တူမောင်ညို (၂၀၁၃
ခုနှစ်၊ မတ်လ ၅ ရက်)
မူနှင့်သဘောထားကိုဖေါ်ပြဖို့ဆိုလျှင် “ဝေါဟာရ၊စကားလုံး”တို့ဖြင့်ဖေါ်ပြရမည်သာဖြစ်သည်။
သုံးစွဲဖေါ်ပြသော “ဝေါဟာရ၊စကားလုံး”တို့၏
အနုအရင့်၊ အပျော့အမာအပေါ်မူတည်ပြီး သုံးစွဲသူ၏သဘောထားကို ရှင်းလင်းစွာသိရှိနိုင်သည်။
တစ်ခါတစ်ရံ လေသံ၊ ဟန်ပန်အမူအရာဖြင့်လည်း သဘောထားကိုဖေါ်ပြကြစမြဲဖြစ်သည်။
သမ္မတ
(ဗိုလ်)ဦးသိန်းစိန်သည် သူတို့ချမှတ်ထားသော မူ/သဘောထားအပေါ်စွဲမြဲစွာရပ်သည်ဟု ပြောရမည်ထင်သည်။
“နိုင်ငံရေးအကျဉ်းသားမရှိ” ဟူသောသဘောထားကို
သမ္မတ(ဗိုလ်)ဦးသိန်းစိန်အပါအဝင် ကြံ့ဖွံ့အစိုးရတစ်ဖွဲ့လုံးနှင့် ကြံ့ဖွံ့အမတ်အားလုံးက
တညီတညာတည်း ယနေ့အထိ စွဲကိုင်ထားကြဆဲဖြစ်သည်။
အဆိုပါသဘောထားကို
အလွယ်တကူစွန့်လွှတ်မည့်အရိပ်အယောင်မျှပင် ယနေ့အထိ မတွေ့မြင်မိသေးပါ။
“နိုင်ငံရေးအကျဉ်းသားမရှိ” ဟူသောသဘောထားသည်
(နဝတ-နအဖ) စစ်အစိုးရ၏သဘောထားဖြစ်သည်။
ယင်းသဘောထားကို
(နဝတ-နအဖ) စစ်အစိုးရ၏ အာဏာအမွေခံဖြစ်သော (ဗိုလ်)ဦးသိန်းစိန်တို့ကြံ့ဖွံ့အစိုးရက
ဆက်ခံထာ ခြင်းဖြစ်သည်။ ကာကွယ်နေခြင်းဖြစ်သည်။
သူတို့သည်“၁၉၈၈
ဒီမိုကရေစီအရေးတော်ပုံကြီး”ကို “မင်းမဲ့စရိုက် ဆူပူသောင်းကျန်းမှု/
တိုင်းဆူပြည်ဖျက်လုပ်ရပ်” ဟု သဘောထားကြသူများ ဖြစ်သည်။ သို့အတွက် “၁၉၈၈ဒီမိုကရေစီအရေးတော်ပုံကြီး”
တွင် နည်းလမ်းပုံစံမျိုးစုံဖြင့်ပါဝင်ကြခဲ့သော “အရေးတော်ပုံတပ်သား”
မှန်သမျှသည် သူတို့အတွက် ဆူပူသောင်းကျန်းသူ၊
ဥပဒေချိုးဖောက်သူများသာဖြစ်နေတော့သည်။
“၁၉၈၈
ဒီမိုကရေစီအရေးတော်ပုံကြီး” သည် (မဆလ)တစ်ပါတီအာဏာရှင်စနစ်ကို ဖယ်ရှားပစ်ခဲ့သည်။
(နဝတ-နအဖ)စစ်အစိုးရသည် “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ကို
အကြမ်းဖက်ချေမှုန်းပြီး အာဏာယူခဲ့ခြင်းဖြစ်သည်။
အကယ်၍သာ “နိုင်ငံရေးအကျဉ်းသား
သို့မဟုတ် နိုင်ငံရေးအကျဉ်းသားရှိသည်” ဟု အသိအမှတ်ပြုလိုက်မည်ဆိုလျှင်
“၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး” ကိုပါအသိအမှတ်ပြုရတော့မည်။
ယင်းသို့အသိအမှတ်ပြုလိုက်လျှင် (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှ ယနေ့အထိ
အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်ခဲ့မှုမှန်သမျှကို ဝန်ခံရတော့မည်။ တာဝန်ယူရတော့မည်။
တာဝန်ခံရတော့မည်။
ယင်းသို့
အသိအမှတ်မပြုနိုင်၊ ဝန်မခံနိုင်၊ တာဝန်မယူနိုင်သဖြင့် “နိုင်ငံရေးအကျဉ်းသားမရှိ”
ဟုမျက်စိမှတ်ငြင်းကွယ်နေခြင်းဖြစ်သည်။ စကားလုံးဝေါဟာရအရအငြင်းပွားနေခြင်းမဟုတ်။
နိုင်ငံရေးသဘောထားပြဿနာဖြစ်သည်။
ကြံ့ဖွံအစိုးရသက်တမ်း
၂ နှစ်တာကာလအတွင်း “လွတ်ငြိမ်းချမ်းသာခွင့်” ဆိုသည်ကို တစ်ခါမျှပင်မပေးခဲ့ချေ။
(ဗိုလ်) ဦးသိန်းစိန်သည် “၂၀၀၈ အခြေခံဥပဒေ” ပုဒ်မ ၂၀၄ (က)အရ “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်”
သာပေးခဲ့သည်။
ထိုသို့လွှတ်ပေးခဲ့သော
“အကျဉ်းသား”များကိုလည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ၄၀၁(၁)အရ ပြစ်မှုကြွေးကျန်“နှောင်ကြိုးတည်း၍
လွှတ်ပေးခြင်း”သာဖြစ်သည်။
ဤသို့သော
အခြေအနေအချက်အလက်များအရပြောရလျှင် “နိုင်ငံရေးအကျဉ်းသားမရှိ” ဟူသောသဘောထားသည်
သမ္မတ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအတွက် ဘယ်လိုမှ မပြောင်းလဲနိုင်သော၊
အလျှော့မပေးနိုင်သောသဘောထားဖြစ်သည်။ နိုင်ငံရေးသမားများ အပေါ်ထားရှိသော(ဗိုလ်) ဦးသိန်းစိန်
ကြံ့ဖွံ့အစိုးရ၏ အငြှိုး၊ အတေးနှင့်အာဃာတဖြစ်သည်။
ဤသဘောထားမှာ
သမ္မတ(ဗိုလ်)ဦးသိန်းစိန်အပါအဝင် (ကာလုံ)၊ လက်ရှိအစိုးရအဖွဲ့နှင့်ကြံ့ဖွံ့ပါတီတို့၏
ကွဲလွဲမှုမရှိသော ဘုံသဘောထားလည်းဖြစ်သည်။ ယင်းကိစ္စအပေါ် သူတို့အချင်းချင်းအကြား
ကွဲလွဲမှု(လုံးဝ)မရှိချေ။
ကွဲလွဲသည်ဟု
ထင်လျှင်/မြင်လျှင်ထိုသို့ထင်သူ/မြင်သူများ၏ ရိုးအမိုက်မဲမှုသာဖြစ်ပါလိမ့်မည်။
ထို့အပြင် (နဝတ-နအဖ)
စစ်အစိုးရကျူးလွန်ခဲ့သော အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး သတ်ဖြတ်ခဲ့မှုမှန်သမျှအားကာကွယ်နိုင်ရန်
“၂၀၀၈ အခြေခံ ဥပဒေ” ပုဒ်မ ၄၄၅ ဖြင့် အကာအကွယ်ယူထားသေးသည်။
သို့ဖြင့် သမ္မတ(ဗိုလ်)ဦးသိန်းစိန်က
“မတ် ၁ ရေဒီယိုမိန့်ခွန်း”ထဲတွင် “နိုင်ငံရေးအကျဉ်းသား” ဟု မသုံး။
“လက်ကျန်
အကျဉ်းသားစိစစ်ရေးကော်မတီ” ဟုသာသုံးသည်။
နိုင်ငံရေး“ယုံကြည်ချက်”ဟုပင်မသုံး။
“ယုံကြည်ချက်အကျဉ်းသား” (Prisoner of conscience) ဆိုသည့် စကားလုံးနှင့်တူနေမည်စိုးသဖြင့်
တမင်ရှောင်လွှဲသည့်သဘောဖြစ်သည်။ “မတူညီတဲ့ နိုင်ငံရေးခံယူချက်၊
သဘောထားများကြောင့် ခေတ်စနစ်အခြေအနေအရ အကျဉ်းချ ခံခဲ့ရသူများ” ဟုသုံးသည်။
(နဝတ-နအဖ)စစ်အစိုးရခေတ်သည်
မတူညီသောနိုင်ငံရေးခံယူချက် ၊ သဘောထားရှိသူများကို အကျဉ်းချရုံသာချထားခဲ့ခြင်းမဟုတ်၊
စစ်ကြောရေးနှင့်အကျဉ်းထောင်များထဲတွင် နိုင်ငံရေးသမားများ၊
နိုင်ငံရေးတွင်ပါဝင်လှုပ်ရှားခဲ့သူများကို မသေမချင်း ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့သောခေတ်စနစ်ဖြစ်ပါသည်။
အချို့ စစ်ကြောရေးတွင်၊
အချို့ အကျဉ်းထောင်ထဲ၌ အသက်ဆုံးရှုံးခဲ့ကြရသည်။ အချို့မှာမူထောင်ထဲတွင်
သေတော့မည်ဆိုတာသိသဖြင့် ထောင်မှလွှတ်ပေးပြီးနောက် ထောင်ပြင်ပတွင်သေဆုံးကြရသည်။
ယနေ့အထိလည်း
အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများရှိနေဆဲဖြစ်သည်။
နိုင်ငံရေးလှုပ်ရှားမှုများနှင့်ဆန္ဒပြမှုများကို
အကြမ်းဖက်ဖိနှိပ်ဖြိုခွဲနေဆဲဖြစ်သည်။ လက်ပံတောင်းတွင် မီးလောင်ဗုံးဖြင့် အကြမ်းဖက်မှုနှင့်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာလယ်သမားများကို
ရဲက သေနတ်ဖြင့်ပစ်ခတ်ခြင်းတို့ သည်ထင်ရှားသော သက်သေများပင်ဖြစ်သည်။
သမ္မတ (ဗိုလ်)
ဦးသိန်းစိန်၏ မတ်လ ၁ ရက်နေ့ “ရေဒီယိုမိန့်ခွန်း” သည် ဘာမျှမဟုတ်။ ကြွားလုံးထုတ်မှု
၊ လိမ်ညာလှည့်စားမှုနှင့် အငြှိုး အာဃာတကိုဖေါ်ပြခြင်းမျှသာဖြစ်သည်။
တူမောင်ညို (၂၀၁၃
ခုနှစ်၊ မတ်လ ၅ ရက် )
0 comments:
Post a Comment