တရုတ်ပြည်သစ်ရဲ့ တတိယတော်လှန်ရေး (မင်းရွှေမောင်)
(ယူတာက) http://www.zaygwet.com/international.php?id=135
တရုတ်ပြည်ဟာ အခုတော့ စီးပွားရေးစူပါပါဝါဖြစ်နေပါပြီ။ များမကြာမီမှာ စစ်အင်အားတောင့်တင်းတဲ့နိုင်ငံကြီးဖြစ်လာတော့မှာပါ။ တရုတ်ပြည်ရဲ့အုပ်ချုပ်ရေးစနစ်ဟာ ဂလိုဘယ်စံချိန်စံညွှန်းတွေနဲ့အံမဝင်ဂွင်မကျ ဖြစ်နေပေမယ့် နှစ် ၂ဝ လောက်အတွင်းမှာ စီးပွားရေးစူပါပါဝါကြီးဖြစ်လာတာကိုမြင်တွေ့ခဲ့ကြရတဲ့ ကမ္ဘာ့ကျန်နိုင်ငံတွေအနေနဲ့ တရုတ်ပြည်ကို စိတ်မဝင်စားဘဲမနေနိုင်ဖြစ်လာကြရပါတယ်။
မော်စီတုန်း - Mao Zedong ဟာ သူ့ခေတ်သူ့အခါက သူ့နည်းသူ့ဟန်နဲ့ တရုတ်ပြည်လွတ်မြောက်ရေး တော်လှန်ရေးတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲခဲ့ပြီး ၁၉၄၉ ခုနှစ်မှာ တရုတ်ပြည်ကွန်မြူနစ်ပါတီကို ပေကျင်းမြို့တော်မှာနန်းတင်ပေးခဲ့တယ်။ ဒါပေမယ့် နိုင်ငံရေးအရအောင်မြင်မှုရရှိခဲ့သော်လည်း စီးပွားရေးအရမအောင်မမြင်ဖြစ်ခဲ့ရတယ်။
၁၉၆၅ ခုနှစ်မှာ မဟာပစ္စည်းမဲ့ယဉ်ကျေးမှုတော်လှန်ရေး -Great Proletarian Cultural Revolution ပေါ်ထွက်လာခဲ့တယ်။ မော်ဝါဒီတွေနဲ့လက်တွေ့ပဓာနဝါဒီတွေ -Pragmatists အကြား သဘောတရားရေး တိုက်ပွဲဖြစ်တယ်။ စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ချင်ကြသူအတော်များများ ထောင်နန်းစံခဲ့ကြရတယ်။ ဒါမှမဟုတ် မြို့ပေါ်ကပညာတတ်လူတန်းစားအများအပြား ကျေးလက်အပို့ခံရပြီး ပစ္စည်းမဲ့သင်တန်းတွေ တက်ခဲ့ကြရတယ်။
၁၉၈၉ ခုနှစ်မှာ ထီအန်နန်မင်ရင်ပြင်-Tiananmen Square အရေးအခင်းဖြစ်ပေါ်ခဲ့ပြီးနောက် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေဟာ သမားရိုးကျကွန်ဆာဗေးတစ်တွေရဲ့ ခြိမ်ခြောက်မှုခံလာရတယ်။ တရုတ်ပြည် စီးပွားရေးနောက်ကြောင်းပြန်လှည့်တော့မယ့်ဆဲဆဲ ၁၉၉၂ ခုနှစ်အစောပိုင်းမှာ လုံးဝမျှော်လင့်မထားတဲ့ ဖြစ်ရပ်တစ်ခုထွက်ပေါ်လာတယ်။ တိန့်ရှောင်ဖိန်း-Deng Xiaoping က စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ဖို့ မီးစိမ်းပြခဲ့တယ်။ ဒါဟာ တရုတ်ပြည်ရဲ့တတိယတော်လှန်ရေးပါပဲ။ အဲဒီအချိန်ကစပြီး တရုတ်ပြည်ရဲ့စီးပွားရေးဟာ ဘယ်တော့မှနောက်ကြောင်းပြန်မလှည့်တော့ဘူး။
တတိယတော်လှန်ရေး
တရုတ်ပြည်ရဲ့စီးပွားရေးဟာ မတိုးတက်ဘဲ ဒုံရင်းဒုံရင်းဖြစ်နေမယ်ဆိုရင် တရုတ်ပြည်ကွန်မြူနစ်ပါတီဟာ ဆိုဗီယက်ယူနီယံတို့၊ အရှေ့ဥရောပနိုင်ငံတို့ကကွန်မြူနစ်ပါတီတွေလို သမိုင်းထဲရောက်သွားနိုင်တယ်လို့ တိန့်ရှောင်ဖိန်းကထောက်ပြခဲ့တယ်။ တိန့်ရှောင်ဖိန်းဟာ ယိုယွင်းပျက်စီးနေတဲ့နိုင်ငံရေးဝါဒစနစ်ဟောင်းကို သူ့ရဲ့စီးပွားရေးသစ်နည်းဗျူဟာတွေနဲ့အစားထိုးခဲ့တယ်။
ပါတီကေဒါတွေဟာ တရုတ်ပြည်ကြီးကို အားသစ်မာန်သစ်တွေနဲ့ ပြန်လည်တည်ဆောက်ခဲ့ကြတယ်။ ဗျူရိုကရက်တွေကလည်း စွမ်းဆောင်နိုင်စွမ်းမရှိဖြစ်နေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ခါးတောင်းကျိုက်ပြီး အားဖြည့်ပေးခဲ့ကြတယ်။ နိုင်ငံရေးချုပ်ကိုင်မှုနဲ့ဈေးကွက်စီးပွားရေးကိုစပ်ဟပ်ထားတဲ့ ပြုပြင်ပြောင်းလဲရေးဟာ အံ့ဘနန်းအောင်မြင်မှုရရှိခဲ့တယ်။
တရုတ်ပြည်ရဲ့ စီးပွားရေးဟာ နှစ်စဉ်ပျမ်းမျှ ၁ဝ ရာခိုင်နှုန်းနဲ့ နှစ်ပေါင်းများစွာတိုးတက်ခဲ့တယ်။ တရုတ်ပြည်သူ သန်း ၄၄ဝ လောက်ကို ဆင်းရဲတွင်းနက်နေရာက ကယ်ထုတ်နိုင်ခဲ့ကြတယ်။ သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံးသော ဆင်းရဲသားလျှော့ချနိုင်မှုကြီးဖြစ်တယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာ ဂျပန်နိုင်ငံကိုဖြတ်ကျော်တက်ပြီး ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်လာခဲ့တယ်။
အမေရိကန်တွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အပေါစားပစ္စည်းတွေထုတ်လုပ်ပြီး ကမ္ဘာတစ်ဝှမ်း တင်ပို့ရောင်းချနေတဲ့ ဧရာမအလုပ်ရုံကြီးတစ်ရုံလို့ ရှုမြင်လေ့ရှိကြတယ်။ ဒါပေမယ့် မကြာသေးသောနှစ်များ အတွင်းမှာ တရုတ်စီးပွားရေးဟာ ထုနဲ့ထည်နဲ့အကြီးအကျယ်တိုးတက်လာတာကိုတွေ့မြင်ကြရတော့ တစ်နေ့မှာ အမေရိကန်စီးပွားရေးကိုတောင် ကျော်တက်သွားနိုင်တဲ့စီးပွားရေးကြီးပဲလို့ ရိပ်စားမိလာကြတယ်။ အမေရိကန်နိုင်ငံသားတွေဟာ တရုတ်ပြည်ရဲ့တိုးတက်မှုကို စိတ်မသက်မသာနဲ့စောင့်ကြည့်နေရတဲ့ဘဝ ရောက်သွားတယ်။
တရုတ်ပြည်ကြီး ဒီလိုတိုးတက်လာဖို့က တရုတ်ကွန်မြူနစ်ပါတီရဲ့လမ်းညွှန်မှုမပါဘဲ မဖြစ်နိုင်ဘူး။ ဈေးကွက်ပြုပြင်ပြောင်းလဲရေးတွေဟာ တရုတ်ပြည်ရဲ့စီးပွားရေးကို ပြောင်းလဲပစ်ခဲ့တယ်ဆိုပေမယ့် တရုတ်ပြည်ရဲ့နိုင်ငံတော်အရင်းရှင်ဝါဒ-State Capitalism မော်ဒယ်ဟာ တိုင်းပြည်ရဲ့စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံခြားယှဉ်ပြိုင်မှုမှလွတ်ကင်းအောင် အစိုးရအနေနဲ့အကာအကွယ်ပေးထားဆဲဖြစ်တယ်။
တရုတ်ပြည်ရဲ့ဂျီဒီပီဟာ ၁၉၇၈ ခုနှစ်မှစပြီး ၁ဝ ဆတိုးတက်ခဲ့တယ်ဆိုပေမယ့် တရုတ်ပြည်ရဲ့စီးပွားရေးစွမ်းပကားအပေါ် သိပ်ပြီးပိုလွန်ခန့်မှန်းခြင်းမပြုကြဖို့ တရုတ်အရာရှိကြီးတွေက သတိပေးကြတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ပြည်ရဲ့လူဦးရေဟာ ၁.၃ ဘီလီယံရှိတဲ့အတွက် ၂ဝ၁၁ ခုနှစ် တစ်ဦးချင်းဂျီဒီပီ per capita GDP ဟာ ဝယ်နိုင်အားနှုန်းပြည့်- Purchasing Power Parity အရတွက်ချက်ရင် အမေရိကန် ဒေါ်လာ ၈၄ဝဝ လောက်ပဲရှိတယ်။ ထိုင်းနိုင်ငံရဲ့တစ်ဦးချင်းဂျီဒီပီအောက် နိမ့်ကျနေသေးတယ်။ ဒါကြောင့် တရုတ်ပြည်ဟာဖွံ့ဖြိုးဆဲနိုင်ငံ Developing Nation သာ ဖြစ်ပါတယ်လို့ တရုတ်ခေါင်းဆောင်ကြီးတွေ မကြာမကြာ ထုတ်ဖော်ပြောဆိုနေကြတာဖြစ်တယ်။
ဒါမေယ့် တရုတ်ပြည်ဟာ ဒီနှုန်းနဲ့ဆက်လက်တိုးတက်ချင်တယ်ဆိုရင် နောက်ထပ်ပြုပြင်ပြောင်းလဲ မှုတွေလုပ်ဖို့လိုလိမ့်မယ်လို့ တတ်ကျွမ်းနားလည်သူတွေက ထောက်ပြကြတယ်။ လက်ရှိမော်ဒယ်နဲ့ ခရီးဆက်လို့မဖြစ်ဘူး။ မော်ဒယ်ပြောင်းရမယ်လို့ ဆိုကြတယ်။
ဟုတ်ပါတယ်။ တရုတ်ပြည် ဟာ ၂ဝဝ၈ ခုနှစ် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြီး Great Recession ကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ သို့ပေမယ့် မြင့်မြင့်မားမားတိုးတက်မှုနှုန်းကိုထိန်းထားလိုတယ်ဆိုရင် စီးပွားရေးကို ရင်းနှီမြှုပ်နှံမှုနဲ့ပို့ကုန်တင်ပို့ရေးကနေ ပြည်တွင်းစားသုံးမှု- Domestic Consumption ဆီရွေ့လျားဖို့လိုတယ်လို့ ဆိုကြတယ်။ ဒီလိုပြောင်းလဲရေးဟာ တိုးတက်ကြီးပွားမှုရဲ့အသီးအပွင့်တွေကို တရုတ်တိုင်းသူပြည်သားများမျှဝေခံစားကြရအောင် ဆောင်ကြဉ်းမှုအပေါ်မူတည်တယ်။ လောလောဆယ်မှာ တရုတ်ဘဏ်တွေဟာ တရုတ်အလုပ်သမားတွေရဲ့စုဆောင်းငွေတွေ - Saving ကို နိုင်ငံပိုင်လုပ်ငန်းကြီးတွေထဲ သွန်ချပုံအောနေတယ်။ ဒါကြောင့် ပုဂ္ဂလိကလုပ်ငန်းတွေမှာ အရင်းမလုံမလောက်ဖြစ်နေရတဲ့အပြင် အလုပ်သမားတွေသုံးစွဲနိုင်အားကလည်း ကျဆင်းလျက်ရှိတယ်။
ဒါရဲ့ရလဒ်ကတော့ ဈေးပေါပေါရတဲ့မြေနဲ့လုပ်သားတွေ ရှားပါးလာတယ်။ တစ်နည်းပြောရရင် အစိုးရဟာ ရင်းမြစ်တွေကို ကြီးကြီးမားမားအတိုင်းအတာနဲ့သုံးဖြုန်းပစ်နေသလိုဖြစ်နေတယ်။ ဒါကြောင့် ဘဏ္ဍာရေးစနစ်ကိုလွှတ်ပေးလိုက်မယ်ဆိုရင် အရင်းခွဲဝေမှုတိုးတက်ကောင်းမွန်လာပြီး စားသုံးသူတွေရဲ့ သုံးစွဲနိုင်စွမ်းလည်းမြင့်မားလာနိုင်တယ်လို့ ထောက်ပြကြတယ်။
ဒီကနေ့မှာ တရုတ်ပြည်ရဲ့စီးပွားရေးတိုးတက်မှုဟာ နှေးကွေးလာတယ်။ အလုပ်အကိုင်ရရှိရေးအတွက် မြို့ပေါ်တက်လာခဲ့ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်ရဖို့ခက်ခဲလာတယ်။ အစိုးရအနေနဲ့ မြို့ကြီးတွေဆီ နောက်ထပ် ရွှေ့ပြောင်းအလုပ်သမားတွေ ရောက်မလာနိုင်အောင် ပြည်နယ်တွေကမြို့တွေမှာ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိတယ်။ ကောင်းတဲ့လုပ်ငန်းအစီအစဉ်ဖြစ်ပေမယ့် ပြဿနာတစ်မျိုးတက်လာပြန်တယ်။ ဒေသဆိုင်ရာအရာရှိကြီးတွေက မြို့စွန်မြို့ဖျားမှာရှိတဲ့ တောင်သူလယ်သမားတွေရဲ့လယ်မြေတွေကို လျော်ကြေးနည်းနည်းပေးပြီး သိမ်းပိုက်ကြတယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဈေးကြီးကြီးနဲ့ပြန်ရောင်းစားကြတယ်။ ဒါကြောင့် တရုတ်ပြည်တစ်ခွင်တစ်ပြင်မှာ ဒီလို မြေယာသိမ်းပိုက်မှုနဲ့စပ်လျဉ်းပြီး တောင်သူလယ်သမားတွေနဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေကြားမှာ ပြဿနာတွေအကြီးအကျယ်တက်လာတယ်။
တရုတ်ပြည်ရဲ့ခေါင်းဆောင်ကြီးတွေဟာ ဒီလိုပြဿနာတွေကို သတိထားမိကြတယ်။ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ အခုလိုပြဿနာတွေကို မြွေမသေတုတ်မကျိုးကိုင်တွယ်ပြီး ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ လုပ်ဖို့လိုလာတယ်။ အဲသလိုအချိန် ဒီနှစ်ထဲမှာ ၁၈ ကြိမ်မြောက် ပါတီကွန်ဂရက်ကျင်းပဖို့လည်း ရှိနေပါတယ်။
ပြောင်းလဲလာမယ့် ခေါင်းဆောင်ပိုင်း
ဒီနှစ်နှောင်းပိုင်း အောက်တိုဘာ ဒါမှမဟုတ် နိုဝင်ဘာလလောက်မှာ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ၁၈ ကြိမ်မြောက်ကွန်ဂရက်ကျင်းပဖို့ရှိတယ်။ ဒီပါတီကွန်ဂရက်ကျင်းပတဲ့အခါ ပါတီဗဟိုကော်မတီဝင် ၃၆ဝ ရှိတဲ့အနက် အဖွဲ့ဝင် ၆ဝ ရာခိုင်နှုန်းကျော် အပြောင်းအလဲရှိတယ်။ တစ်နည်းပြောရင် ဗဟိုကော်မတီအဖွဲ့ဝင် သစ် ၃ဝဝ နီးပါးကို ရွေးချယ်တင်မြှောက်ကြရမယ်။
ပြီးတော့ အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ဗဟိုကော်မတီ-Central Committee ကနေပြီး ပေါ်လစ်ဗျူရို Politburo အဖွဲ့ဝင်သစ်တွေ ရွေးချယ်တင်မြှောက်ကြရမယ်။ လောလောဆယ် ပေါ်လစ်ဗျူရိုအဖွဲ့မှာတော့ အဖွဲ့ ဝင် ၂၅ ဦးရှိတယ်။ ဒါပေမယ့် နောက်ထပ်ဖွဲ့စည်းမယ့် ပေါ်လစ်ဗျူရိုသစ်မှာ အဖွဲ့ဝင်ဘယ်နှဦးပါမယ်ဆိုတာ အသေအချာမပြောနိုင်ဘူး။
ပေါ်လစ်ဗျူရိုသစ်ရွေးချယ်တင်မြှောက်ပြီးရင် အဲဒီထဲက ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီမှာတော့ အဖွဲ့ဝင်ကိုးဦးရှိတယ်။
အသစ်ခန့်အပ်မယ့် ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီထဲမှာ အသေအချာပါဝင်နိုင်တဲ့ပုဂ္ဂိုလ်နှစ်ဦး ရှိတယ်။ တစ်ဦးက လောလောဆယ် ဒုတိယသမ္မတရာထူးနဲ့တာဝန်ထမ်းဆောင်နေတဲ့ ရှီကျင့်ဖိန်း-XiJinping ဖြစ်ပြီး၊ နောက်တစ်ဦးက လောလောဆယ်ဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ လီခယ်ချန်း- Li Keqiang ဖြစ်ပါတယ်။
သူတို့နှစ်ဦးစလုံးဟာ ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီမှာ ရွေးချယ်ခန့်အပ်ပါဝင်လာခဲ့ပြီးတဲ့နောက် ၂ဝ၁၃ ခုနှစ် မတ်လကျရင် လက်ရှိသမ္မတဟူကျင်းတောင် Hu Jintao ရဲ့တာဝန်တွေကို ရှီကျင့်ဖိန်းက လွှဲပြောင်းယူမှာဖြစ်တယ်။ အဲသလိုပဲ လီခယ်ချန်းကလည်း ၂ဝ၁၃ မတ်လကျရင် လက်ရှိဝန်ကြီးချုပ် ဝမ်ကျားပေါင်- We Jiabao ဆီက ဝန်ကြီးချုပ်တာဝန်တွေကို လွှဲပြောင်းယူမှာဖြစ်တယ်။
တရုတ်ပြည်မှာ ဒီလို အတိုင်းအတာကြီးကြီးမားမားနဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲမဖြစ်ခဲ့တာ ဆယ်စုနှစ်တစ်ခုလောက်ရှိခဲ့ပါပြီ။ ၁၉၈ဝ နှစ်များရဲ့ နှောင်းပိုင်းကာလမှစပြီး ဒါဟာ ပထမဆုံးအကြိမ်ပါပဲ။ ဖြစ်ချင်တော့ မျိုးဆက်သစ်ခေါင်းဆောင်သစ်များပေါ်ထွက်လာချိန်နဲ့ စီးပွားရေးကမောက်ကမဖြစ်နေချိန်နဲ့ ကြုံကြိုက်နေတယ်။ ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ် ခေါင်းဆောင်ပိုင်းအပြောင်းအလဲလုပ်မယ့်အချိန်မှာ ငွေဖောင်းပွမှု-Inflation မြင့်မြင့်မားမားဖြစ်နေချိန်နဲ့တိုက်ဆိုင်နေခဲ့ပြီး တိန့်ရှောင်ဖိန်းရဲ့ဆက်ခံရေးအစီအစဉ်ဟာ ကိုးလိုးကန့်လန့်ဖြစ်ခဲ့ရပြီး တစ်နှစ်အကြာမှာ ထီအန်နန်မင်ရင်ပြင်အရေးအခင်း ထွက်ပေါ်ခဲ့တယ်။
တရုတ်ခေါင်းဆောင်ပိုင်းအနေနဲ့ တိုင်းပြည်အကြီးအကျယ် မငြိမ်မသက်ဖြစ်မှာစိုးရိမ်နေကြပေမယ့် ဒီကနေ့ ပါတီကိုခြိမ်းခြောက်နေတဲ့ပြဿနာတွေဟာ အရင်ကနဲ့မတူဘဲ ခြားနားကွဲပြားတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း တရုတ်ပြည်မှာ ကြီးမားတဲ့လူလတ်တန်းစားတစ်ရပ်ထွက်ပေါ်လာခဲ့တယ်။ တရုတ်ပညာရှင်များရဲ့အဆိုအရ မြို့နေလူထုရဲ့ ၄ဝ ရာခိုင်နှုန်းလောက်ရှိတယ်။ ပြီးတော့ ကျေးလက်ကနေပြီး မြို့ပြတက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားထုကလည်း အများကြီးပါပဲ။
အစိုးရအနေနဲ့ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ မိမိတို့ရဲ့မိသားစုတွေရှိတဲ့ ကျေးလက်တောရွာတွေကို ပြန်သွားကြလိမ့်မယ်လို့မျှော်လင့်ထားတယ်။ ပြန်လည်းပြန်ကြမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့သုံးလေးနှစ်လောက်ကစပြီး ကျေးလက်တောရွာတွေမှာ အလုပ်အကိုင်ရရှိနိုင်တဲ့အခွင့်အလမ်းတွေ တိုးတက်များပြားလာတယ်။ အစိုးရဟာ တရုတ်ပြည်အလယ်ပိုင်းနဲ့အနောက်ပိုင်းဒေသတွေမှာ ရင်းနှီးမြှုပ်နှံမှုကြီးမားစွာနဲ့ တိုးတက်ဖွံ့ဖြိုးရေးအစီအစဉ်တွေ လုပ်ဆောင်လျက်ရှိတယ်။
လောလောဆယ်မှာ တရုတ်ပြည်အနှံ့အပြားက စက်ရုံအလုပ်ရုံတွေမှာ ဆန္ဒပြမှုတွေဖြစ်ပေါ်လျက်ရှိ တယ်။ ဒါပေမယ့် ဒီလို မငြိမ်မသက်ဖြစ်မှုတွေဟာ ကွန်မြူနစ်ပါတီကိုဆန့်ကျင်ကြတာမဟုတ်ပါဘူး။ ဒေသဆိုင်ရာအရာရှိအရာခံတွေနဲ့ အလုပ်ရုံစက်ရုံပိုင်ရှင်တွေအပေါ်မှာ မကျေမနပ်ဖြစ်ကြတာလောက်ပဲ ရှိတယ်။ သူတို့တစ်တွေဟာ ပေကျင်းမြို့တော်က ကွန်မြူနစ်ပါတီထိပ်ပိုင်းခေါင်းဆောင်တွေအပေါ် ယုံကြည်မှု အပြည့်အဝရှိကြတယ်။
ရှီကျင့်ဖိန်း- ဘယ်သူလဲ
၂ဝ၁၃ ခုနှစ်မှာ တရုတ်ပြည်ရဲ့သမ္မတဖြစ်လိမ့်မယ်လို့ မျှော်မှန်းထားကြတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ရှီကျင့်ဖိန်းကို ၁၉၅၃ ခုနှစ်မှာမွေးဖွားခဲ့ပြီး ထီးရိပ်နန်းရိပ်အောက်မှာ ကြီးပြင်းလာခဲ့သူဖြစ်တယ်။ သူ့ရဲ့ဖခင်ဟာ တစ်ချိန်က ဒုတိယဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ Xi Zhongxun ဖြစ်တယ်။ ဒါကြောင့် တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေသာနေထိုင်ကြရတဲ့ခြံဝိုင်းကြီးထဲမှာ နေထိုင်ခဲ့ကြတယ်။
လွန်ခဲ့တဲ့နှစ် ၃ဝ ကျော်လောက်က တိန့်ရှောင်ဖိန်းရဲ့ဈေးကွက်အခြေခံ စီးပွားရေးပြုပြင်ပြောင်းလဲရေး တွေလုပ်တဲ့ခေတ်ကာလတုန်းကသူ့ဖခင်ဟာ တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတမ်းတစ်လျှောက် မြို့ကြီးတွေ မှာ အရင်းရှင်တွေအတွက်အထူးစီးပွားရေးဇုန်တွေ - Special Eco-nomic Zones ကို အောင်အောင်မြင်မြင် ဖွင့်လှစ်ထူထောင်ပေးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။
မော်စီတုန်းလက်ထက် ရှီကျင့်ဖိန်း ကိုးနှစ်သားအရွယ်လောက်မှာ သူ့ဖခင်ဟာ ပထမဆုံး ဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရပြီး ယဉ်ကျေးမှုတော်လှန်ရေးခေတ်ကာလမှာလဲ ၁၆ နှစ်လောက် အကျဉ်းချခံခဲ့ရတယ်။ ရှီကျင့်ဖိန်းကိုယ်တိုင်လည်း အခြားသောလူငယ်ကျောင်းသားတွေနဲ့အတူ ၁၉၆၉ ခုနှစ်မှာ ကျေးလက်အပို့ခံခဲ့ရပြီး တောသူတောင်သားတွေနဲ့အတူ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ခဲ့ရတယ်။
ရှီကျင့်ဖိန်းရဲ့ထူးခြားချက်ကတော့ ကျေးလက်ရောက်တော့လည်း တောသူတောင်သားတွေနဲ့စိုက်ပျိုး မွေးမြူရေးအလုပ်တွေကို မခိုမကပ်ကြိုးကြိုးစားစားလုပ်ကိုင်တတ်တယ်။ အားလပ်တဲ့အချိန်မှာ သူယူဆောင်လာခဲ့တဲ့ စာအုပ်တစ်ထမ်းတစ်ပိုးကို ဖတ်တယ်၊ မှတ်တယ်။ သူနေထိုင်တဲ့ရွာကလေး ကောင်းကျိုးအတွက် တတ်နိုင်သမျှဆောင်ရွက်ပေးတယ်။ ငယ်စဉ်က ခြေမွေးမီးမလောင် လက်မွေးမီးမလောင်နေခဲ့ရတဲ့ ရှီကျင့်ဖိန်းရဲ့ဘဝ အကြီးအကျယ်ပြောင်းလဲသွားတယ်။
ကြက်ချေး၊ ဝက်ချေးတွေနဲ့နပန်းလုံးနေတဲ့ရှီကျင့်ဖိန်းကို ရဲဘော်ရဲဘက်ပါတီဝင်တွေက သိပ်ပြီးသဘောကျကြတယ်။ သူတို့ရွာမှာ ပါတီခေါင်းဆောင်ဖြစ်လာတယ်။ ရွာသူရွာသားတွေကလည်း သူ့ရဲ့ကြိုးပမ်းမှုကိုသဘောကျပြီး၊ သူ့ကို တက္ကသိုလ်တက်ခွင့်ပြုဖို့ ဝိုင်းဝန်းထောက်ခံပေးခဲ့ကြတယ်။
၁၉၇၆ ခုနှစ် မော်စီတုန်းကွယ်လွန်ပြီးနောက်ပိုင်းမှာ သူ့ရဲ့ဖခင်ကို ပါတီကပြန်လည်မြှောက်စားခဲ့တဲ့ အတွက် ရှီကျင့်ဖိန်းရဲ့မိသားစုအခြေအနေ ပြန်ကောင်းလာခဲ့တယ်။ အဲဒီ အချိန်စပြီး ရှီကျင့်ဖိန်းဟာ ရာထူး အဆင့်ဆင့်တိုးတက်လာခဲ့တော့တယ်။ ရှီကျင့်ဖိန်းဟာ ဟိတ်ဟန်မရှိ။ ရိုးရိုးကျင့် မြင့်မြင့်ကြံသဘောမျိုးရှိ တယ်။ အပေါင်းအသင်းဆံ့တယ်။ အလုပ်ကြိုးစားတယ်။ လုပ်စရာရှိတာအခုလုပ်ဆိုတာ သူ့ရဲ့ဆောင်ပုဒ်ပါပဲ။
တရုတ်ပြည်ပြင်ပမှာ ရှီကျင့်ဖိန်းကို လူအများသိကြပေမယ့် ပြည်တွင်းမှာတော့ သူ့ရဲ့ဇနီး ဖုန်းလီယွမ်း Peng Liyuan ကို ပိုပြီးသိကြတယ်။ ဘာကြောင့်ဆိုတော့ သူ့ရဲ့ဇနီးက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် - People's Liberation Army ရဲ့ စူပါစတားအဆိုကျော်ဖြစ်လို့ပါပဲ။
နိုင်ငံခြားမှာလည်း ရှီကျင့်ဖိန်းကို ပွင့်ပွင့်လင်းလင်း ရိုးရိုးရှင်းရှင်းပြောတတ်သူလို့မြင်ကြတယ်။ ရှီကျင့်ဖိန်းဟာ အမေရိကန်နိုင်ငံနဲ့အဆင်ပြေပြေဆက်ဆံလိုသူဖြစ်တယ်။ ဒါဟာ သူ့အတွက် အားသာချက် ပဲလား။ ဒါမှမဟုတ် အားနည်းချက်ပဲလား။
မင်းရွှေမောင်
Ref: 1.The Economist, Jan 28. 2.Newsweek, Feb-13.
3.Time, 3 Feb 20-2012.
0 comments:
Post a Comment