အရင်ဆုံး
ပွင့်လင်းလောက်နဲ့လွှတ်ပြီးစမ်းကြည့်တာ နှစ်ပယ်ရှင်းနည်း တိတိကျကျအောင်မြင်တယ်လို့ သူတို့ဘက်ကယူဆပုံပဲ။
အခေါင်းမီးရှို့ ပြလိုက်တာကိုး။ ပွင့်လင်းလည်း ပွင့်ကျသွားပြီး လက်လျှို၊ လူလဲ၊ ဝစီပိတ်နေလိုက်ရတယ် မဟုတ်လား။
နောက်တပွဲ သွေးတိုးစမ်းဖို့ ချောင်းနေတုန်းမှာ ဥပဒေစိုးမိုးရေးကြွေးကြော်နေသူကို ဖျူ့စ်ခံပြီး
ပွင့်လင်းပါထပ်ကြိတ်ချိန်မှာ ပွင့်လင်းလက်ရှောင်တော့ စုံ/ကော်ကို ချုံပေါ်တင်ပြီး ပေါက်ကောင်ဖွင့်ချလိုက်တယ်။
စုံ/ကော်ကလည်း ကြံ့မကြီး ရှေ့ကနေလမ်းကော်ရှင်းသလိုရှင်းတော့ နောက်ကပါတဲ့ကြံ့သားပေါက်
သစ်တုံးပိအသက်ရှူံးတာသာ အဖတ်တင်လေတယ်။ အပြီးသတ်အစီရင်ခံစာနဲ့ ဦးပိုင်ကို ရွှေနားတော်သွင်းဧချင်းသွင်းပြီး
ဒေသခံတွေကိုမျက်ဖြေလင်္ကာဆက်စေတာပဲ။ ဒီတခေါက် အထည်ကြီးနဲ့အညှာကိုင်ပွဲသိမ်းရေးစမ်းသပ်ပွဲလည်း
တွက်ချေကိုက်သားလို့တွေးမယ့်သဘောရှိတယ်။ ရွှေနားတော်ဧမြသွားရသူတို့က လက်ခမောင်းခတ်ပြီး
“အလိုတော်အတိုင်းပါခင်ဗျား”လုပ်ချိန်မှာ နင်းပြားတွေက အစီရင်ခံစာအလိုမရှိဆိုပြီး အတိအလင်းပြောလိုက်ကြတယ်မဟုတ်လား။
အရင်တကြိမ်အသွားစေခိုင်းစဉ်က ကားလမ်းဘေးမြေကြီးပေါ် ဆောင့်ကြောင့်လေးတွေထိုင်လို့ အားကိုးတကြီးကန်တော့ခဲ့ကြသူတွေဟာ
အစီရင်ခံစာအလိုမရှိလို့ ကြွေးကြော်ကြပြီမဟုတ်လား။ ဘယ်သူမင်းဧရာဇ်လဲ ဘယ်သူမိဘုရားလဲ
ဘယ်သူသောနုတ္ထိုရ်လဲ ခွဲမြင်/တွဲမြင်လည်း မြင်ကြတယ်ထင်ပါရဲ့။ လူထုဟာ သူတို့နဲ့အတူရပ်မယ့်ခေါင်းဆောင်ကို အစဉ်အမြဲအလိုရှိတာပဲမဟုတ်လား။ ခု သူတို့ပြောတဲ့အလိုမရှိဟာ “လူ”ကိုမဟုတ်ဘူး။
“မူ”ကို ဖြစ်တယ်ဆိုတာ အထင်အရှားပြတာပဲမဟုတ်လား။ “လူ”ဟာ “မူ”မမှန်တော့ဘူးဆိုရင်တော့
မူနဲ့လူတတန်းထဲကျရတယ်မဟုတ်လား။ လူမှာ၊ နိုင်ငံရေးမှာ၊ နိုင်ငံရေးလူမှာ လူနဲ့မူကွဲဖို့လိုသလို
လူမှာ မူရှိဖို့/မှန်ဖို့လိုတယ်မဟုတ်လား။ ခု “လူထုနဲ့ လူထုနိုင်ငံရေး”သဘောကို မျက်ဝါးထင်ရတယ်
မဟုတ်လား။ လှုပ်ရှားမှုတိုင်းမှာ တန်ပြန်လှုပ်ရှားမှုတွေ လမ်းလွှဲပေးမှုတွေ အတွင်းဝင်သပ်လျှိုဖြိုခွဲမှုတွေ
သူ့လူကိုယ့်ဘက်သားတွေ ပဉ္စမံတပ်သားတွေ ဒလျှိုဒလန်တွေလည်း ပါစမြဲမဟုတ်လား။ “မူ”ဆန့်ကျင်ရေးကနေ
“လူ”ဆန့်ကျင်ရေးကို လမ်းလွှဲပေးလာနိုင်စရာက စစ်နဲ့စစ်တပိုင်း၊ အရေခြုံအရပ်သားအစိုးရဆိုတာပဲ။
ဦးပိုင်ဟာ
စစ်မျိုးဆက် အဆက်ဆက်စာတည်တန့်စေဖို့ရည်ရွယ်ထူထောင်တဲ့ စစ်အုပ်စုအကျိုးစီးပွားပဲ။ ဘယ်သူမှ
မထိဘူး။ ထိလို့မရဘူး။ လက်ပန်းတောင်းဟာ မြစ်ဆုံမဟုတ်ဘူး။ မြစ်ဆုံမှာ ဦးပိုင်အကျိုးစီးပွားပြောရလောက်အောင်မရှိဘူး။ စစ်ဗိုလ်တဦးချင်းနဲ့စစ်ခရိုနီတွေရဲ့ တစ်ကိုယ်ရည်အကျိုးတွေသာ များတယ်။
စစ်အုပ်စုဟာလိုအပ်ရင် ခရိုနီတွေကိုထိုးကြွေးဖို့ ဘယ်တုန်းကမှဝန်လေးခဲ့တာမရှိဘူး။ ဒါ့ကြောင့်
မြစ်ဆုံကို အချိန်ဆွဲကစားလို့ရတယ်။ လက်ပန်းတောင်းဟာ ဦးပိုင်ဖြစ်တယ်။ ဝမ်ပေါင်ဟာ လူတွင်ပါလို့နွားကျားကိုက်တာပဲ။
ဦးပိုင်အလိုမတူရင် ဝမ်ပေါင်က လက်ပန်းတောင်းကိုအပျိုရည်ဖျက်လို့မရဘူး။ ပန်းဦးလွှတ်ခွင့်ပြုသူဟာ
ဦးပိုင်ပဲ။ “ဦးပိုင်” ကို “အများပိုင်ကုမ္ပဏီ”အဖြစ်မပြောင်းနိုင်သမျှ နောက်ထပ် “ဝမ်ပေါင်တွေ”လာနေဦးမှာပဲ။
နောက်ထပ် လက်ပန်းတောင်းတွေပေါ်ဦးမှာပဲ။ လက်ပန်းတောင်းဟာ ဦးပိုင်၊ စစ်အကျိုးစီးပွား၊
ထိပါးသူဟာ သူ့ရန်သူပဲ။ ရန်သူဆိုရင် ရန်သူလိုချေမှုန်းမှာပဲ။ သူက “ရန်သူကိုမိတ်ဆွေဖြစ်ရေး”တွေးရလောက်အောင် မယဉ်ကျေးဘူး။ သဘောထားမကြီးဘူး။
ဒေသခံလူထုအတွက်တော့
လက်ပန်းတောင်းဟာ ဘဝပဲ၊ အသက်ပဲ၊ အနာဂတ်ပဲ၊ မျိုးဆက်ဆိုင်ရာ အရေးပဲ။ သူတို့ဘဝ အသက် အနာဂတ်
မျိုးဆက်ကိုထိပါးလာရင် အဲ့ဒီဘဝ အသက် အနာဂတ် မျိုးဆက်တွေနဲ့ကိုရင်းပြီး ခုခံကြမှာပဲ ကာကွယ်ကြမှာပဲ။
လိုအပ်ရင် ပြန်တွန်းလှန်မှာပဲ။ ပိုလိုအပ်ရင် ပိုတွန်းတင်ကြမှာပဲ။ အဲ့သလိုတွန်းတင်တဲ့အခါမယ်၊
ဦးပိုင်ကိုဦးတည်တိုက်တဲ့အခါ ဝမ်ပေါင်လည်းပါမှာပဲ။ ဦးပိုင်နဲ့ဝမ်ပေါင်ကို (အကြောင်းပြချက်နဲ့စကားလုံးလှလှတွေ
ကြွယ်ကြွယ်ဝဝသုံးပြီး) ကာကွယ်သူလည်း ကျွဲကူးရေပါ ပါသွားမှာပဲ။ အဲ့သလောက်အထိဖြစ်မလာဖို့
အပေးအယူလုပ်ရမှာပဲ။ မျှတတဲ့အပေးအယူဖြစ်ဖို့ လူထုအသံနားထောင်ဖို့ပဲ။ အသံပေါ်ဟပ်မယ့်နည်းလမ်း
ကြံဆဖို့ပဲ။ လတ်တလောမှာကိုပဲ ထောက်ပြသူတွေများလှပြီ။ မပြည့်စုံသေးဦးတောင် အလေးအနက်စဉ်းစားရမယ့်အချက်အလက်တွေ အမြင်တွေ ကောက်ချက်တွေများများ လာတာတွေ့ရတယ်။ ဝမ်းသာစရာလို့ မြင်တယ်။
ပြဿနာကိုဇစ်မြစ်ကနေ စ ကိုင်တွယ်ဖို့အခွင့်အလမ်းရတုန်း မိမိရရဆုပ်ကိုင်စေ့ချင်တယ်။ မျက်လုံးအတွက်မျက်လုံးလည်းမဟုတ်တဲ့
လျော်ကြေးပေးပြီးပါးရိုက်တာ/ပါးရိုက်ပြီးလျော်ကြေးပေးတာလည်းမဟုတ်တဲ့နည်းလမ်းကိုသာ ကြံဆစေ့ချင်တယ်။
အဲ့သလိုမဟုတ်ရင် ရှေ့လျှောက် ပေါက်ရဦးမယ့်/ဖေါက်ရဦးမယ်မျက်လုံးတွေ၊ ပါးရိုက်မှုတွေနဲ့သာအတိပြီးနေရော့မယ်။
မျိုးမြင့်ချို
မတ် ၁၄ ရက် ၂ဝ၁၃
0 comments:
Post a Comment