Wednesday, December 30, 2015

မယ်သာကီနဲ့မောင်ရက္ခိတတွေပါးတဲ့မြေ

0 comments
(မယ်သာကီနဲ့မောင်ရပ္ခိတတွေပါးတဲ့မြေ)
ဖို့တ်ဝိန်းက မြန်မာပြည်သားပိုင် စားသောက်ဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေမှာ ထိုင်းနိုင်ငံလုပ်ပစ္စည်းက ရာခိုင်နှုန်းအားဖြင့် များတယ်။ အေရှန်မားကတ်ဆို ထိုင်းအမျိုးသမီးကြီးတဦး ပိုင်တာပဲ။ ဗမာအစားအစာဆိုပြီး အမေရိကန်တချို့ စားစားနေကြတာက ထိုင်းစာတွေများတယ်။

ထိုင်း ဒုက္ခသည်စခန်းတွေမှာမွေးကြ ကြီးကြတဲ့ ဗမာပြည်သားမိဘတွေရဲ့ကလေးတွေဆို ထိုင်းစကားကို မိခင်ဘာသာစကားလိုကိုဖြစ်နေတာပဲ။ တချို့ဆို ဗမာလိုကို မတတ်တော့တာ။ ကရင်လို ထိုင်းလို အင်္ဂလိပ်လိုတွေပဲပြောကြတယ်။

လိပ်ကျွန်းလူသတ်မှု စီရင်ချက်ချတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဗမာပြည်ကလူတချို့ ထိုင်းပစ္စည်းတွေမသုံးဘူး ထိုင်းအစားအစာတွေမစားဘူး မရောင်းဘူးနဲ့ကြေငြာနေကြတယ်။ ဖို့တ်ဝိန်းကဆိုင်တွေသာ အဲ့သလိုလိုက်လုပ်ကြရင် ခက်တော့မှာပဲ။ ကျနော် တခါတခါ ဗိုက်ဆာရင် အိမ်မှာ မာမားတို့ ယမ်ယမ်တို့ပြုတ်သောက်တယ်။ ကြိုက်လွန်းလို့တော့ မဟုတ်ဘူး။ လွယ်တယ်မြန်တယ် ဈေးလည်းသက်သာ အချိန်လည်းမကုန်တော့ တွက်ချေကိုက်တယ်။ ကျနော့်ဇနီးက ဖာ့ကပေါင်ဆိုလားမသိဘူး အဲ့ဒီထိုင်းစာ အတော်ကြိုက်တာ။ စားလို့ပဲမဝနိုင်ဘူး။

ဗမာပြည်က အမျိုးသားရေးစစ်သွေးကြွတချို့လုပ်သလို ဒီကဗမာပြည်သားတွေ လိုက်မလုပ်ကြတာမှာ အမေရိကန်ရောက်နေတဲ့ဗမာပြည်သား ဒုက္ခသည်အများစုက ထိုင်းကနေတဆင့် လာကြတာလည်းဖြစ်၊ ထိုင်းမှာ တရားမဝင်ဘဝတွေနဲ့နေတုန်းက ခါးသီးတဲ့အတွေ့အကြုံတွေ မိမိတိုင်းပြည်နဲ့မိမိအစိုးရရဲ့ တာဝန်မဲ့ပုံတွေ အကာအကွယ်မဲ့ပုံတွေကို နောကြေလာကြသူတွေပဲ။ ဒါကတချက်။

အမေရိကန်ဟာ ဘာဆိုတာ အနေကြာတာနဲ့အမျှ ကောင်းကောင်းသဘောပေါက်လာကြပြီ။ ဒါကတချက်။

”အပြစ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အဲ့ဒီသေဒဏ်အချခံရဲ့ကလေး ၂ ယောက်ဟာ အစ္စလာမ်ဘာသာဝင် မွတ်ဆလင်မ်လေးတွေသာဆိုရင်”လို့ တွေးခေါ်မျှော်မြင်နိုင်စွမ်းတယ်။ ဒါကတချက်။

အမျိုးဘာသာသာနာနဲ့ ဇာတိပုညဂုဏ်မာနဆိုတာ နိုင်ငံရေးကစားတဲ့နေရာမှာ ဘယ်လောက်အသုံးဝင်ကြောင်းသိကုန်ကြတာက အဓိကအကျဆုံးအချက်ဖြစ်ပြီး ထိုင်းစာတွေစားကြ၊ ထိုင်းစကားတွေပြောကြ၊ ထိုင်းပစ္စည်းတွေသုံးကြနဲ့ လူမျိုးစုံဘာသာစုံနှောတဲ့ယဉ်ကျေးမှုမှာ နေသားတကျ ဖြစ်နေကြတာလည်းပါတယ်။

လိပ်ကျွန်းမှာမှ မဟုတ်ပါ(မျိုးမြင့်ချို)

0 comments
(လိပ်ကျွန်းမှာမှ မဟုတ်ပါ)

လိပ်ကျွန်းလူသတ်မှု သေဒဏ်စီရင်ချက်ချခံရတဲ့ကိစ္စမှာ လူတချို့ ဒီလောက် အုံးအုံးကျက်ကျက်ဖြစ်နေတာမြင်ရဲ့နဲ့ ခရိုနီတွေတကောင်တမြီးမှ  ရှေ့ထွက်လာတာ မတွေ့ရပါလား။ အရင့်အရင့်အကြိမ်တွေတုန်းကဆို သူ့ထက်ငါ အလုအယက်။

ခု နိုင်ငံရေးအနေအထားအရရော အမှုသွားအမှုလာအရရော စစ်အုပ်စုကိုယ်တိုင်ကလည်း လူမျိုးရေး ဘာသာရေးတွေ ဇာတိပုညဂုဏ်မာနတွေနဲ့ ပြဿနာတွေလုပ်ကြံဖန်တီးဖို့ နည်းနည်းကျပ်နေတာတော့ အမှန်ပဲ။

ကြံ့ဖွံ့ကိုင် ကစားရအောင်လည်း ခွက်ခွက်လန်အောင်အရှူံးပေါ်သွားပြီး ရှူးတိုက်ရင်တောင် ကိုက်ဖို့နေနေသာသာ ခဲနဲ့အပေါက်မခံရအောင် မနည်းအမြီးကုပ်နေရတဲ့ဘဝ။

ဒီတင် ဗိုလ်သန်းရွှေထွက်လာတယ်။ ကာလုံဥပဒေပြင်ဖို့လုပ်လာတယ်။ ၅၉(စ)ကို ခနဆိုင်းထားပြီး ဒေါ်စုကို သမ္မတပဲ ပေးလုပ်တော့မှာလိုလို လေသံပစ်လာတယ်။ အနောက်အုပ်စုဆီက နိုင်ငံရေးထောက်ခံမှုလိုချင်တာလည်း သည်းသည်းလှုပ်၊ စစ်ရေးနည်းပညာနဲ့ အကူအညီတွေရလိမ့်မလား မျှော်လင့်ချက်သွားရည်ကလည်း စက်လက်၊ အပိတ်အဆို့တခုမကျန် ပြန်ဖွင့်ပေးဖို့ တိုးလျှိုးရတာလည်း ဖတ်ဖတ်မောဆိုတော့ အရင်လို ဗြောင်လိမ်ဗြောင်စားလုပ်ဖို့ အတော်ချိန်ဆနေရဟန်ပဲ။

ဒါပေမယ်လို့ ဒီကိစ္စမှာ နောက်ကနေတော့ ခရိနီတွေရော၊ လက်ယဉ်နေတဲ့ လက်မည်းကြီးတွေရော၊ ဒေါသထွက်နေတဲ့ လက်မရွံ့လူအုပ်ကြီးရော၊ ဘုန်းကြီးတုအာဏာပါးကွက်သားတွေရော စစ်အုပ်စုရော အောက်ရေတိုးနေမှာတော့ သေချာတယ်။

ရုပ်သဘောအရ အပေါ်ယံသဘောအရသာ အဲ့ဒါတွေကိုတခုခြင်းလိုက်ခွဲပြောနေရတာပါ။
လိပ်ကျွန်းမှာမှ မဟုတ်ပါ)
နမ်သဘောမှာ အနှစ်သာရသဘောမှာက တကြိတ်တည်းတဉာဏ်တည်း ဘုံကလိန်ခြုံတွေပါ။

ကျနော်တို့ အသိရော သတိရောရှိကြမှ တော်ရုံကျမှာပါ။

သတ်တယ်ဆို သေပါစေ(မျိုးမြင့်ချို)

0 comments
ကျနော် အကြိမ်ကြိမ် ပြောခဲ့ပြီးသားပါ။

ဒီကလေး ၂ ယောက်ကိစ္စအပေါ် ဘယ်လိုသဘောထားလဲ အတိအလင်းမေးလို့ အတိအကျထပ်ပြောပါ့မယ်။

ဟုတ်တယ်ဆို သေဒဏ်မကလို့ ဘာကျကျ၊ သတ်ရင်လည်း သေနတ်နဲ့ပစ်ပစ်၊၊ ကြိုးကွင်း စွပ်စွပ်၊ ဆေး ထိုးထိုး၊ လျှပ်စစ်ကုလားထိုင် တင်တင်။ ကိစ္စမရှိပါ။ သေဒဏ်ဆို သတ်ပုံသတ်နည်းပဲ ကွာပါတယ်။ သေတာကတော့ အတူတူပါ။

မဟုတ်ဘူးဆို ဘာခြွင်းချက်မှမရှိပဲပြန်လွှတ်၊ ပြီးရင် မှားယွင်းစွပ်စွဲချက်တွေအတွက် နစ်နာကြေးလျော်ကြေးတွေပေး၊ ပြီးရင် လီဆယ်လုပ်ကြံစွပ်စွဲခဲ့သူတွေကို ပြန်တရားစွဲ ထောင်ချ။ အလိုတူအလိုပါကျူးလွန်ခဲ့သူမှန်သမျှ ကမ္ဘာသိအတိအလင်း တောင်းပန်ဝန်ချ၊ အဲ့ဒါ ကျနော့်မူပါ။

ကျနော် ကိုယ်တိုင်လည်း နိုင်ငံရေးအရ ဘာပြစ်မှုမှမကျူးလွန် ဘာအပြစ်မှမရှိ၊ ဒါပေမယ့် တည်ဆဲဥပဒေအရတို့ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်တွေနဲ့ ထောင်ထဲ ၁၅ နှစ်ကို ၄ ရက်လျော့ပဲ နေခဲ့သူပါ။ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် ဥပဒေကြောင်းအရ တကယ်ရာဇဝတ်မှု ကျူးလွန်တာဆိုရင်တော့ သနားရုံအပြင် ဘာမှမပိုပါ။

နိုင်ငံရေးမှုနဲ့ရာဇဝတ်မှု မတူဘူးမပြောနဲ့။ နိုင်ငံရေးဆိုတာ တခါတခါမှာ လူသန်းချီသတ်တဲ့ကောင်ကိုတောင် ”ဆွေးနွေးကြရအောင်ဗျာ”လို့ ပြောရတဲ့အဖြစ်။

မဟုတ်ပဲခံရတာဆို ဓမ္မနဲ့စစ်ကြောပြီး ကွင်းလုံးကျွတ်လွတ်ကြပါစေ။
ဟုတ်တယ်ဆို တရားဥပဒေနဲ့စစ်ဆေးပြီး လည်ပင်းကြိုးကွင်းစွပ်ပါစေ။

အသက်ရှည်ရာ အနာမဲ့ကြောင်း(မျိုးမြင့်ချို)

0 comments
ကုံလုံရင် တောင့်တစရာနည်းရင် အနိမ့်ဆုံးလက်ရှိအနေအထားရော အိုမင်းရင့်ယော်ချိန်အတွက်ရော ဘာမှ သိတ်ကြောင့်ကြနေစရာမရှိရင် လူ့အဖို့ အသက်ရှည်ရာအနာမဲ့ကြောင်းပါ။

ကာယကံရှင်ကိုယ်တိုင်က ကျန်းမာရေးအသိ ကျန်းမာရေးသတိလေးနဲ့ နဂိုကတည်းက အနေအထိုင်အစားအသောက်လေးပါဆင်ခြင်ရင် အသက်ရှည်ရာအနာမဲ့ကြောင်းပါပဲ။

လူဟာ အူမ မတောင့်ရင် သီလ စောင့်လို့ကိုမရပါ။ ငတ်တဲ့အခါ ခိုးဝံ့သူ ခိုးပါတယ်၊ လုဝံ့သူ ဝံ့ပါတယ်၊ ဒါးမြတိုက်ဝံ့သူ တိုက်ပါတယ်၊ သူပုန်ထဝံ့သူ ထပါတယ်။ ဘာမှ မလုပ်ဝံ့သူ မူးမူးနဲ့ မကြေနပ်တိုင်း အော်အော်ဆဲပါတယ်။ 

ထမင်းအငတ်ခံပြီး သီလစောင့်တဲ့သူတွေ လောကထဲမှာတွေ့ရဦးတောင် ခြွင်းချက်ပါ။ ခြွင်းချက်ဟာ စကားလုပ်ပြောရမယ့်ကိစ္စမဟုတ်ပါ။

အစိုးရကြတော့ မငတ်တဲ့ကောင်တွေ သီလမစောင့်မယ့်သူတွေ လုပ်ကြတာများပါတယ်။

အသက်ရှည်အနာမဲ့တာ သီလစင်ကြယ်လို့ လို့ပြောရင် ဟုတ်ပါတယ်။

လူမှာ သီလစင်ကြယ်ဖို့ မခိုးပဲ၊ မလုပဲ၊ ဒါးမြမတိုက်ပဲ၊ သူပုန်မထပဲ မတောင့်မတ မကြောင့်မကြလေး သူ့ဟာနဲ့သူနေ နေနိုင်ဖို့လိုပါတယ်။ သူ့ဟာနဲ့သူနေနိုင်တယ်ဆိုတာ ကိုယ်အလုပ်လုပ်နိုင်တဲ့အချိန်မှာ လုပ်၊ သူတပါးအတွက် အခွန်ဆောင်၊ ကိုယ် မလုပ်နိုင်တော့ချိန် ကိုယ်ဆောင်ခဲ့တဲ့အခွန်နဲ့ အလုပ်လုပ်နေဆဲအခြားသူတွေရဲ့ပံ့ပိုးမှု စတာတွေနဲ့ လုံလုံခြုံခြုံ အပူအပင်သိတ်မရှိ နေနိုင်ဖို့ပါပဲ။

အဲ့သလို နေနိုင်ပြီဆို ခိုးခြင်း၊ လိမ်ခြင်း၊ သူ့အသတ် သတ်ခြင်း၊ မတရားမေထုန်မှီဝဲခြင်း၊ လိမ်လည်ပြောဆိုခြင်း၊ မူးခြင်း စတာတွေက ကင်းသွားပါတယ်။ ဒီလိုနေနိုင်တာကိုက ငါးပါးသီလ လုံသွားစေတာပါ။ ဒါဟာ စနစ်ပါ။

အိုမင်းမစွမ်းချိန် မအိုမင်းပေမယ့်မစွမ်းနိုင်တော့သူတွေအတွက် နိုင်ငံတော်က တာဝန်ယူပေးတဲ့စနစ်ရှိတဲ့ပြည်တွေမှာ မိဘမေတ္တာ သိတ်အကြီးပြလို့မရသလို ငါးပါးသီလတွေလည်း ပိုလုံကြပါတယ်။

သီလစင်ကြယ်ပြီး အသက်ရှည်တယ်ဆိုတာ သီလတွေ မကျိုးမပေါက်မပျောက်မကြားအောင် သူနေတဲ့လူ့အဖွဲ့အစည်းက ဘယ်မျှ အာမခံနိုင် မခံနိုင်ဆိုတာနဲ့ တိုက်ရိုက်အချိုးကြပါတယ်။

ကျနော်တို့ ကျန်းမာအသက်ရှည်ဖို့ စနစ်ကိုပြင်ရမှာပါ။ စနစ်ဆိုးနဲ့ ကြွယ်ဝနေတဲ့ ငို့ဘသမားတွေကို ဆန့်ကျင်ရမှာပါ။ ကျနော်တို့ စနစ်ဆိုးကို ဖြိုဖျက်ချကြဖို့ပါ။

ဒါဆို ကျနော်တို့ ဆင်းရဲသားအများစုကြီး သီလလုံပါပြီ။ အသက်ရှည်ရာ အနာမဲ့ကြောင်းရပါပြီ။

အာရဗ်တွေ စာဖတ်၊ ကုရ်အန်ချည်း လှိမ့်ရွတ်မနေနဲ့ (မျိုးမြင့်ချို)

0 comments
(အာရဗ်တွေ စာဖတ်၊ ကုရ်အန်ချည်း လှိမ့်ရွတ်မနေနဲ့) ရေနံတွင်းဖင်ခုထိုင် ဘာသာရေးဇန်းတင်။ ခေါင်းဆောင်တွေ ဆွေစဉ်မျိုးဆက်ဇိမ်ခံချင်တိုင်းခံ။ အကောင်းဆုံးမှန်သမျှ ပေါ်ဦးပေါ်ဖျားခါးပေါ်တင်ကြ။ တိုင်းပြည်အနေနဲ့ကြ ကုန်ပစ္စည်းထုတ်လုပ်မှုမရှိသလောက်။ ဘီလီယံချီ ကမ္ဘာ့အမြင့်ဆုံးတို့ ကမ္ဘာ့အကြီးဆုံးတို့ဆိုတဲ့ ဇိမ်ခံဟိုတယ်လ်တွေဆောက် အပမ်းဖြေကမ်းခြေတွေဆောက် လာတည်းသူ မရှိသလောက်ဖြစ်တဲ့အခြေအနေ။ လာဆောက်ပေးသူတွေ ငွေကို လေလိုသဲ့ယူသွားတာသာအဖတ်တင်တဲ့ လုပ်ငန်းတွေ။ စက်ရုံအလုပ်ရုံဘာမှမရှိ။ ကုန်ကြမ်းမရှိ ကုန်ချောမရှိ။ ရောင်းခွန်ဝယ်ခွန် ဝင်ငွေခွန်စည်းကြပ်တဲ့စနစ် ပီပီပြင်ပြင်မရှိ။ အပ်ကအစ ဒုံးပျံအဆုံး အနောက်နဲ့ဥရောပကို မှီခိုနေရပြီး မမှီခိုလို့မရအောင် အလုပ်ခံထားရတဲ့ဘဝ။ အစ္စရေးလ်ကိုင်ပြီး အရှေ့အလယ်ပိုင်းမှာ သွေးထိုးစစ်မီးမွှေး လက်နက်ရောင်း စီးပွားဖြစ်နေသူတွေပေးမယ့် ငြိမ်းချမ်းရေးဆုလဘ်နဲ့ သူကောင်းပြုမှုကို အဟုတ်ထင်နေကြတဲ့ဘဝ။ ရေနံကိုလက်နက်အဖြစ်သုံးဖို့ဝေးစွ သေနတ်တောင် သူများအကျတပတ်ရစ် တိုးလျှိုးဝယ်ရတဲ့ဘဝ။ ပြောရရင်များသား ဒီ အာရဗ်ဆိုတဲ့ ပိုက်ဆံကလွဲပြီးဘာမှမရှိတဲ့ ရေနံသူဌေးတွေအကြောင်း။
ခု ရေနံဈေးတွေ ဒလဟောကျလာပြီဆိုတော့ ရေနံနဲ့ဇိမ်ခံဖို့ခက်လာပြီ။ ကုန်ထုတ်လုပ်မှုအတွက် စက်ရုံအလုပ်ရုံတွေတည်ရတော့မယ်။ အခွန်စည်းကြပ်မှုတွေလုပ်ရတော့မယ်။ လူတွေအပေါ်နိုင်ငံတော်က တာဝန်ယူတာတွေထဲကတချို့ကို ဖြတ်တောက်လျှော့ချတာတွေ လုပ်ရတော့မယ်။ ဒါတွေလုပ်ဖို့ ဥပဒေတွေပြင်ရတော့မယ်။ ဥပဒေတွေပြင်ဖို့ နိုင်ငံရေးတွေ ပြင်ရတော့မယ်။ နိုင်ငံရေးတွေပြင်ဖို့ စနစ်ကို ပြင်ရတော့မယ်။ စနစ်ကိုပြင်ဖို့ အတွေးအခေါ်တွေ ပြင်ရတော့မယ်။ တကယ့်အခြေအမြစ်ကစ အတွေးအခေါ်ရော လုပ်ဟန်ရော နည်းနာရောမှာ ဦးဆောင်နိုင်စွမ်းရှိသူတွေ ရှေ့ထွက်လာရတော့မယ်။ အဲ့ဒီလူတွေရှေ့ထွက်လာဖို့ အခုအခံဖြစ်နေတဲ့သူတွေကို ဖယ်ရှားရတော့မယ်။ အဲ့သလိုဖယ်ရှားဖို့ လူထုလှုပ်ရှားမှုတွေ ပေါ်လာတော့မယ်။ အဲ့ဒီလှုပ်ရှားမှုတွေက ပြုပြင်ပြောင်းလဲရေးကြွေးကြော်သံနဲ့ လူထုခေါင်းဆောင်ရော ပုံစံသစ်နဲ့ဖိစီးမယ့် ဖေါက်ပြန်ရေးသမားရော ပေါ်လာမှာပါပဲ။
ဘာသာရေး လူမျိုးရေးတွေအပေါ်အခြေပြုမှုကင်းတဲ့ ခေတ်မီပြီး လွတ်လပ်ခွင့် ဒီမိုကရေစီ လူ့အခွင့်အရေးရှိတဲ့ ပြုပြင်ပြောင်းလဲရေးသာ အာရဗ်ကမ္ဘာကအုပ်စိုးသူတွေအတွက်ရော အဖိနှိခံနင်းပြားပြည်သူတွေအတွက်ရော လိုအပ်တာပဲ။
အာရဗ်ကမ္ဘာကြီးဟာ ရေနံကြောင့်စစ်မီးလောင်နေလို့ အစုအဖွဲ့တွေများသလို လူတိုင်းလက်ထဲ စာရွက်နဲ့ခဲတံမရှိတောင် သေနတ်နဲ့ကျည်ဆန်တော့ရှိနေကြတာပဲ မဟုတ်လား။ ခုဖြစ်နေတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲဆိုဆို ISIS နှိမ်နင်းရေးစစ်ပြောပြော အဲ့ဒီစစ်ဟာလည်း နဂိုကမှ မီးလောင်ပြီး လေအပင့်ခံနေရတဲ့အာရဗ်ကမ္ဘာကို ပြာပုံထဲ ပြားပြားဝပ်စေတာပဲ။ သေနတ်တွေ ဗုံဘောလအော ပိုဖြစ်စေကုန်တာပဲ။ ကိုယ်ပြည်မှာ စစ်လာမဖြစ်ဖို့ ကိုယ့်မှာပဲ တာဝန်ရှိတယ်။ ပြန်တွေးကြည့် စစ်ကြီး ၂ စစ်ကြောင့် အကြီးအကျယ် စီးပွားဖြစ်သွားတဲ့ အမေရိကန်ဟာ သူ့ကုန်းမြေပေါ် ကျည်တတောင့်တောင် အကျမခံခဲ့ဘူး။ ကိုယ့်တိုင်းပြည်မှာ စစ်လာတိုက်။ ကိုယ့်တိုင်းပြည် လာဖျက်ဆီး။ ကိုယ့်ပြည်သူ လာသတ်သူတွေကို သူဌေးဖြစ်အောင်လုပ်ပေးနေတဲ့ အာရဗ်ခေါင်းဆောင်တွေလောက် မြည်းဆိုတဲ့အကောင်တောင် မမိုက်မဲဘူး။
အပေါ်မှာပြောခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးမျိုးတွေ အာရဗ်ကမ္ဘာမှာလုပ်ပဟေ့ဆို လက်နက်ကိုင်နည်းနဲ့ စနစ်ပြောင်းမယ့်သူတွေလည်း ပေါ်လာမှာပဲ။ တောမီးလောင်ပဟဆိုကာ သေနတ်ရှိသူတွေစုပြီး တောကြောင်တွေလည်း စုဖွဲ့လုယက်ကြမှာပဲ။ အဲ့သလိုအခြေအနေဆို လူထုဒုက္ခ ခုထက်မက ခါးစည်းခံရဖို့သာရှိမှာပဲ။ တွေးကြည့်ရင် ဘယ်ဘက်ကမှ သက်သာစရာ မရှိဘူးထင်ရတာပဲ။ လူတွေလက်ထဲကသေနတ်တွေကို ဘယ်နည်းနဲ့ပြန်သိမ်းမလဲ။ နိုင်ငံရေးနည်းနဲ့ပဲ သိမ်းရမှာ။ စစ်နြ့သိမ်းလို့ မရဘူး။ စစ်နဲ့သိမ်းမယ်ဆိုလို့ကတော့ ဘူးလေးရာဖရုံဆင့် ပြည်တွင်းစစ်မီးတညီးညီးနဲ့ မိုးမီးလောင်နေဦးမှာပဲ။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂျပန်ဖက်ဆစ်ကို တော်လှန်ခဲ့တဲ့သေနတ်တွေ နိုင်ငံရေးနည်းနဲ့မသိမ်းနိုင်တော့ ဗမာ့ပြည် ပြည်တွင်းစစ်မှာ ထပေါက်ဖို့အတွက် ဖြစ်ကုန်တယ်မဟုတ်လား။
ဒါပေမယ့် နာနာကျင်ကျင်နဲ့ပဲ အနာခံပြီး ဆေးခါးကြီးတိုက်တဲ့သဘောနဲ့ ပြုပြင်ပြောင်းလဲရေးကို စနစ်ဟောင်းဖက်တွယ်ချင်သူတွေဘက်ကရော ခေတ်မီလွတ်လပ်ဒီမိုကရေစီရှိ ဘာအတွက်မှ ဘယ်တိုင်းပြည်မှ မှီခိုစရာမလိုနိုင်ငံမျိုး တည်ထောင်လိုသူတွေဘက်ကရော လူထုအားတွေကိုစုပြီး အမြော်အမြင်ရှိရှိ အချိန်အဆရှိရှိ လုပ်ကြဖို့သာပါပဲ။
ခုအတိုင်း ရေနံဈေးတွေလည်းဆက်ကျ၊ စစ်တွေလည်းဆက်ဖြစ်၊ ဇိမ်တွေလည်းဆက်ခံ၊ ဘာပြုပြင်ပြောင်းလဲရေးမှလည်း မလုပ်လို့ကတော့ မကြာဘူး နိုင်ငံခြားအရန်ငွေလည်း ပြောင်သလင်းခါ လက်ထဲရှိတာလေး ဖြူခါပြာခါကျပြီး ရေနံတွင်းဖင်ခုထိုင် ဒေဝါလီခံရမယ့် နိုင်ငံတကာ “ကယ်ပါ”တွေဖြစ်မှာ မြင်ယောင်တယ်။
ပြောချင်တာက အာရဗ်တွေ စာဖတ်၊ ကုရ်အန်ချည်း လှိမ့်ရွတ်မနေနဲ့။
LikeComment

Monday, December 28, 2015

ပြန်လည်သင့်မြတ်ရေး-ကာလုံဥပဒေကြမ်းနဲ့ ဒီမိုကရေစီပဝါ (တူမောင်ညို)

0 comments
ပြန်လည်သင့်မြတ်ရေး-ကာလုံဥပဒေကြမ်းနဲ့ ဒီမိုကရေစီပဝါ (တူမောင်ညို)
၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်
မြန်မာ့ “ဒီမိုကရေစီအပြောင်းအလဲ”ဆိုတာက ကျန်တခြားနိုင်ငံတွေရဲ့ အပြောင်းအလဲဆိုတာတွေနဲ့ တထေရာထဲ မဟုတ်ဘူးဆိုတာ အားလုံးသိတာပဲ။ စည်းနဲ့ကမ်းနဲ့အညီ ပြောင်းရတာဖြစ်တယ်။ “၂ဝဝ၈ အခြေခံဥပဒေ”ဆိုတဲ့ ဘောင်ထဲကနေပြောင်းရတဲ့ အပြောင်းအလဲသာ ဖြစ်တယ်။ ဒီမိုကရေစီဆိုတာကိုယ်၌က “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ဖြစ်ပါတယ်။ ဒီစည်း၊ ဒီဘောင်တွေကို ကျော်လွန်ပြီးပြောင်းတဲ့ အပြောင်းအလဲမဟုတ်ဘူး။ ဒီစည်း၊ ဒီဘောင်တွေကို ထိန်းသိမ်းကာကွယ် လေးစားလိုက်နာပါ့မယ်ဆိုတဲ့ ကျမ်းသစ္စာကျိန်ဆိုမှုနဲ့အညီ ပြောင်းလဲရတဲ့ အပြောင်းအလဲဖြစ်တယ်။
အထင်ကြီးလွန်းလို့မဟုတ်ပါ။
သိမ်းပိုက်ထားတဲ့ “အာဏာ”ကို လက်ထဲကနေ လွတ်ထွက်မသွားအောင် (အကြမ်းဖက်ဖိနှိပ်မှုကို မဏ္ဍိုင်အဖြစ်ထားပြီး အခြား ညစ်ပတ်လှည့်စားတဲ့ နည်းလမ်းတွေနဲ့ အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး အပြန်အလှန် ဆက်စပ်ကျင့်သုံးခဲ့တယ်)နည်းပေါင်းစုံနဲ့ ထိန်းသိမ်း ကာကွယ်ထားနိုင်တဲ့နေရာမှာတော့ “စစ်အုပ်စု”ကို ဘယ်လိုမှ အထင်သေးလို့မဖြစ်နိုင်ပါဘူး။ သူတို့လက်ထဲကအာဏာကို လက်လွတ်မသွားအောင် စစ်အုပ်စုမျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ထိန်းသိမ်းလာခဲ့တာကိုတော့ ကျနော်တို့ (အောင့်သီးအောင့်သက်) အသိ အမှတ်ပြုကြရလိမ့်မယ်။
ဒီကနေ့ကာလ စစ်အုပ်စုအဖို့ သူတို့သိမ်းပိုက်ထားတဲ့အာဏာကို အလွယ်တကူ စွန့်လွှတ်ပေးစရာ ပြည်တွင်းပြည်ပဖိအားက မရှိသလောက်ဖြစ်နေတယ်။ “၂ဝဝ၈ အခြေခံဥပဒေ”ကို အတည်ပြုပြီး (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရတက်လာကတည်းကနေ ယနေ့အထိ သူတို့အပေါ်ရှိနေတဲ့ ပြည်တွင်းပြည်ပဖိအားတွေဟာ တရွေ့ရွေ့ကျဆင်းလာနေတာကို မြင်ရလိမ့်မယ်။
ပြည်တွင်း ဒီမိုကရေစီအတိုက်အခံအင်အားစုကို“၂ဝဝ၈အခြေခံဥပဒေ”ကိုလက်ခံသူနဲ့ လက်မခံသူတွေအဖြစ် ကွဲပြဲသွားအောင် လုပ်နိုင်ခဲ့သလို။ လက်နက်ကိုင် အင်အားစုတွေကိုလည်း (NCA)စာချုပ်ကို လောလောဆယ် လက်မှတ်ထိုးသူနဲ့ လောလောဆယ်လက်မှတ် မထိုးနိုင်သေးသူတွေအဖြစ် ခွဲပစ်နိုင်လိုက်တယ်။ ပြည်ပနိုင်ငံတွေရဲ့“ဖိအား”ဆိုတာ မရှိသလောက်နီးပါး ဖြစ်သွားခဲ့ပြီဖြစ်တယ်။
ဒီလိုပြည်တွင်းပြည်ပ ဖိအားတွေ တရွေ့ရွေ့ကျဆင်းလာရတာရဲ့ ပထမဆုံးအချက်ကတော့ “၂ဝဝ၈ အခြေခံဥပဒေ”ကို (NLD) က လက်ခံလိုက်တာပဲဖြစ်တယ်။ ဒါရဲ့အမှတ်အသားက “၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ”ကို (NLD)ပါတီက ဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်ထဲ ဝင်သွားတဲ့ဖြစ်ရပ် ဖြစ်တယ်။ ဒီဖြစ်ရပ်က (NLD)ပါတီနဲ့ အခြားဒီမိုကရေစီအင်အားစုတွေကို ခွဲခြားပစ်လိုက်နိုင်တာဖြစ်ပြီး တပြိုင်နက် ထဲမှာလည်း စစ်အုပ်စုစိတ်ကြိုက်ရေးဆွဲထားတဲ့ “၂ဝဝ၈ အခြေခံဥပဒေ”ကို သိဒ္ဓိတင်လိုက်နိုင်တဲ့ကိစ္စလည်းဖြစ်တယ်။ ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ကို ထိအောင်ပစ်လိုက်နိုင်တာဖြစ်တယ်။ နည်းပရိယာယ်အရ “ဝင်- ပြင်နဲ့ ပြင်-ဝင်” မှာ “ဝင်-ပြင်” အုပ်စုဘက်က အရေးသာ သွားပါတော့တယ်။ ဒီကြားထဲမှာ “ပြင်-ဝင်” သမားတွေအတွက် အရေးမလှစေတာက “ပြင်- ဝင်”လမ်းကြောင်းရဲ့ ပဲ့ကိုင်ဗျူဟာမှူး ဦးဝင်းတင် ကွယ်လွန်သွားတာဖြစ်ပါတယ်။
အခု ၂ဝ၁၅ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရလိုက်ပြန်တော့ “ဝင် - ပြင်” သမားတွေအဖို့ ပိုပြီး လက်မထောင်စရာ ဖြစ်လာပါတော့တယ်။
စစ်အုပ်စုထဲမှာလည်း မေးစရာဖြစ်လာတာက သူတို့ စိတ်ကြိုက်ချမှတ်ရေးဆွဲထားတဲ့ စည်းတွေဘောင်တွေထဲက အနိုင်ရသွားတဲ့ ပါတီကို “ အာဏာ”အတိုင်းအတာထိ ပေးမလဲဆိုတာပါပဲ။ အခု အသံအထွက်ဆုံး ဖြစ်နေတာက ပုဒ်မ ၅၉(စ) ကို “ဆိုင်းငံ့”ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတပေးပြီးချွေးသိပ်တဲ့လမ်းကြောင်း ဖြစ်ပါတယ်။ (NLD)ကလည်း “အာဏာ” ကို “တာဝန်”လို့ သုံးစွဲနေလေတော့ စစ်အုပ်စုအတွက် အကြိုက်တွေ့နေစေပါတယ်။ ပြန်ကြားရေးဝန်ကြီးကတောင် ပြည်ပမီဒီယာတစ်ခုက “အာဏာ” လွှဲပြောင်းရေးလို့သုံးနှုန်းလာလို့ (NLD)ဥက္ကဋ္ဌရဲ့ ပြောစကားတစ်ခုကို ကိုးကားပြီး၊ “တာဝန်” လွှဲပြောင်းတာလို့ ပြင်ပေးသွားသေးတယ် မဟုတ်လား။
ပုဒ်မ ၅၉(စ) ကို ယာယီ “ဆိုင်းငံ့” ဖို့ကိစ္စဆိုတာ မဖြစ်နိုင်စရာမရှိပါဘူး။ စစ်အုပ်စုဟာ သူတို့အကျိုးစီးပွား တည်တံ့ခိုင်မြဲမယ်ဆိုရင် ဘာမဆို လုပ်မှာဖြစ်ပါတယ်။ ပြီးတော့ ဒီလမ်းကြောင်းကိုစပြောသူက စစ်အုပ်စုထဲက ပျော့ပြောင်းသူတွေပါလို့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အလွမ်းသင့်သူတွေဖြစ်သလို “သြဂုတ် ၁၂ ရက်နေ့” ကြံ့ဖွံ့ပါတီဌာနချုပ်ထဲက သန်းခေါင်ယံဇာတ်လမ်းမှာ အပယ်ခံထားရတယ်ဆိုတဲ့အုပ်စုရဲ့ အာဘော်ဖြစ်နေပါတယ်။ ဒါဟာ ဒီကနေ့စစ်အုပ်စုကို ကိုယ်စားပြုနေတဲ့အာဘော်လို့ယူဆပါတယ်။ သြဂုတ်လ ၁၂ ရက် ဖြစ်ရပ်ကိုလည်း စစ်အုပ်စုရဲ့ အကြီးစားလှည့်ဖြားလုပ်ကြံဖန်တီးမှုလို့ ယူဆတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သူသမ္မတဖြစ်ရေး မဖြစ်ရေးထက် တိုင်းပြည်မှာ စစ်မှန်တဲ့ဒီမိုကရေစီ၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တိတိကျကျအာမခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ စစ်မှန်တဲ့တရားဥပဒေ စိုးမိုးရေးတွေကို လိုလားသူဖြစ်ပါတယ်။
သူလိုလားတာတွေကို “၂ဝဝ၈ အခြေခံဥပဒေ” နဲ့ ရာစုနှစ်ဝက်ကျော်ကြာအခြေချထားတဲ့ စစ်ဗျူရိုကရေစီယန္တယားကို မဖျက်သိမ်းနိုင်ဘဲ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ပါဘူး။ စစ်အုပ်စုကတော့ ပုဒ်မ ၅၉(စ) ကို ယာယီ“ဆိုင်းငံ့”လိုက်ခြင်းအားဖြင့် သူတို့ ထိန်းသိမ်းထားတဲ့အာဏာ ရေရှည်ထိန်းသိမ်းထားနိုင်ပြီးသားလည်းဖြစ်၊ နှစ်ပေါင်းများစွာ စုပ်ပြတ်ပုပ်သိုးနေတဲ့ နာမည်ဆိုးကိုလည်း ခေတ္တခဏဖြစ်ဖြစ် မှုံနံ့သာခြယ်နိုင်မှာ၊ အဖတ်ဆယ်နိုင်မှာဖြစ်တယ်၊ ဒါကြောင့် ဒီလမ်းဟာ ဖြစ်နိုင်စရာရှိတယ်လို့မြင်ပါတယ်။
ပြည်သူလူထုအဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအလံကိုင်ဖြစ်သလို၊ စစ်အုပ်စုအဖို့လည်း စစ်အုပ်စုအကျိုးစီးပွားကို ရေရှည်မှာ အာမခံချက်ရှိစွာ ထိန်းသိမ်းပေးမယ့်အဓိကသော့ချက် ဖြစ်နေပြန်ပါတယ်။ တကယ်တော့ ဒီနှစ်ခုဟာ ဒင်္ဂါးပြားတစ်ချပ်ရဲ့ ခေါင်းနဲ့ပန်းလို ဘယ်လိုမှ ထပ်တူမကျနိုင်ပါဘူး။ ပြည်သူလူထုအကျိုးစီးပွားကို မျက်နှာမူမယ်ဆိုရင် စစ်အုပ်စုအကျိုးစီးပွားကို ကျောခိုင်းရမှာ သဘာဝပါ။ ဒါပေမယ့် အခုပြောနေကြတာ အာဘော်ဖန်တီးနေကြတာက win – win နှစ်ဖက်နိုင်၊ နှစ်ဖက်အကျိုးရှိရေးတဲ့။ ဒါကြောင့် ဒီနှစ်ခုကို ဘယ်လိုရောသမမွှေကြမလဲဆိုတာ ၂ဝ၁၆ ခုနှစ် အတွက် အဓိကဇာတ်ကွက်သစ် ဖြစ်ဖွယ်ရှိပါတယ်။
ဒေါ်အောင်ဆန်းကြည် သမ္မတဖြစ်သွားတဲ့အခါမှာ (NLD)အစိုးရဖြစ်လာတဲ့အခါမှာ တချိန်က စစ်အစိုးရမဖြေရှင်းနိုင်တဲ့ မဖြေရှင်းခဲ့တဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD)ခေါင်းပေါ် ပုံချလိုက်နိုင်မှာဖြစ်ပါတယ်။ အရင် အစိုးရအဆက်ဆက် ရဲ့ပြဿနာပါလို့ ဘယ်လိုပင် ဆိုနေစေကာမူ လက်ရှိရင်ဆိုင်ရမှာတော့ ဒေါ်အောင်ဆန်းစုကြည်အမှူးပြုတဲ့ (NLD) အစိုးရသစ်ရဲ့တာဝန် ဖြစ်လာမှာပါ။ ဒီနည်းလမ်း [ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့တဲ့ နည်းလမ်း]ကို ပြည်တွင်းပြည်ပက သဘောကျမှာသေချာပါတယ်။
ဒီလို အခင်းအကျင်းတွေအတွက် “ကာလုံဥပဒေကြမ်း”ကို ဖုတ်ပူမီးတိုက် ပြဋ္ဌာန်းဖို့ထုတ်ပြန်လာတာလို့ မြင်ပါတယ်။
ကာလုံဥပဒေကြမ်းကို ဖတ်ကြည့်လိုက်တာ အစိုးရအပေါ်မှာ၊ လွှတ်တော်အပေါ်မှာ ၊ အခြေခံဥပဒေအပေါ်မှာ “ကာလုံ”ရှိနေတယ်။ ဒါ့အပြင်“ကာလုံ”ထဲမှာ တကယ့်အာဏာရဲ့အညှာကို ကိုင်ထားသူတွေဟာ စစ်တပ်ချုပ်ကိုင်ထားသူတွေသာဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း ဘယ်တုန်းကထက်မဆို ရှင်းလင်းစွာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အပေါ်ယံသဏ္ဍာန်အရ ဘယ်လိုအစိုးရမျိုးပဲတက်တက် အနှစ်သာရအရတော့ စစ်တပိုင်းအစိုးရ၊ စစ်အုပ်စုကိုယ်စားအစိုးရ၊ စစ်အုပ်စုအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ပေးနေရတဲ့/ ရမယ့် အစိုးရတွေပဲဖြစ်နေမှာပါ။
“ကာလုံဥပဒေကြမ်း”ဆိုတာမှာ မှာ အခန်း ၆ ခန်း၊ ပုဒ်မပေါင်း ၁၉ ခုပါရှိပါတယ်။ အဲဒီထဲမှာ အခန်(၃) “ကောင်စီ၏ လုပ်ငန်းတာဝန်များ”ဆိုတဲ့အခန်း၊ ပုဒ်မ ၅ မှာ ပုဒ်မခွဲ(က)မှ (ဖ)အထိ တာဝန်(၂၂) ခုရှိပါတယ်။ အဲဒီတာဝန်(၂၂)ခုဆိုတာ ၂ဝဝ၈ အခြေခံ ဥပဒေ၊ အခန်း(၁၁)မှာရှိတဲ့ပုဒ်မအားလုံး (ပုဒ်မ ၄၁ဝ မှ ၄၃၂အထိ) အတွက်ဖြစ်ပါတယ်။ ကာလုံရဲ့တာဝန်(၂၂)ခုထဲမှာ အများစုက ကာချုပ်နဲ့စစ်တပ်ကပဲ ဆောင်ရွက်ရမယ့်ကိစ္စတွေသာဖြစ်ပါတယ်။ စုစုပေါင်း(၁၄)ခု ရှိတယ်။ ကျန် ပုဒ်မခွဲ(၈)ခု ကလည်း ကာချုပ်နဲ့ စစ်တပ်နဲ့ ကင်းလွတ်လို့မရတဲ့တာဝန်တွေသာဖြစ်ပါတယ်။
ဒါ့အပြင် “ကာလုံ”ဟာ ကာချုပ်ကိုခန့်နိုင်သလို၊ သမ္မတဟာ “ကာချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး”တို့နဲ့ ညှိနှိုင်းပြီး “အရေးပေါ်အခြေအနေ”ကြေညာနိုင်ပါတယ် [ကာလုံဥပဒေကြမ်း ပုဒ်မ ၅ ပုဒ်မခွဲ (ဌ)]။ ဒါ့အပြင် အခြေခံဥပဒေပုဒ်မ ၄၁၂(က)နဲ့သက်ဆိုင်တဲ့ အရေးပေါ်အခြေအနေကြေညာတဲ့ကိစ္စမှအပ ကျန်ကိစ္စများစည်းဝေးရာတွင် ကာလုံကောင်စီအဖွဲ့ဝင် သုံးပုံနှစ်ပုံထက်မနည်း တက်ရောက်ရင် အစည်းအဝေး အထမြောက်ပါတယ် [ကာလုံဥပဒေကြမ်း ပုဒ်မ(၁ဝ) ကိုကြည့်]။ ထို့အပြင် ကောင်စီအတွင်း “သဘောထားကွဲလွဲမှုများရှိပါက များရာမဲဆန္ဒဖြင့် ချမှတ်ရမည်၊ ဆန္ဒမဲယူရာ၌ နိုင်ငံတော်သမ္မတသည် ဆန္ဒမဲမပေးရ၊ ဆန္ဒမဲတူညီနေမှသာ နိုင်ငံတော်သမ္မတသည် “အဆုံးအဖြတ်မဲ”ကိုပေးရမည်”ဟု ကာလုံဥပဒေကြမ်း ပုဒ်မ (၁၄) တွင်ဖော်ပြထားပါတယ်။
ဒါကြောင့် တိုင်းပြည်ကို နေ့စဉ်စီမံခန့်ခွဲအုပ်ချုပ်နေသူ၊ တကယ့်အစိုးရဆိုတာဟာ “ကာလုံ” ပဲဖြစ်ပါတယ်။
အစိုးရနဲ့လွှတ်တော်ဆိုတာ“ကာလုံ”က စီမံရေးဆွဲပေးတဲ့ ဇာတ်ကွက်/ဇာတ်လမ်းမှန်သမျှကို အချိန်နဲ့တပြေးညီ တင်ဆက်ကပြ နေရသူတွေ/စင်မြင့်တွေသာဖြစ်တယ်ဆိုတဲ့အချက်ကို အထင်အရှားတွေ့မြင်နိုင်စေပါတယ်။
ဒါကြောင့် ဒီနေ့ကာလမှာ သမ္မတတာဝန်ပေးပြီး သမ္မတကိုချုပ်ကိုင်ထားနိုင်ဖို့လိုပါတယ်။
ဒါကြောင့် “ပုဒ်မ ၅၉(စ)ကို ယာယီဆိုင်းငံ့ခြင်း”ဟာ စစ်အုပ်စုအဖို့ သားရွှေအိုးထမ်းတဲ့ကိန်း ဖြစ်ပါလိမ့်မယ်။
စစ်အုပ်စုရဲ့ အတိတ်-ပစ္စုပ္ပန်- အနာဂတ်အကျိုးစီးပွားကို ပုဂ္ဂိုလ်အရပြောပြော ၊ ပေါ်လစီအရဆိုဆို ဒေါ်အောင်ဆန်းစုကြည် တည်းဟူသော ဒီမိုကရေစီပဝါနဲ့ထုတ်ပိုးထားခြင်းကသာ ရေရှည်တည်မြဲဖို့အာမခံချက် ရှိနိုင်ပါလိမ့်မယ်။
ဒါကြောင့်စစ်အုပ်စုအဖို့ “ပြန်လည်သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေး”ဆိုတာ ဆုပ်ကိုင်ထားတဲ့အာဏာကို ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ “ဒီမိုကရေစီပဝါ” နဲ့ မလွဲမသွေ စည်းနှောင်ပေးနိုင်ဖို့သာဖြစ်တယ်။

Tuesday, December 22, 2015

ပြဿနာ ၃ ရပ် တကယ်ဖြေရှင်းနိုင်မယ့်“အာဏာ သို့မဟုတ် တာဝန်” ဖြစ်ပါစေ (တူမောင်ညို)

0 comments
ပြဿနာ ၃ ရပ် တကယ်ဖြေရှင်းနိုင်မယ့် “အာဏာ သို့မဟုတ် တာဝန်” ဖြစ်ပါစေ (တူမောင်ညို)
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁
(NLD) ပါတီက “အာဏာ” ကို “တာဝန်”လို့ ပြောဆိုသုံးစွဲနေတာဟာ လူတချို့က ကိုယ့်ယောက္ခမကို အဖေ၊ အမေလို့ ခေါ်ကြ သလိုမျိုးပါပဲ။ အရေးကြီးတာက အာဏာလို့ပြောပြော၊ တာဝန်လို့ပဲခေါ်ခေါ် မကြာခင် “အစိုးရ” ဖြစ်လာတော့မယ် (NLD) ပါတီဟာ ၁၉၄၈ ကနေ ကနေ့အထိ အုပ်စိုးသူအဆက်ဆက် အရယူခြင်းမပြုနိုင်ခဲ့တဲ့ “ပြည်တွင်းစစ်ရပ်စဲရေး - ပြည်တွင်းငြိမ်းချမ်းရေး”ရရှိအောင် ယူဆောင် ပေးနိုင်မလားဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။
သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအပါအဝင် အဆက်ဆက်သောအုပ်စိုးသူများဟာ တစ်ဖက်မှာ သူတို့ကိုယ်သူတို့ ငြိမ်းချမ်း ရေးလိုလားသူတွေအဖြစ်ပုံဖော်ပြီး လက်နက်ကိုင်အင်အားစုတွေကို ငြိမ်ချမ်းရေးမလိုလားသူတွေ၊ ဆူပူသောင်းကျန်းသူတွေ၊ ခွဲထွက်ရေး သမားတွေအဖြစ် သရုပ်ဖျက်လေ့ရှိပါတယ်။
အုပ်စိုးသူအဆက်ဆက်ဟာ ပါးစပ်က“ငြိမ်းချမ်းရေး”ဆိုတဲ့စကားလုံးကို အမြှုပ်ထွက်အောင်ပြောဆိုခဲ့ကြပြီး၊ တကယ့်လက်တွေ့ လုပ်ရပ်ကတော့ လက်နက်ကိုင်အင်အားစုအသီးသီးအား “အပြုတ်ချေမှုန်းဖို့နဲ့လက်နက်ချ” စေဖို့သာဖြစ်ပါတယ်။
ဒီအတွက် စစ်ရေးအရ ထိုးစစ်ဆင်ချေမှုန်းရေးကို အဓိကမဏ္ဍိုင်အဖြစ်ထားပြီး၊ သွေးခွဲ၊ သပ်ရှို၊ လှည့်စား၊ ဖြိုခွဲရေးနည်းလမ်း ပေါင်းစုံနဲ့လိုအပ်သလို ပေါင်းစပ်ကျင့်သုံးခဲ့ပါတယ်။ ဒီလိုနဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ဘဲ၊ ပြည်တွင်းစစ်ဟာ ကနေ့အထိ ရှည်ကြာနေ ခဲ့ရခြင်းဖြစ်ပါတယ်။
(နဝတ-နအဖ) စစ်အစိုးရနဲ့ သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ လက်ထက်တွေမှာတော့ ယခင်အစိုးရအဆက်ဆက်နည်းတူ ပြည်တွင်းစစ်ကို မရပ်စဲနိုင်တဲ့အပြင် အောက်ပါထူးခြားချက်တွေ ပေါ်ထွန်းလာတာကိုတွေ့ရပါတယ်။
(၁) လက်နက်ကိုင်အဖွဲ့တွေများလာခြင်း (အုပ်စိုးသူများရဲ့သွေးခွဲသပ်ရှိုမှုပေါ်လစီရဲ့အထွက်ရလဒ်)
(၂) လက်ကိုင်အဖွဲ့အစည်းတွေဟာ ဒေသအလိုက်မိမိတို့ စိုးမိုးချုပ်ကိုင်ထားတဲ့နယ်မြေတွေမှာ သစ်တော၊ရွှေ၊ ကျောက်မျက် ရတနာ၊မူးယစ်ဆေးဝါးနဲ့ စီးပွားကုန်သွယ်ရေးလုပ်ငန်းတွေကို စစ်ဖက်၊ အရပ်ဖက် အုပ်စိုးသူအာဏာပိုင်အဆင့်ဆင့်တွေနဲ့ အပေးအယူလုပ်ပြီး လက်ဝါးကြီးအုပ်ချုပ်ကိုင်လုပ်ဆောင်လာကြခြင်း
(၃) မြို့ကြီးပြကြီးတွေမှာ ရာဇဝတ်မှုကြီးတွေ ထူပြောလာခြင်း၊ ရာဇဝတ်မှုတွေကို အုပ်စိုးသူတွေက ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိခြင်း၊ (ဥပမာ - ၅လောင်းပြိုင်သတ်ဖြတ်မှု၊ မူးယစ်ဆေးဝါးပိုင်ရှင်မဲ့သိမ်းဆည်းရရှိမှု၊ မုဒိန်းမှု၊ လူသတ်မှု၊ လုယက်မှု၊ မိတ္တီလာ၊ လားရှိုး၊ မန္တလေး စတဲ့မြို့ကြီးများတွင်ဖြစ်ပေါ်ခဲ့သော ဘာသာရေးလူမျိုးရေး အကြမ်းဖက်လုယက်သတ်ဖြတ်မှုများ ပေါ်ပေါက် ဖြစ်ပွားလာခြင်း --- စသဖြင့်)
အထက်ပါအချက်တွေဟာ (မဆလ) ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ ပါလီမန်ဒီမိုကရေစီအစိုးရခေတ်ကာလတို့မှာ မရှိခဲ့ဖူးတဲ့အချင်းအရာတွေဖြစ်ပြီး၊ ဒီအချက်တွေဟာ (နဝတ-နအဖ)စစ်အစိုးရနဲ့ ကြံ့ဖွံ့အစိုးရတို့ ချမှတ်ကျင့်သုံးနေတဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးပေါ်လစီတွေရဲ့ တိုက်ရိုက်အထွက်ရလဒ်တွေပဲဖြစ်ပါတယ်။
“ငြိမ်းချမ်းရေး”ဆိုတာဟာ အုပ်စိုးသူအစိုးရနဲ့ နားလည်မှုယူထားတဲ့ ဒေသခံလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေအကြား သက်ဆိုင်ရာဒေသအလိုက်တည်ရှိနေတဲ့ သဘာဝသယံဇာတတွေကို ထင်သလိုတူးဖော်ရောင်းချနိုင်ဖို့နဲ့ စီးပွားကုန်သွယ်ရေးလမ်းကြောင်း တွေမှာ စိတ်ကြိုက်ချယ်လှယ်ချုပ်ကိုင် အမြတ်ထုတ်နိုင်ဖို့သက်သက် မဖြစ်သင့်ပါဘူး။
(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၊ ဦးအောင်မင်းနဲ့ (MPC) ကဖော်ဆောင်နေတဲ့ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်”ဆိုတာဟာ အထက်မှာ ဖော်ပြလိုက်တဲ့ ဒေသဆိုင်ရာသယံဇာတနဲ့ အကျိုးစီးပွားတွေကို အုပ်စိုးသူအစိုးရနဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းတို့ ခွဲဝေစားသုံးနိုင်ဖို့ သဘောတူညီချက်ယူရေးသာဖြစ်ပါတယ်။ ဒီလိုခွဲဝေစားသုံးနိုင်ဖို့ အဲဒီဒေသမှာ “ငြိမ်းချမ်းရေး” လိုအပ်ပါတယ်။
အချို့နေရာတွေမှာ ငြိမ်းချမ်းရေးပျက်ပြားနေတယ်၊ အပစ်အခတ်ရပ်စဲရေး ပျက်ပြားနေတယ်၊ ပစ်ခတ်တိုက်ခိုက်မှုတွေ တဖန် ပြန်လည် ဖြစ်ပွားလာတယ်ဆိုတာဟာ အုပ်စိုးသူအစိုးရနဲ့ ဒေသခံလက်နက်ကိုင် အင်အားစုတွေအကြားအတူတကွ ခွဲဝေစားသောက်နေရာက အကျိုးစီးပွားအဝေမတည့်မှုကို ပေါ်ပေါက်လာရတဲ့ ထိပ်တိုက်တွေ့မှုတွေကို ရောင်ပြန်ဟပ်ပြနေတာမျိုးသာ ဖြစ်နေပါတယ်။
ဒါကြောင့် “ငြိမ်းချမ်းရေး”လိုလားတယ်လို့ပြောဆိုလာရင် ဘယ်သူ့အတွက် ငြိမ်းချမ်းရေးလိုအပ်တာလဲလို့ မေးခွန်းထုတ်ပြီး လေးလေးနက်နက်ဆန်းစစ်ရမယ်။ ငြိမ်းချမ်းရေးပျက်ပြားတယ်/ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားတယ်ဆိုရင် ဘယ်သူနဲ့ဘယ်သူ့အကြား ဘယ်လို အကြောင်းအချက်အပေါ်မှာမူတည်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာတာလဲဆိုတဲ့အချက်ကို လေ့လာရမယ်။
ပြည်တွင်းငြိမ်းချမ်းရေး တကယ်တန်းရချင်ရင် မခက်ခဲပါဘူး။ သဘောထားနဲ့ရည်ရွယ်ချက်သာ မှန်ကန်ဖို့လိုရင်းဖြစ်ပါတယ်။
များမကြာမီ (NLD)ပါတီက ဖွဲ့စည်းမယ့် “အစိုးရသစ်” ပေါ်ပေါက်လာပါတော့မယ်။ (NLD)ပါတီက ဖွဲ့စည်းမယ့် “အစိုးရသစ်” မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မှန်ကန်တဲသဘောထားနဲ့ ရည်ရွယ်ချက်ရှိတယ်လို့ယူဆပါတယ်။ မျှော်လင့်ပါတယ်။ ဒါကဆန္ဒပိုင်းအရ ပြောရတာပါ။ လက်တွေ့ပိုင်းမှာတော့ “၂၀၀၈ အခြေခံဥပဒေနဲ့ စစ်တပ်ရဲ့ငြိမ်းချမ်းရေးမူ ၆ ရပ်” ကို “အစိုးရသစ်” ဘယ်လိုကိုင် တွယ်မလဲဆိုတာ ကြီးမားတဲ့စိမ်ခေါ်မှုဖြစ်ပါတယ်။
တနေ့ကပဲ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက “ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ”ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ်လို့ ကြေညာသွားပါတယ်။ ဒါဟာ“အစိုးရသစ်”ကို လက်ရှိ (ဗိုလ်) ဦးသိန်းစိန်အစိုးရက ညှပ်ပူးညှပ်ပိတ်လုပ်တာပါ။ သူတို့ ချထားတဲ့လမ်းအတိုင်းလျှောက်အောင် ကျုံးသွင်းတာပါ။ ငြိမ်းချမ်းရေးညီလာခံကို သူတို့လမ်းခင်းခဲ့တဲ့စတင်ခဲ့တယ်ဆိုတဲ့ နာမည်ကောင်း ယူဖို့ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ အဓိကအချက်ကတော့ (NLD)ပါတီ “အစိုးရသစ်”အဖွဲ့ရဲ့ ပြည်တွင်းစစ်ရပ်စဲရေး - ပြည်တွင်း ငြိမ်းချမ်းရေးပေါ်လစီကို စွက်ဖက်တာ၊ လွှမ်းမိုးဖို့လုပ်တာသာဖြစ်ပါတယ်။
(NLD)ပါတီ “အစိုးရသစ်” အဖွဲ့မှာ ကိုယ်ပိုင်ဖြစ်ပြီး၊ လွတ်လပ်အမှီခိုကင်းတဲ့ ပြည်တွင်းစစ်ရပ်စဲရေး - ပြည်တွင်းငြိမ်းချမ်းရေး ပေါ်လစီနဲ့သဘောထား ခိုင်ခိုင်မာမာရှိဖို့လိုပါတယ်။
ပြည်တွင်းစစ်ရပ်စဲရေး - ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးဆိုတာ ဒီမိုကရေစီပြဿနာ၊ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပြဿနာတွေကို စုစည်းဖော်ပြချက်ပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ရနိုင်/မရနိုင် ဆိုတာဟာ ဒီပြဿနာကြီး ၃ ရပ်ကို လေးလေးနက်နက်၊ ပီပီပြင်ပြင်ဖြေရှင်းနိုင်ခြင်းရှိသလား/မရှိဘူးလား ဆိုတဲ့အချက်မှာတည်ပါတယ်။
သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအပါအဝင် အဆက်ဆက်သောအုပ်စိုးသူများဟာ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရရှိအောင် မလုပ်ဆောင်နိုင်ခဲ့ကြပါ။ (NLD)ပါတီက ဖွဲ့စည်းမယ့် “အစိုးရသစ်”အနေနဲ့ ဘယ်အစိုးရမှ မလုပ်ဆောင်နိုင်ခဲ့တဲ့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကို ရရှိအောင်၊ ဖြစ်မြောက်အောင်လုပ်ဆောင်နိုင်မည်လော။
(NLD)ပါတီ “အစိုးရသစ်” ရရှိလာမယ့် “အာဏာ (သို့မဟုတ်) တာဝန်”သည် ထိုပြဿနာကြီး ၃ ရပ် (ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး)ကို ပီပီပြင်ပြင် ဖြေရှင်းနိုင်ပါစေသတည်း။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၂၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၂၁)
ကားသမားကိုလည်း ဆေးရုံကြီးမှဆရာဝန်တယောက် အမွေကိစ္စဖြင့် မန္တလေးသွားစရာရှိ၍ တညလုံးကားမောင်းပြီး မနက် မန္တလေး အရောက်ပို့ရန်၊ မန္တလေးမှ ညနေတွင်ပြန်ထွက်လာမည်ဟုပြောပြီး အသွားအပြန်ငှားထားခြင်း ဖြစ်ပါသည်။
ကိုအောင်က သူတို့သူငယ်ချင်း မောင်ရဲဝင်း (ယခု သြစတေးလျရောက်နေသူ)ကို အဖော်ခေါ်ခဲ့ပါသည်။ ကျွန်တော်တို့ မန္တလေးမှတဆင့် ခရီးဆက်ရာတွင် လမ်းတွင် တရက်နှစ်ရက်လောက်ကြာနိုင်သေးရာ ထိုကာလအတွင်း ကားဆရာကို မျက်ခြည်မပြတ်စောင့်ကြည့်ဖို့ လူလိုသဖြင့် ခေါ်လာရခြင်းဖြစ်ပါသည်။ ကားမောင်းရန်လည်း လိုအပ်ကောင်းလိုအပ်နိုင်သဖြင့် ကားမောင်းတတ်သူ မောင်ရဲဝင်းကို ခေါ်လာရခြင်းဖြစ်ပါသည်။ ကျွန်တော်တို့အမှုနှင့်ပတ်သက်ပြီး မောင်ရဲဝင်းခမျာ အဖမ်းခံရပြီး ထောင် နှစ်အရှည်ကြီးကျသွားကြောင်း နောက်ပိုင်းတွင် ကျွန်တော်တို့ကြားရပါသည်။
ကျွန်တော်တို့ ညနေသုံးနာရီလောက်မှ ရန်ကုန်မှထွက်ရပါသည်။ ကားဆရာက ဓာတ်ဆီလုံလောက်အောင်လိုက်စုနေသဖြင့် ထိုအချိန်မှ ထွက်လာရခြင်းဖြစ်သည်။ ကားကမြင့်သဖြင့် အတော်အဆင်ပြေပါသည်။ တခုဆိုးသည်မှာ ကားရှေ့ခန်းကမှန်ပေါ်တွင် ရုပ်ရှင်ကြော်ငြာတခု ရေးကပ်ထားသဖြင့် ဖြတ်သွားဖြတ်လာများက ကြော်ငြာသာမက ကားထဲကိုပါစိတ်ဝင်တစား ကြည့်ကြည့်နေကြပါသည်။
ထိုကားဆရာမှာ အတော်-တော်သည်။ ကားကို ညလုံးပေါက်မောင်းရာတွင် သူအိပ်ချင်လာပါက ကားရပ်ပြီး ကားလမ်းပေါ်ဆင်း ဒုန်းပြေး ပါသည်။ သုံးလေးခေါက်ပြေးပြီးမှ ကားပေါ်တက်ဆက်မောင်းပါသည်။ လမ်းတွင် ပဲခူးအဝင်တွင် မှတ်ပုံတင်တချက်စစ်ပြီး ဘယ်နေရာမှာမှ ထပ်မစစ်တော့ပါ။ ကားပေါ်တွင် ကားစပယ်ရာတဦးလည်း ပါပါသည်။
ကျွန်တော်တို့ မနက်လင်းအားကြီးတွင် မန္တလေးသို့ဝင်ပါသည်။ ပါတီမှ နောက်ဆက်သားတယောက်က ကားတစီးငှားထားပြီး မန္တလေး တောင်ခြေမှစောင့်နေမည်ဟုဆိုသဖြင့် ကျွန်တော်တို့ ရန်ကုန်ကငှားလာသောကားကို မန္တလေးတောင်ခြေတနေရာတွင် ရပ်ခိုင်းပြီး ကျွန်တော်၊ လှလှ၊ ကိုအောင်နှင့် ပါတီမှ ပထမဆက်သားရဲဘော်တို့ ကားပေါ်မှဆင်းကာ ကျွန်တော်တို့ကိစ္စရှိ၍ ခဏသွားဦးမည်၊ ညနေပြန်ဆုံမည်ဟု မောင်ရဲဝင်းကိုနှုတ်ဆက်ပြီး ထွက်ခဲ့ပါသည်။ (မောင်ရဲဝင်းက ထိုကားဆရာနှင့် မခွဲမခွာနေပြီး ညနေကျမှ တယ်လီဖုန်း တနေရာမှဆက်ကာ ကျွန်တော်တို့တတွေ မလာနိုင်တော့ကြောင်း၊ ထို့ကြောင့် သူပဲ ရန်ကုန်ပြန်ရမှာ ဖြစ်ကြောင်းပြောကာ ကားဆရာနှင့်အတူ ရန်ကုန်ပြန်ရန် စီစဉ်ထားပါသည်။)
ကျွန်တော်တို့ ထိုကားပေါ်မှဆင်းပြီး၊ နည်းနည်းလေးလျှောက်သွားတော့ ထို-နောက်ဆက်သားကိုတွေ့ကာ သူငှားထားသော ဂျစ်ကားဖြင့် ကျွန်တော်တို့တောက်လျှောက် လာရှိုးသို့ဆက်တက်ခဲ့ပါသည်။ မေမြို့သို့ မနက် ၁ဝ နာရီလောက်ရောက်ရာ၊ ကားဆရာမှာ ကားကို မေမြို့ နာရီစင်ကြီးအနီးတွင် ရပ်ပြီးနေရာ ကျွန်တော်တို့မှာ ရင်တထိတ်ထိတ်နှင့် နေရပါသည်။ ကျွန်တော်သည် မေမြို့တွင် တိုင်းမှူးအတော်ကြာ လုပ်ခဲ့ရာ မေမြို့တွင် အသိမိတ်ဆွေများသဖြင့် အသိနှင့်တိုးမှာစိုးနေရခြင်း ဖြစ်သည်။ ရုတ်တရက် မျက်နှာသိနှင့်တိုးက သူတို့လာ နှုတ်ဆက်လျှင် မသိဟန်ဆောင်၍ငြင်းလွှတ်ရန် ကျွန်တော်က ကိုအောင်နှင့်လှလှကို သင်ကြားထားပါသည်။ မထင်မှတ်သည့် နေရာတွင် မထင်မှတ်သူနှင့်ဆုံတွေ့ပါက ထင်ယောင်ထင်မှားဖြစ်တတ်ကြောင်း၊ ထို့ကြောင့် ကိုယ်ကဇွတ်ငြင်းလျှင် သူတို့ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ကြောင်း ပြောပြထားရပါသည်။ လမ်းတွင် တယောက်ယောက်ကိုမိသွားလျှင် ကျန်သူက ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့၊ ဖမ်းမိသူကို ဂရုမစိုက်ဖို့ကိုလည်း မှာထားရပါသည်။
ကျွန်တော်တို့ နယ်စပ်ချောင်းကိုဖြတ်ရမည့်ကိစ္စရှိသဖြင့် ကူးတို့မရှိပါက ကိုယ့်ဟာကိုယ်ဖြတ်ရန် လူတိုင်းအတွက် လေခေါင်းအုံးတလုံးစီလည်း ဆောင်ခိုင်းထားပါသည်။
ကျွန်တော်တို့ငှားလာသောကားသည် လာရှိုးရောက်ခါနီး တနာရီခရီးခန့်အလိုတွင် ပျက်ပါတော့သည်။ ဘယ်လိုမှ ပြင်မရတော့သဖြင့် ကျွန်တော်တို့ ကြုံတဲ့ကားတားစီးပြီး ခရီးဆက်ရန် ဒရိုင်ဘာက ပြောလာပါတော့သည်။ ထို့ကြောင့် ကျွန်တော်တို့သည် နှစ်သုတ်ခွဲလိုက် ပါသည်။
ကျွန်တော်၊ လှလှနှင့် ဒုတိယဆက်သားလေးက တသုတ်၊ ကိုအောင်နှင့် ပထမဆက်သားကတသုတ်ခွဲပြီး လာရှိုးမှာဆုံမည့်နေရာ အချိန်းအချက်လုပ်ကာ ကျွန်တော်တို့အသုတ်က ဝီလီဂျစ်ကားလေးတစီးကိုတားပြီး တက်စီးလာခဲ့ကြပါသည်။ ထိုကားကို မောင်းလာသူမှာ အတော်ရည်မွန်သူဖြစ်ပြီး ကားပိုင်ရှင်ကိုယ်တိုင်ပင် ဖြစ်ဟန်တူသည်။ ကားနောက်တွင်လည်း လူလတ်ပိုင်းတဦးအိပ်လိုက်လာရာ သူက ထထိုင်ပြီး ကျွန်တော်တို့အား နေရာပေးပါသည်။ ကားက လာရှိုးဂိတ်သို့ရောက်သောအခါ ဂိတ်စောင့်က ကားမောင်းလာသူအား-မနက်က အတိုင်းပဲလားဟုမေးရာ၊ ထိုသူက ဟုတ်တယ်။ မနက်က လူအတိုင်းပဲဟု ဖြေသဖြင့် ဘာမှ စစ်ဆေးဘဲ လွှတ်လိုက်ပါသည်။ ကျွန်တော်တို့ လာရှိုးအဝင်အထွက်ဂိတ် အလွန်ကျပ်သည်ဟုကြားထားသဖြင့် ရင်တမမ လာခဲ့ရာ၊ ယခုလို ချောမောသွားတော့ အတော်စိတ်အေးသွား ပါသည်။
ကားမောင်းသူမှာ ကျွန်တော်တို့အား ဘာမှမေးမြန်းစပ်စုခြင်းမရှိဘဲ လာရှိုးမြို့ထဲရောက်လာသောအခါ ဘယ်ပို့ပေးရမလည်းဟု ကျွန်တော်တို့အား မေးပါသည်။ ကျွန်တော်တို့က ကားဂိတ် (တက္ကစီဂိတ်)တခုခု ပို့ပေးပါဟုပြောတော့ သူကတနေရာတွင် ကားကိုထိုးရပ်ပြီး ဒီကနေ ရှေတည့်တည့်ဆင်းပြီးလျှောက်သွားရင် ဂိတ်တွေ့လိမ့်မယ်ဆိုကာ ကျွန်တော်တို့အား ချထားခဲ့ပါသည်။ (နောင်မှ ကျွန်တော်တို့ သိရသည်မှာ ကျွန်တော်တို့ပျောက်ဆုံးနေကြောင်း၊ တွေ့ရှိသူများကအကြောင်းကြားရန် အစိုးရက ဓာတ်ပုံများနှင့်တကွ သတင်းစာများက ကြေညာသောအခါ ကျွန်တော်တို့ ရန်ကုန်မှ မန္တလေးသို့အလာငှားလာသော ကားသမားက လက်ဦးမှုရှိရှိ အစိုးရကို အကျိုးအကြောင်း ပြောပြသဖြင့် ထိုမှတဆင့် မီးခိုးကြွက်လျှောက်လိုက်ရာတွင် ထိုကျွန်တော်တို့ လာရှိုးအဝင် ကားကြုံခေါ်တင်ခဲ့သောသူလည်း အဖမ်းခံရကာ ထောင်ကျပြီး စီးပွားတောင်ပျက်သွားရှာသည်ဟု ကြားရပါသည်။)
ကျွန်တော်တို့ တက္ကစီတစီးငှားပြီး ဟော်တယ်တခုသို့ ပို့ခိုင်းရပါသည်။ ထိုဟော်တယ် တည်းခိုခန်းတွင် အခန်းတခုငှားပြီး ကျွန်တော်နှင့် လှလှ သားအဖနှစ်ယောက်တည်းခိုပြီး၊ ကျွန်တော်တို့နှင့်ပါလာသော ဆက်သားလေးက အပြင်ထွက် စနည်းနာရန်နှင့် အစားအသောက်များဝယ်ရန် ထွက်သွားပါသည်။ သူပြန်လာတော့ ညတိုင်းတည်းခိုခန်းများကို စစ်ဆေးတတ်ကြောင်း၊ မနေ့ညကတင် ထိုတည်းခိုခန်းကို စစ်ဆေးရေး ဝင်သေးကြောင်း၊ သူနှင့်မျက်နှာသိတယောက်တိုးနေသဖြင့် သူ ကျွန်တော်တို့နှင့်အတူမတည်းခိုဘဲ တနေရာသွားတည်းမှာဖြစ်ကြောင်း၊ သူ မနက် ၈ နာရီမှ ပေါ်မလာလျှင် မိမိတို့ဘာသာ နမ့်ခမ်းကားဂိတ်သို့သွားရန် မှာကြားပါသည်။ သူပြောပြ၍ သိရသေးသည်မှာ ကျွန်တော်တို့ နောက်မှာကျန်ခဲ့သည့် ကိုအောင်နှင့် ဆက်သားတဦးမှာ ရဲကားတစီးကိုတားစီးလာကြောင်း၊ သူတို့လည်း မြို့အဝင် ဘာမှအစစ်အဆေး မရှိကြောင်း၊ ချောမောကြောင်း၊ အခုလည်း တခြားတည်းခိုခန်းတခုတွင် တည်းနေကြောင်း၊ မနက် ၈ နာရီတွင် ကားဂိတ်တွင်ဆုံရန် ချိန်းထားကြောင်းပြောပြီး ထွက်သွားပါတော့သည်။
ကျွန်တော်တို့ သားအဖ တညလုံး ကြက်အိပ်၊ ကြက်နိုး အိပ်ကြပါသည်။ မနက် ၇ နာရီခွဲလောက်တွင် ထိုဆက်သားလေးရောက်လာရာ ကျွန်တော်တို့ အတော်ဝမ်းသာသွားပါသည်။ ကျွန်တော်တို့သုံးဦး ဟော်တယ်အနီးရှိဆိုင်တဆိုင်တွင် မနက်စာစားကြပြီး တက္ကစီဖြင့်ပင် နမ့်ခမ်း ကားဆိပ်သို့ သွားရောက်ကြပါသည်။ ကားဆိပ်တွင် ကိုအောင်တို့ ရောက်နှင့်နေပြီးဖြစ်သည်ကို တွေ့ရပါသည်။ ကျွန်တော်တို့ ကားလက်မှတ် ဝယ်ပြီး အသုတ်နှစ်သုတ်ခွဲ ကားနှစ်စီးပေါ်တက်ကြပါသည်။ ကျွန်တော်တို့ကားပေါ် တွင် နမ့်ခမ်းမှ လာရှိုးသို့ လာသီချင်းဆိုသည့် ရှမ်းမိန်းမပျိုလေးတအုပ် ပါလာပါသည်။ ကလေးမလေးများမှာ ရုပ်ရည်သားသားနားနားနှင့် သွက်သွက်လက်လက်ကလေးများဖြစ်ရာ လမ်းတလျှောက်တွေ့ရသည့် စစ်ဆေးရေးသမားများသည် ထိုကလေးမလေးများနှင့်သာ တရင်းတနှီးနှုတ်ဆက်ရောနှော ပြောဆိုနေသဖြင့် ကျွန်တော်တို့တတွေအတော် ကံကောင်းခဲ့ပါသည်။ ကျန်ခရီးသည်များကို မည်သူ့ကိုမျှဂရုမစိုက်လှတော့ဘဲ ဝတ်ကျေတန်းကျေသာ စစ်ဆေးတာတွေ့ရပါသည်။
ကျွန်တော်တို့ လားရှိုးကအထွက် နာမည်ကြီးလှသည့် အေဒီ (AD) ဂိတ်တွင် ကားပေါ်မှ ခရီးသည်အားလုံးဆင်းရပြီး စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးခံရပါသည်။ ကျွန်တော်တို့သားအဖနှစ်ယောက် စစ်ဆေးသူရှေ့ရောက်သောအခါ လှလှက သူ့လက်ကိုင်အိတ်ထဲမှ မှတ်ပုံတင် အထုတ်လိုက်တွင် အိတ်ထဲတွင်ပါသည့် ဆရာဝန်သုံးနားကြပ်ထွက်ကျလာရာ စစ်ဆေးနေသူစာရေးက မော့ကြည့်လိုက်ပြီး သြော်- အစ်မကြီးက အစိုးရအမှုထမ်းလားဟု မေးပါသည်။ လှလှက ဟုတ်ကဲ့။ ကျွန်မ နမ့်ခမ်းပြည်သူ့ဆေးရုံကြီးပြောင်းလာတဲ့ (AS) လက်ထောက် ဆရာဝန်ပါ။ ကျွန်မမှာ (Transfer Order) ရွှေ့ပြောင်းအမိန့်လည်း ပါပါတယ်။ ဒီမှာ ကြည့်ဦးမလားဟုဆိုသောအခါ ထိုစာရေးက ပျာပျာသလဲနှင့် ဟာ-မလိုပါဘူး၊ မလိုပါဘူး။ သွားပါ အစ်မကြီး ရပါတယ်ဟု ဆိုပါသည်။ လှလှက ကျွန်တော့်လက်ဆွဲပြီး ဒါကတော့ ကျွန်မကိုလိုက်ပို့တဲ့ ကျွန်မဦးလေး၊ ကျွန်မတို့သွားတော့မယ်နော်၊ ကျေးဇူးတင်ပါတယ်ဟုနှုတ်ဆက်ရာ ထိုစာရေးကလေးက အစ်မကြီး ရှေ့ကကင်းတွေမှာလည်း (Governmavt Service) အစိုးရအမှုထမ်းလို့သာ ပြောပါ။ ဘာမှ စစ်ဆေးမှာ မဟုတ်ပါဘူးဟု မှာလိုက်ရှာပါ သေးသည်။
(၁၉၈ဝ ခုနှစ်များအတွင်း ပါတီတွင်းသို့ လူသစ်ရဲဘော်အချို့ရောက်လာရာ သူတို့ AD ဂိတ်အဖြတ် အတွေ့အကြုံကို ကျွန်တော်တို့အား ပြန်ပြောပြဖူးပါသည်။ သူတို့အား ထိုဂိတ်တွင်စစ်ဆေးသူများက-ကျွန်တော်တို့ ဒီဂိတ်က သိပ်နတ်ကြီးတာ၊ ဗိုလ်ချုပ်ကျော်ဇောတို့ တမိသားစုလုံး ဒီကလွတ်ထွက်သွားတာလေ။ ဂိတ်တဂိတ်လုံးလည်း အလုပ်ပြုတ်ထွက်သွားတာပဲ။ သူတို့နဖူးမှာ စာကပ်ထားတာမှ မဟုတ်တာ၊ ကျွန်တော်တို့က ဘယ်လိုလုပ်သိနိုင်မှာလည်း။ ခင်ဗျားတို့လို ကောင်းရောင်းကောင်းဝယ်သမားတွေဆိုရင်တော့ ဘာပူစရာ ရှိသလည်းဗျာ။ ကျွန်တော်တို့က လွှတ်ပေးပါတယ်ဟု ပြောလွှတ်လိုက်သည်ဟု ဆိုပါသည်။ ကျွန်တော်တို့လည်း ဆေးရုံသို့ အလုပ်ပြောင်းလာသည့်ဆရာဝန်ဟုဆိုလိုက်သဖြင့် စေတနာဗလပွဖြင့် နတ်လမ်းညွှန်လိုက်သော ထိုစာရေးလေးအား သတိရသနားနေမိ ပါသည်။)
ကျွန်တော်တို့ လမ်းတလျှောက်လုံး တံတားတိုင်း၊ မြို့အဝင်အထွက်တိုင်း ကားပေါ်မှဆင်း လမ်းလျှောက်ရပြီး ဂိတ်တွင် ထိုင်စောင့်နေသူများ ရှေ့ကဖြတ်ကာ မှတ်ပုံတင်ပြအစစ်ဆေးခံပြီးမှ ကားပေါ်ပြန်တက်ရပါသည်။ ထိုနေ့မှာ တနင်္လာနေ့ဖြစ်သဖြင့် ရုံးပိတ်ရက် ဖွင့်စနေ့ဖြစ်သဖြင့် စစ်ဆေးသူအားလုံး Holiday Mood ဝင်ကာ၊ ပေါ့တီးပေါ့ဆစစ်ဆေးကြပါသည်။ ကျွန်တော်တို့ ကြားထားတာနဲ့မတူပါ။ နမ့်ခမ်းက အဆိုတော် ကလေးမလေးများမှာ ထိုဒေသတွင် ရေပန်းစားသူများဖြစ်ဟန်ရှိပါသည်။ သူတိုလေးတွေကြား ကျွန်တော်တို့သားအဖ မယောင်မလည် ရောလျှောက်ပါလာရာ သူတို့လေးတွေနှင့်နှုတ်ဆက်ဖို့၊ စကားစမြည်ပြောဖို့သာ စိတ်အားသန်နေကြသည့် ထိုကင်းသမားများ၊ လူဝင်မှု ကြီးကြပ်ရေးဂိတ်စောင့်များက ကျွန်တော်တို့သားအဖအား ငဲ့စောင်း၍ပင် မကြည့်ပါ။ ကျွန်တော်တို့ထုတ်ပြသော မှတ်ပုံတင်ကဒ်ပြားများ ကိုလည်း သေသေချာချာမကြည့်ပါ။ ဟိုလှည့်ဒီလှန်လုပ်ပြီး ကျွန်တော်တို့အား ပြန်ပေးပြီး၊ လက်ဖြင့် အမြန်ကားပေါ်ပြန်တက်ရန်သာ ညွှန်းနေပါသည်။ ကျွန်တော်တို့နှင့်ပါလာသောဆက်သားကလေးမှာလည်း ရှမ်းကလေးပင်ဖြစ်ရာ ထိုအဆိုတော်အုပ်နှင့် ရှမ်းလို တရင်းတနှီး ဆက်ဆံပြောဆိုနေသဖြင့် သူ့အတွက်လည်း အဆင်ပြေနေပါသည်။
ကိုအောင်တို့နှစ်ယောက်လည်း နောက်ကားနှင့်ပင်ပါလာရာ ကျွန်တော်တို့ရှေ့က စစ်ဆေးရေးတခုပြီး၍ထွက်လျှင် သူတို့ကားက နောက်က ဝင်လာတတ်ပါတော့သည်။ ဤသို့သွားနေရာက ကျွန်တော်တို့ နမ်တွန့်တံတားကိုကျော်ပြီးသောအခါ ကိုအောင်တို့နှစ်ယောက်အား တံတားတဖက်ထိပ် အပေါ်ဘက်တွင်ရှိသော တဲတန်းလျားဆီသို့ စစ်ဗိုလ်တယောက်ကခေါ်သွားတာကို တွေ့လိုက်ရပါတော့သည်။ ထိုစစ်ဗိုလ်က သူတို့နှင့် ရယ်ရယ်မောမောပြောပြောဆိုဆို စကားတပြောပြောနှင့် ခေါ်သွားနေတာ တွေ့ရသဖြင့် စိတ်ထဲအနည်းငယ်အေးရ သော်လည်း စိတ်တော့တထင့်ထင့် ဖြစ်နေပါသည်။ (နောင်မှ သိရသည်မှာ ကိုအောင့် သူငယ်ချင်း DSA ဆင်းတယောက်ဖြစ်ပြီး ကိုအောင့်ကို တွေ့သဖြင့် ဝမ်းသာအားရခေါ်သွားပြီး စကားစမြည်ပြောတာသာဖြစ်ကြောင်း၊ ကိုအောင်က အလုပ်ပြုတ်သွားသဖြင့် စိတ်ညစ်ပြီး ထွက်လည် နေကြောင်းပြောပြပြီး ပြန်ဆင်းလာခဲ့ကြောင်း သိရပါသည်။ ကိုအောင်မှာ ဘွဲ့ရပြီးခါစက ကမာရွတ်စီးကရက်စက်ရုံတရုံတွင် အလုပ်သင်အရာရှိ အဖြစ် အလုပ်လုပ်နေခဲ့ပြီး ၁၉၇၄ - ၇၅ အလုပ်သမားအရေးအခင်းအပြီးတွင် အလုပ်ပြုတ်ခဲ့ပါသည်။)
ဤလိုနှင့် ကျွန်တော်တို့ခရီးနှင်လာရာ နေ့လည်ထမင်းကို ကွတ်ခိုင်တွင်ဝယ်စားပြီး နမ့်ခမ်းသို့ရောက်ခါနီး ၁ဝ မိုင်ခန့်အလိုတွင် ကျွန်တော်တို့ ဆက်သားကလေးက ကားရပ်ခိုင်းပြီး ကျွန်တော်တို့ ဒီမှာပဲဆင်းတော့မည်ဟုပြောဆိုပြီး ကားပေါ်က ဆင်းကြပါတော့သည်။ ကျွန်တော်တို့ ဆင်းသောအခါ ကားစပယ်ယာက သြော် ခင်ဗျားတို့က ဒီလိုကိုးလို့ ဆိုလိုက်ပါသည်။ ထိုနေရာမှာ ကျွန်တော်တို့ မြေအောက်ရဲဘော်များ သုံးနေကျလမ်းဖြစ်သဖြင့် ကားစပယ်ယာလေးက ဤသည်ကိုရည်ရွယ်၍ ပြောဟန်ရှိသည်။ ကျွန်တော်တို့သုံးပြီးနောက် ထိုလမ်းကို မည်သူမျှ မသုံးတော့။ ကျွန်တော်တို့လည်း ရင်ထဲဒိတ်ကနဲဖြစ်သွားသော်လည်း ဟန်မပျက်ကားပေါ်မှဆင်းကာ ကားလမ်းဘယ်ဘက်ရှိ တောင်ကုန်း တကုန်းပေါ်ရှိ ဘုန်းကြီးကျောင်းရှိရာသွားသောလမ်းသို့ ဆင်းလျှောက်ကြပါသည်။
ကျွန်တော်တို့ စီးလာသည့်ကား မျက်စိအောက်မှပျောက်သွားမှ လာရာလမ်းပြန်လှည့်ပြီး ကားလမ်းဖြတ်ကာ ကားလမ်းညာဘက်ဘေးရှိ တောအုပ်တွင်းဝင်ကာ လူသွားလမ်းလေးအတိုင်းဆက်လျှောက်တော့ နယ်စပ်ချောင်းကိုရောက်သွားပြီး ကမ်းတွင်လည်း ကူးတို့လှေလေးတစီး ကပ်ထားတာ တွေ့ရပါသည်။ လှေသမားလည်း အဆင်သင့်ပင်တွေ့ရပါသည်။
ကျွန်တော်တို့သည် ထိုချောင်းကို ကူးတို့လှေလေးနှင့်ဖြတ်ပြီး ကမ်းပေါ်တက်ကာ တွေ့ရသည့်လမ်းကလေးအတိုင်း လျှောက်လာရာ စပါးခင်းကြီးတခုဘေး လယ်ကန်သင်းပေါ်တက်လျှောက်လိုက်စဉ် “ဖေဖေရေ၊ ဖေဖေရေ”ဟုအော်ပြီး လက်ကြီးမြှောက် ဝှေ့ယမ်းပြီး ပြေးလာသည့် ကျွန်တော့်သားအငယ်ကျော်ဇောဦးကို တွေ့လိုက်ရပါတော့သည်။ သူက ကျွန်တော်တို့ထက် တလခန့်စော၍ ပါတီသို့ ထွက်ခွာသွားသူဖြစ်ရာ သူ့ကိုတွေ့လိုက်ရသောအခါ ကျွန်တော်တို့ ပါတီသို့ ချောချောမောမောလုံခြုံစွာဆိုက်ရောက်ပြီဆိုတာကို သိလိုက်ရပါတော့သည်။
ကျွန်တော်တို့နှင့် ကျော်ဇောဦး၊ သူနှင့်အတူပါလာပြီး ကြိုစောင့်နေသော ပါတီမြေအောက်ဌာနကေဒါတဦးဖြစ်သည့် ရဲဘော်ဇော်ဝင်းတို့ အကျိုးအကြောင်းပြောနေစဉ်မှာပင် ကျွန်တော့်သားအကြီးကိုအောင်နှင့် ဆက်သားရဲဘော်တို့ ရောက်ချလာပါသည်။ ထိုနေရာသည် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ရှေ့တန်းစခန်းထောက်ရှိရာ မန်ဟိုင်းရွာလေး ဖြစ်ပါသည်။
ထိုနေ့သည် ၁၉၇၆ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့ ဖြစ်ပါတော့သည်။
ကျွန်တော်သည် အခက်အခဲအမျိုးမျိုး၊ အကွေ့အကောက်အမျိုးမျိုးကိုဖြတ်ကျော်ပြီး နှစ်ရှည်လများခွဲခွာခဲ့ရသည့် “အိမ်” (ပါတီ) သို့ ပြန်လည်ရောက်ရှိခဲ့ပါတော့သည်။ ။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၂ဝ)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၂ဝ)
ကျွန်တော် လွတ်မြောက်ဒေသသို့ ထွက်ခွာခြင်း
ဗိုလ်နေဝင်းသည် နိုင်ငံရေးအရ အလွန်အကင်းပါးသူ ဖြစ်ပါသည်။ သူ့တကိုယ်ရည်ကြီးပွားမှုအတွက်ဆိုလျှင် ဘယ်သူ့ကိုမဆို ဘာမဆိုလုပ်သူ ဖြစ်သည်။ ဘယ်အချိန်တွင် ဘယ်သူ့ကိုခွာ၍ ဘယ်အချိန်တွင် ဘယ်သူ့ကိုကပ်ရမည်ကို ကောင်းကောင်း တွက်ချက်တတ်သူလည်း ဖြစ်သည်။ သူ့အားဆန့်ကျင်သူမှန်သမျှကိုရော ထောက်ခံသူများကိုပါ ဘာတွေစဉ်းစားနေသည်။ ဘာတွေလုပ်ဆောင်နေသည်ကို အမြဲစောင့်ကြည့်ပြီး အစဉ်မပြတ်သိရှိနေရမှကျေနပ်သူ ဖြစ်သည်။ ထောက်လှမ်းရေးဘက်တွင် အလွန်အကွက်စေ့သူ ဖြစ်ပါသည်။
ကျွန်တော် တပ်ကထွက်ရကတည်းက ကျွန်တော့်ကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီးနေသည်ကို ကျွန်တော်ကိုယ်တိုင်လည်း သိသည်။ ကျွန်တော့်ဆီ ဝင်ထွက်သွားလာနေကြသူများလည်း သိကြပါသည်။ သိအောင်လည်း တမင်လုပ်သည့်အခါများလည်းရှိသည်။ ခြိမ်းခြောက်သည့်သဘောလည်း ဖြစ်ပါသည်။
ဤကဲ့သို့ လူသိထင်ရှား မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနေသည့်ကြားက ကျွန်တော် ကွန်မြူနစ်ပါတီသို့ လွတ်မြောက်ထွက်ပြေးနိုင်သည့် အခါ လူအတော်များများက အတော်ပင်အံ့အားသင့်သွားကြပါသည်။ ထို့ကြောင့်ပင် အနောက်နိုင်ငံသား စာရေးဆရာတချို့က ကျွန်တော့်ကို ဗိုလ်နေဝင်းက တမင်လွှတ်ပေးလိုက်ဟန်ရှိသည်ဟုပင်ရေးသားထားတာ တွေ့ရပါသည်။
တကယ်တော့ ကျွန်တော် ဤကဲ့သို့လွတ်မြောက်လာနိုင်သည့် အခြေခံအကြောင်းရင်းများ ရှိပါသည်။ ထိုအကြောင်းများ မှာ
၁။ ကျွန်တော် အိမ်ကြီးတလုံး ဝယ်လိုက်သည့်ကိစ္စ။ ။ ၁၉၇၄ ခုနှစ်တွင် ကျွန်တော်က အိမ်ကြီးတလုံးဝယ်လိုက်ခြင်းသည် ကျွန်တော် လွတ်မြောက်လိုက်ရသည့် အခြေခံအကြောင်းရင်းကြီးတရပ်ဖြစ်ပေသည်။ ဤအိမ်ကြီး ကျွန်တော်ဝယ်လိုက်သည့်အတွက် လူအတော် များများ၏စိတ်ထဲတွင် ကျွန်တော်နိုင်ငံရေးဆက်လုပ်တော့မှာမဟုတ်ဘဲ သားသမီးများ၊ မြေးများနှင့် အေးအေးဆေးဆေးပဲ နေထိုင်တော့မည်ဟု ထင်မှတ်မှားသွားစေပါသည်။
ထိုအချိန်က ကျွန်တော့်သမီးငယ်စန်းစန်း၏သမီးကြီး ကျွန်တော်တို့၏မြေးဦးခင်လေးကို ကျွန်တော်တို့ဇနီးမောင်နှံ ထိန်းနေရပါသည်။ ကျွန်တော်တို့ လူပိုမထားပါ။ အိမ်ဖော်လည်း မငှားပါ။ သမီးစန်း အလုပ်သွားလျှင် ကျွန်တော်တို့နှစ်ယောက် တလှည့်စီထိန်းကြရပါသည်။ ကျွန်တော့်ဇနီးချက်ပြုတ်ချိန်တွင် ကျွန်တော်က ထိန်းရပါသည်။ ကျွန်တော် မြေးပဲထိန်းနေရသည်ဟု အပြင်တွင်သတင်းထွက်နေပါသည်။
၁၉၇၅ - ၇၆ တွင် စုစု (ဒေါ်အောင်ဆန်းစုကြည်) ရန်ကုန်သို့ခေတ္တပြန်လာစဉ် ကျွန်တော်နှင့်တွေ့ရာ သူက “ဦးလေးက မြေးပဲထိန်းနေတယ် ကြားပါလား။ ဗမာပြည်ကြီးအတွက် ဦးလေးတာဝန်ကျေပြီလို့များ ဦးလေးထင်နေသလား”ဟု ကျွန်တော့်ကိုရန်တွေ့ပါသည်။ ကျွန်တော်က “မင်းစိတ်ချပါ။ ဦးလေးတာဝန် ဦးလေးကျေပွန်ရပါစေ့မယ်။ မင်းတို့လည်း ကိုယ့်အလှည့်ကျ မနွဲ့ကြနဲ့ပေါ့”ဟု ပြန်ပြောခဲ့ဖူးပါသည်။
ထို့ကြောင့် ကျွန်တော်နှင့် နည်းနည်းဝေးနေသူများက ကျွန်တော် နိုင်ငံရေးနှင့်ကင်းကင်းရှင်းရှင်းနေတော့မည်ဟု ထင်ကြပါသည်။ ကျွန်တော် အသက်အရွယ်အရလည်းရလာပြီဖြစ်၍ စွန့်စွန့်စားစားလုပ်ရမည့်အလုပ်ကို လုပ်တော့မည်မဟုတ်ဟု ထင်ဟန်ရှိပါသည်။
ဗိုလ်နေဝင်းကိုယ်တိုင်ကလည်း ကျွန်တော် ကွန်မြူနစ်ပါတီအပေါ်တွင် စိတ်နာစိတ်ခုနေသည်ဟု ထင်နေဟန် ရှိသည်။ ကျွန်တော်ကလည်း အဲသလိုထင်နေအောင် သူ့နားရောက်နိုင်သည့်နေရာမှ ထိုအာဘော်မျိုးလွှင့်ထားဖူးပါသည်။ ထို့ပြင် ဗိုလ်နေဝင်းသည် တကယ်စစ်မှန်သော မျု်းချစ်ပြည်ချစ်တို့သည် မိမိတိုင်းပြည်ဆင်းရဲခြင်းမှလွတ်ကင်း၍ ချမ်းသာကြွယ်ဝလာမှုကိုလိုလားပြီး မနေမနား ကြိုးစားတတ်သည့်သဘောကို မစဉ်းစားမိပေ။ နားလည်းနားမလည်နိုင်ပေ။ မိမိပင်ကိုယ်စိတ်နှင့်ပင်နှိုင်း၍ စဉ်းစားပုံရသည်။
ဤအချက်ကြောင့်ပင် ကျွန်တော့်ကိုစောင့်ကြည့်သည့်အလုပ်တွင် ဝီရိယပေါ့လာကြဟန် ရှိပါသည်။
ပကတိဘာဝအရလည်း အိမ်ကြီးမှာနှစ်ထပ်ဖြစ်သဖြင့် အောက်ထပ်တွင် စန်းစန်းတို့မိသားစုသာနေပြီး ကျန်လူများက အပေါ်ထပ်တွင် နေကြရာ လမ်းမကကြည့်၍ မမြင်နိုင်မသိနိုင်ရှိပါသည်။ ဆီဆုံလမ်း အိမ်လေးတုန်းကမူ ကျွန်တော်မှာ အိမ်ကကျဉ်းလည်းကျဉ်း၊ မှောင်လည်း မှောင်သဖြင့် အိမ်ကပြင်လေးမှာပင် ပက်လက်ကုလားထိုင်တလုံးနှင့်စာဖတ်နေရရာ လမ်းပေါ်က အမြဲစောင့်ကြည့်နေသူများကမြင်နေရပြီး နည်းနည်းပျောက်သွားတာနှင့် ပျာပျာသလည်းဖြစ်ပြီး ရှာဖွေကြပါသည်။ ယခုတော့ သူတို့အနေနှင့် ကျွန်တော်ရှိမရှိ ဘယ်လိုမှအကဲဖြတ်မရ ရှိတတ်ပါသည်။
ထို့ပြင် ကျွန်တော်တို့က ဤအိမ်ကြီးကို ပြောင်းခါစပင်ဖြစ်သေးသဖြင့် ကျွန်တော့်ကို ထောက်လှမ်းရေးထားသည့် သူတို့၏ထောက်လှမ်းရေး ကွန်ယက် စနစ်တကျအပြည့်အဝတည်ဆောက်မရသေး ရှိပါသည်။ ဤသည်ကလည်း ကျွန်တော်တို့အတွက် အခွင့်ကောင်းတရပ် ဖြစ်ပါသည်။
၂။ ဒုတိယအကြောင်းကတော့ လတ်တလော အလွန်အကျိုးရှိစေလိုက်သည့်ကိစ္စတရပ် ဖြစ်ပါသည်။ ထိုကိစ္စမှာ ဗိုလ်အုန်းကျော်မြင့်တို့အမှု ပေါ်ပေါက်လိုက်ခြင်းပင်ဖြစ်ပါသည်။ ထိုကိစ္စနှင့် ထောက်လှမ်းရေးအဖွဲ့အစည်းကြီးတရပ်လုံး ရှုပ်ယှက်ခတ်အလုပ်များသွားသဖြင့် ကျွန်တော်တို့ကိုစောင့်ကြပ်နေမှုများလည်း လစ်ဟင်းသွားဟန်ရှိပါသည်။
ထိုစဉ်တုန်းကတော့ ဘာကိစ္စမှန်း မသိပါ။ ကျွန်တော်တို့ သွားဖို့လာဖို့ပြင်ဆင်နေစဉ်မှာပင် တနေ့ လှလှ ညနေပြန်လာပြီး ပြောပြသည်မှာ သူနှင့်အလုပ်လုပ်ဖက် ဆရာဝန်မတဦးရှိကြောင်း၊ ထိုဆရာဝန်မမှာ လေတပ်မှပိုင်းလော့ဗိုလ်ကြီးတဦး၏ဇနီးဖြစ်ပြီး နဝရတ်ရိပ်သာတွင် နေကြောင်း၊ ဒီနေ့ဆေးရုံရောက်လာချိန် နောက်ကျသဖြင့် ဘာဖြစ်သလည်းဟုမေးကြည့်ရာ ဘာကိစ္စမှန်းမသိ၊ သူတို့နေသည့် နဝရတ်ရိပ်သာ ကို မနက်လင်းအားကြီးတွင် စစ်တပ်နှင့်ဝိုင်း၍ သူတို့၏အိမ်အောက်တွင်နေထိုင်သည့် ဗိုလ်ချုပ်ကျော်ထင်၏ ကိုယ်ရေးအတွင်းရေးမှူး (PA) ကို ဖမ်းသွားကြောင်း ပြောပြသည်ဟုသိရသည်။ ထို့နောက် လှလှကပဲ ဆက်ပြောပြသည်မှာ သူတို့လူနာခန်းမှ သူ့ဆရာတယောက်က ပြောပြ သည်မှာ “ဟ-ညက ဘာဖြစ်သလည်း မသိဘူးဟေ့။ တို့ လမ်းထဲက MI ဌာချုပ်ထဲ ကားတွေ ဝင်လိုက်ထွက်လိုက်နဲ့ တညလုံး အလုပ်ရှုပ် နေကြတာ။ ကိစ္စကြီးတခုခုတော့ ဖြစ်ပေါ်ပြီထင်တယ်”ဟု ဆိုပါသည်။ ထိုဆရာမှာ ဟဲလ်ပင်လမ်းထဲတွင်နေထိုင်သူဟု သိရပါသည်။
ကျွန်တော်က ထိုကိစ္စကိုသိသောအခါ ဤသည်မှာ ကျွန်တော်တို့အတွက်အခွင့်ကောင်းဖြစ်နိုင်သည်ဟု တွက်မိပါသည်။ (ကျွန်တော် တောထဲရောက်ပြီးအတော်ကြာမှ ဗိုလ်ကြီးအုန်းကျော်မြင့်တို့အမှုဆိုတာ သိရပါသည်။)
၃။ တတိယအကြောင်းကတော့ ကျွန်တော်တို့ခရီးစဉ်အတွင်း ပြင်ဆင်ရာတွင် အချိန်ရွေးချယ်မှုကအစ အလွန်အသေးစိတ်ပြီးစနစ်တကျ စေ့စေ့စပ်စပ် ဘက်စုံပြင်ဆင်ခဲ့မှုကြောင့်လည်း ဖြစ်ပါသည်။ အချိန်တိုအတွင်း ကွက်တိကျအောင်စီစဉ်နိုင်၍ ဖြစ်ပါသည်။
ထိုနှစ်က အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်သည် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနှင့်ဆက်နေပြီး ရုံးဆက်တိုက်ပိတ်ချိန် ဖြစ်ပါသည်။ ဤရုံးပိတ်ရက် အတွင်း ကျွန်တော်တို့ ရန်ကုန်မှထွက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့တွင် မှတ်ပုံတင်အတုများအပြင် လှလှ၏ အလုပ်ရွှေ့ပြောင်းလွှာ အတုလည်း ပါလာပါသည်။ လှလှမှာ နမ့်ခမ်းဆေးရုံသို့ပြောင်းရသည့်ဆရာဝန်တဦးအဖြစ်လည်းကောင်း၊ ကျွန်တော်က သူ့ကို စောင့်ရှောက် လိုက်လံပို့ဆောင်ပေးသည့် ဦးလေးအဖြစ်လည်းကောင်း ဟန်ဆောင်ခဲ့ကြပါသည်။
လှလှမှာ ထိုခရီးမထွက်ခင်တပတ်အလိုတွင် သူ့ဘာသာသူ မသင်္ကာ၍ဆေးစစ်ကြည့်ရာမှ ညာဖက်အဆုပ်ထိပ်တွင် တီဘီရောဂါ ဖြစ်ပွား နေကြောင်း သိလိုက်ရပါသည်။ ထို့ကြောင့် သူက ထိုဓာတ်မှန်ပြ၍ သူ့အခန်းအုပ်ဆရာထံမှ လုပ်သက်ခွင့် ၁ဝ ရက်ယူပြီး၊ တီဘီသောက်ဆေး နှစ်မျိုးကိုလည်း သုံးလေးလစာ တောင်းလာခဲ့ပါသည်။ ထိုကိစ္စကြောင့် ကျွန်တော်တို့ တအိမ်သားလုံး ဆေးရုံပြေးဆေးစစ်ရ၊ ဓာတ်မှန်ရိုက်ရနှင့် အလုပ်ရှုပ်သွားကြရပါသည်။ ဤကိစ္စကိုလည်း တယ်လီဖုန်းမှတဆင့် ရေးကြီးခွင်ကျယ်လုပ်ပြီး ကျွန်တော်တို့ ဟိုလူပြော၊ ဒီလူပြော ပြောဆိုကြ ပါသည်။ ကျွန်တော်တို့ကိုစောင့်နေသည့် ထောက်လှမ်းရေးများ မျက်စိလည်စေရန်ဖြစ်ပါသည်။ ကျွန်တော်က တချို့မိတ်ဆွေတွေ ဆွေမျိုးတွေကို သမီးစိတ်ဓာတ်ထိခိုက်နေကြောင်း တနေရာရာသွား အနားယူနေချင်နေကြောင်း၊ ကျွန်တော်လည်းလိုက်သွားမယ်လို့ စဉ်းစားထားကြောင်းစတာတွေ ဖုန်းနှင့်ပြောဆိုသတင်းလွှင့်တာလည်း လုပ်ပါသည်။
ထိုအချိန်က မိုးတွင်းကြီးဖြစ်ရာ ကားလမ်းမများကိုရေကျော်တတ်သဖြင့် ကျွန်တော့်သား ကိုအောင် (အောင်ကျော်ဇော)ကို ကားမြင့်မြင့်တစီး ငှားခိုင်းရာသူက အမေရိကန်ဒေါ့ဂျစ်တစီးကို မန္တလေးသို့ အသွားအပြန်တညအိပ် ငွေကျပ်သုံးထောင်နှင့် ငှားထားပါသည်။
ကျွန်တော်တို့ စနေနေ့မနက်ပိုင်းတွင် ကျွန်တော့်ဇနီးကို ဖွင့်ပြောပြကြပါသည်။ သားငယ်ကိုကျော် (ကျော်ဇောဦး)တောခိုသွားရာတွင် လမ်းခရီး၌ ဖျားနေကြောင်းကြားရသဖြင့် လိုက်ခေါ်ကြမည်ဟုပြောပြပါသည်။ ကျွန်တော်တို့ သားအဖတတွေ မြေပုံတချပ်နှင့် ညညမှာ ကြိတ်ကြိတ် ကြိတ်ကြိတ်လုပ်နေသည်ကို တည သူထအလာ တွေ့ထားသဖြင့် သူမယုံပါ။ သူပါလိုက်မည်ဟုဆိုပါသည်။ လှလှက မေမေပါ လိုက်ရင် အားလုံးမိကုန်မှာ။ အားလုံးပျောက်လို့ မဖြစ်ဘူး။ မေမေက အိမ်မှာဟန်မပျက်နေခဲ့ပါ။ သုံးလေးရက်ကြာအောင် သူတို့ကို လှည့်ဖြားထားနိုင်မှ အားလုံးလွတ်မှာလို့ ဖျောင်းဖျပါသည်။ ထို့နောက် ကိုအောင်သည် အိမ်တွင်ရောက်နေသည့် ပါတီမှဆက်သားနှင့် အရင်ထွက်သွားပါသည်။ လှလှက အိမ်မှဖုန်းနှင့်ပင် သူ့လူနာခန်းမှ တာဝန်ကျနေသော အလုပ်သင်ဆရာဝန်လေးအား သူတီဘီဖြစ်ပြီး သွေးအားနည်းလွန်းသောကြောင့် မိုရာမင် အားဆေးသွင်းရန်ဆေးရုံလာခဲ့မည်ဟု ချိန်းပါသည်။
ကျွန်တော့်သမီးငယ် စန်းတို့ဇနီးမောင်နှံကိုလည်း အိမ်အပေါ်ထပ်သို့ခေါ်လိုက်ကာ ကျွန်တော့်ဇနီးအား ပြောပြသည့်အတိုင်းပင် ပြောပြ လိုက်ပါသည်။ စန်းကတော့ ကျွန်တော်တို့ ပြောတာယုံပါသည်။
ထိုအချိန်တွင်ပင် ကျွန်တော့်အောက်ညီ ကိုသန်းထွန်း သုံးဆယ်မှ ကပျာကယာရောက်လာပါသည်။ မောင်မြတ်ကျော်ကို ညကပင် ထောက်လှမ်းရေးက သုံးဆယ်အိမ်တွင်လာဖမ်းသွားပြီး ဒီနေ့မနက်စောစော ရန်ကုန်ပို့လိုက်ပြီဟုကြားကြောင်း မောင်မြတ်ကျော်ဖခင် (ကျွန်တော့် ညီအငယ်ဆုံး)ကိုသိန်းရွှေက ရန်ကုန်က ဟိုကောင်နှစ်ကောင် (ကျွန်တော့်သားနှစ်ယောက်)လည်း ဘယ်လိုနေမယ်မသိ၊ အကို သွားပြောချေပါ။ ရှောင်ချိန်ရရင်လည်း ကောင်းတာပေါ့ဆိုပြီးလွှတ်လိုက်လို့ လာရသည်ဟုဆိုပါသည်။ (အမှန်မှာ ကျွန်တော်တို့ တောခိုဖို့ ပြင်ဆင်စဉ် လှလှက မောင်မြတ်ကျော်ပါ တပါတည်းခေါ်သွားမည်ဟု ဆိုပါသည်။ ကျွန်တော်က လူတွေများနေလျှင် အန္တရာယ်ရှိသည်။ ထို့ကြောင့်နောက်မှ လာခေါ်တာပေါ့။ အခုတော့ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်အောင် သူ့ကို သုံးဆယ် ပြန်ခိုင်းထားရအောင်ဟုပြောထားပြီး ကျောင်းများလည်းပိတ်ထားသဖြင့် သုံးဆယ် သူ့မိဘများဆီပြန်ခိုင်းထားခြင်း ဖြစ်ပါသည်။ မောင်မြတ်ကျော်သည် မှိုင်းရာပြည့်လှုပ်ရှားမှုတွင် ပါဝင်မှုဖြင့် ထောင်ကျသွားပြီး လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လာပြီး နောက် ၁၉၈ဝ ခုနှစ်တွင် ကျွန်တော်တို့ရှိရာ ပန်ဆန်းသို့ရောက်ရှိလာပြီး ကျွန်တော်တို့နှင့် တောက်လျှောက် နေထိုင်ခဲ့ပါတော့သည်။)
ကျွန်တော်က ကိုသန်းထွန်းကို မင်းလည်း ရန်ကုန်မှာ ကြာကြာမနေနဲ့။ အခုပဲ သုံးဆယ်ပြန်တော့။ ငါတို့ ကြည့်ရှောင်ပါ့မယ်ဆိုကာ သူ့အားလည်း ပြန်ခိုင်းလိုက်ပြီး ကျွန်တော်တို့သားအဖ သုံးဘီးကားတစင်းနှင့် ရန်ကုန်ဆေးရုံကြီးသို့ထွက်လာခဲ့ပါသည်။ ကျွန်တော်တို့ကို စောင့်ကြည့်သည့်ထောက်လှမ်းရေးများသည် ဆေးရုံကြီးရှေ့ပေါက်မှ ကျွန်တော်တို့သားအဖ သုံးဘီးကားပေါ်မှဆင်းပြီး ဆေးရုံပေါ်တက်သွား သည်အထိ ကျွန်တော်တို့နောက်က ပါလာခဲ့ပါသည်။ ဆေးရုံကြီး၏ ရှေ့ပေါ်တီကိုအောက်တွင် သူတို့ရပ်စောင့်နေသည်ကို ကျွန်တော်တို့ ဆေးရုံပေါ်က မြင်ရပါသည်။
လှလှသည် သူတာဝန်ကျနေသည့်လူနာဆောင်သို့သွားပြီး သူဖုန်းဆက်ထားသည့်ဆရာဝန်လေးကို အချိန်မရှိလို့ ဒီနေ့တော့ ဆေးမသွင်း သေးဘူး။ နောက်နေ့မှလာခဲ့မယ်ဟုပြောပြီး ကျွန်တော်တို့သားအဖ လူသေအလောင်းများချရာ နောက်ဘက်ဓာတ်လှေကားနှင့် အောက်ဆုံးထပ်သို့ ဆင်းခဲ့ပါသည်။ ကိုအောင်က ရင်ခွဲရုံထောင့်တွင် ငှားထားသောကားနှင့် စောင့်နေပါသည်။ ကျွန်တော်တို့က ဆေးရုံကြီး ထိုနောက်ပေါက် (အသုဘများချရာ တံခါးပေါက်) မှ ထွက်လာခဲ့ကြပါသည်။

Monday, December 21, 2015

လွန် ၂ လွန် (မျိုးမြင့်ချို)

0 comments
ဒေါ်အောင်ဆန်းစုကြည်အလွန် အင်န်အယ်လ်ဒီကိုတော့ ခန့်မှန်းကြည့်ရတာ သိတ်အခက်မကြီးလှပါ။ သန်းရွှေအလွန် ကြံ့ဖွံ့အနာဂတ်ကရော ဘယ်သို့ရှိလေမလဲ။ ဒီအလွန် ၂ ခုဟာ သိတ်မကြာတော့မယ့်ကာလအတွင်း လာမှာပါ။ ဒေါ်အောင်ဆန်းစုကြည် အသက်အရွယ်ကြီးရင့်ပြီ။ သန်းရွှေ အိုမင်းတွင်းဆုံးအရွယ်ရောက်ပြီ။
ဗမာပြည်မှာ လူထုဒဏ်ခတ်လို့ နိုင်ငံရေးဇာတ်သိမ်းသွားရတဲ့ပါတီတွေရှိသလို စစ်အာဏာရှင်ချေမှုန်းလို့ ပြုတ်ပြုတ်ပြုန်းသွားရတဲ့ ပါတီတွေလည်းရှိတယ်။ တချို့ပုံဖော်ကြသလို ဗမာ့နိုင်ငံရေးအနာဂတ်ရဲ့ အဓိကပြိုင်ဘက်ပါတီကြီး ၂ ပါတီဆိုတာ ဆောင်းတွင်းအိပ်မက် ဆန်လွန်းတယ် ထင်ချင်စရာပါ။
စစ်တပ်ကျောထောက်နောက်ခံပေးတဲ့ပါတီ ချည့်နဲ့သွားလည်း စစ်အုပ်စုဆိုတဲ့ အနှစ်သာရသဘောကြီးရော မိုးပေါ်ထောင်မပစ်ဘူးဆိုတဲ့ ရုပ်ဒြပ်အကောင်အထည် လက်နက်ကိုင်ဂိုဏ်းကြီးရောရှိနေတာ အထင်အရှားပဲ။ စစ်လက်ဝါးကြီးအုပ်ဓနရှင်စနစ်ကို ကာကွယ်ဖို့ ဆက်လက်ရှင်သန်ကြီးထွားနေစေဖို့ သေနတ်ကတဘက် လူမျိုးရေးဘာသာရေးအခြေခံ တဇောက်ကန်းအမျိုးသားရေးဝါဒကတဘက်နဲ့ လူထုဂုတ်ခွစီးထားနိုင်ဖို့ ကျားကုပ်ကျားခဲအမြဲလုပ်နေမှာ အသေအချာပဲ။ ဒါကိုက စစ်အုပ်စုဆိုတဲ့ အနှစ်သာရသဘောပါပဲ။
နောက်တချက်က ဒီအနှစ်သာရသဘောကို မျက်နှာဖုံးတခုခုနဲ့ကာဖို့ စစ်အုပ်စုပင်းတဲ့ နိုင်ငံရေးပါတီတွေ အစုအဖွဲ့တွေလည်း မရ ရအောင်မွေးယူမှာပဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံကိုလည်း အသေအလဲကာကွယ်မှာပဲ။ အဲ့ဒီအောက်ကနေ ဖြစ်ထွန်းရတဲ့ ပါတီတွေ၊ လွှတ်တော်တွေ၊ အစိုးရတွေ၊ ရွေးကောက်ပွဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် လုပ်ပေးနေမှာပါပဲ။ ဒါက ၂ဝဝ၈ နဲ့ အလုပ်ဖြစ်နေသရွေ့ပေါ့လေ။
လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးတွေကရော ဘယ်ပုံ အဆုံးသတ်မလဲ။ ခုသွားမယ်ဆိုတဲ့ညီလာခံရယ် ကာချုပ်မူ ၆ ချက်ရယ်ကိုင်ပြီး ဆက်လုပ်ကြဆို အင်န်အယ်လ်ဒီ့နိုင်ငံရေးလည်း ကတိမ်းကပါးဖြစ်မလား စိုးရိမ်စရာရှိတယ်။ လူမျိုးစုရေးရာနဲ့လူမျိုးစုပြဿနာကို သေချာဃဏ နားမလည်ရင် ဗမာ့နိုင်ငံရေးကို နားလည်တယ်လို့ပြောမရဘူးဆိုတယ်။ ကျနော်ကတော့ နားမလည်တာအမှန်ပါ။ ကြိုးစားလေ့လာနေတာပါပဲ။ ဒါကို နားမလည်ပဲ လူမျိုးပြဿနာကို ကောက်ကိုင်ရင် ပြည်တွင်းစစ်ရပ်စဲရေးဟာ စစ်စစ်မှန်ပြေလည်သွားစရာ မရှိဘူးလို့မြင်တယ်။ နောက်တချက်က စစ်ရပ်စဲရေးပြည်ပအကူအညီတွေကလည်း မသင်္ကာစရာကောင်းလှတယ်။ အထူးသဖြင့် နော်ဝေနိုင်ငံရဲ့ ကြားဝင်မှုဟာ သတိကြီးကြီးထားစရာပါ။ သီရိလင်္ကာက တမီလ်တိုက်ဂါးတွေကိစ္စ ပူပူနွေးနွေးကြီး ရှိပါသေးတယ်။
စစ်အုပ်စုကတော့ ဘာဖြစ်ဖြစ် သူ့အတွက်ကျန်အောင်လုပ်ယူမှာပါပဲ။ ဒေါ်စုအလွန် သန်းရွှေအလွန် ဘယ်သူလွန်လွန် မလွန်လွန် စစ်အုပ်စုကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ သူ့အလွန်မရှိအောင် သူ့အလွန်မဖြစ်အောင် ကာထားနိုင်နေတုန်းပါပဲ။
ကျနော်တို့ဘက်ကရော ဒီအလွန် ၂ ခုအတွက် ဘာတွေပြင်ဆင်ထားဖို့လိုမလဲ။ သူလွန်ခဲ့သမျှ နောင်တလည်းမရ၊ တိုင်းပြည်ကိုလည်း ဝန်မချ၊ လူထုကိုလည်းမတောင်းပန်၊ တရားသဖြင့်စီရင်မှုကနေလည်း လွတ်မြောက်နေဆဲဖြစ်တဲ့ စစ်အုပ်စုရဲ့ အသက်ဗူးဟာ ဝိဉာဉ်ကိန်းရာဟာ ၂ဝဝ၈ ဖွဲ့စည်းပုံမှန်း လူတိုင်းသိသလို ဒါကို ဖျက်သိမ်းရေးဟာလည်း ဒီကနေ့ ကျနော်တို့ ပခုံးပေါ်ကျနေတဲ့ “အမျိုးသားရေးတာဝန်ပဲ”မဟုတ်လားခင်ဗျား။

ကျောက်စိမ်း မြစ်ဆုံနဲ့ ဓာတ်ငွေ့ (မျိုးမြင့်ချိ)

0 comments
မြစ်ဆုံရေကာတာစီမံကိန်းတုန်းက ဦးတည်ပစ်မှတ် စစ်အုပ်စုဖြစ်တယ်။ မြစ်ဆုံတည်ရာ ကချင်ပြည်နယ်က လက်နက်ကိုင်/မကိုင်နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ကချင်ပြည်သူတွေ၊ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ဦးဆောင်ပါဝင်မှုက အခရာကျတဲ့နေရာက ပါဝင်ခဲ့တယ်။

တပြည်လုံး လူထုလူတန်းစားအလွှာအသီး စာပေအနုပညာရှင်တွေအပါ အုံးအုံးကျက်ကျက်ဖြစ်လို့ သိန်းစိန်က သူ့သမ္မတလက်ထက် စီမံကိန်းကို ယာယီရပ်စဲပေးလိုက်တာပါ။ ဒါတောင် လူထုဆန္ဒလိုက်လျောခြင်း မလျောခြင်းဆိုတာထက် သူတို့အကျိုးစီးပွားအခြေခံကြောင့်ပါ။ တရုတ်ကို အဲ့သလို ကစားပြလိုက်ရုံနဲ့တင် အနောက်အုပ်စုဆီကရလိုက်တဲ့ သြဘာသံတဖြောင်းဖြောင်းနဲ့ ဒေါ်လာစီးကြောင်းကြီးမှ
တောင်ကျချောင်းလို ဝေါကနဲမဟုတ်လား။ လူထုဘက်ကလည်း ဒီစီမံကိန်းအပြီးရပ်ဖို့ တိုက်ရဦးမယ်ဆိုပြီးအားခဲထားသလို တဝက်တပျက်အောင်ပွဲအပေါ် သာယာယစ်မူးနေတာလည်းမရှိပါ။ ဒီတုန်းက တည်တိုက်တဲ့ရန်သူ ဦးတည်တဲ့ပစ်မှတ် အကုန်ကွက်တိလို့ပြောရင် မှန်ပါတယ်။ ပြောရရင် သေနင်္ဂဗျူဟာရော နည်းနာလုပ်ဟန်ရော မှန်ခဲ့လို့ လို့ပြောရင် မလွဲလောက်ဘူးထင်ပါတယ်။

ရခိုင်သဘာဝဓာတ်ငွေ့ကိစ္စကြတော့ စစ်အုပ်စုကိုဖယ်ပြီး ပေါက်ဖော်ကြီးကိုကွက်ပစ်တဲ့ တရုတ်ဆန့်ကျင်ရေး အင်န်ဂျီအိုလှုပ်ရှားမှုလက္ခဏာက ထင်းသွားတယ်။ လူထုလက္ခဏာ မဆောင်ဘူး။ လူများစုလူထုကြီး ပါလာဖို့မပြောနဲ့ ဒေသခံရခိုင်နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းတွေတောင် သိတ်အတက်ကြွကြီး ပါဝင်လာတာမရှိဘူး။ ရခိုင်ပြည်သားတွေက ဒီလှုပ်ရှားမှုဟာ တို့အတွက်မဟုတ်ပဲ ဘာ့အတွက်လုပ်နေမှန်း ကောင်းကောင်းကြီးသလို့ မကောင်းတတ်တဲ့သဘော ပြောတာဆိုတာလေးလောက်ပဲ လုပ်ကြတာပါ။ သူတို့ပြည်နယ် အကျိုးအတွက် သွေးရိုးသားရိုးဆို ဘယ်ရခိုင်သားမှ ချန်မနေဘူး။ ရှေ့တန်းကထွက်လာမှာ အသေအချာပဲ။ ဆိုတော့ ရခိုင်ပြည်သူတွေနဲ့ ဗမာလူထုဟာ အင်န်ဂျီအိုဆရာတွေနဲ့ သူတို့ဒိုနာတွေထင်သလို မအဘူးဆိုတာ လက်တွေ့ပဲ။ လှည့်ဖျားမခံဘူး။ ရန်သူဘယ်သူမှန်း လက်သည်ဘယ်သူမှန်း ကောင်းကောင်းကြီးသိတယ်။  အင်န်ဂျီအိုဆရာတွေ ငွေကုန်သံပြာနဲ့ ရည်ရွယ်ရာအပြည့်မပေါက်လိုက်ဘူး။ တရုတ်ဆန့်ကျင်ရေးမျိုးစေ့ နည်းနည်း ထပ်ချပေးနိုင်တာရယ် တရုတ်ဆန့်ကျင်ရေးသမားတချို့
ခေါင်းကောက် ရွေးလိုက်နိုင်တာရယ်လောက်ပဲ အမြတ်ကျန်တယ်။

ခု ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်တဲ့ကိစ္စကိုကြတော့ ရခိုင်သဘာဝဓာတ်ငွေ့ကိစ္စမှာ ပျဉ်ဖိုးနားလည်သွားတဲ့ အင်န်ဂျီအိုဆရာတွေဟာ ရှေ့သိတ်ထွက်မလာဘူး။ စစ်အုပ်စုကိုဖယ်ပြီး တရုတ်ဆန့်ကျင်ရေးလမ်းကြောင်း တိကနဲကျအောင် နောက်ကနေ ငွေကြေး သတင်းအချက်အလက်နဲ့ အခြားလိုအပ်တာတွေ ပံ့ပိုပေးတာလောက်၊ သာမန်လူထုကြား ပစ်မှတ်ဝေဝါးသွားအောင်၊ ဖြစ်နိုင်ရင် တရုတ်ကိုဦးတည်ရန်သူနဲ့ ပစ်မှတ်ဖြစ်အောင်လုပ်ဖို့လောက် အားထုတ်နေတာသတိထားမိတယ်။

ဒီကြားထဲ မြစ်ဆုံနဲ့မတူတာက ကချင်လက်နက်ကိုင်အဖွဲ့ရဲ့ ပါဝင်ပတ်သက်နေမှုပဲ။
မြစ်ဆုံတုန်းက ရသမျှငွေဟာ စစ်အုပ်စုလက်ထဲ သပိတ်ဝင်အိတ်ဝင် ဝင်ခဲ့တာချည်းပဲ။ ခုကျောက်စိမ်းကြတော့ ကေအင်န်ယူ ကေအိုင်အေတွေလည်း
တော်လှန်ရေးစစ်စားရိတ်ရန်ပုံငွေ ရရာရကြောင်း အရင်းအမြစ်ကြီး ဖြစ်နေတာအပြင် ဒေသအလိုက်ခေါင်းဆောင်တချို့ ထိုက်သလောက် အညွန့်ခူးစားနေကြတာလည်းပါနေတယ်။ ကျောက်စိမ်းဟာ စစ်အုပ်စုနဲ့ ကချင်ခေါင်းဆောင်တွေ ဝေစားမျှစားကိစ္စကြီးလိုဖြစ်နေတယ်။ တရုတ်၊ စစ်အုပ်စု၊ ကချင်အဖွဲ့အစည်းများဆိုတဲ့ သုံးပွင့်ဆိုင်ကိစ္စဖြစ်နေတယ်။ ဒါ့ကြောင့် မြစ်ဆုံမှာလို ကချင်လက်နက်ကိုင်နဲ့ ကချင်နိုင်ငံရေးအဖွှဲ့အစည်းတွေ တခဲနက်ပါမလာတာ သတိထားမိတယ်။

မပါတဲ့အပြင် ကျောက်စိမ်းဖော်နေတဲ့ကုမ္ပဏီကလူတွေ ယဉ်တွေကို အနှောင့်အယှက်ပေးရင်တောင် ဟန့်တားတာ ဖမ်းဆီးတာတွေရှိတယ်။ တကယ်လို့ ဒီကျောက်စိမ်းကိစ္စကို မြစ်ဆုံလို စစ်အုပ်စုကရွှေ့လိုက်လည်း ကချင်ဘက်တော့ ဗြောင်မဟုတ်တောင် တရုတ်နဲ့လက်သိပ်ထိုးတော့ လုပ်နေမှာပဲ။ နောက်ဆုံးကုန်ကုန်ပြောရရင် တရုတ်နဲ့မလုပ်ရလည်း သူ့ဘာသူ ဆက်လုပ်နေလို့ရတယ်။ သူ့မှာ တပ် သေနတ် နယ်မြေ လူထုအပြင် တရုတ်ပြည်ကိုကျောပေးထားတာဖြစ်တယ်။ ဒီတော့ စစ်အုပ်စုဘက်ကလည်း ဒီအတိုင်းလေးထားပြီး ဖဲ့ယူနေတာကမှ အကျိုးရှိနေတယ်။ ရွှေ့လိုက်ရင် တပြားမှမဝင်တော့မယ့်ကိန်းဆိုက်သွားမယ်။ သုံးဦးသုံးဖလှယ်အကျိုးစီးပွားချင်း အမြီးလိမ်ထားကြတဲ့အနေအထားဖြစ်နေတာပါ။

ဆိုတော့ တရုတ်ဆန့်ကျင်ရေး ငွေလုံးဆို့ခံထားရတဲ့ အင်န်ဂျီအိုဆရာတွေ ကျောက်စိမ်းကိစ္စကိုင်ပြီး ပေါက်ဖော်ဆန့်ကျင်ရေးလုပ်တာ
ထင်သလောက် ခရီးမပေါက်ဘူးဖြစ်နေတယ်။ စစ်အုပ်စုနဲ့ ကချင်ကိုခွဲနိုင်ရင်တော့တမျိုးဖြစ်မှာပဲ။ ခက်တာက ခွဲရအောင်လည်း ဟို ၂ ဘက်က ကျန်တာသာ မတူရင်နေမယ် ဒီကိစ္စကြ အကျိုးစီးပွားသွား ထိုက်သလောက်တူနေတယ်။ ခွဲဖို့ခက်တယ်။ ကချင်ကိုချည်းပဲ ထောင်တိုက်ဖို့မဖြစ်နိုင်သလို တရုတ်ကိုချည်းပဲ မဲချလို့မရပြန်ဘူး

ဒီတင် လူထုကြား အတွေးအခေါ်အရဝေဝါးကုန်အောင်၊ တရုတ်ဆန့်ကျင်ရေးတွေဖြစ်လာအောင်၊ လက်သယ်ရင်းစစ်အုပ်စုပျောက်သွားအောင်၊ ကချင်တော်လှန်ရေးအဖွှဲစည်းတွေအပေါ် လူထုအမြင်ပိုရှုပ်ထွေးကုန်အောင် ရနိုင်သမျှနည်းမျိုးစုံသုံးပြီး သဲကြီးမဲကြီးလုပ်နေတာပါပဲ။

ကျောက်စိမ်းကိစ္စဟာ မြစ်ဆုံလိုတွေးမရသလို ရခိုင်ဓာတ်သဘာဝဓာတ်ငွေ့လိုလည်း စဉ်းစားလို့မဖြစ်နိုင်ပါ။ ကျနော်တို့ မျက်ခြေမပြတ်ရမှာက ဒီကိစ္စဟာ လတင်ပါလို့နွားကျားကိုက်တာပါ။ စစ်အုပ်စုကြောင့်ဖြစ်ရတာပါ။ လက်သည်ရင်း တရားခံရင်းဟာ စစ်အုပ်စုပါ။ ဆန့်ကျင်တိုက်ဖျက်ရမှာက စစ်အုပ်စူပါ။
။ စစ်အုပ်စုနဲ့ပင်းပြီး ကချင်နဲ့တရုတ် ၂ ခုတည်းကို ထောင်တိုက်ဖို့လည်း ထင်သလောက် မလွယ်ဘူး။ ဒါဆို သိတ် ပေါ်တင်ကြီးဖြစ်သွားမယ်။ ကချင်ပြည်သူတွေ ပိုမကြေမနပ်ဖြစ်လာ ပို ထကြွလာမယ်။ စစ်အုပ်စုအပေါ်အမုန်းက ကြီးသထက်ပိုကြီးကုန်မယ်။ ဒီတင် အနောက်အုပ်စုလက်ဝေခံအင်န်ဂျီဆရာတွေ အတင်းလည်းမဝင်ရဲ ပြန်လည်းမဆုတ်သာ အနေအထားဖြစ်တော့တာပါပဲ။
ဒီဖင်ဘာ ၂၁၊ ၂ဝ၁၅

Sunday, December 20, 2015

တူတာတွေ(မျိုးမြင့်ချို)

0 comments
(တူတာတွေ)
မဆလ မိုက်ဇာတ်နဲ့ ၁၉၇၄ ဖွဲ့စည်းပုံကို ၈၈ အရေးတော်ပုံနဲ့ လူထုကသိမ်းပေးရတာပါ။ ဒါတောင် အကင်းမသေလို့ တစညတွေ လုပ်/စည်း၊ လယ်/စည်းတွေနဲ့ ခုထိ အငုတ်အတက်နဲ့အသက်ငွေ့ငွေ့ ကျန်သေးတယ်။ ၆၂ နှစ် စစ်အာဏာသိမ်းဗိုလ်နေဝင်းစစ်အုပ်စုဟာ ၁၂ နှစ်ကြာ ပြီးနောက် ဦးဆောင်နိုင်ငံရေးပါတီ(မဆလ)နဲ့၊ ဖွဲ့စည်းပုံနဲ့၊ ရွေးကောက်ပွဲတွေနဲ့၊ လွှတ်တော်နဲ့၊ သမ္မတနဲ့၊ အစိုးရအဖွဲ့ ဘာနဲ့ညာနဲ့ အထိုင်ချ လိုက်တယ်ဆိုပေမယ့် လူထုဟာ ဓနရှင်ဒီမိုကရေစီလည်းမမြင်ရ၊ ဆိုရှစ်လစ်ဒီမိုကရေစီလည်း မတွေ့ရ၊ ပြည်သူ့ဒီမိုကရေစီဆို ဝေးစွ ခြောက်ပါးပဲ။

သူခင်းထားတဲ့လမ်းအတိုင်း လျှောက်ချင်လျှောက် မလျှောက်နိုင်ရင် တိုက်။ တိုက်လို့ရှူံးရင် ထောင်ထဲ တောထဲသွားနေ ဒါပဲ။ ရှင်းတယ်။ ဒီမိုကရေစီ မရှိဘူး။ ဒီမိုကရေစီစနစ်ကြီးအကောင်အထည်ဖော်နေပါတယ် ဘာညာလည်းမပြောဘူး။ ဆိုတော့  ဒီမိုကရေစီရေးအကြပ်အတည်း ရှိတယ်လို့ မထင်ရဘူး။

သူ့ဖွဲ့စည်းပုံမှာလည်း ရှင်းတယ်။ တစ်ပါတီစနစ်ပဲ။ သူတို့ပါတီပဲ ဦးဆောင်မယ်။ လွှတ်တော်ထဲလည်ူး ဘယ်သကောင့်သားမှ ဝင်မထိုင်နဲ့။ ဖွဲ့စည်းပုံလည်း မပြင်ချင်ရင် မပြင်ပဲနေမယ်။ ပြင်စရာရှိလည်း သူတို့ဘာသာသူတို့ပြင်မယ်။ ဆိုတော့ ဖွဲ့စည်းပုံအကြပ်အတည်းရှိတယ်လို့လည်း မမြင်ရဘူး။

သမ္မတ၊ လွှတ်တော်ဥက္ကဌ၊ ဗဟိုတရားသူကြီးဥက္ကဌတွေလည်းရှိတယ်။ စင် ကိုယ်စီဆောက်ထားတာဆိုပေမယ့် အာဏာကိုတော့ ပါတီက ကိုင်ထားတယ်။ ပါတီဟာ အရာရာဖြစ်တယ်။ ပါတီဟာ အလံ။ ပါတီကို မလွန်ဆန်ရ။ ပါတီကျော်ပြီး ရုံးတရုံးဓားတစင်း လုပ်ပြရုံလေးတောင် မရဘူး။ ဆိုတော့ အစိုးရနဲ့လွှတ်တော်ကြား၊ လွှတ်တော်နဲ့ဖွဲ့စည်းပုံခုံရုံးအကြားပွတ်တိုက်မှုတို့ဘာတို့ဆိုတဲ့ အကြပ်အတည်းရှိတယ်လို့ မမြင်ရဘူး။

ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်မယ်လို့ တခွန်းမှမပြောဘူး။ ဘာကတိကဝတ် ဘာ အာမဘန္တေမှ ခံမထားဘူး။ ငြိမ်းချမ်းရေးတွေ အပစ်အခတ်ရပ်စဲရေးတွေလာမပြောနဲ့။ မြိ့ပေါ်နေ နိုင်ငံရေးလုပ်ချင်ရင် လက်နက်ချ။ မဆလထဲဝင်။ မဝင်ချင်ရင် ပေးတာစား ကျွေးတာယူ အေးအေးနေ ဘယ်နေရာမှဝင်မရှုပ်နဲ့မူပဲ။ မနေနိုင်ရင် တောထဲကနေ နိုင်ငံအောင်တိုက်။ ဆိုတော့ ဖက်ဒရယ်လ်တို့၊ ပြည်တွင်းစစ်ရပ်စဲရေးတို့ဆိုတဲ့အကြပ်အတည်းရှိတယ်လို့ မပြောသာဘူး။

တပ်ကိုကိုင်ဖို့ အစိုးရရှိတယ်။ အစိုးရကိုကိုင်ဖို့ ပါတီရှိထားတယ်။ အစိုးရက ပါတီကို နာခံရမယ်။ သေနတ်သည် ပါတီကိုနာခံရတယ်ဆိုတဲ့ ရုပ်အပြကောင်းခြင်း ရှိနေတယ်။ သေနတ်ပြောင်းကို မဆလပါတီက အမိန့်ပေးတယ်။ ဆိုတော့ စစ်တပ်က အစိုးရအမိန့်နာခံတယ် မနာခံဘူး ဆိုတဲ့ပြဿနာရှိတယ်လို့ မဆိုသာဘူး။ 

အတွင်းသဘော တကယ့်အနှစ်သာရသဘောမှာ တိုင်းပြည်နဲ့လူထုအတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပြည်တွင်းစစ်၊ လူမျိုးစုရေး စတဲ့ ပြသနာသောင်းခြောက်ထောင်နဲ့ မကြေနပ်ချက်တွေ၊ သူတို့အချင်းချင်း စားခွက်လု စောင်မန်ခုတ် ဝေစုမတည့်တွေရှိတာမှန်ပေမယ့် ပါတီ့ခေါင်းဆောင်မှုနဲ့ အားလုံးကိုဝိုင်းကြီးချုပ် ချုပ်ထားတာဆိုတော့ ဘယ်အကောင်မှသိတ်လှုပ်မရဘူး။ အားလုံးဟာ ပါတီကို နာခံရတယ်။ ပါတီကို ဗဟိုကော်မတီကဦးဆောင်တယ်၊ ဗဟိုကော်မတီကိုချုပ်ထားနိုင်တဲ့ နံပတ်ဝမ်းရှိနေတယ်။ ဗိုလ်နေဝင်း ရှိနေတယ်။ စစ်အာဏာရှင် စနစ်မှာ နံပတ်ဝမ်းဟာ အရာရာပဲ။ အခရာပဲ။ သူဟာနိုင်ငံတော်၊ သူဟာ ဥပဒေ၊ သူဟာ မှု နဲ့ ဆုံးဖြတ်သူဖြစ်တယ်။

ခုလက်ရှိစစ်အုပ်စုအခြေအနေမှာ ဟိုတုန်းကနဲ့ကွဲလွဲတဲ့ ဖွဲ့စည်းပုံ၊ လွှတ်တော်၊ ရွေးကောက်ပွဲ၊ အစိုးရ၊ နိုင်ငံရေးပါတီ(များ)ရှိနေတယ်။ မတူဘူး ပြောင်းပြန်ဖြစ်သွားပြီလို့ ထင်ချင်စရာကောင်းတဲ့အနေအထားရောက်နေတယ်။ စစ်အုပ်စုရဲ့ ခေတ်အလိုက် ပြည်တွင်း၊ ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံရေးမီးစင်ကြည့်ကတဲ့ဇာတ်ကွက်မှာကိုပဲ ကိုယ့်ဘာသာပြန် ကြပ်နေတာတာတွေရှိတယ်။ဟိုတုန်းကနဲ့မတူတဲ့အကြပ်အတည်းတွေ သူတို့ဘက်မှာရော ကိုယ့်ဘက်မှာပါရှိနေတယ်။ ဒါ ငြင်းမရတဲ့အနေအထားပါ။ အသေအချာ အချက်အလက် ဝေဝေဆာဆာနဲ့ ပြောကြ ဆိုကြတာတွေလည်း မနည်းပါဘူး။ ကျနော်လည်း ခင်ဗျားနည်းတူ မြင်နေ တွေ့နေ ဖတ်နေ ကြားနေ သိနေတာပါပဲ။

ဒါတွေကို ဂဃနဏ စိစစ်ဖို့တော့ လိုလိမ့်မယ်တွေးပါတယ်။ “ဟိုတုန်းကနဲ့မတူဘူး၊ ဟိုတုန်းကနဲ့ မတူတော့ဘူး”လို့ ပတ်တောပိတ်ပြောပြီး ယတိပြတ်ဆုံးဖြတ်မယ်ဆိုရင်တော့ တက်တက်စင်မဟုတ်တောင် အလွဲကြီးလွဲမှာပါပဲ။ တူတာတွေရှိနေတာလည်း မျက်စေ့သျှမ်းမသွားဖို့ လိုမှာပါ။ စစ်ဗျူရိုကရေစီယန္တယား၊ စစ်အုပ်စုနဲ့ စစ်အုပ်စုကို မလွဲမသွေနာခံရတဲ့အစိုးရရှိနေတာ တူပါတယ်။ တပ်ကို ပြည်သူက မချုပ်ကိုင်နိုင်သေးတာ တူပါတယ်။ အမိန့်ရလိုက်တာနဲ့ လက်ရဲဇက်ရဲ ပစ်ခတ်သတ်ဖြတ်ဖို့ဝန်မလေးတာမှာ တူပါတယ်။

ဘာတွေနဲ့ ဘယ်လိုယောင်ပြယောင်ပြ ဘာအရေပဲခြုံခြုံ စစ်အာဏာရှင်ဆိုတာ အချိန်တန်ရင် သေနတ်ဆွဲထွက်လာတာပဲမဟုတ်လား။
မျိုးမြင့်ချို(ဒီဇင်ဘာ ၂ဝ ရက်၊ ၂ဝ၁၅

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၉)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၉)
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၈)
ကျွန်တော် ၁၉၅၇ ခုနှစ်၊ စစ်တပ်က ထွက်ခါနီး၊ စစ်ရုံးချုပ်၌ ကျွန်တော် ဗိုလ်နေဝင်းကိုသွားနှုတ်ဆက်စဉ် ဗိုလ်နေဝင်းက အေးဗျာ အပြင်ရောက်ပြီးရင် ကျွန်တော့်ဆီ အေးအေးဆေးဆေးလာတွေ့လှည့်ပါဦးဟု မှာလွှတ်ပါသည်။ ထို့ပြင် အတွင်းဝန်ရုံး၌အလုပ်လုပ်နေသော ကျွန်တော့်ဦးလေးကိုလည်း ကြားပွဲစားတဦးကချဉ်းကပ်ပြီး ဗိုလ်ကျော်ဇောနာမည်နှင့် ပဲခူးရိုးမက သစ်ကန်ထရိုက်လျှောက်ပါ။ ရရပါစေ့မယ်ဟု လာပြောဖူးပါသည်။ ထို့ပြင် ကျွန်တော်တို့တပ်မှူးကြီးများအတွက်ပေးထားသည့် မြေကွက်များတွင် အိမ်ဆောက်မည်ဆိုက လိုအပ်သည့် အိမ်ဆောက်ပစ္စည်းများ အစိုးရဝေးနှုန်းနှင့်ထုတ်ပေးမည်ဟု ကျွန်တော်နှင့်အလွန်ရင်းနှီးသည့် ဗိုလ်မှူးကြီးမြဝင်းက ကျွန်တော့်ဇနီးကို လာပြောပါသည်။ ထိုစရိတ်ကိုလည်း မိမိက စိုက်စရာမလို၊ ငှားရမ်းမည့်သံရုံးများကို သုံးနှစ်စာလေးနှစ်စာ ငှားရမ်းစရိတ်၊ စာချုပ်ချုပ်ကြိုယူပြီး ဆောက်ရုံသာဖြစ်သည်။ ထိုကြွေး သုံးလေးနှစ်နှင့်ကျေသွားပါက မိမိအိမ်ပိုင်တလုံးရပြီး အိမ်ငှားစရိတ်ဆက်စားရန်သာ ဖြစ်ပါတော့သည်။ ဤနည်းဖြင့် တပ်မှူးကြီးများ အိမ်တလုံးကနေနှစ်လုံး၊ သုံးလုံး ဆောက်နိုင်ကြသည်။ တပ်မှူးကြီးများအား ဗိုလ်နေဝင်းက ပြည်သူ့ဘဏ္ဍာငွေ သုံးပြီး ဝယ်ယူသည့်နည်းများဖြစ်ပါသည်။ ထို နည်းဖြင့် စစ်တပ်မှထွက်ရသည့်တပ်မှူးများကို ငြိမ်အောင် သူလုပ်ထားနိုင်ခဲ့ပါသည်။

ကျွန်တော် ဘာတခုမှလက်ခံခြင်း မရှိဘဲ ရသည့်ပင်စင်လေးနှင့်ပင် လောက်ငအောင်နေပါသည်။ ရရှိထားသည့်မြေကွက်ကိုတော့ ကျွန်တော် တပ်ထဲမှာ နေစဉ်ကတည်းကပင် ကျွန်တော့်ငွေပေးပြီး ဂရန်ထွက်အောင်လုပ်ထားခြင်း ဖြစ်ပါသည်။ ထိုမြေကွက်များကို ဖဲ့ဖဲ့ရောင်းပြီး အိမ်စားရိတ်ဖြည့်ရပါသည်။

ပြည်တွင်းငြိမ်းချမ်းရေးပျက်သွားစဉ်ကလည်း ဖမ်းဆီးမည့်လူစာရင်းကို ဗိုလ်နေဝင်းဆီတင်ရာတွင် စာရင်းထိပ်တွင်ပါဝင်သည့် ကျွန်တော့် နာမည်ကို ဗိုလ်နေဝင်းကပဲ ဖျက်ပစ်ပေးလိုက်သည်ဟု ကြားရပါသည်။

၁၉၇၃-၇၄ ခုနှစ်၊ မဆလ ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲပြီး ပြည်သူ့ဆန္ဒခံယူပွဲကျင်းပဖို့ စိုင်းပြင်းနေစဉ် ကျွန်တော့်အိမ်သို့ စမ်းချောင်း လအက ဥက္ကဋ္ဌ ဗိုလ်ကျော်ဆွေဆိုသူရောက်လာပြီး ထိုဆန္ဒခံယူပွဲအတွက် ကြီးကြပ်သည့်ကော်မရှင်တွင်ဥက္ကဋ္ဌလုပ်ရန် လာဖိတ်ပါသည်။ ကျွန်တော်လည်း စိတ်တိုတိုနှင့်ပင် “ဟေ့-မင်းတို့လက်ထက်မှာ လူတွေ ဒီလောက်ဒုက္ခရောက်နေတာ ဒီလိုအစိုးရမျိုးကို ငါက ပခုံးနဲ့ထမ်းတင်ပေးရဦးမှာလား။ ငါ့အနေနဲ့ဘာမှမတတ်နိုင်လို့ ထိုင်ကြည့်နေတာ။ တတ်နိုင်ရင် မင်းတို့အစိုးရဖြုတ်ချဖို့တောင် ငါ့မှာဝတ္တရားရှိတယ်”ဟု ပြောချလိုက်ပါသည်။ သူလည်း ပြန်သွားပြီး အထက်အဆင့်ဆင့်ကို တိုင်ကြားပါတော့သည်။ လူအတော်များများလည်း ဒီတချီတော့ ကျွန်တော် အဖမ်းခံရတော့ မည်ဟု ထင်နေကြပါသည်။ ကျွန်တော်လည်း အတော်သတိထားနေထိုင်ပြီး အပြောအဆိုလည်း ဆင်ခြင်ပါသည်။ ထိုနေ့ကတော့ စိတ်ပေါက် လာပြီး ပြောချလိုက်ခြင်းဖြစ်ပါသည်။

ထိုသတင်း ဗိုလ်နေဝင်းဆီ ရောက်သွားသောအခါ ဗိုလ်နေဝင်းက “ဟုတ်သားပဲကွ၊ မင်းတို့က သွားစတာကိုး။ ဗိုလ်ကျော်ဇောဆိုတာ မြွေပွေးကွ။ သူ့ထိမှ ပေါက်တာ။ သူ့ဟာသူ အေးအေးနေပစေ”ဟုဆိုကြောင်း ကြားရပါသည်။ ကျွန်တော့်ဆီလည်း ဘယ်သူမှ ထပ်လာခြင်း လည်း မရှိတော့ပါ။ ဘယ်လောက်တောင် ဖြစ်လာသလည်းဆိုလျှင် ထိုဆန္ဒခံယူပွဲမဲရုံကို ကျွန်တော့်ဘေးအိမ်ကကားရုံတွင် လာဖွင့်ပြီး ကျွန်တော်တို့အိမ်သားတွေ မဲလာမထည့်မချင်းစောင့်ကာ ညနေအချိန်ကုန်မှ မဲရုံပိတ်ပါသည်။ နောက်မဲစာရင်းထွက်လာသောအခါ မဲမထည့်သူခြောက်ယောက်ဟု ကျွန်တော်တို့အိမ်သားများကို စာရင်းပြထားတာတွေ့ရပါသည်။ ကျွန်တော်တို့ကို မဲထည့်ရန်လာမခေါ်ဝံ့ပါ။ တခြားမဲရုံများ လူကုန်လာထည့်သဖြင့် အစောကြီးပိတ်သွားကြသော်လည်း ကျွန်တော်တို့အိမ်နားကမဲရုံမှာမူ လူကုန်လာမထည့်သေးသဖြင့် စောင့်ရသည်ဆိုပြီး အချိန်ကုန်သည်အထိစောင့်ပြီးမှ မဲရုံသိမ်းရပါတော့သည်။

ကျွန်တော်တို့ ဆီဆုံလမ်းမှ အိမ်လေးမှာပင် ကျွန်တော့်သမီးအငယ်စန်းစန်းကို အိမ်ထောင်ချပေးပါသည်။ စန်းစန်းက သူ့အစ်မကို သူ သွားဆရာဝန်လေးတယောက် (ထိုစဉ်က အလုပ်သင်ဆရာဝန်လေး)နှင့် မေတ္တာရှိနေကြောင်း၊ သူ့အကြောင်းစုံစမ်းကြည့်ပြီး ကြီးကြီးမားမား အပြစ်မရှိလျှင် ထိုသူနှင့် သူလက်ထပ်လိုကြောင်း ပြောလာပါသည်။ ထိုစဉ်က စန်းစန်းမှာ စီးပွားရေးတက္ကသိုလ်၌ နည်းပြဆရာမ လုပ်နေပါသည်။ လှလှက သူ့ သူငယ်ချင်း သွားကောလိပ်၌ ဆရာမလုပ်နေသူမှတဆင့် ထိုသူငယ်အကြောင်းစုံစမ်းရာတွင် ဗန်းမော်မှဖြစ်ပြီး ပြည်နယ်စတိုင်ပင်နှင့် ကျောင်းတက်နေရသူဖြစ်ကြောင်း၊ ရိုးသားကြိုးစားသူဖြစ်ကြောင်းသိလာရသဖြင့် ကျွန်တော်တို့လည်း ထိုအိမ်လေးမှာပင် အကျဉ်းရုံးလက်ထပ်ပေး ခဲ့ပါသည်။

သမီးငယ်လက်ထပ်ပြီး တနှစ်အကြာတွင် သားအငယ် ကျော်ဇောဦးက သူနှင့်မေတ္တာရှိနေသည့် စီစီဆိုသည့်မိန်းကလေးနှင့် လက်ထပ် လိုကြောင်းပြောလာသဖြင့် ကျွန်တော်တို့မှာ နောက်မင်္ဂလာကိစ္စကို စီစဉ်ရပါတော့သည်။ စီစီမှာ ဖတဆိုးလေးဖြစ်ပြီး အမေတခု၊ သမီးတခုနှင့် ကြီးပြင်းလာရသူ ဖြစ်သည်။ မိခင်ဖြစ်သူမှာလည်း အစ်မကြီးဖြစ်သူနှင့် တစီးပွားတည်းအတူနေလာသူဖြစ်သည်။ ကန်တော်ကြီး ထီလုပ်ငန်း ပိုင်ရှင်များဖြစ်ပြီး၊ ပဲခူးဘက်တွင်လည်း ဆေးလိပ်ခုံများရှိကြသည်။ (နောင်မှ ကျွန်တော်သိရသည်မှာ စီစီ၏ဖခင်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဝင် တဦးဖြစ်ပြီး တောခိုရာသို့ပါသွားကာ ပျဉ်းမနား၌ ငှက်ဖျားနှင့်ကျဆုံးသွားသူ ဖြစ်ပါသည်)

ကျွန်တော့်ဇနီးမှာ ထိုကာလက အကြောက်ဆုံးကိစ္စမှာ မင်္ဂလာဆောင်ဖိတ်စာ ဖြစ်ပါသည်။ ကျွန်တော်တို့သည် မင်္ဂလာဆောင်ဖိတ်စာရပါက စိတ်အတော် ညစ်သွားတတ်ပါသည်။ တခါတရံ တလတည်း ဖိတ်စာနှစ်စောင်သုံးစောင် ရတတ်ပါသည်။ ခင်မင်လေးစားသောအားဖြင့် ဖိတ်ကြားကြတာဖြစ်သဖြင့် မသွား၍လည်း မကောင်းပါ။ သွားပြန်ကလည်း မင်္ဂလာပွဲနှင့်အညီ ထိုက်ထိုက်တန်တန်လက်ဖွဲ့မှ ကောင်းပေသည်။ လက်ဖွဲ့သည့်စနစ်သည် မရှိသင့်တော့ပါ။
ထို့ကြောင့် ကျွန်တော်တို့ဇနီးမောင်နှံက ကိုယ့်သားသမီးများမင်္ဂလာဆောင်တော့ မင်္ဂလာဖိတ်စာတွင် “လက်ဖွဲ့ခြင်း သည်းခံပါ”ဟူသော စာတန်း ထည့်ရိုက်ခဲ့ပါသည်။ သမီးစန်းစန်းတုန်းကတော့ ဘာမှပြဿနာမပေါ်ပါ။ ကျွန်တော်တို့ပဲဦးစီး၊ ကျွန်တော်တို့စိတ်ကြိုက်ပဲလုပ်ရသဖြင့် အဆင်ချောခဲ့ပါသည်။ အိမ်မှာ အကျဉ်းရုံးလက်ထပ်လို့လည်း ဖြစ်သည်။

သို့သော် ကျွန်တော့်သား မင်္ဂလာပွဲကျတော့ မိန်းကလေးဘက်ကပြောစရာတွေ ဖြစ်လာပါသည်။ စီစီ့ ကြီးဒေါ်ကြီးမှာ သူ့သမီးတဦးလည်း မင်္ဂလာဆောင်ပြီးပြီဖြစ်ရာ ဟော်တယ်ကြီးတခုခုတွင်ဆောင်ရမည်ဟု ဆိုလာပါသည်။ ကြီးဒေါ်ကြီးဘက်က ကြည့်တော့လည်းသမီးကျ တခမ်းတနားလုပ်ပေးခဲ့ပြီး တူမကျမှ ဖြစ်ကတတ်ဆန်းလုပ်ပေးသည်ဟု အပြောခံရမှာစိုးဟန် ရှိပါသည်။

စီစီမှာ ကျွန်တော်တို့ လူကြီးများအကြား အတော်ဗျာများသွားပါတော့သည်။ နောက်တော့ ဒေါ်သိန်း (စီစီ့ ကြီးဒေါ်ကြီး)က ဟော်တယ်မှာ အခမ်းအနားကျင်းပရေးကိုအလျှော့ပေးပြီး ကျွန်တော်တို့က “လက်ဖွဲ့ခြင်း သည်းခံပါ”ကို ကျွန်တော်တို့  ယောက်ျားလေးဘက်ကဖိတ်သည့် ဖိတ်စာ တဝက်တွင်ပင်ရိုက်နှိပ်ရန် အလျှော့ပေးလိုက်ရပါသည်။ မင်္ဂလာဆောင်ကို စီစီတို့အိမ် ကျောက်မြောင်းအိမ်တွင်ပင် ကျင်းပဖြစ်ခဲ့ ပါသည်။

၁၉၇၄ ခုနှစ်တွင် ကျွန်တော့်သားသမီးများ အကုန်ဘွဲ့ရကုန်ပြီး၊ အလုပ်အကိုင်များနှင့်ဖြစ်ကာ၊ အိမ်ထောင်ကျသူများလည်း ကျသွားကုန်ပြီ ဖြစ်ပါသည်။ ကျွန်တော့်ဆီဆုံလမ်းအိမ်မှာလည်း အိမ်ကလေးကသေးငယ်ပြီး ဘေးပတ်လည် ထောက်လှမ်းရေးဝိုင်းနေသဖြင့် အိမ်မှ ကျွန်တော် တရက်ပျောက်မရပါ။ ထို့ကြောင့် ကျွန်တော်အိမ်ကြီးကြီးတလုံးဝယ်ရန်စဉ်းစားပြီး ကျွန်တော်အိမ်ရှာရာ စမ်းချောင်း၊ မြောင်းမြလမ်းထဲတွင်ပင် အိမ်အကြီးကြီးတလုံးရှာတွေ့ပါသည်။ ပေ ၅ဝ ပတ်လည်မြေကွက်တွင် ဟိုဘက်ဒီဘက် ၁ဝ ပေစီချန်ကာ အပြည့် ဆောက်ထားသည့် နှစ်ထပ်အိမ်ကြီးဖြစ်သည်။ ရှေး ကျွန်းကုမ္ပဏီက မန်နေဂျာတဦးကဆောက်ခဲ့သဖြင့် သစ်များက အကောင်းစားများ ဖြစ်ပေသည်။ ကျွန်တော့်ဆီဆုံလမ်းအိမ်လေးကိုရောင်း၊ အိမ်မှာရှိသမျှပစ္စည်းအားလုံးချရောင်းကာ ကျွန်တော် ထိုအိမ်ကြီးကို ငွေတသိန်းနဲ့ ဝယ်လိုက်ပါတော့သည်။ ကျွန်တော် လက်ဆောင်ရထားသည့်ပစ္စည်းများ၊ တံဆိပ်များ၊ ဘွဲ့များ၊ နိုင်ငံခြားကပါလာသော လက်ဆောင်ပစ္စည်း များစသဖြင့် အိမ်တွင်ရှိသမျှအကုန် ချရောင်းရပါသည်။


Saturday, December 19, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၈)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၈)
ကျွန်တော် ထိုအိမ်လေးမှာနေစဉ် ကျွန်တော့်ဆီ ပုံမှန်လာရောက်လည်ပတ်သူတဦးကတော့ ကျွန်တော်တို့ ဂျပန်အတူတူသွားခဲ့ဖူးသည့် ရဲဘော်သုံးကျိပ်ဝင်ဗိုလ်စောနောင် ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဂျပန်မှာ စစ်ပညာသင်စဉ်ကတည်းက ရင်းနှီးခဲ့ပါသည်။ သူသည် သခင်ထွန်းအုပ်တို့အဖွဲ့မှဖြစ်သော်လည်း ကျွန်တော်တို့တတွေနှင့် အတော်ကောင်းမွန်စွာ ရင်းနှီးစွာဆက်ဆံခဲ့သူဖြစ်ပါသည်။
သူ့ကို ဗိုလ်နေဝင်းက အထူးအရာရှိတနေရာပေးထားသော်လည်း အရက်စွဲနေသူတဦးဖြစ်သဖြင့် ဘယ်တော့မှလောက်ငခြင်း မရှိဘဲ၊ အမြဲ ကျပ်တည်းနေတတ်ပါသည်။ ကျွန်တော့်ဆီလည်း မကြာခဏလာလာပြီး ငွေတောင်းတတ်ပါသည်။ တနေ့ သူလာလည်သောအခါ ခြေလှမ်းတောင်မမှန်ဘဲ မူးရူးနေပါသည်။ ကျွန်တော်က ခင်ဗျား ကျွန်တော့်ဆီမူးလာရင်တော့ တံခါးဖွင့်မပေးဘူး ပြန်ပေတော့ဟု နှင်ထုတ် လိုက်ပါသည်။ သူက ကျွန်တော့်အိမ်ရှေ့ လှေကားထစ်တွင်ထိုင်ချပြီး “ဗိုလ်ကျော်ဇော ကျုပ်ကို နှင်ထုတ်တယ်ဟုတ်လား၊ ခင်ဗျား ကျွန်တော့်ကို နှင်ထုတ်တယ်နော်”ဟု ထပ်ချည်းတလည်းလည်း ပြောကာငိုယိုပါတော့သည်။ ကျွန်တော်လည်း မတတ်နိုင်တော့ဘဲ တံခါးဖွင့်ပြီး အိမ်ပေါ် ခေါ်တင်ရပါတော့သည်။ ပြီးတော့ ထုံးစံအတိုင်း တောင်းတဲ့ငွေပေးလိုက်ရပါသည်။
သူ့ဇနီးသည်မှာ အတော် တော်ရှာသူဖြစ်ပါသည်။ သားသမီးများကို ဈေးရောင်းကျွေးပြီး ကျောင်းထားပါသည်။ သားများ အရွယ်ရောက် လာသောအခါ ရှင်ပြုအလှူပွဲပြုလုပ်ရာ ကျွန်တော်တို့ကိုလည်းဖိတ်သဖြင့် သွားရောက်ရပါသည်။ အလှူပွဲကို ကမာရွတ်မှ ဘုန်းကြီးကျောင်း တကျောင်းတွင်ပြုလုပ်ရာ ညနေပိုင်း မောင်ရင်လောင်းများကိုဆံချပြီးသောအခါ ရေစက်ချဖို့ သူ့ဇနီးကိုခေါ်သောအခါ သူ့ဇနီးက သူနှင့် ရေစက်အတူ မချလိုဟုဆိုလာသည်။ ကျွန်မ ဒီဘဝတော့ရှိစေတော့ သဘောထားပါတယ်။ သူနှင့်အတူရေစက်ချရင် နောင်ဘဝ သူနှင့်ကျွန်မ ထပ်ဆုံမှာစိုးလို့ပါ။ သူနှင့် ထပ်မဆုံလိုတော့ပါလို့ ပြောပါသည်။ ထိုအခါ ဗိုလ်စောနောင်သည် မျက်ရည်စက်လက်နှင့် တဦးတည်း ရေစက်ချရ ပါတော့သည်။ ကျွန်တော် သူ့အကြောင်း ပြန်စဉ်းစားမိပြီး သူ့ကို တကြိမ်တခါက နှင်ထုတ်မိမှုအပေါ် စိတ်မကောင်း ဖြစ်နေမိပါတော့သည်။
တခါမှာလည်း ကျွန်တော့်ဆီကို ထူးခြားသည့်ဧည့်သည်တယောက် သုံးဘီးကားနှင့်ပေါက်ချလာပါသည်။ ထိုအချိန်က ဗိုလ်နေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဖွဲ့စည်းမည့်အကြောင်း ကြေညာထားချိန်ဖြစ်ပါသည်။
ထိုဧည့်သည်မှာ ဗိုလ်နေဝင်း၏ ဇနီးကြီး (ကွာရှင်းထားသူ)ဒေါ်တင်တင် ဖြစ်ပါသည်။ ကျွန်တော် မေမြို့မှာ တိုင်းမှူးတာဝန်ထမ်းနေစဉ်က ဒေါ်တင်တင် အတော်ချို့ချို့ငဲ့ငဲ့နေရကြောင်းကြားရသဖြင့် ထိုစဉ်က ဖဆပလ ပညာရေးဝန်ကြီးဦးသန်းအောင်ဆီသို့ သူ့ကို ကျွန်တော် စာရေးပေးပြီး စရိတ်ပါပေးကာလွှတ်ခဲ့ပါသည်။ ဦးသန်းအောင်စီစဉ်ပေးသဖြင့် မေမြို့တွင်ပင် ဒေါ်တင်တင် ဆရာမအလုပ်ရရှိခဲ့ပါသည်။ ဒေါ်တင်တင်မှာ သားနှစ်ယောက်ကိုလည်း ကျောင်းထားရပါသေးသည်။ နောင်တော့ ဗိုလ်နေဝင်းက ကလေးများကျောင်းစရိတ် ထောက်ပံ့ဟန် ရှိပါသည်။
ထိုနေ့က ဒေါ်တင်တင်က ကျွန်တော့်ကို ဝမ်းသာအားရနှင့်ပြောသည်မှာ ကိုကိုတို့က(ဗိုလ်နေဝင်းကို သူ့အခေါ်)အခု ဆိုရှယ်လစ်လို့ပြောနေပြီ။ အဲတော့ ဗိုလ်ကျော်ဇောကို ပစ်ထားမှာမဟုတ်ဘူး။ ကျွန်မဝမ်းသာလို့လာပြောတာဟု ဆိုပါသည်။ ကျွန်တော်လည်း သူ့ကိုဧည့်ခံပြီး အလာပသလ္လာပပြောကာ ခဏတဖြုတ်နေပြီး သူပြန်သွားပါသည်။ သူပြန်သွားမှ ကျွန်တော်တို့ရေအိုးစင်က ငွေဖလားလေးထဲတွင် ငွေတရာကျပ်နှင့် သူမေမြို့မှာနေစဉ်က ကျွန်တော်ထုတ်ပေးလိုက်သော ခရီးစရိတ်ကြွေးကိုလာဆပ်ကြောင်း စာလေးတစောင် ရေးထည့်ထားတာ တွေ့ရပါသည်။ သူက ပြန်ကာနီး အပြင်ထွက်ချင်သည်ဆို၍ ကျွန်တော့်သမီးတယောက်က အိမ်သာပို့ပေးပြီး သူ့ကိုထားခဲ့သည့်ခဏတွင် သူက ငွေကိုထားခြင်းဖြစ်ဟန် ရှိပါသည်။
ထိုစဉ်က လွတ်လပ်ရေးမော်ကွန်းဝင်များလည်းပေးနေသဖြင့် ကျွန်တော့်ဆီ ထောက်ခံစာလာတောင်းသူများလည်း များလှပါသည်။ ဂျပန် ခေတ်က လစာထုတ်စာရင်းအတိအကျရှိသည့်တိုင်းမှာ တိုင်း ၄ တတိုင်းပဲရှိသဖြင့် ကျွန်တော်၏ထောက်ခံချက်မှာ အတော်ပင် အရေးပါ နေပါသည်။ ကျွန်တော်ကလည်း အသေအချာစစ်ဆေးပြီး ကျွန်တော်ကိုယ်တိုင်ယုံကြည်မှ ထောက်ခံချက်ပေးသောကြောင့် ကျွန်တော့် ထောက်ခံချက်ပါသူအတော်များများမှာ မော်ကွန်းဝင်ရကြတာ များပါသည်။
ကျွန်တော့်ကိုလည်း လွတ်လပ်ရေးမော်ကွန်းဝင်လာယူရန် ဖိတ်စာတခါရဖူးပါသည်။ ကျွန်တော် တက်မယူခဲ့ပါ။
တခါ၌လည်း ဗိုလ်နေဝင်းက ကျွန်တော်တို့ ဂျပန်ပြည် စစ်ပညာသင်စဉ်က ဆရာတာကာဟာရှီကိုဖိတ်ခေါ်ပြီး ဂျပန်ပြန်အားလုံးနှင့် စုဝေး တွေ့ဆုံပွဲ တပွဲလုပ်ရန်စီစဉ်ပါသည်။ ကျွန်တော့်ကိုလာဖိတ်သူမှာ ထိုစဉ်က ထောက်လှမ်းရေးတာဝန်ခံ ဗိုလ်ချစ်ခင် ဖြစ်ပါသည်။ ကျွန်တော်က ဖိတ်စာကိုလက်ခံထားလိုက်ပြီး ထမင်းစားပွဲသို့သွားမတက်ခဲ့ပါ။ ကျွန်တော် မတက်ရောက်သဖြင့် တာကာဟာရှီက(ထိုအချိန်က စီးပွားရေးသမားဖြစ်နေပါပြီ) ကျွန်တော့်အတွက် လက်ဆောင်အချို့ပေးထားခဲ့သဖြင့် ထိုလက်ဆောင်များကိုလာပေးရင်း ဗိုလ်ချစ်ခင်က ပြောပြသည်မှာ ထိုနေ့က ဧည့်သည်များစုံလင်သောအခါ သူ ဗိုလ်နေဝင်းကို အိမ်ပေါ်တက်ခေါ်ကြောင်း၊ ဗိုလ်နေဝင်းက ဗိုလ်ကျော်ဇောရော လာသလားဟု သူ့ကိုမေးကြောင်း၊ သူက မလာကြောင်းပြောတော့ ဗိုလ်နေဝင်းကစိတ်ဆိုးပြီး သူက ဘယ်သူ့အားကိုးနဲ့ ဒီလောက် မိုက်နေရတာတုန်းဟုဆိုကြောင်း ပြောပြပါသည်။ တဆက်တည်း ဗိုလ်ချစ်ခင်ကဆက်ပြောသည်မှာ ဗိုလ်ချုပ်အပေါ်(ကျွန်တော့်ကိုဆိုလို) ဗိုလ်ချုပ်ကြီးက(ဗိုလ်နေဝင်းကို ဆိုလို) သံယောဇဉ်မပြတ်ရှာပါဘူး။ နောင် သူဖိတ်ရင် ဗိုလ်ချုပ်လာဖြစ်အောင်လာပါဟုလည်း ပြောသွားခဲ့ဖူး ပါသည်။
ဗိုလ်နေဝင်းကလည်း ဘယ်သူ့ကိုမဆို နှစ်ဘက်မျက်နှာလုပ်တတ်သူ ဖြစ်ပါသည်။ (ဦးနု၏ တာတေစနေသားတွင် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းစဉ် သူအဖမ်းခံနေရစဉ်မှာတောင် ဦးနုက ဗိုလ်နေဝင်းပါဟန်မရှိဟုထင်ကြောင်း ရေးသားထားတာကိုကြည့်ပါ။ ဦးနုကို သူ ဘယ်လောက် အယုံသွင်းထားလည်း မသိပါ)

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၇)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၇)
လေထီးဗိုလ်အုန်းမောင်
လေထီးဗိုလ်အုန်းမောင်မှာ ထောင်သက်ရှည်ရုံမက ကျွန်းလည်း နှစ်ကျွန်း သုံးကျွန်းပြန်ဖြစ်ကာ နောက်ဆုံးမှ ထောင်ကလွတ်လာသူ ဖြစ်ပါသည်။ သူထောင်ကလွတ်လာတော့ ကျွန်တော်တို့တတွေ ဘာနိုင်ငံရေးလှုပ်ရှားမှုမှ လုပ်၍မရတော့ပါ။ တခါတခါ ကျွန်တော့်အိမ်တွင် ဆုံတတ်ကြပြီး ရှေးဟောင်းနှောင်းဖြစ်များသာ ပြောဖြစ်ကြပါသည်။
သူ့ဇနီးလည်း အတော် တော်သည့်အမျိုးသမီး ဖြစ်သည်။ ကိုအုန်းမောင်မှာ ထောင်ကလွတ်လာပြီးလည်း ဘာမှမလုပ်ဘဲ ဇနီးက ဈေးရောင်း ကျွေးတာပဲရှိသည်။ သူတို့တွင် သမီးလေးတယောက်လည်း ရှိပါသည်။
ကိုအုန်းမောင်မှာ အလွန်သဘောသကာယကောင်းပြီး၊ စိတ်နှလုံးနှိမ့်ချသူဖြစ်ကာ စကားလည်း များများမပြောတတ်ပါ။ ကျွန်တော်သည် ၁၉၇၃-၇၄ ခုနှစ်လောက်က သူ့အား ကျွန်တော့်အတွက် ကွန်မြူနစ်ပါတီနှင့်ဆက်ပေးရန်ပြောဆိုရာ သူက ကြိုးစားပေးမည်ဆိုပြီး အထက်ဗမာပြည် တက်သွားပါတော့သည်။ တလကျော်ကျော်အကြာတွင်မှပြန်ရောက်လာပြီး ဘယ်လိုမှ အဆက်မရဟုဆိုလာသဖြင့် ကျွန်တော်လက်လျှော့လိုက်ရပါသည်။
ကျွန်တော် ပါတီထဲရောက်မှသိရသည်မှာ ထိုကာလက ပဲခူးရိုးမ ပြုတ်သွားပြီဖြစ်သဖြင့် ပါတီ၏မြေအောက်လုပ်ငန်းကို အရှေ့မြောက်ဒေသက စုစည်းလိုက်ပြီး အသစ်ပြန်ဖွဲ့စည်းပြုပြင်နေရာ လူဟောင်းများကို ဘယ်သူ့ကိုမှ မဆက်သွယ်တော့ဘဲ လူသစ်များနှင့်သာ စတင်လှုပ်ရှား နေသဖြင့် ကိုအုန်းမောင်အနေနှင့် ဘယ်လိုမှအဆက်ရှာမရဖြစ်ဟန် ရှိပါသည်။
ကျွန်တော် သူ့အကြောင်းရေးနေစဉ်မှာပင် သူရေးခဲ့သည့် “အနှစ် ၅ဝ ကြာပြီးသောအခါ”ဆောင်းပါးများကိုစုစည်း၍ စာအုပ်ထုတ်မည့် သူများက ကျွန်တော့်အားအမှာစာရေးခိုင်းရာ ကျွန်တော်ရေးပေးရသဖြင့် ဤနေရာတွင် ကိုအုန်းမောင်ကိုဂုဏ်ပြုသောအားဖြင့် ထိုအမှာစာကို ထည့်သွင်း ဖော်ပြလိုက်ပါသည်။
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ အမှာစာ
ကျွန်တော်တို့ ဗမာပြည်လွတ်လပ်ရေး ကြိုးပမ်းမှုတိုက်ပွဲစဉ်အတွင်း နိုင်ငံခြားသို့ထွက်၍ အကူအညီရှာဖွေသည့်လူငယ်အုပ်စု နှစ်စု ရှိခဲ့ပါ သည်။ တစုကတော့ အရှေ့ဘက်ထွက်ပြီး၊ တစုကတော့ အနောက်ဘက် ထွက်ခဲ့ကြပါသည်။ အမိဗမာပြည်ကြီး လွတ်လပ်ရေးရရန်ဆိုသော တခုတည်းသောရည်မှန်းချက်အောက်တွင် လှုပ်ရှားခဲ့ကြခြင်း ဖြစ်ပါသည်။
အရှေ့ဘက် ထွက်ကြသူများသည် ဂျပန်သို့ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်ဝင်များဖြစ်လာကာ၊ အနောက်ဘက်ထွက်ကြသူများကတော့ အိန္ဒိယသို့ရောက်ပြီး ဦးသိန်းဖေမြင့်ဦးစီးသည့် လေထီးဆင်းရဲဘော်များ ဖြစ်လာကြပါတော့သည်။
ဤနည်းဖြင့် ကျွန်တော်သည် ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ကျော်ဇောဖြစ်လာပြီး၊ သူကတော့ လေထီးဗိုလ်အုန်းမောင် ဖြစ်လာပါတော့သည်။
ကျွန်တော်တို့သည် ခေတ်ပြိုင်နိုင်ငံရေးသမား၊ တော်လှန်ရေးသမားများဖြစ်ခဲ့ကြပြီး ၂ဝ ရာစု နောက်ဆုံးပိုင်းကာလများ၏ မျိုးဆက်ရဲဘော် ရဲဘက်၊ တိုက်ဖော်တိုက်ဖက်များအဖြစ် တာဝန်အသီးသီးထမ်းဆောင်ခဲ့ကြပြီး ထိုမျိုးဆက်များ၏ သမိုင်းပေးတာဝန်ဖြစ်သော ကိုလိုနီ ဗမာနိုင်ငံကို လွတ်လပ်သည့်ဗမာနိုင်ငံအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ကြပေသည်။ ကျွန်တော်သည် ကျွန်တော့်ဘဝအတွက် ဤသမိုင်းပေး တာဝန်ကြီးကို ထမ်းဆောင်ခွင့်ရခဲ့ခြင်းအပေါ် အကျေနပ်ဆုံးဖြစ်ရသလို၊ ရဲဘော်ကြီးဗိုလ်အုန်းမောင်အတွက်လည်း အလားတူ ကျေနပ်စရာ နှစ်သိမ့်စရာ ဖြစ်ပေလိမ့်မည်ဟုထင်ပါသည်။ ထို့ကြောင့်ပင် သူက “ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ဘဝအတွက် ကျွန်တော်ဂုဏ်ယူပါတယ်” ဟူသောစကားကို ပြောခဲ့ခြင်းဖြစ်ဟန်တူပါသည်။
ကျွန်တော်တို့သည် အမိနိုင်ငံကြီးကို နိုင်ငံရေးအရလွတ်လပ်သည့်နိုင်ငံအဖြစ် ပြောင်းလဲနိုင်ခဲ့သော်လည်း ခေတ်မီတိုးတက်ဖွံ့ဖြိုးသော ခေတ်သစ်ဗမာပြည် ထူထောင်ရေးလုပ်ငန်းများကိုတော့ အောင်မြင်အောင် မလုပ်နိုင်ခဲ့ပါ။
ကျွန်တော်တို့ မျိုးဆက်ဟောင်းများ၏ ဤမပြီးဆုံးသေးသောသမိုင်းတာဝန်များကို ၂၁ ရာစုသစ်မှ မျိုးဆက်သစ်လူငယ်များက ပြီးစီးအောင် ဆက်လက်ထမ်းဆောင် လုပ်ကိုင်ပေလိမ့်မည်။
လူသားများသည် မိမိရှေ့မျိုးဆက်ဟောင်း၏ပခုံးထက်မှနေ၍ လူသားတာဝန်များကိုထမ်းဆောင်ရသဖြင့် ထိုရှေ့မျိုးဆက်ဟောင်းများထက် သာအောင် လုပ်ကိုင်ဆောင်ရွက်နိုင်ရမည်။ ထို့ပြင် နောင်လာနောက်သား မျိုးဆက်သစ်များ မိမိတို့ထက်သာအောင်လည်း အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးခဲ့ရပေမည်။ သို့မှသာ လူသားတယောက်၏တာဝန် ကျေပွန်သည်ဟု ဆိုနိုင်ပေမည်။
ရဲဘော်ကြီး ဗိုလ်အုန်းမောင်၏ “အနှစ် ၅ဝ ကြာပြီးသောအခါ”သည်၊ နောင်မျိုးဆက်သစ်လူငယ်များအား စိတ်ဓာတ်ခွန်အားဖြည့်တင်းပေးရာ သင်ခန်းစာများယူစရာ သမိုင်းအတွေ့အကြုံ၊ အဖြစ်အပျက်များကို သူပါဝင်ခဲ့သည့်အခန်းက ပြည့်စုံစွာရေးသားဖော်ပြထားသဖြင့် သူ မကွယ်လွန်မီပြောခဲ့သည်ဆိုသည့် “ခင်ဗျားတို့နှင့်အတူ ကျွန်တော်ရှိနေဦးမှာပါ”ဆိုသည့်စကား၏အဓိပ္ပာယ်ကို အပြည့်အဝဆုံး အလေးနက်ဆုံး ဖော်ထုတ်ပြသနေပေသည်ဟု ကျွန်တော်ထင်မြင်နေမိပါသည်။ ထိုစကားစုသည် သူ၏စိတ်ဓာတ်ကြံ့ခိုင်မှု၊ ဇွဲနပဲကြီးမှု၊ ဗမာပြည်ကြီး ခေတ်မီ တိုးတက်သောနိုင်ငံ မဖြစ်နိုင်သေးခြင်းအပေါ် တာဝန်မကျေလေခြင်းဟု အားမလိုအားမရဖြစ်နေမှုတို့ကို ဖော်ပြနေပြီး၊ နောင်မျိုးဆက်သစ် အတွက်တော့ အလွန်ထိရောက်သည့် အားပေးဝိုင်းရံထောက်ခံသွားသည့်စကားစုလည်း ဖြစ်ပေတော့သည်။
ရဲဘော်ကြီးဗိုလ်အုန်းမောင်ကား တမျိုးသားလုံးအတွက် သူ့တာဝန်သူ့အခန်းကို ဘဝတလျှောက်လုံး ကျေပွန်စွာထမ်းဆောင်သွားသည့် ဗမာပြည်ကြီး၏ ဂုဏ်ယူဖွယ်သားကောင်းတယောက် ဖြစ်ပါသည်။
ရဲဘော်ကြီး ဗိုလ်အုန်းမောင်၏ “ကိုယ်ကျိုးမဖက်၊ ရိုးရိုးကုပ်ကုပ်နေထိုင်၊ သတ္တိရှိရှိလုပ်ကိုင်သည့် စိတ်ဓာတ်”ထာဝစဉ် အဓွန့်ရှည်ပါစေ။
သွားနှင့်ပြီဖြစ်ကြသော ရဲဘော်ကြီးတို့အားလုံးကို သတိရလွမ်းဆွတ်လျှက်။
ကျော်ဇော
(ဗိုလ်ကျော်ဇော)
၁၆-၃-ဝ၇