Sunday, March 31, 2013

လက်ပန်းတောင်းစုံကော်အစီရင်ခံစာနဲ့စပ်လို့ ခေတ်မောင်းအမြင်။

0 comments
လက်ပန်းတောင်းစုံကော်အစီရင်ခံစာနဲ့စပ်လို့ ခေတ်မောင်းအမြင်။
စုံကော်ရဲ့လက်ပန်တောင်းအစီရင်ခံစာဟာ ဦးပိုင်နဲ့ တရုတ်ကုမ္ပဏီတို့အတွက် မင်္ဂလာသတင်း၊ လက်ပန်တောင်းတောင်ကိုမှီပြီး သက်မွေးဝမ်းကျောင်းနေရသူတွေအတွက်တော့ အမင်္ဂလာသတင်းပဲ။ အကောင်းအဆိုး၊ မင်္ဂလာအမင်္ဂလာဒွန်တွဲမှုက ဒီကိစ္စမှာ သိသာလွန်းလှတယ်။ စုံကော်အစီရင်ခံစာဟာ လက်ပန်းတောင်းလယ်သမားတွေအတွက် အမင်္ဂလာဖြစ်မှသာ ဉီးပိုင်နဲတရုတ်ကုမ္ပဏီတို့ အတွက် မင်္ဂလာသတင်းဖြစ်နိုင်မယ်။ ဆိုးလိုက်တဲ့ကံကြမ္မာနှယ်။
တကယ်တော့ နိုင်ငံတော်ပိုင်လုပ်ငန်းတွေ၊ အမျိုးသားပိုင်လုပ်ငန်းတွေရဲ့အကျိုးကျေးဇူးကို တတိုင်းပြည်လုံးက ထိုက်သင့်စွာအညီအမျှခံစားနိုင်မှသာ ဒီလုပ်ငန်းတွေအတွက်အကျိုးရှိတဲ့အရာဟာ တိုင်းပြည်အတွက်ပါအကျိုးရှိမယ်ဆိုတဲ့ကျိုးကြောင်းပြဆိုချက်ကအဓိပ္ပါယ်ရှိနိုင်မယ်။ ဒါပေမယ့် ဦးပိုင်ကုမ္ပဏီအကျိုးရှိတာဟာ တတိုင်းပြည်လုံးကျိုးရှိမှုမဟုတ်တဲ့အပြင် စကတည်းက ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်နေရသူတွေ ဘဝကိုစတေးပြီးမှ ဦးပိုင်လို စစ်အုပ်စုလူတန်းစားကွက်ကွက်လေးချမ်းသာနိုင်တာကို တတိုင်းပြည်လုံးမှာ အတိတ်နဲ့ လက်ရှိပစ္စုပ္ပန်မှာကိုမြင်နေရတဲ့အဖြစ်အပျက်တွေက အထင်အရှားပြသနေတယ်။ နောက်တခါ ဦးပိုင်တို့လိုကုမ္ပဏီတွေဟာ စစ်အုပ်စုရဲ့အကျိုးစီးပွားကိုတာဝန်ခံ ကာကွယ်ပေးဖို့၊ ဖော်ဆောင်ပေးဖို့ပေါ်လာတဲ့ အလုပ်လုပ်နေတဲ့စီးပွားရေးကုမ္ပဏီတွေဖြစ်ပြီး ပြည်သူလူထုကိုတာဝန်ခံထားတာ မဟုတ်ဘူး။ ဒီလိုဦးပိုင်ကုမ္ပဏီ၊ သူနဲ့ဖက်စပ်လုပ်ကိုင်နေတဲ့တရုတ်ကုမ္ပဏီတို့ဖြစ်စေချင်တဲ့အစီရင်ခံစာမျိုးကို အကာအကွယ်မဲ့တဲ့တာသူတောင်သားတွေကို အထက်စီးကနေပြီးအတင်းအကြပ်လက်ခံခိုင်းတာဟာ သူခိုးဓားပြကုမ္ပဏီတွေရဲ့ဖာက်ပြန်တဲ့လုပ်ရပ်တွေမှာ ကြံရာပါအဖြစ်နဲ့ဝင်ပါနေတာပဲ။ အထူးသဖြင့် ဒီကုမ္ပဏီတွေအကျိုးရှိရုံနဲ့ တတိုင်းပြည်လုံးအကျိုးရှိမယ်လို့ သူ့အနေနဲ့ ဘယ်လိုမှ အာမမခံနိုင်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးပိုင်ကြံရာပါဆိုတဲ့နံမယ်ကို လက်မခံချင်လို့မရဘူးလို့ ခေတ်မောင်းကယူဆတယ်။
နိုင်ငံရေးလုပ်တဲ့အခါ ရေပန်းမစားတဲ့၊ လူကြိက်များမှာမဟုတ်တဲ့လုပ်ရပ်တွေကိုလုပ်ရတာ၊ လူမုန်းခံရနိုင်တဲ့အချက်ကို လက်မခံနိုင်စရာမရှိပါ။ ဒါပေမယ့် ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ့်လုပ်ရပ်ဟာ မှန်ကန်တဲ့တရားတဲ့လုပ်ရပ်ဖြစ်တာကို အခိုင်အမာတရားထူထောင်နိုင်စွမ်းရှိရမယ်။ အခု လက်ပံတောင်းကိုဆက်လုပ်ဖို့ ထောက်ခံတင်ပြထားတဲ့အကြံပေးချက်ဟာ မှန်ကန်တဲ့တရားတဲ့လုပ်ရပ်အဖြစ် တရားထူထောင်နိုင်စွမ်းမရှိဘူးလို့ ခေတ်မောင်းကယူဆတယ်။ အခု အစီရင်ခံစာမှာ လက်ရှိဖော်ဆောင်နေတဲ့လက်ပံတောင်းစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတယ်၊ အနာဂတ်မျိုးဆက်အတွက်အကျိုးမရှိ၊ လယ်သိမ်းခံလယ်သမားတွေလည်း လျှော်ကြေးမရလို့ဝန်ခံထားပြီး တဘက်မှာ လက်ပန်းတောင်းဟာ စီးပွားရေးအရအမြတ်အစွန်းကျန်နိုင်ခြေရှိတဲ့၊ အနာဂတ်မျိုးဆက်အတွက်အကျိုးရှိနိုင်ခြေတွေရှိတဲ့စီမံကိန်းမို့ ဒီလို အနာဂတ်မျိုးဆက်အတွက် အကျိုးးရှိနိုင်မယ့်၊ အလုပ်အကိုင်ဖန်တီးပေးမယ့် အစီအမံတွေကိုဖော်ဆောင်နိုင်ရင်ဆက်လုပ်သင့်တယ်လို့ အကြံပြုထားတာဖြစ်တယ်။ ဒါပေမယ့် လက်ပန်းတောင်းအစီရင်ခံစာကအကြံပြုထဲ့အချက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက တကယ်ဖော်ဆောင်လုပ်ကိုင်/မကိုင် စုံကော်အနေနဲ့ အာမမခံနိုင်သလို၊ နောက်ဆုံး တကယ်လုပ်ကိုင်တယ်ဆိုရင်တောင် စုံကော်ရဲ့အကြံပေးချက်ဟာ လယ်သမားတွေပေးဆပ်လိုက်ရတဲ့ပေးဆပ်မှုတွေကိုထိုက်သင့်စွာ ပြန်ကာမိစေပါ့မလားဆိုတာကလည်း

မေးခွန်းထုတ်စရာဖြစ်တယ်။ ဒီအစီရင်ခံစာကို လယ်သမားတွေကိုယ်တိုင် တချို့လည်းစိတ်ပျက်ညှိုးငယ်ပြီး၊ တချို့လည်း ဒေါသတကြီးတုန့်ပြန်ခဲ့တာက ဒီလို ထိုက်ထိုက်တန်တန် ပြန်ကာမိနိုင်ရေးကို သူတို့အယုံအကြည်မရှိတာကိုပနေတယ်။ အလုပ်အကိုင်ဖန်တီးရေးဆိုရာမှာလည်း တသက်လုံး လယ်ပဲလုပ်လာ၊ လယ်ပဲလုပ်တတ်တဲ့လူတွေဟာ ဝမ်ပေါင်ဦးပိုင်ကုမ္ပဏီမှာ၊ ယုတ်စွအဆုံး ဝမ်ပေါင်ဦးပိုင်ကုမ္ပဏီတင်မက ဘယ်သွားသွား ဘာအလုပ်လုပ်စားတတ်မလဲ။ တခြားအလုပ်တွေအတွက် လိုအပ်တဲ့ကျွမ်းကျင်မှုကို ဘယ်သူကစီစဉ်ပေးမလဲ။ ဒါတွေကို မစဉ်းစားဘဲ အလုပ်အကိုင်ဖန်တီးပေးမယ်ဆိုတာကိုပဲ စက်ရုပ်လိုထပ်ခါတလဲလဲပြောနေတာတွေဟာ လက်လွတ်စပယ် နိုင်လွန်းလှတယ်လို့ယူဆတယ်။ 'ဦးပိုင်တို၊ ဝမ်ပေါင်တို့ပေးတဲ့အလုပ်တွေကို ကျမတို့လုပ်မစားနိုင်ဘူး' ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို နာနာကျည်းကျည်းနဲ့ထပြောတဲ့ အမျိုးသမီးတယောက်ရဲ့အပြောက ဒီအချက်ကိုသက်သေထူနေတယ်။ နောက်တခါ တကယ်တမ်းလုပ်သင့်ရင် ရေပန်းမစားတဲ့လုပ်ရပ်တွေကိုလုပ်မှာပဲလို့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကချင်မှာဖြစ်နေတဲ့စစ်ပွဲကိစ္စမှာ ဘာ့ကြောင့်ရငုံနေလဲ၊ ရိုဟင်ဂျာတွေ မောင်းထုတ်ခံရ၊ မိထ္ထီလာမှာမွတ်စလင်တွေကို အိမ်တွေကနေမောင်းထုတ်တဲ့လုပ်ရပ်တွေမှာ ဘာ့ကြောင့် နှုတ်ဆိတ်နေလဲ။ ကိုယ့်ရဲ့ကျင့်ဝတ်ပိုင်းအရသဇာကိုစွန့်လွှတ်ပြီးလွှတ်တော်တက်တဲ့ 
စက်ရုပ်နိုင်ငံရေးသမားဘဝကိုခံယူရင်တောင် အနည်းဆုံးကိုယ့်ဆုံးဖြတ်ချက်တွေ ရှေ့နောက်ညီဖို့ လိုတာကိုတော့သတိပြုသင့်တယ်လိုခတ်မောင်းကယူဆတယ်။
လောလောဆယ်အနေအထားမှာ လယ်သမားဟာ ကိုယ့်မြေကိုယ်ပိုင်တဲ့အတွက် သူ့လယ်မှာ သူအလုပ်ဘယ်လောက်လုပ်မလဲဆိုတာ ဆုံးဖြတ်လို့ရတယ်။ ဒါပေမယ့် ဝမ်ပေါင်ဦးပိုင်အလုပ်သမားဖြစ်သွားရင် ဒီလိုဆုံးဖြတ်နိုင်ခွင့် သူ့မှာရှိမှာမဟုတ်တော့ဘူး။ ဒီတော့ တနည်းအားဖြင့် လက်ပံတေင်းစီမံကိန်းဟာ ကုန်ပစ္စည်းတိုက်ရိုက်ထုတ်လုပ်သူတွေ ကိုယ့်ဘဝရှင်သန်ရပ်တည်ရေးအတွက် ဆုံးဖြတ်ချက်တွေမှာ ကိုယ့်ရဲ့ထိန်းချုပ်နိုင်စွမ်းကို စွန့်လွှတ်ခိုင်းတာပဲ။ အရင် ကိုယ့်လက်ငုတ်နဲ့ကိုယ် လုပ်စားနိုင်နေတဲ့၊ ဆင်းရဲကောင်းဆင်းရဲနိုင်သော်လည်း စီးပွားရေးလုံခြုံမှုတနည်းတဖုံရှိနေတဲ့လယ်သမားတွေကို နိုင်ငံခြားကုမ္ပဏီတွေရဲ့လခစားဘဝကို ဖြစ်ကတတ်ဆန်းတွန်းပို့တာဟာ လူတွေရဲ့အခြေခံအကျဆုံးအခွင့်အရေးတွေဖြစ်တဲ့ မိမိဘဝမိမိပြဌာန်းပိုင်ခွင့်၊ လုံခြုံစိတ်ချစွာအသက်မွေးဝမ်းကျောင်းပိုင်ခွင့်ဆိုတဲ့ အခြေခံအကျဆုံးလူ့အခွင့်အရေးတွေကို ကျူးလွန်ဖောက်ဖျက်ခြင်းပဲ။
အခု လက်ပံတောင်းကိစ္စကို လက်ပံတောင်းက ဆန္ဒပြသူတွေနဲ့ပဲဆိုင်တဲ့ကိစ္စသက်သက်အဖြစ်မမြင်သင့်ဘူးလို့ ယူဆတယ်။ တကယ်တော့ လက်ပံတောင်းအရေးကိစ္စဟာ မြန်မာတနိုင်ငံလုံးမှာ နောက်ပိုင်းမကြာမကြာတွေ့လာရစရာရှိတဲ့ လူတန်းစားပဋိပက္ခရဲ့ ကနဦးနမူနာအဖြစ်အပျက်လို့ ခေတ်မောင်းကမြင်တယ်။ တတိုင်းပြည်လုံးနဲ့ဆိုင်တဲ့ သံယံဇာတတွေကို လူလက်တဆုပ်စာကလက်ဝါးကြီးအုပ်ပြီး တတိုင်းပြည်လုံးကပြည်သူလူထုကို လက်လုပ်လက်စားဘဝ၊ ဓနဥစ္စာအရင်းအနှီးရဲ့အစေအပါးအဖြစ်ကိုလက်ခံမှ အသက်ရှင်ရပ်တည်နိုင်မယ့်ဘဝကိုတွန်းပို့တာလို့ပဲ မြင်တယ်။ အခုဆိုရင်ပဲ လက်ပန်တောင်းလို မြေသိမ်းမှုတွေကို တခြားမြို့တွေ၊ ရွာတွေမှာပါထပ်တွေ့နေရပြီ။ ဒီလိုလုပ်ရပ်မျိုးတွေဟာ ရေရှည်မှာ တိုင်းပြည်ထဲရှိသူနဲ့မရှိသူကွာဟမှုကို ကျိန်းသေပိုကြီးစေမှာဖြစ်တယ်၊ နောက်တခါ မတရားမှုကိုကျူးလွန်ပြီး ဒီမတရားလုပ်မှုကြီးတွေကု မတရားလုပ်ခံရသူကို အတင်းမျိုချခိုင်းတာတွေဟာ ရေရှည်မှာ သာယာဝပြောတဲ့၊ တိုင်းသူပြည်သားများကို လုံခြုံစိတ်ချမှုပေးနိုင်မယ့်လူ့အဖွဲ့အစည်းကိုပေါ်ပေါက်စေမှာမဟုတ်တဲ့အပြင် ဆန့်ကျင်ဘက်အဖွဲ့အစည်းမျိုးကိုသာ ပေါ်ပေါက်စေမှာဖြစ်တယ်။ ဒီအတွက်ကြောင့်ပဲ အသိစိတ်ရှိတဲ့၊ တာဝန်သိတဲ့နိုင်ငံသားတိုင်း လူတိုင်းက လက်ပန်တောင်းနဲ့ အလားတူအရေးမျိုးကို အမျိုးသားရေးလိုသဘောထားပြီး ပူးပေါင်းပါဝင်သင့်တယ်လို့ ခေတ်မောင်းက ယူဆတယ်။

ယူတာက ဒီနေရာကဖြစ်ပါတယ် https://www.facebook.com/profile.php?id=100003826236734

အရင်းခံပြသနာအပေါ်အသိအမှတ်ပြုခြင်း (လင်းထင်)ခေတ်မောင်း အတွဲ ၂၊ အမှတ် ၃

0 comments
အရင်းခံပြသနာအပေါ် အသိအမှတ်ပြုခြင်း- လင်းထင်ခေတ်မောင်း အတွဲ ၂၊ အမှတ် () မိတ္ထီလာကစလိုက်တဲ့ ဗမာပြည်က လတ်တလောအကြမ်းဖက်မှုတွေအကြောင်း အင်္ဂလိပ်သတင်းစာတွေ ကရေးတဲ့အခါမယ် Sectarian violence ဆိုတဲ့စကားလုံးကို သုံးနှုံးနေတာသတိထားမိတယ်။ ဒီအသုံးအနှုံးဟာ လူမျိုးစုတွေကြားမှာ ဖြစ်စေ၊ လူတန်းစားအလွှာတွေကြားမှာဖြစ်စေ၊ ကိုးကွယ်ယုံကြည်မှုဘာသာတွေကြားမှာဖြစ်စေ (ဆွန်နီနဲ့ရှအာ၊ ကက်သလစ်နဲ့ ပရိုတက်စတင့်လို ဘာသာတစ်ခုထဲအတွင်းကကွဲပြားမှုလည်းဖြစ်နိုင်တယ်) မတူညီမှု (၀ါ) ဂိုဏ်းဂနကွဲပြားမှုအပေါ် အရင်းခံပြီးဖြစ်တဲ့ပဋိပက္ခကနေ အပြန်အလှန်အကြမ်းဖက်မှုကိုရည်ညွှန်းတယ်။ စတော့ခ်ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့ရဲ့ ၂၀၀၈ နှစ်လည်အစီအရင်ခံစာထဲမယ် ဒီလိုအကြမ်းဖက်မှုဖြစ်စဉ်များအတွင်းမှာပါဝင်ပတ်သက်သူများကို non-state actors representing different population groups ဆိုပြီး ချည်းကပ်တယ်။ အဓိပ္ပာယ်က အရပ်သားတွေရဲ့ပဋိပက္ခလို့အမျိုးအစားခွဲခြားလိုပုံရတယ်။ 
စကားလုံးအသုံးအနှုံးတွေဆိုတာ သိပ်တာသွားတယ်၊ အဓိပ္ပာယ်ကိုသယ်ဆောင်ထားရတာကိုး။ ဖြစ်ရပ်တစ်ခုရဲ့ မြင်သာတဲ့အကြောင်းခြင်းရာတွေကိုသာမက ပြဿနာအရင်းအမြစ်ကိုထင်ဟပ် ပုံဖော်ဖို့ရာ စကားလုံးဝေါဟာရများကိုပဲအသုံးပြုကြရတယ်မဟုတ်လား။ Sectarian violence လို့ သုံးနှုံးနေခြင်းအပေါ်မှာ ကျနော် သုံးပုံနှစ်ပုံမျှမက သဘောတူနိုင်တယ် (အပြည့်မတူနိုင်တာကတော့ အကြမ်းဖက်မှုဟာ အုပ်စုနှစ်ခုအကြားအပြန်အလှန် မဟုတ်ပဲ၊ အုပ်စုတစ်ခုကသာ မတူသောဘာသာအယူ အမျိုးအနွယ်ကြောင့် တစ်ဖက်သက်ပစ်မှတ်ထားအတိုက်အခိုက် ခံနေရတာပဲ) ဖြစ်နေတဲ့အကြမ်းဖက်မှုပဿနာများဟာ sectarian လို့ သုံးနှုံးတဲ့အတိုင်း ကွဲပြားမှုအပေါ်အရင်းခံပြီးဖြစ်တာလို့ ရှင်းရှင်းသိမြင်ဖို့အရေးအကြီးဆုံးပဲ။ ဘာကွဲပြားမှုလည်းဆိုရင် ဘာသာအယူနဲ့အနွယ်ကွဲပြားမှုပဲ။ ဘာသာအယူနဲ့အနွယ်ကွဲပြားမှုသာအရင်းခံအကြောင်းလို့ ပိုင်းခြားသိမြင်ရမယ်။ 
အစိုးရထောက်ခံသူနဲ့ အတိုက်အခံအားပေးသူအကြားကနိုင်ငံရေးကွဲပြားမှု မဟုတ်ဘူး။ ဆင်းရဲချမ်းသာ လူ့အလွှာ -ရပ်ထိပ်တိုက်တိုးနေကြတဲ့ပြဿနာဟာလည်း ဒီအဖြစ်ဆိုး အကြမ်းဖက်မှုတွေမှာအကြုံး မ၀င်ဘူး။ ဘယ်ပဋိပက္ခမျိုးမဆိုမှာ နိုင်ငံရေးနဲ့လူတန်းစားရေးအမြင်ကကင်းလွတ်လို့မရဘူးလို့ ယုံကြည်ချက်ရှိသူတစ်ဦးအနေနဲ့ ဒီအကြမ်းဖက်မှုများမှာ နိုင်ငံရေးနဲ့လူတန်းစားရေးဟာ အရင်းခံအကြောင်းမဟုတ်ဘူးလို့ပြောရတဲ့အတွက် ကျနော့်အဖို့ရာ သက်သောင့်သက်သာ မရှိလှပါ။ 
အခုကိစ္စရပ်မှာ စစ်တပ်ကအာဏပြန်သိမ်းဖို့ရာအကြောင်းပြချက်ရလာအောင် အကွက်ချဖန်တီးနေမှုလို့နိုင်ငံရေးအမြင် နိုင်ငံရေးရှူ့ထောင့်ကနေသာသုံးသပ်နေမှု သိပ်အားကောင်းနေတယ်။ ဒီလို အားကောင်းရတာလည်း အမှားတော့မဟုတ်ဘူး။ အတွေးအမြင် အယူအဆကံဆချက်သက်သက်မဟုတ်တဲ့ လက်ဆုပ်လက်ကိုင်ထောက်ပြစရာတွေ တပုံကြီးကိုး။ အကြမ်းဖက်သူများဟာ ရုတ်ချည်းဒေါသပေါက်ကွဲတဲ့လူအုပ်စုရဲ့အသွင်လက္ခဏာနဲ့စာရင် စံနစ်တကျပြင်ဆင်ထားတဲ့၊ ပစ္စည်းကိရိယာများတပ်ဆင်ထားတဲ့လူအုပ်စုဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာတိုင်းက သက်သေခံကြတယ်။ ဒေသန္တရအာဏာပိုင်များနဲ့လုံခြုံရေးတပ်ဖွဲ့များရဲ့ မယုံနိုင်ဖွယ်ကောင်းလောက်အောင်မျက်ကွယ်ပြုမှု၊ တာဝန်မယူမှု၊ အဆုံးစွန်သော အခြေအနေတွေအထိအရောက်ခံမှုတွေဟာ ကြံရာပါများအဖြစ်တပ်အပ်စွပ်စွဲသူအဖို့ မရိုင်းဘူး။ 
ဒီအချက်တွေကိုသိမြင်ရက်နဲ့လည်း နိုင်ငံရေးဟာအကြောင်းခံအဖြစ် ကျနော် ဘာဖြစ်လို့ မယူဆချင်ရတာလဲ။ ကျနော်တို့ဟာ နိုင်ငံရေးအရဖိနှိပ်ခံရမှုအောက်မှာ ဘာသာရေးမုန်းတီးမှုပြဿနာကို ဘယ်တုန်းကမှ အရေးတကြီးဦးစားပေးကိစ္စအဖြစ်မပြောခဲ့ကြဘူး၊ ပျက်ကွက်ခဲ့ကြတယ်။ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေဖြစ်ပေါ်တိုင်း စစ်အုပ်စုရဲ့ နိုင်ငံရေးအာရုံလွှဲမှုအဖြစ်နဲ့ပဲ အဖြေထုတ်သုံးသပ်ခဲ့ကြတယ်။ ဘာသာရေး လူမျိုးရေးခွဲခြားမှုကို အာဏာသိမ်းစစ်အုပ်စုက ရာစုနှစ်ထက်ဝက်မက နိုင်ငံတော်မူဝါဒအဖြစ်ကျင့်သုံးတဲ့အခါ (နိုင်ငံတော်မူဝါဒလို့ဆိုရာမှာ ကျနော်ပြောလေ့ရှိတဲ့ဗုဒ္ဓဘာသာအခြေပြုအမျိုးသားရေးဝါဒကိုပဲ အဓိကရည်ညွှန်းပါတယ်) အဓိကရုဏ်းများကို ကြိုးကိုင်ဖန်တီးလာခဲ့တဲ့အခါ၊ အမြင်လွဲအယူမှား သတင်းအမှားများနဲ့ အမုန်းတရားမျိုးစေ့ကို မျိုးဆက်အဆင့်ဆင့်ကြဲပက်ခဲ့တဲ့အခါ လူအများကြားမှာ ဒီအမုန်းတရားဟာ အပင်မပေါက်ပဲ နေရော့မလား။ 
ဒီအယူလွဲတဲ့အမုန်းတရားရန်ကကာကွယ်ဖို့ရာ ဦးနှောက်နဲ့နှလုံးသား ကြီးမြတ်ကျယ်ပြောနိုင်အောင် လူအများမှာ လုံလောက်တဲ့ အပြိုင်ဗဟုသုတနဲ့ အပြိုင်အတွေးအခေါ်များဖြည့်တင်းဖို့ အခွင့်သာခဲ့ပါသလား။ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းနဲ့ထိတွေ့ဆက်ဆံဖူး ကျောင်းပညာရဖူးသူတွေထဲကအချို့တောင်မှ ဘာသာရေးလူမျိုးရေးမုန်းတီးမှုကို မကျော်လွန်နိုင်ကြတဲ့နောက်၊ စစ်အာဏာရှင်အောက် အနှစ်ငါးဆယ်နေရသူတွေထဲမယ် အမုန်းအယူနဲ့ခွဲခြားခြင့်ဓလေ့ တကယ်မစွဲငြိပဲနေပါ့မလား။ လူတွေမှာ သူတို့ရဲ့နိုင်ငံရေးအကြိုက် political preference အပေါ် မတည်မှီပဲ ဘာသာရေးလူမျိုးရေးမုန်းတီးခြင်း ခွဲခြားခြင်းအယူများရှိကြတာကိုလည်း သတိပြုမိစေချင်ပါတယ်။ 
တချို့ကတော့ စစ်အလိုတော်ရိများသာ ဘာသာရေး လူမျိုးရေးမုန်းတီးခွဲခြားသူများဖြစ်နေတယ်လို့ အမျိုးအစားခွဲခြားပြနေတာတွ့ရပါတယ်။ အုပ်စုခွဲခြားသတ်မှတ်နိုင်မှုဟာ ဒီလောက်လွယ်ကူ ရှင်းလင်းစွာလုပ်လို့မရနိုင်ပါဘူး။ လူမှုရေးတက်ကြွသူ၊ ဘာသာတရားကိုင်းရှိုင်းသူ၊ အမျိုးသားရေးပြင်းထန်သူ၊ အဲန်အယ်လ်ဒီထောက်ခံသူ၊ သမ္မတသိန်းစိန်အားကြည်ညိုသူ အစရှိသဖြင့် အုပ်စု Set တစ်ခုချင်းစီကိုက်ဝိုင်းခုချင်းစီအဖြစ်ယူဆကြည့်ပါ။ အဲ့ဒီစက်ဝိုင်းများ တစ်ခုကိုတစ်ခု Intersection ဖြစ်နေတဲ့ တူညီသောလက္ခဏာများမျှဝေပိုင်ဆိုင်မှု နယ်ပယ်အမျိုးစုံရှိနေနိုင်ပါတယ်။ ရှင်းရှင်းပြောရရင် ဗမာဒီမိုသမားများထဲမှာ စစ်တပ်အောက်ဆွဲများလိုပဲ ကုလားမုန်းအစ္စလာမ်ကြောက်များရှိနေပါတယ်။ အချို့ ဒီမိုမျိုးချစ်များရဲ့ တင်းမာတဲ့အမျိုးသားရေးစိတ်အယူဟာ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီစံနှုံးများအပေါ် သက်ဝင်အဖိုးထားတတ်မှုထက် အကဲသာနေတာပါပဲ။ 
ဘာသာရေး လူမျိုးရေး မုန်းတီးခွဲခြားခြင်းပြဿနာဟာ ခေတ်အဆက်ဆက် နိုင်ငံရေးလောင်းရိပ်မိခဲ့တာဟာ အခု လတ်တလောအခြေအနေမှာလည်း ထိုနည်း၎င်း လျစ်လျှူရှုခံရဆဲပဲ။ ပိုတောင်အခြေအနေဆိုးတယ်။ အခုလွှမ်းနေတာက နောက်ကြောင်းပြန်မလှည့်ချင်ပါဘူးရယ်လို့ တိုင်းပြည်ဟာသွေးနုသားနု ဒီမိုကရေစီမီးနေသယ်ဆိုတဲ့စိတ္တဇပဲ။ ကလေးတွေအရှင်လတ်လတ်မီးအရှို့ခံရတာ ဒီမိုကရေစီမီးနေသယ်မို့လို့လား၊ ပျက်စီးခြင်းငါးပါးမကတော့တဲ့ ဖွတ်သရွတ်လိုက်အောင်ယိုယွင်းနေတဲ့ လူ့အဖွဲ့အစည်းဖြစ်နေလို့လား၊ ကြပ်ကြပ်ဆင်ခြင်ကြစေချင်တယ်။ 
ဒီမီးနေသယ်စိတ္တဇက ဘယ်လောက်တောင်ဖောက်ပြန်သွားစေလဲဆို သမ္မတသိန်းစိန်ဦးဆောင်တဲ့အသွင်ပြောင်းလဲမှုအပေါ် အယုံအကြည်မရှိသူတွေတောင်၊ သူတို့သံသယထားတဲ့အပြောင်းအလဲထိခိုက်မှာ ကြောက်စိတ်ဝင်လာခဲ့ပြီ။ ပြဿနာရဲ့အရင်းခံကို မစေ့ငု မပိုင်းခြားနိုင်ရင်တော့ အာရုံအမှားစိတ္တဇအယူတို့နဲ့ ကိုယ့်ရပ်တည်မှုယိုင်လဲမှာပဲ။ ပြဿနာဟာ ဘာသာရေး လူမျိုးရေးကွဲပြားမှုအပေါ်အရင်းခံတဲ့အကြမ်းဖက်မှုဖြစ်ကြောင်းအသိအမှတ်ပြု acknowledge လုပ်ပါ။ မလုပ်နိုင်ရင် Holocaust ကို ငြင်းဆန်သူတွေနဲ့ တစ်တန်းစားထဲထားပြီး ကျနော်ရှုံ့ချတယ်။ လင်းထင်

Thursday, March 28, 2013

သမ္မတ(ဗိုလ်)ဦးသိန်းစိန်ပြောတဲ့“ခေတ်စနစ်အခြေ အနေအရ အကျဉ်းချခံခဲ့ရသူများ”အကြောင်း တူမောင်ညို

0 comments
သမ္မတ(ဗိုလ်)ဦးသိန်းစိန် ပြောတဲ့ “ခေတ်စနစ်အခြေအနေအရ အကျဉ်းချခံခဲ့ရသူများ”အကြောင်း
တူမောင်ညို (၂၀၁၃ ခုနှစ်၊ မတ်လ ၅ ရက်)
မူနှင့်သဘောထားကိုဖေါ်ပြဖို့ဆိုလျှင် “ဝေါဟာရ၊စကားလုံး”တို့ဖြင့်ဖေါ်ပြရမည်သာဖြစ်သည်။
သုံးစွဲဖေါ်ပြသော “ဝေါဟာရ၊စကားလုံး”တို့၏ အနုအရင့်၊ အပျော့အမာအပေါ်မူတည်ပြီး သုံးစွဲသူ၏သဘောထားကို ရှင်းလင်းစွာသိရှိနိုင်သည်။ တစ်ခါတစ်ရံ လေသံ၊ ဟန်ပန်အမူအရာဖြင့်လည်း သဘောထားကိုဖေါ်ပြကြစမြဲဖြစ်သည်။
သမ္မတ (ဗိုလ်)ဦးသိန်းစိန်သည် သူတို့ချမှတ်ထားသော မူ/သဘောထားအပေါ်စွဲမြဲစွာရပ်သည်ဟု ပြောရမည်ထင်သည်။
“နိုင်ငံရေးအကျဉ်းသားမရှိ” ဟူသောသဘောထားကို သမ္မတ(ဗိုလ်)ဦးသိန်းစိန်အပါအဝင် ကြံ့ဖွံ့အစိုးရတစ်ဖွဲ့လုံးနှင့် ကြံ့ဖွံ့အမတ်အားလုံးက တညီတညာတည်း ယနေ့အထိ စွဲကိုင်ထားကြဆဲဖြစ်သည်။
 အဆိုပါသဘောထားကို အလွယ်တကူစွန့်လွှတ်မည့်အရိပ်အယောင်မျှပင် ယနေ့အထိ မတွေ့မြင်မိသေးပါ။
“နိုင်ငံရေးအကျဉ်းသားမရှိ” ဟူသောသဘောထားသည် (နဝတ-နအဖ) စစ်အစိုးရ၏သဘောထားဖြစ်သည်။
ယင်းသဘောထားကို (နဝတ-နအဖ) စစ်အစိုးရ၏ အာဏာအမွေခံဖြစ်သော (ဗိုလ်)ဦးသိန်းစိန်တို့ကြံ့ဖွံ့အစိုးရက ဆက်ခံထာ ခြင်းဖြစ်သည်။ ကာကွယ်နေခြင်းဖြစ်သည်။
သူတို့သည်“၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး”ကို “မင်းမဲ့စရိုက် ဆူပူသောင်းကျန်းမှု/ တိုင်းဆူပြည်ဖျက်လုပ်ရပ်” ဟု သဘောထားကြသူများ ဖြစ်သည်။ သို့အတွက် “၁၉၈၈ဒီမိုကရေစီအရေးတော်ပုံကြီး” တွင် နည်းလမ်းပုံစံမျိုးစုံဖြင့်ပါဝင်ကြခဲ့သော “အရေးတော်ပုံတပ်သား” မှန်သမျှသည် သူတို့အတွက် ဆူပူသောင်းကျန်းသူ၊  ဥပဒေချိုးဖောက်သူများသာဖြစ်နေတော့သည်။
“၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” သည် (မဆလ)တစ်ပါတီအာဏာရှင်စနစ်ကို ဖယ်ရှားပစ်ခဲ့သည်။ (နဝတ-နအဖ)စစ်အစိုးရသည်  “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ကို အကြမ်းဖက်ချေမှုန်းပြီး အာဏာယူခဲ့ခြင်းဖြစ်သည်။
အကယ်၍သာ “နိုင်ငံရေးအကျဉ်းသား သို့မဟုတ် နိုင်ငံရေးအကျဉ်းသားရှိသည်” ဟု အသိအမှတ်ပြုလိုက်မည်ဆိုလျှင်  “၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး” ကိုပါအသိအမှတ်ပြုရတော့မည်။ ယင်းသို့အသိအမှတ်ပြုလိုက်လျှင် (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှ ယနေ့အထိ အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်ခဲ့မှုမှန်သမျှကို ဝန်ခံရတော့မည်။ တာဝန်ယူရတော့မည်။ တာဝန်ခံရတော့မည်။
ယင်းသို့ အသိအမှတ်မပြုနိုင်၊ ဝန်မခံနိုင်၊ တာဝန်မယူနိုင်သဖြင့် “နိုင်ငံရေးအကျဉ်းသားမရှိ” ဟုမျက်စိမှတ်ငြင်းကွယ်နေခြင်းဖစ်သည်။ စကားလုံးဝေါဟာရအရအငြင်းပွားနေခြင်းမဟုတ်။ နိုင်ငံရေးသဘောထားပြဿနာဖြစ်သည်။
ကြံ့ဖွံအစိုးရသက်တမ်း ၂ နှစ်တာကာလအတွင်း “လွတ်ငြိမ်းချမ်းသာခွင့်” ဆိုသည်ကို တစ်ခါမျှပင်မပေးခဲ့ချေ။ (ဗိုလ်) ဦးသိန်းစိန်သည် “၂၀၀၈ အခြေခံဥပဒေ” ပုဒ်မ ၂၀၄ (က)အရ “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” သာပေးခဲ့သည်။
ထိုသို့လွှတ်ပေးခဲ့သော “အကျဉ်းသား”များကိုလည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ၄၀၁(၁)အရ ပြစ်မှုကြွေးကျန်“နှောင်ကြိုးတည်း၍ လွှတ်ပေးခြင်း”သာဖြစ်သည်။
ဤသို့သော အခြေအနေအချက်အလက်များအရပြောရလျှင် “နိုင်ငံရေးအကျဉ်းသားမရှိ” ဟူသောသဘောထားသည် သမ္မတ (ဗိုလ်)  ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအတွက် ဘယ်လိုမှ မပြောင်းလဲနိုင်သော၊ အလျှော့မပေးနိုင်သောသဘောထားဖြစ်သည်။ နိုင်ငံရေးသမားများ အပေါ်ထားရှိသော(ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏  အငြှိုး၊ အတေးနှင့်အာဃာတဖြစ်သည်။
ဤသဘောထားမှာ သမ္မတ(ဗိုလ်)ဦးသိန်းစိန်အပါအဝင် (ကာလုံ)၊ လက်ရှိအစိုးရအဖွဲ့နှင့်ကြံ့ဖွံ့ပါတီတို့၏ ကွဲလွဲမှုမရှိသော ဘုံသဘောထားလည်းဖြစ်သည်။ ယင်းကိစ္စအပေါ် သူတို့အချင်းချင်းအကြား ကွဲလွဲမှု(လုံးဝ)မရှိချေ။
ကွဲလွဲသည်ဟု ထင်လျှင်/မြင်လျှင်ထိုသို့ထင်သူ/မြင်သူများ၏ ရိုးအမိုက်မဲမှုသာဖြစ်ပါလိမ့်မည်။
ထို့အပြင် (နဝတ-နအဖ) စစ်အစိုးရကျူးလွန်ခဲ့သော အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး သတ်ဖြတ်ခဲ့မှုမှန်သမျှအားကာကွယ်နိုင်ရန် “၂၀၀၈  အခြေခံ ဥပဒေ” ပုဒ်မ ၄၄၅ ဖြင့် အကာအကွယ်ယူထားသေးသည်။
သို့ဖြင့် သမ္မတ(ဗိုလ်)ဦးသိန်းစိန်က “မတ် ၁ ရေဒီယိုမိန့်ခွန်း”ထဲတွင်  “နိုင်ငံရေးအကျဉ်းသား” ဟု မသုံး။
“လက်ကျန် အကျဉ်းသားစိစစ်ရေးကော်မတီ” ဟုသာသုံးသည်။
နိုင်ငံရေး“ယုံကြည်ချက်”ဟုပင်မသုံး။ “ယုံကြည်ချက်အကျဉ်းသား” (Prisoner of conscience) ဆိုသည့် စကားလုံးနှင့်တူနေမည်စိုးသဖြင့် တမင်ရှောင်လွှဲသည့်သဘောဖြစ်သည်။ “မတူညီတဲ့ နိုင်ငံရေးခံယူချက်၊ သဘောထားများကြောင့် ခေတ်စနစ်အခြေအနေအရ အကျဉ်းချ ခံခဲ့ရသူများ” ဟုသုံးသည်။
(နဝတ-နအဖ)စစ်အစိုးရခေတ်သည် မတူညီသောနိုင်ငံရေးခံယူချက် ၊ သဘောထားရှိသူများကို အကျဉ်းချရုံသာချထားခဲ့ခြင်းမဟုတ်၊ စစ်ကြောရေးနှင့်အကျဉ်းထောင်များထဲတွင် နိုင်ငံရေးသမားများ၊ နိုင်ငံရေးတွင်ပါဝင်လှုပ်ရှားခဲ့သူများကို မသေမချင်း ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့သောခေတ်စနစ်ဖြစ်ပါသည်။
အချို့ စစ်ကြောရေးတွင်၊ အချို့ အကျဉ်းထောင်ထဲ၌ အသက်ဆုံးရှုံးခဲ့ကြရသည်။  အချို့မှာမူထောင်ထဲတွင် သေတော့မည်ဆိုတာသိသဖြင့် ထောင်မှလွှတ်ပေးပြီးနောက် ထောင်ပြင်ပတွင်သေဆုံးကြရသည်။
ယနေ့အထိလည်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများရှိနေဆဲဖြစ်သည်။
နိုင်ငံရေးလှုပ်ရှားမှုများနှင့်ဆန္ဒပြမှုများကို အကြမ်းဖက်ဖိနှိပ်ဖြိုခွဲနေဆဲဖြစ်သည်။ လက်ပံတောင်းတွင် မီးလောင်ဗုံးဖြင့် အကြမ်းဖက်မှုနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာလယ်သမားများကို ရဲက သေနတ်ဖြင့်ပစ်ခတ်ခြင်းတို့ သည်ထင်ရှားသော သက်သေများပင်ဖြစ်သည်။
သမ္မတ (ဗိုလ်) ဦးသိန်းစိန်၏ မတ်လ ၁ ရက်နေ့ “ရေဒီယိုမိန့်ခွန်း” သည် ဘာမျှမဟုတ်။ ကြွားလုံးထုတ်မှု ၊ လိမ်ညာလှည့်စားမှုနှင့် အငြှိုး အာဃာတကိုဖေါ်ပြခြင်းမျှသာဖြစ်သည်။
တူမောင်ညို (၂၀၁၃ ခုနှစ်၊ မတ်လ ၅ ရက် )