သင်္ကြန်အကြောင်း ရာသီစာတပုဒ်ရေးချင်လှလို့
လက်နားနီးတဲ့မဂ္ဂဇင်းလေးတွေ ပြန်လှန်မိတဲ့အကြောင်း မနက်က နည်းနည်းပြောခဲ့ပါတယ်။
ကိုယ့်စာကိုယ်မရေးဖြစ်ပေမယ့် ဆရာမြို့မကိုပေါနဲ့ ကိုဝင်းကိုကိုတို့ရဲ့အင်တာဗျူးလေး ကနေ
မြနန္ဒာသီချင်းရဲ့ကောက်ကြောင်းနဲ့ နောက်ကြောင်းသိခွင့်ရပြီး အကျိုးများမယ်ထင်လို့
စာရိုက်ပြီးပြန်တင်ပေးဖြစ်ခဲ့ပါတယ်။ ညက လှန်လှောခဲ့တဲ့မဂ္ဂဇင်းတွေထဲမှာ သြဂုတ်
၂ဝဝ၄ခုထုတ် စတိုင်သစ်မဂ္ဂဇင်း အမှတ်(၁၁၃)လည်း ပါပါတယ်။ အဲ့ဒီမဂ္ဂဇင်းပါ “ကဗျာ
စတိုင်သစ်”ထဲကမင်းမြင့်ဇင်ရေးတဲ့ “ကမ္ဘာရွာ” ကဗျာကို ခုညနေ အိမ်ပြန်ရောက်ချိန်ထိ
ငြိနေတုန်း။ ဒါနဲ့စာရိုက်ပြီး ပြန်တင်ဦးမှလို့ စိတ်ကူးရတယ်။ ဒါနဲ့ရိုက်တယ်။
အခုတင်ပါတယ်။ ကဗျာသရုပ်ဖော်ပန်းချီကKo Ko Naing ပါ။
ကမ္ဘာရွာ
ကောင်းကင်တစ်ခုတည်းအောက်တွင်မှဟုတ်ရဲ့လား….
သင်နေသောမြေနှင့်ငါနေသောမြေသည်လည်းကောင်း
သင်ရှူသောလေနှင့်ငါရှူသောလေသည်လည်းကောင်း
သင်သောက်သောရေနှင့်ငါသောက်သောရေသည်လည်းကောင်း
“သံတူကြောင်းကွဲ”များပင်လား…စသည်ဖြင့်
အနေဝေး၍အတွေးဝေဝါးမှုများ တရံတခါ
ငါ့မှာဖြစ်ကြောင်းဝန်ခံသည်။
ကွာလှမ်းသော်ငြား
သင့်အိမ်အားလောင်မြိုက်သောမီးသည်
ငါ့ရင်ကိုလာဟပ်သဖြင့်
တရပ်တရွာတည်းဖြစ်ကြောင်း
ငါယုံပြီ။
မင်းမြင့်ဇင်
“ကဗျာဘာလဲဆိုတာအဓိပ္ပါယ်ဖွင့်ကောင်းလှတဲ့အရာမဟုတ်”
မဟုတ်လား။ ကဗျာဟာ ကျူးကျော်တဲနဲ့ဆင်စွယ်ရဲတိုက်မှာအတူတူဖြစ်ထွန်းတယ်။
ဖွဲ့သူနဲ့ဖတ်သူဟာ လူချည်းသာဆိုပေသိ ဘဝနဲ့ပြဌာန်းသိတွေက
ကဗျာ့အတိမ်အနက်နဲ့အတိုင်းအရှည်ကို ထောက်ချင့်မိတယ် မဟုတ်လား။ ဖွဲ့သူမှာ ဖတ်သူ့အပူ
လာဟပ်တဲ့အခါ ကဗျာဖြစ်တယ်။ ဖတ်သူ့အနွေး လာထွေးတဲ့အခါလည်း ကဗျာဖြစ်တာပဲမဟုတ်လား။
ဒီမှာ အပူဟပ်သွားတဲ့ ကဗျာ့ဓာတ်စီးမှုကိုမြင်လိုက်ရတယ် ဘမှတ်တယ်။
မျိုးမြင့်ချိုဧပြီ ၁၄၊ ၂ဝ၁၃
0 comments:
Post a Comment