Thursday, May 31, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၄ (မျိုးမြင့်ချို)

0 comments

ငိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၄ (မျိုးမြင့်ချို) မေ ၃၁ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား..
           ဒီတပတ်တော့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးဖြစ်ထွန်းမလာခင် နောက်ခံအခြေအနေတွေကို နည်းနည်းတင်ပြလိုပါတယ်။ (၁၉၄၉) ခုနှစ်ထုတ် သတင်းစာ၊ ဂျာနယ်လ်နဲ့ ရေဒီယိုသတင်းတွေမှာ  “အင်းစိန်တိုက်ပွဲ” နဲ့ "ရန်ကုန်အစိုးရ"ဆိုတဲ့ခေါင်းစဉ်ဟာ အများဆုံးဖော်ပြခံရပြီး ပြည်တွင်းပြည်ပကပါ တလေးတနက်နဲ့သတိထား စောင့်ကြည့်နေကြချိန်လည်းဖြစ်ပါတယ်။ အဲဒီ အင်းစိန်တိုက်ပွဲကာလအတွင်းမှာပဲ ဖဆပလအစိုးရနဲ့ KNU တို့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတဲ့ သတင်းတွေပေါ်ထွက်လာခဲ့သလို လက်တွေ့မှာလည်း အင်းစိန်စစ်မျက်နှာမှာ အပစ်အခတ်ရပ်စဲတာတွေ ဖြစ်လာခဲ့ပါတယ်။ တကယ်က KNU နဲ့ အာဏာရအစိုးရတွေရဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ဒီတကြိမ်ထဲ ဖြစ်ခဲ့တာတော့လည်းမဟုတ်ပါဘူး။ ပထမအကြိမ်လို့ဆိုနိုင်မယ့်ဆွေးနွေးမှုဟာ  ကေအင်န်ဒီအိုနဲ့အစိုးရတပ်တွေအကြား တိုက်ပွဲတွေသည်းသန်ပြင်းထန်နေချိန်တွေအတွင်း (၁၉၄၉) ခုနှစ်  ဧပြီ (၆)ရက်နေ့မှာဖြစ်ခဲ့တာပါ။ ဒုတိယအကြိမ်ကတော့ (၁၉၆၀) ခုနှစ် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်တဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ ဖြစ်ခဲ့ပါတယ်။ တတိယအကြိမ်ကတော့ တော်လှန်ရေးကောင်စီလို့အမည်ခံထားတဲ့ ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းအစိုးရခေတ် (၁၉၆၃) ခုနှစ် ဇူလိုင်လထဲမှာဖြစ်ပါတယ်။
            ပထမအကြိမ်ဆွေးနွေးပွဲမတိုင်ခင်မှာ အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်ဦးနုက ရန်ကုန်မှာရှိတဲ့ ဗြိတိသျှသံအမတ်ကြီး Mr. Boker (မစ္စတာ ဘိုကာ)၊ အိန္ဒိယသံအမတ်ကြီး (Dr. Rauf (ဒေါက်တာ ရပ်ဖ်)၊ ပါကစ္စတန်သံအမတ်ကြီး Mr. M.D Ali (မစ္စတာ အမ်ဒီအလီ)၊ ခရစ်ယာန်အင်္ဂလီကန် ဂိုဏ်းချုပ်ဘုန်းတော်ကြီး Bishop West (ဘုန်းတော်ကြီး ဝက်စ်) တို့အပါအဝင် ဆာစံစီဖိုးရဲ့သမီး မစ္စဘမောင်ချိန်တို့ ကနေတဆင့်ချဉ်းကပ်ပြီး ငြိမ်းချမ်းရေးစကား ပြောဖို့ကမ်းလှမ်းခဲ့တယ်လို့ဆိုပါတယ်။ (၁၉၅၂) ခုနှစ်မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာတော့ အဆိုပါ မစ္စဘမောင်ချိန်ဟာ ဗမာပြည်ရဲ့ ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီးဝန်ကြီးအဖြစ် အစိုးရအဖွဲ့ထဲမှာ ကရင်ပြည်နယ်ရေးရာဋ္ဌာနကို တာဝန်ယူခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးနုကလည်းဝန်ကြီးချုပ်အနေနဲ့  ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီးထံ “အချင်းချင်းတွေပြန် တိုက်နေခိုက်နေရတာ မကောင်းတဲ့အကြောင်း၊ နှစ်ဘက်စလုံးလည်း အထိနာပြီးတိုင်းပြည်လည်း ပြာပုံဘဝရောက်နေတဲ့အကြောင်း” စတာတွေပြောပြီး ပြဿနာတွေကို နှစ်ဘက်တွေ့ဆုံဆွေးနွေးကြမယ်လို့ စာတစောင်ရေးပို့ခဲ့ပါတယ်။
            ဒါနဲ့ ကေအင်န်ယူဘက်ကလည်း စောဘဦးကြီးခေါင်းဆောင်ပြီး ကိုယ်စားလှယ်တွေ သွားရောက် ခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးကြတော့ စေ့စပ်ညှိနှိုင်းအဖြေရှာရေးကနေ လက်နက်ချရေးအဖြစ်ကို ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကေအင်န်ယူဘက်ရဲ့အဆိုအရ ဖဆပလ အစိုးရရဲ့ နိုင်ငံရေးပရိယာယ် ကျင်လည်မှုနဲ့အတူ ဗြိတိသျှ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းတော်ကြီးဝက်စ်နဲ့ မစ္စဘမောင်ချိန်တို့ရဲ့ ဆွဲဆောင်ဖိအားပေးမှုတွေကြောင့် အဲသလိုအဖြစ်မျိုးဆိုက်ခဲ့ရတာလို့ သုံးသပ်ကြတာတွေလည်းရှိပါတယ်။ ဆွေးနွေးပွဲသဘောတူညီချက်မှာ ဖဆပလအစိုးရဘက်ကတင်ပြလာတဲ့  လက်နက်ချရေးအစီအစဉ်ကို ကေအင်န်ယူဥက္ကဋ္ဌစောဘဦးကြီးက သဘောတူလက်မှတ်ထိုးလိုက်ခဲ့ တယ်ဆိုပါတယ်။ ဖဆပလရဲ့ အစီအစဉ်အရဆိုရင် အရင်ဆုံးအင်းစိန်မှာရှိနေတဲ့ ကေအင်န်ဒီအိုတပ်တွေက လက်နက်ကြီးတွေကို အစိုးရဆီကိုအပ်ဖို့၊ ပြီးရင် တပ်ဖွဲ့တွေမှာရှိတဲ့ လက်နက်ငယ်တွေအပ်ဖို့၊ ပြီးရင် 
ဧပြီလ (၈)ရက်နေ့မှာ လက်နက်ချပွဲလုပ်ဖို့ ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒါတွေပြီးမှ စောဘဦးကြီးကိုလည်း ပြည်နယ်စုံစမ်းရေးကော်မရှင်မှာ ကရင်ပြည်နယ်အရေးကို ဆက်လက်ဆောင်ရွက်သွားဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
            ဒီတွေ့ဆုံဆွေးနွေးပွဲအပြီး စောဘဦးကြီးနဲ့ ကရင်အမျိုးသားခေါင်းဆောင်တွေ တွေ့ဆုံပြောဆိုကြတော့မှပဲ ရခဲ့တဲ့သဘောတူညီချက်ဟာ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အဓိပ္ဗါယ်မရောက်ပဲ "လက်နက်ချ"ဆိုတဲ့သဘောမျိုးဖြစ်နေတယ်၊ လက်ခံလို့မရဘူး၊ လက်မခံပြန်ရင်လည်း ကေအင်န်ယူ ဥက္ကဋ္ဌကြီးကိုယ်တိုင် လက်မှတ်ထိုးခဲ့တာဖြစ်နေတယ်ဆိုပြီး အခြေအတင်တွေ ဖြစ်ခဲ့ကြတယ်ဆိုပါတယ်။ ဒီတင် အဖြေရှာနိုင်မယ့် အခြားနည်းလမ်းကိုရှာကြတော့ စောဘဦးကြီးက ကေအင်န်ယူဥက္ကဋ္ဌအနေနဲ့ သဘောတူခဲ့တာဖြစ်တယ်၊ တကယ့်လက်တွေ့မှာ လက်နက်ကိုင် ပြီးလည်းတိုက်နေတဲ့၊ မတရားအသင်းလည်း အကြေညာခံထားရတာက ကေအင်န်ဒီအိုဖြစ်နေတယ်၊ ဒီတော့ ဒီကိစ္စကို ကေအင်န်ဒီအိုကပဲ ဆက်ဆွေးနွေးဖို့နဲ့ ကေအင်န်ဒီအိုကိုလည်း မန်းဘဇန်က တာဝန်ယူထားတာဖြစ်တော့ မန်းဘဇန်ခေါင်းဆောင်ပြီး အစိုးရနဲ့သွားပြန်ဆွေးနွေး ကြမယ်ဆိုပြီး အဖြေထွက်လာတယ်လို့ ဆိုပါတယ်။
            မန်းဘဇန်နဲ့ အဲဒီတုန်းကမ္မတဒေါက်တာဘဦးတွေ့ပြီး မန်းဘဇံသဘောထားကို ဝန်ကြီးချုပ်ဦးနုဆီ သမ္မတက အကြောင်းကြားပေးပါတယ်။ ဒီ့နောက်တော့ နိုင်ငံခြားရေးဝန်ကြီး ဦးဧမောင်နဲ့မန်းဘဇန်တို့ အရင်ဆုံးတွေ့ကြတယ်ဆိုပါတယ်။ တွေ့ကြတော့လည်း အဆင်မပြေဖြစ်ခဲ့ရပြီးတဲ့နောက် ဖဆပလ အစိုးရကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ ထပ်တွေ့ကြပြန်ပါတယ်။ ဖဆပလ ကိုယ်စားလှယ်အဖွဲ့မှာတော့ ဝန်ကြီးချုပ်ဦးနု၊ ဗိုလ်လင်္ကျာ၊ ဗိုလ်နေဝင်း၊ ဗိုလ်ခင်မောင်လေးနဲ့ စောကြာဒိုးတို့ တက်ရောက်ကြပါတယ်။ ဆွေးနွေးရောက်တော့ ဦးနုက “ဥက္ကဋ္ဌဖြစ်တဲ့စောဘဦးကြီး လက်မှတ်ထိုးထားပြီးတဲ့သဘောတူချက်ကို မဖျက်သင့်ကြောင်းနဲ့ စောဘဦးကြီးရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့” ပြောပြီး မန်းဘဇန်ဘက်ကတော့ ဥက္ကဋ္ဌကြီးလက်မှတ်ထိုးထားတာကို လက်ခံရမှာဖြစ်ပေမယ့်၊ ဖြစ်နေတဲ့အနေအထားက အညံ့ခံရမှာ၊ လက်နက်ချရမှာ၊ သူတို့လိုလားချက်တွေကို စွန့်လွှတ်ခိုင်းတာလို့မြင်ပြီး ငြိမ်းချမ်းရေးလိုချင်ရင် ကရင်ပြည်နယ်အရေးဖြေရှင်းပေးဖို့ ပြောတယ်လို့ဆိုပါတယ်။ ဒါနဲ့နောက်ဆုံး ဘာသဘောတူညီချက်မှ မရတော့ပဲ မန်းဘဇန်ဘက်က ကျန်နေသေးတဲ့ ကရင်အမျိုးသားခေါင်းဆောင်တွေနဲ့ပြန်ဆွေးနွေးပြီး အကြောင်းပြန်မယ်လို့ဆိုတာနဲ့ ရပ်လိုက်ကြရပါတယ်။
            ဒီ့နောက်တော့ ကျန်သေးတဲ့ကရင်အမျိုးသားခေါင်းဆောင်တွေနဲ့ဆွေးနွေးပြီး မူလ စောဘဦးကြီးနဲ့ယူခဲ့တဲ့သဘောတူညီချက်ကို လက်မခံနိုင်ကြောင်း စောဟန်တာသာမွှေးနဲ့ အင်းစိန်စစ်မြေပြင်စစ်ဆင်ရေးမှူး ဗိုလ်မှူးအောင်စိန်တို့ လက်မှတ်ထိုးပြီး အကြောင်းပြန်လိုက်ပါတယ်။ ဒီတင် ကေအင်န်ယူနဲ့ ဖဆပလအစိုးရအကြားက ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးအတွက်စေ့စပ်ဆွေးနွေးပွဲဟာ ပျက်သွားခဲ့ရပါတယ်။ ဒါကတော့ ကေအင်န်ယူနဲ့ ဖဆပလ အစိုးရတို့ကြားက ပထမဆုံးအကြိမ် စေ့စပ်ဆွေးနွေးမှုပျက်ပြားခဲ့ရတာရဲ့ အကြမ်းဖျဉ်းအကျဉ်းချုပ်သဘော တင်ပြချက်ဖြစ်ပါတယ်။ လက်တွေ့ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ကြ၊ ဦးဆောင်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေမှာတော့ ဒီ့ထက်မက ပြောနိုင်ဆိုနိုင် ရှင်းလင်းပြသနိုင်မယ့် အကြောင်းအချက်အခြေခံတွေလည်း  ရှိနေမှာဖြစ်ပါတယ်။
            ဆွေးနွေးဘက် (၂) ဘက်အကြားမှာ အပြင်ပဋိပက္ခတွေရှိနေသလို၊ ဘက်တဖက်ချင်းစီမှာလည်း အတွင်းပဋိပက္ခတွေ ရှိစမြဲဖြစ်ပါတယ်။ ဒီမိုကရေစီသဘောအရ လွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်ဆိုပေမယ့် ကွဲလွဲချက်တွေ အဟသိတ်ကျယ်နေရင်၊ ဒါမှမဟုတ် ကွဲလွဲချက်တွေကို လိုတိုးပိုလျှော့လုပ်ရာမှာ တဘက်ဘက်က ထောင့်နေလွန်းရင် စေ့စပ်ပြေအေးဖို့ ကျေလည်သွားဖို့ဆိုတာ ခက်လာတတ်တဲ့သဘောလည်း ရှိပါတယ်။
            အဲဒီကွဲလွဲချက်တွေကို မျက်နှာချင်းဆိုင်ပြီး အေးအေးချမ်းချမ်း ညှိယူဖြေရှင်းကြမယ်ဆိုတာဟာ အလွန်ကောင်းမွန်ပြီး လူသားတိုင်း နှစ်ခြိုက်တယ်ဆိုပေမယ့် တကယ့်လက်တွေ့ ဖြေရှင်းကြတဲ့အခါမှာ ပြဿနာတွေဟာ ထင်တာထက်ပိုရှုပ်ထွေးနေတတ်တာမျိုးလည်း ကြုံရတတ်ပါတယ်။ ဒါ့အပြင် မူလပြဿနာကိုဖြေရှင်းနေရာကနေ ဘေးချော်ထွက်လာတဲ့ ဘေးထွက်ပြဿနာသစ်တွေနဲ့တိုးမိတိုက်မိပြီး ဆင့်ပွားကိစ္စတွေ ထပ်တိုး လာတတ်မျိုးလည်း ရှိတတ်ပါသေးတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် စေ့စပ်ဆွေးနွေးအဖြေရှာလိုတဲ့ စိတ်အခံရှိနေတာကိုက ကောင်းတဲ့အခြင်းအရာပဲဖြစ်ပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား

Tuesday, May 29, 2012

စစ်ဟာ ကခုန်နေတယ်(ဇော်လူစိမ်း)

0 comments
သရုပ်ဖော် အောင်လတ်
မနက်ခင်း သတင်းတွေထဲကနေ တို့ကိုပါးနားရိုက်လို့
စစ်ဟာ ကခုန်နေတယ်၊

စစ်ပြန်တစ်ယောက်ပြောတာက
စစ်ဟာ ကျောသားရင်သား မခွဲခြားဘူးဆိုပါလား
ဟုတ်တာပေါ့၊
ဒုက္ခသည်တွေရဲ့ကျောတွေရင်တွေတီးပြီး
စစ်ဟာ ကခုန်နေတယ်၊

သူ့ကိုယ်သူပြန်ကောက်လို့ မရတော့ဘူးတဲ့
အ၀တ်တစ်ထည်ကိုယ်တစ်ခုက အော်လိုက်တာ
ဟုတ်တာပေါ့၊
ခြေပြတ်လက်ပြတ်တွေ မြှောက်မြှောက်ပြီး
စစ်ဟာ ကခုန်နေတယ်၊

အပိုင်းပိုင်း အတစ်တစ်တွေကြားထဲမှာ
စစ်ဟာ ကခုန်နေတယ်၊
အိုးပစ်အိမ်ပစ်တွေရဲ့ ပြေးလမ်းကြောင်းနောက်မှာ
စစ်ဟာ ကခုန်နေတယ်၊

တစပြင်ရဲ့မီးတောက်တွေနဲ့အတူ
စစ်ဟာကခုန်နေတယ်၊

ထိုးစစ်ဖြစ်ဖြစ် ခံစစ်ဖြစ်ဖြစ်
စစ်ဟာကခုန်နေတယ်၊

ဗုံတစ်လုံးဖြစ်ဖို့ နွားမည်းတွေရဲ့အရေကို ဘယ်လိုဆုပ်ခဲ့သလဲ

စစ်တစ်ခုအသံထွက်ဖို့များ ဒုက္ခသည်တွေကို ချနင်းရတယ်လို့
စစ်ဟာ ကခုန်နေတယ်၊

စစ်လျော်ကြေးအဖြစ်
ခေတ်အဆက်ဆက် ဒုက္ခသည်တွေရဲ့ခုံရုံးမှာ
စစ်ကို စီရင်ပါ
စစ်ကို ကွပ်မျက်ပါ
ဒုက္ခသည်စခန်းထဲက အမျှဝေသံနဲ့အတူ စစ်ကိုစွဲချက်တင်လိုက်တယ်
ခုထိ့ စစ်ဟာ ကခုန်နေတယ်၊

ခင်ဗျားအနားမှာ ၀ိညာဉ်တစ်ခုလို
စစ်ဟာ ကခုန်နေတယ်၊

ခင်ဗျား မျက်စိရှေ့မှာ စုန်းတစ်ကောင်လို
စစ်ဟာ ကခုန်နေတယ်၊

အရိုးထဲအထိ စိမ့်လာအောင်
ခင်ဗျားရဲ့သွေးပြန်ကြောထဲကနေ
စစ်ဟာ ကခုန်နေတယ်၊
ခုထိ့ စစ်ဟာ ကခုန်နေတယ်။
                              ဇော်လူစိမ်း
(ယူတာကဒီကပါ)http://www.kaungkin.com/index.php?option=com_content&view=article&id=783:poem&catid=34:2009-04-17-00-31-18&Itemid=77

Saturday, May 26, 2012

ပြည်တော်ပြန်၊ နိုင်ငံတော်နှင့်ငါးဖယ်ပြောင်းပြန်တို့ကိစ္စ (မျိုးမြင့်ချို)

0 comments

ပြည်တော်ပြန်၊ နိုင်ငံတော်နှင့် ငါးဖယ်ပြောင်းပြန်တို့ကိစ္စ (မျိုးမြင့်ချို)
တနေ့က မိတ်ဆွေတစ်ယောက်နှင့် အလ္လာပသလ္လပပြောရင်း သူက “သူများတွေတော့ ပြန်ကြတယ်။ မင်း ဘယ်လို သဘောရလဲ” ဟု ကောက်ကာငင်ကာ မေးလာ၏။ သူက ဗမာ့နိုင်ငံရေးတွင် ကိုယ်တိုင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး မိသားစုတစ်ဘဝလုံး ပျက်မတတ်အဖျက်ခံခဲ့ရသူ။ ခုလည်း ရောက်သည့်နေရာကနေ စွမ်းသလောက်လုပ်ရင်း အိမ်နီးချင်းနိုင်ငံတစ်ခုတွင် နိုင်ငံမဲ့တစ်ယောက်လို နေနေရသူဖြစ်၏။ ဝင်ငွေမရှိ။ ရှာဖို့ အခွင့်မရှိ။ မိတ်ဆွေတချို့၏ မဖြစ်စလောက် အထောက်ပံ့လေးနှင့် ချို့ချို့ငဲ့ငဲ့။ အိမ်လွမ်းတိုင်း၊ ပြည်လွမ်းတိုင်း သောင်ရင်းမြစ်ကမ်းပါးမှာ ဆေးပေါ့လိပ်လေးဖွာရင်း တစ်ဘက်ကမ်းကို လှမ်းလှမ်းငေးတတ်သူ။

သူနှင့် မရှေးမနှောင်းတွင် မိတ်ဆွေဖြစ်ဖူးသူတစ်ယောက်က “ကိုယ်တို့ သိက္ခာရှိရှိပြည်တော်ပြန်နိုင်ဖို့ အစိုးရက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးမှဖြစ်မယ်” ဟု ဆို၏။ သူက ၈၈ မှာ ကောက်ကာငင်ကာ ရန်သူရှာတွေ့ပြီး ၈၉ ရောက်တော့ “တိုင်းပြည်ကို သေနတ်နဲ့တည်ဆောက်လို့မရ” ဟု ဆိုကာ စီးပွားရေးထဲဝင်သွားသူ။  ဗမာပြည်လက်တွေ့နိုင်ငံရေးနှင့် ခွာနေခဲ့သူ။ နိုင်ငံရေးကြောင့် ထောင်ကျသူတွေကိုပင် “ညံ့လို့” ဟု ဆိုတတ်သူ။ နောက်တော့  ပြည်ပနိုင်ငံတခုသို့ ပတ်စ်ပို့တ်ဖြင့် ထွက်သွားသူ။ ဟိုရောက်တော့ ဟိုပွဲဒီပွဲ ဝင်ဝင်အပါပြပြီး ခိုလှုံခွင့်လျှောက်ကာ အခြေချနေရင်း ဝင်ငွေအသင့်အတင့်။ မိသားစုလေး ဥမကွဲသိုက်မပျက်။ ခုတော့ ငွေထုတ်လေးပိုက်ပြီး ပြည်တော်ဝင်ရန် ခတ်ကွင်းပြင်နေသူ။
ကျနော်က တစ်ယောက်၏အမေးကို ဘာမှပြန်မဖြေမိသလို၊ တစ်ယောက်၏အပြောကိုလည်း ဘာမှတ်ချက်မှမပေးခဲ့။ ခုတော့ ဖြေချင်လာသည်။ မှတ်ချက် ပေးချင်လာသည်။

ဗမာပြည်ကအစိုးရတွေမှာ ထောင်ထဲကနေ အပြင်ထုတ်ထားချင်သူတွေကို ဖွတ်မြီးနှင့်ဖွတ်ချည်သည့်နည်း ရှိ၏။ လွယ်လွယ်ပြောရလျှင် (၄ဝ၁) အပိုဒ် (၁)။ သို့တိုင်အောင် အချည်ခံချင်တိုင်းခံလို့မရ။ သူတို့ချည်ချင်သည့်သူ ရွေးချည်၏။ လူတိုင်းကို မချည်။ လူတိုင်းအတွက် မဟုတ်။ အရွေးခံရသူက အချည်မခံဟုဆိုလျှင် နိုင်ငံတော်လုံခြုံရေးအရဟုဆိုကာ လွတ်ရက်စေ့သည့်တိုင် မလွှတ်ပဲဆက်ချုပ်ထား၏။ ဤသို့ဖြင့် နိုင်/ကျဉ်းလောကတွင် လွတ်ရက်စေ့/လွတ်ရက်ကျော်ဆိုသည့် ဝေါဟာရပေါ်လာ၏။ အချည်ခံခြင်း/မခံခြင်းနှင့်မဆိုင်ပဲ “စေ့ရကျော်ရ” သည့် နိုင်/ကျဉ်းတွေလည်းရှိသေး၏။ ထို့ကြောင့် ချည်ခြင်း/မချည်ခြင်း၊ အချည်ခံခြင်း/မခံခြင်းကို ဤနေရာတွင် မပြောလို။ ပြောလိုသည်က ဤ(၄၀၁)၌ “ဖန်တီးနိုင်သည့်အခြေအနေသည် သူ့ဘက်တွင်ရှိပြီး ရွေးချယ်နိုင်သည့်အခွင့်သည် ကိုယ့်ဘက်တွင်ရှိသည်” ဆိုသည်ပဲဖြစ်၏။ ထောင်ထဲတွင် ဘယ် နိုင်/ကျဉ်းကမှ “ငါတို့ကို (၄ဝ၁) နဲ့ လွှတ်ပေးပါ” ဟုလည်းကောင်း “လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ” ဟု လည်းကောင်း မတောင်းခဲ့ကြ။ မတောင်းကြ။ (၄ဝ၁) လိုဟာပေးလာလျှင် ယူခြင်းမယူခြင်းက တစ်ဦးခြင်းကိစ္စဖြစ်၏။ ပေးသူကလည်း တစ်ဦးခြင်းအပေါ် သူ့အကဲဖြတ်ချက်နှင့်သူ ပေးခြင်းဖြစ်၏။ ယူသူဘက်မှာလည်း ထိုနည်းနှင်နှင်ပင်ဖြစ်၏။ သူ့အကြောင်းနှင့်သူမို့ ရေးကြီးခွင်ကျယ် လုပ်စရာအကြောင်းသိတ်မရှိလှဟု အောက်မေ့၏။ ကျနော်က ထို (၄ဝ၁) ကို “ထောင်တွင်းပေး(၄ဝ၁)” ဆိုချင်၏။

လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကျတော့ တမျိုးဖြစ်၏။ (ထောင်စကားတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို “နိုင်ငံတော်” ဟု ပြော၏)။ သူ့မှာက ချည်ထားတာမရှိ။ လူရွေးပြီး ပေးခြင်းလည်း မဟုတ်တတ်။ အပြီးအပြတ်လွှတ်ခြင်း။ ဆိုတော့ လူတိုင်းလိုလို ယူသည်ချည်းပင်။ လိပ်ပြာမသန့် ဘယ်သူမှမဖြစ်။ စိတ်မလုံ ဘာမှဖြစ်စရာမရှိ။ ဘယ်သူမှ ထောင်ထဲနေချင်သည် မဟုတ်ကြ။ လွတ်ရက်မစေ့ပဲလွတ်မည်ဆိုပါက လွတ်ခြင်းလွတ် “နိုင်ငံတော်” နှင့်သာ လွတ်ချင်၏။ ထို “နိုင်ငံတော်” ဆိုသည်ကို နှုတ်ကဖွင့်မပြောရင်သာရှိမည်။ အပြင်ဘက်တွင် အလှုပ်အရမ်းရှိတိုင်း အထဲကနေ မရဲတရဲတော့ ကြိတ်မျှော်တတ်ကြ၏။ သို့သော် 
ဘယ် နိုင်/ကျဉ်းကမှ “နိုင်ငံတော်” ပေးပါဟု မတောင်း။ အခြားသူများကလည်း “နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေး” ဟုသာ တောင်းကြ၏။ “နိုင်ငံတော်” နဲ့လွှတ်ပေးပါဟု မတောင်း။

နိုင်ငံရေးဆိုသည့်သဘောတွင် “တောင်းပွဲရော၊ တိုက်ပွဲပါ” ပါ၏။ ဤနေရာတွင် “တိုက်ပွဲ”အကြောင်း မပြော။ “တောင်းပွဲ”အကြောင်း နည်းနည်းပြောမည်တွေးမိ၏။ တောင်းယူ၍ ရနိုင်ခြေရှိသည့်ကိစ္စကို တောင်းယူသည်က ကောင်း၏။ မရနိုင်မည့်ကိစ္စကို မတောင်းခြင်းက သာ၍ကောင်းသည်ထင်၏။ ဘယ်ကိစ္စ တောင်းယူ၍ရနိုင်သလဲဆိုသည်က သူ့ဘက်ကိုယ့်ဘက် ပေးနိုင်ရနိုင်ဖြစ်မှုအပေါ် တည်ပြန်၏။
တောင်းရာတွင်လည်း တောင်းပုံတောင်းနည်း ရှိသေး၏။ မပေးပေးအောင်တောင်းနည်း မျိုးကွဲတွေလည်း ရှိမည်ထင်၏။ မပေးချင်ဦး အတောင်းကောင်းလျှင် ရရသွားတတ်တာလည်း ရှိသည်ထင်၏။ ပေးစေဦး အပေးလှ၊ အရလှ လှကြဖို့လည်း လိုသည်ထင်၏။ ပေးပေး ရရ ပေးသူရော ရသူပါကျေနပ်ကြမှကောင်း၏။ နှစ်ဘက်စလုံး မျက်နှာမပျက်ရပဲ “အပေးအရ” တည့်ပါက အလွန်ကောင်း၏။ သို့သော် တစ်ခါတစ်ရံတွင် “ပေးကားပေး၏ မရ” တွေလည်း မြင်ဖူး၏။ ထိုသို့ဖြစ်ခဲ့လျှင် “တောင်းပွဲ” သည် “တိုက်ပွဲ” အသွင်ပြောင်းသွားတတ်သည်လည်း ရှိသေး၏။

ခုတစ်လော “နိုင်ငံတော်” တောင်းသံတွေ ဖြိုးဖြိုးဖျောက်ဖျောက်ကနေ ပိုးပိုးပေါက်ပေါက် ဖြစ်လာ၏။ ဦးသိန်းစိန်တို့က “လာချင်ရင် ပြန်လာပေါ့။ ဒါပေမယ့် ဒါလေးတော့ ရှိတယ်နော်” ဟု ခြွင်းချက်ကလေးခံကာ နှစ်ကြိမ်ပြန်ဆင့်လိုက်တော့ အိမ်အပြန်ခြေလှမ်းပြင်သူတွေပြင်ကြ၏။ ပြင်ကြတာလည်းကိစ္စမရှိ။ ပြန်ကြတာလည်းကိစ္စမရှိ။ “ဧည့်သည်ဒုက္ခ၊ မှီခိုသူဒုက္ခ” တွေ မြင်နေရပါလျှက် ခြေလှမ်းပြင်ရကောင်းလားဟု တစ်ဘက်သတ်ပြောပါက တရားမကျ။ ပြောလည်းမပြောအပ်ဟု ထင်၏။ သူ့အကြောင်းနှင့်သူ။ ခေါ်ပုံခေါ်နည်းနှင့် ပြန်ပုံပြန်နည်းတွေမှာလည်း ပြစရာဆင်ခြေ ခိုင်ကြမည်ထင်၏။ ခေါ်ခြင်းနှင့်ပြန်ခြင်းမှာရော ခေါ်သူနှင့်ပြန်သူမှာပါ သူတရားနှင့်သူ့စကားတို့ရှိ၏။ တစ်ချို့လည်း ပြန်ချင်၏။ သို့သော် သူ့အချိန်အဆ ကိုယ့်အချိန်အဆတွေတွက်ကာ ပြန်ရေးအတွက် စနိုးစနောင့်တွေလည်းရှိနေ၏။ ဦးသိန်းစိန်တို့၏ “ဒါလေးတော့” ကိုဆင်ခြင်မိပြီး “ဘယ်လောက် အာမခံချက်ရှိသလဲ” နှင့် “သိက္ခာရှိရှိ ပြန်ချင်” ဆိုသည့်တို့ဝင်လာကာ ရင်ခံကြရ၏။ အာမခံချက်နှင့်သိက္ခာရှိရှိသည် အလွန်အရေးကြီးပါသည်။ သို့သော် လူတိုင်းအတွက် ဟုတ်ချင်မှတော့ ဟုတ်လိမ့်မည်။ ထားတော့။ ယခု ထို “သိက္ခာရှိရှိ” အကြောင်းက ပြောစရာကိစ္စဖြစ်လာပြီ အောက်မေ့၏။ ကိစ္စရှိလာ၏။

ခတ်ကွင်းပြင်သူတစ်ချို့က သိက္ခာရှိရှိကို ရိုးရိုးမပြော “နိုင်ငံတော်” ပေးပါ။ (အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပါ) နှင့်တွဲတွဲပြော၏။ ယခု ကိစ္စသည် ထောင်စကားနှင့်ပြောရလျှင် “ထောင်ပြင်ပေး(၄ဝ၁)”။ ဖွတ်မြီးနှင့်ဖွတ်ချည်ခြင်းဖြစ်၏။ ခြွင်းချက်ရှိ၏။ တစ်ချို့ အချည်ခံချင်၍ သက်ဆိုင်ရာနိုင်ငံတွေရှိ မြန်မာသံရုံးတွေဆီသွား၏။ သံရုံးမှာ ဘာဖေါင်တွေဘယ်လို့ဖြည့်ကာ ဘာစကားတွေ ဘယ်လိုထားရသည်ကတော့ ကာယကံရှင်တွေသာ သိလိမ့်မည်။ သို့သော် ဦးသိန်းစိန်တို့ဘက်က ရှင်းသည်။ မချည်ချင်သူအား မချည်။ ချည်ချင်သူကိုကား အလွတ်မခံ။ ထောင်တွင်းပေး(၄ဝ၁) ကမှ ထောင်ဝင်နံပတ်နှင့်လာသေး၏။ ထောင်ပြင်ပေး(၄ဝ၁)တွင် နံမည်လေးပင် မပါ။ “ဘယ်သူ့ကို ချည်မယ်” လည်း မဟ။ သည်တော့ ဂွကျကုန်၏။ ဂွကျတော့ ဂွင်ရှာ၏။ ဂွင်က “နိုင်ငံတော်” ကို တွင်တွင်တောင်းရေးဖြစ်လာ၏။ သူတို့တောင်းသည့် “နိုင်ငံတော်” သည် အကျိုးလို၍ညောင်ရေလောင်းခြင်းဟု ယိုးမရအောင် ကာရဆီးရပြန်၏။ “နိုင်ငံတော်ပေးမှ နိုင်/ကျဉ်းတွေ အကုန်လွတ်မှာ” တွေ လုပ်လာ၏။ နိုင်/ကျဉ်းလွတ်စေချင်သူတွေက “နိုင်/ကျဉ်းတွေကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေး” ဟု တောင်းဆို၏။ နိုင်/ကျဉ်းတွေသည် ရာဇဝတ်မှုကြောင့် ထောင်ထဲရောက်နေခြင်း မဟုတ်ကြ။ အပြစ်သားတွေမဟုတ်ကြ။ ရာဇဝတ်ကောင်တွေ မဟုတ်ကြ။ လူ့အခွင့်အရေး အချိုးဖေါက်ခံနေရသူများ (Victims of Human Rights Abuses)၊ ရာဇဝတ်မှုအကျူးလွန်ခံနေရသူများ (Victims of Crime) သာဖြစ်၏။ “နိုင်ငံတော်”သည် ရာဇဝတ်ကောင်များကိုသာ ပေးရခြင်းဖြစ်၏။ ခုတော့ ပြောင်းပြန်တောင်းနေသလိုဖြစ်နေသည် ထင်၏။ လူထုအပေါ်တိုင်းပြည်အပေါ် ရာဇဝတ်မှုအမျိုးမျိုး ထင်သလိုကျူးလွန်ခဲ့ကြ၊ ကျူးလွန်နေကြသူတွေထံတွင် ဘာရာဇဝတ်မှုမှ မကျူးလွန်ခဲ့ရသူတွေအတွက် “နိုင်ငံတော်” ကို တစာစာတောင်းပေးနေကြ၏။ 
နိုင်/ကျဉ်းလွတ်ရေးအတွက်“နိုင်ငံတော်” ဖြင့် “နိုင်ငံရေးအညွန့်ကူချိုး” ပေးနေကြသလားပင် ထင်ချင်စရာဖြစ်နေ၏။ တောင်းခြင်းတောင်း “နိုင်/ကျဉ်းတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေး” ဟုသာ ဖြစ်ရလိမ့်မည်။ နိုင်ငံရေးအရွေ့နှင့်အလှုပ်အရမ်းကြောင့်၊ နိုင်ငံရေးအမြတ်ထုတ်လိုခြင်းကြောင့် သို့မဟုတ် အခြားအခြေအနေတစ်ရပ်ရပ်ကြောင့်  သူတို့ဘက်မှ “နိုင်ငံတော်” ပေးပြီး နိုင်/ကျဉ်းတွေလွတ်လာကြခြင်းမှာ အလွန်ကောင်း၏။ ခုတော ကိုယ့်အတွက် “နိုင်ငံတော်” ကို သူတစ်ပါးအတွက်ခေါင်းစဉ်ဖြင့် တောင်းနေကြသလားဟု မြင်စရာဖြစ်နေ၏။ စဉ်းစားစရာ ဖြစ်လာ၏။ ပြောစရာကိစ္စဖြစ်လာ၏။

သိက္ခာရှိရှိပြန်ချင်ခြင်းသည် အလွန်ကောင်း၏။ ဖြစ်လည်းဖြစ်သင့်၏။ သို့သော် ထိုသိက္ခာရှိရှိကို “နိုင်ငံတော်” နှင့်တွဲပြောခြင်းကိုမူ ဘဝင်မကျ။ ထောင်ပြင်ပေး(၄ဝ၁) မှာ “လူရွေးပေးခြင်း” မဟုတ်သလို “လူမရွေးပေးခြင်း” လည်း မဟုတ်ဟု မြင်မိ၏။ ထို့ကြောင့် ရွေးခြင်းနှင့်ပေးခြင်းသည်လည်းကောင်း ယူခြင်းနှင့်ရခြင်းသည်လည်းကောင်း တစ်ဦးခြင်းကိစ္စအဖြစ်သာ တွေးရန်လိုမည်ထင်၏။ တစ်ဦးခြင်းကိစ္စနှင့် “နိုင်ငံတော်” (အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်) သည် သီးခြားစီဖြစ်ရမည်ထင်၏။

နောက်ဆုံးတချက် ပြောချင်သည်က “အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်သည် ဘယ်သူက ဘယ်သူ့ကိုပေးရမည့်ကိစ္စ” ဆိုသည်ကို လေးနက်ဖို့ လိုမည်ထင်၏။ ကျနော်တို့က သူတို့ကိုပေးရမည်လော။ သူတို့က ကျနော်တို့ကို ပေးရမည်လော။ မည်သူက မည်သူ့ကို ပေးရမည်နည်း။ 
ခုတော့ ငါးဖယ်ကပြောင်းပြန်။
မျိုးမြင့်ချို
မေ ၂၆ ရက် ၂ဝ၁၂

Thursday, May 24, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ (အပိုင်း-၃) မျိုးမြင့်ချို

0 comments

ငြိမ်းချမ်းရေးပဲ့တင်သံ (အပိုင်း-၃) မျိုးမြင့်ချို  မေ ၂၄ ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်
သောတရှင်များခင်ဗျား..
          စစ်ပွဲတိုင်းမှာ စစ်ဖြစ်လာစေတဲ့ အရင်းခံအကြောင်းတွေလည်း ရှိကြစမြဲပါပဲ။ အရင်းခံအကြောင်းတရားတွေမှာလည်း တဖြည်းဖြည်းချင်း တငွေ့ငွေ့အရှိန်ရလာတဲ့အဝေးကြောင်းနဲ့ လတ်တလောဖြစ်ရပ်တွေဆိုတဲ့ အနီးကြောင်းရယ်လို့ရှိပါတယ်။ အကြောင်းအချက်နဲ့ အခြေအနေတွေပြည့်စုံမှ စစ် ဆိုတဲ့အကျိုးဆက် ထဖြစ်ရတာပါ။ ပထမကမ္ဘာစစ်ကြီးလို့ပြောကြတဲ့ စစ်ပွဲကြီးဟာ တကယ်တော့ ဒုတိယကမ္ဘာစစ်ကြီးလို ကမ္ဘာ့နေရာအသီးသီးက နိုင်ငံစုံပါဝင်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အလွန်ကြီးကျယ်ပြီး အဆုံးအရှူံးအသေအပျောက် အပျက်အစီးတွေ အဆမတန်ကြီးမားခဲ့လို့သာ ကမ္ဘာစစ်လို့ ဆိုကြတာလို့ထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးကတော့ ပိုပြင်းထန်ကြီးမားသလောက် ကမ္ဘာသူကမ္ဘာသားတွေနဲ့ ကမ္ဘာမြေလည်း ကြေမွမတတ်အထိနာခဲ့ရပါတယ်။
            ဘာပဲပြောပြော ဒီစစ်ကြီး ၂ ပွဲကြောင့်ပဲ ကမ္ဘာ့သမိုင်းကြောင်းမှာ အလှည့်အပြောင်းနဲ့ အချိုးအကွေ့တွေလည်း မလွဲသာမရှောင်သာ ဖြစ်လာခဲ့ရပါတယ်။ အဆိုးထဲကနေရခဲ့ကြတဲ့ အကောင်းတွေကတော့ နှစ်ပေါင်းများစွာကိုလိုနီပြု ကျွန်ဇာတ်အသွင်းခံခဲ့ရတဲ့နိုင်ငံငယ်တွေမှာ အမျိုးသားရေးနိုးကြားမှုတွေ အရှိန်အဟုန်နဲ့ပေါ်ထွန်းလာခဲ့ကြသလို လွတ်လပ်တဲ့အမျိုးသားနိုင်ငံတွေလည်း အပြိုင်အရိုင်းပေါ်ထွက်လာခဲ့ကြပါတယ်။  
            မြန်မာနိုင်ငံဟာလည်း လွတ်လပ်တဲ့အမျိုးသားအချုပ်အခြာအာဏာပိုင်နိုင်ငံသစ်အဖြစ် ပေါ်ထွန်းရခဲ့ပေမယ့် အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲခဲ့ရပြီး ပြည်တွင်းစစ်မီး ထတောက်ခဲ့ရပါတယ်။ ပြည်တွင်းစစ်ဖြစ်ရတာနဲ့ပတ်သက်လို့ နိုင်ငံရေးသမားတွေ၊ သမိုင်းဆရာတွေ၊ ပညာရှင်တွေ၊ လေ့လာသူတွေ ရေးသားမှတ်တမ်းတင်ခဲ့တာတွေလည်း မနည်းလှပါဘူး။ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့ ထုတ်ပြတဲ့အချက်အလက်နဲ့ ဆွဲပြတဲ့ကောက်ချက်တွေမှာတော့ ကွဲလွဲတာတွေအနည်းနဲ့အများဆိုသလို တွေ့ရမှာပါ။ ဒါကလည်း အပြစ်ဆိုရမယ့်ကိစ္စလို့တော့ မထင်ပါဘူး။ ခေတ်နဲ့ဖြတ်သန်းမှုတွေမှ မတူကြတာကိုး။ ခေတ်နဲ့ဖြတ်သန်းမှုနောက်ခံ တူသူတွေမှာတောင် ဖြတ်သန်းရတဲ့နယ်ပယ်နဲ့အဖွဲ့အစည်း၊ ယုံကြည်ကိုင်စွဲတဲ့ အယူအဆနဲ့လမ်းစဉ်တွေမှာမတူကြရင် အချက်အလက်နဲ့ကောက်ချက်ဆွဲတာတွေမှာ ကွဲလွဲကြရမှာပါပဲ။ အုပ်စုသဘော၊ ဘက် သဘောတွေလည်း ပါနေမှာပါပဲ။ ဒါပေမဲ့ ဘက်အသီးသီးကအမြင်တွေကို စေ့ငှအောင် လေ့လာဖတ်ရှူ ဆင်ခြင်နိုင်စွမ်းရှိမယ်ဆိုရင်တော့ အထိုက်အလျှောက် သမာသမတ်ကျမယ့်အမြင်တခုကို တည်ဆောက်ယူလို့ရမယ်လို့ ယုံကြည်ပါတယ်။  
            ကျနော့်အနေနဲ့ကတော့ ရှေ့ပိုင်းမှာတင်ပြခဲ့သလိုမျိုး လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့၊ အဖွဲ့အစည်းတွေပေါ်မှာ သက်ရောက်လွှမ်းမိုးနေတဲ့အယူအဆ အတွေးအခေါ်တွေအပေါ် ဗဟိုပြုစဉ်းစားတာမျိုးမဟုတ်ပဲ အာဏာလက်ရှိနဲ့အာဏာလက်မဲ့ တစ်နည်းပြောရရင် အစိုးရနဲ့ အစိုးရမဟုတ်တဲ့အင်အားစုများဆိုတဲ့အမြင်ပေါ်ကနေ ယေဘုယျသဘော အနှစ်ချုပ်တင်ပြချင်ပါတယ်။ အခု ပြည်တွင်းစစ်ကြီးဖြစ်လာပြီး ဒီလောက် သက်တမ်းရှည်ကြာနေခဲ့ရခြင်းဟာ တစ်တချက်... ဒီမိုကရေစီဆိတ်သုဉ်းနေခြင်းနဲ့၊ နှစ်တချက်...အမျိုးသားတန်းတူခွင့်နဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိတာကြောင့်ပဲလို့ ကျနော်မြင်ပါတယ်။ လွတ်လပ်ရေးခေတ်ဦး ပွင့်လင်းစအမျိုးသားဒီမိုကရေစီအုပ်ချုပ်ရေးသဏ္ဍန်လို့ ဆိုနိုင်မယ့် ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ ဖဆပလ အစိုးရ၊ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့အိမ်စောင့်အစိုးရ၊ သန့်ရှင်းဖဆပလလို့ဆိုတဲ့ ဦးနုရဲ့ ပြည်ထောင်စုအစိုးရ၊ ဗိုလ်ချုပ်နေဝင်းပဲခေါင်းဆောင်ခဲ့တဲ့ တော်လှန်ရေးကောင်စီအစိုးရ၊ မဆလ တစ်ပါတီအာဏာရှင်အစိုးရ၊ ၈၈ အပြီး မှာ စစ်အာဏာသိမ်း နဝတနဲ့နအဖ စစ်အစိုးရတွေအပြင် စစ်ဗိုလ်နဲ့စစ်ခေါင်းဆောင်ဟောင်းတွေကြီးစိုးပြီး ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရတွေအထိ အစိုးရအဆက်ဆက်ဟာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ လူမျိုးစုံဗမာပြည်သူတွေအပေါ် ဒီမိုကရေစီနည်းကျကျအုပ်ချုပ်မှုနဲ့ လက်တွေ့ကျင့်သုံးမှု အားနည်းခဲ့တာတွေရှိသလို၊ တခါတရံမှာ ဒီမိုကရေစီလုံးဝကို ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ရတဲ့ 
အဖြစ်မျိုးတွေအထိလည်းရောက်ခဲ့ပါတယ်။ ထိုနည်းတူပဲ အမျိုးသားတန်းတူခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်း တင်းပြည့်ကျပ်ပြည့် လက်ခံကျင့်သုံးခဲ့တာမျိုး ဘယ်တုန်းကမှ တွေ့ခဲ့ရတာ မရှိပါဘူး။ ဒီအခြေအနေတွေကြောင့်ပဲ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ရသလို ခုထက်ထိလည်းသက်ဇိုးရှည် နေရတာဖြစ်ပါတယ်။
            နောက်တချက်က အဲဒီ အာဏာရအစိုးရအဆက်ဆက်တွေဟာ ဘယ်လိုအခြေအနေမျိုးရောက်မှ ငြိမ်းချမ်းရေးဆိုတဲ့စကားကို ပြောခဲ့ကြတာလဲ၊ ဘာရွယ်ရည်ချက်တွေလဲ ဆိုတာကိုလည်း စောကြော ကြည့်ချင်ပါသေးတယ်။ စစ်ပွဲမှာ ဘယ်ဘက်ကမှ နိုင်နိုင်ခြေမရှိတော့တဲ့အခါမှာ၊ ဒါမှမဟုတ် အင်အားချင်းညီမျှတဲ့အနေအထား ရောက်လာတဲ့အခါမှာ ဒါမှမဟုတ် ရှူံးဖို့သေချာလောက်ရှိတဲ့အခါမျိုးတွေမှာသာ လူတွေဟာ ငြိမ်းချမ်းရေးစကား ပြောတတ်တယ်ဆိုတာမျိုးဟာလည်း မှားတယ်လို့မဆိုနိုင်ပါဘူး။ ဒါပေမဲ့ တခါတရံမှာ အဲသလိုမဟုတ်ပဲ နိုင်ငံရေးအရဖြစ်နေတဲ့ သီးခြားအခြေအနေတွေအောက်မှာလည်း ငြိမ်းချမ်းရေးဆိုတဲ့အသံကို ပရိယာယ်သဘောနဲ့ ထုတ်ထုတ်လာတတ်ကြတာတွေလည်းရှိပါတယ်။ ခေတ်အဆက်ဆက်မှာ စစ်ဒဏ်ကို မချိမဆန့်ခံနေရတဲ့ မြန်မာပြည်သူတွေအဖို့ ငြိမ်းချမ်းရေးဟာ ထာဝရလိုအပ်ချက်ဖြစ်သလို အစဉ်တစိုက် ကြွေးကြော်တောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။ တခါတရံမှာ အခြေအနေအရ တောင်းဆိုသံတွေ ကျယ်လောင်ခွင့်မရှိခဲ့ရင်တောင်မှ လူထုရဲ့နှလုံးသားထဲမှာတော့ ငြိမ်းချမ်းရေးဟာ ဖွဲမီးလို တငွေ့ငွေ့လောင်မြိုက်နေရတာပါ။ အခွင့်သာတဲ့အခါတွေမှာ ပြည်သူတွေဟာ ကြွေးကြော်တောင်းဆိုရုံမက ငြိမ်းချမ်းစွာတိုက်ပွဲဝင်ခဲ့ကြတာတွေရှိပါတယ်။ ပြည်သူတွေစစ်ပွဲတွေကိုမလိုချင်တော့ဘူး၊  ပြည်သူတွေငြိမ်းချမ်းရေးကို မွတ်သိပ်နေကြတယ်ဆိုတာ အာဏာရအစိုးရအဆက်ဆက်ကလည်း သိမြင်ကြပါတယ်။ ဒါ့ကြောင့်မို့လည်း လူထုတောင်းဆိုမှုတွေ ကြီးလာရင်ကြီးလာသလို၊ လူထုလှုပ်ရှားမှုရေချိန် မြင့်လာရင် မြင့်လာသလိုကြည့်ပြီး ဟန်ပြအတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပပေးတတ်ပါတယ်။
            ခေတ်အဆက်ဆက်က အစိုးရတွေလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ တကယ့်ရည်ရွယ်ချက်က ပြည်တွင်းစစ်ကြီးကို အပြီးတိုင်ရပ်စဲဖို့နဲ့ အစစ်အမှန်ငြိမ်းချမ်းရေး တည်ဆောက်ဖို့တော့ မဟုတ်ကြပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးတောင်းဆိုတဲ့ နိုင်ငံရေးအရှိန်အဟုန်တွေကို လျှော့ချပစ်ဖို့ရယ်၊ နေ့တဓူဝရင်ဆိုင်နေရတဲ့နေတဲ့ အထွေအထွေအကျပ်အတည်းတွေကြောင့် မကျေမချမ်းဖြစ်နေရတဲ့လူထုရဲ့စိတ်အာရုံကို ပြောင်းပစ်ဖို့ရယ်နဲ့ ငြိမ်းချမ်းရေးမရတာ ငါတို့ကြောင့်မဟုတ်ဘူး၊ လက်နက်ကိုင်ခုခံနေကြသူတွေကြောင့်ဆိုပြီး လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်တွေနဲ့ တဘက်အင်အားစုတွေအပေါ် နံမည်ဖျက်ဖို့၊ လက်ညှိုးထိုးအပြစ်ပုံချဖို့ပဲဖြစ်ပါတယ်။
            တိုင်းပြည်နဲ့လူထုအပေါ် ကောင်းတဲ့စေတနာနဲ့ စစ်မှန်ရိုးသားတဲ့ရည်ရွယ်ချက်မဟုတ်လေတော့ ဟန်ပြငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေဟာလည်း ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတဲ့အဆင့် မရောက်ခင်ကတည်းက မအောင်မြင်ဖို့၊ ပျက်စီးဖို့ သန္ဓေပါလာပြီးသားဖြစ်နေတာ တွေ့ရမှာပါ။ ဒီမိုကရေစီ မဖွံ့ဖြိုးသရွေ့၊ အမျိုးသားတန်းတူခွင့်နဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေမရှိသရွေ့ ပြည်တွင်းစစ်ရပ်စဲဖို့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာဟာ စိတ်တောင်ကူးကြည့်ဖို့ မလွယ်သေးဘူးလို့ထင်ပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။

Tuesday, May 22, 2012

ဂန္ဓလရာဇ်ကထာ(၄)–တရုတ်၏ နိုင်ငံတကာဆက်ဆံရေးအယူအဆ(စောထူးပွယ်နှင့် ကိုဝင်းကျော်ပြန်ဆိုသည်)

0 comments
(စစ်အေးကာလ၏ဇာတ်ရှိန်အမြင့်ဆုံးအချိန်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဟင်နရီကစ်ဆင်းဂျား ဂန္ဓလရာဇ်ကထာ (On China) စာအုပ်သစ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနှင့်စပ်လျဉ်း၍ အရေးပါသော စာအုပ်တစ်အုပ်အဖြစ် ထွက်ရှိလာခဲ့ ပါသည်။ အမေရိကန်၏သံတမန်အဖြစ် တရုတ်နိုင်ငံသို့ အခေါက်ပေါင်း ၅၀ ကျော် သွားရောက်ခဲ့သည့် ကာလအတွင်း သံတမန်တစ်ဦး၏ ပြတင်းပေါက်မှတဆင့်မြင်တွေ့ရသည့် တရုတ်နိုင်ငံအကြောင်းဟုလည်း ဆိုနိုင်ပါလိမ့်မည်။ မည်သည့်ချိန်ခါဟု မသိခဲ့ရသော တရုတ်အင်ပါယာကြီး စတင်တည်ထောင်ချိန်မှ ထောင်စုနှစ်သစ်ကာလများအထိ အင်အားကြီးနိုင်ငံတစ်ခု၏ ကြီးထွားဖွံ့ဖြိုးလာပုံနှင့် တည်တံ့နေပုံကို သီဝရီများဖြင့် မမွမ်းကြပ်စေဘဲ အခန်းပေါင်း ၁၈ ခန်းဖြင့် ရေးသားတင်ပြထားသော လေ့လာချက်များလည်း ဖြစ်သည်။ ထိုစာအုပ်ထဲမှ ကစ်ဆင်းဂျား၏အမြင်ကို လေ့လာနိုင်ရန်အတွက် ကိုဝင်းကျော်နှင့် ကျွန်တော် စောထူးပွယ်တို့က Ecovision Journal တွင် အပတ်စဉ် ဘာသာပြန်ဆိုဖော်ပြခဲ့ပါသည်။ အွန်လိုင်းတွင် ရရှိနိုင်ရန် မိတ်ဆွေများအတွက် ဘာသာပြန်ဆိုမှုများကို ဝေမျှလိုက်ရပါသည်။ ဆက်လက်ဖော်ပြသွားပါမည်။)
(ဤနေရာကယူပါသည်) http://sawhtoopwe.wordpress.com/2011/09/27/163/
ဂန္ဓလရာဇ်ကထာ() – တရုတ်၏ နိုင်ငံတကာဆက်ဆံရေးအယူအဆ
တရုတ်၏ နိုင်ငံတကာဆက်ဆံရေးအယူအဆ
သမာသမတ်ကျခြင်းလော၊ တန်းတူရည်တူလော
တရုတ်ပြည်တွင် ကြီးကျယ်ခမ်းနားသော ခရစ်ယာန်ဘုရားကျောင်းတော်များမရှိသလို ဘလင်နန် နန်းတော် များလည်းမရှိပေ။ ဘလင်နန် နန်းတော်ကိုတည်ဆောက်ခဲ့သည့် မားလ်ဘိုရိုဂ်နယ်စားလို ချမ်းသာသောမျိုးရိုးမှ ဆင်းသက်လာသော နိုင်ငံရေးအရကျော်ကြားသည့် သူကောင်းမျိုးများလည်း တရုတ်တွင်မရှိခဲ့ပေ။ သီးခြား လွတ်လပ်သော မင်းသားများ၊ နယ်စားများ၊ ကောင့်မြို့စားများ၊ ကိုယ်ပိုင်အုပ်ချုပ်ကြသည့် မြို့ပြနိုင်ငံများ၊ (အာဏာပိုင်တို့၏သြဇာအောက်မှ ကင်းလွတ်သည်ဟု ခံယူထားကြသည့်) ရိုမန်ကက်သလစ် ဘုရားကျောင်း တော်များ၊ (ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများကိုတည်ထောင်ရန် ဆန္ဒပြင်းပြကြသည့်) ပရိုတက်စတင့်အုပ်စုများဖြင့် ဥရောပသည် မော်ဒန်ခေတ်ကိုနိုင်ငံရေး ကွဲပြားမှုတစ်ထွေးကြီးပိုက်ကာ ၀င်ရောက်ခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် တရုတ်သည် ခက်ခဲလှသောဘုရင့်စာမေးပွဲများတွင် ၀င်ရောက် ဖြေဆိုအောင်မြင်ကြသူများကို နယ်အသီးသီးသို့စေလွတ်ပြီး စီးပွားရေးနှင့်လူအဖွဲ့အစည်း၏မျက်နှာစာ အသီးသီးကို ထိန်းသိမ်းအုပ်ချုပ်စေခြင်းဖြင့် အင်ပါယာဗျူရိုကရေစီကို အပြည့်အ၀ထူထောင်ကာ နှစ်ပေါင်း ၁၀၀၀ ကျော် အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့သော အကြောင်းကြောင့် ကမ္ဘာအခင်းအကျင်းသို့ တရုတ်၏ချဉ်းကပ်မှုသည် အနောက်ကမ္ဘာကကျင့်သုံး သည့်စနစ်နှင့် များစွာကွာခြားခဲ့သည်။ ဥရောပ၏ အလယ်ခေတ်အဆောက်အအုံသည် ၁၆ ရာစုနှင့် ၁၇ ရာစု၌ ပျမ်းမျှအင်အားချင်းညီမျှသည့် အုပ်စုများအဖြစ်ကွဲသွားခြင်းနှင့် ကက်သလစ်ဂိုဏ်းခွဲအမျိုးမျိုး ကွဲသွားခြင်းများ ကြုံခဲ့ပြီးနောက်တွင် အနောက်ကမ္ဘာ၏ ခေတ်သစ်နိုင်ငံတကာဆက်ဆံရေး အယူအဆသစ်တစ်ရပ် ပေါ်ထွက် လာခဲ့သည်။ ပါဝါကိုချိန်ညှိရသည့် သံခင်းတမန်ခင်းသည် ရွေးချယ်စရာတစ်ခုအောက်လျော့သော မရှောင် မတိမ်းသာ ကိစ္စတစ်ခုဖြစ်သည်။ မည့်သည့်နိုင်ငံမျှ မိမိတို့အလိုဆန္ဒအတိုင်း လုပ်နိုင်လောက်အောင် အင်အား ရှိသည်မဟုတ်။ မည်သည့်ဘာသာရေးကမှလည်း ကမ္ဘာတစ်ဝန်းလုံး လက်ခံနိုင်လောက်အောင် လုံလောက်သော သြဇာရှိသည်မဟုတ်။ ထို့ကြောင့်ပင် နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ခြင်းနှင့် ဥပဒေအရ ညီမျှမှုရှိခြင်းတို့သည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် သံတမန်ရေးရာ၏ အခြေခံသဘောတရားဖြစ်လာသည်။
တရုတ်ကမူထိုသို့မဟုတ်ပေ။ သူနှင့်နှိုင်းယှဉ်လောက်သော ယဉ်ကျေးမှု သို့မဟုတ် အရှိန်အဟုန်မျိုးရှိသော လူအဖွဲ့အစည်းများနှင့် ရင်ဆိုင်ကြုံတွေ့ဖူးခဲ့ခြင်းမရှိဟူသည့် ရိုးစင်းသောအကြောင်းပြချက်ဖြင့် အခြားနိုင်ငံ တစ်ခုနှင့် တန်းညီသောရေရှည်ဆက်ဆံရေးမျိုး မထားရှိခဲ့ဖူးချေ။ တရုတ်အင်ပါယာသည် မိုးနတ်မင်းက ပေးသော အခွင့်အာဏာဖြင့်သော်လည်းကောင်း၊ သဘာဝဥပဒေသအရသော်လည်းကောင်း ပထ၀ီတစ်ခွင် အုပ်စီးထားသင့်သည်ဟု ယူဆခဲ့ကြသည်။ ထိုအခွင့်အာဏာကြောင့်ပင် တရုတ်ဧကရာဇ်မင်းများအတွက် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရာတွင် ပြိုင်ဘက်နိုင်ငံဆက်ဆံရေးမျိုး ထားရှိစရာမလိုလောက်အောင်ဖြစ် ခဲ့သည်။ သူတို့ကိုယ်တိုင်ကလည်း ထိုသို့သဘောမထားလိုခဲ့ပေ။ အမေရိကန် ပြည်ထောင်စုလိုပင် မိမိကိုယ် မိမိ အထူးအခန်းကဏ္ဍမှပါဝင်ကပြနေသည်ဟု တရုတ်က တွေးထင်ခဲ့သည်။ သို့သော် အမေရိကန်၏ ယူနီဗာဆယ်လစ်ဇင်အယူအဆလို သူ၏တန်ဖိုးများကို ကမ္ဘာတစ်ဝန်းပျံ့နှံ့အောင်အားထုတ်မှုမျိုးကိုမူ မလုပ်ခဲ့ ပေ။ သူ့နယ်ပယ်နှင့် ထိစပ်နေသောနေရာများမှ ဘာဘေးရီးယန်း (နိုင်ငံခြားသားအရိုင်းအစိုင်း)များကို ထိန်းချုပ်ထားလျှင် လုံလောက်ပြီဟုသောအယူအဆတွင် ပိတ်မိနေခဲ့သည်။ ထိုသို့ကျင့်သုံးခဲ့သဖြင့် ကိုရီးယား ကဲ့သို့သော မျိုးနွယ်တူများက တရုတ်၏အထူးဂုဏ်ဒြပ်ကို အသိအမှတ်ပြုပေးခဲ့ရသည်။ ယင်းကဲ့သို့ အသိအမှတ်ပြုခြင်းကြောင့် ကုန်သွယ်ခွင့်ကဲ့သို့သော အကျိုးအမြတ်များကို မင်းဧကရာဇ်က ချီးမြှင့်ခဲ့သည်။  သူတို့သိပ်မသိသော ဥရောပသားတို့ကဲ့သို့ ဝေးလံခေါင်ဖျားသည့်နေရာများမှ ဘာဘေးရီးယန်းများကိုမူ တရုတ်တို့က ခင်မင်နှီးစွာဆက်ဆံသည်။ အကယ်၍ တင်စီးလာခဲ့လျှင် မတူမတန်သလိုဆက်ဆံကာ အဖက် မလုပ်တော့ပေ။ ထိုသူတို့အား တရုတ်နည်းတရုတ်ဟန်သို့ ပြောင်းလဲပေးရန်ကိုမူ အနည်းငယ်သာ စိတ်ဝင်စား ခဲ့သည်။ မင်မင်းဆက်ကို ထူထောင်ခဲ့သည့် မင်းဧကရာဇ်က ၁၇၃၂ တွင် သူ့အမြင်ကို ဤသို့ဖော်ထုတ်ခဲ့သည်။အနောက်ဘက်သမုဒ္ဒရာကနိုင်ငံတွေကို ဝေးကွာတဲ့အရပ်လို့ ခေါ်ဆိုသင့်ပေတယ်။ သူတို့တွေဟာ (ငါတို့ဆီ ကို) ပင်လယ်တွေကိုဖြတ်ပြီး လာခဲ့ကြရတယ်။ ပြီးတော့ (ရောက်ရှိဖို့) လတွေနှစ်တွေ ဘယ်လောက် ကြာ တယ်ဆိုတာ သူတို့အတွက် ရေတွက်ဖို့ခက်ခဲလှပေတယ်။ ဘယ်လောက်ပဲများများ စိတ်ရင်းကောင်းကောင်းနဲ့ လာသူများကို ကောင်းမွန်စွာဆက်ဆံရမယ်ဟု မိန့်ကြားခဲ့သည်။
တရုတ်နှင့် အလွန်ပင်အလှမ်းကွာဝေးသော နေရာများတွင်ရှိနေသော နိုင်ငံများကို လွမ်းမိုးရန်ဆိုသည်မှာ လက်တွေ့မကျသော စဉ်းစားချက်ဖြစ်သည်ဟု တရုတ်ဧကရာဇ်မင်းများက ထင်မြင်ခဲ့ကြသည်။ ခြွင်းချက်ရှိ သောဝါဒ (Exceptional-ism) ကို ကိုင်စွဲသော တရုတ်မူအရ တရုတ်သည် အိုင်ဒီယာများကို တိုင်းတပါးသို့ တင်ပို့ခြင်းမပြုခဲ့ဘဲ တစ်ပါးသူတို့ကသာ သူတို့ဆီသို့ လာရောက်ရှာဖွေရယူစေသည်။  အိမ်နီးချင်းများသည် လည်း တရုတ်အစိုးရ၏အချုပ်အခြာပိုင်စိုးမှု (suzerainty)ကို အသိအမှတ်ပြုထားသမျှ၊ တရုတ်နှင့် တရုတ် ယဉ်ကျေးမှုတို့ကိုထိစပ်ခြင်းဖြင့် အကျိုးအမြတ်များရရှိနေလိမ့်မည်ဟု တရုတ်တို့က ယုံကြည်ထားသည်။ ထိုသို့ မယုံကြည်သူများကို နိုင်ငံခြားသားအရိုင်းအစိုင်း (ဘာဘေးရီးယန်း)များ ဟု သတ်မှတ်ခဲ့သည်။ မင်းဧကရာဇ်၏ အလိုတော်အတိုင်းလိုက်နာခြင်းနှင့် အင်ပါယာဆိုင်ရာဓလေ့ထုံးတမ်းများကို စောင့်ထိန်းခြင်းသည် ယဉ်ကျေးမှု အနှစ်သာရပင် ဖြစ်သည်။  အင်ပါယာအားကောင်းချိန်တွင် ယဉ်ကျေးမှုနယ်ပယ်ကိုလည်း ချဲ့ထွင်ပြီးဖြစ်သည်။ မိုးကောင်းကင်အောက်ရှိ လူမျိုးအားလုံးသည် ဟန်တရုတ်တိုင်းရင်းသားအများစုနှင့် ဟန်မဟုတ်သော တိုင်းရင်းသားအုပ်စုပေါင်းများစွာကိုစုစည်းထားသည့် လူမျိုးစုံနယ်ပယ်ကြီး တစ်ခုသာဖြစ်သည်။
နိုင်ငံခြားသံတမန်များသည် တိုင်းပြည်အရေးများ သို့မဟုတ် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် အင်ပါယာ၏ ရုံးတော်သို့ လာရောက်ခဲ့ခြင်းမရှိ၊ သူတို့သည် ဧကရာဇ်မင်းကြီး၏ လွမ်းမိုးမှုကိုခံယူကာ အပြောင်းအလဲဖြစ်ရန် လာကြသည်ဟု တရားဝင်တရုတ်မှတ်တမ်းများတွင် မှတ်တမ်းတင်ထားသည်။ ဧကရာဇ်မင်းကြီးသည် အခြားသောတိုင်းပြည်အကြီးအကဲများနှင့် ညီလာခံပြုလုပ်ခဲ့ခြင်းမရှိ၊ ယင်းတို့သည် ဧကရာဇ်မင်းကြီး၏ ဘုန်းတော်ကြီးမြတ်မှုကို အသိအမှတ်ပြုရန် လက်ဆောင်ပဏ္ဏာများဆောင်ယူကာအဝေးမှလာရောက်သော ရှေ့တော်မှောက်ခစားကြသူများအဖြစ် လာရောက်ကြခြင်းဖြစ် သည်။ တရုတ်ဘုရင့်လွတ်တော်က ကမ္ဘာ အရပ်ရပ်သို့ သံတမန်များစေလွှတ်လျှင် ၎င်းတို့သည် သံတမန်များအဖြစ်စေလွှတ်ခြင်းမဟုတ်။ ကောင်းကင်ဘုံ မှ စေလွှတ်လိုက်သောကောင်းကင်တမန်တော်များအဖြစ် စေလွှတ်ခြင်းဖြစ်သည်။ တရုတ်အစိုးရ အဖွဲ့ အစည်းသည် ကမ္ဘာအခင်းအကျင်းတွင် ထက်အောက်ပုံစံကိုထင်ဟပ်ခဲ့သည်။ တရုတ်သည် ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်တို့ကဲ့သို့ လက်ဆောင်ပဏ္ဏာဆက်သသောနိုင်ငံများနှင့် ဆက်ဆံရေးကို ဓလေ့ထုံးတမ်းများဆိုင်ရာ ၀န်ကြီးဌာနမှ ကိုင်တွယ်သည်။ ယင်းနိုင်ငံသားများနှင့်သံတမန်ဆက်ဆံရေးကို ကြီးမြတ်သောဟန်ချက်ညီမှု (Great Harmony) ဖော်ဆောင်နိုင်အောင် ကြီးမားနက်နဲသည့် အုပ်ချုပ်ရေးလုပ်ငန်းတာဝန်၏ မျက်နှာစာ တစ်ရပ်အဖြစ်သာ ပုံဖော်ညွှန်းဆိုပြသည်။ တရုတ်ဇာတ်သွင်းနိုင်မှုနည်းသည့် မြောက်ဘက်နှင့်အရှေ့ဘက်ရှိ တောင်တန်းဒေသလူမျိုးများဆက်ဆံရာတွင်လက်အောက်ခံနယ်မြေများဆိုင်ရာရုံးတော်”(Court of Dependencies) ကို ကိုလိုနီနယ်မြေများဆိုင်ရာ ဘုရင့်လွတ်တော်သဖွယ် အားထားခဲ့ပုံရသည်။ ထိုရုံးတော်၏ မစ်ရှင်မှာ သစ္စာခံမင်းသားများကို ဘွဲ့ထူးဂုဏ်ထူးများချီးမြှင့်ကာ အာဏာအပ်နှင်းပြီး နယ်ခြားဒေသငြိမ်းချမ်း ရေး ထိန်းသိမ်းရန်ဖြစ်သည်။
၁၉ ရာစုတွင် အနောက်နိုင်ငံများ၏ ကျူးကျော်မှုများ၏ ဖိအားကြောင့်သာ တရုတ်သည် သံတမန်ရေးရာများကို စီမံဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနကဲ့သို့ ဌာနတစ်ခုကိုထူထောင်ခဲ့သည်။ ထိုဌာနသည် အနောက် အင်အားကြီးနိုင်ငံများနှင်ဆင်နွှဲသော စစ်ပွဲနှစ်ကြိမ်ရှုံးနိမ့်ပြီးသည့် ၁၈၆၁ ခုနှစ်မှသာ အစိုးရ၏ သီးခြားလွတ် လပ်သောလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်လာခဲ့သည်။ ယင်းဌာနကိုလည်း ယာယီလိုအပ်ချက်တစ်ခုအဖြစ်သာ ထားရှိပြီး အကျပ်အတည်းလျော့ကျသွားသည်နှင့် ဖျက်သိမ်းသိမ်းရန် စဉ်းစားထားသည်။ ထို့ကြောင့် ၀န်ကြီး ဌာနသစ်ကိုလည်း ယခင်က သံဒင်္ဂါးဌာနက အသုံးပြုခဲ့သော မထင်မရှားအဆောက်အအုံဟောင်းတစ်ခုတွင် ထားရှိရန် သေချာစွာစီစဉ်ခဲ့ခြင်း ဖြစ်သည်။ ချင်မင်းဆက်လက်ထက်တွင် နိုင်ငံရေးအမြော်အမြင်ကြီးမားသော မင်းသားကုန်း၏ စကားအရဆိုလျှင်နောက်ကွယ်ကအဓိပ္ပာယ်ကတော့ အခြားသောအစဉ်အလာအစိုးရ ရုံးတွေနဲ့ အဆင့်မတူနိုင်ဘူးဆိုတာပါပဲ။ ဒါကလည်း တရုတ်နဲ့နိုင်ငံခြားတိုင်းပြည်တွေကြား ကွဲပြားခြားနားတယ် ဆိုတာကို ထိန်းသိမ်းထားခြင်းပါပဲဟု ဖြစ်သည်။
နိုင်ငံများကြား နိုင်ငံရေးနှင့်သံတမန်ရေးဟူသည့် ဥရောပဟန်အိုင်ဒီယာများကိုမူ တရုတ်အတွေ့အကြုံတွင် မသိရှိထားခဲ့ချေ။ တရုတ်ပြည်တွင်း စည်းလုံးမှုပျက်ပြားချိန်တွင်ဖြစ်ပေါ်သည့် ပုန်ကန်သောအစဉ်အလာပုံစံမျိုး တစ်ခုသာ ရှိခဲ့ဖူးသည်။ မိုးကောင်းကင်အောက်တွင်ရှိကြသောလူမျိုးအားလုံး ပြန်လည်ပေါင်းစည်းခြင်းနှင့် အတူ သဘောထားကွဲလွဲမှုများအဆုံးသတ်သွားပြီး တရုတ်ကိုဗဟိုပြုထားသည် မင်းဆက်သစ်တစ်ခုပြန်လည် ပေါ်ထွက်လာခဲ့သည်ချည်းပင်ဖြစ်၍ ယင်းသည်ကပင် ရေးသားမထားသောဥပဒေသတစ်ခုလို ဖြစ်နေခဲ့သည်။
၎င်း၏အင်ပါယာအဆင့်အတန်းအရ တရုတ်သည် ၀န်းရံနေသောအိမ်နီးချင်းနိုင်ငံသားများကို သမာသမတ် ကျမှုကိုသာပေးသည်။ တန်းတူရည်တူသဘောမထားခဲ့ပေ။ တရုတ်သို့ လက်ဆောင်ပဏ္ဏာဆက်သရသည့် အလေ့အထကို မည်မျှစောင့်ထိန်းလိုက်နာခြင်းနှင့် တရုတ်ယဉ်ကျေးမှုကို ရရှိမှုအချိုးအစားအရ ၎င်းတို့အား လူသားဆန်စွာသော်လည်းကောင်း၊ ဂရုဏာမေတ္တာတရားဖြင့်သော်လည်း ဆက်ဆံမည်ဖြစ်သည်။
နိုင်ငံတကာအရေးအခင်းများတွင် တရုတ်တို့ချဉ်းကပ်ခဲ့မှုနှင့်ပက်သက်လျင် အထင်ရှားဆုံးအချက်မှာ ၎င်းတို့၏ တခမ်းတနားကြီးကျယ်သောသွင်ဟန်တို့ထက် မဟာဗျူဟာအမြင်ထက်မြက်မှုနှင့် သက်တမ်းရှည်မှုတို့ကို အားပြုခဲ့ခြင်းဖြစ်သည်။ တရုတ်သမိုင်း၏ ကာလအတော်ကြာအောင်ပင် တရုတ်၏ပြောင်းလဲနေပြီး ရှည်လျား လှသော နယ်ခြားဒေသများတွင်နေထိုင်ကြသည့် လူဦးရေနည်းသောလူမျိုးများက တရုတ်တို့ထက်ပို၍ လက်နက်အင်အားကောင်းကာ ပို၍ရွှေ့လွယ်ပြောင်းလွယ် ရှိခဲ့ကြသည်။ တရုတ်၏ မြောက်နှင့် အနောက်ဘက် တွင် နေရာရွှေ့ပြောင်းနေထိုင်တတ်သည့် မန်ချူးများ၊ မွန်ဂိုများ၊ အိုက်ကွာများနှင့် တိဗက်လူမျိုးများရှိသည်။ နောက်ဆုံးတွင်မူ ရုရှားအင်ပါယာမှ နယ်ပယ်ချဲ့ထွင်သူများလည်း ရှိသည်။ ၎င်းတို့က တရုတ်၏ စိုက်ပျိုးရေး အချက်အခြာနယ်မြေများရှိသည့် နယ်ခြားဒေသကို မြင်းတပ်များဖြင့်ဝင်ရောက်စီးနင်းပြီး အထိအခိုက်နည်း စွာဖြင့် သိမ်းပိုက်နိုင်ခဲ့သည်။ ထိုသူတို့အား လက်တုံ့ပြန်တိုက်ခိုက်ရန် စေလွတ်လိုက်သည့် တရုတ်တပ်ဖွဲ့များ အဖို့မူ တောင်စဉ်တောင်တန်းကို ဖြတ်ကျော်ရသည့်အခက်အခဲ၊ ထောက်ပို့ရေးတပ်များအတွက် အခက်အခဲ များနှင့် ရင်ဆိုင်ကြုံတွေ့ရသည်။ တရုတ်စကြ၀ဠာဗေဒတွင် လက်အောက်ခံနိုင်ငံများဟု မည်ကာမတ္တသာရှိ သည့် တရုတ်တောင်ဘက်နှင့်အရှေ့ဘက်တွင် နေထိုင်ကြသူများကလည်း ထင်ရှားသည့် ရိုးရာစစ်ပညာများ နှင့် အမျိုးသားရေးအမှတ်အသားသရုပ်များကို ပိုင်ဆိုင်ထားကြသည်။ ယင်းတို့မှ ဇွဲနဘဲ အလွန်ကောင်းသူ များဖြစ်သည် ဗီယက်နမ်များကမူ တရုတ်၏ ကြီးမြတ်သာလွန်သည်ဟုအထင်ရောက်မှုကို ပြင်းပြင်းထန်ထန် ခုခံပြီး တိုက်ပွဲတွင် တရုတ်ကိုအနိုင်တိုက်သည်ဟု ထင်မြင်သည်။
တရုတ်တွင် အိမ်နီးချင်းနိုင်ငံများအားလုံးကို သိမ်းပိုက်နိုင်သည့်အနေအထားမရှိပေ။ ၎င်း၏လူဦးရေမှာ ဘိုးဘွားပိုင်မြေယာများကို လုပ်ကိုင်စားသောက်နေသည့် လယ်သမားများက အများစုဖြစ်သည်။ တရုတ်၏ အထက်တန်းလွှာ မူးကြီးမတ်ရာများဆိုသည်မှာလည်း စစ်ပွဲတွင်ရဲစွမ်းသတ္တိပြခဲ့၍ သူတို့၏ ရာထူးကိုရရှိလာ ခြင်းမဟုတ်။ ကွန်ဖြူးရှပ်၏ဂန္တ၀င်ကျမ်းများနှင့် စာပန်းချီရေးခြင်း၊ ကဗျာလင်္ကာစပ်ဆိုခြင်း စသော အနုပညာ များကို ကျွမ်းကျင်ပိုင်နိုင်ခြင်းကြောင့် ရရှိလာခြင်းဖြစ်သည်။ နိုင်ငံတစ်ခုချင်းအားဖြင့် အိမ်နီးချင်းနိုင်ငံသားများ သည် စုစည်းညီညွတ်မှုပမာဏတစ်ခုခုဖြင့် စီးနင်းလာနိုင်ဖွယ်ရှိသော အလေးထားရမည့် ခြိမ်းခြောက်မှုများ လုပ်လာနိုင်သည်။  သမိုင်းပညာရှင် အိုဝင်လက်တီမိုးက ဤသို့ရေးသားခဲ့သည်။
ထိုသို့သော အကြောင်းများကြောင့် ဘာဘေးရီးယန်းများ၏ တရုတ်အပေါ်ကျူးကျော်ခဲ့မှုများသည် အမြဲတမ်း ရှိနေသည့် ခြိမ်းခြောက်မှုများဖြစ်သည်။ ဘာဘေးရီးယန်းများတစ်ဦးက အခြားဘာဘေးရီးယန်းတစ်ဦး၏ တိုက်ခိုက်လာမည့်အရေးကို ရှေ့ နောက် ၀ဲ ယာ သတိပြုနေရခြင်းဖြင့် တရုတ်အပေါ် ကျူးကျော်လာမည့်အခြေ အနေကို စိတ်ချလက်ချဘေးဖယ်ထားနိုင်မည်။
တရုတ်၏ ရုပ်ဝတ္ထုများကြွယ်ဝမှုနှင့် အချက်အချာကျသည်ဟု အမွှန်းတင်ထားမှုများကပင် ဘက်ပေါင်းစုံမှ ကျူးကျော်မှုများအား ဖိတ်ခေါ်ထားသကဲ့သို့ ဖြစ်စေခဲ့သည်။
တရုတ်၏ အထင်ကရရုပ်ပုံလွှာကို အနောက်ကမ္ဘာမှသရုပ်ဖော်ပြလေ့ရှိသော အလွန်ထင်ရှားသည့် မဟာ တံတိုင်းကြီးကိုကြည့်လျှင် ခဲရာခဲဆစ် ကြိုးပမ်းထားသည့် အောင်မြင်သောဖြေရှင်းမှုတစ်ခုဖြစ်သည့်တိုင် တရုတ်၏အခြေခံ ထိခိုက်လွယ်မှုကိုရောင်ပြန်ဟပ်ခြင်းပင် ဖြစ်သည်။ အမြော်အမြင်ရှိသော တရုတ်နိုင်ငံရေး ခေါင်းဆောင်များသည်သံတမန်ရေးနှင့် စီးပွားရေးနည်းလမ်းအသွယ်သွယ် အပေါ်အားပြုခြင်းမှာ ရန်ပြုလာ ဖွယ်ရှိသော နိုင်ငံခြားတိုင်ပြည်များနှင့်ဆက်ဆံရေးကို တရုတ်ကိုယ်တွယ်ဖြေရှင်းနိုင်သည့်အနေအထား ရောက်ရှိနိုင်ရန်ဖြစ်သည်။ အမြင့်ဆုံးဆန္ဒမှာ သိမ်းပိုက်ရန်ထက် (တရုတ်သည် အခါအားလျော်စွာ အဓိကကျ သော စစ်ဆင်ရေးမှုပြုလုပ်သည့်တိုင်) ကျူးကျော်မှုကိုတားဆီးရန်နှင့် ဘာဘေးရီးယန်းများ ညွန့်ပေါင်းမဖြစ် စေရန်သာ ဖြစ်သည်။
တရုတ်မင်းဧကရာဇ်၏ အံ့သြထိတ်လန့်ဖွယ်ရာပုံရိပ်ကို ဖော်ထုတ်ပြသရင်း ကုန်သွယ်ရေးမက်လုံးများ၊ ကျွမ်း ကျင်သောနိုင်ငံရေးအခင်းအကျင်းများအသုံးပြု၍ ကျူးကျော်လာဖွယ်ရှိသူများက တရုတ်၏ အင်အားကို စမ်းသပ်မှုအားတားဆီးရန်အတွက် တရုတ်ကိုဗဟိုပြူသည့်နှုန်းစံများကို စောင့်ကြည့်လေ့လာစေခြင်းဖြင့် အိမ်နီးချင်းနိုင်ငံများအား အပျော့ဆွဲ ဆွဲခဲ့လေသည်။ တရုတ်၏ရည်မှန်းချက်မှာ ဘာဘေးရီးယန်းများကို သိမ်းပိုက်ရန်နှင့် လက်အောက်ခံအဖြစ်သွတ်သွင်းရန်မဟုတ်၊ “(သူတို့အား) ဇက်ကြိုးလျော့လျော့ဖြင့် ထိန်းချုပ်ရန် (ji mi)” ဖြစ်သည်။  မနာခံသူများအတွက်မူ ကျော်ကြားလှစွာသောနည်းတစ်ခုဖြစ်သည့်ဘာဘေးရီးယန်းများကို ဘာဘေးရီးယန်းများဖြင့် ခွေခြင်းဆိုသည့်နည်းဖြင့် ၎င်းတို့ကြား ခွဲခြားကာ တရုတ်က အမြတ်ထုတ်မည်ဖြစ်သည်။ တရုတ်၏ အရှေ့မြောက်နယ်ခြားဒေသမှလူမျိုးစုများက ခြိမ်းခြောက် လာဖွယ်ရှိသည်များကို မင်မင်းဆက်လက်ထက်အရာရှိတစ်ဦးရေးသား သကဲ့သို့
လူများစုများသည် ၎င်းတို့အချင်းချင်းကွဲပြားနေလျှင် သူတို့အားနည်းနေမည် (အားနည်းလျက်ပင်ရှိသည်) (ထိုသို့ဖြစ်နေခြင်းသည်) သူတို့အား ထိန်းချုပ်စိုးမိုးထားခြင်းဖြင့် အလွယ်တကူကိုင်တွယ်နိုင်မည်။ အကယ်၍ လူမျိုးစုအချင်းချင်းကွဲပြားနေလျင် တစ်စုနှင့်တစ်စုကြဉ်ကြမည်ဖြစ်ကာ နာခံရန်အသင့်ဖြစ်နေမည်။ ကျွန်ုပ်တို့က တစ်စုကို သို့မဟုတ် အခြားတစ်စုကို (သူတို့ မျိုးနွယ်စုအကြီးအကဲများကို) မျက်နှာသာပေးကာ သူတို့တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်စေမည်။ နိုင်ငံရေးလုပ်ငန်းတစ်ခု၏ အခြေခံမူဝါဒတစ်ရပ်တွင် အခိုင် အမာဆိုထားသည်ကဘာဘေးရီးယန်းများကြား စစ်ပွဲများသည် တရုတ်အတွက် အတိတ်နိမိတ်ကောင်းများ ဖြစ်သည်
ထိုစနစ်၏ရည်မှန်းချက်သည် တရုတ်၏ နယ်ခြားများတွင် ညွန့်ပေါင်းများဖွဲ့ခြင်းမှကာကွယ်တားဆီးရန် အခြေခံအားဖြင့် ခံစစ်အနေအထားဖြစ်သည်။ ဘာဘေးရီးယန်းစီမံခန့်ခွဲမှု၏ အခြေခံမူများသည် တရုတ်အရာရှိ များတွင် အရိုးစွဲနေပြီဖြစ်ရာ ၁၉ ရာစု၌ ဥရောပဘာဘေးရီးယန်းများ တရုတ်ကမ်းခြေများသို့ အင်အားဖြင့် ရောက်လာကြသည်အခါ တရုတ်အရာရှိများသည် သူတို့၏စိန်ခေါ်မှုကို သူတို့၏ရှေ့မင်းဆက်များလက်ထက် ကတည်းက အသုံးပြုခဲ့သည့်စကားစုများအတိုင်း ဖော်ပြကြသည်။ သူတို့အပျော့ဆွဲဖြင့်ကိုင်တွယ်နိုင်သည်အထိဘာဘေးရီးယန်းကိုဘာဘေးရီးယန်းဖြင့် ခွေခြင်းကို အသုံးပြုပေ မည်။ ဗြိတိသျှ၏ ကနဦးတိုက်ခိုက်မှုကိုလည်း တုံ့ပြန်ရာတွင်လည်း မိရိုးဖလာမဟာဗျူဟာတစ်ခုကိုပင် အသုံး ပြုခဲ့သည်။ သူတို့က အခြားဥရောပနိုင်ငံများကို ပထမဦးစွာဆွပေးရန် ရည်ရွယ်ချက်ဖြင့်ဖိတ်ခေါ်ခဲ့ကာ ထို့နောက် သူတို့၏ပြိုင်ဘက်ကို ကြိုးကိုင်ခြယ်လှယ်မည်ဖြစ်သည်။
ထိုရည်မှန်းချက်များအကောင်အထည်ပေါ်ရန် တရုတ်ရုံးတော်၏ အသုံးပြုသည်နည်းလမ်းများသည် ထူးထူး ကဲကဲပင် လက်တွေ့ကျလွန်းသည်။ ယွမ်နှင့် ချင်မင်းဆင်များစတင်ခဲ့သည့်အချိန် သူတို့အား တရုတ်ဇာတ်သွင်း ရန် ပမာဏအဖြစ် တရုတ်သည် ဘာဘေးရီးယန်းများကို တံစိုးလက်ဆောင်ပေးသည်။ သို့မဟုတ် ဟန်လူမျိုး ဦးရေအရသာလွန်မှုကို အသုံးပြုခြင်းဖြင့် ထိုသူတို့ကို အားပျော့လာစေသည်။ မအောင်မြင်သည့်အချိန်တွင်မှ ထိုသူတို့ကို အလျှော့ပေးခဲ့သည်။ စစ်စစ်ပေါက်ပေါက် ပရိုတိုကောတစ်ခုဖြင့်  အထက်တန်းလွှာတရုတ်တို့က ကြီးမြတ်သာလွန်မှုဟု အခိုင်အမာဆိုခွင့်ရသွားသည့်တိုင် တရုတ်ဘုရင့်ညီလာခံကမူ အခြားသောအဆက် အစပ်အကြောင်းတရားများအရ ရွှေပြည်အေးနည်းလမ်းကိုသာ ပုံမှန်ကျင့်သုံးခဲ့သည်။ ဤနည်းဖြင့် တရုတ်၏ အနောက်မြောက်ဘက်နယ်ခြားဒေသမှ တောင်ပေါ်ရှောင်နျူလူမျိုးစုများကို ကိုင်တွယ်ရန် ဟန်မင်းဆက် ၀န်ကြီးတစ်ဦးက သူ၏အဆိုပြုချက်၌ငါးစာငါးမျိုးကို ဖော်ပြခဲ့သည်။
သူတို့မျက်လုံးတွေအကျင့်ပျက်စေဖို့ ၀တ်ကောင်းစားလှတွေ၊ ရထားလုံးတွေ သူတို့ကိုပေးပါ။ သူတို့ပါးစပ်တွေ အကျင့်ပျက်စေဖို့ စားကောင်းသောက်ဖွယ်တွေ သူတို့ကိုပေးပါ။ သူတို့နားတွေ အကျင့်ပျက်စေဖို့ ဂီတနဲ့ အမျိုး သမီးတွေ သူတို့ကိုပေးပါ။ သူတို့ဝမ်းတွေ အကျင့်ပျက်စေဖို့ တဆောင်တယောင်နဲ့ အဆောက်အအုံတွေ၊ ရိက္ခာ ကျီကျတွေ၊ ကျေးကျွန်တွေ သူတို့ကိုပေးပါ။ သူတို့ စိတ်နှလုံးတွေအကျင့်ပျက်စေဖို့ မင်းဧကရာဇ်က သူတို့ကို မျက်နှာပေးချီးမြှောက်ကြောင်းကိုပြသရန် ဧကရာဇ်မင်းကိုယ်တိုင် ၀ိုင်အရက်တွေ၊ စားကောင်း သောက်ဖွယ် တွေကိုတည်ခင်းတဲ့ မင်းပွဲသဘင်တွေ သူတို့ကိုပေးပါ။ ဒါတွေဟာ ငါးစာငါးမျိုးလို့ ခေါ်ဆိုနိုင်ပေတယ်။
အင်အားကောင်းသည့်ကာလတွင် အလယ်ပိုင်းဘုရင့်နိုင်ငံတော်၏ သံခင်းတမန်ခင်းသည် အင်ပါယာ၏ ပါဝါအတွက် အိုင်ဒီယိုလိုဂျီဆိုင်ရာ ဆင်ခြင်သမှုပြုခြင်းဖြစ်သည်။ အကျကာလအတွင်း၌မူ အားနည်းချက်ကိုဖုံး ကွယ်ရန်နှင့် ပြိုင်ဘက်အင်အားစုများကို တရုတ်ကကြိုးကိုင်ချယ်လှယ်ရာ၌ အထောက်အကူပြုရန်ဖြစ်သည်။ လွန်စွာမဝေးလှသောကာလများက ပါဝါအတွက်ဒေသဆိုင်ရာပြိုင်ဘက်များနှင့် နှိုင်းယှဉ်ကြည့်လျှင် တရုတ် သည် ကန့်သတ်ထားသော နယ်မြေရည်မှန်းချက်နှင့် ကျေနပ်ရောင့်ရဲခဲ့သည့်အင်ပါယာတစ်ခု ဖြစ်ခဲ့သည်။ ဟန်မင်းဆက် (အေဒီ ၂၅-၂၂၀) အတွင်း ပညာရှင်တစ်ယောက်ရေးသားခဲ့သည်ကမင်းဧကရာဇ်သည် ဘာဘေးရီးယန်းများကို အုပ်ချုပ်တော်မမူ။ မင်းကြီးထံအခစားဝင်ရောက်သူများကိုလည်း ငြင်းပယ်ခြင်းမပြု။ ထွက်ခွာသွားသူများကိုလည်း သိမ်းသွင်းတော်မမူဟု ဖြစ်သည်။ ဦးတည်ချက်မှာ တရုတ်ထိန်းချုပ်မှုအောက် တွင် တိုက်ရိုက်ထားရှိရန်ထက် အဖြည့်ခံသဘော၊ အစွန်အဖျားဒေသတို့ကို သွေးခွဲထားခြင်း သဘောသာဖြစ် သည်။
တရုတ်၏ အခြေခံကျသော လက်တွေ့အကျိုးစီးပွားပဓာန၀ါဒ၏ အထင်ရှားဆုံးဖော်ပြချက်မှာ သိမ်းပိုက်သူများ ကို တုံ့ပြန်ခြင်းသာဖြစ်ခဲ့သည်။ တိုင်းခြားပြည်ခြား မင်းဆက်တစ်ခုတိုက်ပွဲတွင် အောင်နိုင်နေချိန်တွင် တရုတ် ဗျူရိုကရက်အထက်တန်းလွှာများ ကနဦးတွင် သိမ်းပိုက်လာသူကို အခစားဝင်ပြီးဖျောင်းဖျသည်။ အလွယ် ကျယ်ပြန့်ပြီး တစ်မူထူးသောနယ်မြေဖြစ်သည့်အတွက် တရုတ်လမ်းစဉ်များ၊ တရုတ်ဘာသာစကားများနှင့် လက်ရှိတရုတ်ဗျူရိုကရေစီများဖြင့်သာ ထကြွမှုများကိုအုပ်ချုပ်နိုင်ခဲ့သည်ဟု သံတော်ဦးတင်ကြသည်။ မျိုးဆက်တိုင်းတွင် သိမ်းပိုက်လာသူများသည် သူတို့လွှမ်းမိုးလိုသောအနေအထားနှင့် ပို၍ပို၍သဟဇာတဖြစ် လာသည်ကို သူတို့ကိုယ်တိုင် လက်ခံသွားကြသည်။ တရုတ်ကိုသိမ်းပိုက်ရန်အတွက်စတင်ခဲ့သည့် သူတို့ အမိမြေကိုပင် တရုတ်၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ယူဆသွားကြသည်။ သိမ်းပိုက်လိုက်သူ၏ ခေါင်းပေါ်သို့ သိမ်းပိုက်ခံနယ်မြေများအရေး ကျရောက်လာသည်နှင့်တပြိုက်နက် သိမ်းပိုက်သူများကိုယ်တိုင်ပင်လျှင် အစဉ်အလာ တရုတ်အမျိုးသားအကျိုးစီးပွားများကို ဖြည့်ကျင့်ပေးမိနေကြလေကုန်တော့သည်။
ကိုဝင်းကျော်