Thursday, March 29, 2012

Made in China Willis Tower, လေလုံးထွားတဲ့မြို့နှင့်မံမီရုပ်တွေနေတဲ့အရပ် (၄) (မျိုးမြင့်ချို)

0 comments

ကျနော်တို့ဆီက ပဒေါင်လူမျိုးတွေအကြောင်းနှင့် သူတို့ဆီက ရက်ဒ်အင်ဒီယန်းတွေဘဝကို ကျနော့်အား မေးပြောပြောပြောနေသူကို နှုတ်ဆက်ကာ ထို Field Museum ပြတိုက်ကြီးမှ အတွေးတွေတသီတတန်းနှင့် ကျနော်ပြန်ထွက်ခဲ့၏။ ပြတိုက်အပြင်မှာတော့ မိုးကခတ်ဖွဲဖွဲ၊ လေက ဟူးဟူး ရားရား။ လူတွေလည်း ပြေးပြေးလွှားလွှား။ တက္ကစီတစင်းခေါ်ပြီး Willis Tower သွားမယ်ဆိုကာ မောင်းထွက်လာ၏။ ကားထွက်တော့ တက္ကစီဆရာက ဒီကနေ Willis Tower ကို ဘယ်လမ်းကအနီးဆုံးဖြစ်မလဲဟုမေး၏။  ကျနော့်စိတ်ထဲ ဒီလူ့နှယ် ဒီမြို့မှာတက္ကစီမောင်းနေပြီး ဒါလေးတောင်မသိရကောင်းလားဟု စိတ်တွင်မှတ်နေဆဲ။ ဇနီးသည်က မြို့မြေပုံကိုဖျတ်ကနဲဆွဲထုတ်ကြည့်လိုက်ပြီး ဘယ်ကနေ ဘယ်ကိုမောင်း ဘယ်ရောက်တော့ဘယ်ကိုကွေ့ စတာတွေ ဆက်တိုက်ပြောချလိုက်၏။ ငါ့မိန်းမ တောသူမကတောင် ဒီ မြို့ကြီးသားတက္ကစီဆရာထက်သိသေးဟုတွေးမိပြီးပြုံးတော့ ဇနီးက ကျနော့်ကို အသာနေဆိုသည့်သဘောမျက်ရိတ်ပြ၏။ ကျနော်လည်း အသာပဲနေရင်း ရန်ကုန်က အငှားကားဆရာတွေဆီ စိတ်ရောက်သွား၏။
ကျနော်တို့ငယ်ငယ်က ရန်ကုန်တွင် အငှားကားအဖြစ် ဂျပန်မှဝင်သည့် သုံးဘီးကားလေးတွေရှိ၏။ ဘီးက သုံးဘီး။ အသံက ဖွတ်ချက်ဖွတ်ချက်နှင့်။ လက်ကိုင်က တချို့ စတီယာရင်ပုံစံအဝိုင်း၊ တချို့က မော်တော်ဆိုင်ကယ်လ်လိုလက်ကိုင်နှင့်။ သူ့အရောင်ကထူးခြားသည်မို့  သုံးဘီးကားရောင်ဟုတွင်ခဲ့သည် အထိ တာစားခဲ့သည့်ကားလေးများ။ ထိုခေတ်က  မြို့ပြင်ဘက်တွေမှာ ဆိုက္ကားတွေမင်းမူသလို မြို့လည်ကောင်မှာတော့ သုံးဘီးတွေကြီးစိုး၏။ ထိုကားလေးတွေတွင် မောင်းနေသည့်ခရီးမိုင်ကိုပြသည့်မီတာ တပ်ထား၏။ ခရီးသည်တက်ပြီးစက်နှိုးထွက်သည်နှင့် ကားဆရာက မီတာကိုချိုးလိုက်ပြီး ခရီးဆုံးတော့ ဘယ်နှမီတာမို့ဘယ်လောက်ကျသည်ဟုတွက်ချက်ကာ ပိုက်ဆံချေရ၏။ မဆိုး။ မီတာနှုန်းအမှန်ဖြင့်စီးရလျှင် အတော်တွက်ချေကိုက်၏။ ထို့ကြောင့်လည်း လူအစီးများ၏။ အစီးများသဖြင့်လည်း မောင်းသူရော အုံနာ (ပိုင်ရှင်)ပါ စီးပွားဖြစ်၏။ ထိုခေတ်က သုံးဘီးကားထောင်စားသူတွေမနည်းလှ။ သုံးစီးလောက်ထောင်ထားနိုင်ရင် မိသားစုဘဝ မပူရ။ ထို့ထက် ပိုလျှင် စီးပွားဖြစ်။ သုံးဘီးကားတင်သွင်းခွင့်လိုင်စင်က စစ်ဗိုလ်နှင့်စစ်ဗိုလ်လူထွက်တွေလက်ထဲမှာ။ ထို့ကြောင့် ကားသွင်းခွင့်ပါမစ်ရဖို့အရေး သူတို့ဆီအပြေးအလွှား ခယဝ တွေလုပ်ရ၏။ သည်တွင် ထိုသူတို့ အိမ်နောက်ဖေးပေါက်ကအစ အိမ်ရှေ့ပေါက်ကအလယ် စားပွဲအောက်အဆုံး လက်ဆောင်ပဏ္ဏာတွေနှင့် သပိတ်ဝင်အိတ်ဝင်စည်ပင်တော့၏။ အစပိုင်းကတော့ သုံးဘီးဆရာတွေလည်း အမှန်အကန်မီတာချိုးကာ မောင်းသေး၏။ နောက်ပိုင်းကျတော့ ကားပိုင်ရှင်တွေက ဟိုပေးသည်ပေး ပေးရသည့် ဟိုကြေးဒီကြေးတွေ လက်ညှိုးထိုးကာ အုံနာခပိုယူ၏။ ကားဆရာကလည်း အုံနာခတိုးတာအပါအဝင် ဓါတ်ဆီဈေးနှင့် လမ်းပြပုလိပ်ကြေး ဘာညာတွေအကြောင်းပြုကာ ပိုက်ဆံပိုတောင်းလာ၏။ သည်တော့ မီတာမချိုးချင်တော့။ မချိုးကြတော့။ မီတာပျက်သလိုဘာလိုနှင့် မီတာချိုးကျသင့်ငွေထက် ပိုပိုတောင်း၏။ ခရီးသည်တို့ ဘာမှမတတ်နိုင်။ တောင်းသလောက်ပေးကြရတော့၏။ ကိုယ်က စီးမိသွားပြီး။ ထိုအကြောင်းလေးကို ကျနော်တို့ခေတ်ပြိုင် စတီရီယိုခေတ်ဦး အဆိုတော်တယောက်က သီချင်းလုပ်ဆိုကာ ခေတ်ကိုပုံဖော်ခဲ့၏။ (ဟိုတခါက..အရေးကြီးတဲ့ကိစ္စတွေရှိလို့..စောင့်မိတဲ့စိတ်မှာမောပြီး..သုံးဘီးကားလေးကိုတားလို့စီးမိတယ်..မီတာကိုမချိုးပဲမောင်းပို့တဲ့ ခရီးလေး.. သုံးဘီးကားဆရာကြီးက…ဟိုနားဒီနား ငွေတစ်ဆယ်တောင်းတယ်..။ တော်ပါပြီ..နေပါတော့သုံးဘီး..ဒီတခါ..ဆိုက္ကားပဲစီးတော့မယ်... မကြာခင်..နေပူထဲမှာကွယ်..သူနင်းကာ.. လိုရာခရီးအရောက်ပို့တယ်..။ ထိုစဉ်ခဏ..မေးမြန်းကြည့်မိတဲ့သူ့ဘဝ.. ကလေးငါးယောက်ကိုကျွေးမွေး.. ကြီးမားတဲ့မေတ္တာအကြောင်း..သူပြောပြတယ်.. လူလူချင်း..ခြားနားတဲ့စိတ်နေသဘောထား.. သုံးဘီးချင်းအတူတူပါပဲ.. တဦးနဲ့တဦးစာနာဖို့ ကောင်းတယ်..)။
ထိုခေတ်လွန်သော် လေးဘီးကားတွေ ခေတ်ဆန်းလာပြန်၏။ လေးဘီးကားတွေမှာ မီတာချိုးတံတွေအစား ဒစ်ဂျစ်တယ်လ် မီးရောင်နှင့်ဂဏန်းတွေဖြစ်လာ၏။ ကားတွေသာပြောင်းသွား၏။  ကျန်တာ ဘာမှမပြောင်း။ လုပ်ပိုင်ခွင့်ရှိသူတွေလည်း အရင်အတိုင်း။ ကားပါမစ်ကလည်း စစ်ဗိုလ်တွေလက်ထဲမှာ။ ကားဆရာတွေလည်း အရင်အတိုင်း။ ကားဆရာတွေမှာ ဖြောင့်သူတွေရှိသလို ကောက်သူတွေလည်းရှိ၏။ ကားတားစီးသူတို့၏ အဝတ်အစားနှင့်ပုံပန်းသဏ္ဍန်ကိုအကဲခတ်၊ သွားမည့်နေရာကိုမေးကာ ရန်ကုန်ကလား၊ နယ်ကလားကို အလွယ်တကူခွဲ၍ရ၏။ နယ်ကမှန်းသေချာလျှင်၊ လမ်းမသိသူမှန်းသေချာလျှင် ခရီးနီးနီးကို မဝေးဝေးအောင်မောင်းကာ ကားခပိုရရန်လုပ်တတ်ကြ၏။  ယခု ရှီဂါးကိုးက တက္ကစီဆရာလည်း ထိုနည်းနှင်နှင်။ ကားစထွက်ကထဲက မီတာခလုပ်ကလေးနှိပ်လိုက်၏။ ခရီးမိုင်နှင့်ကျသင့်ငွေဖော်ပြသည့် ဒစ်ဂျစ်တယ်လ်ကိန်းဂဏန်းလေးတွေက တရိတ်ရိတ်။ စီးသူက ခရီးဆုံးသာပြောပြီး အတိုဆုံးလမ်းမပြောနိုင်လို့ကတော့ သေပြီဆရာဟုသာ တရတော့မည်။ မီးပွိုင့်မများ များသည့်လမ်းကိုရွေးကာ၊ မဝေးဝေးအောင်မောင်းရင်း ထိုဂဏန်းတရိတ်ရိတ်လေးတွေနှင့်ရိပ်တော့မည်။ ထိုကိစ္စသည် နိုင်ငံကြီးသား၊ နိုင်ငံသေးသားနှင့်မဆိုင်။ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ နယ်ပယ်ဒေသနှင့် မဆိုင်။ လူ၏ လူ၏ဖြောင့်စင်းသောစိတ်အနေနှင့် ဖြူစင်သည့်စိတ်အထားတို့အပေါ်သာအရင်းခံသည်ထင်၏။
သည်လိုနှင့် ကျနော်တို့ Willis Tower သို့ရောက် လာကြ၏။ အဆောက်အဦးကြီးက ဇက်လန်အောင်မော့ကြည့်ရသည်။ သူ့ဘေးတဝိုက် ကျန်အဆောက်အဦးတွေက သူနှင့်ယှဉ်တော့ ဂျပုလေးတွေလိုလိုဖြစ်နေ၏။ မြို့လည်ကောင်ဆိုပေမယ့် ကားအလွန်အမင်းရှုပ်လွန်းသည့်အနေအထား မဟုတ်။ သည်မိုးထိုးတိုက်ကြီးကြားလျှောက်သွားရင်း အဆောက်အဦးတွေကြားညပ်ကာ၊ လူက သေးသေးလေးဖြစ်သွားသလိုလည်းခံစားရ၏။ ခုနေ ငလျင်များလှုပ်လိုက်လို့ကတော့.. တို့၊ အိုစမာဘင်လာဒင့်လူတွေများ လေယဉ်နဲ့ဝင်တိုက်လိုက်လို့ကတော့..လို့ ဆိုပြီး မဆီမဆိုင်တွေးမိကာ မအီမသာသာလည်း ဖြစ်မိပြန်သေး၏။
အဝင်ပေါက်တွင် အခြားသူများနည်းတူတန်းစီရင်း၊ ဟိုလူသည်လူနှင့်မိတ်ဖွဲ့ကြရင်း နောက်ဆုံး မှတ်ပုံတင်ဓါတ်ပုံရိုက်၊ ဝင်ကြေးသွင်းတာတွေပြီးသွား၏။ နောက်တော့ သည်ဟာကြီးနှင့်စပ်သည့် သမိုင်းနောက်ခံမှတ်တမ်း ဆလိုက်ရှိုးနှင့်ကားတိုလေးတကားကို ရုပ်ရှင်ပြခန်းတွင် ပြပေးရင်းရှင်းပြ၏။  စိတ်ဝင်စားစရာကောင်း၏။ နောင်အလျဉ်းသင့်လျှင် ပြန်ပြောမည်စိတ်ကူးမိ၏။ ထို့နောက် အစိတ်ခန့်ဆန့်မည့် ဓါတ်လှေကားကြီးဖြင့် ၉၉ ထပ်အထိတက်ပြီး ကျန်လေးထပ်ဆက်တက်ဖို့ ဓါတ်လှေကားပြောင်းရ၏။ ဓါတ်လှေကားက ကြီးတာမှန်သော်လည်း တက်နှုန်းအလွန်မြန်သဖြင့် တက်နေရင်းတန်းလန်း လှေကားအတွင်းလေဖိအားပြောင်းသည်မို့ နားထဲတွင်တစီစီဖြစ်ရသေး၏။ ဓါတ်လှေကား က ၁ဝ၃ ထပ်တွင်ဆုံးကာ တံခါးပွင့်၏။ အပေါ်ဆုံးထပ်ရောက်ရောက်ခြင်း ဟိုသည်မကြည့်အား။ မျက်စေ့က Willis Tower အမှတ်တရပစ္စည်း အရောင်းဆိုင်လေးဘက်ရောက်သွား၏။ အမှတ်တရပစ္စည်းလေးတွေကစုံလှသည်။ ဘယ်ဟာကြည့်ကြည့် လိုချင်စရာ၊ သိမ်းချင်စရာ၊ စုချင် စရာလေးတွေချည်းဖြစ်နေ၏။ ဘာဝယ်ရမှန်းမသိသေးသဖြင့် စုံတကာစေ့အောင် လိုက်ကြည့်မိ၏။ ကြည့်မိလိုက်တိုင်းလည်း ဘယ်ကလုပ်တာပါလိမ့်ဟူကာ စူးစမ်းမိ၏။ အားလုံး တရုတ်ပြည်မှာလုပ်သည် (Made in China) များသာ။ ကျနော်ကသာ ဒါတွေကြည့်ရင်း တအင်းအင်း.. ဖြစ်နေသော်လည်း ဇနီးသည်က ဘာဆန်းတာလိုက်လို့ဟူသည့် မျက်နှာပေးနှင့်။ ကျနော့်လိုပင် ပစ္စည်းရှာနေရွေးနေသည့် ဘေးကလူငယ် တယောက်က ”တော်သေးတာပေါ့ ဒါကြီးတောင် တရုတ်ကဆောက်တာ မဟုတ်သေးလို့”ဆိုတော့ နောက်တယောက်က ”တရုတ်ကဆောက်တာဆိုရင် တက်ကြည့်ခ ဒီ့ထက် ဈေးသက်သာမှာတော့ သေချာတယ်”ဟု ဝင်အရွှန်းဖေါက်သဖြင့် အနားကလူတွေအကုန် ပြုံးစေ့စေ့။ ကျနော့်အဖို့ ဆန်းသလိုရှိသော်လည်း သူတို့အတွက်တော့ မထူး။ နောက်ဆုံး အိတ်ဆောင်နာရီလေးတလုံးဝယ်လိုက်၏။ ၂၂ ဒေါ်လာ။ သူလည်း တရုတ်ပြည်မှ လုပ်သည်ပဲ။ အမေရိကန်၏အမြင့်ဆုံးမျှော်စင်ကြီးနှင့်ပတ်သက်ရာ အမှတ်တရပစ္စည်းတွေအားလုံးလည်း တရုတ်လုပ်တွေချည်းပါလား။ ကျနော်တယောက်ထဲသာ အမေရိကန်အမှတ်တရပစ္စည်းကို အမေရိကန်လုပ်ဖြစ်စေ့ချင်နေတာလား မပြောတတ်။ ခုတော့ သူတို့က ထိုသို့မတွေး ဈေးကိုပဲကြည့်၏။ သူတို့စီးပွားရေးစန်းပွင့်နေချိန်တုန်းကရော ဘယ်လိုနေမလဲဟုတွေးမိပြန်၏။
အပေါ်ဆုံးထပ်မှ အပြင်ရှုခင်းတွေကြည့်သည့်ဝရန်တာတွင် သိတ်မကြာသေးခင်ကမှ မှန်အခင်းမှန်အကာနှင့် လသာဆောင်လို အခန်းသေးလေးတွေ အပြင်ထုတ်ကာနံရံကပ်ပြီး တပ်ဆင်လိုက်သေး၏။ အမြင့်က ၁ဝ ပေ၊ အလျား ၁ဝ ပေနှင့် အနံ ၈ ပေခန့်ရှိမည်။ ထိုအခန်းလေးတွေထဲဝင်လိုက်တော့ လူကလေထဲရောက်သွားတာ လိုလိုဖြစ်ကာ အောက်ကိုငုံ့ကြည့်လိုက်တော့လည်း မှန်သားထဲကဖေါက်မြင်နေရသည့် မြို့ကြီးက ကိုယ့်ခြေထောက်အောက်မှာ။ အသည်းယားစရာ အတော်ကောင်း၏။ ထိုအခန်းလေးတွေထဲဝင်ကာ မှန်ပြင်ပေါ်မှာဓါတ်ပုံရိုက်သူတွေမနည်းလှ။ ကျနော်က ဂျိုင်းထောက်နှင့်ဆိုတော့ ငါ ထောက်လိုက်မှ အောက်ကမှန်ပြင်ပေါက်ပြီး ကျွံကျသွားလို့ကတော့ ဒုက္ခဟုတွေးကာ ရုတ်တရက်မဝင်ရဲသေး။ နောက်တော့ အထဲဝင်ကာ အောက်ကမြို့ကြီးကို မှန်သားပြင်ပေါ်ကနင်းပြီး ဓါတ်ပုံတွေဘာတွေရိုက်လိုက်သေး၏။ ပြီးတော့ မျှော်စင်ကြီးပတ်လည်မှ မြင်နိုင်သမျှမြင်ကွင်းတွေကြည့်ရင်းဓါတ်ပုံရိုက်ရင်း၊ ပြန်ဆင်းဖို့ပြင်ကြ၏။ အောက်ဆုံးထပ်ရောက်အပြီး အြပြင်ပန်အထွက်မှာတော့ ရာသီဥတုက လာတုန်းကထက်တောင် ပိုဆိုးနေသလားမှတ်ရ၏။ လေက အတိုက်ကြမ်းသလောက် အေးလိုက်သည်မှာလည်း သွေးတွေခဲကုန်ပလားဟုပင်ထင်ချင်စရာ။ မျက်နှာစာရှေ့ကနံရံကြီးပေါ်တွင် Chigaco: Windy City ဟု စာလုံးအကြီးကြီးနှင့်ရေးထားတာမြင်တော့ ဇနီးသည်အား မေးငေါ့ပြပြီး မြို့ကနံမည်နဲ့လိုက်တယ်နော်..ဟုပြောမိ၏။ ဇနီးက လေတိုက်ကြမ်းလွန်းတာ တခုထဲကြောင့် ဒီမြို့ကို Windy City လို့ခေါ်တာမဟုတ်ကြောင်းနှင့် နောက်ခံသမိုင်းကြောင်းလေးကို ခတ်တိုတိုရှင်းပြပေး၏။ ကျနော် စိတ်ဝင်စားမှန်းသိသဖြင့်  နောက်မှရှာကြည့်ပြီး တိတိကျကျပြောကြ တာပေါ့ဟုဆိုကာ ပြန်ခဲ့ကြ၏။
ရှီဂါးကိုးသည် ပင်လယ်တမျှကြီးသည့် မစ်ရှီဂန် ရေကန်ကြီးပေါ်မေးတင်ပြီး တည်ထားသည့်မြို့။ ဆောင်းရာသီတွင် ကန်ကြီးတွေပေါ်မှ ဖြတ်တိုက်လာသည့်လေသည် သွေးခဲမတတ်အေးကာ အဟုန် အလွန်ပြင်းပြန်၏။ သည်ကန်ကြီးတွေကနံမည်ကျော်မို့ နွေနှင့်နွေဦးပေါက်များဆို လေတဟူးဟူးကမ်းခြေတွေမှာ လူတွေကြိတ်ကြိတ်တိုး။  မြို့ကလည်း နူးယော့ခ်စီတီးပြီးလျှင် စီးပွားရေးအရ အကြီးဆုံးမြို့။ အမေရိကန်လူငယ်တွေ၏ အနာဂတ်အိပ်မက်ထဲတွင်  Chigaco လည်းပါ၏။ တကယ်တော့ ယခု သူတို့အိပ်မက်ရှီဂါးကိုးသည် မီးလျှံထဲကဖီးနစ်ငှက်လို ပြန်ထလာရခြင်းပင်ဖြစ်၏။ Great Fire of Chicago ဟုတွင်သည်  ဧရာမမီးကြီးကြောင့် မြိုလုံးကျွတ်နီးပါး ပြာကျသွားခဲ့ဖူး၏။ ၁၈၇၁ ခုနှစ် အောက်တိုဘာလ ၈ ရက်(စနေနေ့ ညမှ) စလောင်လိုက်သည့်ထိုမီးကြီးသည် အောက်တိုဘာ ၁ဝ ရက် အင်္ဂါနေ့ရောက်မှငြိမ်းတော့၏။ လောင်ချိန် နာရီ ၃ဝ ကျော်ခန့်အတွင်း လူ ၃ဝဝ ကျော်မီးသင့်သေခဲ့ရသလို မြို့ကြီး၏စီးပွားရေးအချက်အခြာနေရာတွေ၊ ဟိုတယ်လ်တွေ၊ သတင်းစာတိုက်တွေတင်မက အစိုးရုံးတွေ အဆောက်အဦးတွေပါ မီးထဲအကုန်ပါသွားခဲ့၏။ ဘယ်ကစလောင်နှင့်ပတ်သက်၍လည်း ယခုတိုင်ငြင်းခုန် ကောင်းနေကြဆဲ။ လူပြောများသည့်ဇာတ်လမ်းတခုအရတော့ အိုင်ယာလန်မှ အမေရိကားလာနေသည့် O’Leary ဆိုသည့် မိသားစုကြောင့်။ သူတို့မှာ ကိုယ်ပိုင်နွားခြံလေးနှင့်အသေးစား နို့ချက်လုပ်ငန်းလေးရှိ၏။ ထိုနေ့က  Mrs. Chaterine O’Leary တယောက် ညကြီးမင်းကြီးထကာ အိမ်နောက်ဘက်က စပါးကျီနားတွင် ရေနံဆီမီးခွက်လေးထွန်းပြီး နွားနို့ညှစ်သည်ဆို၏။ ထိုစဉ် နွားမကလန့်ပြီးကန်ထဲ့လိုက်ရာက မီးခွက်မှောက်သွား၏။ မီးခွက်မီးမှ စပါးကျီသို့ကူးကာ  တမြို့လုံးလောင်မီးကျတော့၏။ ဒီ့နောက် မြို့ကြီး ပြန်လည်စည်ပင်ရေးအတွက် တည်ဆောက်ရေးတွေ အကြီးအကျယ်လုပ်တော့၏။ မီးလောင်လို့မှ မြို့မျက်နှာပြန်သစ်ရတာဆိုပြီး အကောင်းဘက်ကတွေးသူတွေလည်းမနည်းလှ။ မြို့သစ်ကြီးပြန်တည်ပြီးတော့ အားလုံးသစ်သစ်လွင်လွင်၊ စီးပွားရေးလုပ်ငန်းတွေလည်း ပြန်စန်းထကာ နူးယော့ခ်တို့၊ စင်စင်နာတီတို့နှင့် အပြိုင်ဖြစ်လာ၏။ သည်တွင် မြို့တော်ဝန်ကအစ နိုင်ငံရေးသမားအလယ် သတင်းစာဆရာအဆုံး လေလုံးတွေ ထွားလာကြ၏။ တွေ့လား ငါတို့ဘယ်လိုပြန်လုပ်လိုက်တာ ဘယ်နှနှစ်အတွင်း ဘာတွေဖြစ်လာတာ၊ ဒါ ဘာဟုတ်သေးလဲ၊  ဒီ့ထက်ကောင်းတဲ့မြို့တောင် ဒီလောက်မကောင်းနိုင်ဘူး၊  တခြားမြို့တွေနားထား၊ နူးယော့ခ်တောင် နောက်ကောက်ချပြလိုက်ဦးမယ်၊ စီးပွားရေးလုပ်ချင်ရင် ဒီလာခဲ့၊ အခွင့်အလမ်းတွေ သာသလို မြိုးမြိုးမြက်မြက်လေးလည်းဖြစ်စေရမယ် ဘာညာစတာတွေနှင့်မက်လုံးတွေပေးကာ ကမ္ဘာအနှံ့က စီးပွားရေးသမားကို လာပါလာပါတစာစာလုပ်ကြ၏။ နူးယော့ခ်စီတီးမှမဟုတ် ငါတို့မြို့လည်း ကမ္ဘာ့ကုန်စည်ပြပွဲကြီးတွေ လက်ခံလုပ်လောက်အောင် ကြီးကျယ်နေပြီဆိုကာ ဝါစာကမာတွေများလာ၏။ မြို့က နတ်ရေကန်ထဲပစ်ချလိုက်သလို တကယ်လည်း နေ့ချင်းညချင်းဖွံ့တက်လာ၏။ မြို့စည်ပင်ပြီးကြွယ်ဝ လာတော့ နိုင်ငံရေးသမားက ခြေဖျားတထောက်ထောက်နှင့် နားထင်သွေးရောက်လာကြ၏။ သည်အထဲမှာ  မြို့တော်ဝန်က အကဲဆုံးဆို၏။ နိုင်ငံရေးသမားတွေကလည်း အကြိမ်ကြိမ်ပြန်အရွေး ခံရရေးအတွက် မြို့လူထုအား မစားရဝခမန်းမက်လုံးတွေပေးကာ မဲဆွယ်ကြ၏။ လက်ခုတ်သံနှင့်ထောက်ခံမဲကို အရချူကြ သည်ဆို၏။ အရွေးခံရပြီးလျှင်တော့ ပေးခဲ့သည့်ကတိကဝတ်တွေက ကြက်ပျောက်ငှက်ပျောက်။ သည်တော့ မြို့သားတွေက နိုင်ငံရေးသမားတွေကို အာဖျံကွီးတွေ၊ လေထိုးထားတဲ့အိပ်သာသယ်လာသူတွေဆိုပြီး ခနိုးခနဲ့ဆိုကြ၏။ ဒီတော့မှ နားကြားပြင်းကပ်လာသည့် မြို့ခံသတင်းစာနှင့် တခြားမြို့ကသတင်းစာတွေက သည်နိုင်ငံရေးကို Windbags Politics ၊ သည်နိုင်ငံရေးသမားတွေနေတဲ့မြို့ကို Windy City ဟု နံမည်ပြောင် ပေးလိုက်ကြတော့၏။ လေတကယ်ကြမ်း၍လည်း သည်မြို့ကို Windy City ၊ လေလုံးခတ်ထွားထွားနိုင်ငံရေး သမားတွေ တမိုးလုံးဖျောက်ဆိပ်ဖြစ်ခဲ့ဖူးသောကြောင့်လည်း သည်မြို့ကို Windy City ။ ဤသို့ဖြင့် အနက် ၂ မျိုးကောက်ကာ အဓိပ္ဗါယ် ၂ မျိုးပေါက်သည့် မြို့အဖြစ်တွင်ခဲ့တော့၏။
ကျနော် သည်မြို့ကို အကြိမ်ကြိမ်ရောက်၏။ Windbags Politicians တွေ အာဖျံကွီးသေးလား မကွီးတော့ဘူးလားတော့ ကျနော်လည်း သေချာမပြောတတ်။ အမြင်ဆန်းသည့်ဗိသုကာလက်ရာမြောက် မိုးထိတိုက်သစ်ကြီးတွေက မစ်ရှီဂန်ရေကန်ကြီးဆီက ဖြတ်တိုက်သည့်လေသရမ်းတွေ မြို့ကိုတည့်တည့်ဝင်မတိုက်အောင် ကန်နဖူးကတောင့်ခံပေးနေ၏။ သူတို့ဘယ်လောက် ကြံ့ကြံ့ခံကာကွယ် နေစေဦး အမေရိကန်မှစလိုက်သည့် စီးပွားပျက်ဈေးကွက်ဖြို လေသရမ်းဒဏ်ကိုတော့ သူတို့လည်း သိတ်တော့မခံနိုင်ရှာကြ။ ယိုင်တိုင်တိုင်ဖြစ်နေကြပုံပေါ်၏။ ကျနော် သည်တခေါက်ရောက်ချိန်မှာတော့ Chigaco မြို့လည်ကောင်မှာရော၊  Michigan Lake ကြီး၏ ကမ်းခြေမှာရော ထုံးစံအတိုင်း လေကတော့ ဟူးဟူးရားရား။ လူတွေလည်း ပြေးပြေးလွှားလွှား။
မျိုးမြင့်ချို
မတ်လ ၂၉  ရက် ၂၀၁၂

Wednesday, March 28, 2012

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၅၆) (မျိုးမြင့်ချို)

0 comments

မတ် ၂၉  ရက် ၂၀၁၂ နေ့ကအာရ်အက်ဖ်အေမှလွှင့်ထုတ်ပြီးဆောင်းပါးဖြစ်ပါတယ်။
            ကျနော် ရေငတ်ငတ်နဲ့မို့ အငမ်းမရခပ်သောက်လိုက်ချိန်မှာ အနံ့တမျိုးလိုရလိုက်တာနဲ့ သောက်လက်စကိုရပ်ပြီး ခွက်ထဲကြည့်တော့လည်း ရေကသန့်ပြီးကြည်နေတာပါပဲ။ နှာခေါင်းနားတေ့ပြီး နမ်းကြည့်တော့လည်း ဘာအနံ့မှထွက်မနေပါဘူး။ ဒါနဲ့ ခွက်ထဲကလက်ကျန်ရေကို အကုန်မော့ချပြစ် လိုက်ပါတယ်။ "စစ်ကြောရေးက အစားအသောက်တွေမှာ ဆေးခပ်ထားတတ်တယ်၊ အဲဒါတွေ ဗိုက်ထဲဝင်သွားတာနဲ့ လူကသိစိတ်ပျောက်သွားပြီး သူတို့မေးသမျှ ဟုတ်ဟုတ်/မဟုတ်ဟုတ် ဟုတ်ပါတယ်ဆိုပြီးဝန်ခံတော့တာပဲ"လို့ ဆိုတဲ့စကားကို ပြန်အမှတ်ရမိပြီး လန့်တောင်လန့်သွားပါတယ်။ တကယ်က ဒီရေထဲမှာဆေးခတ် ထားတာ ဟုတ်ချင်မှဟုတ်မှာပါ။ ကျနော့်စိတ်ကတွေးပြီး လန့်နေတာလည်း ဖြစ်ချင်ဖြစ်မှာပါပဲ။
            ကျနော်လည်း မောမောနဲ့ကွပ်ပြစ်ပေါ် လှဲချမလို့လုပ်နေတုန်းမှာပဲ တံခါးဖွင့်သံကြားတာနဲ့ ကမန်းကတမ်းထထိုင်ပြီး နောက်လှည့်ပေးထားလိုက်ရပါတယ်။ စစ်ဆွယ်တာနဲ့ဘောင်းဘီဝတ်၊ အသားညိုညို ဂင်တိုတိုလူတယောက် အခန်းထဲဝင်ချလာပြီး သူနဲ့လိုက်ခဲ့ဖို့ပြောပါ တယ်။ သူနဲ့အတူ စားပွဲကုလားထိုင်တွေ အသင့်ချထားတဲ့ အခန်းကျယ်တခုထဲရောက်သွားတော့မှ မင်းကို မေးစရာရှိလို့..ကောင်းကောင်းမွန်မွန်၊ မှန်မှန်ကန်ကန်သာဖြေကွာ မင်းဘာမှမဖြစ်စေရဘူးလို့ ပြောပါတယ်။ ပြီးတော့ ကျနော့်ကိုယ်ရေးအချက် အလက်တွေ ထပ်ခါတလဲလဲမေးပြီးမှ ကျနော်တို့မြို့ကလေးရဲ့ အင်န်အယ်လ်ဒီလှုပ်ရှားမှုတွေအကြောင်း၊ လူကြီး/လူငယ်ဖွဲ့စည်းပုံနဲ့လူအမည်တွေ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ဆိုင်တာတွေ မေးပါတော့တယ်။ ကျနော်လည်း သူတို့မေးသမျှ ဘာမှထိန်ချန်နေစရာမှမရှိတော့ အကုန်အမှန်အတိုင်းတွေပဲ ပြောပါတယ်။
            နောက်တော့မှ ကျနော့်အပြင် ဘယ်သူတွေတာဝန်ရှိသေးသလဲဆိုတာကိုပဲ မရမကအတင်းဖိမေး ပါတော့တယ်။ ကျနော်က ဒါဟာ လူငယ်အလုပ်အဖွဲ့က တာဝန်ယူလုပ်တာဖြစ်ပြီး လူကြီးတွေနဲ့မဆိုင်ကြောင်း၊ လူငယ်အလုပ်အဖွဲ့မှာလည်း တာဝန်ခံဖြစ်သူက တာဝန်ခံလုပ်တာဖြစ်ကြောင်း၊ ကျနော်က တာဝန်ခံဖြစ်ကြောင်း၊ တယောက်အဖမ်းခံရရင် အခြားတယောက်ကဆက်ပြီး တာဝန်ခံလုပ်မှာဖြစ်ကြောင်း၊ အခု လုပ်ခဲ့တဲ့ကိစ္စတွေအားလုံးအတွက် ကျနော့်မှာပဲတာဝန်ရှိကြောင်းတွေပြန်ဖြေပါတယ်။ ဒါကိုသူတို့အနေနဲ့ သိတ်လက်ခံချင်ပုံ မပေါ်ပါဘူး။ ဒါပေမယ့် အဲဒီကိစ္စကိုခနဖြတ်ထားပြီး ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တာတွေမှာ ကျနော်ဘာတွေပြောပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာတွေပြန်ပြောကြောင်းတွေဘက် လှည့်မေးပြန်ပါတယ်။ ဒီတကြိမ်မှာလည်း ကျနော်အမှန်အတိုင်းပဲပြောပါတယ်။ ထိမ်ချန်စရာဘာမှလည်း မရှိတာကိုး။ ဒါကိုလည်း သူတို့ သိတ်ကျေနပ်ပုံမပေါ်ပါဘူး။ ခဏနေတော့ ကျနော့်တယောက်ထဲချန်ထားခဲ့ပြီး သူတို့အကုန် ပြန်ထွက်သွားကြပါတယ်။
            တော်လေးကြာတော့ တခါထပ်ဝင်လာပြီး ဆက်မေးပြန်ပါတယ်။ အခုနလူတွေတော့မဟုတ်တော့ ပါဘူး။ လူသစ်တွေဖြစ်နေပါတယ်။ လက်ဘက်ရည်မုန့်၊ စီးကရက်တွေဘာတွေပါချကျွေးလို့၊ 
ရယ်ရယ်မောမောပြုံးပြုံးရွှင်ရွှင်နဲ့ တကယ့်ကိုမွန်ရည်သူတွေဖြစ်နေပါတယ်။ ကျနော့်ကိုလည်း စစ်သားဟောင်းနဲ့ဒုက္ခိတဖြစ်နေတာကြောင့် စာနာသနားကြောင်း၊ ကျနော် အင်န်အယ်လ်ဒီမှာ လုပ်နေတာကိုလည်းနားလည်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အင်မတန်တော်ပြီး၊ ထက်မြက်တဲ့ခေါင်းဆောင်ဖြစ်တဲ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့ သူတို့ကပါ လေးစားနေကြကြောင်းတွေပြောကြပါတယ်။ ကျနော်လည်း သူတို့နဲ့အတူ ပေါ့ပေါ့ပါးပါးအလိုက်သင့်ပြန်ပြော နေခဲ့ပါတယ်။ တယောက်ကထပြီး  ဒေါ်အောင်ဆန်းစုကြည် ဒေါက်တာမိုက်ကယ်လ်အဲရစ်ကို အိမ်ထောင်ပြုတာနဲ့ပတ်သက်လို့ မင်းဘယ်လိုထင်သလဲလို့မေးပါတယ်။ ကျနော်က ဒါဟာ လူတယောက်ခြင်းစီရဲ့ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်နဲ့သာဆိုင်တဲ့အတွက် ဘာမှတ်ချက်မှ မပေးလိုကြောင်း ပြောလိုက်ပါတယ်။ ဒီလူပါးစပ်ကဘာမှတော့မပြောပေမယ့် သူတို့အရိပ်အကဲကြည့်ရတာမှာ ဒေါတော့နည်းနည်းပွသွားကြတယ်ထင်တာပါပဲ။
            နောက်တော့ ပထမမေးပြီးသားမေးခွန်းတွေကိုပဲ ပြန်မေးကြပြန်ပါတယ်။ ကျနော်လည်း ပထမအဖြေတွေပဲပြန်ပေးပါတယ်။ ဒီတင် ဖိုင်လ်တခုကျနော့်ရှေ့ချပြီး မင်းတို့ဘာတွေလုပ်နေတယ်၊ ဘယ်သူတွေပါတယ်ဆိုတာ ငါတို့ အကုန်သိပြီးသားပါကွာ၊ မင်း ဘာပြောမလဲသိချင်လို့ မေးနေတာပါ၊ လိမ်မယ်တော့မကြံနဲ့။ ဒီမှာ ငါတို့အကုန်ရထားပြီးသားဆိုပြီး ဖိုင်လ်တခုကို ဘုတ်ဘုတ် ဘုတ်ဘုတ် အသံမြည်အောင် ပုတ်ပြပါတယ်။ ကျနော်က အင်န်အယ်လ်ဒီဟာ တရားဝင်ပါတီဖြစ်တာရယ်၊ ကျနော်တို့အောက်ခြေအဆင့်အလုပ်အဖွဲ့တွေမှာလည်း ထိပ်တန်းအဆင့်လျှို့ဝှက်မှတ်တမ်းရယ်လို့မှ မရှိတာဆိုတော့ တခုခုကို သူတို့သိထား၊ ရထားဦးတောင် ဘာမှတော့ပြဿနာမရှိပါဘူး။ လူထုနဲ့အောက်ခြေပါတီဝင်ထု သိခွင့်ရှိတဲ့အကြောင်းအရာတွေချည်းပဲဖြစ်မှာမို့လို့ သိတ်တော့ အလေးအနက်မထားမိတာအမှန်ပါပဲ။ 
            ဒီမှာတင် တယောက်က မင်းကို ငါတို့က အေးအေးဆေးဆေးမေးနေတာ မင်းကငါတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ အခုထပ်မေးဦးမယ်။ ဒါမှ မင်းဘက်က ဂဂျီဂဂျောင်လုပ်နေဦးမယ်ဆိုရင်တော့ မင်းထိုက်နဲ့မင်းကံပဲဟေ့ကောင်၊မတတ်နိုင်ဘူး၊ အခု ငါတို့အဖွဲ့က အေးဆေးသမားတွေ၊ မင်း နောက်တွေ့ရမယ့် ဆရာကြီးတွေကတော့ ငါတို့လိုမဟုတ်ဘူးနော်၊ အဲဒါကြိုပြောထားတာ၊ နောက်မှ ငါတို့အဆိုးမဆိုနဲ့ဆိုပြီးပြောတော့ ကျနော် စိတ်ထဲထိတ်ကနဲဖြစ်မိရပါတယ်။ ဒါပေမယ့် ကျနော်ထိန်ချန်ထားတာဘာတခုမှ မရှိတာဆိုတော့ ဘယ်လိုမေးမေး ဒီအဖြေကလွဲလို့ဘာမှ ပေးစရာမှမရှိတာပဲလေဆိုပြီးတော့ တွေးမိပါတယ်။ ပြန်ဆက်ကြတော့လည်း မေးပြီးသားအမေးနဲ့ ဖြေပြီးသားအဖြေတွေချည်းပါပဲ။ ကဲ..ဟေ့ကောင်၊ မတတ်နိုင်တော့ဘူး၊ ငါတို့ဘက်ကတော့ကုန်ပြီ၊ မင်း ကိုယ့်ဘဝသာ ကိုယ်တွေးထားပေ တော့လို့ပြောပြီး အားလုံးပြန်ထွက်သွားကြပါတော့တယ်။
            ကျနော်လည်း အခန်းထဲမှာ တယောက်ထဲ စိုးရိမ်စိတ်အားငယ်စိတ်တွေဝင်ပြီး ကျန်နေခဲ့ပါတယ်။ ခေါင်းထဲမှာလည်း အတွေးတွေက ရှုပ်ထွေးပြီး နောက်ကျိနေပါတယ်။ လူလည်းပင်ပမ်းပြီး ခြေကုန်လက်ပမ်း ကျနေသူလိုဖြစ်နေပါတယ်။ ဘာ စားချင်သောက်ချင်စိတ်မှလည်း မရှိတော့ပါဘူး။ နောက်လာမယ့် ဆရာကြီးတွေဆိုတာ ဘယ်လိုလူမျိုးတွေလဲ။ ငါ့ကို ဘာတွေများလုပ်ကြဦးမှာလဲဆိုပြီး တွေးနေမိပါတယ်။
           အဲဒီအချိန်မှာပဲ နောက်ဘက်က ဝုန်းကနဲ တံခါးဆောင့်ဖွင့်လိုက်သံနဲ့အတူ လူ၃ယောက် အခန်းထဲကိုဝင်ချလာပါတော့တယ်။ ကျနော် နောက်လှည့်ကြည့်လိုက်တယ်ဆိုရင်ပဲ ကုပ်ပိုးပေါ်ဖျောင်းကနဲ ကျလာတဲ့လက်ဝါးစောင်းနဲ့အတူ ဟေ့ကောင် နောက်ပြန်လှည့်ထားဆိုတဲ့အသံကြီး ဟိန်းထွက်လာပါတော့ တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

Linux စသုံးမည့်သူများ သိသင့်စရာအဖြာဖြာ (ကိုဘလိတ်)

0 comments

Linux စသုံးမည့်သူများ သိသင့်စရာအဖြာဖြာ (ကိုဘလိတ်)
Operation System အမျိုးအစားတစ်ခု
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီးတော့ Operation system ဆိုတာ ထည့်ပြောစရာမလိုတဲ့ အခြေအနေဖြစ်နေပါပြီ။ ဘာလို့လည်းဆိုတော့ အဓိကကျတဲ့ ကွန်ပြူတာနဲ့လုပ်မယ့်အလုပ်တွေအားလုံးနည်းပါးက အွန်လိုင်းကနေပဲလုပ်တာဖြစ်တော့ browser တွေသာ အဓိကအခန်းကဏ္ဍက ဖြစ်နေပါတယ်။ ဒါကြောင့် Operation system ဆိုတာ့ နောက်ကွယ်ကပဲ သူလုပ်ရမယ့်အလုပ်တွေလုပ်တာဖြစ်ပြီး၊ အသုံးပြုသူက ဘယ် Operation system ကို သုံးနေသလည်းဆိုတာ သိစရာမလိုတဲ့အနေအထားဖြစ်နေပါတယ်။ အဲဒီတော့ Operation system ဆိုတာ user တွေအသုံးပြုမယ့်ဆော့ဝဲတွေနဲ့ computer မှာ ရှိတဲ့ hardware တွေကိုချိတ်ဆက်ပေးတဲ့ ကြားခံတစ်ခုလို့ပဲသိထားရရင် ရလောက်ပါပြီ။
Windows မဟုတ်ဘူး။
new users တော်တော်များများက Windows,Linux နဲ့ Mac က ဘာကွာခြားလည်းဆိုတာ သေချာမသိကြပါဘူး။ တော်တော်များများကတော့ windows လိုမျိုး အကုန်သုံးလို့ရရင် ကွန်ပြူတာပဲ ထင်ကြတာပဲ။ Windows ပါမှာ ကွန်ပြူတာလို့ထင်နေကြတယ်။ တကယ်တော့ Windows ဆိုတာ Operation system တစ်ခုပဲ။ End user တွေအနေနဲ့ Operation System က အဓိကမဟုတ်တာတော့ သေချာတယ်။ အဲဒီ Operation System ပေါ်မှာတင်ပီး Run နေတဲ့ Application တွေအသုံးပြုကြတာပါ။ တစ်ခြား Opensource application တွေကလည်း Windows မှာပါတဲ့ application တွေလိုပဲ အသုံးပြုလို့ ရပါတယ်။ ဥပမာ၊ Microsoft Word ဆိုတာမျိုး Libre office Writer ရှိပါတယ်။ Menu တွေ တော်တော် များများအတူတူပါပဲ။ File memu ထဲမှာ New,Open,Save, Save as စသည်ဖြင့် တူတူပဲ ပါတာပါပဲ။ အဲဒီတော့ Windows တင်ထားမှ ကွန်ပြူတာမဟုတ်ပါဘူး။
C:\ မရှိဘူး။
Windows အသုံးပြုသူတွေက C:\ ဆိုတာဘာလည်းဆိုတာတော့ သိကြပါတယ်။ များသောအားဖြင့် ဘယ်လိုမှတ်ထားသလည်းဆိုတော့ C:\ ဆိုတာ System partation သွားမထိနဲ့ အန္တရာယ်ရှိတယ်။ အဲလောက်ပါပဲ။ Linux မှာတော့ Directory hierarchy တွေကို ပြည့်စုံအောင်လုပ်ထားပါတယ်။ User အတွက်မှတ်ထားရမယ့် တစ်နေရာပဲရှိပါတယ်။ /home/USERNAME (USERNAME ဆိုတာကတော့ အသုံးပြုသူနဲ့ login name ပါ). များသောအားဖြင့် နောက်ဆုံးပေါ် Linux distro တွေမှာတော့ users home directory မှာ Documents, Pictures, Music, Video စသည်ဖြင့် နေရာတွေပြုလုပ်ပေးပြီးသားတွေ တွေ့နိုင်ပါတယ်။ အဲဒီတော့ User မှတ်ထားရမှာက ကိုယ့်နာမည်နဲ့နေရာမှာ ကိုယ့်ဖိုင်တွေအကုန်လုံး သိမ်းထားနိုင်ပါတယ်ဆိုတာပါပဲ။
Installing လုပ်နည်းလည်း ကွာတယ်။
Windows မှာ software တစ်ခု install လုပ်ချင်တယ်ဆိုရင် net မှာ ရှာမယ်။ .exe ဖိုင်ကို ဒေါင်းလုဒ် လုပ်မယ်။ ပြီးရင် double click ခေါက်ပီး run လိုက်မယ်။ ပြီးအောင် စောင့်မယ်။ နောက် အသုံးပြုမယ်ပေါ့။ Linux တွေမှာတော့ Add/Remove software tool(Ubuntu software Center, PackageKit, or Synaptic) တစ်ခုခုကို ဖွင့်၊ အသုံးပြုချင်တဲ့ software ကို ရှာပြီး install button ကိုနှိပ်လိုက်ယုံပါပဲ။ အသုံးတည့်မယ့်  opensource software တော်တော်များများ တွေ့ပါလိမ့်မယ်။
Command line မလိုပါဘူး။
Linux ဆိုပြီး ပြောလိုက်တာနဲ့ User တွေက command line တွေ လေ့လာရတော့မယ်ပဲ ပြေးမြင်ကြပါ တယ်။  Modern Linux Distro တွေ မှာ End user တွေ Command ရိုက်စရာမလိုပဲ အသုံးပြုလို့ရအောင် လုပ်ထားပြီး ဖြစ်နေပါပြီ။ Terminal အမြဲဖွင့်ထားပြီး  grep, ls, mkdir, chmod, or chown တွေ ရိုက်နေစရာမလိုပါ။ GUI ကနေ လုပ်နိုင်ပါတယ်။
Virus ဝင်မှာမပူရပါ။
Windows အသုံးမပြုတော့ဘူးဆိုရင်တော့ Virus ဆိုတာကိုလည်း ဂရုစိုက်နေစရာမလိုတော့ပါဘူး။ AVG or SEP တွေ task bar မှာ မြင်ရမှာမဟုတ်တော့ပါဘူး။ LINUX ဒါက ပုံမှန်ပါပဲ။ တခြား Windows user က မေးလ်ပို့လိုက်လို့ မေးလ်ထဲမှာ virus ပါလာလို့လား။ မပူပါနဲ့ LINUX ကို အဲဒီ virus က ဒုက္ခမပေးနိုင်ပါ။  just select and delete လုပ်လိုက်ယုံပါပဲ။
အခမဲ့ပဲဖြစ်ပါတယ်။
Open source နဲ့ပတ်သက်ပြီး လူတွေအမြင်ကြားရတာတော့ မကောင်းကြောင်းချည်းပဲဖြစ်နေတယ်။ consumerist society တွေ ထင်ထားတာကတော့ free ပေးတာတွေက အသုံးဝင်ရင်တော့ကောင်းပါတယ် တဲ့။ software တစ်ခုက လူတိုင်းအတွက်တော့ ဘယ်အသုံးဝင်ပါ့မလဲ။ များသောအားဖြင့်လည်း မသုံးကြည့်ပဲနဲ့ အသုံးမဝင်ဘူးပဲပြောကြတာများပါတယ်။ ဥပမာ scribus နဲ့ လုပ်ထားတဲ့ဖိုင်ကို Printing ကိုပို့တော့ သူတို့က Pagemaker, Indesign သုံးထားလို့၊ ဖွင့်မရလို့သုံးလို့မရဘူးတဲ့။ Scribus မှာ PDF ဖိုင်ပြောင်းလို့ ရပါတယ်။ Printing လုပ်တဲ့သူတွေကို PDF ဖိုင်ပေးလိုက်ရုံနဲ့ရပါတယ်။ Design source ဖိုင်ပေးစရာမလိုပါဘူး။ သူငယ်ချင်းတစ်ယောက် မာစတာတန်းအတွက် သီးစစ်လုပ်တာ ၈၀ ရာခိုင်နှုန်းလောက်က wiki နဲ့ google က ရတာတဲ့။ အဲဒီနှစ်ခုလုံးက Open source တွေပါပဲ။
ဒီတစ်ခု မကြိုက်ဘူးလား နောက်တစ်ခုပြောင်းပေါ့။
LINUX မှာတော့ရွေးချယ်စရာတွေများပါတယ်။ Desktop ကလည်း အမျိုးမျိုးရှိတယ်။ Themes တွေလည်း အမျိုးမျိုးပြောင်းနိုင်ပါတယ်။ ဒီတစ်ခု အသုံးပြုရတာအဆင်မပြေရင် နောက်တစ်ခုပြောင်းသုံးရုံပါပဲ။ အခုမှ စသုံးမယ်ဆိုရင်တော့ Ubuntu ဒါမှမဟုတ် Linux Mint သုံးကြည့်ပါ။ Ubutnu ကတော့ Facebook မှာ မြန်မာ fun တွေရှိပါတယ်။ LInux Mint menu တွေကတော့ Windows နဲ့ယဉ်ပါးနေတဲ့သူတွေအသုံးပြုရင် အဆင်ပြေပါတယ်။
Driver installer CD တွေ သိမ်းထားစရာ မလိုပါဘူး
Windows XP သုံးဖူးတဲ့သူတွေ သိမှာပါ။ Windows ပြန်တင်တိုင်း Driver တွေ isntall လုပ်ရတာ ဘယ်လောက် ခေါင်းခြောက်သလဲ။ Linux မှာတော့ တော်တော်များများ driver တွေကို auto သိပါတယ်။
Google မှာ ရှာပါ။
Linux မှာ error တစ်ခုခုတွေ့နေသလား။ copy ကူးပြီးသာ Google မှာရှာလိုက်ပါ။ ဖြေရှင်းချက်မျိုးစုံ ထွက်လာပါလိမ့်မယ်။ တစ်ခါတည်း လေ့လာပြီးသားပါဖြစ်သွားနိုင်ပါတယ်။
လူတွေက တစ်ခုခု အပြောင်းအလဲလုပ်ရမှာကို ကြောက်စိတ်ရှိပါတယ်။ တစ်ခုသိရမှာက ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ပြန်ကြည့်ကြည့်ပါ။ အရာရာတိုင်းပြောင်းလဲနေတယ်။ ပြောင်းလဲမှုကိုလည်း လက်ခံနေရတယ်။ အဲဒီတော့ အပြောင်းအလဲလေးလုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ priate တွေသုံးမလား၊ ဒါမှမဟုတ် ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် Opensource တွေ သုံးမလားပါပဲ။
Ref: techrepublic မှ 10 things you must teach new Linux users
(ရေးတာက) ကိုဘလိတ် ဖြစ်ပါတယ်။
(ယူတာကဒီနေရာကပါ) http://www.maukkha.org/index.php/maukkha-subject-list/science-and-technology-maukkha/1982-10-things-you-must-teach-new-linux-users

Monday, March 26, 2012

နှစ်ငါးဆယ် (ကြည်ဇော်အေး)

0 comments

နှစ်ငါးဆယ်
(ကြည်ဇော်အေး)

ဘွဲ့ရအလုပ်လက်မဲ့ လူငယ်တစ်ယောက်ရဲ့
ခန္ခာကိုယ်ပေါ် လောင်ကျွမ်းခဲ့တဲ့မီးတစ်စဟာ
အာရပ်ကမ္ဘာကို ကူးစက်လို့
အာရပ်နွေဦးဟာ နိုးထခဲ့
ငါငေးမောခဲ့။
ငါတို့ဘ၀ ငါတို့ကမ္ဘာ
ယောက်ယက်ခတ်မောပန်းဆဲ။

ငါဟာ
အနာဂတ်ကို အမှိုက်ပုံထဲမှာ
တူးဆွရှာဖွေနေတဲ့ သူတောင်းစား။

ငါဟာ
အမြန်ရထားကြီးပေါ်က လွင့်ကျလာတဲ့
ရေသန့်ဗူးခွံတွေ လိုက်ကောက်နေရတဲ့ ကလေးငယ်။

ငါဟာ
ဒုက္ခသည်စခန်းထဲက
ခြေတစ်ဖက်ပြတ် တိုင်းရင်းသား။

ငါဟာ
ဒဏ်ရာရနေတဲ့ဆေးရုံ။

ငါဟာ
ထမီသခိုး။

ငါဟာ
ယောင်ခြောက်ဆယ်ပညာတတ်။

ငါဟာ
လောက်တဖွားဖွားကျနေတဲ့
အကျင့်ပျက်ဝန်ထမ်းတစ်ယောက်ရဲ့
ခန္ဓာကိုယ်ပေါ်က လောက်တစ်ကောင်။

ငါဟာ
ကလေးစစ်သား။

ငါဟာ
အရက်သမား။

ဟေ့
မိုဟာမက် ဘိုအာဇီဇီ
ထရီပိုလီကျဆုံးခန်းကို မြင်သွားခဲ့ရဲ့လား။

ဟေ့
ပရိုတက်စတာတို့
ဝေါစထရိကို သိမ်းပိုက်နိုင်ခဲ့ကြရဲ့လား။

ဘုရား ဘုရား
ကျောထောက်နောက်ခံအပြည့်အ၀နဲ့
ဟူစနီမူဘာရက်ပါလား။

ဘုရား ဘုရား
ကမ္ဘာပေါ်မှာ
စိတ်ကျရောဂါသည် သန်းတရာကျော် ဆိုပါလား။

ဘုရားဖူးထွက်ရုံနဲ့
တရားထူး မရခဲ့ကြသူတွေလို
ရွေးကောက်ပွဲတွေနဲ့ လွှတ်တော်အဆောက်အအုံတွေကြား
မျက်စိလည်လမ်းမှားခဲ့ကြပေါ့။

လိုက်နာရန်သာတာဝန်ရှိပြီး
ငြင်းခုန်ဖို့မဖြစ်နိုင်တော့တဲ့ ဥပဒေတစ်ရပ်ကို
လက်မှတ်ထိုးခဲ့ကြပေါ့။

ငရုပ်ကောင်းရည်တွေနဲ့ပက်ဖြန်းခံရတဲ့
မျက်ရည်ယိုဗုံးတွေကြားက ထွက်ပြေးခဲ့ရတဲ့
ကျောင်းသားလေးတစ်ယောက်ရဲ့
ကျွတ်ကျန်ရစ်ခဲ့တဲ့ဖိနပ်တစ်ဖက်လို
ငါဟာ မျက်စိသူငယ် နားသူငယ်။

အရက်ဖြူဆိုင်ထဲက
ကြက်ခြေထောက်ရိုးတစ်ချောင်း လမ်းပေါ်ကျလာသလို
မျှော်လင့်ချက်တစ်ခု ငါ့ရှေ့ကျလာတော့
ခွေးဝဲစားတစ်ကောင်လို
ငါဝမ်းသာခဲ့မိပေါ့။

ရယ်ရတယ်
ဘာလို့ ရယ်ရသလဲဆိုတော့
'စက်ပျက်နေတဲ့ အီရန်ငါးဖမ်းသင်္ဘောကို
အမေရိကန်ရေတပ်က ပြင်ပေးလိုက်ရခြင်း' ဆိုလို့
ရယ်ရတယ်။

ငါ့ပေါင်မုန့်ကို လုယူသွားကြသူတွေဆီက
ငါပြန်တောင်းစားနေရ။

အသားတိုးမွေးမြူရေးကြက်လို
ငါ ဖွံ့ဖြိုးတိုးတက်နေရ။

'ပစ်ရှာမည့် ၀ရဇိန်ငယ်
ပန်းထိမ်မှာ ပြင်တုန်းထင့်လေး' ဆိုတဲ့
ဦးပုညရဲ့ သကြားလိမ်တေးထပ်
ငါ အမှတ်ရမိပေါ့။

ငါ လမ်းကြိုလမ်းကြားတွေထဲ လျှောက်သွား သွားတယ်
သတင်းတွေလျှောက်ဖတ်တယ်

ဘန်ကောက်ဟာ
လက်ပစ်ကူးနေတယ်

ဒမတ်စကတ်ဟာ
ပြားချပ်နေတယ်

ပြုံယမ်းဟာ
ရူးသွပ်နေတယ်

ဝါရှင်တန်က
ရန်ကုန်ကို နားစွင့်နေတယ်။

ရန်ကုန်ဟာ
နောက်ပြန်မလှည့်တော့ဘူးလို့
နောက်ပြန်လှည့်ကြည့်ပြီး ပြောရဲ့။

ကြယ်ငါးပွင့် ဟိုတယ်ကြီးထဲက
ဖောက်စထရော့ တေးသွားသံတွေကြားမှာ
အနမ်းတွေ ပျံသန်းနေကြရဲ့။

ကွန်တိန်နာကြီးတွေနဲ့အပြည့်
ကတိက၀တ်တွေ ရောင်းဝယ်ဖောက်ကားကြရဲ့။

အို မဏိမေခလာ
သံသယပင်လယ်ပြင်မှာ
ငါခြေကုန်လက်ပမ်းကျနေပါပြီ။

မြွေပွေးတစ်ကောင်လို
မိခင်ဗိုက်ကိုဖောက်ထွက်မွေးဖွားခဲ့တဲ့ ပြည်တွင်းစစ်
ငါ့ကိုအဆိပ်တက်လို့။

'ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိ' တဲ့
ဟုတ်ကဲ့
ဥပဒေရဲ့အောက်မှာလည်း ဘယ်သူမှမရှိခဲ့တဲ့ နှစ်တွေပေါ့။

အော်
'ငါတို့ဗမာပြည်ဝယ် မိဘတိုင်းကကွယ်'
သတိရှိရမယ်
ဘယ်လိုသတိရှိရမလဲဆိုတော့
သတိရှိရမယ်

လူငယ်တစ်ယောက်ကို
အညွန့်တုံးစေနိုင်သော အရာများ
များစွာ

ထိုများစွာများထဲမှ
မူးယစ်ဆေးဝါး
HIV နဲ့
အတုအယောင်ဒီမိုကရေစီ။

ဤတွင်
နှစ်ငါးဆယ် ကဗျူဗေဒ
နိဌိတ္တံ။

ကြည်ဇော်အေး
တန်ခူးလဆန်း ၁ ရက်။၁၃၇၃ ခုနှစ်တွင်ရေးသားပြီးစီးသည်။
(ယူတာကဒီနေရာကပါ) http://www.kaungkin.com/index.php?option=com_content&view=article&id=749%3A2012-03-26-21-06-31&catid=37%3A2009-04-17-01-30-25&Itemid=64

ဗော်လတဲနှင့် မဟာဖရက်ဒရစ် (မောင်သာမည)

0 comments

(သည်ဆောင်းပါးကို စတိုင်သစ်မဂ္ဂဇင်းမှာ ပထမဖော်ပြခဲ့ပြီး နောက်တော့ ဆန့်ကျင်ဘက်ဆောင်းပါးများဆိုတဲ့ စာပေါင်းစုစာအုပ်ထဲမှာထည့်သွင်းခဲ့ ပါတယ်။ မူရင်းကတော့ E.M.Forster ရဲ့ Two Cheers for Democracy စာအုပ်ထဲက Voltaire and Frederick the Great ဖြစ်ပါတယ်)
လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာကျော်က ပြင်သစ်လူမျိုးတယောက်ဟာ ဂျာမန်လူမျိုးတယောက်ဆီကို အလည်အပတ်သွားခဲ့ပါတယ်။ သမိုင်းမှာ အလွန်လူသိများတဲ့ အလည်အပတ်ခရီးစဉ်ကြီးတခုပါ။ 
ပြင်သစ်လူမျိုးဖြစ်သူက ဂျာမန်နိုင်ငံတော်ကြီးဆီ အရောက်လာရတာကို အလွန်ပျော်ရွှင်ကြည်နူးနေသလို အိမ်ရှင်ဖြစ်တဲ့ဂျာမန်လူမျိုးကလည်း အလည်လာတဲ့ပြင်သစ်လူမျိုးကို ၀မ်းပမ်းတသာကြိုဆိုခဲ့ပါတယ်။
သူတို့နှစ်ဦးရဲ့ဝမ်းသာပျော်ရွှင်မှုဟာ ယဉ်ကျေးမှုသဘောအရဟန်လုပ်ပြသရတဲ့ ၀မ်းသာပျော်ရွှင်မှုမျိုးလောက် မဟုတ်ပါဘူး။ တို့နှစ်ယောက်တော့ သေတပန်သက်တဆုံး မိတ်ဆွေအရင်းအချာတွေဖြစ်ကြရတော့မယ်လို့ aတွးပြီး စိတ်အားထက်သန်မှုတွေအပြည့်နဲ လှိုက်လှိုက်လှဲလှဲဝမ်းသာပျော်ရွှင်ခဲ့ကြတာပါ။
သို့ပေမယ့် သူတို့တွေးထင်ခဲ့တဲ့အတိုင်းမဖြစ်ခဲ့ပါဘူး။ သမိုင်းတွင်တဲ့ခရီးစဉ်ကြီးဟာ အောင်မြင်မှုမရဘဲ အပျက်ကြီးပျက်အဆုံးရှုံးကြီးဆုံးရှုံးခဲ့ပါတယ်။
သည်ခရီးစဉ်ကြီးအကြောင်းကို သည်ကနေ့အထိ ဂျာမန်တွေရောပြင်သစ်တွေပါ ပြောဆိုနေကြတုန်းပါ။ ဂျာမန်တွေက သည်ခရီးစဉ်ပျက်ရတာဟာ ပြင်သစ်လူမျိုးကြောင့်လို့ပြောနေသလို ပြင်သစ်တွေကလည်း ဂျာမန်လူမျိုးကြောင့် သည်ခရီးစဉ်ပျက်ရတာလို့ပြောနေပါတယ်။
ဧည့်သည်ဖြစ်တဲ့ပြင်သစ်လူမျိုးက စာရေးဆရာကြီး ဗော်လတဲ ဖြစ်ပါတယ်။ သည်နေ့ခေတ်လူတွေအနေနဲ့တော့ ဗော်လတဲဟာ ဘယ်အရာကိုမဆိုအပြစ်မြင်တတ်တဲ့သူ၊ သရော်လှောင်ပြောင်တတ်တဲ့သူ၊ မဖွယ်မရာပြက်လုံးထုတ်တတ်တဲ့သူလို့ပဲ မြင်နေကြပါလိမ့်မယ်။
တကယ်တော့ ဗော်လတဲဟာ သူ့ခေတ်သူ့အခါက တခြားသူတွေထက် ခေါင်းတလုံးပိုမြင့်ခဲ့သူဖြစ်ပါတယ်။ ထိပ်ဆုံးမှာရှိခဲ့တဲ့လူတယောက်ပါ။ ဥရောပယဉ်ကျေးမှုကြီးက ဖန်တီးထုတ်လုပ်ခဲ့တဲ့မဟာလူသားတွေထဲမှာ ဗော်လတဲလည်း တယောက်အပါအ၀င်ဖြစ်တယ်လို့ တထစ်ချပြောနိုင်ပါတယ်။
တကယ်လို့များ ဘုရားသခင်ရဲ့နောက်ဆုံးတရားစီရင်ပွဲမှာစကားပြောဖို ဥရောပတိုက်ကြီးအတွက် ကိုယ်စားလှယ်နှစ်ယောက်ရွေးပါဆိုရင် ကျနော်ကတော့ ရှိတ်စပီးယားနဲ့ဗော်လတဲကိုရွေးပါမယ်။ ရှိတ်စပီးယားကိုရွေးရတာက သူ့ရဲ့ ဖန်တီးမှုစွမ်းရည်ကြောင့်ပါ။ ဗော်လတဲကိုရွေးရတာကတော့ ဝေဖန်မှုစွမ်းရည်နဲ လူသားဆန်တဲ့စိတ်ဓာတ်ကြောင့်ပါ။
ဗော်လတဲဟာ အမှန်တရားကိုမြတ်နိုးတယ်။ သည်းခံခြင်းတရားကို ယုံကြည်လက်ခံတယ်။ အဖိနှိပ်ခံတွေကို ကြင်နာသနားတတ်တယ်။ စိတ်ဓာတ်ကလည်း ကြံ့ခိုင်ထက်မြက်တာဆိုတော့ သူ့အယူအဆတွေကို ပြတ်ပြတ်သားသား ဖော်ထုတ်တင်ပြနိုင်ခဲ့တယ်။
ကျနော်တို့လိုလူတွေအနေနဲ့ ကိုယ့်အယူအဆကို အဆီအငေါ်တည့်အောင်ပြောနိုင်ဖို့မလွယ်ပါဘူး။ ဗော်လတဲလို ကြီးကျယ်တဲ့ပုဂ္ဂိုလ်မျိုးက ပြတ်ပြတ်သားသားပြောဆိုနိုင်ခဲ့လေတော့ သာမန်ပြည်သူတွေလိုပဲ ကျနော်လည်း ဗော်လတဲကို ကျေးဇူးတင်မိပါတယ်။ မတရားမှုကိုဆန့်ကျင်ပြီး သာယာဝပြောတဲ့လောကကြီးကိုတည်ဆောက်ဖို့ အားထုတ်နေကြတဲ့လူသားအမြောက်အများအတွက် ဗော်လတဲဟာ စကားပြောခဲ့သူဖြစ်ပါတယ်။
ဗော်လတဲဟာ စာတွေ အများအပြားရေးခဲ့ပါတယ်။ ပြဇာတ်တွေ၊ ၀တ္ထုတိုတွေ အများအပြားရေးခဲ့ပါတယ်။ အခုအချိန်မှာတော့ သူ့ပြဇာတ်တွေကို မေ့ကုန်ကြပါပြီ။ သူ့ဝတ္ထုတိုတချို့ကိုတော့ ဖတ်နေကြပါသေးတယ်။ အလွန်လူသိများတဲ့ ကင်ဒိ (Candide) အမည်ရှိ ၀တ္ထုရှည်တပုဒ်ကိုရေးခဲ့ပါတယ်။ သတင်းစာသမားတယောက်လည်းဖြစ်ခဲ့ပြီး ကြေညာစာတမ်းတွေလည်းရေးခဲ့ပါတယ်။ သိပ္ပံပညာနဲ့ဒသနပညာကိုလည်း လေ့လာခဲ့ပါတယ်။ လူကြိုက်များတဲ့သမိုင်းဆရာတယောက်လည်းဖြစ်ပြီး အဘိဓာန်စာအုပ်ကြီးတအုပ်ကိုလည်း ရေးသားပြုစုခဲ့ပါတယ်။
ဥရောပတိုက်တခွင်ကလူတွေဆီကို ပေးစာတွေရေးသားပေးပို့ခဲ့ပါတယ်။ နေရာတကာမှာ ဗော်လတဲ စာအဆက်အသွယ်လုပ်သူတွေရှိနေခဲ့ပါတယ်။ ဥာဏ်ကလည်းရွှင်၊ ခေတ်လည်းမီ၊ သွက်လက်ထက်မြက်သူလည်းဖြစ်တာကြောင့် ဥရောပတခွင်ကဘုရင်တွေ အင်ပါယာအရှင်တွေဟာ ဗော်လတဲကို အလွန်အလေးဂရုပြုကြပါတယ်။ ဗော်လတဲဆီက စာတစောင်ရရင် ၀မ်းမြောက်ဂုဏ်ယူကြပြီး အလျင်အမြန်ပြန်စာရေးကြပါတယ်။
ဗော်လတဲဟာ ရသစာပေဖန်တီးရာမှာတော့သိပ်မထူးချွန်ပေမယ့် သူ့မှာ ကြီးကျယ်တဲ့ဥာဏ်ပညာရှိတယ်။ ကြင်နာတတ်တဲ့နှလုံးသားရှိတယ်။ သည်ဥာဏ်ပညာနဲ့နှလုံးသားကို လူ့လောကရဲ့အကျိုးစီးပွားအတွက် မြှုပ်နှံထားသူဖြစ်ပါတယ်။
သည်အရည်အချင်းတွေကြောင့်ပဲ ဥရောပတိုက်ကြီးရဲ့ကိုယ်စားလှယ်အဖြစ် ရှိတ်စပီးယားနဲ့အတူ ဗော်လတဲကိုလည်း ရွေးချယ်ရခြင်းပါ။ နာဇီတွေမပေါ်ပေါက်ခင် နှစ်ပေါင်းနှစ်ရာလောက်ကြိုတင်ပြီး နာဇီတွေကိုဆန့်ကျင်ခဲ့တာ ဗော်လတဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဗော်လတဲရဲ့စိတ်ဓာတ်ဟာ စင်းလုံးချောမဟုတ်ခဲ့ပါဘူး။ ဗော်လတဲဆီမှာ ဆန့်ကျင်ဖက်ဖြစ်နေတဲ့ စိတ်ဓာတ်၊ စရိုက်တွေရှိနေပါတယ်။ သူဟာ အမှန်တရားကိုမြတ်နိုးသူဖြစ်ပေမယ့် မကြာခဏ လှည့်ပတ်ပြော ဆိုတတ်ပါတယ်။ လူတွေကို ချစ်ခင်ကြင်နာတတ်ပေမယ့် မကြာခဏ ဒေါသထွက်တတ်ပါတယ်။ ရက်ရက်ရောရောပေးကမ်းတတ်ပေမယ့် ငွေကြေးအကျိုးအမြတ်ရအောင်လည်း လုပ်တတ်ပါတယ်။
ဗော်လတဲဟာ မွေးရာပါလူပြောင်လူနောက်တယောက်ပါ။ သူတပါးကို သရော်လှောင်ပြောင်နေရမှ နေထိုင်ကောင်းတဲ့လူစားပါ။ သူမှာ ဘွဲ့ထူးဂုဏ်ထူး ဘာမှမရှိ။ ရုပ်ရည်သွင်ပြင်ကလည်း အလွန်ဆိုး လူကောင်က သေးသေးညှက်ညှက် ဂင်တိုတို။ နှာခေါင်းက ရှည်ရှည်။ အသားက မည်းမည်း။ မျက်လုံးက ပြူးပြူး။ စကားပြောတော့မပီ့တပီ လေလုံးမကွဲပါဘူး။ အ၀တ်အစားဝတ်တဲ့အခါ လူကောင်သေးသေးတွေ ၀တ်မြဲထုံးစံအတိုင်း တန်ဆာပလာခပ်များများ။ ဆံပင်အတုက သူ့ခေါင်းနဲ့မလိုက်အောင်ကြီးလွန်းတော့ မျက်နှာကပျောက်နေတယ်။
သို့ကလိုပြင်သစ်လူမျိုးဗော်လတဲဟာ ဘာလင်ရွှေမြို့တော်ကို ၁၇၅၁ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှာရောက်ရှိခဲ့ ပါတယ်။ သူ့ကိုကြိုဆိုတဲ့အိမ်ရှင်ကတော့ ပရပ်ရှားနိုင်ငံတော်ကြီးကို ဘုန်းမီးနေလအုပ်စိုးတော်မူတဲ့ ဂျာမန်လူမျိုး မဟာဖရက်ဒရစ် ဖြစ်ပါတယ်။
မဟာဖရက်ဒရစ်ဘုရင်ကြီးဟာ ခေတ်သစ်ဂျာမန်နိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူတွေထဲမှာ တယောက်အပါအ၀င်ဖြစ်ပါတယ်။ ဟစ်တလာဟာ မဟာဖရက်ဒရစ်ဘုရင်ကြီးကို အသေအချာလေ့လာ ခဲ့သူပါ။
မဟာဖရက်ဒရစ်ဟာ အလွန်အလိုကြီးသူဖြစ်တာကြောင့် အလိုပြည့်ဖို့အတွက် ဥရောပတိုက်ကြီးကို စစ်မြေတလင်းဆီပို့ဆောင်ခဲ့ပါတယ်။ သူဟာ အင်အားကိုယုံကြည်သူ ဖြစ်တယ်။ လှည့်ဖျားခြင်းပရိယာယ်ကို ယုံကြည်သူဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်မှုကိုယုံကြည်သူ ဖြစ်တယ်။ ဘယ်အရာကိုမဆို ကိုယ်တိုင်လုပ်ရမှ စိတ်ချသူဖြစ်တယ်။ စည်းရုံးသိမ်းသွင်းခြင်းအတတ်မှာ တဖက်ကမ်းခတ်သူ ဖြစ်တယ်။ လူညံ့တွေကိုပဲ အလုပ်ခန့်ချင်သူဖြစ်တယ်။ လူ့လောကကြီးကို စက်ဆုပ်ရွံရှာမုန်းတီးသူလည်းဖြစ်တယ်။ သည် စိတ်နေ စိတ်ထားတွေဟာ မဟာဖရက်ဒရစ်နဲ့ဗော်လတဲကြားက နယ်ခြားမျဉ်းပဲဖြစ်ပါတယ်။
လူလူချင်းစာနာထောက်ထားမှုဆိုတဲ့ဂရုဏာတရားကို ဗော်လတဲကယုံကြည်ပေမယ့် မဟာဖရက်ဒရစ်က မယုံကြည်ပါဘူး။ "လူဆိုတာ အလွန်ဆိုးဝါးတဲ့ သတ္တ၀ါပဲ။ လူတွေအကြောင်းကို သင်မသိပါဘူး။ ငါပဲ သိတယ်" လို့ ဖရက်ဒရစ်က ဗော်လတဲကိုပြောဖူးပါတယ်။
မဟာဖရက်ဒရစ်ဟာ လူ့လောကကြီးအပေါ် အဆိုးမြင်တတ်သူဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက တစက်ကလေးမှစိတ်မချမ်းသာခဲ့ပါဘူး။ ဒါကြောင့် သူ့အပေါ် ဘယ်သူကမှ မချစ်ခင်မမြတ်နိုးဘူးဆိုတဲ့ ခံစားချက်ကို ငယ်စဉ်ကစပြီးသေတဲ့အထိ ခံစားသွားရတဲ့သူပါ။ သည်လိုခံစားချက်မျိုးရှိတဲ့သူဟာ ဘယ်လောက်အန္တရာယ်ကြီးပြီး သူ့ကိုယ်သူရော သူတပါးကိုပါ ဘယ်လောက်ဒုက္ခပေးတတ်သလဲဆိုတာ သိထားကြပါပြီ။
မဟာဖရက်ဒရစ်ဘုရင်ကြီးမှာ ကောင်းတာတွေလည်း ရှိပါတယ်။ သူဟာ အသိပညာကြီးသူဖြစ်သလို အနုပညာခံစားမှုဘက်မှာလည်း လေးနက်သူဖြစ်ပါတယ်။ ဂီတပညာမှာကျွမ်းကျင်လိမ်မာပြီး စာပေကျမ်းဂန် လည်း နှံ့စပ်ပါတယ်။ ပြင်သစ်စာပေကိုလည်း နှိုက်နှိုက်ချွတ်ချွတ်လေ့လာထားပြီး ကဗျာတချို့ကို ပြင်သစ်လိုဖွဲ့စပ်ခဲ့ပါတယ်။
မဟာဖရက်ဒရစ်ရဲ့ ပြင်သစ်ကဗျာတွေဟာသိပ်မကောင်းလှပေမယ့် သည်ကဗျာတွေကိုထောက်ရှုလိုက်ရင် သူဟာ ဂျာမန်တခုတည်းကိုပဲ အရေးထားခဲ့တာမဟုတ်ကြောင်း ထင်ရှားပါတယ်။ သည်နေရာမှာတော့ သူဟာ ဟစ်တလာထက် ပိုယဉ်ကျေးသူဖြစ်ပါတယ်။ သည်ကမ္ဘာကြီးကို ဂျာမန်တွေကပဲအုပ်စိုးရမှာဖြစ်တယ် ဆိုတဲ့အတွေးမျိုး သူ မတွေးဘူးပါ။
သည်ကမ္ဘာကြီးဟာ အလွန်ရှုပ်ထွေးပွေလီတဲ့ကမ္ဘာကြီးဖြစ်တယ်။ သူလည်း သူကြိုက်တာလုပ်၊ ကိုယ်လည်း ကိုယ်ကြိုက်တာလုပ်လို့မြင်ခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း မဟာဖရက်ဒရစ်ဟာ လွတ်လပ်စွာပြောဆိုမှုကို ယုံကြည်လက်ခံခဲ့တာပါ။ "ငါကြိုက်တာ ငါလုပ်နေရသရွေ့ လူတွေလည်း သူတို့ပြောချင်ရာပြောကြပါစေ"လို့ သူ သဘောထားပါတယ်။
တနေ့မှာ ဘာလင်ရွှေမြို့တော်အတွင်း တိုင်းခန်းလှည့်လည်ရင်း လမ်းဘေးတံတိုင်းတခုပေါ်မှာ သူ့ပုံတူ ရုပ်ပြောင်တခု ချိတ်ဆွဲထားတာကိုတွေ့ရပါတယ်။ "သည်ပုံကို အောက်နည်းနည်းနှိမ့်လိုက်ပါ။ ဒါမှ လူတွေက ကောင်းကောင်းမြင်နိုင်မယ်"လို့ မိန်ံကြားလိုက်ပါသတဲ့။
ဗော်လတဲနဲ့မဟာဖရက်ဒရစ်တို့ဟာ စတွေ့တာနဲ့ တယောက်ကိုတယောက်ချီးမွမ်းထောမနာစကားတွေ ပြောပါတော့တယ်။ ဗော်လတဲက မဟာဖရက်ဒရစ်ဘုရင်ကြီးကို "ဥတ္တရတိုင်းရဲ့ ဆော်လမွန်ဘုရင်ကြီး" လို့ ချီးပင့်ခေါ်ဆိုခဲ့ပါတယ်။ မဟာဖရက်ဒရစ်ကလည်း "ငါကိုယ်တော်မြတ်ရဲ့ အောင်ပွဲခံဘွဲ့ထူးများအနက် တန်ဖိုးအထိုက်ဆုံးဘွဲ့ထူးမူကား ဗော်လတဲကိုပိုင်ဆိုင်သူတည်းဟူသောဘွဲ့ထူး ဖြစ်ပေသတည်း" လို့ လူသိရှင်ကြားမိန့်ဆိုပါတယ်။
မဟာဖရက်ဒရစ်က ဗော်လတဲကို ရွှေနန်းတော်ဝန်မင်းတပါးလို နေရာပေးပါတယ်။ နေစရာအဆောင်တော် တခုနဲ့အတူ ရိက္ခာတော်ငွေလည်း များများကြီးထောက်ပံ့ပေးပါတယ်။ ဗော်လတဲရဲ့ စားရေးသောက်တာ 
နေရာထိုင်ခင်းကိုစီမံခန့်ခွဲပေးမယ့် တူမတော် မဒမ်ဒင်းနစ်ရောက်လာရင်လည်း ရိက္ခာတော်ငွေ ထပ်ချီးမြှင့်ပေးမယ်လို့ မိန့်ပါသေးတယ်။
သည်နောက်မှာတော့ အသိပညာထုံမွှမ်းထားတဲ့စကားပြောဆိုမှုတွေ ၊တွေးခေါ်ဆင်ခြင်မှုတွေနဲ့ပြီးတဲ့ ဆွေးနွေးဝေဖန်မှုတွေ၊ ရသာစုံလင်တဲ့စားကောင်းသောက်ဖွယ်တွေဟာ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကို လွှမ်းခြုံနေခဲ့ပါတယ်။
မဟာဖရက်ဒရစ်ဟာ အစားအသောက်ခုံမင်သူအဖြစ် နာမည်ကြီးပါတယ်။ ဒါပေမယ့် စရိတ်သက်သက်သာသာနဲ့ ချက်ပြုတ်နိုင်ရေးအတွက်လည်း အလွန်ဂရုထားတော်မူတယ်လို့ ဆိုပါတယ်။ ဘယ်လိုဖြစ်စေ သူတို့နှစ်ဦးရဲ့တွေ့ဆုံပွဲများဟာ လိုလေသေးမရှိအောင်ပြည့်စုံခဲ့ပုံရပါတယ်။
မကြာခင်မှာပဲ ဗော်လတဲဟာ ပြင်သစ်ကမိတ်ဆွေတယောက်ထံကို စာရေးပါတယ်။ သည်စာထဲမှာ "သို့ပေမယ့်"ဆိုတဲ့ စကားလုံးတွေ တော်တော်များများပါဝင်နေတယ်လို့ ဆိုပါတယ်။
"ညစာစားပွဲတွေကတော့ အလွန်ဖွယ်ရာလှပါတယ်။ စားကောင်းသောက်ဖွယ်တွေလည်း အလျှံပယ်ပါပဲ။ သည်ပွဲတွေမှာ ဘုရင်ကြီးကအပျော်ရွှင်ဆုံးပေါ့။ သို့ပေမယ့် - -"
"ကျုပ်တော့ အော်ပရာတွေလည်း ကြည့်ရတယ်။ အသောအရွှင်ပြဇာတ်တွေလည်း ကြည့်ရတယ်။ ဂီတပွဲတွေလည်း နားဆင်ရတယ်။ လေ့လာမှုတွေလည်း လုပ်ရတယ်။ စာပေကျမ်းဂန်တွေလည်း ဖတ်ရတယ်။ သို့ပေမယ့် - -"
"ဘာလင်ရွှေမြို့တော်ကြီးကဖြင့် အလွန်တရာမ်းနားတင့်တယ်လှပါတယ်။ မင်းသမီးတွေကလည်း အလှထိပ်ခေါင်တင်တွေဆိုတော့ ရှုမ၀နိုင်ပါဘူး။ ရံရွေတော်တွေကလည်း အချောအလှတွေချည်းပါပဲ။ သို့ပေမယ့် - -"
သက်ဦးဆံပိုင်ဘုရင်တပါးရဲ့အာဏာကျရောက်နေရတဲ့ လွတ်လပ်သူတယောက်ရဲ့ ဗီဇပါဆန့်ကျင်မှုအဖြစ် ဗော်လတဲရဲ့ "သို့ပေမယ့်"စကားလုံးကို အဓိပ္ပါယ်ဖွင့်လို့ရနိုင်ပါတယ်။
ဗော်လတဲမှာ ဘယ်လိုအပြစ်တွေ ဘယ်လိုချို့ယွင်းချက်တွေ ရှိနေပါစေ၊ သူဟာ လွတ်လပ်သူတယောက် ဖြစ်ပါတယ်။ မဟာဖရက်ဒရစ်ကတော့ ဥာဏ်ပညာကြီးပြီးဆွဲဆောင်စွမ်းရှိပေမယ့် သက်ဦးဆံပိုင်ဘုရင် တပါးပါ။
အလည်အပတ်ခရီးစဉ်ဟာ အချိန်တိုတိုနဲ့မပြီးသွားခဲ့ပါဘူး။ ဗော်လတဲဟာ ငြီးငွေ့စရာကောင်းတဲ့အလုပ် တော်တော်များများကိုလုပ်နေခဲ့ပါတယ်။ ငွေကြေးကိစ္စတခုမှာပါဝင်ပတ်သက်ခဲ့ ရပြီး မဟာဖရက်ဒရစ်ရဲ့အမှုထမ်း ပြင်သစ်တယောက်နဲ့လည်း အကြီးအကျယ်စကားများခဲ့ပါသေးတယ်။
ဗော်လတဲဟာ ချောကလက်ဖျော်ရည်ကို အလွန်အကျွံသောက်သုံးတဲ့အတွက် ဘုရင်ကြီးက ခွဲတမ်းသတ်မှတ် ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဗော်လတဲက မကျေနပ်တာကြောင့် ဖယောင်းတိုင်တွေဖြုတ်ပြီးရောင်းစားခဲ့ပါသတဲ့။ ဂုဏ်သိက္ခာမဲ့တဲ့ ဖြစ်ရပ်တွေပါပဲ။ အဆိုးဆုံးကတော့ ဗော်လတဲဟာ မဟာဖရက်ဒရစ်ရေးစပ်ထားတဲ့ ပြင်သစ်ကဗျာတွေကိုဖတ်ပြီး လှောင်ပြောင်ရယ်မောခဲ့တာပါ။
ဟစ်တလာလိုပဲ မဟာဖရက်ဒရစ်ဟာလည်း ကိုယ့်ကိုယ်ကိုယ်အနုပညာရှင်တယောက်အဖြစ် စိတ်ကူးယဉ်နေတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်လိုရေးထားတဲ့သူ့ကဗျာတွေကို မွမ်းမံပြင်ဆင်ပေးဖို့ အထူးဧည့်သည်တော်ကြီးထံ အပ်နှံခဲ့တာဖြစ်ပါတယ်။ ယခုတော့ ပြင်သစ်မျောက်ပျင်းက အရှင်မင်းမြတ်ရဲ့ ကဗျာတွေကို သရော်လှောင်ပြောင်နေပါပေါ့လား။
ဗော်လတဲရဲ့ သရော်လှောင်ပြောင်မှုဟာ ရွှေနားတော်ကိုပေါက်သွားပါတယ်။ သည်ကဗျာတွေဟာ အတွင်းလူတွေသာဖတ်ခွင့်ရတဲ့ကဗျာတွေဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ရေးတဲ့ကဗျာတွေဆိုပြီး ရွှေနန်းတော်တခွင်လုံး အုံးအုံးကျွက်ကျွက်ဖြစ်အောင်လုပ်လိုက်တာဆိုတော့ အလွန်ရိုင်းပျတဲ့အမှုတခု ဖြစ်နေတော့တာပေါ့။ သည်လိုနဲ့ ဥတ္တရတိုင်းရဲ့ဆော်လမွန်ဘုရင်ကြီး မဟာအမျက်တော်ရှပါတော့တယ်။
မဟာဖရက်ဒရစ်က သည်လိုတွေးပါတယ်။ "ငါ့ရဲ့ဧည့်သည်တော်ဟာ ပါရမီရှင်တဦးဖြစ်တာမှန်ပါရဲ့။ သို့ပေမယ့် သူဟာ အကျိုးထက် အပြစ်များသူဖြစ်တယ်။ သစ္စာမဲ့သူလည်း ဖြစ်တယ်"
ဗော်လတဲကလည်း သည်လိုတွေးပါတယ်။ "ငါ့ရဲ့အိမ်ရှင်ဟာ ဘုန်းမီးနေလတောက်ပတဲ့ ဧကရာဇ်
ဘုရင်ကြီးဖြစ်တာမှန်ပါရဲ့။ သို့ပေမယ့် သည်ဧကရာဇ်ဟာ အဝေးကပဲပူဇော်ထိုက်သူဖြစ်တယ်"
ဗော်လတဲဟာ ဘာလင်ရွှေမြို့တော်မှာ နှစ်နှစ်ကြာ နေထိုင်ခဲ့ပါတယ်။ သည်ကာလအတွင်းမှာ အိမ်ရှင်ရော ဧည့်သည်ပါ စိတ်လက်မအီမသာဖြစ်လာကြပါတယ်။ သည်လိုနဲ့ ဗော်လတဲဟာလည်း ပြင်သစ်ကိုပြန်လာ ပါတော့တယ်။
သည်အချိန်မှာ တူမဖြစ်သူ မဒမ်ဒင်းနစ်က သူ့ဆီကို လာနေတာဖြစ်တဲ့အတွက် ဗော်လတဲဟာ ဖရင့်ဖတ်မြို့ ကနေ စောင့်ဆိုင်းနေပါတယ်။ အဲသည်အချိန်က ဖရင့်ဖတ်မြို့ဟာ ပရပ်ရှားပိုင်နက်ထဲမှာမရှိသေးပါဘူး။ ဒါကြောင့် ဖရင့်ဖတ်မြို့ကို မဟာဖရက်ဒရစ်က မပိုင်ပါဘူး။ သို့ပေမယ့် မဟာဖရက်ဒရစ်မှာလည်း လျှို့ဝှက်ရဲအဖွဲ့(ဂက်စတာပို) ရှိပါတယ်။ ဗော်လတဲကို သည်လျှို့ဝှက်ရဲတွေနဲ ဒုက္ခကောင်းကောင်းပေးပါတယ်။
ဘာလင်ကနေ ဗော်လတဲထွက်သွားတုန်းက မဟာဖရက်ဒရစ်ရဲ့ ပြင်သစ်ကဗျာမိတ္တူတစုံကို ယူသွားပါတယ်။ အမှုမဲ့အမှတ်မဲ့ယူသွားတာ ဖြစ်မှာပါ။ ဒါကို မဟာဖရက်ဒရစ်ကသိသွားတဲ့အခါမှာ အကြီးအကျယ် ဒေါသူပုန်ထပြီး ဗော်လတဲရဲ့ဝန်စည်စလယ်တွေကိုရှာဖွေစစ်ဆေးဖို့ အမိန့်ထုတ်လိုက်ပါတယ်။
ထုံးစံအတိုင်း မဟာဖရက်ဒရစ်ရဲ့အမှုထမ်းတွေက ဒုတိယတန်းစားတွေဆိုတော့ အလွန်အကျွံတွေ ဖြစ်ကုန်တော့တာပေါ့။ ဗော်လတဲရဲ့ဝန်စည်စလယ်တွေကို ရှာဖွေစစ်ဆေးရုံတင်မကတော့ဘဲ လူကိုပါ ဖမ်းဆီးလိုက်ပါတယ်။ ပြီးတော့ နေ့ရောညပါ မနားမနေနှိပ်စက်ပြီး စစ်ဆေးမေးမြန်းပါတယ်။ ဗော်လတဲဆီက တခုခုရရင် မဟာဖရက်ဒရစ်ဘုရင်ကြီး ရွှေဘောတော်ကျအောင်လုပ်နိုင်မယ်လို့ သူတို့မျှော်လင့်နေခဲ့ တာကြောင့်ဖြစ်ပါတယ်။ မယုံနိုင်စရာအဖြစ်အပျက်ပါ။ နာဇီအကျင့်၊ နာဇီနည်းလမ်းတွေရဲ့ ရှေ့တော်ပြေး လုပ်ရပ်တွေပါ။
ဗော်လတဲဟာ ထွက်ပြေးဖို့ကြိုးစားပါသေးတယ်။ ဖရင့်ဖတ် မြို့တံခါးဝမှာတင်ပြန်ဖမ်းမိပြီး အချုပ်ခန်းထဲကို တရွတ်တိုက်ဆွဲခေါ်တာခံရပြန်ပါတယ်။ သည်အချိန်မှာပဲ တူမတော် မဒမ်ဒင်းနစ်က ရောက်လာပါတယ်။
တူမဖြစ်သူလည်း ဦးရီးတော်နည်းတူ ဖမ်းဆီးနှိပ်စက်တာခံရပါတယ်။ သို့ပေမယ့် မဒမ်ဒင်းနစ်က စိတ်ဓာတ် မာကျောပြီး ဆတ်ဆတ်ထိမခံတဲ့အမျိုးသမီးဖြစ်ပါတယ်။ သူတို့တူအရီးနှစ်ယောက်ရဲ့ဒုက္ခကို ဥရောပတတိုက်လုံးသိအောင်လုပ်နိုင်ခဲ့ပါတယ်။
ဦးရီးတော်ဗော်လတဲရဲ့ကျန်းမာရေးကလည်း တော်တော်ဆိုးနေပါပြီ။ ဗော်လတဲကလည်း တကယ်ဖြစ်တာထက် ပိုဆိုးတယ်လို့ထင်ရအောင် ဟန်ဆောင်ပါတယ်။ နှိပ်စက်နေသူတွေရှေ့က အတင်းထွက်ပြေးပြီး "ငါ့ကို ဖျားနာခွင့်လေးတောင် မပေးကြတော့ဘူးလား" လို့ ဟောဟဲလိုက်နေတဲ့ အသက်ရှူသံနဲ့ အော်ပြောပါသတဲ့။
ဗော်လတဲရဲ့ကိုယ်ရေးအတွင်းဝန်က ဆရာဖြစ်သူကို ကူညီဖို့အနားကပ်သွားတဲ့အခါမှာ ပါးစပ်က တအော့အော့နဲ့ အန်တဲ့ပုံမျိုးလုပ်ပြီး "ဟဲ့ကောင် ငါဟန်ဆောင်နေတာနော် တကယ်မဟုတ်ဘူး" လို့ တပည့်ရဲ့နားရွက်နားကပ်ပြီး တိုးတိုးလေးပြောပါတယ်။
ဗော်လတဲဟာ လူတွေကိုအရူးလုပ်ရတဲ့အပေါ် ပျော်တတ်သူဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့အချိန်မှာတောင် အပြောင်အပြက်လုပ်နိုင်တဲ့သူပါ။ အလွန်ချစ်စရာကောင်းတဲ့ စိတ်ဓာတ်ပါ။
မဟာဖရက်ဒရစ်ကတော့ သူလွန်သွားပြီဆိုတာ သဘောပေါက်သွားပါတယ်။ ဗော်လတဲနဲ့သူ့တူမကို ပြန်လွှတ်ခိုင်းလိုက်ပါတယ်။
သည့်နောက်မှာလည်း ပုဂ္ဂိုလ်ကျော်နှစ်ယောက်ဟာ စာအဆက်အသွယ် ဆက်လုပ်နေပါသေးတယ်။ အရင်အတိုင်းလှိုက်လှိုက်လှဲလှဲပါပဲ။ သို့ပေမယ့် သူတို့နှစ်ဦးဟာ မျက်နှာချင်းဆိုင်မတွေ့ရအောင်တော့ သတိထားခဲ့ကြပါတယ်။
ဗော်လတဲဟာ သင်ခန်းစာတခု ရသွားပါတယ်။ လွတ်လပ်ခြင်း၊ မတူကွဲပြားခြင်း၊ သည်းခံခြင်း၊ ကြင်နာသနားခြင်း စတာတွေအပေါ် သက်ဝင်ယုံကြည်တဲ့လူတယောက်ဟာ သက်ဦးဆံပိုင်ရှင်ဘုရင်တပါး  အုပ်စိုးတဲ့နိုင်ငံတော်အတွင်းက လေကို မရှူရှိုက်နိုင်ဘူးဆိုတဲ့သင်ခန်းစာ ဖြစ်ပါတယ်။
သည်သင်ခန်းစာကို ဘာလင်ရွှေမြို့တော်ကြီးက သင်ကြားပေးလိုက်တာပါ။
အပေါ်ယံမှာရွှေမှုန်ကြဲထားပါရဲ့။ သို့ပေမယ့်-- ဧကရာဇ်ဘုရင်ကြီးဟာ အလွန်ခန့်ညားပြီး ဥာဏ်ပညာကြီးတော်မူပါရဲ့။ သို့ပေမယ့်-- ဘယ်လောက်ကောင်းတာမွန်တာမှန်ပေမယ့် တခုခုလိုနေပါတယ်။ မှန်ပါတယ်။ လူဆန်တဲ့စိတ်ဓာတ်လိုနေပါတယ်။
ဗော်လတဲဟာ လူဆန်တဲ့စိတ်ဓာတ်အပေါ် မဖောက်မပြန်သက်ဝင်ယုံကြည်သူဖြစ်တယ်။ သူဟာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ရာကျော်ကတည်းက သက်ဦးဆံပိုင်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ခိုက်သူ ဖြစ်ပါတယ်။        
မောင်သာမည
(ယူတာကဒီကပါ) http://www.maukkha.org/index.php/book-store/essay-maukkha/1897-maukkha-two-cheers-for-democracy