြည်တဝိုက် စည်းရုံးရေးဆင်းကြရတယ်။ တနေ့မှာ ကိုယ့်မင်းကိုယ့်ချင်းတိုင်းပြည် ပြန်လည် ထူထောင်ဖို့ မျှော်မှန်းကိုးစား နေခဲ့ကြတယ်။ အရေးတော်ပုံကလည်း၊ အောင်ပန်းဆင်ဖို့ရာ မျှော်မှန်းထားတာနဲ့အလှမ်းဝေး သထက်ဝေးနေခဲ့ ပြန်တယ်။

ဆရာဖေ ရှမ်းပြည်ရောက်တာ ငါးနှစ်လောက်အကြာမှာတော့ ၁၂၅၆ ခုနှစ် သင်္ကြန် ကျခါနီးခဲ့ပြန်တယ်။ အအေးမိလို့ တော်တော်ပဲ နေမကောင်းဖြစ်ရာကစပြီး၊ ဒီအခါမှာတော့ ဆရာဖေအတွက်၊ အပြီးတိုင်ခေါင်းချဖို့ရာ အချိန်ရောက်ခဲ့ပြီ။
သူချစ်တဲ့၊ သူမျှော်တိုင်း ဝေးခဲ့ရတဲ့၊ သူ့ရင်ထဲကရတနာပုံရွှေမြို့နဲ့ ရွှေပြည်တော် မြန်မာပြည်ကြီးကို အပြီးတိုင်ခွဲခွာခဲ့ရလေတော့တယ်။
တော်လှန်ရေးကို အဆုံးတိုင်ဆက်လုပ်ခွင့်ရမသွားလေတဲ့ မျိုးချစ်စာဆိုတော်ကြီး အချုပ်တန်းဆရာဖေတယောက်၊ တမလွန်ဘဝမှာတောင်မှ ကောသလမင်းကြီးရဲ့အိပ်မက်မျိုးတွေကို ဆက်ပြီးတော့များ မက်နေကောင်း မက်နေလိမ့်မယ်လားလို့ တွေးမိချင်စရာပါပဲ။
“တယောက်သား လဲလို့သေသေ၊ မထောက်ထား ဆိုးရွားချေသည်၊ မိုးခါးရေ အကုန်သောက်တာမို့၊ ယုံလောက်ဖို့ ဘယ်သူ့ ဘယ်သူ၊ လောကမပြူ၊ ကောသလ စက်ပျော်သူရယ်၊ မက်တော်မူ သည်ကိန်းထင့်လေး။”
(အချုပ်တန်းဆရာဖေ)
အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း
(၁) အချုပ်တန်းဆရာဖေ (ဦးချမ်းမြ)၊ ၁၉၇၇
(၂) မြန်မာစာပေသမိုင်း (ဦးဘေမောင်တင်)၊ မြန်မာ ၁၃ဝဝ ပြည့်နှစ်
(၃) နယ်လှည့်ရာဇဝင် (ဒေါက်တာ သန်းထွန်း)၊ ပ၊ ဒု၊ တ၊ ဖေဖော်ဝါရီ ၂ဝဝ၎
(၄) ညောင်ရမ်းအလွန် (ဒေါက်တာထင်အောင်)၊
အောင်သန်း (မန္တလေး) မြန်မာပြန်သည်၊ အောက်တိုဘာ ၁၉၇၃
(၅) မန္တလေး (ရတနာပုံ ဘိုးမှတ်စု)၊ မေလ၊ ၂ဝဝ၉
(၆) အနှစ် ၁ဝဝ ပြည့် မန္တလေး (ရွှေကိုင်းသား)၊ ဒု အကြိမ်၊ ဧပြီလ ၂ဝဝ၇
(၇) ကုန်းဘောင်ရှာပုံတော် (ညိုမြ)၊ ၁၉၆၇
(၈) ကုန်းဘောင်ကိုဆန်၍ (ဒေါက်တာ မတင်ဝင်း၊ ပညာရေးတက္ကသိုလ်)၊ ဒီဇင်ဘာ၊ ၂ဝဝ၁
(ပန်းချီ-ဦးရဲသောင်း သရုပ်ဖော် ရေးဆွဲသည်။)
အချုပ်တန်း ဆရာဖေ (၁၂ဝဝ – ၁၂၅၆)
ရန်ဝင်း (တောင်တံခါး)

(ခင်ဗျားတို့ မဖတ်ဝံ့တဲ့ ကျုပ်တို့စာမျက်နှာ) မျိုးမြင့်ချို

0 comments
(ခင်ဗျားတို့ မဖတ်ဝံ့တဲ့ ကျုပ်တို့စာမျက်နှာ) မျိုးမြင့်ချို
မိမိပါဝင်ခဲ့တဲ့ မြေပေါ်မြေအောက်၊ လက်နက်ကိုင်တော်လှန်ရေးနဲ့ နိုင်ငံရေးအတွေ့အကြုံ ဖြတ်သန်းမှုတွေ ပြန်ရေးကြတာ အလွန်ကောင်းပါတယ်။ ကျနော်တို့မသိခဲ့ လက်လှမ်းမမီခဲ့တာတွေကို သိရမီရတာဖြစ်လို့ကျေးဇူးများပါတယ်။ ဒါတွေဟာ သမိုင်းမှတ်တမ်းလည်း ဖြစ်ပါတယ်။ သမိုင်းမှတ်တိုင်လည်းဖြစ်ပါတယ်။ ရှေ့လူတွေလည်း ရေးခဲ့ကြလှပြီ။ ကျနော်တို့ခေတ်ပြိုင်တွေလည်း ရေးနေကြပြီ၊ ကျနော်တို့နောက် မျိုးဆက်တွေလည်း လက်တွေ့နိုင်ငံရေးထဲ ဖြတ်သန်းနေကြပြီ။ သူတို့လည်း တချိန်ကြရေးကြမှာပဲ။ ခုကတည်းက ကြိုပြီး ကြိုဆိုပါတယ်။ ကျနော်တို့သိသမျှ နောက်မျိုးဆက်ကိုပြောပြီး သူတို့သိသမျှ ကျနော်တို့ ဂရုတမနားထောင်ပေးရမှာပါ။

စစ်အာဏာရှင်ဟောင်း/သစ်တွေလည်း ရေးကြတယ်။ သူတို့က ပိုတောင်ရေးသလား မှတ်ရတယ်။

သူတို့ရေးတာနဲ့ကျနော်တို့ရေးတာ ဘာကွာလဲ။ ကျနော်တို့က လူထုဘက်ကကာကွယ်ပြီးရေးတယ်။ လူထုအကျိုးစီးပွား တိုင်းပြည်အကျိုးစီးပွားကို ရှေးရှုတယ်။ သူတို့က စစ်အာဏာရှင်စနစ်ဘက်က ကာကွယ်ပြီးရေးတယ်၊ သူတို့ကိုယ်ကျိုးစီးပွား သူတို့အတန်းအစားကို ရှေးရှုပြီးရေးတယ်။

ကျနော်တို့က ကျနော်တို့ပါဝင်ခဲ့တာတွေကို ငါတို့လုပ်ချင်လို့လုပ်ဖို့လိုအပ်လို့ ဘယ်သူမှမတိုက်တွန်းမခိုင်းစေပဲ ကိုယ့်အသိနဲ့ကိုလုပ်ခဲ့တာလို့ ဂုဏ်ယူပြီးရေးတယ်။ သူတို့က သူတို့ မပါခဲ့ပါဘူး သူတို့လုပ်ချင်လို့လုပ်ခဲ့ရတာမဟုတ်ပါဘူး၊ အထက်အမိန့်အရလုပ်ရတာပါလို့ ဂုသိက္ခာမဲ့စွာကိုယ်လွတ်ရုန်းရင်း ကိုယ့်အပြစ်သူများပေါ်ပုံချရေးတယ်။

ကျနော်တို့ရေးတာတွေ သူတို့ဖတ်မဖတ်တော့မသိဘူး။ သူတို့ရေးတာတွေတော့ ကျနော်တို့ဖတ်ကြတယ်။ ဖတ်တာတူတယ်ဆိုရင်တောင် ဖတ်တဲ့အခြေခံမတူဘူး။ ရေးတာတူဦးတောင် ရေးတဲ့အခြေခံမတူဘူး။

ကျနော်တို့က သူတို့ဘာပြောလဲသိဖို့ဖတ်တယ်။
သူတို့က သူတို့ငါတို့အကြောင်းတွေများပြောကုန်ပလားစိတ်နဲ့ ဖတ်တယ်။

ကျနော်တို့က နောက်လူတွေသိအောင် သမိုင်းမှာကျန်ခဲ့ဖို့ စိတ်သန့်သန့် လိပ်ပြာသန့်သန့်နဲ့ရေးတယ်။
သူတို့က သမိုင်းထဲကနေ သူတို့နံမည်ပျက်တွေကိုဖျက်ဖို့ တထိတ်ထိတ်တလန့်လန့် လိပ်ပြာမလုံစွာနဲ့ရေးတယ်။

ကျနော်တို့က "ငါတို့ ဒါလုပ်ခဲ့တာကွ"လို့ရေးတယ်။
သူတို့က "ကျနော်တို့ ဒါမလုပ်ခဲ့ရပါခင်ဗျ"လို့ရေးတယ်။

ရေးပါ ကျနော်တို့ ဖတ်ပါ့မယ်။
ရေးမယ် ခင်ဗျားတို့ ဖတ်ဖို့မကြောက်ပါနဲ့။
မျိုးမြင့်ချို။ စက်တင်ဘာ ၂၈၊ ၂ဝ၁၈

Wednesday, September 26, 2018

Skill of Blaming To Others အပြစ်ပုံချခြင်းပညာ(မျိုးမြင့်ချို)

0 comments
(Skill of Blaming To Others အပြစ်ပုံချခြင်းပညာ)
အတင်းပြောခြင်းအတတ်ပြီးတော့ သူ့အပြစ် သူ့ပေါ်ပုံချခြင်းပညာကို ပြောပါဦးမယ်။ အဲ့ဒီ မျက်လုံးပြာနဲ့လူကြီးပဲပြောပြတာ။ အကောင်းဖြစ်လာရင်ဖြစ်ဖြစ် အဆိုးဖြစ်သွားရင်ဖြစ်ဖြစ် ငါ့ကြောင့်ဖြစ်တာလို့တွေးရင် အဲ့ဒီလူဟာ စိတ်မမှန်လို့ လို့ သူကပြောတယ်။
အကောင်းဖြစ်သွားရင် တယောက်တည်းလက်မ မထောင်ပဲ၊ အောင်မြင်ခြင်းအရသာကို သူတပါးနဲ့မျှဝေ ကြည်နူးတတ်ဖို့လိုသလို သူတပါးကြောင့် ကိုယ့်မှာ အဆိုးဖြစ်ရင်လည်း ငါ့ကြောင့်ဖြစ်ရလေလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်မဖို့ပဲ သူတပါးကို၊ ပတ်ဝန်းကျင်ကို၊ အခြေအနေကို လက်ညှိုးထိုး အပြစ်ပုံချတတ်ဖို့လိုတယ်လို့ဆိုပါတယ်။

အဲ့လိုမဟုတ်ပဲ အကောင်းလည်း ငါလုပ်လို့ဖြစ်တာလို့ လက်မချည်းထောင်နေရင်၊ အဆိုးလည်း ငါ့ကြောင့်မို့ဖြစ်ရလေလို့ ကိုယ့်ကိုယ်ကိုအပြစ်တင်နေရင် မူမှန်စိတ်မရှိသူလို့ပြောတယ်။ လောကမှာ ဖြစ်တဲ့အကြောင်းတိုင်းမှာ အကျိုးရှိကြောင်းနဲ့ အကြောင်းတရားတွေက အကျိုးတရားပြန်ဖြစ်တဲ့အကြောင်း ကျနော်ပြောပြတော့

သူက "အကြောင်းမဲ့ဖြစ်လာတာဆိုလို့ ဘုရားတောင်မရှိဘူးလေ"လို့ ဆိုတယ်။ "အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ် ဖြစ်လာစေရခြင်း အကြောင်းတရား ရှိတယ်ကွ။ တချို့ အဆိုးအကောင်းတွေက ကိုယ်က ဘာမှလုပ်ရတာမဟုတ်ပဲ တယောက်ယောက်က ဒါမှမဟုတ် အခြေအနေတရပ်ရပ်က ဒါမှမဟုတ် ဝန်းကျင်တခုက လုပ်လိုက်လို့ဖြစ်သွားတာကွ။ ဒါပေမယ့် အဲ့ဒီ အကောင်းအဆိုးတွေက မင်းပေါ် လာသက်ရောက်ရင်လည်း ရောက်မယ် မရောက်ရင်လည်း မရောက်ဘူး။

သက်ရောက်လာတဲ့ခါမှာ အကောင်းဖြစ်ခဲ့ရင် ကောင်းအောင်လုပ်ပေးသူကို၊ အခြေအနေကို၊ ဝန်းကျင်ကို အသိအမှတ်ပြု ကျေးဇူးတင်ထိုက်တာပေါ့။ အလွန်အကျွံတော့ မတင်မိစေနဲ့ကွ။ လုပ်သူကလည်း သူ့အကြောင်းရှိလို့သူလုပ်ရင်း အများအတွက် ကောင်းသွားတာတွေလည်း ရှိတယ်။ အများအတွက်ကောင်းအောင် လုပ်လိုက်မဟဲ့ဆိုပြီး အကောင်းလုပ်သူဆိုတာ မရှိသလောက်ရှားတယ်။ အဲ့ဒီလိုရှားရှားပါးပါး လုပ်တဲ့သူတွေမှာတောင် လုပ်ဖို့ ခိုင်လုံတဲ့အကြောင်းရှိလို့လုပ်တာ၊ နို့မို့ဆို သူတို့မလုပ်ဘူး။ မတော်တဆဖြစ်ခဲ့တာလည်း လောကမှာ ဘာမှမရှိဘူး၊

တကယ်လို့ အဆိုးအဖြစ်နဲ့ မင်းပေါ်လာသက်ရောက်ရင် လက်သည်ကိုတွေ့အောင်ရှာပြီး အပြစ်သာတင်ကွာ၊ ဘာမှ သက်ညှာနေစရာမလိုဘူး၊ စစ်ပွဲတွေ မင်းကြောင့်မဖြစ်ဘူး၊ ဒါပေမယ့် စစ်ဒဏ်ကို မင်းခံရပြီဆိုရင် လုပ်တဲ့သူကို မင်း အပြစ်တင်ရမှာပဲ၊ အဲ့ဒါကို မတင်ပဲ ရှေးဘဝကံကြောင့်၊ ဝဋ်ကြွေးရှိတာကြောင့်၊ ဘုရားသခင်အလိုတော်ကြောင့် စတာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေရင် မင်းဘယ်တော့မှ စိတ်လက်မချမ်းသာရဘူး။ စိတ်မလွတ်လပ်ဘူး၊ မပေါ့ပါးဘူး၊

အဲ့လို ကံတွေ ဝဋ်တွေ ဘုရားသခင်တွေပေါ် ပုံချရင်း ရှင်သန်နေသူတွေ တကယ်စိတ်ချမ်းသာနေတယ်လို့ မင်းထင်လား၊ ငါတို့ လေ့လာချက်တွေအရတော့ ဒီလူတွေလောက် စိတ်လက်ဆင်းရဲတာ ဒီလူတွေပဲရှိတယ်ကွ၊ သူတို့မှာ စိတ်ခွန်အားမရှိဘူး၊ မကြံ့ခိုင်ဘူး၊ တရားခံကိုလက်သည်ကို အပြစ်တင်ရမှာ အပြစ်လုပ်တယ်လို့ ထင်နေတာကွ၊ ကံကို ဝဋ်ကို ဘုရားသခင်ကို မယုံကြည်သူလို့အပြောခံရမှာကို ကြောက်နေကြတာကွ၊ တကယ့် ခန္တီပါရမီပြည့်လို့ဖြစ်နေတာမဟုတ်ဘူးကွ၊ မနိုင်၍သည်းခံနေရတာမျိုးကွ၊ သူတို့ခမျာ အဆိုးလုပ်တဲ့လက်သည်ကိုလည်းလန့်ရ မယုံကြည်သူလို့အပြောခံရမှာလည်း ကြောက်ရနဲ့ ၂ ပြန် ခံနေကြရတာကွ၊ အဲ့ဒါက ပိုဆိုးတယ်၊

ဆိုတော့ ကိုယ်လုပ်လို့ ကိုယ့်မှာအကောင်းဖြစ်လာရင် သူတပါးနဲ့မျှဝေခံစားပေါ့၊ ချီးကျူးတာကတော့ သူများတွေလုပ်ပေ့စေပေါ့၊ ကိုယ်ကသာ ငါလုပ်လို့ဆိုပြီး လက်မ မထောင်မိစေနဲ့ကွ၊ သူတပါးက၊ အခြေအနေက၊ ပတ်ဝန်းကျင်ကလုပ်လို့ အကောင်းဖြစ်လာရင်လည်း ကျေးဇူးတင်ဖို့ အသိအမှတ်ပြုဖို့ မမေ့နဲ့ကွ၊ အလွန်အကျွံ မတင်မိအောင်တော့ သတိထားပေါ့။ ကိုယ်လုပ်လို့ ကိုယ့်မှာအဆိုးဖြစ်သွားရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကွာ၊ ဘယ်သူ့မှ အပြစ်မတင်နဲ့၊ သူတပါး၊ အခြေအနေ၊ ပတ်ဝန်းကျင်လုပ်လို့ ကိုယ့်မှာအဆိုးလာဖြစ်ရင် သူတပါးကို၊ အခြေအနေကို၊ ပတ်ဝန်းကျင်ကို လက်ညှိုးသားထိုးကွာ၊ အပြစ်သာတင်ကွာ၊ စိတ်သဘော အလုပ် လုပ်ပုံအရ အဲ့သလိုဖြစ်နေမှ ပုံမှန်စိတ်အခြေအနေလို့ သတ်မှတ်တာပဲကွ၊ တခုပဲ အဲ့သလို အဆိုးဖြစ်ခြင်း အကောင်းဖြစ်ခြင်း၊ ကိုယ့်ကြောင့်ဖြစ်ခြင်း မဖြစ်ခြင်းတွေကို ကျကျနန ခွဲခြားစိတ်ဖြာတတ်ဖို့ ပညာအခံ၊ အတွေ့အကြုံနဲ့ စိတ်မူမှန်ဖြစ်ဖို့တော့လိုတယ်ကွ"လို့ ပြောတယ်။

သူပြောတာတွေက ကျနော် သိပြီးသားတွေမို့ သူ့ကို သိတ် ကျေးဇူးမတင်လိုက်ပါဘူး၊ စိတ်ရှည်ရှည်ပြောပြတာအတွက်လည်း ထိုက်သလောက်တော့ အသိအမှတ်ပြုလိုက်ခဲ့ပါတယ်။
မျိုးမြင့်ချို(စက်တင်ဘာ ၂၄၊ ၂၀၁၈)

ခွချက် သို့ ခဲတလုံးနဲ့ ငှက်နှစ်ကောင်(မျိုးမြင့်ချို

0 comments
ရိုဟင်ဂျာအရေးအကြောင်းပြုပြီးတော့ ခု အနောက်ဘက်က ဆက်တိုက်ဝင်လာတဲ့ဖိအားတွေက စစ်အုပ်စုကိုပေးနေတာလား စစ်တပိုင်းအစိုးရ(ဒေါ်စုနဲ့အင်န်အယ်လ်ဒီ)ကိုပေးနေတာလား မသဲကွဲတော့ဘူး။ ထွေးလာနေတယ်။ ပထမတော့ ဒေါ်စုကိုဖယ်ပြီး စစ်အုပ်စုကို ဖိအားပေးနေတာထင်ရှားတယ်။ ဒေါ်စုက ကာဆီးကာဆီးတင်မကဘူး စစ်အုပ်စုဘက်က ကာကွယ်ပါရပ်ပေးတော့ သူ့ဖယ်ပြီးတိုက်ဖို့ နည်းလမ်းထပ်ရှာနေရင်း တဘက်ကလည်း ဒေါ်စုအသာနောက်ဆုတ်နေဖို့ ဒါးက သူ့ခုတ်မှာမဟုတ်ဘူး။ စစ်တပ်ကိုခုတ်မှာ လက်ဝင်မလျှိုဖို့ သံခင်းတမန်ခင်း စကားလုံးအယဉ်အကျေးတွေနဲ့ နားချနေတာလည်း မြင်ရပါတယ်။ သူက ဆုတ်နေရမယ့်အစား ဝမ်းဘဲ့လ်တ်ဝမ်းရုဒ် OBOR ကိုပါ လက်မှတ်သွားထိုးလိုက်တော့ ပြဿနာကို မီးလောင်ရာလေပင့်တွေဖြစ်ကုန်တယ်။ စစ်အုပ်စုနဲ့စစ်တပိုင်းအစိုးရဟာ တရုတ်နဲ့ အစေးပိုကပ်သွားတယ်။ ပေါက်တဲ့နဖူးမထူးဇာတ်ခင်းချင်တဲ့ သန္ဓေဗီဇနဲ့ အရွဲ့တိုက်ပြီး မြစ်ဆုံပါ ချကျွေးတဲ့အထိဖြစ်လာရင် ပြည်ကြေဖို့ရှိတယ်။ OBOR မထိုးခင်ကလေးက တရုတ်က ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီက အရေးယူဖို့ဆုံးဖြတ်ရင် သူ ထော်လော်ကန့်လန့်လုပ်မှာ မဟုတ်ဘူးလို့ ပြောလိုက်တာဟာ စစ်အုပ်စုနဲ့စစ်တပိုင်းအစိုးရအဖို့ ထိတ်ထိတ်ပြာပြာ ဖြစ်သွားစေတာပဲ။ OBOR ထိုးမလား မထိုးဘူးလားလို့ အပြတ်မေးလိုက်တဲ့အဓိပ္ပါယ်လည်း ဖြစ်တယ်။ ဒီတင် အလောဆုံးဆယ် ကောက်ထိုးပြစ်လိုက်တာပဲ။ ခု ထိုးလိုက်ပြီဆိုတော့ ယူအင်န်မှာ တရုတ်လေသံပြောင်းသွားနိုင်ပါတယ်။ ရတုန်းလေး ကုန်းနှိုက်ဆိုသလို မြစ်ဆုံကိစ္စပြန်စဖို့အထိ တွန်းတွန်းတိုက်တိုက် လုပ်လာနိုင်ပါတယ်။ အရင်ကလည်း ပြန်စဖို့ တိုက်တွန်းနေတာပါ။ စစ်တပိုင်းအစိုးရဟာ တိုင်းပြည်မှာ အတွေးအခေါ်တွေ အမြင်တွေရှုပ်ထွေးစေကုန်အောင် ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ရှိရှိ လုပ်နေသလိုပါပဲ။ ကံဆိုတာကို မယုံပေမယ့် (တင်စားစရာစကားလုံး အလုံအလောက်မရှိလို့) တိုင်းပြည့်ကြမ္မာကိုက ဆိုးတာပါလို့ပြောရတော့မလိုပါပဲ။
မျိုးမြင့်ချို(စက်တင်ဘာ ၂၄၊ ၂ဝ၁၈)

တရားကို တရားက မစောင့်ထိန်းသေးသမျှ(မျိုးမြင့်ချို)

0 comments
တရားကို တရားက မစောင့်ထိန်းသေးသမျှ
ဗမာပြည်က သာမန်ပြည်သူတချို့ရဲ့ နှလုံးသားတွေ ခက်ထန်လာတာ၊ စိတ်တွေကြမ်းတမ်းလာတာ သတိထားမိတယ်။ တုတ်တပျက် ဓားတပျက်တွေလည်း များလာတယ်။ ထစ်ကနဲရှိ ခုတ်လိုက် ထစ်လိုက် ပစ်လိုက်ခတ်လိုက်၊ သတ်လိုက်ဖြတ်လိုက်တွေလည်း ပုံလာတယ်။ သွေးသံရဲရဲတွေ၊ အလောင်းကောင်တွေ၊ သွေးစိမ်းရှင်ရှင်နဲ့ဒဏ်ရာ ဗလပွတွေ၊ ထိပ်ပေါက်ခေါင်းကွဲတွေ၊ တယောက်တယောက်ချင်းတွေ၊ အုပ်စု အုပ်စုချင်းတွေ၊ အုပ်စုက တယောက်ကို ရိုက်နှက်သတ်တာဖြတ်တာတွေ၊ တရားလက်လွတ်ဥပဒေမဲ့ လက်လွတ်စပယ် သတ်ပစ်တာမျိုးတွေ များသထက်များလာနေတယ်။ တခြားသဏ္ဍန်စုံနဲ့ဖြစ်နေတဲ့ ရာဇဝတ်မှုတွေလည်း ထူပြောလာနေတယ်။ လူတွေဟာ လမ်းပေါ်တင်မကပဲ ကိုယ့်အိမ်ထဲကိုယ်နေရင်း မလုံခြုံသလို အကာအကွယ်မဲ့သလိုခံစားမှုတွေဖြစ်လာတယ်။

တနေရာရာမှာ ဘာတခုခုလေး မဖြစ်လိုက်နဲ့ ဖြစ်လိုက်တာနဲ့ တုတ်ဆွဲဓားဆွဲပြီး ထွက်လာကြတယ်။ သတ်လိုက်ကြပါတော့လား ဖြတ်လိုက်ကြပါတော့လားတွေ အော်ဟစ်ဆူညံနေတယ်။ ဓားလွတ်တွေ စလွယ်သိုင်းပြီး လူမြင်ကွင်းတွေမှာ ပေါ်ပေါ်တင်တင် သွားလာနေကြတယ်။ တရားဥပဒေမရှိတဲ့၊ အုပ်ချုပ်သူမရှိတဲ့၊ တရားစီရင်ရေး လုံးဝပျက်ဆီးတဲ့အထိ မရောက်သေးရုံတမယ်ပဲရှိတော့သလို ဖြစ်လာနေတယ်။

တခါ တရားရုံးတွေကို လူအုပ်နဲ့ သွားခြိမ်းခြောက်ပြီး အမှုရင်ဆိုင်နေဆဲ တရားခံကို တရားရုံးအပြင် ထုတ်ပေးဖို့၊ သူတို့လက်နဲ့ သူတို့ဘာသာ တရားစီရင်မယ်ဆိုတာတွေအထိ အတင့်ရဲလာတယ်။ ဒါမှမဟုတ်လည်း အဲ့ဒီတရားခံကို သေဒဏ်ပေးဖို့တောင်းဆိုရင်း တရားသူကြီးတွေ တရားရုံးတွေကို ဖိအားပေးကြတယ်။

လွှတ်တော်ထဲကြည့်ပြန်တော့လည်း အမတ်တချို့က သက်ငယ် မုဒိန်းသမားတွေကို သေဒဏ်ချမယ့်ဥပဒေတွေပြဌာန်းဖို့ လက်သီးလက်မောင်းတန်းနေကြတယ်။ ပိုယဉ်ကျေးတဲ့ ပိုတရားဥပဒေစိုးမိုးတဲ့ ပိုညှာတာထောက်ထားမှုပေးနိုင်တဲ့ လူ့အဖွဲ့အစည်းတွေမှာ သေဒဏ်ဖျက်သိမ်းတာတွေလုပ်နေသလို ဖျက်သိမ်းပြီးသား ပြည်တွေလည်း ရှိနေတယ်။ သေဒဏ်ဖျက်သိမ်းရေး တောင်းဆိုလှုပ်ရှားမှုတွေလည်း ဆထက်ကဲဖြစ်နေတယ်။ ဗမာပြည်မှာတော့ ပြောင်းပြန်။ သေဒဏ်ကို အငမ်းမရတောင်းဆိုနေကြတယ်။ သေဒဏ်ငတ်မွတ်နေကြတယ်။ ဖေ့စ်ဘွတ်ခ်လိုဟာမျိုးပေါ်မှာတောင် ထီကနဲအသံကြားတာနဲ့ ဆော်လိုက်ပါတော့လား၊ နှက်လိုက်ပါတော့လား၊ သတ်လိုက်ပါတော့လား၊ အရှင်မထားနဲ့တွေ အချိန်နဲ့အမျှ နားမဆန့်အောင် ကြားနေ မြင်နေရတယ်။ အပြင်မှာကပုံရိပ်ဟာ ဆိုရှယ်လ်မီဒီယာပေါ် လာထင်ဟပ်နေတာပဲ။ ပြောရရင် စိတ်လက် မချမ်းသာစရာတွေချည်းပဲ။ ဘာသာမတူ လူမျိုးမတူသူတွေဆို နေစရာမရှိအောင်ကို ပိုတောင်ဆိုးပါတယ်။ အမြဲတမ်း ထိတ်လန့်ကြောက်ရွံ့နေကြရရှာတယ်။

ဒါတွေဘာ့ကြောင့် ဖြစ်ရသလဲ။ တခွန်းတည်းပြောရရင် အုပ်စိုးသူတွေကြောင့်ပဲ။ အုပ်စိုးသူတွေဖန်တီးထားတဲ့ ကိစ္စတွေပဲ။ ဗမာပြည်မှာက တကယ်အုပ်စိုးနေတာ ခြယ်လှယ်နေတာ စစ်အုပ်စုပဲ၊ အစိုးရ ၂ ခုဖြစ်နေတာလည်း မဟုတ်ပါဘူး။ အစိုးတရလုပ်နေတာက တခုထဲပါ။ စစ်တပ်ပါ။ သမဏိရှည်ကြာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်စနစ်ပါ။ စစ်အတွေးအခေါ်ပါ။ စစ်တပိုင်းအင်န်အယ်လ်ဒီအစိုးရဆိုတာက ဘာကိုမှ မယ်မယ်ရရ ထိန်းချုပ်နိုင်တဲ့အခွင့်အာဏာ သြဇာမရှိပါ။ လူထုဘက်ကနေရပ်ပြီး အပြည့်အဝ အကာအကွယ်မပေးနိုင်ပါ။ စစ်အုပ်စု ထင်ရာစိုင်းနေတာကို လက်ပိုက်ကြည့်တဲ့အခါကြည့်၊ ဖေးမတဲ့အခါဖေးမပေး၊ သိတ်လိုအပ်တဲ့အခါ ဗြောင်ထွက်ရပ် အကာအကွယ်ပေးရတဲ့ဘဝ ရောက်နေရှာတာပါ။ အဲ့သလိုမရောက်ရောက်အောင်လည်း ကျုံးအသွင်းခံထားရတာပါ။ စစ်တပိုင်းအစိုးရမှာ အဲ့လို သြဇာအာဏာတွေ မရှိမှန်းသိတော့ လူထုကလည်း အားမကိုးချင်ပါ။ အားကိုးလို့လည်းမရ ဖြစ်နေတာပါ။

စစ်အုပ်စုကလူတွေကို ကျီးလန့်စာစားဖြစ်နေအောင်၊ နယ်ဘက်အရပ်ဘက် အုပ်ချုပ်ရေးကို မယုံကြည်တော့အောင်၊ လက်နက်ကိုင်ထားသူအပေါ်ပဲ အတွင်းစိတ်ကကြိတ်ပြီး အားကိုးစိတ် မှီခိုစိတ်ဖြစ်နေအောင် လုပ်နေတာပဲ။ ဒီ့ထက်ချဲ့ပြောရရင် တရားဥပဒေနဲ့ တရားစီရင်ရေးစနစ်ကို စနစ်တကျ ဖျက်ဆီးထားလို့ပဲ။ လူတွေက ဥပဒေ၊ ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးတွေ အပေါ် အယုံအကြည်မရှိတော့လို့ပဲ။ လူတွေကို ဥပဒေမဲ့ ကိုယ့်ဓားနဲ့ ကိုယ့်တရားစီရင် ကိုယ့်စိတ်ကြိုက်သတ်ဖြတ်တာဟာ မှန်တယ် တရားတယ်လို့ထင်လာအောင် လုပ်ထားလို့ပဲ။

သတ်ဖြတ်သူတွေကိုယ်တိုင်က စိတ်မလုံခြုံဘဝမလုံခြုံသလိုဖြစ်ပြီး သူတို့ကိုမှ ငါတို့မသတ်ရင် ငါတို့ကို သူတို့ကသတ်တော့မှာပဲဆိုတဲ့ အတွေးမျိုးကိန်းနေလို့လည်းဖြစ်တယ်။ အဲ့လိုတွေလုပ်ရင်း လူတွေဟာ ပို လက်ရဲဇက်ရဲတွေဖြစ်လာတယ်၊ လက်ယဉ်လာတယ်။ ရဲစခန်းကို၊ ရဲကို၊ အချုပ်ထောင်ကို၊ တရားရုံးကို၊ တရားစီရင်ရေးကို၊ ဥပဒေကို၊ အစိုးရ (အင်န်အယ်လ်ဒီစစ်တပိုင်းအစိုးရ)ကို မထေမဲ့မြင်ပိုပို လုပ်တတ်လာကြတယ်။ စစ်တပ်ကိုတော့ မော်မကြည့်ဝံ့အောင် လုပ်ထားတယ်။

လူတွေ တရားလက်လွတ် လုပ်တတ်အောင် ဖြစ်နေအောင်လည်း စစ်အုပ်စုက ရည်ရွယ်ချက်ပါပါ ခြေလှမ်းရှိရှိလုပ်နေတာဖြစ်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံကိုင်ပြီး အစိုးရအဖွဲ့ထဲမှာ အခရာကျတဲ့ဝန်ကြီးနေရာတွေ ကိုင်ထားတာ၊ အုပ်ချုပ်ရေးအဆင့်မှာ စစ်ဗိုလ်ဟောင်းတွေ သူတို့လူ အရပ်သားတွေကို ထည့်ထားတာ၊ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ နယ်ပယ်မှာ သူတို့လက်သပ်မွေးတွေ ခန့်ထားတာ၊ လွှတ်တော် အဆင့်ဆင့်တိုင်းမှာ ၂၅ ရာခိုင်နှုန်းအမတ်နေရာတွေယူထားပြီး စစ်တပိုင်းအစိုးရအနေနဲ့ စစ်တပ်ကို မကျိုးနွံကျိုးနွံနေအောင် ပြန်မလှန်ရဲအောင်၊ လှုပ်မရအောင်၊ ကျဉ်းထဲကျပ်ထဲပိတ်မိနေအောင် ဦးချိုးနမ်နှိမ်ထားတာပါ။ ဒါတွေက လူတကာသိပြီးသားမို့ ဘာမှ ဝိတ္တာရချဲ့နေစရာမလိုတော့ပါ။

သိမ်မွေ့ပါတယ် မေတ္တာတရားအားကြီးပါတယ်ဆိုတဲ့ ထေရဝါဒ ဗုဒ္ဓသာသနာလည်း ကမ္ဘာ့ပုံအလယ်မှာ အကြမ်းဖက်ဝါဒ အစွန်းရောက်ဝါဒအဖြစ် မြင်သွားအောင် ပို့ပစ်လိုက်ကြပြီ။ ဘုန်းကြီးရဟန်းတွေထဲမလည်း သူ့ဘုန်းကြီးတွေမွေးပြီး လိုတဲ့အခါတိုင်း တိုင်းပြည်ဆူအောင် မငြိမ်မသက်ဖြစ်အောင် လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေဖြစ်အောင် လူသတ်အားပေးတွေ၊ လူသတ်လှုံ့ဆော်ရေး သမားတွေ ဝါဒမှိုင်းတိုက်ရေးသမားတွေကို ချီးမြှောက်ပစားပေးလိုက် ဘွဲ့တွေတံဆိပ်တွေကပ်လိုက် လုပ်နေတာလည်း လူတိုင်းအသိပါပဲ။ ဗမာ့လူ့အဖွဲ့အစည်းကို စစ်တပ်ထောင်လက်နက်ကိုင်ပြီး အကြောက်တရားနဲ့ တဘက်ကဖိထားသလို ဘာသာရေးမှိုင်းတိုက်ပြီး အတွေးအခေါ်အရလည်း တဘက်က ဖျက်ဆီးနှိပ်ကွပ်ထားတာပဲ။

ဒီအခြေအနေဆိုးတွေ၊ ဒီလိုတရားမဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာတွေ၊ လူတွေရဲ့ စိတ်ဓာတ်ရေးရာ ဖျက်ဆီးခံနေရတာတွေ၊ နှလုံးသားခက်ထန် မာကြောနေတာတွေ အားလုံးရဲ့ အရင်းလက်သည်ဟာ စစ်အာဏာရှင်စနစ်ပဲ၊ စစ်ဗျူရိုကရေစီယန္တရားပဲ၊ စစ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ပဲဆိုတာ တိုင်းသိပြည်သိကမ္ဘာသိပါ။ ကျနော်တို့အနေနဲ့ သိရုံနဲ့မပြီးပါ။ ရောက်တဲ့နေရာ၊ ရတဲ့အခြေအနေ၊ ပေးလာတဲ့မျက်နှာစာ အသီးသီးကနေ စစ်အာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ကြရမှာပါ။ ဒါကို လက်နက်ကိုင်တော်လှန်ရေးမျက်နှာစာမှတင်၊ ပါတီထောင် နိုင်ငံရေးလုပ်တဲ့မျက်နှာစာမှတင် လုပ်နိုင်တာမဟုတ်ပါဘူး။ စာပေအနုပညာမျက်နှာစာ၊ လူမှုကူညီရေးမျက်နှာစာ၊ ပညာရေးမျက်နှာစာ၊ ဥပဒေတွင်းမျက်နှာစာတွေကလည်း လုပ်လို့ရပါတယ်။ လုပ်လည်း လုပ်နေကြတာ မြင်နေရပါတယ်။ လုပ်လည်း လုပ်နေကြရမှာဖြစ်ပါတယ်။

ကျနော်တို့ စိတ်ရှည်ရှည်၊ ဇွဲသန်သန်၊ အတွေးအခေါ်ခိုင်ခိုင်မာမာ၊ မူရှိရှိ ရပ်တည်ချက်ပြတ်ပြတ်သားသား၊ ရေရှည်အမြင်ပါပါနဲ့ လုပ်ကြဖို့ပါပဲ။

အစိုးရပြောင်းတယ်ဆိုတာ စနစ်တခုကိုပြောင်းရတာထက် အပုံကြီး လွယ်ပါတယ်။ ပြောင်းလည်း ပြောင်းနေကြတာပါပဲ။ ဗမာပြည်မှာ အစိုးရတွေ ခုချိန်ထိ အမျိုးမျိုးပြောင်းခဲ့ကြပေမယ့် စစ်အာဏာရှင်စနစ်ကတော့ အမြစ်တွယ်နေဆဲပါ။
ကျနော်တို့မသေခင် လုပ်နိုင်သမျှလုပ်နေကြဖို့ လုပ်သွားကြဖို့ပဲလိုပါတယ်။
မျိုးမြင့်ချို(စက်တင်ဘာ ၂၆၊ ၂ဝ၁၈)

Tuesday, September 25, 2018

လူသူတော် အိပ်ယာထ (မျိုးမြင့်ချို)

0 comments
လူသူတော် အိပ်ယာထ (မျိုးမြင့်ချို)
ညက နည်းနည်းများသွား သို့မဟုတ် နည်းနည်း နည်းမသွားဘူးဆိုလျှင် ရေဒီယိုနှိုးစက်သတင်းကြေငြာသံနှင့်အတူ မနက်ငါးနာရီခွဲတွင် အိပ်ယာမှနိုးပါသည်။ ဤနေရာတွင် အိပ်ယာကို အိပ်စရာနေရာ(အိပ်ရာ)ဟု လူတိုင်းသိပါသည်။ ရေဒီသတင်းပလင်း အတင်းအဖျင်း စကားနိုင်လုပွဲစသည့် စိတ်ဝင်စား စရာများပါလေမလားဟု ခနစောင့်ကြည့်ပြီး ဘာမှမပါလျှင် ရေအေးအေးတဖန်ခွက်အပြည့်သောက်ကာ ခွေးလေး ၂ ကောင်ကိုနှိုးပြီး ချီးပါသေးပေါက် ထုတ်ပါသည်။

သူတော်ကောင်းများကတော့ မျက်စေ့ ၂ လုံး ပွင့်ချိန်မှစကာ ဘုရားတရားအာရုံပြုသည်ဟုဆိုသဖြင့် ကျနော်ကား သူတော်မကောင်း စာရင်းပေါက် ဖြစ်ပါသည်။ တံခါးမဖွင့်မချင်း အသံမစဲပဌာန်းရွတ်သလို အောက်အီအီးအွတ်နေကြသော ကြက်ဖကြီး ၂ ကောင်နှင့် ယင်းတို့၏ မောင်းမမိဿံများ စက်တော်ခေါ်ရာ ကြက်အိမ်တံခါးကိုဖွင့်ပေးပါသည်။ အစာရေ လဲပေး ထည့်ပေးပါသည်။ ကြက်ဘရိတ်ဖတ်စ်ဟု ခေါ်ရမည်လား မပြောတတ်ပါ။ ခွေးလေးတွေကိစ္စပြီးပြီဆိုလျှင် အိမ်ထဲပြန်သွင်းပြီး ကျနော့် ကျင်ကြီးကျင်ငယ်ကိစ္စ ရှင်းရပါသည်။ တိရိစ္ဆန်များကို ချီးပါသေးပေါက်သည်ဟုသုံးပြီး လူကြတော့ ကျင်ကြီးကျင်ငယ်တို့၊ အပေါ့အလေးတို့၊ အခင်းကြီးအခင်းလေးတို့၊ အိမ်သာတက်သည်တို့၊ တောထိုင်သည်တို့၊ အီအီးပါ ရှူရှူးပေါက်သည်တို့၊ သန့်စင်ခန်းဝင်သည်တို့ စသည်ဖြင့် ရေလဲသုံးသဖြင့် မြန်မာစာပေ ဝေါဟာရကြွယ်ဝကြောင်း သက်သေပြလျှင်ရပါသည်။ အများသုံး Rest Room ကို သန့်စင်ခန်းဟု မြန်မာပြန်သဖြင့် မိတ်ဆွေကြီး ကိုသန့်စင်ကို အားနာသလို သူငယ်ချင်းမ ခင်သန့်စင်ကိုလည်း မျက်နှာပူမိပါသည်။ သူတို့ ရှိကြသေးလား မလားတော့ မပြောတတ်ပါ။

ထို့နောက် ကွန်ပြူတာဖွင့်ထားခဲ့ပြီး ကရားထဲရေထည့်ကာ မီးဖိုပေါ်တင်ပါသည်။ စက်ရှေ့ထိုင်မိတိုင်း ကွန်ပြူတာဖွင့်သည်ကို Open ဟု ပြောသည့် တက္ကသိုလ်ဆရာတယောက်ကို သတိရပါသည်။ အမေရိကန်တွင် မီးပျက်ခဲကြောင်း လူသိများသော်လည်း တလတလ နင့်နေအောင်ကျသည့် မီတာခအကြောင်း ဘယ်သူမှပြောသံမကြားပါ။ အမေရိကန်သည် အခြားစက်မှုနိုင်ငံကြီးများနည်းတူ လျှပ်စစ်နှင့်ရေနံ မရှိလျှင် နေမရသည့်ပြည် ဖြစ်ပါသည်။ ထို့ကြောင့် ရေနံထွက်သည့်တိုင်းပြည်များ မီးဟုန်းဟုန်းလောင်ကြရပါသည်။

ရေနွေးစောင့်ရင်း ခွေးအစာခွက်ရေခွက် ဖြည့်ပေးပါသည်၊ ကော်ဖီ ၂ ခွက်စာပြင်ပါသည်။ တခွက်က မိန်းမနိုးလာလျှင် သောက်ရန်ဖြစ်ပါသည်။ ရှေးဗမာကြီးတို့အလိုတွင် ဇနီးသည် သည် ခင်ပွန်းထက် အိပ်ယာဝင်နောက်ကျပြီး အိပ်ယာထနောက်ကျရပါသည်။ ဒါဆို ဇနီးကောင်း တယောက်၏ လက္ခဏာချက်တွေထဲကတချက်ဟု ချီးမွမ်းကြပါသည်။ ကျနော်လည်း ရှေးဗမာကြီးမဟုတ်သလို ကျနော့်ဇနီးလည်း ဗမာမ မဟုတ်ပါ။ ပြီးတော့ ခေတ်သည် ရှေးခေတ်မဟုတ်သလို ကျနော်နေတာလည်း အမေရိကန်ပြည်ဖြစ်နေပါသည်။ ကျနော့်ကော်ဖီမှာ နက်စ်ကော်ဖီဟုခေါ်ပြီး မိန်းမက ဗမာကော်ဖီဟုခေါ်သည့် ကော်ဖီဖြစ်ပါသည်။ ကျနော့်ကော်ဖီမှာ ဆရာနေဝင်းမြင့်ပြောသော နတ်ကော်ဖီ ဖြစ်ပါသည်။

ညက များသွားနည်းသွား၍ မနက်မထချင်သည့်အခါတိုင်း မိန်းမဖျော်သည့် အမေရိကန်ကော်ဖီ သောက်ရပါသည်။ ကော်ဖီစေ့ဝယ် အိမ်မှာလှော် အိမ်မှာကြိတ် နှပ်အိုးဖြင့် အကျအနနှပ်ကာဖျော်သည့် ကော်ဖီအစစ်ဖြစ်ပြီး ကျနော် သိတ် အာမတွေ့သော်လည်း ကောင်းလားဟု မေးလျှင် ခတ်မြန်မြန် Yeah, Yeah ဟုပြောကျင့်ရနေပြီမို့ ကော်ဖီကြောင့် သူနှင့်ကျနော်ကြားတွင် ဘာပြဿနာမှမရှိပါ။ ကျနော့်နတ်ကော်ဖီကို သူလည်းတခါတခါသောက်ပါသည်။ ထို့ကြောင့် ကော်ဖီပြန်လည်သင့်မြတ်ရေးလည်း မလိုပါ။ ထို့နောက် ကော်ဖီခွက်ဘေးချပြီး မြန်မာသတင်း ဝဘ်ဆိုက်များတက်ကြည့်ကာ စိတ်ဝင်စားစရာတွေ့လျှင်ဖတ်ပြီး တွေးစရာအစရလျှင် ရေးရန် ချန်ထားပါသည်။ ရေဒီယို အာရ်အက်ဖ်အေတို့ ဗီအိုအေတို့ အမေရိကန်မှလွှင့်သော်လည်း ဝဘ်ဆိုက်တွင်သာ ကြည့်ပြီး ကွန်ပြူတာနှင့်သာ ကြည့်ပါနားထောင်ပါသည်။

ရေဒီယိုတွေ ခေတ်တုန်းတော့မယ်ဟုပြောခြင်းမှာ ရေနွေးငွေ့အင်ဂျင်ပေါ်စက ရွက်သင်္ဘောတွေခေတ်ကုန်ပြီဟူ၍ လည်းကောင်း၊ မီးရထားတွေ ပေါ်လာတော့ သင်္ဘောတွေနေဝင်ပြီဟူ၍ လည်းကောင်း၊ ဟိုင်းဝေးကြီးတွေနှင့် ကုန်ကားကြီးတွေပေါ်လာတော့ မီးရထားတွေနိဌိတံပြီဟု လည်းကောင်း၊ လေယဉ်ပျံတွေပေါ်လာတော့ လူစီးကားတွေတိမ်ကောပြီဟူ၍ လည်းကောင်း၊ အင်တာနက်တွေပေါ်လာတော့ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးတွေ ဘဝပျက်ပြီဟူ၍ လည်းကောင်း ပြောပုံမျိုးနှင့်ဆင်ပါသည်။ ရွက်သင်္ဘောတွေ၊ ရေနွေးငွေ့သင်္ဘောတွေ၊ မီးရထားတွေ၊ လူစီးကားတွေ၊ စာတိုက်နှင့်ကြေးနန်းလုပ်ငန်းတွေ ခေတ်မီအောင် ပြင်တန်တာပြင်ပြီး ခုတိုင်ရှိနေပါသည်။ အွန်လိုင်းရှော့ပင်န်း တွေကြောင့် ပါဆယ်ပက်ကေ့ဂ်ျနှင့်ပို့တာတွေ ပိုတောင်လုပ်ရသည်ဟု ပြောသံလည်းကြားပါသည်။ ဖြစ်နိုင်ပါသည်။ ကျနော့်ယောက္ခမကြီးက ငါတို့ခေတ်တုန်းက တခုခုလိုချင်ရင် ဆိုင်သွားဝယ်ရတာကွ။ ခု အွန်လိုင်းကမှာပြီး အိမ်တိုင်ယာရောက် လာပို့တော့ အဆင်ပိုပြေတာပေါ့ကွ ဟုပြောပါသည်။

ပြီးလျှင် အီးမေးလ် Check ပါသည်။ မြန်မာမိတ်ဆွေတွေကတော့ အီးမေးလ်စစ်သည်ဟုပြောပါသည်။ စစ်ဆေးကြည့်ရှုခြင်းကို အတိုကောက် ပြောတာ ဖြစ်လိမ့်မည်ထင်ပါသည်။ အီးမေးလ်ကို တရားခံအမှုစစ်သလို စစ်၍မရသကဲ့သို့ ထောက်လှမ်းရေးများလို စစ်ကြောရေးလည်း လုပ် မရပါ။ ရေလိုလည်း စစ်မရပါ။ အီးမေးလ်တွင် ဒီနေ့အတွက် ကပ်၍ပေးသော အလုပ်အဆိုင်းမင်န့်(အပွိုင်မင်န်)မတွေ့လျှင် စိတ်အေးလက်အေး ကော်ဖီတငုံ မော့ပါသည်။ ပြန်ရမည့် အီးမေးလ်များပြန်ကာ ဖျက်ရမည့်မေးလ်များဖျက်သလို မသိသလိုနေလိုက်ရသည့် အီးမေးလ်များလည်း ရှိပါသည်။ ထို့နောက် မိမိဘလော့ဂ်လေးသွားပြီး ဒီနေ့ လူဘယနနှယောက် တက်ဖတ်သွားသလဲနှင့် ချက်တ်ဘောက်စ်တွင် ဘာတွေရေးကြ သလဲကို ကြည့်ပါသည်။ ဘယ်သူမှ ဘာထွေထွေထူးထူးမှ မရေးကြတောတာ့နှစ်နှင့်ပင်ချီနေပါပြီ။ ပြောရလျှင် ဖေ့စ်ဘွတ်ခ်ပေါ်ကတည်းကဟု ဆိုရမည် ထင်ပါသည်။

ဟိုနေ့က မဟန်သူလွင်ပြောသလို “ဖေ့စ်ဘွတ်ခ်ပေါ်ကတည်းက ကိုပေါရဲ့ ပိတောက်ရိပ်တောင် မရောက်ဖြစ်တော့ဘူး”ဆိုသည်မှာ အမှန် ဖြစ်ပါလိမ့်မည်။ ဇကာဘာ့ဂ်ကား အတော်ဖမ်းစားနိုင်စွမ်းသည့် ထက်မြက်သော ဂျူးလူငယ်လေးတဦးဖြစ်ပါသည်။ သူ့ကြောင့် ဂျီတော့ခ်တို့ ရာဟူးတို့ “လုပ်တိုင်း”ရောက်ကုန်သလောက် ဖြစ်ကြရပါသည်။ ဤတွင် ကျနော် ဖေ့စ်ဘွတ်ခ်ဘက် ခြေဦးစလှည့်ပါသည်။ ဖတ်စရာတွေ့လျှင် ဖတ်၊ Like လုပ်စရာရှိလုပ်၊ ကွန်မန့်ရေးစရာရှိရေး၊ စတေးတပ်စ် ရေးစရာပေါ် ကောက်ကက်ခြစ်ကာ အနည်းဆုံး တနာရီနီးပါးခန့် အချိန်သုံးပါသည်။ ဖြုန်းသည်ဟုပြောလည်း ရပါသည်။ အချိန်ဆိုသည်မှာ သုံးရန်နှင့်ဖြုန်းရန်သာဖြစ်ပြီး အရန်ထားရမည့်အရာမဟုတ်ပါ။ အရန်လည်း ထားမရပါ။ တခါတခါ ဖြုန်းတီးပေးမှရပါသည်။

အချိန်ကို တန်ဖိုးရှိအောင်ဘယ်လိုသုံး ဘာညာနှင့် လူတတ်လုပ်ကာ အာတတ် သည့်တက်ကျမ်းဆရာတွေကို ကျနော် တခါတခါ စောက်မြင်အတော်ကပ်ပါသည်။ အချိန်ဆိုသည်မှာ ဘဝဖြစ်ပါသည်၊ ဘဝဆိုသည်မှာ အသုံးချရန်နှင့် သုံးဆောင်ခံစားရန် ဖြစ်ပါသည်။ တခုခု အကျိုးရှိရန် အချိန်ကိုသုံးဖို့လိုသလို စိတ်အလိုလိုက်ကာ အပျော်အပါးအတွက်လည်း ဖြုန်းတီးပေးရပါသည်။ အပျော်အပါးဆိုသည်မှာ လိုက်စားတတ်လျှင် အလွန်ပျော်စရာကောင်းပါသည်။ လောကတွင် လိုက်စားစရာ အပျော်အပါးများသာမရှိလျှင် ပျင်းစရာကောင်းမည်ဟု ထင်ပါသည်။ အချိန်ကို ကုသိုလ်၊ ဥစ္စာနှင့်ပညာတွေချည်း ရအောင်လုပ်နေသူများလည်း သူတို့ဘာသာသူတို့ ပျော်နေကြသည် စိတ်ချမ်းသာ နေကြသည်ဆိုလျှင် အလွန်ကောင်းပါသည်။ ပျော်နေ စိတ်ချမ်းသာနေမည်ဟုလည်း(ကိုယ့်ဘာသာ)ထင်မိပါသည်။ ငွေထုပ်ကြီးပိုက်ကာ၊ နံမည်နောက် အမြီးကြီးရှည်လာတာ၊ သူတော်ကောင်းကြီးဟု အခေါ်ခံရတာတွေမှာ ကြည်နူးနှစ်ခြိုက်နေသူများလည်း သူတို့နည်းနှင့်သူတို့ စိတ်လက်ချမ်းသာနေသည်ဟု ထင်ပါသည်။

လူတို့တွင် စိတ်လက်ချမ်းသာခြင်း တွေ့ရှိရာနယ်ပယ်များ တယောက်နှင့်တယောက်မတူကြပါ။ တူလို့လည်း မဖြစ်ဟုထင်ပါသည်။ စိတ်ဆင်းရဲခြင်းလည်း ထိုနည်းနှင်နှင် ဖြစ်ပါလိမ့်မည်။ သို့သော် လူဆင်းရဲတို့အား ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ဓနဥစ္စာ ကြွယ်ဝသူများကို လက်ညှိုးထိုးပြပြီး “လူမချမ်းသာရင်နေ စိတ်ချမ်းသာရင်တော်ပြီ”ဆိုကာ မဟုတ်တမ်းတရား ပြောခြင်းမှာကား ဉာဏ်နုံ့နဲ့ရာကျလွန်းသလို မှိုင်းတိုက်ခြင်းလည်းမြည်ပါသည်။ ပြဿနာပေါင်း သောင်းခြောက်ထောင်မှာ လူဆင်းရဲလူချမ်းသာမရွေး ကြုံရသည့်အရာဖြစ်ပါသည်။ ရှောင်မရပါ။ ကုန်ကုန်ပြောရလျှင် ဆင်းရဲ(ဒုက္ခ)ဟုဆိုသော ဇာတိ ဇရာ ဗျာဓိ မရဏာသည်ပင် ဆင်းရဲချမ်းသာ မရွေးပါ။ ထိုထိုသော ဆင်းရဲ(ဒုက္ခ)ဆိုသည်များကို ခံရတာခြင်းအတူတူ ချမ်းချမ်းသာသာဆိုလျှင် အခံရသက်သာပါလိမ့်မည်။ လူဆင်းရဲခြင်းမှာလည်း ဆင်းရဲဒုက္ခပင်ဖြစ်ပါသည်။ ချမ်းသာလျှင် အနည်းဆုံး လူဆင်းရဲခြင်းဒုက္ခမှ လွတ်ပါသည်။ ထို့ကြောင့် ကျနော်အပါအဝင် လူတိုင်းချမ်းသာကြပါစေဟု အမြဲတိုင်းဆန္ဒပြုပါသည်။ ထို့အပြင် လူတိုင်း အသက်ရှည်သမျှ ကျန်းမာကြစေ့ချင်စိတ်လည်း တရံမလပ်ရှိပါသည်။ နိဂုံးချုပ် စာ ၂ ကြောင်းကိုထောက်ချင့်သော် ဤစာသည် နိုင်ငံရေးသဘော၊ ရန်သူမိတ်ဆွေသဘော၊ ဖိနှိပ်သူအဖိနှိပ်ခံသဘောတို့အား သိစိတ်ရှိရှိကွင်းရှောင်၍ လူသူတော်ပုံဖမ်းရေးသည့်စာမှန်း အလွန်ထင်ရှားလှပါသည်။
စက်တင်ဘာ ၂၄၊ ၂ဝ၁၅

Monday, September 24, 2018

ART OF GOSSIPING အတင်းပြောခြင်းအတတ်(မျိုးမြင့်ချို)

0 comments
(ART OF GOSSIPING အတင်းပြောခြင်းအတတ်)
ကျနော် စိတ်မကျန်းမမာဖြစ်တော့ Therapy ယူရပါတယ်။ Therapists တွေနဲ့ ကြိမ်ဖန်များစွာတွေ့ရပါတယ်။ ဗမာလိုတော့ ဆေးဝါးမဲ့ကုထုံးဆရာတွေလို့ ခေါ်တယ်မှတ်ပါတယ်။ များသောအားဖြင့် စိတ်ရှည်တတ်တဲ့လူတွေပါ။ သူတို့နည်းက စိတ်ဝေဒနာရှင်ကို နည်းနည်းမေးပြီး ပြောချင်စိတ်ပေါ်လာအောင် ဆွပေးတာမျိုးပါ။ အဲ့လိုဆွရင်း လူနာ့စိတ်အဇ္ဈတသဏ္ဍန်တွေ၊ အကြိုက် မကြိုက်တွေ၊ ဝေဒနာတွေ စတာတွေကို သိအောင်အရင်ကြိုးစား၊ နောက်မှ စိတ်ပညာရှင် Psychologist နဲ့တိုင်ပင်ပြီး လူနာကို နှစ်သိမ့်ဆွေးနွေးတာလုပ်ပါတယ်။ ဒါကို Counseling လို့ဆိုပါတယ်။ စိတ်ရောဂါအထူးကုဆရာဝန် Psychiatrist ကတော့ ဆေးဝါးညွှန်းပေးတာ ဆေးသောက်ဆေးစားခိုင်းတာလုပ်ပါတယ်။

ဒီမှာ ကျနော်ပြောချင်တာက အမေရိကန်ဖွား ဂျာမန်အမျိုးသား ဆေးဝါးမဲ့ကုထုံးဆရာတယောက်အကြောင်း ဖြစ်ပါတယ်။ နာဇီဇာတ်ကားတွေထဲ သွေးအေးအေးနဲ့ရက်စက်တတ်တဲ့ အေးစက်စက် မျက်လုံးပြာပြာများပိုင်ရှင်ပါ။ ပြာတဲ့အပြာကလည်း ကြည်တောက်ပြီးကို ပြာနေတာပါ။ မျက်လုံးအိမ်ရဲ့ ဟိုးအနောက်ထဲအထိ လှမ်းမြင်ရတော့မတတ်ကို ကြည်တောက်နေတာပါ။ နှုတ်ခမ်းပါးပါး ပိပိရိရိနဲ့ မေးရိုးလည်း အလွန်တိကျသပ်ရပ်ပါတယ်။ နှုတ်ခမ်းတွေမှာ အပြုံးနည်းပါတယ်။ တင်းတင်းစေ့ထားတာ များပါတယ်။ သိတ်ရီစရာတွေ့ရင်တောင်မှ နှုတ်ခမ်းထောင့်ကွေးရုံလေး ပြုံးပါတယ်။ သွားပေါ်အောင်ပြုံးတာ တခါမှမတွေ့ဖူးသလို ဟက်ဟက်ပက်ပက် ရီတာလည်း တကြိမ်မှမကြုံဖူးပါ။ အသားကလည်း ဂျာမန်ဖြူ ဖြူပါတယ်။ အလုံးအဖန်ကလည်း ပါးလှပ်လှပ်ပါ။ ထိုင်ရင် တောင့်နေအောင်ထိုင်ပြီး လမ်းလျှောက်ရင် စာရွက်ဖိုင်လ်ကို ဂျိုင်းကြားညှပ်ကာ လက်ကိုဟန်ပါပါလွှဲရင်း တင်းတင်းရင်းရင်း လျှောက်ပါတယ်။ ရုပ်ရှင်ထဲက နာဇီစစ်ဗိုလ်တွေ လျှောက်နည်းကားလို့ ထင်ချင်စရာပါ။ သာမန်အချိန်တွေမှာ ဘာခံစားချက်မှမရှိတဲ့ ဗြောင်တလင်းဖြစ်နေတဲ့ မျက်နှာမျိုးနဲ့ပါ။ လူနာကိုကြည့်လိုက်ရင် သူ့မျက်လုံးပြာပြာစူးစူးတွေဟာ ကိုယ့်စိတ်ထဲအထိ ဖေါက်ဝင်သွားသလိုမျိုး ခံစားရပါတယ်။ သူနဲ့မျက်လုံးချင်းဆိုင်ပြီးကြည့်ရတာ အတော် စိတ်မသက်သာစရာ ဖြစ်ပါတယ်။ ကြည့်နေရင်း စိတ်ထဲကျောချမ်းသလိုလည်းဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ဟန်ပန်အမူအယာတွေနဲ့ သူ့နှုတ်ထွက်စကားသံဟာ လုံးလုံးကို ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဝိရောဓိဆန်ပါတယ်။ စကားသံဟာ အင်မတန်နုနုညံ့ညံ့နဲ့ ပြေပြေပြစ်ပြစ်ရှိပြီး နားထဲကို စမ်းရေလိုစီးဝင် စိမ့်ဝင်သွားစေတာမျိုးပါ။ တမင်ဟန်လုပ်ယူထားတဲ့အသံမဟုတ်မှန်း အလွန်သိသာပါတယ်။ သူ့ပင်ကိုယ်အသံကို၌က လူတဘက်သားကို နှစ်သိမ့်မှုရစေတဲ့အသံမျိုးပါ။ ဖျောင့်ဖြပေးတဲ့ အသံစီးဆင်းမှုမျိုးပါ။ အသံလုံး သိတ်မကြီးသလို စူးရှရှလည်းမဟုတ်ပါ။ မသြတသြအသံမျိုးပါ။ တကယ်လို့များ လူမမြင်ရရင် အင်မနတ်နှုတ်ချိုပြီး ကြင်နာစိတ်လွှမ်းတဲ့ သူတော်စင်တယောက်များ ပြောနေသလားတောင် ထင်ချင်စရာပါ။ စကားလုံး အခက်တွေကို ဘယ်တော့မှမသုံးပါ။ လူနာကို နှုတ်ဆက်ရင်လည်း မပြုံးပေမယ့် တလေးတစားနှုတ်ဆက်ပါတယ်။

သူ့မှာ ထူးခြားတာက အမေးနည်းတာဖြစ်ပါတယ်။ အပြောလည်း မများတတ်ပါ။ တချို့ဆရာတွေကျတော့ မေးခွန်းတွေ တရစပ်မေး၊ တဘက်သား နားဝင်မှန်းမသိ ဘာမသိ၊ နားထောင်ချင်မှန်းမသိ ဘာမသိ ပြောလိုရာတွေပြော၊ သြဝါဒဆန်ဆန်တွေပေးလိုပေး ပေးတတ်ပါတယ်။ သူနဲ့တော့ အတော့်ကိုခြားနားပါတယ်။ သူက လူနာနဲ့နှုတ်ဆက်ပြီးတာနဲ့ ကဲ..ဒီနေ့ ငါလာတာ မင်းပြောတာတွေ နားထောင်ဖို့ပဲ။ မင်းစိတ်ထဲရှိတာ၊ မင်းခံစားနေရတာတွေ ငါ နားထောင်ချင်ပါတယ်လို့ အစချီပြီး စကားစ စတည်ပါတယ်။ လူနာပြောတာမှန်သမျှကို လုံးစေ့ပတ်စေ့ စိတ်ဝင်တစား နားထောင်ပါတယ်။ သိချင်လွန်းမက သိချင်လွန်းတဲ့နေရာမျိုးမှ ခွင့်တောင်းပြီး ဖြတ်မေးပါတယ်။ များသောအားဖြင့်တော့ လူနာ့မျက်နှာအမူအယာနဲ့ မျက်နှာကဖော်ပြချက်တွေကို လိုက်ဖတ်နေသလိုမျိုးဖတ်နေတာပါ။

တနေ့တော့ ကျနော်နဲ့ပြောရင်း သူက "မိန်းမတွေဟာ အိမ်ထောင်ရေးဒုက္ခတွေ၊ အဆင်မပြေမှုတွေ၊ အကောင်းအဆိုးလောကဓံတွေကို ယောက်ျားတွေထက် ပိုခံနိုင်ရည်ရှိတယ်လို့ မင်းထင်လား။ ထင်တယ်ဆိုရင်ရော အဲ့ဒီ စိတ်ခံနိုင်ရည်နဲ့ခွန်အားကို ဘယ်ကရတယ်လို့ထင်လဲ"လို့ မေးပါတယ်။ "ပိုခံနိုင်ရည်ရှိတယ်လို့တော့ ထင်တာပဲ။ ဒါပေမယ့် အဲ့ဒီစိတ်ခံအားကို ဘယ်ကနေဘယ်လိုရတယ်တော့ မပြောတတ်ပါဘူး၊ နောက်ပြီး ခံနိုင်ရည်ဆိုတဲ့နေရာမှာ တယောက်နဲ့တယောက် ဒီကရီလည်းမတူနိုင်ဘူး ထင်တာပဲ။ ယေဘုယျသဘောမှန်ပေမယ့် ခြွင်းချက်လည်းရှိနိုင်တာပဲ။ မပြောတတ်ပါဘူးကွာ၊ မင်းပြောပြပေါ့"ဆိုတော့ "အတင်းပြောတာဟာ သူတို့ စိတ်ခံနိုင်ရည်ကိုတိုးလာစေပြီး စိတ်ခွန်အားကိုလည်း ဖြည့်ပေးတဲ့အရာဖြစ်တယ်၊ သူတို့ အိမ်ထောင်ရေးမှာ အဆင်မပြေတာတွေ၊ ဒုက္ခသုက္ခတွေအတွက် သူတို့မှာ ပြောပြစရာရင်ဖွင့်စရာရှိတယ်၊ လင်သားမဟုတ်တဲ့ တစိမ်းယောက်ျားကိုတော့ သူတို့မပြောပြချင်ဘူး၊ တကယ်လို့ ပြောပြတယ်ဆိုရင်လည်း အဲ့ဒါ တခြားရည်ရွယ်ချက်တခုခု ရှိနေလို့ပဲ။ သူတို့စကားကိုနားထောင်ပေးမယ့် စာနာနားလည်မှုပေးနိုင်မယ့်၊ ဖြေသိမ့်စရာပေးနိုင်မယ့် သူတို့လို ဘဝတူ၊ ခံစားချက်တူသူ အခြားအမျိုးသမီးတွေနဲ့ သူတို့ ခံစားနေရတာတွေကို ရင်ဖွင့်မယ်၊ သူတို့အိမ်ထောင်ဘက်ရဲ့ အဆိုးတွေကိုပြောပြမယ်၊ သူတို့ ဖြစ်စေချင်တာကို တောင့်တောင့်တတပြောပြမယ် စသည်ဖြင့်ပေါ့ကွာ၊ အဲ့သလို ပြောလိုက်လို့ ရင်ဖွင့်လိုက်ရလို့ဆို သူတို့စိတ်မှာပေါ့ပါးပြီး နေလို့ထိုင်လို့ကောင်းသွားတယ်၊ ဒါကို တချို့ကတော့ မိန်းမတွေဟာ လင်မကောင်းကြောင်း၊ သူတို့ကောင်းကြောင်းတွေ၊ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း၊ အတင်းအဖျင်းတွေပြော၊ အတင်းအဖျင်းတွေနားထောင်နဲ့ အတော်စပ်စုတဲ့ဟာတွေလို့ ပြောတတ်ကြတယ်၊ ဒါ မမှန်ဘူးလို့ ငါထင်တယ်၊ ယောက်ျားတွေလည်း ဒါမျိုးပြောတာပါပဲ။ ဒါကို လူ့သဘာဝလို့ပြောရမှာပဲ၊ ဘာလို့လဲဆိုတော့ လူဟာ စကားပြောတတ်တဲ့သတ္တဝါဖြစ်နေတာအပြင် ပတ်ဝန်းကျင်နဲ့လည်း တနည်းမဟုတ်တနည်းနဲ့ ပတ်သက်ဆက်ဆံနေရတာမဟုတ်လား၊ အဲ့ဒီတော့ ကိုယ်ထိတွေ့ဆက်ဆံနေရတဲ့ဝန်းကျင်က လူတွေအကြောင်းကို အဲ့ဒီဝန်းကျင်မှာပြောလို့မဖြစ်ဘူးလေ၊ ပြောရင် ပြဿနာများမှာကိုး၊ ဒီတော့ တခြားဝန်းကျင်မှာ သွားပြောကြတာမျိုးပဲ၊ မိန်းမတွေလည်း ဒီအတိုင်းပဲ သူတို့လင်သားအပေါ် မကျေနပ်ချက်တွေ စိတ်အခန့်မသင့်တာတွေ ဆန့်ကျင်ဘက်ဖြစ်နေတာတွေ တွေ့တိုင်းဖြစ်တိုင်းသာ လင်သားနဲ့ပြောနေရရင် အချိန်ပြည့် ပြဿနာတွေပေါ်ရုံမက လူချင်းပါ ထထသတ်နေရမှာကိုး၊ ဒီတော့ ကိုယ်နဲ့တူရာ အဝန်းအဝိုင်းလေးတခုဖန်တီးပြီး ကိုယ့်ခံစားချက် သူ့ခံစားချက်တွေ ပြောရင်းနားထောင်ရင်း၊ အချင်းချင်း အပြန်အလှန် စာနာနားလည်မှု ကရုဏာသက်မှုတွေ ရယူရင်း စိတ်လက်ပေါ့ပါး သက်သာမှုကိုရသွားကြတာပဲကွ၊ ဒီလို အတင်းတခါပြောပြီးတိုင်း အရင်ရှိနေတဲ့ စိတ်ဒုက္ခတွေ အထိုက်အလျှောက် ဖယ်ချခါချလိုက်တော့ စိတ်ဝန်ပေါ့သွားတာပေါ့၊ စိတ်မှာလည်း မကျေနပ်မှုတွေ လျော့သွားတော့ နောက်တွေ့လာမယ့် ဒုက္ခသုက္ခတွေအတွက် ကွက်လပ်ဖြစ်ကျန်တာပေါ့၊ အဲ့ဒီတော့ နောက်တွေ့မယ့်ဒုက္ခတွေကို ထည့်လှောင်ထားစရာ ရှိတာပေါ့လေ၊ ကွက်လပ်မကျန်လို့ အတင်းထပ်ထပ် ဖြည့်သိပ်ထည့်ရင် မဆန့်မပြဲတွေ မနိုင်ရင်ကာတွေဖြစ်ပြီး ပေါက်ကွဲထွက်ကုန်မှာပေါ့လေ၊ အကောင်းထက် အဆိုးတွေ ပိုများလာမှာပေါ့၊ ဒါ့ကြောင့် အတင်းပြောတဲ့နည်းနဲ့ စိတ်ဒုက္ခတွေကိုဖေါက်ထုတ်လိုက် လျှော့ချလိုက်ရင်း ဒုက္ခအသစ်တွေကိုရင်ဖို့ စိတ်ခွန်အားတွေ တိုးလာတာပေါ့၊ ဒါ့ကြောင့် သူတို့ အတင်းပြောတာကို ကိုယ်က နားလည်ပေးရမယ်၊ တခုတော့ ရှိတာပေါ့ကွာ အတင်းပြောတာ လူ့သဘာဝပေမယ့် အလွန်အကျွံ အတင်းအဖျင်းပြောတာမျိုး၊ လူတယောက်နဲ့တယောက်ကြား ပြဿနာဖြစ်အောင် အစထောင်ပေးတာမျိုးတော့ မကောင်းဘူးပြောကွာ၊ အတင်းကို စိတ်ရောနှုတ်ပါ ထိန်းပြီးပြောတတ်ဖို့ပဲလိုတာကွ၊ အဲ့သလို ပြောတတ်ပြီဆို လောကဓံကိုရင်ဆိုင်ရာမှာ အခံရသက်သာတယ်ကွ၊ ဒါ့ကြောင့် အတင်းမှာလည်း ပြောတတ်ခြင်း အတတ်ပညာရှိတယ်ကွ။ ငါတော့ အတင်းကို အတတ်ပညာပါပါပြောမယ်ဆို ယောက်ျားပြောပြော မိန်းမပြောပြော အားပေးပါတယ်၊ မင်းလည်း ခံစားချက်တွေရှိရင် ပြောပြရမယ့်သူရှိရင် နားထောင် စာနာပေးမယ့်သူရှိရင် အတင်းပြောကွာ၊ တခုပဲ ကိုယ့်အိမ်ထောင်ဘက် ဇနီးသည်ကလွဲရင် တခြားမိန်းမတွေကိုတော့သွားမပြောနဲ့ ၊ ယောက်ျားချင်း အတင်းပြောကြပေါ့ကွာ"လို့ပြောပြီး သူ့စကားသူ သဘောကျသလိုမျိုး နှုတ်ခမ်းထောင့်လေးကွေးပြီး ပြုံးနေလေရဲ့။ သူ ဒီတခါ စကားအများဆုံးပြောတာပါ။

ကျနော်ကတော့ ဒါဟာ အတင်းပြောခြင်းအတတ်ပညာများလားလို့ တွေးမိတာပါပဲ။
မျိုးမြင့်ချို(စက်တင်ဘာ ၂၄၊ ၂ဝ၁၈)

သံဃာတော်များအား သခင်သန်းထွန်း၏လျှောက်ထားချက်

0 comments
သံဃာတော်များအား သခင်သန်းထွန်း၏ လျှောက်ထားချက်
မန္တလေးမြို့ နေပြည်တော်အဖွဲ့ချုပ်
နာယကဆရာတော်သံဃာတော်များထံ
၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် (သောကြာနေ့)
ရန်ကုန် ၁၃၀၇ ခု၊ သီတင်းကျွတ်လဆန်း (၁၃) ရက်
ခြေတော်ဦးခိုက် လျှောက်ထားပါသည်။ တပည့်တော်ကိုယ်တိုင် အလုပ်မအားမလပ်သဖြင့် စာဖြင့် ရေးသားလျှောက်ထားပါသည်။ ခွင့်လွှတ်လိမ့်မည်ဟု ယုံကြည်ပါသည်ဘုရား။

ရန်ကုန်နေပြည်တော်တွင် ဂျပန်များ ထွက်သွားပြီးနောက် နိုင်ငံရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် သံဃာတော်အရှင်မြတ်များ ပါဝင်သည်ကို မတွေ့ရသဖြင့် အထက်ဗမာပြည်ရှိ သံဃာတော်များ၏စိတ်ထဲတွင် မရှင်းမလင်းဖြစ်နေသည်ဟု သိရှိရပါသည်။
အမှန်အားဖြင့် လျှောက်ထားရလျှင် ရန်ကုန်မြို့ကိုမဟာမိတ်တပ်များ သိမ်းပြီးနောက် တပည့်တော်တို့ ရောက်သည့်အခါကစ၍ သံဃာတော်များအား နိုင်ငံရေးအခြေအနေ လျှောက်ထားခြင်း၊ ကုန်သည်အသင်း၊ ကျောင်းဆရာအသင်းစသော အဖွဲ့အသင်းများကို လှုံ့ဆော်ပေးခြင်း စသည်တို့ ပြုလုပ်ခဲ့ပါသည်။ ဤကဲ့သို့ ဆောင်ရွက်ကြသဖြင့်လည်း နိုင်ငံရေးအသက်ပြန်ဝင်လာသည်ဟု လျှောက်ထားရပါမည်။

ရန်ကုန်မြို့တော်တွင် ဂိုဏ်းပေါင်းစုံ မဟာသံဃာ့အဖွဲ့ချုပ်၊ ပြည်သူ့လွတ်လပ်ရေးသံဃာ့အဖွဲ့ချုပ်ဟူ၍ ရှိပါသည်။ ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့ချုပ်မှာ လွန်ခဲ့သောခေတ်အခါက ဖွဲ့စည်းထားသော သံဃာ့အဖွဲ့ ဖြစ်ပါသည်။ တပည့်တော်သိရသလောက် စည်းမျဉ်းမှာ အလွန်ကျနပြီး စည်းစည်း လုံးလုံးရှိသည်ဟု သိရပါသည်။

ပြည်သူ့လွတ်လပ်ရေးသံဃာ့အဖွဲ့ချုပ်မှာ ဂျပန်လက်ထက်က တိတ်တိတ်ပုန်းဖွဲ့စည်းသော အဖွဲ့ချုပ်ဖြစ်ပါသည်။ ဂျပန်တော်လှန်ရေးကို လျှို့ဝှက်စွာ ကူညီဆောင်ရွက်ခဲ့သောအဖွဲ့ဖြစ်ပါသည်။
ဂျပန်ခေတ်က အလုပ်သဘောချင်းမတူသော အဖွဲ့၊ ၎င်းအပြင် ဗြောင်ဖွဲ့ထားသော အဖွဲ့၊ တိတ်တိတ်ပုံးဖွဲ့သော အဖွဲ့ဟူ၍ သီးခြားခြားနားသော အဖွဲ့ ဖြစ်ပါသည်။ ဤနှစ်ဖွဲ့ကို တဖွဲ့တည်းဖြစ်အောင် တပည့်တော်တို့က ကြိုးစားခဲ့ပါသည်။ အောင်မြင်သင့်သလောက် မအောင်မြင်သေးပါ။ တပည့်တော်၏ သဘောမှာ -
(က) သံဃာ့တော် အရှင်မြတ်များသည် တစည်းတလုံးတည်း ရှိသင့်ပါသည်။
(ခ) သံဃာတော်များအဖွဲ့ချုပ်အနေနှင့် တဂိုဏ်းတဖွဲ့ကိုအားပေးခြင်း မပြုသင့်ပါ။
(ဂ) သံဃာတော်များအဖွဲ့ချုပ်အနေနှင့် သာသနာကိစ္စများ၊ သာသနာသန့်ရှင်းရေးကိစ္စများကို အထူးကြိုးစားသင့်ပါသည်။
(ဃ) တိုင်းပြည်လွတ်လပ်ရေး၊ ပြန်လည်ထူထောင်ရေး စသော အများနှင့်ဆိုင်သောကိစ္စများတွင် တပည့်တပန်းများအား သင့်လျော်သော ဩဝါဒများပေးသင့်သည်ဟု ယူဆပါသည်ဘုရား။

နိုင်ငံရေးလုပ်ငန်းမှာ ရှေးအခါက အရှင်ဘုရားများ သိတော်မူသည့်အတိုင်း မသန့်ရှင်းသောလုပ်ငန်းဖြစ်သည့်အတိုင်း တဂိုဏ်းတဖွဲ့ အနေနှင့်ကား အားပေးရန်မသင့်ပါ။ သို့ရာတွင် ယခုအခါ နိုင်ငံရေးမှာ လန်းလန်းဆန်းဆန်းရှိပြီး အတော်ပင် သန့်ရှင်းနေပါသည်။ တတိုင်းတပြည်လုံး ညီညွတ်လိုသောဆန္ဒ၊ ပြာကျနေသောတိုင်းပြည် ပြန်လည်ထူထောင်လိုသောဆန္ဒဖြင့် လွမ်းမိုးလျက်ရှိပါသည်။ ဤကဲ့သို့ သန့်ရှင်းသောလုပ်ငန်းမျိုးကိုကား ဆရာတော်များကအားပေးရန် အထူးသင့်ပါသည်။

ညီညွတ်ရေးဆိုသည့်ကိစ္စနှင့်ပတ်သက်၍ တပည့်တော် ဆက်လက်ရှင်းလင်းလိုပါသည်။ တပည့်တော်သဘောအရ ညီညွတ်ရေးထက် "စည်းလုံးရေး"ဟူသောစကားက ပိုမိုမှန်ပါလိမ့်မည်။

အဖွဲ့အသင်းအပင်းဆိုသည်မှာ အလိုအလျောက်ပေါ်လာခြင်း မဟုတ်ပါ။ ကုန်သည်၊ လယ်လုပ်၊ ကျောင်းသား၊ ကျောင်းဆရာ စသည်ဖြင့် အသက်မွေးမှုကိုအကြောင်းပြု၍ လူအမျိုးအစားကွဲပြားနေသမျှ မိမိတို့ဆိုင်ရာအကျိုးစီးပွားကာကွယ်မည့် အဖွဲ့အစည်းများရှိပေမည်။ ဥပမာ- ကုန်သည်အသင်း၊ ပွဲစားအသင်း၊ ကျောင်းသားအသင်း စသည်တို့ ဖြစ်ပါသည်။ ၎င်းအသင်းများသည် အကျိုးစီးပွားတူသည့်အခါ တွဲလုပ် ကြပါသည်။ မိမိဆိုင်ရာအကျိုးသက်သက်ဆိုလျှင် မိမိတို့ဆိုင်ရာအဖွဲ့အတွင်း လုပ်ကြပါသည်။
နိုင်ငံရေးပါတီဆိုသည်မှာလည်း အမှန်အားဖြင့် တချို့ပါတီသည် ကုန်သည်အကျိုးကိုအဓိကထား၍ ဆောင်ရွက်မည်။ တချို့ါတီသည် လယ်သမားတို့၏အကျိုးကို အဓိကထား၍ဆောင်ရွက်မည်။ သို့ရာတွင် တတိုင်းပြည်လုံးကိစ္စများတွင် ရည်ရွယ်ချက်တခုတည်း အတူတူ လုပ်မည်။

နိုင်ငံရေးပါတီများမရှိရဟုဆိုလျှင် အောင်မြင်မည် မဟုတ်ပါ။ ဗြောင်မလုပ်ရလျှင် တိတ်တိတ်ပုန်းလုပ်ကြပါမည်။ ဂျပန်လက်ထက်က တိတ်တိတ်ပုန်း လုပ်ခဲ့ကြပါသည်။ အဖွဲ့ဆိုင်းဘုတ်မတင်စေကာမူ ကိုယ်အစုလေးနှင့်ကိုယ် ဖြစ်နေမည်ကို မရှောင်နိုင်ပါ။ ဖွဲ့စည်းကြပါသည်။ ကိုယ့်အိမ်နဲ့ကိုယ်နေကြ၊ အရပ်ကိစ္စ ဝိုင်းလုပ်ကြဟူသောသဘောဖြစ်ပါသည်။ အဖွဲ့တွေဖျက်ဆိုလျှင် နာမည်လောက်ဖျက်ဆိုလျှင် နာမည်လောက်ဖျက်ပြီး တိတ်တိတ်ပုန်းခြေထိုးသောအလုပ်များ ပိုလာမည်ကား မလွဲပါ။

ယခုဆိုလျှင် -
(က) စစ်အုပ်ချုပ်ရေး ရပ်ဆိုင်းရေး၊
(ခ) ယာယီအမျိုးသားအစိုးရ ရရှိရေး၊
(င) ရွေးကောက်ပွဲ ပြုလုပ်ရေး
(ဃ) တိုင်းပြည်ပြုလွှတ်တော်ရရှိရေးတို့တွင် အဖွဲ့ပါတိုင်း အားကြိုးမာန်တက်ဆောင်ရွက်နေကြပါသည်။ စီးပွားရေးအားသန်သောပါတီသည် စီးပွားရေးဆောင်ရွက်၍၊ လယ်သမားအရေးအားသန်သောပါတီသည် လယ်သမားအရေးဆောင်ရွက်ပါသည်။ လယ်ပိုင်ရှင်နှင့် လယ်သမား ပဋိပက္ခဖြစ်ခဲ့သော် စေ့စပ်ဆောင်ရွက်ကြရန်လည်း သဘောထားရှိကြပါသည်။

သို့ဖြစ်၍ အဖွဲ့များ၏စည်းလုံးရေးမှာ အောင်မြင်နိုင်ပါသည်။ သံဃာတော်များ နိုင်ငံရေးမလိုက်ရဟူ၍ တပည့်တော် ကြေညာချက်ထုတ်သည်ဟု အချို့ဆရာတော်များ နားပေါက်သည်ဟု သိရပါသည်။
တပည့်တော် ဤကဲ့သို့ကြေညာစာတမ်းမျိုး ထုတ်ခဲ့ဖူးသည်ဟု အမှတ်မရပါ။ တပည့်တော်ပြောသည့် စကားအချို့ကို အကြားလွဲသူတို့က တမျိုးပြောချင်လည်း ပြောစရာရှိပါသည်။

(က) နိုင်ငံရေးတွင် ဗမာ၊ ကရင်၊ ရှမ်းတို့ ပါသည်။ ဗုဒ္ဓဘာသာ၊ မွတ်ဆလင်၊ ခရစ်ယာန်တို့ပါသည်။ သို့ဖြစ်၍ နိုင်ငံရေးလုပ်ငန်းမှာ လူတမျိုး သို့မဟုတ် ဘာသာတမျိုးတည်း၏ လုပ်ငန်းမဟုတ်။
(ခ) လူမျိုးစုံ ဘာသာစုံပါဝင်သောလုပ်ငန်းတို့တွင် ဗုဒ္ဓဘာသာကိစ္စကိုချည်းပြောလျှင် အခြားလူမျိုး၊အခြားဘာသာတို့ကို ထိခိုက်စရာရှိသည်။
(ဂ) သို့ဖြစ်၍ ဗုဒ္ဓဘာသာကိစ္စများ ဆောင်ရွက်စရာရှိလျှင် သန့်သန့်ဆောင်ရွက်သင့်ပေသည်။ လူမျိုးစုံ၊ ဘာသာစုံပါဝင်သောအဖွဲ့ သို့မဟုတ် လုပ်ငန်းအားဖြင့်ဆောင်ရွက်ရန် မသင့်။
ဃ) သို့သော် တိုင်းပြည်ကိစ္စမှာ သံဃာတော်များ လျစ်လျူရှုမထားနိုင်သဖြင့် ဗုဒ္ဓဘာသာကိစ္စတခုတည်းသဘောမျိုး မဟုတ်ဘဲ ဒကာဒကာမ အကျိုး ရည်စူး၍ တတ်စွမ်းသမျှဩဝါဒပေးသင့်သည်။ ကူညီသင့်သည်။
တပည့်တော်အယူအဆမှာ သည်အတိုင်းဖြစ်၍ ဒီအတိုင်းပြောတတ်သည်ကို အဓိပ္ပါယ်ကောက်လွဲခြင်း ဖြစ်ပါလိမ့်မည်။

တပည့်တော်အတွေ့အကြုံအရ အောက်ဗမာပြည်နှင့် အထက်ဗမာပြည်မှာ မတူပါ။ အထက်ဗမာပြည်၌မူ သံဃာတော်များနှင့် ဒကာ၊ဒကာမ များမှာ အထူးနီးစပ်ပါသည်။ အောက်ဗမာပြည်နှင့် မတူပါ။ တိုင်းပြည် ပြန်လည်ထူထောင်ရေးတွင် ဒကာ၊ဒကာမများအား ကူညီရန် ပိုမို တာဝန်ကြီးပါသည်။ ဒကာ၊ ဒကာမများကိုလျှစ်လျူရှုရန် မဖြစ်နိုင်ပါ။ သို့ဖြစ်၍ အထက်ဗမာပြည်၌မူ အောက်ဗမာပြည်မှာထက် သံဃာတော် အရှင်မြတ်များသည် နိုင်ငံပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ပိုမိုပါဝင်ဆောင်ရွက်ကြရမည်။

တပည့်တော် နိုင်ငံရေးဟူသောစကားကို မသုံးလိုပါ။ နိုင်ငံလွတ်လပ်ရေး၊ နိုင်ငံပြန်လည်ထူထောင်ရေးဟူသောစကားသာ သုံးလိုပါတယ်။ နိုင်ငံရေးဆိုလျှင် တဂိုဏ်းတပါတီကိုအားပေးလျှင် ယခင်လွှတ်တော်နိုင်ငံရေးများကို သတိရစရာ ဖြစ်ပါသည်။ ဤကဲ့သို့ ခြေရှုပ်သော နိုင်ငံရေးများတွင်ကား သံဃာတော်များပါဝင်ထိုက်သည်ဟု တပည့်တော် မယူဆပါ။

ရခိုင်ပြည်တွင် ဦးပညာသီဟကိုယ်တော်သည် ဂျပန်တော်လှန်ရေးတွင် ခေါင်းဆောင်သည့်လုပ်ငန်းမျိုးကိုကား တပည့်တော် သဘောကျ ပါသည်။
တပည့်တော်၏သဘောအတိုချုပ်မှာ ခြေရှုပ်သောနိုင်ငံရေး၌မပါပဲ သန့်ရှင်းသောနိုင်ငံရေးတွင်ပါဝင်ရန် ဖြစ်ပါသည်။
သန့်ရှင်းသောနိုင်ငံရေးလုပ်လျှင် ပြာကျနေသောတိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်မည်။ စီးပွားရေးတိုးတက်မည်။ တိုင်းပြည်သာယာမည်။ သို့မှသာလျှင် ရေမြင့်မှကြာမြင့်စကားကဲ့သို့ သာသနာတော်လည်း သန့်ရှင်းစရာရှိပါသည်။
တပည့်တော် ဤမျှအကျိုးအကြောင်း လျှောက်ထားသည်မှာ ရှင်းလင်းပြီဟုယူဆပါကြောင်း အဆုံးသတ်လျှောက်ထားပါသည် ဘုရား။
သန်းထွန်း၊ အတွင်းရေးမှူး
ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်
ရန်ကုန်
ရည်ညွန်း:
သခင်သန်းထွန်းမိန့်ခွန်းပေါင်းချုပ် ၊ ယဉ်ထွန်း (ယဉ်မျိုးစာပေ)၊ အမှတ် ၂၇၄ B၊ လမ်း ၄၀၊ အပေါ်လမ်း၊ ကျောက်တံတားမြို့နယ်၊
တန်ဖိုး ၃၅၀၀ ကျပ်

Sunday, September 23, 2018

သက်တန့်ရောင်(လူထုဒေါ်အမာပြန်ဆိုသည်)

0 comments
ဝန်ဒါဝါစီလုစ်ကား ရေးသော Rainbow ဝတ္ထုအား သက်တန့်ရောင်အမည်ဖြင့် ဒေါ်အမာပြန်ဆိုသည့်စာအုပ်မှ သခင်သန်းထွန်း၏အမှာစာ။

လူတို့သည် ခေတ်(အခက်)ကိုမကြိုက်။ အလွယ်ကိုကြိုက်၏။ ရှေး ရရကန် အဲအန်တို့ဖြင့် အတွေ့အကြုံကိုဖော်ထုတ်ကြ၏။ သို့ရာတွင် ဤနည်းကားမလွယ်။ အတော်စဉ်းစားယူမှ အဓိပ္ပါယ်ပေါက်၏။ ပညာကို လူတစုလက်တွင်းက မလွတ်စေရဟူသော ထိုခေတ်အခါ၌စာကို မခက်ခက်အောင် ရေးရပေမည်။

လူထုသည် နိုးကြားလာခဲ့၏။ လူထုအသိဉာဏ် ပညာစသည်တို့ ရောက်ရတော့မည်။ ထိန်းထား၍မရတော့။ အသိဉာဏ်ပညာတို့ကို လူထုအားပေးရာ၌ လူထုကနားလည်သောစကား၊ လူထုကနားလည်သော အသုံးအနှုန်းနှင့် ပေးရမည်။ ကွီနိုင်းဆေးခါးကိုပင် သကာအုပ်ပြီး ကျွေးရမည်။ သို့မှာသာ လူထု၏ဦးနှောက်အတွင်းသို့ အတုံးလိုက်အတစ်လိုက်မဝင် တစိမ့်စိမ့်နှင့်အရသာကို ခံစားရပေမည်။

လူထုသည်ကား ပိဋကတ်အိုးကွဲများမဟုတ်ကြ။ သူတို့သည် အလွယ်နှင့်အရသာခံစားလို၏။ ဝတ္ထုကား များစွာစဉ်းစားနေစရာမလို။ အလွယ်တကူ လိုသလိုအရသာခံနိုင်၏။ လူ့လောကအတွေ့အကြူံတို့ကို လူထုအားသိစေလိုလျှင် ဝတ္ထုအားဖြင့် ဖြန့်ဖြူးရပေမည်။ ဝတ္ထုသည် တကဲ့အဖြစ် တကဲ့အတွေ့အကြုံများကို ဖော်ပြ၏။ လောကဇာတ်ခုံတွင် နေ့စဉ်နှင့်အမျှတွေ့ရသည်တို့သည် ဝတ္ထုတည်းဟူသောမှန်တွင် အားလုံးလာ၍အရိပ်ထင်၏။ ဝတ္ထုသည် တကဲ့အဖြစ်ကိုမဖော်တတ်လျှင် ဝတ္ထုမဟုတ်တော့။ စာလုံးတွေ စီထားခြင်းသာဖြစ်၏။ ဝတ္ထုသည် တကဲ့အဖြစ်ကိုဖော်ထုတ်နိုင်ရန် ဝတ္ထုရေးဆရာကိုယ်တိုင်က တွေ့ဘူးဖို့လို၏။

လွန်ခဲ့သော ၁ဝ နှစ်ခန့်က”ဇဝန”သည် ဝတ္ထုတိုတပုဒ်ကိုရေးဖူး၏။ ထိုအခါက ”ဇဝန” အရက် မသောက်တတ်သေး။ ထိုဝတ္ထုတွင် ဇာတ်လိုက်တဦး ထမင်းစားပြီးအရက်သောက်ပုံ၊ အရက်သောက်ရာတွင် နည်းနည်းတောင်မဟုတ် ခွန်နှစ်ပုလင်းကုန်အောင်သောက်ပုံ စသည်တို့ကို ရေးထား၏။ နောက် အတွေ့အကြုံများသည့်အခါ သည်လိုမဟုတ် ငါအရင်ကရေးတာတွေဟာ ရီစရာကြီးတွေပါလားဟု ပြောဘူး၏။

ဉာဏသည် ငယ်ငယ်(၁၅)နှစ် (၁၆)နှစ်သားက အိမ်မှထွက်ပြေးပြီး ရှမ်းပြည် နမ္မတူဘက်ရောက်ခဲ့၏။ ဒုက္ခတွေအမျိုးစုံတွေ့ခဲ့ရ၏။ ထို့နောက် သူပဌမဆုံးရေးသော(ကြည်တော်မူ)ဝတ္ထုမှာ လူငယ်တယောက် နမ္မတူပြေးပုံ ဘယ်လောက်ဒုက္ခတွေ့ရပုံ စသည်တို့ပါ၏။ တကဲ့အဖြစ်တွေ ရေး၍ တကယ်ကောင်း၏။ သို့ရာတွင် ထိုအထိသာကောင်း၏။ ဝတ္ထုတွင် ထိုသူငယ်သည် ရီးစားနှင့်တွေ့၏။ မည်ကဲ့သို့(ကြည်တော်မူ) ကြသည်ကို ပါလာ၏။ ထိုအခါ ဉာဏ ရီးစားမထားဘူးသေး။ ဤအအခန်းသို့ရောက်လျှင် ဝတ္ထုအရသာပျက်သွားတော့၏။

ဤခေတ်ကား ပြောက်ကြားခေတ်ဖြစ်၏။ ပြောက်ကြားဝတ္ထုတွေ တပုံကြီးပေါ်နေ၏။ ရေးသူတို့က တကယ် ပြောက်ကြားတိုက်ပွဲများတွင် ပါဝင်သူများလား မသိရ။ သူများပြန်ပြောတာတွေ ရေးသည်လားလည်း မသိရ။ များသောအားဖြင့် တကဲ့အဖြစ်ဘဝတွေနှင့် ကွာနေသည်ကို တွေ့ရ၏။ ဂျပန်ခေတ် သုံးနှစ်စလုံး ရန်ကုန်တွင်အမြဲနေသူများ ဤဝတ္ထုမျိုးကိုရေးလျှင် ရှော်ရွှတ်ရွှတ် အမြဲဖြစ်လိမ့်မည်။ နယ်တွင် ဂျပန်ဖက်ဆစ်တို့၏အနှိပ်စက်ခံရပုံကို ရန်ကုန်သားတို့ မကြုံဘူးကြ။ တောကလူတွေ ပြောက်ကြားစစ်ဆင်ပုံကို ရန်ကုန်ကလူတွေ နက်နက်နဲနဲ မသိကြ။ သို့ကြောင့်လည်း ပြောက်ကြားဝတ္ထုတွေမှာ ဟာတာတာဖြစ်နေတော့၏။ တကယ် အနှိပ်စက်ခံရသည်တို့ကိုတွေ့ကြုံမှ တကယ် ပေါ်အောင်ရေးနိုင်ပေသည်။

ဆိုဗီယက်ယူနီယံသည် ၁၉၄၁ ခု ဇူလိုင်လ ၂၂ ရက်နေ့တွင် ဂျာမန်နာဇီတို့၏ ကျူးကျော်တိုက်ခိုက်ခြင်းခံခဲ့ရ၏။ တပ်နီတော်သားများလည်း ဆုတ်ခံ ခံရင်း ဆုတ်ကြရလေသည်။ ဂျာမန်တို့လွှမ်းမိုးသောနယ်များ ရွာများမှာ ဒုက္ခကြီးစွာရောက်ကြရပေသည်။ သို့သော် စိတ်အားမလျှော့ လက်နက်နှင့်ဖိနှိပ်သည့်အထဲမှ ပြောက်ကြားစစ်ဆင်ခြင်းသည် တိုးထွက်လာခဲ့သည်။ ပြောက်ကြားတို့အထဲတွင်ပါဝင်သော ဆိုဗီယက် အမျိုးသမီးများ၏လုပ်ငန်းကား ကမ္ဘာ့ရာဇဝင်မော်ကွန်း တင်လောက်ပေသည်။

သို့သော် ပြောက်ကြားလုပ်ငန်းများကို နှံ့နှံ့စပ်စပ်သိသူ ပိုလန်သူ(ဝန်ဒါဝါစီလုစ်ကား)သည် “သက်တန့်ရောင်”ဟူသော ဝတ္ထုကိုရေးခဲ့၏။ ဝတ္ထုရေးသူမှာ မိန်းမဖြစ်ရကား အမျိုးသမီးပြောက်ကြားလုပ်ငန်းကို ပိုမိုပေါ်လွင်အောင် ရေးနိုင်ခဲ့ပေသည်။ ရန်သူ့လက်ချက်ဖြင့် ကျဆုံးသော သားကို သင်္ဂြီုဟ်ခွင့်မှ မရသောမိန်းမကြီး ဖီဒိုရှား၊ ပြောက်ကြားလုပ်ငန်းလုပ်ရာမှ မီးဖွားရန်ပြန်လာရင်း အဖမ်းခံရပြီး လံစွပ်နှင့် တစွပ်စွပ် အထိုးခံနေရသော ကိုယ်ဝန်သည် အိုလီနား၊ အသတ်ခံရသော သားငယ်၏အလောင်းကောင်ကို အစောင့်အထပ်ထပ်ကြားထဲမှ ရေခဲပုံ အမျိုးမျိုးကို ဂုံးပိုး၍ သယ်ခဲ့သောမာလာယု၊ အဖမ်းခံရသော်လည်း ပမာမထား ကလေးတွေကို သူငယ်ချင်းနဲ့ ပစ်ထားခဲ့သောမာရီယာ၊ လင်အဖမ်းခံရသော်လည်း အလုပ်မပျက်သော အောဆစ်၏မိန်းမ….သူတို့၏မျိုးချစ်စိတ်ကား ရေး၍မကုန်နိုင်။

အမျိုးကိုသစ္စာဖေါက်ကာ ဂျာမန်စစ်ဗိုလ်နှင့် ပျော်မွေ့သောမိန်းမယုတ်ပတ်စရာနှင့် ယှဉ်သည့်အခါမှ ရုရှားမယ်မျိုးချစ်တို့၏ စိတ်ဓာတ်မှာ အံ့မခန်းဖြစ်လာတော့၏။ သူတို့၏ဇွဲသတ္တိအမျိုးမျိုးကို အဘက်ဘက်မှလှဲ့ပြီး ပေါ်အောင်ရေးနိုင်သည်ကား တကယ်တွေ့ကြုံခဲ့သော ဝမ်ဒါဝါစီလုစ်ကား၏ အစွမ်းဖြစ်တော့၏။ ကမ္ဘာ့ရာဇဝင်တွင် တခေတ်မှ တခေတ်ပြောင်းကာနီး အသဲဖိုဖိုနှင့်နေရသောအချိန်အခါမျိုး၌ အတွင်းမှတွန်းကန်လျှက်ရှိသော စိတ်ဓာတ်ကို၎င်း၊ ခေတ်တခေတ်ကို ပြောင်းလဲစေသောသတ္တိ သို့မဟုတ် ပျက်စီးစေသောသတ္တိကို၎င်း၊ ယထာဘူတမှန်ကန်အောင် ရေးထားသောစာပေတို့ထက် သီချင်းတို့က ပိုမိုထင်ရှားစွာ ဖော်ထုတ်နိုင်ခဲ့ပေသည်။

အမေရိကန်ပြည်တွင် ၁၈၆၀ ခုနှစ်ကျော်အတွင်း အဗရာဟင်လင်ကွန်းကြီးမှူးသော ကျေးကျွန်တိုက်ဖျက်မှု တော်လှန်ရေးသည် ဖြစ်ပေါ်ခဲ့၏။ ပြည်တွင်းစစ်ဖြစ်ခဲ့၏။ ကူလီကို အခပေးပြီး လွတ်လွတ်လပ်လပ်ခိုင်းလိုသော မြောက်ပိုင်းမှအရင်းရှင်လူတန်းစားနှင့် ကပ္ပလီတို့ကို ငွေဝယ်ကျွန်အဖြစ် ထားရှိလိုသော တောင်ပိုင်းမှလယ်ပိုင်ရှင်လူတန်းစားနှင့် တိုက်ပွဲဖြစ်တော့၏။ ကပ္ပလီကျေးကျွန်တို့ဆင်းရဲပုံကို အန်ကယ်လ်တွမ်ကယ်ဗင် (Uncle Tam’s Cubin)ဟူသောဝတ္ထုက ထင်ထင်လင်းလင်းသိမြင်စေခဲ့၏

၁၇၈၉ ခုနှစ်တွင် ကမ္ဘာ့ရာဇဝင်ကို တခမ်းဖွင့်ခဲ့သော ပြင်သစ်တော်လှန်ရေးဖြစ်ခဲ့၏။ ပြင်သစ်လူမျိုးတို့ဆင်းရဲပုံကို ဗစ်တာဟူးဂိုးရေးသည့် လေးမစ်စရေးဘဲလ် (Les Miserables) က ကွက်ကွက်ကွင်းကွင်း ပေါ်လွင်စေခဲ့၏။

စပိန်ပြည်ကြီးပျက်စီးပုံကို ဒွန်ကွီဆွတ် (Don Quizote)ဝတ္ထုက ဖော်ထုတ်ခဲ့၏။ လူ့အရေးတွင် အတွင်းမှပုပ်နေသောအနာ (The Social Cancer) ဖိလစ်ပိုင် မျိုးချစ်ခေါင်းဆောင်ကြီးရီဇော်ရေးသည့်ဝတ္ထုသည် ဖိလစ်ပီနိုတို့၏မျိုးချစ်စိတ်ဓာတ်ကို သရုပ်ပေါ်စေခဲ့၏။

တီယန်ချွန်(Tien Chun)ရေးသော သြဂုတ်လအတွင်းကရွာတရွာ (Village in August) ဟူသောတရုတ်ဝတ္ထုသည် ဂျပန်ကိုပြန်တိုက်ရေး အတွက် တရုတ်အမျိုးသားတို့ ညီညွတ်မည့်အချိန်တွင်ပေါ်ခဲ့၏။ ၁၉၃၅ ခုနှစ် ဂျပန်တို့ မန်ချူးရီးယားသို့ဝင်သည့်အခါ မန်ချူးတောသားတို့ ကိုယ့်ဖာသာကိုယ်အားကိုးပြီး ဂျပန်ကို ပြောက်ကြားစစ်ဆင်ခြင်းကို ရေးထားသောဝတ္ထုဖြစ်၏။ ဂျပန်တို့အားခုခံတိုက်ခိုက်ရန် တရုတ်မျိုးချစ်စိတ်မီးကို တဟုန်းဟုန်းတောက်စေခဲ့၏။ ဤဝတ္ထုကိုဖတ်သောအချိန် လီယန် မန်ချူးတပ်တို့သည် ချန်ကေရှိတ်ကိုဖမ်းပြီး ကွန်မြူနစ်တို့နှင့် ပူးပေါင်းစေခဲ့၏။ ဤဝတ္ထုရေးသူ တီယန်ချွန်သည် ၁၉၃၇ ခုနှစ်လောက်ကစ၍ ရှန်တုံနယ်တွင် ပြောက်ကြားတပ်များကို ခေါင်းဆောင်ခဲ့ပေသည်။

စတာလင်ဂရက်ကို ခုခံကာကွယ်သူတို့သည် စတာလင်ဂရက်သီချင်း (Sound of Stalingrad)ဆိုရင်း ၄၂-၄၃ ခုနှစ်တွင် စတာလင်ဂရက်မြို့ကို ခုခံကာကွယ်ခဲ့၏။ ဂျာမန်ဖက်ဆစ်တို့သည် စတာလင်ဂရက်တိုက်ပွဲ ရှူံးပြီးသည့်နောက် နာလံမထူတော့။ ဘာလင်တွင် စခမ်းသာသိမ်းသွား ပေသတည်း။

“သက်တန့်ရောင်”သည် စတာလင်ဂရက်သီချင်းနည်းတူ ဆိုဗီယက်မျိုးချစ်စိတ်ကို မီးမွှေးခဲ့၏။ သို့ကြောင့်လည်း ၁၉၄၃ ခုနှစ်တွင် စတာလင်ဆုကို ရခဲ့ပေသည်။

ဝတ္ထုကောင်းတို့မည်သည် ဇာတ်လမ်းကောင်းရုံနှင့်မပြီး၊ အရေးလည်းကောင်းရန်လို၏။

မားဂရက်မီးချယ်မည်သော ဆရာမကြီးသည် လေရူးသုန်သုန် (Gone With the Wind) အမေရိကန်ပြည်တွင်းစစ်ဝတ္ထုကို မကြာမှီက ရေးသားခဲ့၏။ ထိုဝတ္ထုသည် ဖာတ်လမ်းအနေနှင့်သာမဟုတ် စာအနေနှင့်လည်း နမူနာယူထိုက်၏။ ရီးစားထားလိုစိတ်ရှိသော ၁၅ နှစ်အရွယ် အိုဟားရားသူငယ်မသည် အိပ်ယာပေါ်လှဲရင်း မိမိ အတွင်းကြိတ်ပိုးနေသော အယ်ရှလီခေါ်လူပျိုလေးအကြောင်း စိတ်ကူးနေရာ ကျောထဲက စိမ့်လာပုံတွေမှာ ဖတ်သူပါ ရိုးတွင်းချဉ်ဆီက စိမ့်လာအောင်ရေးထားခဲ့၏။ သရုပ်ဖော်ရေးရာတွင် ဤဝတ္ထုမျိုးကား ရှားလှ၏။


သို့ရာတွင် သရုပ်ဖော်ရာတွင် “သက်တန့်ရောင်”က လေရူးသုန်သုန်ထက်မညံ့၊ သာလျှင်ကား သာပေမည်။

သားငယ်၏အလောင်းကိုကြည့်ရန် တိတ်တိတ်ထွက်လာသော ဖီဒိုးရှားခေါ်မိန်းမကြီးသည် အလောင်းကောင်ကို ဒူးထောက်ရင်း ကြည့်နေပုံကို ရေးထားသည်မှာကား ကိုယ်တိုင် အလောင်းအနား ရောက်နေသည်ထင်ရ၏။ ကိုယ်ဝန်သည်အိုလီနားကား ဂျာမန်ပါးကွက်တို့က လှံစွပ်နှင့် တစွပ်စွပ်ထိုးဆွနေပုံမှာ ကိုယ်တိုင်ခံရသလို အသဲကယားလာ၏။

ဤမျှ သဘာဝကျအောင်ရေးခြင်း၏အရသာကို ဖတ်ပြီးရင်းဖတ်မှ အရသာတစိမ့်စိမ့်ရှိလာ၏။

ဤမျှကောင်းအောင် ဝမ်ဒါဝါစီလုစ်ကားသည် အဘယ်ကြောင့်ရေးနိုင်သနည်း။

ဆိုဗီယက်ယူနီယံကို ကျွန်ုပ်တို့နားမလည်ကြ။ သွေးစိမ်းစားဗိုလ်ရှီဗစ်တွေ၊ ယဉ်ကျေးမှုမရှိသူတွေဟု တချို့ကထင်ကြ၏။ သို့ရာတွင် ဗိုလ်ရှီဗစ် တို့ကား ဤကဲ့သို့မဟုတ်ကြ။ ၁၉၁၇ ခုနှစ်မတိုင်မီက တော်လှန်ရေးကိုအဓိကထား အားထုတ်ခဲ့၏။ ၁၉၁၇ ခုနှစ်ကစ၍ လူ့လောကကို အလင်းဆောင်သည်။ ခေတ်သစ်ကို တည်ထောင်ခဲ့ကြလေပြီ။

စာကောင်းပေကောင်းတို့မည်သည် ခေတ်ကောင်းလျှင် ပေါ်စမြဲဖြစ်၏။ ရုရှားစာပေတို့ကိုဖတ်လျှင် ရုရှားတို့၏စိတ်ဓါတ်အသစ်ကို ပိုနားလည်သည်။ နိုင်ငံတကာစာပေဟူသော လစဉ်ထုတ်မဂ္ဂဇင်း (International Literature)ဟူသော လစဉ်ထုတ်မဂ္ဂဇင်းတွင် ဆိုဗီယက်၏ ယနေ့လောကကို အထင်းသားပေါ်စေသော ဝတ္ထုတိုများစွာပါရှိ၏။

“သက်တန့်ရောင်”ဝတ္ထုသည်ကား ထိုလောက ထိုခေတ်မှ ပေါ်ထွက်လာသောဝတ္ထုဖြစ်၏။ ထို့ကြောင့်လည်း ထိုစိတ်ဓာတ်အသစ်များဖြင့် ဖုံးလွှမ်းနေပေတော့၏။

မူလစာ ဘယ်လောက်ကောင်းကောင်း ထိုစာသည် ဘာသာပြန်သူ၏လက်ထဲမှာရှိနေ၏။ ဘာသာပြန်ကောင်းမှ စာ၏အရသာကို ပိုခံစားနိုင်၏။

သခင်ဘသောင်း၏ ဘာသာပြန်များကား အတုခိုးစရာဖြစ်သည်ကို လူတိုင်းဝန်ခံကြရပေမည်။ ပန်းသာမစာဥသည် ဗမာစာပေစာရင်း သွင်းလောက်အောင်ကောင်းသည့် ဘာသာပြန်ဖြစ်၏။

မအမာလည်း ဘာသာပြန်ကောင်း၏။ ဂျဝါဟလာနေရူး၏ သမီးထံပေးစာများကို ခင်မာသီအမည်နှင့် ကြီးပွားရေးမဂ္ဂဇင်းတွင်(လက်တဲ့စမ်း) ဘာသာပြန်ခဲ့၏။ မောရစ်ကောလစ်၏အမှုအခင်းများကို ဘာသာပြန်သည့်အခါ အများကြီးတိုးတက်လာခဲ့၏။

သက်တန့်ရောင် ပြန်သည့်အခါ၌ကား သက်တန့်ရောင်ကို ဝမ်ဒါဝါစီလုစ်ကားရေးသလား မအမာရေးသလား ဖတ်ရင်းဖတ်ရင်း ပြန်စဉ်းစားနေရ ပေသည်။

ဘာသာပြန်ရာတွင် စကားလုံး နှစ်လုံးသုံးလုံး ခတ်ထစ်ထစ်ဖြစ်နေသည်တို့မှာ အကောင်းတွေထဲ မြုတ်၍သာသွားပေတော့သည်။

သန်းထွန်း
(မှတ်ချက် စာလုံးပေါင်းသတ်ပုံ(အင်္ဂလိပ်မြန်မာ) ၂ မျိုးလုံးမှာ မူရင်းအတိုင်းသာဖြစ်ပါသည်။
တွေ့တာနဲ့ယူတာက ဒီနေရာကပါ။ https://www.facebook.com/aungmyint.oo.754?fref=ts
စာရိုက်တာက ကျနော့်အားထုတ်မှုပါ။
ဖတ်လို့နည်းနည်းလေးပဲ အကျိုးရှိတယ်ဆိုတောင် မဆိုးလှပါ။

ကျိန်စာ(မျိုးမြင့်ချို)

0 comments
အာဏာရှင်စနစ်အောက်မှာနေရတဲ့ လူထုရဲ့ ကျိန်စာတိုက်တယ်တို့၊ ငါးလေးတွေ ငှက်လေးတွေလွှတ်တာတို့၊ ဆုတောင်းတယ်တို့ဆိုတာဟာ မုန်းတီးရွံ့ရှာမှုနဲ့ လိုလားတောင့်တမှုကို ငြင်သာတဲ့နည်းနဲ့ အထင်ကရဖော်ပြတဲ့၊ နိုင်ငံရေးလက္ခဏာပါတဲ့ အဖိနှိပ်ခံဘဝ၊ မလွတ်လပ်တဲ့ဘဝကနေ လွတ်မြောက်ရေးအတွက်ရည်ရွယ်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

ကျိန်စာ တကယ်သင့် မသင့်၊ ဆုတောင်းတကယ်ပြည့် မပြည့်က တပိုင်းပါ။ Superstition ဆန်တယ်လို့ ပျက်ရယ်မပြုကောင်းပါ။ စစ်ဗိုလ်တွေ ယတြာချေတာတို့ တြင်းကြေ နဝင်းကြေလုပ်တာတို့ ကက်ကင်းရိုက်တာတို့နဲ့ ထပ်ပြီးတွေးလို့မရပါ။ ဟိုဟာက စစ်အာဏာအတွက်ပါ။ ကိုယ်ကျိုးစီးပွားအတွက်ပါ။ ဖိနှိပ်ထားဖို့အတွက်ပါ။ မှိုင်းတိုက်တဲ့လက္ခဏာပါ။ 

ဒီဟာက လူထုအတွက်ပါ။ အများစုအကျိုးစီးပွားအတွက်ပါ။ ဖိနှိပ်မှုကိုဆန့်ကျင်တာပါ။ စည်းရုံးရေး နည်းနာတခုအဖြစ်သုံးတာမျိုးပါ။ တကယ်ယုံကြည်တာလည်း ပါပါတယ်။ ပါလည်း ကိစ္စမရှိပါ။ မယုံလို့ဖြစ်ဖြစ်၊ အရာမထင်လောက်ဘူး ထင်လို့ဖြစ်ဖြစ်၊ မဝံ့လို့ဖြစ်ဖြစ် ကိုယ်တိုင်မပါဝင်ရင်တောင်မှ စာနာစိတ်ရှေ့ထားပြီး စိတ်ဓာတ်ခွန်အားနဲ့ အားဖြည့်ပေးနိုင်တယ်ဆို ကောင်းပါတယ်။ 

အင်္ဂါသမီးကြီး နေအိမ်အကျယ်ချုပ်ကနေတုန်းက နော်အုန်းလှတို့ ရွှေတိဂုံအင်္ဂါထောင့်မှာ အပတ်စဉ်ဆုတောင်းကြတာ အနုနည်းနဲ့ စစ်အာဏာဖီဆန်တဲ့ပြယုဂ်ပါ။ ခုတော့ အင်္ဂါသမီးကြီးလည်း နိုင်ငံရေးခြေချုပ်မိပြီး ရပ်တည်ချက်အိမ်နိမ့်စံအဖြစ်ပါ။ ခုတော့ သူ့လွတ်မြောက်ရေးအတွက် ဆုတောင်းပေးစရာမလိုတော့ပါ။ မျောက်သစ်ကိုင်းလွတ်သလို မလွတ်ဖို့ ဆုတောင်းပေးရတော့မလိုပါ။ 

အဲဒီအခါ နော်အုန်းလှတွေ ရွှေတိဂုံ အင်္ဂါထောင့်တက်ကြတော့မယ်မထင်ပါ။
မျိုးမြင့်ချို(စက်တင်ဘာ ၂၂၊ ၂ဝ၁၈)

အနေအထိုင်(မျိုးမြင့်ချို)

0 comments
နိုင်ငံသားဖြစ်သွားကတည်းက အမေရိကန်ပြည်ထောင်စုကို ငါ့နိုင်ငံလို့သုံးပါတယ်။ ဗမာပြည်ကိုတော့ ငါ့ဇာတိချက်ကြွေလို့ ပြောပါတယ်။ မွေးဖွားကြီးပြင်းခဲ့ရာချက်မြုတ်မြေမှာ ခေါင်းချနိုင်ပါ့မလားကတော့ မရေမရာ။ ချစ်သူကို ချစ်တတ်ဖို့၊ မိတ်ဆွေကို မင်တတ်ဖို့၊ ရန်သူကို မုန်းတတ်ဖို့ သင်ယူတတ်မြောက်ခဲ့တာ အဲ့ဒီဇာတိမြေမှာပါ။ ငယ်ဘဝကို တခါတခါ တမ်းမိသလို ငယ်ကျွမ်းကိုလည်း မှတ်မှတ်ထင်ထင် လွမ်းတဲ့အခါရှိတာပါပဲ။

တကယ်တော့ ဘဝဆိုတာ ဘဝလိုနေရ ဖြတ်ရတာပါပဲ။ ကျတဲ့နေရာ ရွက်ကျပင်လို ပြန်ပြန်ပေါက်ရင်း ရှင်သန်နေရတာပါပဲ။ ရှင်နေရတာကောင်းတယ်ဆိုပေမယ့် အသေလည်းပျော်ချင်တာပါပဲ။ ပြည်ချစ်စိတ်ရှိပေမယ့် တလွဲဆံပင်ကောင်း အစွန်းရောက်မျိုးချစ်စိတ်ကိုတော့ စက်ဆုပ်တယ်။ ဇာတိပြည်အတွက် ဘာလုပ်ပေးမယ်မပေးဘူးကို တခါဘူးမှ မတွေးဖူးပါ။ 

ကိုယ့်ထမင်း ကိုယ်ရှာစားရင်း နိုင်တာလေးတွေ ကောင်းမယ်ထင်တာလေးတွေ နိုင်သလောက်လုပ်ပါတယ်။ လုပ်ခဲ့ပါတယ်။ ခုလည်း ရေးပါတယ် ပြောပါတယ်။ လူအများကြီးထဲနေရတာ စိတ်မသက်မသာဖြစ်တတ်ပါတယ်။ မွန်းကျပ်သလို ခံစားရပါတယ်။ စကားမတူသူတွေကြားဆို ပိုအနေရကျပ်ပါတယ်။ နိုင်ငံရေးမတူသူတွေနဲ့ဆို အနေရခက်ပါတယ်။ မကြားချင်တဲ့စကားကို စိတ်ရှည်ရှည်နဲ့နားထောင်တတ်ဖို့ မယဉ်ကျေးပါ။ မပြောချင်တဲ့စကားကိုလည်း နှုတ်ကမထွက်မိအောင် သတိထားပါတယ်။ ထားတဲ့ကြားက ထွက်ထွက်သွားလို့ မိတ်ပျက်ပေါင်းလည်းများပါတယ်။ အပေါင်းအသင်းနည်းပါတယ်။ 

စကားတူရင် မိုးတလင်းပြောပါတယ်။ နားထောင်ပါတယ်။
မျိုးမြင့်ချို(စက်တင်ဘာ ၂၂၊ ၂ဝ၁၈)

တရားမှားတာ(မျိုးမြင့်ချို)

0 comments
တရားမှားတာ
အမေရိကန်အစိုးရအဆက်ဆက်ဟာ ဗီယက်နမ်မှာ စစ်ရှူံးရတာကို စစ်သားသစ်လေးတွေ လက်ပူတိုက်လေ့ကျင့်ပြီး ဖုတ်ပူမီးတိုက် လွှတ်လိုက်ရလို့၊ စစ်သားလေးတွေ တိုက်ရည်မပြည့်ဝလို့၊ အတွေ့အကြုံနည်းလို့၊ ရန်သူ့နယ်မြေထဲ စစ်သွားတိုက်ရတာဖြစ်လို့၊ တောတောင်ထူထပ်ပြီး ရာသီဥတုကြမ်းလို့၊ ပထဝီအနေအထား မကျွမ်းကျင်လို့၊ ငှက်ဖျားပေါလို့၊ စစ်ဗိုလ်ကြီးတချို့ စစ်သေနင်္ဂဂဗျူဟာခင်းတာ ပေါ့ဆလို့၊ မကျင်လည်လို့၊ ရန်သူကိုလျှော့တွက်လို့ စတဲ့ သဗ္ဗနနမ်ပေါင်း အကြောင်းပြချက်တွေပေးရင်း တပြိုင်တည်းမှာ စစ်ပွဲတိုက်ဖို့ နိုင်ငံရေးသမား(အစိုးရ)တွေဆုံးဖြတ်တာ မှန်တယ်။ ဒိုမီနိုသီအိုရီအရ ဗီယက်နမ် နီသွားရင် အကုန်နီသွားမှာစိုးလို့။ အရင်းရှင် လစ်ဘရယ်လ်ဒီမိုကရေစီကို ကာကွယ်ရတာဖြစ်လို့ စတဲ့ဆင်ခြေတွေနဲ့ စစ်ပွဲဟာတရားကြောင်း မမှားကြောင်း တရားထူထောင်နေတုန်းပဲ။ မသေကြွင်းကျန် စစ်ရှူံးဗီယက်နမ်စစ်ပြန်တွေကို ခုထိ ပျားရည်နဲ့ဝမ်းချပြီး ဂုဏ်ပြုပွဲတွေ ဝှဲချီး ကျင်းပပေးနေတုန်း။ ချွေးသိပ်နေတုန်း။ ကျောသပ်ရင်သပ်လုပ်နေတုန်း။ နောက်မျိုးဆက်အမေရိကန်တွေကို အမှန်လုပ်ထားတဲ့ မတရားစစ်အကြောင်း တရားအမှားကို၊ သမိုင်းရေးအမှားကို မှန်ရဲ့သားနဲ့ ရှူံးရသယောင်ဝါဒဖြန့် မှိုင်းတိုက်ကောင်းတုန်း။ လူတွေကလည်း ကြာတော့သည်လည်း မောင့်စကားတွေဖြစ်နေကြတုန်း။

တကယ်က ကျူးကျော်စစ်၊ နယ်ချဲ့စစ်၊ တရားအရကို မှားတဲ့စစ်ဖြစ်လို့ ရှူံးရတာကို သိနိုင်မြင်နိုင်ဆင်ခြင်နိုင်သူက အနည်းစုအမေရိကန် တချို့တလောက်ပဲရှိတာပါ။ သမိုင်းကို မှန်မှန်ကန်ကန်ချဉ်းကပ်ပြီး မှန်မှန်ကန်ကန်သုံးသပ်ပြနိုင်သူ သမိုင်းပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာသည်တွေ၊ စာပေနယ်ကလူတွေ၊ အခြားနယ်ပယ်စုံကလူတွေ ဆိုတာလည်း အနည်းတကာ့ အနည်းစုလေးပါ။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာမှာရှိတဲ့ အဲ့ဒီ အနည်းစုလေးကပဲ အမေရိကန်လူထုနဲ့ ကမ္ဘာ့ပြည်သူတွေကိုလှုံ့ဆော်ပြီး ဗီယက်နမ်စစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီးတွေ ဟီးနေအောင်ကျင်းပ၊ လူထုနည်းနဲ့ အစိုးရကို စစ်ရပ်ခိုင်း၊ ပေါ်လစီပြောင်းခိုင်းခဲ့တာပါ။ ဒီအထဲမှာ ဆံရှည်ကိုယ်တော်တွေ၊ ဟစ်ပီတွေ၊ ဆေးခြောက်သမားတွေ၊ လမ်းသရဲလို့ အသမုတ်ခံရသူတွေဟာ ပြည်သူတွေနဲ့အတူ ရှေ့တန်းက မားမားမတ်မတ် ချီတက်ခဲ့ကြတာပါ။ တရားမဲ့တဲ့စစ်မို့ ဘယ်သူမှ ဘာမှမလုပ်လည်း သူ့ဟာသူရှူံးသွားမှာပါလို့ လက်လွတ်စပယ်ပြောလို့ မရပါ။ စစ်မလိုလားတဲ့၊ ငြိမ်းချမ်းရေးလိုလားတဲ့ ပြည်သူတွေရဲ့အခန်းကဏ္ဍကို သမိုင်းကနေ ဖယ်ထုတ်လို့မရပါ။ ပြည်သူတွေကိုယ်တိုင် တခဲနက်အုံကြွလာလို့မှ အစိုးရအနေနဲ့ မနိုင်၍သည်းခံရခြင်းဖြစ်ရတာပါ။

ဂျွန်မက်ကိန်း သမ္မတလောင်းအဖြစ် ဝင်အရွေးခံမယ်ဆိုတော့ လူတွေအကြား ဗီယက်နမ်စစ်အကြောင်း ပြန်ခေါင်းထောင်ထလာတာ သတိထားမိတယ်။ မီဒီယာတွေကလည်း ဝိုင်းလှော်ကြတယ်။ ဗီယက်နမ် စစ်သုံ့ပန်းဖြစ်ခဲ့သူကြီး၊ ဗီယက်နမ်စစ်ပြန်ကြီး၊ စစ်သည်ကျော်ကြီး၊ စစ်သူရဲကောင်းကြီး စသည်ဖြင့် ပွဲထုတ်ပေးကြတာပါ။ အမေရိကန်သား အစစ်တွေမပြောနဲ့ အမေရိကန်ရောက် ဗမာပြည်ဖွားတွေထဲက မဲပေးခွင့်လည်းရှိ၊ ပညာလည်းတတ်၊ နိုင်ငံရေးဘဝ၊ လက်နက်ကိုင် ဘဝတွေလည်း ဖြတ်ခဲ့ဖူးသူတချို့တောင် ဂျွန်မက်ကိန်းပရိသတ်ဖြစ်ခဲ့တာ တွေ့ရဖူးပါတယ်။ ဂျွန်မက်ကိန်းသမ္မတဖြစ်ရင်ပဲ ဗမာပြည်အရေး တင်းတင်းကျပ်ကျပ်ကိုင်တွယ်ပြီး ပါးစပ်နဲ့ပြောမရ လက်နဲ့ထချတော့မယ့် အတိုင်း ပြောသံတွေ ညံခဲ့တာလည်း သတိထားမိပါတယ်။ အဲ့သလိုဖြစ်ရတာတွေဟာ ကိုယ့်မွေးရာတိုင်းပြည်မှာ တရားမဲ့ဖိနှိပ် အုပ်ချုပ်နေတဲ့ လူထုဆန့်ကျင်ရေးဖြစ်နေတဲ့ ဖိနှိပ်တဲ့စစ်အာဏာရှင်စနစ်ကို မုန်းမုန်းဖြစ်တာကတကြောင်း၊ ကိုယ်မတတ်နိုင် တတ်နိုင်တဲ့ကောင် ဝင်သာချကွာ ဘာဖြစ်ဖြစ် စစ်အစိုးရပြုတ်ပြီးတာပဲဆိုတဲ့ ပေါ့ပေါ့ဆဆအတွေးတွေ ခေါင်းထဲရောက်နေတာကလည်းတကြောင်း ကြောင့်လို့ထင်ပါတယ်။ ထားပါတော့တော့ ကြွက်မနိုင် ကျီမီးနဲ့ရှို့ အိုင်ဒီယာကို အဟုတ်ထင်တတ်သူတွေအကြောင်း။

ကိစ္စရှိတာက ဗီယက်နမ်စစ် ဘာ့ကြောင့် ခွက်ခွက်လန်အောင်ရှူံးရလဲကို နိုင်ငံရေးအရ၊ တရားအရ၊ သမိုင်းအရ မှန်မှန်ကန်ကန် မတွေးနိုင် မမြင်နိုင်တာက ကိစ္စရှိပါတယ်။ တရားအမှားကို ရဲရဲမြင်ပြီး ရဲရဲဝန်ခံဖို့လိုသလို အမှားတရားကိုင်စွဲပြီး စစ်ပွဲဆင်နွှဲရင် ဘယ်သောအခါမှမနိုင်ကြောင်းကို သမိုင်းကနေ သင်ခန်းစာ ထုတ်နှုတ်ဆင်ခြင်ပြီး နှောင်းလူတွေကို အမှတ်မမှားအောင် လုပ်ရမှာပါ။
ဖက်ဆစ်တွေ ဒီလောက် အင်အားကြီးရဲ့သားနဲ့ ဘာ့ကြောင့်စစ်ရှူံးလဲ။ ဖက်ဆစ်ဖြစ်နေလို့ပါပဲ။ စူပါ ပါဝါကြီးအမေရိကန် ဗီယက်နမ်စစ် ဘာ့ကြောင့်ရှူံးလဲ တရားမှားလို့ပါ။ တရားမှားရင် အင်အားဘယ်လောက်ကြီးကြီး အဆုံးမှာ အရှူံးနဲ့သာတွေ့ရတာပါ။
မျိုးမြင့်ချို(စက်တင်ဘာ ၂၃၊ ၂ဝ၁၈)

Thursday, September 20, 2018

ဂဟေဆက်မပျက်ရအောင်(မျိုးမြင့်ချို)

0 comments
ICC တင်ပြီးလည်း မျက်ကွယ်စီရင်ချက်မချပါဘူး။ R2P ဆို ပိုတောင်ဝေးသေး။ ဆက်ဒမ်ကိုလုပ်သလို၊ ကဒါဖီကိုလုပ်သလို၊ အိုစမာဘင်လာဒင်ကိုလုပ်သလို မင်းတို့ကို မလုပ်ရေးချမလုပ်။

ဒါပေမဲ့ ခြောက်လုံးသက်သက်တွေပါကွာလောက်အထိတော့ လျှော့မတွက်နဲ့။ ခုပဲ လျှော့တွက်လို့ခံနေရပြီ မဟုတ်လား။ ပစ်မှတ်ထားပိတ်ဆို့တာ ဘာအထိမှ မနာပေမယ့် နိုင်ငံရေးအရတော့ ခံစစ်ဖြစ်သွားတယ်မဟုတ်လား။ အရှက်ကွဲသွားတယ်မဟုတ်လား။

ဒေါ်စုလည်း ဗြိတိန်သံအမတ်နဲ့အတွေ့မှာ အာစေးပိတ်သွားတာ မြင်လား။ သူ့ဗီဇအတိုင်း ပေါက်တဲ့နဖူးမထူးဇာတ်ခင်း ခေါင်းမာမာနဲ့ အရွဲ့တိုက်တတ်တဲ့ညဉ်ကို ပြန်ပြင်ဖို့တွေးရပြီ။ ရွေးကြစတမ်းဆို အာဆီယံဖြစ်ဖြစ် အီးယူဖြစ်ဖြစ် အနောက်အုပ်စုဖြစ်ဖြစ် စစ်အုပ်စုကိုပဲရွေးခဲ့တာချည်းပဲဆိုတာ သူလည်းသိနေပြီပဲ။

အခုက သူ့ကိုဖယ်ပြီး စစ်ခေါင်းဆောင်တွေကို သဟောက်သဟန်း လုပ်နေတာကို သူသဘောပေါက်ပြီး အသာလေး လက်ရှောင်နေဖို့ ဆက်ပြီးအကာအကွယ်ပေးမနေဖို့ အတိအလင်း လာပြောတာပဲ။ ဒါးခုတ်ရာ ဝင်လျှိုတဲ့လက်ကို လာရုပ်ခိုင်းတာ။ ဗြိတိန်နိုင်ငံခြားရေးဝန်လာတာ သံတမန်လာသလို လာတာမဟုတ်ဘူး။ နိုင်ငံရေးစကား လာပြောတာ။ မင်းတို့ မတွေ့ဝံ့လို့ ရှောင်နေမှန်း လူတကာသိတယ်။ ဒေါ်စုလည်း တွေ့ချင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူက နိုင်ငံခြားရေးဝန်နေရာ ကိုင်ထားတော့ Counterpart ကို မတွေ့ချင်ဘူးလို့ ငြင်းမရဘူး။

မင်းက ငါ့ပဲရွေးမှာကွာလို့ မန်တော့သိတ်မတက်နဲ့။ ဒီတချက်မှာ အရင်ကလောက် အနောက်ဘက်က အောက်ရေတိုးပေးဖို့ သိတ်မလွယ်ဘူး။ ဒါပေမဲ့ မင်းလည်း အပြင်ထွက် လတ်လျားလတ်လျားတော့ သိတ်မလုပ်နဲ့။ ခလုပ်တိုက်တတ်တယ်။ တခြားလူတွေလည်း မျက်စေ့နောက်တယ်။ ရုရှားတို့ တရုတ်တို့သွားလည်း ဒါရိုက်ဖလိုက်နဲ့သွား။ လေယဉ်ပေါ်က ခုန်မချနဲ့။ ရထားစီးရင်လည်း ထိုင်စီး။ အပေါ်လက်ကိုင်တန်းမှ မမီပဲဟာ။

Army Reform ဘယ်တုန်းကမှ မလုပ်ချင်မှန်း လူတိုင်းသိတယ်။ နေရာ ဖယ်မပေးချင်မှန်း လူတိုင်းသိတယ်။ အာဏာ လက်မလွှတ်ချင်မှန်း လူတိုင်းသိတယ်။ နည်းနည်းလေး အချိုးပြင်လိုက်ရင် လူလဲကစားလိုက်ရင် အိုကေသွားမှာပါ။ သူတို့ကတော့ ဗျာမထူးမချင်း မောင်မောင်ပဲခေါ်နေမှာပါ။

ဒေါ်စုကို ရွေးကောက်ပွဲဝင်ဖို့နားချတာ အောင်မြင်သွားတော့ အိုဘားမားက သူ့နိုင်ငံခြားရေးပေါ်လစီအောင်မြင်မှုလို့ လက်မထောင်ပြတာ မှတ်မိတယ်မဟုတ်လား။ ပြည်သူတွေရဲ့တိုက်ပွဲပေါ်ကနေ လာအမြတ်ထုတ်သွားတာမဟုတ်လား။ ပြည်သူတွေ ဘဝတွေအသက်တွေနဲ့ရင်းပြီး စွန့်လွှတ်တွန်းလှန်ခဲ့လို့မှ စစ်အုပ်စုက ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာသွားတာ မဟုတ်လား။ စစ်တပ်နဲ့ NLD ကို လာပေးစားပြီး ဘိသိတ်ဖတ်သွားတာ မဟုတ်လား။ NLD လည်း ဖုတ်ဖက်ခါပြီး ၂၀၀၈ အောက် ကောက်ကောက်ပါသွားရတယ်မဟုတ်လား။

လူထုတိုက်ပွဲလည်း မလုပ်ဝံ့၊ အာဏာလည်းမဖီဆန်ဝံ့တော့ပဲ နိုင်ငံရေးအီနေချိန် မူမဲ့နေချိန်မှာ ဟီလာရီ လာအောင်သွယ်လိုက်တော့ NLD အသက်ရှူပေါက်ချောင်သွားတာ မဟုတ်လား။ သူတို့နိုင်ငံခြားရေးပေါ်လစီက စစ်တပ်နဲ့တက်လာသမျှ အရပ်သားအရွေးကောက်ခံတွေနဲ့ နိုင်ငံရေးအရ ပေးစားထားဖို့။ ဂဟေဆော်ထားဖို့ပဲ။ ဒီစစ်တပ် ချိနဲ့သွားမှာ သူတို့ အစိုးရိမ်ဆုံးပဲ။

ခုမင်းလည်း လူလဲကစားပြီး အချိုးလေးနည်းနည်းပြင်လိုက်ရင် သူတို့နိုင်ငံခြားရေးပေါ်လစီအောင်မြင်မှုလို့ လက်မထောင်မယ့်သူတွေ အဆင်သင့်ရှိတယ်။ ကျောသပ်ရင်သပ်လေးနဲ့ ကောင်းချီးပါပေးကြမှာပဲ။ ဗမာပြည် ဒီမိုကရေစီထွန်းကားတာ မကားတာ သူတို့ ဦးစားပေး အရေးထားချက် မဟုတ်ဘူး။

အရှက်ပြေကတော့ ကျန်းမာရေးမကောင်းလို့ပေါ့။ ပင်စင်ယူရမယ့်အရွယ် ရောက်နေလို့ပါပေါ့။ ဒါမှ ပေကပ်နေဦးမယ်ဆို ပြည်သူ့ နွားကန်စာမိလိမ့်မယ်။ ပြည်သူတွေ မင်းလောင်းမျှော်ဖူးပြီ၊ ကယ်တင်ရှင် တမ်းတဖူးပြီ။ သုမနကျောလည်း ဒဏ်ရာတွေ ဗလဝဖြစ်နေပြီ။ လှိုင်းတကယ်ကြီးရင် ရှေ့က ကာဆီးကာဆီးလုပ်နေသူပါ တိုက်ချသွားလိမ့်မယ်။
စက်တင်ဘာ ၂ဝ၊ ၂ဝ၁၈