Wednesday, March 14, 2012

ဆိုဗီယက်လောင်းရိပ်အောက်က ခေတ်သစ်ရုရှား (မင်းရွှေမောင်)

0 comments
(ဆိုဗီယက်လောင်းရိပ်အောက်က ခေတ်သစ်ရုရှား) ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။ နေရာက ပိုလန်နယ်စပ်အနီး တစ်ခုသောတော အုပ်ကြီးအတွင်းမှ တောလိုက်စဉ်မှာခေတ္တအပန်းဖြေနားနေဖို့အတွက် ဆောက်လုပ်ထားတဲ့ တဲအိမ်ကလေးတစ်လုံး။ ဒီတဲအိမ်ကလေးထဲမှာ ပုန်းလျှိုးကွယ်လျှိုးပြုလုပ်ခဲ့ကြတဲ့စည်းဝေးပွဲကို တက်ရောက်လာခဲ့ကြ သူတွေကတော့ Boris Yeltsim နဲ့ သူ့ရဲ့အကြံပေးပုဂ္ဂိုလ် Gennadi Burbulis အပါအဝင် ရုရှား၊ ယူကရိန်းနဲ့ ဘီလာရုစ်တို့မှaခါင်းဆောင်များ စုစုပေါင်းခြောက်ဦး။ ဆွေးနွေးကြတဲ့ကိစ္စကတော့ ဆိုဗီယက်ယူနီယံ Soviet Union မှ ခွဲထွက်ကြရေးဖြစ်တယ်။ ဆွေးနွေးပွဲအပြီးမှာ Belavezha Accords လို့ ထင်ရှားကျော်ကြားတဲ့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပြီးတော့ ကော့ညက် - Cognac အရက်ခွက်ကို ကိုယ်စီကိုင်မြှောက်ရင်း ဆိုဗီယက်ယူနီယံကြီးအတွက် ဆုမွန်ကောင်းတောင်းလိုက်ကြပါသေးတယ်။ တကယ်တော့ အဲဒီနေ့ရက်ဟာ ဆိုဗီယက်ယူနီယံကိုဖျက်သိမ်းလိုက်တဲ့ နေ့ရက်ပါပဲ။ သဘောတူညီချက်ကို လက်မှတ်ရေးထိုးအပြီးမှာ Boris Yeltsin က အမေရိကန်သမ္မတ George H.W Bush (၄၃ ဦးမြောက် အမေရိကန်သမ္မတ ဂျော့ဘုရှ်ရဲ့ဖခင်) ဆီ ဖုန်းဆက်အကြောင်းကြားလိုက်တယ်။ ပြီးတော့မှ ဆိုဗီယက်ယူနီယံရဲ့ သမ္မတဖြစ်တဲ့ Mikhail Gorbachev ဆီ အစီရင်ခံလိုက်တယ်။ အဲဒီနောက် ရက်သတ္တပတ်အနည်းငယ်အတွင်း မှာ ဆိုဗီယက်ယူနီယံဖျက်သိမ်းမှုကို တရားဝင်အတည်ပြုလိုက်ကြတယ်။ ဂေါ်ဘာချော့ဗ်က သူ့ရဲ့အာဏာကို ဘောရစ်ယဲ့လ်ဆင်ဆီ လွှဲပြောင်းပေးအပ်လိုက်တယ်။ ဆိုဗီယက်ယူနီယံဟာ ဆိုင်းမဆင့်ဗုံမဆင့်ခေတ်သစ်ကြီး တစ်ခုထဲကို ချက်ချင်းရောက်သွားတော့တယ်။ အမေရိကန်သမ္မတကြီးက ရုပ်သံမှတစ်ဆင့် ဒီမိုကရေစီနဲ့ လွတ်လပ်မှုအောင်ပွဲခံတဲ့နေ့ပဲလို့ ကမ္ဘာကိုaကြညာလိုက်တယ်။ လူတကာကလလည်း ဒီလိုပဲဖြစ်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် ဒီမိုကရေစီနဲ့လွတ်လပ်မှုအောင်ပွဲဟာ သိပ်ပြီးကြာရှည်မခံလိုက်ဘူး။ အမေရိကန်နိုင်ငံမှ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးပညာရှင်တွေရဲ့ အားပေးအားမြှောက်လုပ်မှုနဲ့သွေး ထိုးမှုကြောင့် ရုရှားပြုပြင်ရေးလိုလားသူတွေက နိုင်ငံပိုင်အဆောက်အအုံတွေနဲ့လုပ်ငန်းတွေကို ဈေးပေါပေါနဲ့ထုခွဲရောင်းချပစ်ခဲ့ကြတယ်။ ရုရှားအလုပ်သမား သန်းနဲ့ချီပြီးအလုပ်လက်မဲ့ဖြစ်သွားကြတယ်။ စီးပွားရေး ကမောက်ကမဖြစ်သွားတယ်။ ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်အောင်မြင့်တက်လာပြီး ငွေဖောင်းပွမှု အကြီးအကျယ်ဖြစ်လာတယ်။ တိုင်းသူပြည်သားတွေရဲ့စုဆောင်းငွေ- Savings တွေ တန်ဖိုးမရှိသလောက်ဖြစ် သွားတယ်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund- IMF ရဲ့အဆိုအရ ရုရှားရဲ့စုစုပေါင်းပြည်တွင်းထွက်ကုန်- Gross Domestic Product GDP ဟာ ၁၉၉၁ ခုနှစ်မှာ ၁၃ ရာခိုင်နှုန်းကျ ဆင်းသွားတယ်။ ၁၉၉၂ ခုနှစ်မှာ ၁၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်မှာ
၁၂ ရာခိုင်နှုန်းလောက်ကျဆင်းသွားတယ်။ ရုရှားရဲ့စီးပွားရေးကျဆင်းမှုဟာ တကယ်တော့ အထိန်းအကွပ်မရှိ ဘဲ ဒလဟောကျဆင်းသွားခြင်းဖြစ်တယ်။ စီးပွားရေးချုံးချုံးကျသွားတော့ နိုင်ငံရေးနယ်ပယ်ကိုလည်း ဂယက်ရိုက်လာတယ်။ ၁၉၉၃ ခုနှစ်မှာ လွတ်လပ်တဲ့ရွေးကောက်ပွဲကျင်းပတဲ့အခါ ပါလီမန် Duma မှာ ကွန်မြူနစ်တွေ၊ အမျိုးသားရေးဝါဒီတွေအမြောက်အမြားပါဝင်လာခဲ့ကြပြီး ယဲ့လ်ဆင်ရဲ့မူဝါဒတွေကို ဆန့်ကျင်ကာ စစ်ကြေညာလာခဲ့ကြတော့တယ်။ သူ့ရဲ့မူဝါဒတွေကို နောက်ပြန်ဆုတ်ဖို့တောင်းဆိုကြတယ်။ ဒါပေမယ့် လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ကို နောက်ပြန်ဆုတ်လို့မရတော့ဘူး။ ဒီတော့ ယဲ့လ်ဆင်ကို ပါလီမန်မှာစွဲချက်တင်ဖြုတ်ချဖို့ Impeachment လုပ်ဖို့ ကြိုးပမ်းလာကြတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ကြဘူး။ ပစ်တာခတ်တာတွေတောင် ဖြစ်ခဲ့ကြသေးတယ်။ ရုရှားပြည်သူအတော်များများ ဒီမိုကရေစီအပေါ် အယုံ အကြည်နည်းသွားကြတယ်။ ဆိုဗီယက်လွန်ခေတ်ရဲ့ အစောပိုင်းနှစ်တွေမှာတော့ လွတ်လပ်မှုရဲ့အရသာကို မြည်းခွင့်တော့ရလိုက်ကြပါသေးတယ်။ လွတ်လွတ်လပ်လပ် ဘယ်နေရာသွားသွား၊ သွားလို့ရတယ်။ ဖတ်ချင် တဲ့စာအုပ် ဖတ်လို့ရတယ်။ ဘယ်သူ့ကိုဆန္ဒမဲပေးမလဲ ပေးလို့ရတယ်။ ဒါပေမယ့် ရုရှားပြည်သူတွေက မင်းမဲ့ စရိုက်ဆန်လာမှုကို ထိန်းသိမ်းဟန့်တားခြင်းမပြုနိုင်ခဲ့ကြဘူး။ ဒီမိုကရေစီအကူးအပြောင်းကာလ ၁၉၉ဝ နှစ်များဟာ ရုရှားအတွက်နာကြည်းမှုတွေနဲ့ပြည့်နှက်နေခဲ့တယ်။ ပိုဆိုးတာက အနောက်နိုင်ငံတွေက အရေးတကြီးလိုအပ်နေချိန်မှာ ရုရှားကိုစွန့်ပစ်ထားခဲ့တယ်လို့ ရုရှားကခံစားသွားခဲ့တယ်။ အမေရိကန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေမအောင်မမြင်ဖြစ်လာတော့ အမေရိကန်အပေါ် သံသယမျက် စိနဲ့ကြည့်လာကြတယ်။ ရုရှားနိုင်ငံပြိုပျက်သွားအောင်များ အမေရိကန်တို့ကလုပ်ဆောင်နေသလား ဆိုပြီးတော့ပေါ့။ အချို့ကလည်း အမေရိကန်နိုင်ငံဟာ ရုရှားနိုင်ငံထက် ရေနံအလျှံအပယ်ပေါကြွယ်ဝတဲ့ အရှေ့အလယ်ပိုင်းဒေသက ခွဲထွက်နိုင်ငံတွေအပေါ် ပိုပြီးစိတ်ဝင်စားတယ်လို့ယူဆကြတယ်။ အဲဒီ ၁၉၉ဝ နှစ်များကာလကိုဖော်ညွှန်းတဲ့ Bardak ဆိုတဲ့ ရုရှားဘာသာစကားလုံးတစ်လုံး ရုရှားမှာခေတ်စားခဲ့ပါသေး တယ်။ အဓိပ္ပာယ်က သပွတ်အူလိုက်ခြင်းပါတဲ့။ နိုင်ငံရေးနယ်ပယ်မှာလည်း သပွတ်အူလိုက်၊ စီးပွားရေး နယ်ပယ်မှာလည်းသပွတ်အူလိုက်နဲ့ ရှုပ်ရှုပ်ထွေးထွေးဖြစ်သွားတဲ့ ဆယ်စုနှစ်တစ်ခုပါပဲ။ ၁၉၉၈ ခုနှစ်မှာဆိုရင် ရုရှားနိုင်ငံဟာ နိုင်ငံခြားကြွေးမြီတွေပြန်မဆပ်နိုင်လို့ ဒေဝါလီတောင်ခံလိုက်ရသေးတယ်။ ပူတင်ခေတ် ရုရှားသမ္မတယဲ့လ်ဆင် မကျန်းမမာဖြစ်လာတော့ ဗလာဒီမြာပူတင် Vladimir Putin ကို အာဏာလွှဲပြောင်းပေး ခဲ့တယ်။ ဒီတော့ ပူတင်ဟာ ၁၉၉၉ ခုနှစ်မှာ ခေတ္တယာယီသမ္မတ ဖြစ်လာခဲ့တယ်။ ရွေးကောက်ပွဲမှာအနိုင်ရ ပြီးနောက် ၂ဝဝဝ ပြည့်နှစ်မှာ တင်းပြည့်ကျပ်ပြည့်ရုရှားသမ္မတ ဖြစ်လာပါတော့တယ်။ အဲဒီတုန်းက သမ္မတ ပူတင်ဟာ အသက် ၅ဝ အရွယ်လောက်ပဲရှိဦးမယ်။ ဆိုဗီယက်ထောက်လှမ်းရေးအဖွဲ့ KGB ဝန်ထမ်းတစ်ဦးဖြစ် ခဲ့တဲ့အပြင် သူကိုယ်တိုင်ကလဲ ဂျူဒိုတို့၊ ကရာတေးတို့လို ကိုယ်ခံပညာလေ့လာလိုက်စားသူဆိုတော့ ပူတင်ဟာ သွက်သွက်လက်လက်ရှိတယ်။ ဆိုဗီယက်ယူနီယံပြိုလဲသွားပြီးနောက် ပြိုပျက်နေတဲ့နိုင်ငံရေးနဲ့စီးပွားရေး အဆောက်အအုံကို ပူတင်က ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့တယ်။ ဒါကြောင့် ၂ဝဝ၄ ခုနှစ် ရွေးကောက်ပွဲ မှာလည်း ပူတင်ပဲအနိုင်ရပြီး ဒုတိယအကြိမ် သမ္မတဖြစ်လာခဲ့တယ်။ ရုရှားစီးပွားရေးက ဆက်လက်ရှင်သန် တိုးတက်လာတော့ ပူတင်ကိုလူကြိုက်များလာတယ်။ ရုရှားနိုင်ငံရဲ့ဖွဲံစည်းပုံအခြေခံဥပဒေအရ သမ္မတရာထူး မှာ ဆက်တိုက်သုံးကြိမ်တာဝန်ထမ်းဆောင်တာကို တားမြစ်ထားတဲ့အတွက် ပူတင်ဟာ သမ္မတရာထူးမှ ဆင်းပေးခဲ့ပြီး Dmitri Medvedev ကိုသမ္မတတင်ကာ သူကတော့ ဝန်ကြီးချုပ်နေရာမှာတာဝန်ယူလုပ်ကိုင် ခဲ့တယ်။ ပူတင်ရဲ့ခေတ်ဟာ သူ အရင်ကကြုံတွေ့ခဲ့ရတဲ့ခေတ်နဲ့ အင်မတန်ကွာခြားတယ်။ သူ့ရဲ့ဂုဏ်သတင်း ကျော်ကြားမှုဟာ အချက်နှစ်ချက်အပေါ်မှာ မူတည်တယ်။ တစ်ချက်ကတော့ စီးပွားရေးတိုးတက်လာတယ်။ Bric လို့ခေါ်ကြတဲ့ ဘရာဇီး Brazil, ရုရှား Russia, အိန္ဒိယ India, တရုတ် China ထွန်းသစ်စနိုင်ငံတွေထဲမှာ တစ်နိုင်ငံအဖြစ် ပါဝင်လာနိုင်ခဲ့တယ်။ သူ့ရဲ့သမ္မတသက်တမ်းနှစ်ကြိမ်ကာလအတွင်းမှာ ရုရှားအလုပ် သမားတွေရဲ့လုပ်ခ Wages ဟာ ရှစ်ဆနီးပါး မြင့်တက်သွားတယ်။ တိုင်းပြည်စီးပွားရေးလည်း နှစ်ဆတိုးတက် သွားတယ်။ ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးနောက် ဗရုတ်ဗရက်ဖြစ်ခဲ့ရတဲ့ စီးပွားရေးအခြေအနေနဲ့ နှိုင်းယှဉ်ရင်သိပ်ပြီးခြားနားသွားတာကို တွေ့မြင်ရနိုင်တယ်။ အဲဒီအချိန်တုန်းက အလုပ်သမားတွေ အမြောက်အမြားအလုပ်ပြုတ်သွားကြတဲ့အပြင် အလုပ် လုပ်ကိုင်နေကြတဲ့အလုပ်တွေနဲ့ အစိုးရဝန်ထမ်းတွေ လုပ်ခလစာ မှန်မှန်မရကြရှာဘူး။ သိပ္ပံပညာရှင်ကြီးတွေတောင် ငတ်တစ်လှည့်ပြတ်တစ်လှည့်နဲ့ ဖြစ်သလို နေထိုင်ကြရတဲ့အချိန်။ ပူတင်သမ္မတဖြစ်လာပြီးနောက်ပိုင်းမှာ အရင်က မပေးဖြစ်ခဲ့တဲ့လုပ်ခလစာနဲ့ ပင်စင်အကြွေးတွေကို တစ်ပြားမကျန်ပြန်ပေးခဲ့တယ်။ အလုပ်သမားတွေနဲ့အစိုးရဝန်ထမ်းတွေ ပူတင်ကို ကျေးဇူးတင်မဆုံးဖြစ်ခဲ့ကြရတယ်။ ပူတင်ရဲ့ဂုဏ်သတင်းကျော်ကြားသွားစေတဲ့ နောက်အချက် တစ်ချက် ကတော့ Chechnya စစ်ပွဲကို အောင်အောင်မြင်မြင်ပြီးဆုံးစေခဲ့တဲ့အချက်ဖြစ်တယ်။ ဒီစစ်ပွဲနဲ့ပတ်သက်ပြီး ပြည်ပမှာ အမျိုးမျိုးအဖုံဖုံဝေဖန်ပြောဆိုနေကြပေမယ့် ရုရှားတွေရဲ့အမြင်မှာ ရုရှားဟာနိုင်ငံတစ်နိုင်ငံအဖြစ် မားမားမတ်မတ်ရပ်တည်လာနိုင်ပြီဆိုတာကိုဖော်ညွှန်းခဲ့တဲ့ စစ်ပွဲဖြစ်တယ်။ ရုရှားအနေနဲ့ ကံကောင်းတဲ့ အချက်တစ်ချက်ရှိသေးတယ်။ ဒါကတော့ ရေနံဈေးနှုန်းပြန်လည်မြင့်တက်လာခြင်းနဲ့ သတ္တုကုန်ကြမ်း ဈေးနှုန်းတွေ ကမ္ဘာ့ဈေးကွက်တွေမှာ ထောင်တက်လာခြင်းဖြစ်တယ်။ ရုရှားနိုင်ငံဟာ သယံဇာတကြွယ်ဝချမ်း သာတဲ့နိုင်ငံဖြစ်တယ်။ အချို့ရဲ့အမြင်မှာ ရုရှားစီးပွားရေး ရှင်သန်တိုးတက်လာတာဟာ ပူတင်ရဲ့စီးပွားရေး
မူဝါဒတွေကောင်းမွန်လို့မဟုတ်ဘဲ ဈေးကောင်းရနေတဲ့ ရေနံ သဘာဝဓာတ်ငွေ့နဲ့သတ္တုကုန်ကြမ်းတွေကို ကမ္ဘာ့ဈေးကွက်ထဲ တင်ပို့ရောင်းချနိုင်တဲ့အတွက်ဖြစ်တယ်လို့ ထောက်ပြကြတယ်။ ဒါကလည်း မဟုတ်ဘူးလို့ ပြောလို့တော့မရဘူး။ ရုရှားရဲ့နိုင်ငံခြားတင်ပို့ရာင်းချလို့ရတဲ့ဝင်ငွေထဲမှာ ရေနံ သဘာဝဓာတ်ငွေ့နဲ့
သတ္တုကုန်ကြမ်း တင်ပို့ရောင်းချလို့ရတဲ့ဝင်ငွေက ၈ဝ ရာခိုင်နှုန်းလောက်ပါဝင်နေတယ်။ ရုရှားနိုင်ငံမှာ အရေးပါဆုံးစီးပွားရေးလုပ်ငန်းက ရေနံနဲ့သဘာဝဓာတ်ငွေ့ဖြစ်တယ်။ နိုင်ငံပိုင်ရေနံကုမ္ပဏီကြီး Rosneft နဲ့ နိုင်ငံကလက်ဝါးကြီးအုပ်ထားတဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီး Gazprom တို့ဟာ ကမ္ဘာပေါ်မှာအကြီးမားဆုံး စွမ်းအင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေဖြစ်ကြတယ်။ ဆိုဗီယက်ခေတ်က ရုရှားနိုင်ငံမှာအမိန့်ပေးစေခိုင်းတဲ့ စီးပွားရေးစနစ်- Command-economy ကျင့်သုံးတယ်။ အခုတော့ နိုင်ငံတော်အရင်းရှင်ဝါဒ- State-Capitalism ကျင့်သုံးတယ်။ ၁၉၉၈ ခုနှစ်က ကြွေးမြီတွေပြန်မဆပ်နိုင်လို့ ဒေဝါလီခံခဲ့ရပြီးတဲ့နောက်ပိုင်း ကာလမှာ အစိုးရဟာ စီးပွားရေးနယ်ပယ်မှာချုပ်ကိုင်မှုတွေလုပ်လာခဲ့တယ်။ အစိုးရပိုင်ကုမ္ပဏီတွေကို ပြိုင်ဆိုင်မှုမှ အကာအကွယ်ပေးထားတယ်။ မော်စကို Stock Exchange မှာ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီတွေရဲ့ ရှယ်ယာထက်ဝက်လောက်ကို အစိုးရကပိုင်ဆိုင်တယ်။၂ဝဝ၉ ခုနှစ် အမေရိကန်နိုင်ငံကစတင်ခဲ့တဲ့ မဟာစီးပွားရေးကျဆင်းမှုကြီး- Great Recession မတိုင်မီက ၂ဝဝဝ ပြည့်နှစ်မှ ၂ဝဝ၇ ခုနှစ်အထိကာလ အတွင်းမှာ ရုရှားနိုင်ငံဟာ တစ်နှစ် ၇ ရာခိုင်နှုန်းနဲ့တိုးတက်ခဲ့တယ်။ ၂ဝဝ၉ ခုနှစ်မှာ ပြည်သူ့ကဏ္ဍမှာတာဝန် ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းပေါင်း ၈၆၈ဝဝဝ ကျော်ရှိတယ်။ ပူတင်လက်ထက်မှာ ၈ဝ ရာခိုင်နှုန်းတိုးတက် လာခဲ့ခြင်းဖြစ်တယ်။ ရုရှားစီးပွားရေးဟာ ၂ဝဝ၉ ခုနှစ်နောက်ပိုင်းမှာ ပျမ်းမျှတိုးတက်မှုနှုန်းနဲ့ ၃ ရာခိုင်နှုန်း လောက်ပဲရှိနိုင်တော့မယ်လို့ ခန့်မှန်းကြတယ်။ ဒါပေမယ့် ကမ္ဘာ့ဈေးကွက်မှာ ရေနံသဘာဝဓာတ်ငွေ့နဲ့သတ္တု ကုန်ကြမ်းဈေးနှုန်းတွေမြင့်တက်နေသလို ရုရှားစီးပွားရေးဟာရှင်သန်နေမှာပဲလို့ အချို့ကထောက်ပြကြတယ်။ တကယ်လို့ရေနံဈေးနှုန်း အမေရိကန်ဒေါ်လာ ၇ဝ အောက် ရောက်သွားခဲ့ရင်တော့ ရုရှားစီးပွားရေး အထိနာနိုင်တယ်လို့ တွက်ချက်ထားကြတယ်။ လောလောလတ်လတ်ပြဿနာ စောစောကပြောခဲ့သလို ဖွဲ့စည်းပုံအရ သမ္မတသက်တမ်း သုံးကြိမ်ဆက်တိုက်လုပ်ခွင့်မရှိတဲ့အတွက် ပူတင်ဟာ ၂ဝဝ၈ ခုနှစ်မှာ သမ္မတ ရာထူးမှဆင်းပေးခဲ့ပြီး Dmitri Medvedev ကို သမ္မတတင်ပေးခဲ့တယ်။ သူကိုယ်တိုင်ကျတော့ ဝန်ကြီးချုပ် နေရာမှာနေခဲ့တယ်။ ပူတင်ဟာ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က သူသမ္မတပြန်လုပ်ဖို့ဆန္ဒ ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။ နိုဝင်ဘာလအတွင်းကျင်းပခဲ့တဲ့ ပူတင်ရဲ့ United Russia Party ညီလာခံက သူ့ကို သမ္မတရာထူးအတွက် ထောက်ခံခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ရုရှားပြည်သူတွေအကြား ဝေဖန်ပြောဆိုသံတွေနဲ့မကျေမနပ်ပြောဆိုကြမှုတွေ တစ်စတစ်စထွက်ပေါ်လာတော့တယ်။ ဟိုတစ်စု ဒီတစ်စု၊ ဟိုနေရာဒီနေရာ ဆန္ဒပြမှုတွေကလဲ ကွက်တိကွက်ကျားတွေ့မြင်လာကြရတယ်။ ဒီ ဇင်ဘာလ ၄ ရက်နေ့မှာ ရုရှား ပါလီမန်ရွေးကောက်ပွဲကျင်းပတယ်။ ရွေးကောက်ပွဲရလဒ်ကိုကြေညာပြီးတဲ့နောက်ပိုင်းမှာ ပူတင်ရဲ့ပါတီ က မဲလိမ်မှုတွေလုပ်ခဲ့တယ်ဆိုပြီး ဆန္ဒပြပွဲတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ် လာတယ်။ မော်စကိုမြို့လယ်က ရင်ပြင်ကို ဆန္ဒပြသမားထောင်ပေါင်းမြောက်များစွာရောက်လာကြပြီး ရွေးကောက်ပွဲသစ်ပြန်လုပ်ပေး 'ပူတင် အလိုမရှိ'ဆိုပြီး ဟစ်အော်ကြွေးကြာ်ခဲ့ကြတယ်။ ထူးခြားတာတစ်ခုကတော့ ဆန္ဒပြပွဲကို အစိုးရချုပ်ကိုင်ထားတဲ့ NTV ရုပ်သံက အစအဆုံး Live ပြသခဲ့တာပါပဲ။ အနောက်နိုင်ငံ မီဒီယာတွေကတောင် ရုရှားမှာဘာတွေများ အပြောင်းအလဲဖြစ်ကုန်ပြီလဲလို့ ယုန်ထင်ကြောင်ထင် ဖြစ်သွားကြသေးတယ်။ ဒါပေမယ့် ဘာမှတော့ အပြောင်းအလဲတွေဖြစ်မယ်မထင်ပါဘူး။ ရွေးကောက်ပွဲမှာ United Russia ပါတီက အမတ် ၂၃၈ နေရာအနိုင် ရခဲ့တယ်။ ကွန်မြူနစ်ပါတီက အမတ် ၉၂ နေရာရတယ်။ ပြီးတော့ Just Russia ပါတီက ၆၄ နေရာရရှိခဲ့ပြီး Liberal Democratic Party ဖြစ်တဲ့ အမျိုးသားရေးပါတီက အမတ် ၅၆ နေရာ အနိုင်ရရှိခဲ့တယ်။ တကယ်တော့ ပူတင်ရဲ့ United Russia ပါတီဟာ လက်ရှိပါလီမန်မှာ အမတ်နေရာ ၃၁၅ နေရာရှိနေရာမှလျော့ကျသွား ခြင်းဖြစ်တယ်။ ဆန္ဒပြသူတွေက ရွေးကောက်ပွဲသစ်ပြန်လည်ကျင်းပပေးဖို့တောင်းဆိုနေကြပေမယ့် ဒီလိုဖြစ် လာဖို့အလားအလာမရှိပါဘူး။ ပြီးတော့လာမယ့် ၂ဝ၁၂ ခုနှစ် မတ်လ ၄ ရက်နေ့မှာ ရုရှားသမ္မတရွေးကောက်ပွဲ ရှိနေတယ်။ အဲဒီ ရွေးကောက်ပွဲမှာလည်း ပူတင်ပဲအနိုင်ရပြီး ပူတင်ဟာတတိယအကြိမ် နောက် ထပ်ခြောက်နှစ် ရုရှားသမ္မတဖြစ်လာဦးမှာ။ ဝေဖန်ကြသူအချို့က ပူတင်ဟာ ဆိုဗီယက်ခေတ်ဟောင်းဆီ ပြန်သွားချင်တဲ့ပုဂ္ဂိုလ်လို့ စွပ်စွဲပြောဆိုကြတယ်။ ဒါပေမယ့် ပျောက်ပျက်သွားတဲ့ ဆိုဗီယက်ယူနီယံအတွက် ဝမ်းနည်းကြေကွဲမှုမဖြစ်သူဟာ အသည်းနှလုံးမရှိသူဖြစ်တယ်။ ဆိုဗီယက်ခေတ်ကို လိုချင်တောင့်တနေသူ ကတော့ ဦးနှောက်မရှိသူဖြစ်တယ်'' လို့ ပူတင်ကိုယ်တိုင်က မှတ်ချက်ချခဲ့တယ်။ ပူတင်ဟာ ရုရှားနိုင်ငံပြန် လည်စည်းလုံးညီညွတ်ရေးအတွက် မကြာခဏ ဆိုဗီယက်ခေတ်ကိုအမွှန်းတင် ချီးကျူးတတ်သူဖြစ်တယ်။ စတာလင်ကွယ်လွန်ပြီးနောက် သူ့နေရာကိုဆက်ခံခဲ့တဲ့ နီကီတာခရူးရှက်ဗ် Nikita Khrushchev က ၁၉၅၆ ခုနှစ်မှာ စတာလင်ကိုအပုပ်ချခဲ့တဲ့အတွက် ကျဆင်းသွားခဲ့တဲ့စတာလင်ရဲ့သိက္ခာကို ပြန်လည်အဖတ်ဆယ်တဲ့ အနေနဲ့ စတာလင်ရဲ့သမိုင်းကို ပြန်လည်ရေးသားစေခဲ့တယ်။ ပူတင်ဟာ ရုရှားနိုင်ငံရဲ့ကြီးမြတ်မှုကို ဖော်ထုတ် လာတယ်။ ဒုတိယကမ္ဘာစစ်မှာ ရုရှားနိုင်ငံရဲ့အောင်မြင်မှုတွေ။ ပထမဆုံးလူသားတစ်ဦးကို အာကာသသို့ လွှတ်တင်နိုင်ခဲ့တဲ့ ရုရှားရဲ့စွမ်းဆောင်မှုတွေကို ဖော်ကျူးတယ်။ ဒါပေမယ့် ပူတင်ရဲ့အမြင်မှာ ပြည်သူတွေဟာ ဝါဒစနစ်တွေကို ငြီးငွေ့နေကြပြီလို့မြင်တယ်။ ဒါကြောင့် ပူတင်ဟာ ဝါဒစနစ်ကိုရှေ့တန်းမတင်ဘူး။ ဝါဒစနစ် အတွက် ဖိအားမပေးဘူး။ ပူတင်က ပြည်သူတွေရဲ့ဝင်ငွေ တိုးတက်လာရမယ်၊ ဆိုဗီယက်ခေတ်ကလို တိုင်းပြည်တည်ငြိမ်အေးချမ်းရမယ်လို့ ကတိပေးထားတယ်။ ပေးတဲ့ကတိအတိုင်းလည်း လုပ်ဆောင်တယ်။ စတိုးဆိုင်တွေမှာ ကုန်ပစ္စည်းတွေအပြည့် ဖြည့်တင်းပေးထားတယ်။ ပြည်သူတွေအနေနဲ့ လွတ်လွတ်လပ်လပ် ခရီးသွားနိုင်တယ်။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း NGO သောင်းဂဏန်းနဲ့ချီပြီး ခွင့်ပြုထားတယ်။ ဒါကြောင့် ပူတင်ဟာ အာဏာရှင်တစ်ဦးဖြစ်ပေမယ့် ရုရှားပြည်သူတွေက သူ့ကို ဒီမိုကရက်တစ်ဦးလို့ ပဲထင်မြင်ယူဆ ကြတယ်။ မင်းရွှေမောင်
(ယူတာကတော့ ဒီကပါ) http://www.zaygwet.com/international.php?id=130
Ref: 1. International herald Tribune, Dec-12-2011. 2. Nathan Thornburgh "Russia's New Guard"Time, Dec-12-2011. 3. Putin's Russia : The Economist, Dec-10-2011.

0 comments:

Post a Comment