Tuesday, April 30, 2013

ခေတ်မောင်း အယ်ဒီတာ့အာဘော် (အတွဲ ၂၊ အမှတ် ၄ မှ)

0 comments
ခေတ်မောင်း အယ်ဒီတာ့ အာဘော် (အတွဲ ၂၊ အမှတ် ၄ မှ)
မြန်မာနိုင်ငံမှာ စာပေစီစစ်ရေးမရှိတော့ဘူးလား ဆိုတဲ့မေးခွန်းကို ခေတ်မောင်းကဒီတပတ်ဖြေကြည့်မယ်။ စာပေစီစစ်ရေး၊ အင်္ဂလိပ်လို censor ကို များသောအားဖြင့် အစိုးရခန့်ထားတဲ့လူတစုက စာဖတ်သူတွေ၊ ရုပ်ရှင်ကြည့်သူတွေ၊ သီချင်းနားထောင်သူတွေ၊ တနည်း ပြည်သူတွေကို ဒါတွေ ဖတ်သင့်တယ်။ ဒါတွေတော့ မဖတ်သင့်၊ မကြည့်သင့်၊ နားမထောင်သင့်ဘူးဆိုပြီး အဆုံးအဖြတ်ပေးတာကို ဆင်ဆာလုပ်တယ်လို့နားလည်ကြတယ်။ ဒီနေရာမှာ ပြည်သူလူထုရဲ့နိုင်ငံရေး၊ စာရိတ္တပိုင်းဆိုင်ရာစံတွေက ဘာလဲဆိုတာကို ဒီလူတစုက ဆုံးဖြတ်ပေးနေတာဖြစ်တယ်။
ဒီနေ့ခေတ်မှာ မြန်မာပြည်မှာ ဆင်ဆာမရှိတော့ဘူးဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောလာကြတယ်။ ဒါပေမယ့် လူတွေက ဥပဒေတွေစည်းမျဉ်းတွေနဲ့ဆွဲထားတဲ့ဆင်ဆာ regulative censorship ကိုပဲ ဆင်ဆာလို့ခေါ်ပြီး ဆင်ဆာဘုတ်မရှိတော့ဘူး။ စည်းမျဉ်းတွေမရှိတော့ဘူးဆိုပြီးဝမ်းသာကြတယ်။ တကယ်တမ်းမှာ မြန်မာပြည်မှာအမြစ်တွယ်နေတဲ့ ယဉ်ကျးမှုဆင်ဆာ၊ လူ့အဖွဲ့အစည်းထဲ ကင်ဆာလိုမြစ်ပွားနာလိုဖြစ်နေတဲ့ existential censorship ပဲခေါ်ခေါ်၊ constitutive censorship ပဲခေါ်ခေါ် ကြောက်စရာကောင်းတဲ့၊ တော်တော်နဲ့ဖျက်လို့ရမှာမဟုတ်တဲ့ဆင်ဆာကြီး ထုနဲ့ထည်နဲ့ရှိနေတာကို လူတွေသတိမမူမိကြဘူး။
စည်းမျဉ်းစည်းကမ်းတွေထုတ်တဲ့၊ စာရွက်တွေကိုမှင်သုတ်တဲ့၊ ဆုတ်ဖြဲတဲ့၊ ရုပ်ရှင်ဖလင်တွေကို ကတ်ကြေးနဲ့ညှပ်တဲ့ဆင်ဆာဘုတ်တော့ မရှိတော့ဘူး။ ဒါပေမယ့် မဆလလက်ထက်ကတည်းကရှိခဲ့တဲ့ ဒီဆင်ဆာဘုတ်ယဉ်ကျေးမှုကြောင့် အရွယ်ရောက်ပြီးသားဗမာတွေဟာ ဆင်ဆာဘုတ်မရှိတော့သည့်တိုင် ဆင်ဆာဘုတ်ချမှတ်ပေးခဲ့တဲ့ယဉ်ကျေးမှုဘောင်အပြင်ဘက်က စဉ်းစားနိုင်ဖို့သိပ်ခက်သွားပြီ။
တောင်အဖရိကက စာရေးဆရာလည်းဖြစ်၊ ၂ဝဝ၃ခုနှစ်က နိုဘယ်စာပေဆုရှင်လည်းဖြစ်တဲ့ ကွတ်ဇီ (J M Coetzee) ဟာ ဆင်ဆာဆိုတာဟာ ပါဝါရှိတဲ့လူတန်းစားက သူတို့အတွက်ရော ပါဝါမဲ့တဲ့လူတန်းစားအတွက်ပါ စကားလုံးတွေ၊ အမှတ်သညာတွေ၊ ဘာသာစကားတွေ ထွင်ထားပေးခဲ့တာလို့ဆိုတယ်။ ဆင်ဆာနဲ့ပတ်သက်ပြီးစာအုပ်တွေရေးခဲ့တဲ့ ပါမောက္ခဂျန်ဆန် (Sue Jensen) ကတော့ ဆင်ဆာဆိုတာ အဖြစ်အပျက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အုပ်ချုပ်သူတွေနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ရမယ်နားလည်ရမယ်ဆိုတာကို လူတစုကပဌာန်းပေးနေတာတဲ့။ သူက ဆင်ဆာဆိုတာ ပါဝါမဲ့တွေကိုကန့်သတ်ဖို့ ပါဝါရှိသူတွေဖန်တီးတာအားလုံးကို ဆင်ဆာလို့သတ်မှတ်တယ်။ ပါဝါရှိသူကို ဘာမှပြန်မပြောနိုင်ခြင်း silence ကိုလည်း ယဉ်ကျေးမှုဆင်ဆာလို့ သူက အဓိပ္ပါယ်ဖော်တယ်။
စည်းမျဉ်းစည်းကမ်းဘောင်တွေမရှိတော့တာကိုပဲ ဆင်ဆာမရှိတော့ဘူးလို့နားလည်သူတွေအတွက် ဂျန်ဆန်က ယဉ်ကျေးမှုဆင်ဆာ၊ အသံတိတ်နေခြင်းကိုက ပါဝါရှိသူတွေရဲ့ဆင်ဆာမိနေတာဆိုတာကို သတိပေးထားတယ်။ သူပြောတာကို ဗမာ့အရေးမှာချသုံးကြည့်ရင် မြန်မာနိုင်ငံမှာဆင်ဆာရှိနေတာ၊ ရှိနေတာမှ ကြောက်စရာကောင်းလောက်အောင် ပါဝါမဲ့နေသူတွေကို ပါဝါရှိသူတွေက ဆက်လက်ဖိထားနိုင်ဖိုရှိနေတာကိုတွ့ရမယ်။
အခုမြင်ရတဲ့ ကချင်အရေး၊ လက်ပံတောင်းအရေး၊ ရိုဟင်ဂျာအရေးတွေမှာ ပြဿနာကဘာဆိုတာ ပါဝါရှိသူတချို့က သူတို့စကားလုံးတွေနဲ့ဖ်ာပြကြတယ်။ ဒီနေရာမှာ ပါဝါရှိသူဆိုတာ အစိုးရကိုပဲပြောတာမဟုတ်။ အစိုးရ၊ အစိုးရသစ္စာခံအတိုက်အခံ၊ ခရိုနီ၊ လူလတ်တန်းစားနဲ့ ပြုပြင်ပြောင်းလဲရေးကြောင့် မြန်မြန်ကြီးအကျိုးရှိလာနေတဲ့လူတန်းစားတွေ၊ အုပ်စုတွေပါတယ်။ အဖြစ်အပျက်တွေကို သူတို့ဖြစ်စေချင်၊ နားလည်စေချင်တဲ့စကားလုံးတွေနဲ့ပုံဖော်တယ်။ သူတို့ကိုဆန့်ကျင်သူတွေကို သူတို့ကပဲ နာမည်ဆိုးတွေပေးတယ်။ ဥပမာ ကေအိုင်အိုကို ငြိမ်းချမ်းရေးစားပွဲသို့ရောက်မလာသော တဖွဲ့တည်းသောအဖွဲ့၊ လက်ပံတောင်းကလူတွေကို တိုင်းပြည်ရင်းနှီးမြှုပ်နှံရေးအတွက်အဟန့်အတားဖစ်နေသောအကြမ်းဖက်မှုကိုလိုလားသူများ၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကို တိုင်းပြည်သစ္စာဖောက်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သူတွေကို အဆိုးမြင်သူတွေ လက်တွေ့မကျသူတွေ စသဖြင့်နာမည်တွေပေး၊ အဖြစ်အပျက်တွေကို သူတို့ထိန်းချုပ်ထားတဲ့စကားလုံးတွေ၊ ဘာသာစကားတွေနဲ့ပဲဖော်ပြကြတယ်။ လူတွေကလည်း အဲဒီစကားလုံးတွေနဲ့ပုံဖော်ထားတဲ့အတိုင်း ဖြစ်ရပ်တွေ၊ လှုပ်ရှားမှုတွေကိုနားလည်ကြတယ်။ အဲဒီဘောင်ထဲကကျော်ပြီး မကြည့်ရဲ၊ မမြင်ရဲ၊ မေးခွန်းမထုတ်ရဲကြဘူး။ ပါဝါရှိသူတွေရဲ့ချပေးတဲ့ ဘာသာစကားလိုင်းကိုလိုက်ကြတယ်။ ဖြစ်ရပ်တွေကို သူတို့ကွပ်ပေးထားတဲ့ဘောင်ထဲကပဲ နားလည်ဖို့ကြိုးစားကြတယ်။ ကျန်တဲ့လူတွေကို အဖျက်သမားလို့သတ်မှတ်လိုက်ကြတော့တယ်။ မီဒီယာတွေကလည်း ဒီလိုင်းပဲလိုက်နေတာများတယ်။ ဟန်ဝင်းအောင်တို့ကို လူဆိုးစာရင်းထဲသွင်းနေတာ၊ ကေအိုင်အိုကို ကျောက်စိမ်းတွေကြောင့်စစ်တိုက်နေတာလို့ဖော်ပြတာ ကာတွန်းဆရာတွေ၊ မီဒီယာတွေ ရှေ့တန်းကပါတယ်မဟုတ်လား။
ဒါတွေဟာ မြန်မာပြည်မှာရှိနေတဲ့ လတ်တလောယဉ်ကျေးမှုဆင်ဆာကြီးပဲ။ မဆလခေတ်မှာကြီးခဲ့သူတွေ ပြောခဲ့တဲ့ “ကိုယ်လုပ်လို့လည်းဘာမှဖြစ်မှာ မဟုတ်ဘူး။ တိတ်တိတ်နေ၊ ငြိမ်ငြိမ်နေ”ဆိုတဲ့အသံတိတ်ဆင်ဆာနဲ့ လူတွေမတရားတာတွေကို ပြန်မပြောအောင် မလုပ်အောင်ဖိထားတာရှိသေးတယ်။ ဒီလို ဆင်ဆာတွေရှိနေသမျှ မြန်မာ့စာနယ်ဇင်းလောကလွတ်လပ်ပြီ။ လူတွေလည်း ဆင်ဆာအောက်ကလွတ်ပြီလို့ ပြောလို့မရဘူးလို့ ခေတ်မောင်းက သုံးသပ်တယ်။



ကိုမင်းကိုနိုင်နဲ့ကျနော့်ကို တပြိုင်တည်းဗျူးပြီး တပုဒ်ထဲမှာရေးထားတဲ့ သတင်းဆောင်းပါး-၂-(မျိုးမြင့်ချို)

0 comments
ကိုမင်းကိုနိုင်နဲ့ကျနော့်ကို တပြိုင်တည်းဗျူးပြီးတပုဒ်ထဲမှာရေးထားတဲ့ သတင်းဆောင်းပါး-၂-(မျိုးမြင့်ချို)ဒီအင်တာဗျူးက ဇန်နဝါရီ ၂၀၀၆ မှာ လုပ်ခဲ့ပေမယ့်၂၀၁၁ စက်တင်ဘာကျမှ ဘာသာပြန်ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေက နှိပ်စက်ညှဉ်းပမ်းမှုအကြောင်းဖေါ်ပြ
ရေးသူ အလန်ဆိုက်ပရပ်နှင့် အီလန်နာကာရှီမေး
ဝေါ်ရှင်တန်ပို့စ်သတင်းစာ နိုင်ငံခြားရေးရာဋ္ဌာန-ဇန်နဝါရီ၃ ရက် ၂ဝဝ၆ ခုနှစ်(အင်္ဂါနေ့) အဲဒီတုန်းက ကျနော် မဲဆောက်မှာပါ။ အီလန်နာကားရှီမေးက ကိုဇော်ဇော်အောင်(ဗကသ)ကို ဗျူးချင်တာပါ။ သူ ငြင်းတာနဲ့ ကျနော်နဲ့ လုပ်ဖြစ်သွားပါတယ်။ ကိုညိုအုန်းမြင့်က စကားပြန်အဖြစ်ကူညီပါတယ်။ ကိုမင်းကိုနိုင်ကိုတော့ အီလန်နာကာရှီမေးရဲ့အဖေါ်ကပည်တွင်းသွားဗျူးပြီး ကျနော့်ကိုတော့ မဲဆောက်မှာရှိတဲ့ အေအေပီပီရုံးထဲမှာဗျူးပါတယ်။ အမှန်အတိုင်းပြောရရင် ကိုယ့်အကြောင်း သူများရေးတာဗျူးတာတွေကို ပြန်ပြောလို/ရေးလိုစိတ်သိတ်မရှိလှပါ။ မလေးရှားကသူငယ်ချင်းရဲ့တိုက်တွန်းမှုရယ် မှတ်တမ်းသဘောဖြစ်စေ့ချင်တဲ့ ကျနော့်ရည်ရွယ်ချက်ကြောင့်သာ ပြန်ဖြစ်သွားတာပါ။ သတင်းဘာသာပြန်တဲ့အတွေ့အကြုံမရှိပေမယ့် တတ်နိုင်သမျှအနီးစပ်ဆုံးနဲ့ဆီလျော်ဖို့ကြိုးစားပါတယ်။ မူရင်းအင်္ဂလိပ်လိုကို လင့်ခ်ကနေဖတ်ချင်ရင်တော့ ဒီနေရာကနေဖတ်ပါ။
(အပိုင်း-၂)၁၉၉၁ ခုနှစ်ထဲရောက်တော့ သူ့ကို ထောင်ဝင်စာဖွင့်ပေးလိုက်ပေမယ့်၂ ပတ်တကြိမ် ၁၅ မိနစ်လောက်တွေ့ရပြီး သူ့ မိဘနဲ့ညီမကလွဲလို့ မိသားစုဝင်မဟုတ်တဲ့ဘယ်သူနဲ့မှပေးမတွေ့ဘူးလို့ ဆိုပါတယ်။ ထောင်ဝင်စာတွေ့မယ့်နေရာအထိ အသွားအပြန်ခါင်းစွပ်စွပ်ပြီး လူမမြင်အောင် တိတ်တိတ်ကလေးထုတ်သွားပါတယ်။ ၁၉၉၈ ခုနှစ်ထဲရောက်တော့ ရန်ကုန်ကနေ မိုင်၃၅ဝ လောက်ဝေးတဲ့ ရခိုင်ပြည်နယ် စစ်တွေထောင်ကိုပြောင်းလိုက်ပါတယ်။ မိသားစုထောင်ဝင်စာလာတွေ့ဖို့ မလွယ်သလောက်ဖြစ်သွားတာပဲလို့ ဆိုပါတယ်။
ဒီလိုနဲ့ ၂ဝဝ၄ ခုနှစ် နိုဝင်ဘာမှာထောင်ကလွတ်လာပါတယ်။ လွှတ်မယ်လို့တရားဝင်မပြောပဲ မမျှော်လင့်ပဲလွတ်ခဲ့ရတာဖြစ်ပါတယ်။

စစ်တပ်ဟာ တော်တော်နဲ့အာဏာလက်ဆုပ်ဖြည်ဖို့မလွယ်သေးဘူးလို့ သူကယုံနေပါတယ်။ ဒါ့ကြောင့် လွတ်လာပြီးကတည်းက သူနဲ့အတူ အခြားလှုပ်ရှားနေသူတွေကစစ်အစိုးရကိုသူတို့နဲ့အတူ အလုပ်အတူတွဲလုပ်ဖို့ တိုက်တွန်းနေတာလို့ဆိုပါတယ်။ လူမှုအစီအမံတွေချရာမှာ လူတွေဝင်ငွေမြင့်လာဖို့၊ အာရှတိုက်ရဲ့အဆိုးဆုံးအနေအထားဖြစ်နေတဲ့ အိဒ်စ်နဲ့ငှက်ဖျားလိုကူးစက်ရောဂါတွေ တိုက်ဖျက်ရာမှာ အတူကူညီလုပ်ကြဖို့ ပြောနေရတာလို့ဆိုပါတယ်။ ခုချိန်ထိတော့ အစိုးရက အဲ့ဒါတွေကိုခေါင်းရှောင်နေတုန်းပဲဖြစ်ပါတယ်။ လောလောဆယ်မှာကိုပဲ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့
ဆက်သွယ်လုပ်ဆောင်နေကြသူတချို့ကို အစိုးရကဖမ်းဆီးထောင်ချတာတွေလည်း လုပ်နေပါတယ်။

ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းကတော့မန်မာပြည်လို့သူတို့ခေါ်တဲ့ဗမာပြည်မှာ စစ်အစိုးရဟာ ပြည်သူ့အခွင့်အရေးတွေကို လေးစားလိုက်နာတယ်လို့ဆိုပါတယ်။ “မြန်မာပြည်သားတွေလည်း သူများနိုင်ငံတွေထက်မလျော့တဲ့ လူ့အခွင့်အရေးတွေ ခံစားနေကြတာပါပဲ။ ကျနော်တို့ပြည်တွင်းက လူ့အခွင့်အရေးစံချိန်စံညွှန်းဟာ တော်တော်မြင့်တာဗျ။ ဒါပေမယ့် လူတိုင်းကစည်းနဲ့ကမ်းနဲ့တော့နေရမှာပေါ့။ တိုင်းပြည်ဆူပူအောင်လုပ်မယ်၊ နိုင်ငံတော်လုံခြုံရေးကို ထိပါးမယ်၊ အမျိုးသားအကျိုးစီးပွားကို ထိခိုက်အောင်လုပ်လာတဲ့အခါမျိုးဆိုရင်တော့ သူတို့အခွင့်အရေးပြန်အရုပ်ခံရမှာပဲ”လို့ အင်တာဗျူးတခုမှာ ပြောသွားပါတယ်။

မျိုးမြင့်ဟာ မင်းကိုနိုင်နဲ့ လူချင်းမသိပေမယ့် သူ့အကြောင်းသိသူဖြစ်ပါတယ်။ ပြီးတော့ သူတို့ဟာ ပန်းတိုင်တခုတည်းကိုသွားနေကြတာလို့ သိနေပါတယ်။စစ်မှုထမ်းတဦးရဲ့သားအရပ် ၆ ပေလောက်ရှိပြီး ယောင်္ကျားပီသတဲ့မျိုးမြင့်ဟာ အဖေ့ခြေရာနင်းပြီးစစ်မှုထမ်းခဲ့ ပါတယ်။ ရှေ့တန်းမှာ မြေမြှုတ်မိုင်းကြောင့်ဒဏ်ရာရပြီး ခြေတွေလက်တွေပြတ်ခဲ့ပါတယ်။
ဒဏ်ရာရပြီးနာလန်ထ ကာလမှာ ဘဝနောက်ကြောင်းပြန်သုံးသပ်ဖို့ အချိန်တွေအများကြီးရခဲ့တယ်လို့ ဆိုပါတယ်။ သူ တပ်ထဲနေတုန်းက ရှေ့တန်းမှာ စစ်သားတွေကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုပြန်မြင်လာတယ်။ အစိုးရရဲ့မသတီစရာလုပ်ရပ်တွေကိုလည်း ပြန်တွေးမြင်တတ်လာတယ်လို့ဆိုပါတယ်။ ၁၉၈၉ခုနှစ်မှာ သူနဲ့ဒေါ်အောင်ဆန်းစုကြည် တွေ့ခဲ့ကြတယ်လို့ပြောပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အပျံသင်စ သက်တမ်းနုနု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထက်မြက်တဲ့ခေါင်းဆောင်ဖြစ်နေပါပြီ။ နောက်လိုက်ထောင်ပေါင်းများစွာကို စပြီးစည်းရုံးသိမ်းသွင်းနေပါပြီ။ မျိုးမြင့်လည်း အဖွဲ့ချုပ်ထဲဝင်ပြီး အဖွဲ့ချုပ်လူငယ်ခေါင်းဆောင်တွေထဲက တယောက်ဖြစ်လာပါတယ်။ ၁၉၈၉ ခုနှစ် သြဂုတ်လ(တကယ်က ဂျူလိုင်လဖြစ်ပါတယ်) ထဲမှာ မျိုးမြင့် အဖမ်းခံရပြီး အင်းစိန်ထောင်ရောက်သွားပါတယ်။

နောက်တနှစ်ကြာတော့ နိုင်ငံရေးအကျဉ်းသားတွေကသူတို့ကိုလွှတ်ပေးဖို့ အစာအငတ်ခံတိုက်ပွဲ ဝင်ခဲ့ကြပါတယ်။ ဒါကို အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနှိပ်စက်ညှဉ်းပမ်းတာတွေ ပြင်းပြင်းထန်ထန် လုပ်ပါတော့တယ်။ သူ့ကို မြေကြီးပေါ်အားလျားမှောက်ခိုင်းထားပြီး ကျန်သေးတဲ့ခြေနဲ့လက်ကို စစ်ဖိနပ်နဲ့နင်းပြီး ၇ နာရီလောက်ကြာအောင် နံပတ်တုတ်တွေနဲ့ဆက်တိုက်ရိုက်တာ ခံခဲ့ရပါတယ်။ နောက်တကိမ်မှာတော့ ခေါင်းကိုအစွပ်စွပ်ထားပြီး ခြေတဖက်နဲ့တနေ့ကို ၄ နာရီကြာအောင် မတ်တပ်ရပ်ခိုင်းပြန်ပါတယ်။ စစ်ခွေးတိုက်လို့ဆိုရင် အင်းစိန်ထောင်ရောက်ဖူးသူတိုင်း သိကြပါတယ်။ မှောင်မဲနေတဲ့တိုက်ခန်းကျဉ်းလေးပါ။ (ဒီနေရာမှာ ကျနော်ပြောတာက စစ်ခွေးတိုက်နဲ့၆ တိုက်ကိုခွဲပြီးပြောပေမယ့် သတင်းထောက်က သိတ်သဘောပေါက်ဟန် မရှိဘူးထင်ပါတယ်)

ထိုင်းဘက်အခြမ်းက မဲဆောက်ဆိုတဲ့မြို့ကလေးမှာလုပ်တဲ့ အင်တာဗျူးမှာ ”သူ့ကိုစစ်ခွေးတိုက်ခေါ်သွားပြီး တလတိတိတိုက်ပိတ်ထားတဲ့အကြောင်း”ပြန်ပြောပြပါတယ်။ တိုက်ပိတ်ထားတုန်းမှာ အခန်းထဲကို မလွယ်ပေါက်ကလေးကနေ တနေ့ ၂ ကြိမ်ထောင်ပုံစံ လုံးတီးထမင်းနဲ့ ငါးပိပုတ် လာလာထိုးထည့်ပေးတဲ့ အကျဉ်းသားတယောက်ရဲ့လက်ဖျားလေးတွေကလွဲလို့ ဘာမှကိုမမြင်ရတာလို့ဆိုပါတယ်။ နေ့လား ညလားဆိုတာလည်း မသိနိုင်တော့ဘူးလို့ ဆိုပါတယ်။နောက်တကြိမ်မှာ သူ့ကို ကိုယ်လုံးတီးချွတ်၊ ခေါင်းစွပ်စွပ်၊ လက်ထိတ်နောက်ပြန်ခတ်ပြီး ၄ ပေလောက်မြင့်တဲ့ ခွေးခြေခုံပေါ် ထိုင်ခိုင်းထားပြီး အချိန်တော်တော်ကြာတော့ တယောက်ကသူထိုင်နေတဲ့ခုံကို နောက်ကနေဆောင့်ကန် ထည့်လိုက်ပါတယ်။ အောက်ကိုပြုတ်ကျသွားချိန်မှာတော့တုတ်တွေနဲ့ဝိုင်းရိုက်၊ ဝိုင်းပြီး ထိုးကြကြိတ်ကြတော့တာပဲလို့ ဆိုပါတယ်။

၃ ကြိမ်တိုင်အဖမ်းခံရပြီး ထောင်သက်၁၅ နှစ်နီးပါးကို ဘယ်လို ကြံ့ကြံ့ခံဖြတ်သန်းခဲ့သလဲဆိုတော့ သူက (တနေ့နေ့တော့ ကျနော်တို့တိုက်ပွဲဝင်နေရတာတွေ အောင်မြင်ပြီးမြောက်သွားမှာပါ။ လူတွေဟာ ဘဝတွေကို စတေးနေကြရတာပဲ။ ကျနော်လည်း ခြေလက်အင်္ဂါတွေ စတေးခဲ့ရသလို မိဘကသားသမီးတွေကို သားသမီးကမိဘတွေကို စွန့်လွှတ်စတေးနေကြရတာပဲလေ၊ တိုင်းပြည်အေးချမ်းပြီး ဒီမိုကရေစီအစိုးရတရပ်ရပ်အောက် ရောက်သွားချိန်ကျရင်ပေါ့လေ။ ကျနော်လိုချင်တာကလည်း ဒါပါပဲ) လို့ပြောပြပါတယ်။ ၁၉၉၇ ခုနှစ်မှာ တကြိမ် သူထောင်ကပြန်လွတ်တော့ထာင်ထဲမှာကျန်နေခဲ့တဲ့ ဘဝတူနိုင်ငံရေးအကျဉ်းသားတွေကို ကူညီထောက်ပံ့တာတွေလုပ်မယ်လို့ ပိုင်းဖြတ်ချက်ချလိုက်ပါတယ်။ ထောင်ထဲနဲ့ထောင်ပြင်ချိတ်ဆက်ပြီး သတင်းတွေ အစားအစာတွေ ခိုးသွင်းပေးခဲ့ပါတယ်။ တလလောက်အတွင်းမှာပဲ အဲဒါအတွက် ပြန်အဖမ်းခံရပြီး စစ်ကြောရေးစခန်းနဲ့ အင်းစိန်ထောင်ကိုအပို့ခံရပြန်ပါတယ်။ ဒီတကြိမ်မှာတော့ သူ့ကို အစာရေစာအငတ်ထားပြီးနှိပ်စက်ရုံတင်မကပဲ စအိုထဲကနေသွေးစိမ့်ထွက်တဲ့အထိ ရိုက်တာနှက်တာတွေကိုပါ ခံရပြန်ပါတယ်။ ၂ဝဝ၄ ခုနှစ်မှာ နောက်ဆုံးအကြိမ် ထောင်ကနေပြန်လွတ်လာပါတယ်။ မြေပေါ်နိုင်ငံရေးလုပ်မရတာနဲ့
မြေအောက်နိုင်ငံရေးလှုပ်ရှားမှု ဆက်လုပ်နေခဲ့ပါတယ်။ ဒါပေမယ့် စစ်ထောက်လှမ်းရေးက ၂ ရက်တကြိမ် အိမ်လာ မေးလားမြန်းလားတွေလုပ်ပြီး သူလက်ရှိလုပ်နေတာတွေကို ရပ်တန်းကရပ်ဖို့၊ မရပ်ရင် ပြန်ဖမ်းခံမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ တရက်တော့ သူ့ကို စစ်ကြောရေးစခန်းခေါ်သွားပြီး တနေကုန်စစ်ကြောရေးလုပ်ပါတယ်။ ဒီတော့မှသူက ”ငါထွက်ပြေးမှဖြစ်တော့မယ်”လို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ သူ ထွက်လာတော့ လမ်းတလျှောက်က စစ်ဆေးရေးဂိတ်တွေမှာ သူ့တပ်ထွက်လက်မှတ်ကိုပြပြပြီး ထိုင်းနယ်စပ်အထိ ဖြတ်လာနိုင်ခဲ့ပါတယ်။

အခုတော့ သူ မဲဆောက်မှာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာပြည်) မှာ အလုပ်လုပ်နေပါပြီ။ အဲဒီအသင်းက ထောင်ထဲမှာရှိနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီထောက်ပံ့တာ၊ သူတို့နဲ့ဆိုင်တဲ့သတင်းအချက်အလက်တွေ စုဆောင်းမှတ်တမ်းတင်တာ၊ ထုတ်ပြန်တာတွေ လုပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့အပတ်ကပဲ အဲဒီအသင်းက မင်းကိုနိုင်တို့ မျိုးမြင့်တို့လိုထာင်ကျခဲ့ဖူးတဲ့နိုင်ငံရေးအကျဉ်းသားဟောင်း ၂၄ ဦးရဲ့ အတွေ့အကြုံဖြစ်ရပ်တွေကိုစုပြီး အစီရင်ခံစာတစောင် ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ စစ်အစိုးရဟာ ပြည်သူတွေကြားမှာ အကြောက်တရားတွေဝင်နေအောင်လို့၊ နိင်ငံရေးလှုပ်ရှားနေသူတွေရဲ့စိတ်ဓါတ်ကို ရိုက်ချိုးဖို့ရည်ရွယ်ပြီး နှိပ်စက်ညှဉ်းပမ်းမှုကို နိုင်ငံတော်မူတခုအနေနဲ့ကို သုံးနေတာဖြစ်တယ်လို့ဖေါ်ပြထားပါတယ်။

အခုဆို ညညတွေမှာ ခြောက်အိပ်မက်တွေနဲ့ တကိုယ်လုံးချွေးပြန်ခြောက်ခြားပြီး လန်လန့်နိုးတာတွေဖြစ်နေပြီလို့ မျိုးမြင့်က ပြောပြပါတယ်။ အိပ်မက်ထဲမှာ ခွေးကြီးတွေနဲ့ ရှူးတိုက်တာခံရသလိုမျိုး ခွေးအူသံတွေ ခွေးဟောင်သံတွေ ခွေးမန်ဖီသံတွေကြားနေရသလိုပဲလို့
ဆိုပါတယ်။ဒါတွေဟာ စစ်ကြောရေးနဲ့ထောင်ထဲက အနှိပ်စက်ခံခဲ့ရတာတွေရဲ့ ပုံရိပ်တွေဖြစ်နိုင်ပါတယ်။ (ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လိုခံစားနေရမယ်။ ဘယ်လိုဒုက္ခတွေ ခါးစည်းခံနေရမယ်ဆိုတာ ကျနော် ကောင်းကောင်းသိတာပေါ့ဗျာ။ ထောင်ထဲမှာ သူတို့ရှိနေသရွေ့ ကျနော့်အနေနဲ့ မသိကျိုးကျင်မပြုရက်ဘူး၊ ဒါ့ကြောင့်လည်း အခု ကျနော် သူတို့အတွက် အလုပ်လုပ်နေတာပေါ့) လို့ ပြောပြခဲ့ပါတယ်။
(ဘာသာပြန်သူ မျိုးမြင့်ချို)

Monday, April 29, 2013

ကိုမင်းကိုနိုင်နဲ့ကျနော့်ကို တပြိုင်တည်းဗျူးပြီး တပုဒ်ထဲမှာရေးထားတဲ့ သတင်းဆောင်းပါး (၁)(မျိုးမြင့်ချို)

0 comments
ကိုမင်းကိုနိုင်နဲ့ကျနော့်ကို တပြိုင်တည်းဗျူးပြီး တပုဒ်ထဲမှာရေးထားတဲ့သတင်းဆောင်းပါး(မျိုးမြင့်ချို) ဒီအင်တာဗျူးက ဇန်နဝါရီ ၂၀၀၆ မှာလုပ်ခဲ့ပေမယ့် ၂၀၁၁ စက်တင်ဘာကျမှ ဘာသာပြန်ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက နှိပ်စက်ညှဉ်းပမ်းမှုအကြောင်းဖေါ်ပြ
ရေးသူ အလန်ဆိုက်ပရပ်နှင့် အီလန်နာကာရှီမေး
ဝေါ်ရှင်တန်ပို့စ်သတင်းစာ နိုင်ငံခြားရေးရာဋ္ဌာန-ဇန်နဝါရီ ၃ ရက် ၂ဝဝ၆ ခုနှစ်(အင်္ဂါနေ့)
အဲဒီတုန်းက ကျနော် မဲဆောက်မှာပါ။ အီလန်နာကားရှီမေးက ကိုဇော်ဇော်အောင်(ဗကသ)ကို ဗျူးချင်တာပါ။ သူ ငြင်းတာနဲ့ ကျနော်နဲ့လုပ်ဖြစ်သွားပါတယ်။ ကိုညိုအုန်းမြင့်က စကားပြန်အဖြစ် ကူညီပါတယ်။ ကိုမင်းကိုနိုင်ကို အီလန်နာကာရှီမေးရဲ့အဖေါ်က ပြည်တွင်းသွားဗျူးပြီး ကျနော့်ကိုတော့ မဲဆောက်မှာရှိတဲ့ အေအေပီပီရုံးထဲမှာဗျူးပါတယ်။ အမှန်အတိုင်းပြောရရင် ကိုယ့်အကြောင်းသူများရေးတာဗျူးတာတွေကို ပြန်ပြောလို/ရေးလိုစိတ်သိတ်မရှိလှပါ။ မလေးရှားကသူငယ်ချင်းရဲ့တိုက်တွန်းမှုရယ် မှတ်တမ်းသဘောဖြစ်စေ့ချင်တဲ့ ကျနော့်ရည်ရွယ်ချက်aကြာင့်သာ ပြန်ဖြစ်သွားတာပါ။ သတင်းဘာသာပြန်တဲ့အတွေ့အကြုံမရှိပေမယ့် တတ်နိုင်သမျှအနီးစပ်ဆုံးနဲ့ဆီလျော်ဖို့ကြိုးစားပါတယ်။ မူရင်းအင်္ဂလိပ်လိုကို လင့်ခ်ကနေဖတ်ချင်ရင်တော့ ဒီနေရာကနေ ဖတ်ပါ။

မင်းကိုနိုင်ဟာ ထောင်ထဲမှာ ၁၆ နှစ်နီးပါး တိုက်ပိတ်ခံဘဝနဲ့ နေခဲ့ရသူဖြစ်ပါတယ်။ သူ့ကိုစောင့်တဲ့ ထောင်မှူးထောင်ပိုင်တွေနဲ့တောင် မျက်လုံးချင်းဆုံခဲ့ရလိမ့်မှာ မဟုတ်ပါဘူး။
မျိုးမြင့်ကတော့ ဗမာစစ်အာဏာရှင်တွေကိုအံတုစိန်ခေါ်ခဲ့လို့ ထောင်ထဲနေခဲ့ရတဲ့အချိန်တွေမှာ ထိုးကြိတ်ရိုက်နှက်ကန်ကျောက်တာတွေနဲ့ ခြေကျဉ်းအခတ်လည်း ထပ်လဲလဲခံခဲ့ရသူဖြစ်ပါတယ်။ တကြိမ်မှာ သူ့ကို ၄ ရက်လောက် ကိုယ်တုံးလုံးချွတ်စစ်ကြောရေးလုပ်နေတုန်း နံပတ်တုတ်တွေနဲ့ ဝိုင်းအရိုက်ခံခဲ့ရတဲ့အကြောင်းနဲ့ နောက်တကြိမ်မှာတော့ ကလေးတွေကစားတဲ့ Seesaw လိုဟာပေါ်မှာ ပက်လက်လှန်ကြိုးတုတ်ပြီး သတိလစ်တဲ့အထိ ဇောက်ထိုးတင်ထားတာ ခံခဲ့ရတယ်လို့ဆိုပါတယ်။
၂ဝဝ၄ ခုနှစ်မှာ ၂ ယောက်လုံး ထောင်ကလွတ်လာကြတဲ့အခါမှာတော့ သူတို့ဘဝရဲ့ ၃ ပုံ ၁ ပုံလောက်သောအချိန်တွေဟာ ထောင်ထဲမှာတင်ကုန်ဆုံးခဲ့ရပါပြီ။ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ မင်းကိုနိုင်ဟာ အခုဆိုရင် ပြည်တွင်းမှာပဲရှိနေပြီး ထောက်လှမ်းရေးရဲ့စောင့်အကြည့်ကိုခံနေရပါတယ်။ မျိုးမြင့်ကတော့ ဗမာပြည်ကနေထွက်ပြေးပြီး ထိုင်းဘက်ကပ်လျက်အခြမ်းကမြို့လေးတခုမှာ ရာက်နေပါတယ်။ ပြီးခဲ့တဲ့လက  ဝေါ်ရှင်တန်ပို့စ်သတင်းစာက အဲ့ဒီ ၂ ဦးကို သီးခြားစီခွဲပြီးအင်တာဗျူးလုပ်ခဲ့ပါတယ်။ သူတို့ပြောဆိုချက်တွေဟာ စစ်အာဏာရှင်ကြီးစိုးနတဲ့ဗမာပြည်အကျဉ်းထောင်ထဲတွေက နိုင်ငံရေးအကျဉ်းသားတွေခံရတဲ့ စိတ်ပိုင်းရုပ်ပိုင်းနှိပ်စက်ညှဉ်းပမ်းမှုတွေကို အဓိကမီးမောင်းထိုး ပြထားပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့အဆိုအရ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေအတွက်လုပ်ကိုင်ကြံဆရင်း ထောင်ချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၁ဝဝ ကျော်ဟာ ထောင်တွေထဲမှာရှိနေဆဲလို့သိရပါတယ်။
အပြင်မှာအာဏာအပြောင်းအလဲဖြစ်ရေးမျှော်လင့်ချက်အလှမ်းဝေးနေပြီး ထောင်ထဲမှာအညှဉ်းဆဲ
ခံနေရသည့်တိုင် လူမှုအပြောင်းအလဲတွဖြစ်လာရေးအတွက် ဘယ်ပုံပိုင်းဖြတ်ချက်ချပြီး လုပ်နေကြဆဲဆိုတာကို သူတို့ရဲ့ပြောဆိုချက်တွေမှာပ်ါလွင်နေပါတယ်။
အခုဆိုရင် မျိုးမြင့်က နိုင်ငံရေးအကျဉ်းသားအခွင့်အရေးဆောင်ရွက်နေတဲ့အဖွဲ့တခုမှာလုပ်နေပြီး မင်းကိုနိုင်ကတော့ အစိုးရနဲ့အတိုက်အခံတွကို နိုင်ငံရေးအရကွဲပြားမှုတွေဘေးဖယ်ထားပြီး ဆင်းရဲတွင်းနက်သထက်နက်လာတဲ့တိုင်းပြည်ကို ကယ်တင်ဖို့အရေး၊ ရောဂါဘယ ကူးစက်ပြန့်ပွားမှုတားဆီးဖို့အရေး အတူတွဲလုပ်ကြဖို့ တောင်းဆိုတိုက်တွန်းနေပါတယ်။ သူတို့ယောက်ရဲ့ဖြစ်စဉ်တွေမှ အမှန်တွေချည်းလို့ သတ်သတ်ပြောဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ တခြားနိုင်ငံရေးအကျဉ်းသားဟောင်းတွေပြန်ပြောပြတဲ့ ထောင်တွင်းအခြေအနေဟာလည်း သူတို့နဲ့ မနီးရိုးစွဲဖြစ်နေလို့ပါပဲ။
မင်းကိုနိုင်ဟာ ဒီမိုကရေစီရေးဖိအားပေးဖို့ ၁၉၈ဝ ခုနှစ်များတဝိုက်မှာ နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂကို စည်းရုံးစုဖွဲ့ခဲ့ပါတယ်။ ဒါပေမယ်လို့ စစ်အုပ်ချုပ်ရေးရုပ်သိမ်းပေးလို့တာင်းဆိုခဲ့ကြတဲ့ အလုပ်သမားနဲ့ကျောင်းသားတွေကိုသုတ်သင်ပြီး ဒီမိုကရေစီရေးလှုပ်ရှားမှုကိုဖြိုခွဲကာ ၁၉၈၈ ခုနှစ် သြဂုတ်လထဲမှာ စစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်ထဲမှာ သူ့ကို ထောက်လှမ်းရေးတွေက လမ်းမထက်မှာ ညှပ်ပူးညှပ်ပိတ်ဖမ်းပြီး အနီရောင်ထရပ်ကားတစင်းနဲ့ ခေါ်ချသွားခဲ့တဲ့အချိန်ကစလို့ သူဟာ ဗမာပြည်ရဲ့နံမည်အကျော်ဆုံး နိုင်ငံရေးအကျဉ်းသားတွေထဲက တဦး ဖြစ်လာပါတော့တယ်။
သူဟာ ပြန်အဖမ်းခံရမယ့်အန္တရာယ်ရှိနေတဲ့ကြားကပဲ နိုင်ငံခြားသတင်းထောက်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဘာ့ကြောင့် သူ ဒီလိုတွေ့ရသလဲဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပတ်သက်လို့ သူ့မျှော်လင့်ချက်တွေကို မီးမောင်းထိုးပြချင်တာကြောင့်ပဲလို့ ဆိုပါတယ်။ ဒီအင်တာဗျူးကို ရန်ကုန်မြို့လည်က လူနေတိုက်ခန်းလေးတခုထဲမှာ တံခါးပိတ်ပြီးလုပ်ခဲ့ရတာဖြစ်ပါတယ်။ အင်တာဗျူးမှာ သူက (ဒါးသီးတဲ့အတွေ့အကြုံတွေကတော့ အများကြီးပေါ့လေ။ ကျနော့် ပုဂ္ဂလိကဘဝနဲ့အတွေ့အကြုံဟာ ခါးသီးစရာဖြစ်ခဲ့ပါတယ်)လို့ပြောပါတယ်။ ဒါပေမယ့် သူဟာ အတိတ်မှာပဲ တဝဲလည်လည် နေချင်သူမဟုတ်ပါဘူး။ စကားပြောနေတုန်း အနားမှာရှိတဲ့ တက်ကြွလှုပ်ရှားသူကျာင်းသားဟာင်းတွေကိုညွှန်းပြီး(ဗုဒ္ဓမြတ်စွာရဲ့ဒေသနာအလင်းကို ကျနော်တို့ တစွန်းတစသိမြင်လိုက်ခဲ့ကြပါပြီ။ ခွင့်လွှတ်ခြင်းနဲ့မေတ္တာတရားကသာ အမုန်းတရားကို အောင်နိုင်တာဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေအပေါ်ထားတဲ့ ကျနော်တို့ရည်မှန်းချက်ကတော့ အတိတ်တုန်းက တဦးချင်းအလိုက်ခံစားနာကျင်ခဲ့ရတာတွေ၊ စွန့်လွှတ်ပေးဆပ်ခဲ့ရတွေကို အတိတ်မှာထားခဲ့ကြဖို့ပါပဲ) လို့ ဆိုပါတယ်။
သူ့အသံဟာ နည်းနည်းသြပေမယ့် သိမ်မွေ့နူးညံ့ပါတယ်။ မျက်လုံးနက်နက်တွေဟာ တည်ကြည်လေးနက်နေပါတယ်။ သူ့အမြင်တွေကိုပြန်ရှင်းပတဲ့အခါ သူ့လက်ချောင်းသွယ်သွယ်တွေချိုးချိုးပြီး တချက်ခြင်းရေတွက်ပြပါတယ်။ မှတ်ဉာဏ်ပြန်ဖော်ချင်တဲ့အခါမယ်  နဖူးပေါ် လက်မလေး ထောက်တတ်ပါတယ်။ သူ့ထောင်သက်တလျှောက်လုံး တခြားသူတွေနဲ့ခွဲပြီး တိုက်ထဲမှာသီးခြားအပိတ်ခံခဲ့ရတာလို့ ဆိုပါတယ်။ စစ်ထောက်လှမ်းရေးတွေက ပုန်းလျှိုးကွယ်လျှိုး တချိန်လုံးချောင်းနေကြပြီး စာအုပ်လေးတအုပ် ဘောပင်န်လေးတချောင်းတောင် ပေးမကိုင်ခဲ့ကြဘူးလို့ပြောပါတယ်။ (ဘယ်လူနဲ့မှကို အဆက်မရခဲ့တာပါဗျာ) လို့ပြောရင်း၊ ပိုလေးနက်စေချင်လို့ထင်ပါရဲ့ Nothing ဆိုပြီး အင်္ဂလိပ်လိုတောင် ပြောင်းပြောလိုက်ပါသေးတယ်။ သူ့ထောင်သက်ရဲ့ ပထမ ၉ နှစ်ကျော်ကာလကို  နံမည်ကျော်အင်းစိန်ထောင်ကြီးထဲက ၁ဝ ပေ ၈ ပေ ပတ်လည် မှုံဝါးဝါးတိုက်ခန်းကျဉ်းလေးထဲမှာ နေခဲ့ရပါတယ်။
ပြောနေရင်း ရှေ့ကိုကိုင်းပြီး နေခဲ့ရတဲ့အခန်းပဏာမကို ခန့်မှန်းလို့ရအောင် လက်နဲ့ဝိုင်းပြပါတယ်။ ဒီ့နောက် မတ်တပ်ထရပ်၊ ကျောပေးလိုက်ပြီး ညာလက်ကိုနောက်ပစ်ပြီးဆန့်လိုက်ပါတယ်။ ပြီးတော့ မီးခြစ်ခြစ်သလိုမျိုး လုပ်ပြပါတယ်။ ဆေးလိပ်သောက်ချင်လို့ မီးတောင်းတဲ့အခါ ထောင်ဝါဒါတွေက သူ့နဲ့မျက်နှာချင်းမဆိုင်ပဲ ဆေးလိပ်မီး တို့ပေးပုံကို သရုပ်ပြတာဖြစ်နေပါတယ်။ (စစ်ထောက်လှမ်းရေးက တောက်လျှောက်စာင့်ကြည့်နေတာဆိုတော့ ထောင်ဝါဒါတွေက ကျနော့်မျက်နှာကို ကြည့်တောင်မကြဘူးဗျ။ ကျနော့်ကို တခြားလူတွေနဲ့ဆက်သွယ်မိသွားမှာ အရမ်းကြောက်နေကြတယ်လေ၊ လူမပြောနဲ့ဗျာ ကြောင်လေးတကောင် ငှက်ကလေးတကောင်နဲ့တောင် မတွေ့ခဲ့ရပါဘူး) လို့ပြောပြပါတယ်။
မျိုးမြင့်ချို (ဆက်ပါဦးမယ်)

လွတ်လပ်ရေး၊အမျိုးသားနိုင်ငံရေးနှင့်ကျောင်းသားလှုပ်ရှားမှု-၇-ဦးခင်မောင်ကြီး(အပြီးသတ်အခန်း)

0 comments
လွတ်လပ်ရေး၊အမျိုးသားနိုင်ငံရေးနှင့်ကျောင်းသားလှုပ်ရှားမှု-၇-ဦးခင်မောင်ကြီး(ဗကသခေါင်းဆောင်ဟောင်း)
၁၉၁၇ ခုနှစ် ရုရှားအောက်တိုဘာတော်လှန်ရေးအောင်ပွဲနဲ့ ရုရှားဆိုရှယ်လစ်နိုင်ငံပေါ်လာတာဟာ နယ်ချဲ့စနစ်က ပြိုင်ဘက်မရှိလွှမ်းမိုးနေတဲ့ ကမ္ဘာ့နိုင်ငံများရဲ့အင်အားစု အနေအထားကို ပြောင်းလဲစေခဲ့တယ်။ အရင်းရှင်စနစ်အထွေထွေကျပ်တည်းမှုကပ် (General Crisis of Capitalism) အပြုတဲ့ပထမကာလကို ဖွင့်လှစ်လိုက်တယ်။ ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုများအောင်ပွဲရတာနဲ့ ပြည်သူ့ဒီမိုကရေစီနိုင်ငံများပ်ါပေါက်လာတာက အရင်းရှင်စနစ်အထွေထွေကျပ်တည်းမှုကပ်ကို ဒုတိယကာလသို့ ဆိုက်ရောက်သွားစေခဲ့တယ်။
နယ်ချဲ့စနစ်ရဲ့သမိုင်းဆိုင်ရာတိမ်းညွှတ်မှုတခုဖြစ်တဲ့ အမျိုးသားများနိုင်ငံရေးအရ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးနဲ့ အမျိုးသားနိုင်ငံတော်များထူထောင်လှုပ်ရှားမှုမှာ လမ်းကြောင်းသစ်တခုကိုဖေါက်ပေးခဲ့တယ်။ အမျိုးသားလှုပ်ရှားမှုဟာ ယခင်က ဓနရှင်လူတန်းစားကခေါင်းဆောင်တဲ့ ဓနရှင်အမျိုးသားရေးလှုပ်ရှားမှုလက္ခဏာဆောင်ရာမှ ယခုအခါ အလုပ်သမားလူတန်းစားကခေါင်းဆောင်တဲ့ အလုပ်သမားလယ်သမား မဟာမိတ်ဖွဲ့မှုအပေါ်မှာအခြေခံတဲ့ နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်တဲ့ အမျိုးသားဒီမိုကရေစီလှုပ်ရှားမှု(ဝါ)ဒီမိုကရေစီသစ်တော်လှန်ရေးနဲ့ ဒီမိုကရေစီသစ်နိုင်ငံတော်ထူထောင်ရေးလှုပ်ရှားမှု ဖြစ်လာစေခဲ့တယ်။
ဗမာပြည်မှာပေါ်ပေါက်ခဲ့တဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံရဲ့နိုင်ငံရေးအဓိပ္ပါယ်ကြီးမားမှုဟာ ရုရှားအောက်တိုဘာတော်လှန်ရေးက ညွှန်ပြလိုက်တဲ့လမ်းကြောင်းသစ်အတိုင်း တက်လှမ်းဖို့ကြိုးပမ်းချက်တရပ်ဖြစ်နေလို့ပဲ။ ဒီလမ်းကြောင်းသစ်ကိုလျှောက်ရာမှာ ဘယ်လောက်အောင်မြင်ပြီး ဘယ်လောက်လိုနေသေးတယ်ဆိုတာ အထက်မှာပြောပြခဲ့ပြီးဖြစ်ပါတယ်။
ဒီလမ်းကြောင်းသစ်ဟာ တော်လှန်ရေးအဆင့် ၂ ဆင့်ကိုဖြတ်သန်းမယ်။ ဒီမိုကရေစီသစ်တော်လှန်ရေးအဆင့်နဲ့ ဆိုရှယ်လစ်တော်လှန်ရေးအဆင့်ဖြစ်တယ်။ တဆင့်ပြီးမှ တဆင့်တက်လို့ရပါလိမ့်မယ်။ ခုန်ကူးချင်လို့ မရပါ။ ဒါပေမယ့် တဆင့်နဲ့တဆင့်ဟာ နံရံတံတိုင်းကြီးပိုးခြားနေတာလည်းမဟုတ်ပါ။ ပထမအဆင့်ပြီးသွားတာနဲ့ ဒုတိယအဆင့်သို့ ဝင်ရောက်သွားတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး ဗမာပြည်ရဲ့အမျိုးသားလှုပ်ရှားမှုဟာ အောက်တိုဘာတော်လှန်ရေးအောင်ပွဲကညွှန်ပြလိုက်တဲ့ သမိုင်းဖြစ်ပေါ်တိုးပွားမှုလမ်းကြောင်းသစ်အတိုင်း ဆက်လက်ချီတက်တဲ့လှုပ်ရှားမှုဖြစ်ပါတယ်။ အနောက်နိုင်ငံများမှာလို ဒီမိုကရေဟောင်းလှုပ်ရှားမှုမဟုတ်တော့ပဲ အရင်းရှင်စနစ်ထက်တဆင့်မြင့်တဲ့ လူမှုစီးပွားရေးစနစ်ဖြစ်တဲ့၊ ဆိုရှယ်လစ်စနစ်ဆီသို့ဦးတည်တဲ့ ဒီမိုကရေစီသစ်လှုပ်ရှားမှုဖြစ်တယ်။ ကျောင်းသားလှုပ်ရှားမှုဟာ ဒီမိုကရေစီသစ်လှုပ်ရှားမှုရဲ့အစိတ်အပိုင်းတရပ်အနေနဲ့ မုန်တိုင်းတပ်ဦးအခန်းက ပါမြပါခဲ့တယ်။
၁၉၄၈ ခုနှစ် နိုင်ငံလွတ်လပ်ရေးရပြီးနောက် ဦးနုခေါင်းဆောင်တဲ့ဖဆပလအစိုးရဟာ ၁ဝ နှစ်ကြာမျှ ကွန်မြူနစ်ပါတီနဲ့ လူမျိုးစုံပြည်သူလူထုအပေါ် ဖောက်ပြန်တဲ့ပြည်တွင်းစစ်ဆင်နွှဲရင်း နယ်ချဲ့သမားများကိုမှီခိုပြီး မြေရှင်လူတန်းစားနဲ့ ဗျူရိုကရက် ဓနရှင်လူတန်းစားများကို ကိုယ်စားပြုတဲ့အာဏာရှင်စနစ်ကို ကျင့်သုံးခဲ့တယ်။
ကျောင်းသားလှုပ်ရှားမှုဟာ ဒီကာလအတွင်း ဦးနုအစိုးရရဲ့အခြေခံပေါ်လစီဖြစ်တဲ့ ကွန်မြူနစ်ပါတီနဲ့ လူမျိုးစုံပြည်သူလူထူအပေါ် ဖောက်ပြန်တဲ့ ပြည်တွင်းစစ်ဆင်ရေးပေါ်လစီကို ပြတ်ပြတ်သားသားဦးတည်ဆန့်ကျင်ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေး ဒီမိုကရေစီရေး အမျိုးသားညီညွတ်ရေးအတွက် မုန်တိုင်းတပ်ဦးအခန်းမှ တသမတ်တည်း တိုက်ပွဲဝင်ခဲ့တယ်။
ဒီမှားယွင်းဖောက်ပြန်တဲ့ ပြည်တွင်းစစ်ပေါ်လစီကျင့်သုံးတဲ့ အကျိုးဆက်အနေနဲ့ ပြညတ်တွင်းပဋိပက္ခတွေဟာပြင်းထန်လာပြီး  ဖဆပလဟာလည်း ကွဲထွက်သွားခဲ့တယ်။ ဖဆပလအစိုးရရဲ့အုပ်စုတခုဖြစ်တဲ့ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့စစ်အုပ်စုဟာ ဒီ ဆပလအစိုးရရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ၁၉၅၈ ခုနှစ်မှာ ပဏာမအစီအစဉ်အနေနဲ့အာဏာသိမ်းခဲ့တယ်။ ၁၉၆၂ခုနှစ် မတ် ၂ ရက်နေ့မှယ အပြီးအပိုင်အာဏာသိမ်းပြီး ဗမာပြည်မှာ ၂၆ နှစ်ကြာမျှ နမဆလပါတီအာဏာရှင်စနစ် ()စစ်ဗျူရိုကရက်အာဏာရှင်စနစ်ကိုထူထောင်ခဲ့တယ်။ ကွန်မြူနစ်ပါတနဲ့လူမျိုးစုံပြည်သူတွေအပေါ် ဖောက်ပြန်တဲ့ပြည်တွင်းစစ်ကို တဆင့်တိုးပြီး မီးကုန်ယမ်းကုန်မလုပ်ခဲ့တယ်။ ဒီအရေးတော်ပုံဟာ အလွန်ကျယ်ပြန့်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးတရပ်ဖြစ်တယ်။ ဦးနေဝင်းရဲ့ဒုတိယမျိုးဆက်စစ်တပ်အုပ်စုက ဒီလှုပ်ရှားမှုကို အလွန်ရက်စက်စွာအကြမ်းဖက်နှိမ်နင်းပြီး စစ်ဗျူရိုကရက်အာဏာရှင်စနစ်ကို ဆက်လက်ထူထောင်နိုင်ခဲ့တယ်။ ဒီကာလတလျောက်လုံးမှာ ကျောင်းသားလှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားညီညွတ်ရေးအလံကို စွဲစွဲမြဲမြဆုပ်ကိုင်ခဲ့တယ်။
မျက်မှောက်မှာ ကျနော်တို့ဟာ စစ်ဗျူရိုကရက်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားညီညွတ်ရေးတွေကို မျိုးဆက်ဟောင်းမျိုးဆက်သစ် ပြည်ချစ်အင်အားစုအားလုံး သွေးစည်းညီညွှတ်ပြီး ဇွဲသတ္တိရှိစွာ အောင်ပွဲရသည်အထိ ရေရှည်ဆင်နွှဲသွားဖို့လိုပါတယ်။ ဒီတိုက်ပွဲဟာ ဒီမိုကရေစီသစ်လှုပ်ရှားမှုရဲ့ အရေးကြီးတဲ့အဆင့်တခုဇြစ်တဆယ်။ ဗမာပြည်ရဲ့ထူးခြားချက်အရ ဖြတ်သန်းနေရတဲ့အဆင့်လည်းဖြစ်တယ်။ ပြည်သူလူထုအကျိုးစီးပွားနဲ့ကိုက်ညီပြီး မှန်ကန်တဲ့အတွက် ဒီတိုက်ပွဲဟာ အောင်ပွဲနဲ့ မုချအဆုံးသတ်ပါလိမ့်မယ်။
အမျိုးသားလှုပ်ရှားမှုတလျှောက်လုံးမှာ အရေးကြီးတဲ့အစိပ်အပိုင်းတရပ်အဖြစ်ပါဝင်ခဲ့တဲ့ကျောင်းသားလှုပ်ရှားမှုနဲ့ ဗကသရဲ့ဂုဏ်ရောင်ပြောင်တဲ့သမိုင်းအစဉ်အလာဟာ ထာဝစဉ်ထွန်းပြောင်နေလိမ့်မယ်။
အမျိုးသားလှုပ်ရှားမှုအဆင့်အသီးသီးမှာ ဂုဏ်ရောင်ပြောင်စွာကျဆုံးခဲ့ကြတဲ့ ကျောင်းသားအာဇာနည်များကို ဦးညအတ်အလေးပြုပါတယ်။
ဗကသရဲ့ဂုဏ်ပြောင်တဲ့သမိုင်းအစဉ်အလာအဓွန့်ရှည်ပါစေ။
ဆက်သွယ်ရန်လိပ်စာ
ရဲဘော်ခင်မောင်ကြီး၏ ကိုယ်ရေးသမိုင်းအကျဉ်း။

၁၉၂၈ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ စစ်ကြီးမဖြစ်မီက ရန်ကုန်မြို့ မြို့မအမျိုးသားအထက်တန်းကျောင်းတွင် ၁ဝ တန်းအထိသင်ကြားခဲ့သည်။ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးတွင် ဗမာပြည်ကွန်မြူနစ်ပါတီဝင်အဖြစ်ဖြင့် ရန်ကုန်ခရိုင်တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၄၅ ခုနှစ် အရေးပေါ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး၊ ၁၉၄၈ ခုနှစ် ရန်ကုန်မြို့ဆေးတက္ကသိုလ်တွင် ပညာသင်ခဲ့သည်။ စစ်ပြီးခေတ်
ဗကသဖွဲ့စည်းမှုတွင် ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်၏။
၁၉၄၉ ခုနှစ်တွင် လွတ်မြောက်သောနယ်မြေသို့ရောက်ရှိပြီး အနောက်တိုင်းကျောင်းသားသမဂ္ဂလုပ်ငန်းတွင် တာဝန်ယူခဲ့သည်။
၁၉၅၄ ခုနှစ်တွင် နိုင်ငံခြားသို့ရောက်ရှိပြီး မာက်စ် လီနင် ဝါဒ ပါတီကျောင်းများနှင့် လူမှုဝိဇ္ဇာပညာအကယ်ဒမီတွင် လေ့လာခဲ့သည်။
၁၉၆၈ ခုနှစ် ဗမာပြည်အရှေ့မြောက်စစ်ဒေသကို တည်ထောင်ရာ၌ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၇၅ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုပြန်လည်ဖွဲ့စည်းရာ၌ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒုတိယဥက္ကဌတဦးအဖြစ် တာဝန်ယူခဲ့သည်။
၁၉၈ဝ ခုနှစ်မှ ၁၉၈၅ ခုနှစ် ကာလအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ အလယ်ပိုင်းဗျူရိုလုပ်ငန်းကို တာဝန်ယူဆောင်ရွက်ခဲ့သည်။
၁၉၈၅ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ တတိယအကြိမ်ကွန်ဂရက်တွင် ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှုးအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

လွတ်လပ်ရေး၊အမျိုးသားနိုင်ငံရေးနှင့်ကျောင်းသားလှုပ်ရှားမှု-၆-ဦးခင်မောင်ကြီး(ဗကသခေါင်းဆောင်ဟောင်း)

0 comments
လွတ်လပ်ရေး၊အမျိုးသားနိုင်ငံရေးနှင့်ကျောင်းသားလှုပ်ရှားမှု-၆-ဦးခင်မောင်ကြီး(ဗကသခေါင်းဆောင်ဟောင်း)
ဒီလိုရှုပ်ထွေးခက်ခဲတဲ့လက်နက်ကိုင်တိုက်ပွဲသဏ္ဍန်ကိုအဓိကထားပြီး ကျန်တိုက်ပွဲသဏ္ဍန်တွေနဲ့ပေါင်းစပ်တဲ့ အမျိုးသားဒီမိုကရေစီတော်လှန်ရေးကိုဆင်နွှဲရာမှာ အမျိုးသားအရင်းရှင်လူတန်းစားဟာ အောင်ပွဲရအောင်ခေါင်းမဆောင်နိုင်ဘူး။
ဓနရှင်ပေါက်စလူတန်းစားဟာ တော်လှန်ရေးနဲ့ခိုင်မြဲတဲ့မဟာမိတ်ဖြစ်စေကာမူ ယင်းသည်လည်း အောင်မြင်အောင် ခေါင်းမဆောင်မိုင်။ ဝိဇ္ဇာနည်းကျတော်လှန်ရေးအတွေးခေါ်ကိုကိုင်စွဲထားတဲ့ မှန်ကန်တဲ့လမ်းစဉ်ပေါ်လစီတွေရှိပြီး တင်းကျပ်တဲ့သံမဏိစည်းကမ်းကို လိုက်နာကျင့်သုံးတဲ့  ခေတ်မီအလုပ်သမားလူတန်းစားပါတီတရပ်ရဲ့ခေါင်းဆောင်မှုရှိဖို့လိုအပ်တယ်။ ဒီလိုပါတီမျိုးရဲ့ခေါင်းဆောင်မှုအောက်မှာ အလုပ်သမားလူတန်းစားနဲ့လယ်သမားလူတန်းစားရဲ့မဟာမိတ်ဖွဲ့မှု တည်ရှိဖို့လိုအပ်တယ်။
(၄) အမျိုးသားဒီမိုကရေစီတော်လှန်ရေးမှာ အလုပ်သမားလူတန်းစားခေါင်းဆောင်မှုအောက်မှာ အလုပ်သမားလယ်သမား မဟာမိတ်ဖွဲ့ရေးဆိုတာဟာ ဦးစွာအားဖြင့် စစ်ရေးအရမဟာမိတ်ဖွဲ့မှုကိုဆိုလိုတာဖြစ်တယ်။ အလုပ်သမားလူတန်းစားပါတီရဲ့ အကြွင်းမဲ့ခေါင်းဆောင်မှုကိုခံယူတဲ့ ပြည်သူ့တပ်မတော်တရပ်ဖွဲ့စည်းပြီး စစ်အနိုင်တိုက်ဖို့ဖြစ်တယ်။ စစ်အနိုင်တိုက်ပြီး ပြည်သူ့သမ္မတနိုင်ငံတော်တရပ်ထူထောင်ဖို့ဖြစ်တယ်။
(၅) အလုပ်သမားလူတန်းစားရဲ့ခေါင်းဆောင်မှုအောက်မှာ အလုပ်သမားလယ်သမားမဟာမိတ်ဖွဲ့မှုကိုအခြေခံတဲ့ မြို့နေဓနရှင်ပေါက်စလူတန်းစား၊ အမျိုးသားအရင်းရှင်လူတန်းစားနဲ့ ဗမာပြည်ချစ်အင်အားစုမှန်သမျှကိုစည်းရုံးထားတဲ့ နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်တဲ့ အကျယ်ပြန့်ဆုံးပြည်ချစ်တပ်ပေါင်းစုတရပ် ရှိဖို့လိုတယ်။ ယင်းကိုအခြေခံပြီး ဗမာပြည်ရှိလူမျိုးတိုင်းတန်းတူအခွင့်အရေးရှိတဲ့ တစည်းတလုံးတည်းဖြစ်တဲ့ ပြည်ထောင်စုပြည်သူ့သမ္မတနိုင်ငံတော်ကို ထူထောင်ဖို့ဖြစ်တယ်။
၁၃ဝဝ ပြည့်အရေးတော်ပုံရဲ့အတွေ့အကြုံ သင်ခန်းစာများကိုယူပြီး ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ သခင်အောင်ဆန်းခေါင်းဆောင်၍ ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်ဖွဲ့စည်းခဲ့တယ်။ အလုပ်သမားလူတန်းစားပါတတီရပ်ပေါ်လာတာဟာ နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုမှာ ကဏ္ဌသစ်တရပ်ဖွဲ့လိုက်တာဖြစ်တယ်။
အင်္ဂလိပ်နယ်ချဲ့သမားရဲ့အဆက်မပြတ်ဖိနှိပ်မှုကြောင့် တချို့ခေါင်းဆောင်များ နိုင်ငံခြားသို့ရောက်နေပြီး တချို့ကထောင်ထဲရောက်နေကြတဲ့အတွက် ၁၉၃၉ ခုမှ ၁၉၄၂ ခုနှစ်ကာလအတွင်း ခေါင်းဆောင်မှုလုပ်ငန်းကိုကောင်းစွာမလုပ်နိုင်ခဲ့ဘူး။ ဖြစ်ပေါ်လာတဲ့ပြဿနာများအပေါ်ရှုမြင်သုံးသပ်ရာမှာ အမြင်တညီတညွတ်တည်းမရှိခဲ့ဘူး။
ဒီကာလအတွင်း ကမ္ဘာ့အခြေအနေမှာအပြောင်းအလဲများဖြစ်လာခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလမှာ ဥရောပတိုက်မှ စတင်ပေါက်ကွဲလာခဲ့တယ်။ ဒီစစ်ပွဲကြီးဟာ စတင်ဖြစ်ပွားတဲ့ကာလမှာ နယ်ချဲ့အခြင်းခြင်းတိုက်ကြတဲ့ နယ်ချဲ့စစ်ဖြစ်တယ်။ ၁၉၄၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ ဖက်ဆစ်ဂျမေဏီက ဆိုဗီယက်ယူနီယံကို ကျူးကျော်တိုက်ခိုက်လာတဲ့အခါ လက္ခဏာဟာပြောင်းလဲသွားခဲ့တယ်။ ဗမာနိုင်ငံအပါအဝင် ကိုလိုနီတိုင်းပြည်များရဲ့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများဟာ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွန်မြောက်ရေးတိုက်ပွဲများရဲ့အစိပ်အပိုင်းတရပ်ဖြစ်လာခဲ့တယ်။
ဒီပြဿနာမှာ ၁၉၄၁ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့မှာကျင်းပတဲ့ တို့ဗမာအစည်းအရုံးရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာအမှုဆောင်များအစည်းအဝေးမှာ တို့ဗမာအစည်းအရုံးရဲ့ခေါင်းဆောင်မှုအတွင်း အယူအဆ ၃ မျိုးပေါ်လာပြီး အစု ၃စု ကွဲသွားကြတယ်။ တို့ဗမာအစည်းအရုံး သာယာဝတီညီလာခံရဲ့ အင်္ဂလိပ်ဆန့်ကျင်ရေးသဘောထားကို ဆက်လက်ခံယူတဲ့အစု (ဒီအစုဟာ အများစုဖြစ်တယ်) ၊ သခင်ဗဟိန်းရဲ့ အင်္ဂလိပ်နဲ့ဂျပန်ကို တပြိုင်တည်းဆန့်ကျင်ရေး သဘောထားကိုခံယူသူအစု (ဒီအစုဟာ ဒုတိယအများစုဖြစ်တယ်)နဲ့ ထောင်တွင်းမှထွက်လာစဖြစ်တဲ့ သခင်သန်းမြိုင်တင်သွင်းတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးအတွက် မဟာမိတ်အင်အားစုများနဲ့ပူးပေါင်းရေးသဘောထားကိုခံယူသူအစု (ဒီအစုဟာ အနည်းစုဖြစ်တယ်)တို့ဖြစ်တယ်။ အများစုကြီးရဲ့သဘောထားဖြစ်တဲ့ သာယာဝတီညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ဆက်လက်ခံယူရန်ဆုံးဖြတ်ခဲ့ကြတယ်။ ဒီအစု ၃ စုဟာ နောက်ဆုံး ညှိုနှိုင်းလို့မရဘဲ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ဆက်လက်ပြီး လှုပ်ရှားခဲ့ကြတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးသခင်အောင်ဆန်းမှာ မိမိမူလရည်ရွယ်ချက်ဖြစ်တဲ့ ပါတီရဲ့ဆုံးဖြတ်ချက်ကိုဆောင်ရွက်ရာတွင်မအောင်မြင်ပဲ တရုတ်ပြည်တွင် ၁၉၄ဝ ခုနှစ်နောက်ပိုင်းတွင် ဂျပန်များဖမ်းဆီးခြင်းခံရကာ ဂျပန်ရောက်သွားပြီး လက်တွေ့အားဖြင့် ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်တိုက်ရေးဖြစ်လာခဲ့တယ်။ 
၁၉၄၄ ခုနှစ် သြဂုတ်လတွင် ဖက်ဆစ်ဆန့်ကျင်ရေးတပ်ပေါင်းစု၌ပါဝင်လာခြင်းဖြင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်နဲ့ပေါင်းပြီးအင်္ဂလိပ်တိုက်ရေးဆိုတဲ့ မှားယွင်းတဲ့လုပ်ရပ်ကိုပြင်ဆင်နိုင်ခဲ့တယ်။
တို့ဗမာအစည်းအရုံးခေါင်းဆောင်မှုဟာ အများစုကြီးရဲ့သဘောထားဆုံးဖြတ်ချက်အရ အင်္ဂလိပ်နယ်ချဲ့တိုက်ရေးအတွက် ဖက်ဆစ်ဂျပန်များနဲ့ ပူးပေါင်းဆောင်ရွက်ရေးဖြစ်လာကြတယ်။ ဒီမှားယွင်းတဲ့လမ်းကြောင်းလိုက်ခဲ့တာကြောင့် ရှေ့သို့ဖြစ်ပေါ်တိုးပွားနေတဲ့ သမိုင်းလမ်းကြောင်းမှ ဘေးသို့ရောက်သွားပြီး တို့ဗမာအစည်းအရုံးရဲ့ အမျိုးသားဒီမိုကရေစီတော်လှန်ရေးမှာပါဝင်ခဲ့တဲ့၊ တော်လှန်တိုးတက်ခဲ့တဲ့ခေါင်းဆောင်မှုအခန်းဟာ အဆုံးသတ်သွားခဲ့တယ်။