Saturday, March 2, 2013

ရန်သူကိုမိတ်ဆွေလုပ်ရေးနဲ့ပတ်သက်တဲ့အတွေးအခေါ် (ဆွေးနွေးချက်)

0 comments

ရန်သူကိုမိတ်ဆွေလုပ်ရေးနဲ့ပတ်သက်တဲ့အတွေးအခေါ်(ဆွေးနွေးချက်) (၂၀၀၉  ခုနှစ် ဗကပ အနှစ် ၇၀ မြောက်အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာတွေ့လို့ ပြန်ကူးယူပြီးတင်ခြင်းဖြစ်ပါတယ်။ ဆရာဒဂုန်တာရာလည်း လူကြီးနာ နာရှာပါပြီ။ မီးဇာကုန်ဆီခမ်းပါ။ သူ့တဘဝလုံး ရပ်ခံစွဲမြဲခိုင်ကျည်လာတဲ့ ”နိုင်ငံရေးဆိုတာ ရန်သူကိုမိတ်ဆွေ လုပ်ခြင်း”ဆိုတာနဲ့ပတ်သက်လို့ သူနဲ့တချိန်တုန်းကရော၊ တချိန်လုံးရော၊ ဘယ်တုန်းကမှရော ရန်သူမဖြစ်ခဲ့ဘူးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အမြင်ကို ခုနေချိန်မှာတင်ပြတာ ကောင်းမယ်တွေးမိလို့ပါ။ ဒါမှ သူနဲ့ သူ့ရန်သူမဟုတ်တဲ့ ပါတီအကြားမှာ ဒီအယူအဆနဲ့ပတ်သက်လို့ ဘယ်ပုံအကောက်အယူရှိကြတယ်ဆိုတာ နှိုင်းယှဉ်ချိန်ထိုးကြည့်စရာ အထောက်အမ ဖြစ်မယ်ထင်ပါတယ်။ ပြည်သူ့အာဏာဂျာနယ် အမှတ်(၃၁) သြဂုတ်၊ ၂၀၀၉  ခုနှစ်။ မူရင်းစာ ထုတ်ဝေရေးသားခဲ့ချိန်ကိုသတိပြုကြစေလိုပါတယ်။ (မျိုးမြင့်ချိ)

(၁) ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တဲ့အတွေ့အကြုံတွေ မိမိတို့မှာလည်းရှိပါတယ်။ ပြည်ပအတွေ့အကြုံတွေလည်း လေ့လာဖူးပါတယ်။ တွေ့ရှိရတာက မိမိတို့ရန်ပွဲထက် ပိုပြီးကြီးကျယ်တဲ့ခြိမ်းခြောက်မှုကြီး၊ အန္တရာယ်ကြီးကို(၂)ဘက် စလုံးကမြင်ကြမှ၊ အသိအမှတ်ပြုကြမှ မိတ်ဆွေဖြစ်အောင်လုပ်ရေး အောင်မြင်တာပဲ။ ၁၉၃၈-၃၉  က မိမိတို့နဲ့ အင်္ဂလိပ်ဟာရန်ဘက်ပဲ။ ဒါပေမယ့် ဂျပန်ဖက်ဆစ်ဝါဒရဲ့ခြိမ်းခြောက်မှုကြီး အန္တရာယ်ကြီးပေါ်လာတော့ မိတ်ဆွေဖြစ်ရေးကို စတင်ပြီးကြိုးစားခဲ့တာပဲ။ အင်္ဂလိပ်ဘက်က အင်တင်တင်လုပ်ခဲ့ပေမယ့် နောက်ဆုံးကျတော့ မိတ်ဆွေဖြစ်သွားကြတာပဲ။ ဒါက ကိုယ်ပိုင်အတွေ့အကြုံဖြစ်တယ်။
ပြည်ပအတွေ့အကြုံကိုလေ့လာတော့လည်း ဒီလိုပဲတွေ့ရတာပဲ။ ရုရှားနဲ့အင်္ဂလိပ် ရန်ဘက်ဖြစ်နေတာကနေ ဟစ်တလာနာဇီတို့ရဲခြိမ်းခြောက်မှုကြီး စစ်အန္တရာယ်ကြီးကျရောက်လာတော့ မိတ်ဆွေဖြစ်သွားကြတာပဲ။ အိမ်နီးခြင်းတရုတ်ပြည်ကို လေ့လာတော့လည်း ဒီလိုပဲတွေ့ရတယ်။ အခုဆိုရင် တရုပ်ပြည်ကွန်မြူနစ်ပါတီ (CPC)နဲ့ ကုမင်တန် (KMT)တကျော့ပြန်ပြီး မိတ်ဖက်ဖြစ်နေကြပြန်ပြီ။ ဘာကြောင့်လဲ ပိုကြီးတဲ့ခြိမ်းခြောက်မှုကြီးကို (၂)ဘက်စလုံးကမြင်ကြလို့ပဲ။ (၂)ဘက် စလုံးကမြင်ကြမှ အသိအမှတ်ပြုကြမှလည်း အောင်မြင်တာပဲ။ တဘက်တည်းမြင်နေလို့ကတော့ ဘာမှဖြစ်မလာနိုင်ဘူး။

(၂) လက်တွေ့ကျကျ စဉ်းစားကြရမယ်။ နဝတ/နအဖက NLD ကို ”ဘုံရန်သူ”လို့သတ်မှတ်ထားတယ်။ ထွက်သမျှစာနယ်ဇင်းမှာ ရှေ့ဆုံးကနေပြီးဖော်ပြခိုင်းထားတယ်။ ချေမှုန်းကြရမယ်လို့လည်း ဆိုထားတယ်။ ဒီလိုသဘောထားရှိသူကို ”မိတ်ဆွေ”ဖြစ်အောင် ဘယ်လိုမှ မလုပ်နိုင်ပါဘူး။ ဒါ့ကြောင့် စေ့စပ်ဆွေးနွေးပြီး ရင်ကြားစေ့ရအောင်လို့ NLD အာပေါက်မတတ်ပြောနေတာပဲ။ SPDC ဗိုလ်သန်းရွှေတို့ကတော့ အဲ့ဒီလိုမမြင်ဘူး။ ”၂၀၀၈ အခြေခံဥပဒေ”ရဲ့အာဏာသက်ရောက်လာရင် ”ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်”ဖြစ်လာမယ်လို့ မြင်နေတယ်။ ”ပြည်တွင်းပြည်ပ အဖျက်သမားတွေကိုဘုံရန်သူအဖြစ်” ချေမှုန်းပစ်ရမယ်လို့ ဆော်သြနေတယ်။ လက်တွေ့လည်းလုပ်နေတယ်။ အခုဆိုရင် အင်းစိန်ထောင်ထဲမှာ NLD ချေမှုန်းရေးလုပ်နေတယ်။ မိတ်ဆွေဖြစ်လာဖို့နေနေသာသာ ရန်ပွဲကပိုပြီးကြီးလာမယ့်အခြေအနေရှိတယ်။

(၃) သူ့ဘက်က မမြင်ရင်လည်း မြင်တဲ့ဘက်က လျှော့ပေးလိုက်လို့ပြောရင်တော့ အဲဒါဟာ ”မူ”မဲ့တဲ့ကျေအေးရေးပဲ။ သစ္စာဖေါက်မှုပဲဖြစ်လိမ့်မယ်။ ”မူ”ပေါ်မှာကြံ့ကြံ့ခိုင် နည်းနာမှာပျော့ပျောင်းဖို့ပဲလိုတယ်။ မူမဲ့တဲ့ကျေအေးရေးလုပ်ရင် ပြည်သူကလက်မခံဘူး။ ဒဏ်ခတ်လိမ့်မယ်။ ဦးနု”ပထစ”အကျနာတာကို သင်ခန်းစာယူရမယ်။ ဦးနုလည်း ”ရန်သူကို မိတ်ဆွေဖွဲ့ခဲ့တာပဲ”မဟုတ်လား။ ဒီ့အရင်ကလည်း ”စော၊ စိန်၊ မော်” အကျနာခဲ့တယ်မဟုတ်လား။

(၄) ရန်သူကမိတ်ဆွေဖြစ်ဖို့ဆိုရင် “ပြည်တွင်းပြည်ပအဖျက်သမားများအား ဘုံရန်သူအဖြစ်ချေမှုန်းကြ”ဆိုတဲ့ သဘောထားကိုဖြုတ်ပေးတာက အစချီပါ။ ဒုတိယက ”နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးပါ”။ တတိယခြေလှမ်းက ”စေ့စပ်ဆွေးနွေးပါ”။ အဲ့ဒီခြေလှမ်း(၃)လှမ်း SPDC ကလှမ်းရင် မိတ်ဆွေဖြစ်ဖို့နီးစပ်ပါပြီ။ နအဖက ဒီခြေလှမ်း လှမ်းမယ့်အရိပ်အယောင်မတွေ့ရသေးပါဘူး။ ဒီခြေလှမ်း(၃)လှမ်းသာလှမ်းရင် ဘယ်သူနဲ့မဆိုမိတ်ဆွေဖြစ်မှာပဲ။

(၅) ”လက်တွေ့နိုင်ငံရေး”ထောင့်က ချဉ်းကပ်ပြီးတဲ့နောက်မှာ အတွေးအခေါ်(အဘိဓမ္မာ)ထောင့်က ချဉ်းကပ်ကြည့်ကြပါဦးစို့။ ကွန်မြူနစ်တွေယုံကြည်တာက ဆန့်ကျင်ဘက်ခြင်းပေါင်းစည်းရေး(ညီညွတ်မှု)ဟာ အခြေအနေတခုသာဖြစ်ပါ တယ်။ ယာယီသာဖြစ်ပါတယ်။ နှိုင်းယှဉ်ချက်အရသာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်ခြင်းတိုက်ခိုက်မှုကတော့ အကြွင်းမဲ့ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

ညီညွတ်မယ်ဆိုရင် ဘာအတွက်ညီညွတ်ကြမှာလဲ။ ရန်ဖြစ်ရမှာကြောက်သွားလို့လား။ ပျင်းသွားလို့လား။ ကိုယ့်ဘက်ကရှူံးမှာပဲလို့ထင်လို့လား။ အဲ့ဒီလိုညီညွတ်ရေးမျိုးဆိုရင် ကြာရှည်မခံပါဘူး။ ကျနော်တို့ရဲ့ ဦးသိန်းဖေ(မြင့်)ဟာ ”ရှက်ကိုးရှက်ကန်းမာ့က်စ်ဝါဒီ”အဖြစ်နဲ့ပဲ ဘဝနိဂုံးချုပ်သွားရပါတယ်။ သူဟာ ဦးနု ဦးကျော်ငြိမ်း၊ ဗိုလ်နေဝင်းတို့နဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်။ ဦးကျော်ငြိမ်းကဆိုရင် ”ဗကပ”ကို မတရားသင်း မကြေညာပဲထားပါသေးတယ်။ ဦးသိန်းဖေ (မြင့်)က ဗကပကို အပိုင်စီးနိုင်လိမ့်မယ်ထင်လို့ပါ။ အဲ့ဒီ ဦးကျော်ငြိမ်းရဲ့လှည့်ကွက်ကြောင့်ပဲ အထက်ဗမာပြည်မှာ ပြဿနာပေါ်ဖူးတယ်။ ကွန်မြူနစ်ဖမ်းပွဲကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ခရိုင်ခေါင်းဆောင်တွေ မတ်လ ၃၀ ရက်နေ့မှာ ”မိုးစပ်တောင်ဆွေးနွေးပွဲ” လုပ်တယ်။ ၃ ခရိုင် မြင်းခြံ၊ စစ်ကိုင်း၊ ကျောက်ဆည်ကလူတွေတက်ပါတယ်။ အများစုက လက်နက်ကိုင်တိုက်ဖို့ ပြောကြတယ်။ မြင်းခြံသံမဏိမောင်မောင်(ကိုအောင်သူ)ကတော့ ပါတီကိုမတရားသင်းကြေညာတာမဟုတ်ဘူး။ ဗဟိုရဲ့ညွှန်ကြားချက်(လက်နက်ကိုင်တိုက်ပွဲတိုက်ဖို့) လည်းမရှိဘူး။ လက်ဝဲကျွံနေတဲ့ခင်ဗျားတို့ကိုသာဖမ်းတာပဲ။ မြို့ပေါ်မှာ ပါတီဆိုင်းဘုတ်တွေ ဖြုတ်မပစ်ပဲထားတာကြည့်ပါ။ ဒါ့ကြောင့် သူကတော မြင်းခြံပြန်မယ်။ ဗဟိုနဲ့ဆက်မယ်။ ခင်ဗျားတို့ကို လက်ဝဲကျွံနေတဲ့လူတွေအဖြစ် ပါတီကထုတ်ပစ်တဲ့ကြေညာချက်ထုတ်မယ်လို့ပြောပြီး မြင်းခြံပြန်သွားတယ်။ နောက်ကျမှသိရတာက သူ ”မန္တလေးထောင်ထဲရောက်နေတယ်”ဆိုတာ သိရတာပဲ။ ကိုသိန်းဖေအဖြစ်မရှိမှန်း ကိုကျော်ငြိမ်းသိမှ မတရားသင်းကြေညာတာပဲ။ ဒီကိစ္စရေးရတာက "NLD" အစဉ်းစားမမှားဖို့ ရေးတာပဲ။

(၆) အခု ဖဆပလ တို့ ဆိုရှယ်လစ်တို့ ပြန်ပြီးထူထောင်မယ်ဆိုရင် နအဖအပေါ် သူတို့ရဲသဘောထားလည်းသိရရင် အားပေးမှာပါ။ ဒါကို ”ရန်သူကိုမိတ်ဆွေဖြစ်အောင်” လုပ်တာပဲလို့ပြောရင်ရပါတယ်။ ထာဝရရန်သူ ထာဝရမိတ်ဆွေဆိုတာ မရှိနိုင်ပါဘူး။ ဘယ်သမိုင်းတကွေ့မှာ ဘယ်လိုရပ်တည်ခဲ့သလဲဆိုတာကိုပဲ ကြည့်ရမှာပါ။ ပြည်ပရေးရာမှာဆိုရင်လည်း ဒီလိုပဲချဉ်းကပ်ရပါမယ်။ သမိုင်းဆိုတာ နောက်ပြန်ရစ်ကြည့်လို့သာရပါတယ်။ ရှေ့ကိုရစ်ကြည့်လို့မရပါဘူး။ ဒီကိစ္စ နောင်မှာ ဆွေးနွေးသင့် ဆွေးနွေးကြတာကောင်းပါတယ်။ အခုတော့ ပစ္စုပ္ဗန်နဲ့အနာဂတ်ကိုပဲကြည့်တာ ကောင်းပါလိမ့်မယ်။

0 comments:

Post a Comment