ကိုမင်းကိုနိုင်နဲ့ကျနော့်ကို တပြိုင်တည်းဗျူးပြီး တပုဒ်ထဲမှာရေးထားတဲ့သတင်းဆောင်းပါး(မျိုးမြင့်ချို) ဒီအင်တာဗျူးက ဇန်နဝါရီ ၂၀၀၆ မှာလုပ်ခဲ့ပေမယ့် ၂၀၁၁ စက်တင်ဘာကျမှ ဘာသာပြန်ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက နှိပ်စက်ညှဉ်းပမ်းမှုအကြောင်းဖေါ်ပြ
ရေးသူ အလန်ဆိုက်ပရပ်နှင့် အီလန်နာကာရှီမေး
ဝေါ်ရှင်တန်ပို့စ်သတင်းစာ နိုင်ငံခြားရေးရာဋ္ဌာန-ဇန်နဝါရီ ၃ ရက် ၂ဝဝ၆ ခုနှစ်(အင်္ဂါနေ့)
အဲဒီတုန်းက ကျနော် မဲဆောက်မှာပါ။ အီလန်နာကားရှီမေးက ကိုဇော်ဇော်အောင်(ဗကသ)ကို
ဗျူးချင်တာပါ။ သူ ငြင်းတာနဲ့ ကျနော်နဲ့လုပ်ဖြစ်သွားပါတယ်။ ကိုညိုအုန်းမြင့်က စကားပြန်အဖြစ် ကူညီပါတယ်။
ကိုမင်းကိုနိုင်ကို အီလန်နာကာရှီမေးရဲ့အဖေါ်က ပြည်တွင်းသွားဗျူးပြီး ကျနော့်ကိုတော့
မဲဆောက်မှာရှိတဲ့ အေအေပီပီရုံးထဲမှာဗျူးပါတယ်။ အမှန်အတိုင်းပြောရရင် ကိုယ့်အကြောင်းသူများရေးတာဗျူးတာတွေကို ပြန်ပြောလို/ရေးလိုစိတ်သိတ်မရှိလှပါ။ မလေးရှားကသူငယ်ချင်းရဲ့တိုက်တွန်းမှုရယ်
မှတ်တမ်းသဘောဖြစ်စေ့ချင်တဲ့ ကျနော့်ရည်ရွယ်ချက်aကြာင့်သာ ပြန်ဖြစ်သွားတာပါ။ သတင်းဘာသာပြန်တဲ့အတွေ့အကြုံမရှိပေမယ့်
တတ်နိုင်သမျှအနီးစပ်ဆုံးနဲ့ဆီလျော်ဖို့ကြိုးစားပါတယ်။ မူရင်းအင်္ဂလိပ်လိုကို လင့်ခ်ကနေဖတ်ချင်ရင်တော့
ဒီနေရာကနေ ဖတ်ပါ။
မင်းကိုနိုင်ဟာ ထောင်ထဲမှာ ၁၆ နှစ်နီးပါး တိုက်ပိတ်ခံဘဝနဲ့ နေခဲ့ရသူဖြစ်ပါတယ်။
သူ့ကိုစောင့်တဲ့ ထောင်မှူးထောင်ပိုင်တွေနဲ့တောင် မျက်လုံးချင်းဆုံခဲ့ရလိမ့်မှာ မဟုတ်ပါဘူး။
မျိုးမြင့်ကတော့ ဗမာစစ်အာဏာရှင်တွေကိုအံတုစိန်ခေါ်ခဲ့လို့ ထောင်ထဲနေခဲ့ရတဲ့အချိန်တွေမှာ
ထိုးကြိတ်ရိုက်နှက်ကန်ကျောက်တာတွေနဲ့ ခြေကျဉ်းအခတ်လည်း ထပ်လဲလဲခံခဲ့ရသူဖြစ်ပါတယ်။
တကြိမ်မှာ သူ့ကို ၄ ရက်လောက် ကိုယ်တုံးလုံးချွတ်စစ်ကြောရေးလုပ်နေတုန်း နံပတ်တုတ်တွေနဲ့
ဝိုင်းအရိုက်ခံခဲ့ရတဲ့အကြောင်းနဲ့ နောက်တကြိမ်မှာတော့ ကလေးတွေကစားတဲ့ Seesaw လိုဟာပေါ်မှာ
ပက်လက်လှန်ကြိုးတုတ်ပြီး သတိလစ်တဲ့အထိ ဇောက်ထိုးတင်ထားတာ ခံခဲ့ရတယ်လို့ဆိုပါတယ်။
၂ဝဝ၄ ခုနှစ်မှာ ၂ ယောက်လုံး ထောင်ကလွတ်လာကြတဲ့အခါမှာတော့ သူတို့ဘဝရဲ့
၃ ပုံ ၁ ပုံလောက်သောအချိန်တွေဟာ ထောင်ထဲမှာတင်ကုန်ဆုံးခဲ့ရပါပြီ။ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့
မင်းကိုနိုင်ဟာ အခုဆိုရင် ပြည်တွင်းမှာပဲရှိနေပြီး ထောက်လှမ်းရေးရဲ့စောင့်အကြည့်ကိုခံနေရပါတယ်။ မျိုးမြင့်ကတော့ ဗမာပြည်ကနေထွက်ပြေးပြီး ထိုင်းဘက်ကပ်လျက်အခြမ်းကမြို့လေးတခုမှာ ရောက်နေပါတယ်။
ပြီးခဲ့တဲ့လက ဝေါ်ရှင်တန်ပို့စ်သတင်းစာက အဲ့ဒီ
၂ ဦးကို သီးခြားစီခွဲပြီးအင်တာဗျူးလုပ်ခဲ့ပါတယ်။ သူတို့ပြောဆိုချက်တွေဟာ စစ်အာဏာရှင်ကြီးစိုးနေတဲ့ဗမာပြည်အကျဉ်းထောင်ထဲတွေက နိုင်ငံရေးအကျဉ်းသားတွေခံရတဲ့ စိတ်ပိုင်းရုပ်ပိုင်းနှိပ်စက်ညှဉ်းပမ်းမှုတွေကို
အဓိကမီးမောင်းထိုး ပြထားပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့အဆိုအရ
ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေအတွက်လုပ်ကိုင်ကြံဆရင်း ထောင်ချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား
၁၁ဝဝ ကျော်ဟာ ထောင်တွေထဲမှာရှိနေဆဲလို့သိရပါတယ်။
အပြင်မှာအာဏာအပြောင်းအလဲဖြစ်ရေးမျှော်လင့်ချက်အလှမ်းဝေးနေပြီး ထောင်ထဲမှာအညှဉ်းဆဲ
ခံနေရသည့်တိုင်
လူမှုအပြောင်းအလဲတွေဖြစ်လာရေးအတွက် ဘယ်ပုံပိုင်းဖြတ်ချက်ချပြီး လုပ်နေကြဆဲဆိုတာကို
သူတို့ရဲ့ပြောဆိုချက်တွေမှာပေါ်လွင်နေပါတယ်။
အခုဆိုရင် မျိုးမြင့်က နိုင်ငံရေးအကျဉ်းသားအခွင့်အရေးဆောင်ရွက်နေတဲ့အဖွဲ့တခုမှာလုပ်နေပြီး
မင်းကိုနိုင်ကတော့ အစိုးရနဲ့အတိုက်အခံတွေကို နိုင်ငံရေးအရကွဲပြားမှုတွေဘေးဖယ်ထားပြီး
ဆင်းရဲတွင်းနက်သထက်နက်လာတဲ့တိုင်းပြည်ကို ကယ်တင်ဖို့အရေး၊ ရောဂါဘယ ကူးစက်ပြန့်ပွားမှုတားဆီးဖို့အရေး အတူတွဲလုပ်ကြဖို့
တောင်းဆိုတိုက်တွန်းနေပါတယ်။ သူတို့ ၂ ယောက်ရဲ့ဖြစ်စဉ်တွေမှ အမှန်တွေချည်းလို့ သတ်သတ်ပြောဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ တခြားနိုင်ငံရေးအကျဉ်းသားဟောင်းတွေပြန်ပြောပြတဲ့
ထောင်တွင်းအခြေအနေဟာလည်း သူတို့နဲ့ မနီးရိုးစွဲဖြစ်နေလို့ပါပဲ။
မင်းကိုနိုင်ဟာ ဒီမိုကရေစီရေးဖိအားပေးဖို့ ၁၉၈ဝ ခုနှစ်များတဝိုက်မှာ နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂကို စည်းရုံးစုဖွဲ့ခဲ့ပါတယ်။ ဒါပေမယ်လို့ စစ်အုပ်ချုပ်ရေးရုပ်သိမ်းပေးလို့တောင်းဆိုခဲ့ကြတဲ့ အလုပ်သမားနဲ့ကျောင်းသားတွေကိုသုတ်သင်ပြီး ဒီမိုကရေစီရေးလှုပ်ရှားမှုကိုဖြိုခွဲကာ
၁၉၈၈ ခုနှစ် သြဂုတ်လထဲမှာ စစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်ထဲမှာ သူ့ကို ထောက်လှမ်းရေးတွေက
လမ်းမထက်မှာ ညှပ်ပူးညှပ်ပိတ်ဖမ်းပြီး အနီရောင်ထရပ်ကားတစင်းနဲ့ ခေါ်ချသွားခဲ့တဲ့အချိန်ကစလို့
သူဟာ ဗမာပြည်ရဲ့နံမည်အကျော်ဆုံး နိုင်ငံရေးအကျဉ်းသားတွေထဲက တဦး ဖြစ်လာပါတော့တယ်။
သူဟာ ပြန်အဖမ်းခံရမယ့်အန္တရာယ်ရှိနေတဲ့ကြားကပဲ နိုင်ငံခြားသတင်းထောက်တွေကို
လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဘာ့ကြောင့် သူ ဒီလိုတွေ့ရသလဲဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပတ်သက်လို့
သူ့မျှော်လင့်ချက်တွေကို မီးမောင်းထိုးပြချင်တာကြောင့်ပဲလို့ ဆိုပါတယ်။ ဒီအင်တာဗျူးကို
ရန်ကုန်မြို့လည်က လူနေတိုက်ခန်းလေးတခုထဲမှာ တံခါးပိတ်ပြီးလုပ်ခဲ့ရတာဖြစ်ပါတယ်။ အင်တာဗျူးမှာ
သူက (ဒါးသီးတဲ့အတွေ့အကြုံတွေကတော့ အများကြီးပေါ့လေ။ ကျနော့် ပုဂ္ဂလိကဘဝနဲ့အတွေ့အကြုံဟာ
ခါးသီးစရာဖြစ်ခဲ့ပါတယ်)လို့ပြောပါတယ်။ ဒါပေမယ့် သူဟာ အတိတ်မှာပဲ တဝဲလည်လည် နေချင်သူမဟုတ်ပါဘူး။
စကားပြောနေတုန်း အနားမှာရှိတဲ့ တက်ကြွလှုပ်ရှားသူကျာင်းသားဟောင်းတွေကိုညွှန်းပြီး(ဗုဒ္ဓမြတ်စွာရဲ့ဒေသနာအလင်းကို
ကျနော်တို့ တစွန်းတစသိမြင်လိုက်ခဲ့ကြပါပြီ။ ခွင့်လွှတ်ခြင်းနဲ့မေတ္တာတရားကသာ အမုန်းတရားကို
အောင်နိုင်တာဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေအပေါ်ထားတဲ့ ကျနော်တို့ရည်မှန်းချက်ကတော့
အတိတ်တုန်းက တဦးချင်းအလိုက်ခံစားနာကျင်ခဲ့ရတာတွေ၊ စွန့်လွှတ်ပေးဆပ်ခဲ့ရတွေကို အတိတ်မှာထားခဲ့ကြဖို့ပါပဲ)
လို့ ဆိုပါတယ်။
သူ့အသံဟာ နည်းနည်းသြပေမယ့် သိမ်မွေ့နူးညံ့ပါတယ်။ မျက်လုံးနက်နက်တွေဟာ
တည်ကြည်လေးနက်နေပါတယ်။ သူ့အမြင်တွေကိုပြန်ရှင်းပြတဲ့အခါ သူ့လက်ချောင်းသွယ်သွယ်တွေချိုးချိုးပြီး
တချက်ခြင်းရေတွက်ပြပါတယ်။ မှတ်ဉာဏ်ပြန်ဖော်ချင်တဲ့အခါမယ် နဖူးပေါ် လက်မလေး ထောက်တတ်ပါတယ်။ သူ့ထောင်သက်တလျှောက်လုံး
တခြားသူတွေနဲ့ခွဲပြီး တိုက်ထဲမှာသီးခြားအပိတ်ခံခဲ့ရတာလို့ ဆိုပါတယ်။ စစ်ထောက်လှမ်းရေးတွေက
ပုန်းလျှိုးကွယ်လျှိုး တချိန်လုံးချောင်းနေကြပြီး စာအုပ်လေးတအုပ် ဘောပင်န်လေးတချောင်းတောင်
ပေးမကိုင်ခဲ့ကြဘူးလို့ပြောပါတယ်။ (ဘယ်လူနဲ့မှကို အဆက်မရခဲ့တာပါဗျာ) လို့ပြောရင်း၊ ပိုလေးနက်စေချင်လို့ထင်ပါရဲ့
Nothing ဆိုပြီး အင်္ဂလိပ်လိုတောင် ပြောင်းပြောလိုက်ပါသေးတယ်။ သူ့ထောင်သက်ရဲ့ ပထမ ၉ နှစ်ကျော်ကာလကို
နံမည်ကျော်အင်းစိန်ထောင်ကြီးထဲက ၁ဝ ပေ ၈ ပေ ပတ်လည် မှုံဝါးဝါးတိုက်ခန်းကျဉ်းလေးထဲမှာ
နေခဲ့ရပါတယ်။
ပြောနေရင်း ရှေ့ကိုကိုင်းပြီး နေခဲ့ရတဲ့အခန်းပဏာမကို ခန့်မှန်းလို့ရအောင်
လက်နဲ့ဝိုင်းပြပါတယ်။ ဒီ့နောက် မတ်တပ်ထရပ်၊ ကျောပေးလိုက်ပြီး ညာလက်ကိုနောက်ပစ်ပြီးဆန့်လိုက်ပါတယ်။ ပြီးတော့ မီးခြစ်ခြစ်သလိုမျိုး လုပ်ပြပါတယ်။ ဆေးလိပ်သောက်ချင်လို့ မီးတောင်းတဲ့အခါ
ထောင်ဝါဒါတွေက သူ့နဲ့မျက်နှာချင်းမဆိုင်ပဲ ဆေးလိပ်မီး တို့ပေးပုံကို သရုပ်ပြတာဖြစ်နေပါတယ်။
(စစ်ထောက်လှမ်းရေးက တောက်လျှောက်စောင့်ကြည့်နေတာဆိုတော့ ထောင်ဝါဒါတွေက ကျနော့်မျက်နှာကို
ကြည့်တောင်မကြဘူးဗျ။ ကျနော့်ကို တခြားလူတွေနဲ့ဆက်သွယ်မိသွားမှာ အရမ်းကြောက်နေကြတယ်လေ၊
လူမပြောနဲ့ဗျာ ကြောင်လေးတကောင် ငှက်ကလေးတကောင်နဲ့တောင် မတွေ့ခဲ့ရပါဘူး) လို့ပြောပြပါတယ်။
မျိုးမြင့်ချို (ဆက်ပါဦးမယ်)
0 comments:
Post a Comment