Saturday, April 13, 2013

New Haven က မီးရထားတွေ တုသွားတဲ့အကြောင်း (မျိုးမြင့်ချို)

0 comments
ကျနော်တို့မြို့လေးနဲ့ မနီးမဝေးမှာ New Haven ဆိုတဲ့ မြို့ဂျင်ကလည်လေးတခုရှိတယ်ဗျ။ မိနစ် ၂၀ မပြည့်တတ် ပြည့်တတ်လောက်မောင်းရတယ်။ လူ/ကားမရှုပ်ဘူး။ အေးချမ်းပြီး တိတ်ဆိတ်တယ်။ တိရိစ္ဆာန်ဦးစီးနဲ့ ကျန်းမာရေးဋ္ဌာနကစစ်ဆေးပြီး ပိုးမွှားနဲ့ကူးစက်ရောဂါမရှိထောက်ခံချက်ရရင် ကိုယ့်အိမ်ကိုယ့်ခြံလေးထဲ ဥစားကြက်/ငုံး/ဆိတ်/မြင်းပုစတဲ့ အကောင်လေးတွေ နည်းနည်းပါးပါးမွေးခွင့်ရှိတယ်ဗျ။ မွေးကြတာလည်းတွေ့တယ်။ ခုတလော ၅ လလောက်ရှိပြီ၊ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အကျယ်ချုပ်ခံကလေးတွေ ရုံးချိန်းကိစ္စနဲ့ အဲ့မြို့လေးကို သွားသွားနေရတယ်ဗျ။ ကလေးထောင်က ဖို့ဝိန်းမှာဆိုပေမယ့် ကလေးထောင်/ကလေးအကျယ်ချုပ် စတာနဲ့စပ်တဲ့ရုံးက အဲ့မြို့လေးမှာလေ။ အရင်ကတော့ အဲ့မြို့လေးကို ဗမာပြည်သားမိသားစုတွေထဲက ဝင်ငွေနည်း/နိမ့်/မရှိတဲ့သူတွေအတွက် မြို့နယ်ကထောက်ပံ့တဲ့ မီးလခ/အိမ်လခနဲ့ အခြားအသုံးစရိတ်လေးတွေ ကူလျှောက်လျှောက်ပေးရင်း စကားပြန်နဲ့ဘာသာပြန်ကူလုပ်ပေးရင်း နေ့တိုင်းလိုလိုရောက်ခဲ့ရတာပါ။ ဒီမှာ စာလုံးပေါင်းတဲ့ Haven နဲ့ ဟို ကောင်းကင်ဘုံ Heaven နဲ့မရောမိနဲ့နော်။ စာလုံးကွာသလို အဓိပ္ဗါယ်လည်းခြားပါတယ်။ ဒီ Haven က (A place of Safety or Refuge) ဘေးကင်းခိုလှုံရာလို့ ထားပါတော့ဗျာ။ အဲ့ဒီမြို့လေးက အမေရိကန်မှာ မီးရထားခေတ်ကောင်းတုန်းက ရထားလမ်းပေါ်တည်ခဲ့တဲ့ရွာလေးဗျ။ မြို့လည်ကောင်ကနေ ရထားလမ်းကဖြတ်နေတာ။ ခုလည်း ရထားတွေဖြတ်တုန်းပါပဲ။ ဒါပေမယ့် ကုန်ရထားတွေပဲများပါတယ်။ ခရီးဝေးလူစီးရထားကတော့ အမေရိကားမှာ ခေတ်သိတ်မစားတော့ဘူးပဲဆိုပါတော့။ ရှိတော့ရှိပါတယ်။ ဟိုနေ့ကရောက်တော့ စိတ်ထဲအတွေးပေါ်တယ် ရထားလမ်းပေါ်ကရွာဆို အနည်းဆုံး တောဘူတာလေးတော့ ရှိတန်ကောင်းရဲ့ပေါ့။ ဗမာပြည်အညာကျေးလက်က တောဘူတာလေးတွေလို တမာပင်လေးနဲ့ ထနောင်းပင်လေးနဲ့ ရေအိုးစဉ်လေးနဲ့ဘူတာရုံလေးလိုတွေ့မယ်တော့ မမျှော်လင့်ထားပါဘူး။ တွေ့တော့တွေ့ချင်တယ်။ ဒါနဲ့ ဇနီးကို အကြိုအကြား ကားပတ်မောင်းဖို့ပြောပြီးလိုက်ရှာတော့ တွေ့တယ်ဗျား။ တွေ့တော့ စိတ်ထဲတမျိုးပဲ။ ဘူတာလေးက အိုမှမအိုတာကိုး။ ဒါနဲ့ စပ်စုကြည့်တော့ ”ဒီရွာက ဒီဘူတာမှာ လူစီးရောကုန်ရထားရော မရပ်တော့တာ ကြာပြီ””တို့တွေ ရထားစီးဖို့လိုရင် ဝါတာလူးဘူတာကနေ သွားသွားစီးနေရတာလေ” ”ရထားမှ မရပ်တော့တာကွာ ဘူတာလည်း ဘယ့်နှယ်လူစည်မလဲ” ”ရထားတွေကလည်း တို့ငယ်ငယ်တုန်းကလို ကျောက်မီးသွေးရေနွေးငွေ့နဲ့မောင်းတဲ့ စက်ခေါင်းမဲမဲကြီးတွေ ဟုတ်တော့ဘူး” ”မီးသွေးမှုံတွေကြားက သံဘီးကြီးတွေနဲ့ချိတ်ထားတဲ့ စတီးရောင်ပြောင်ပြောင် ဘီးဝင်ရိုးကြီးတွေ ရှေ့တိုးနောက်ဆုတ်လုပ်ရင်း ဂျုံးဂျုံး..ဂျက်ဂျက်အသံလည်း မကြားရတော့ဘူး” ”ဥသြသံကအစ မတူတာကွာ” ”ဟိုဟာတွေကမှ ရထားအစစ်ကွ” ”လူတွေကွာ...မီးရထားကိုတောင်  အတုလုပ်ပြစ်လိုက်ကြတာ” ”ပြောင်းကုန်ပါပြီကွာ၊ ပြောင်းတာမှ အကုန်ကိုပြောင်းပြစ်လိုက်ကြကတာလေ၊ ဘယ်လောက်ပြောင်းသွားလဲဆို မီးရထားတောင် အစစ်မရှိတော့ဘူး၊ ရှားသွားပြီ၊ ကပြားတွေဖြစ်ကုန်ပြီလေ” ”ဘူတာရုံလေးကတော့ကွာ ဒို့မြိုခံတွေ ချက်မြုတ်တွေက အလွမ်းပြေကြည့်ရအောင် လက်ရာမကျက် ပြန်ပြင်ဆင်မွမ်းမံထားတာပေါ့” ”ငါလည်း ညနေညနေ ဒီမှာ လာလာထိုင်တယ်လေ သူငယ်ချင်းတွေနဲ့ပေါ့” အသက်အတော်ကြီးပြီး လက်ကိုင်တုတ်နဲ့ နံပြားဦးထုပ်လေးဆောင်းလို့ လည်ပင်းမှာမာဖလာထူထူပတ်လို့ အသံတုန်တုန်-တုန်တုန်နဲ့ ကြေကြေကွဲကွဲ ဆွေးဆွေးမြေ့မြေ့ပြောရှာတဲ့ အမေရိကန်လူဖြူအဖိုးအိုရဲ့မျက်ဝန်းအစုံမှာ အရည်ကြည်လေးတွေလည်လို့ ဝေဝေသီသီနဲ့ တခုခုကို အောက်အောက်မေ့မေ့ဖြစ်လို့ ကြေကွဲရိပ်တွေသန်းလို့။ ”ဒါနဲ့ နေပါဦး မင်းက စစ်သားဟောင်းလား ဘယ်ကလဲ”...လို့ဆိုတဲ့ သူ့အမေးကိုဖြန်ဖြေတော့မှ သူက ဒုတိယကမ္ဘာစစ်မှာဝင်တိုက်ခဲ့ဖူးတဲ့ အမေရိကန်စစ်ပြန်ကြီးဖြစ်နေပါပေါ့လား။ မျိုးမြင့်ချို ဧပြီ ၁၃  ၂၀၁၃

0 comments:

Post a Comment