Saturday, May 26, 2012

ပြည်တော်ပြန်၊ နိုင်ငံတော်နှင့်ငါးဖယ်ပြောင်းပြန်တို့ကိစ္စ (မျိုးမြင့်ချို)

0 comments

ပြည်တော်ပြန်၊ နိုင်ငံတော်နှင့် ငါးဖယ်ပြောင်းပြန်တို့ကိစ္စ (မျိုးမြင့်ချို)
တနေ့က မိတ်ဆွေတစ်ယောက်နှင့် အလ္လာပသလ္လပပြောရင်း သူက “သူများတွေတော့ ပြန်ကြတယ်။ မင်း ဘယ်လို သဘောရလဲ” ဟု ကောက်ကာငင်ကာ မေးလာ၏။ သူက ဗမာ့နိုင်ငံရေးတွင် ကိုယ်တိုင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး မိသားစုတစ်ဘဝလုံး ပျက်မတတ်အဖျက်ခံခဲ့ရသူ။ ခုလည်း ရောက်သည့်နေရာကနေ စွမ်းသလောက်လုပ်ရင်း အိမ်နီးချင်းနိုင်ငံတစ်ခုတွင် နိုင်ငံမဲ့တစ်ယောက်လို နေနေရသူဖြစ်၏။ ဝင်ငွေမရှိ။ ရှာဖို့ အခွင့်မရှိ။ မိတ်ဆွေတချို့၏ မဖြစ်စလောက် အထောက်ပံ့လေးနှင့် ချို့ချို့ငဲ့ငဲ့။ အိမ်လွမ်းတိုင်း၊ ပြည်လွမ်းတိုင်း သောင်ရင်းမြစ်ကမ်းပါးမှာ ဆေးပေါ့လိပ်လေးဖွာရင်း တစ်ဘက်ကမ်းကို လှမ်းလှမ်းငေးတတ်သူ။

သူနှင့် မရှေးမနှောင်းတွင် မိတ်ဆွေဖြစ်ဖူးသူတစ်ယောက်က “ကိုယ်တို့ သိက္ခာရှိရှိပြည်တော်ပြန်နိုင်ဖို့ အစိုးရက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးမှဖြစ်မယ်” ဟု ဆို၏။ သူက ၈၈ မှာ ကောက်ကာငင်ကာ ရန်သူရှာတွေ့ပြီး ၈၉ ရောက်တော့ “တိုင်းပြည်ကို သေနတ်နဲ့တည်ဆောက်လို့မရ” ဟု ဆိုကာ စီးပွားရေးထဲဝင်သွားသူ။  ဗမာပြည်လက်တွေ့နိုင်ငံရေးနှင့် ခွာနေခဲ့သူ။ နိုင်ငံရေးကြောင့် ထောင်ကျသူတွေကိုပင် “ညံ့လို့” ဟု ဆိုတတ်သူ။ နောက်တော့  ပြည်ပနိုင်ငံတခုသို့ ပတ်စ်ပို့တ်ဖြင့် ထွက်သွားသူ။ ဟိုရောက်တော့ ဟိုပွဲဒီပွဲ ဝင်ဝင်အပါပြပြီး ခိုလှုံခွင့်လျှောက်ကာ အခြေချနေရင်း ဝင်ငွေအသင့်အတင့်။ မိသားစုလေး ဥမကွဲသိုက်မပျက်။ ခုတော့ ငွေထုတ်လေးပိုက်ပြီး ပြည်တော်ဝင်ရန် ခတ်ကွင်းပြင်နေသူ။
ကျနော်က တစ်ယောက်၏အမေးကို ဘာမှပြန်မဖြေမိသလို၊ တစ်ယောက်၏အပြောကိုလည်း ဘာမှတ်ချက်မှမပေးခဲ့။ ခုတော့ ဖြေချင်လာသည်။ မှတ်ချက် ပေးချင်လာသည်။

ဗမာပြည်ကအစိုးရတွေမှာ ထောင်ထဲကနေ အပြင်ထုတ်ထားချင်သူတွေကို ဖွတ်မြီးနှင့်ဖွတ်ချည်သည့်နည်း ရှိ၏။ လွယ်လွယ်ပြောရလျှင် (၄ဝ၁) အပိုဒ် (၁)။ သို့တိုင်အောင် အချည်ခံချင်တိုင်းခံလို့မရ။ သူတို့ချည်ချင်သည့်သူ ရွေးချည်၏။ လူတိုင်းကို မချည်။ လူတိုင်းအတွက် မဟုတ်။ အရွေးခံရသူက အချည်မခံဟုဆိုလျှင် နိုင်ငံတော်လုံခြုံရေးအရဟုဆိုကာ လွတ်ရက်စေ့သည့်တိုင် မလွှတ်ပဲဆက်ချုပ်ထား၏။ ဤသို့ဖြင့် နိုင်/ကျဉ်းလောကတွင် လွတ်ရက်စေ့/လွတ်ရက်ကျော်ဆိုသည့် ဝေါဟာရပေါ်လာ၏။ အချည်ခံခြင်း/မခံခြင်းနှင့်မဆိုင်ပဲ “စေ့ရကျော်ရ” သည့် နိုင်/ကျဉ်းတွေလည်းရှိသေး၏။ ထို့ကြောင့် ချည်ခြင်း/မချည်ခြင်း၊ အချည်ခံခြင်း/မခံခြင်းကို ဤနေရာတွင် မပြောလို။ ပြောလိုသည်က ဤ(၄၀၁)၌ “ဖန်တီးနိုင်သည့်အခြေအနေသည် သူ့ဘက်တွင်ရှိပြီး ရွေးချယ်နိုင်သည့်အခွင့်သည် ကိုယ့်ဘက်တွင်ရှိသည်” ဆိုသည်ပဲဖြစ်၏။ ထောင်ထဲတွင် ဘယ် နိုင်/ကျဉ်းကမှ “ငါတို့ကို (၄ဝ၁) နဲ့ လွှတ်ပေးပါ” ဟုလည်းကောင်း “လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ” ဟု လည်းကောင်း မတောင်းခဲ့ကြ။ မတောင်းကြ။ (၄ဝ၁) လိုဟာပေးလာလျှင် ယူခြင်းမယူခြင်းက တစ်ဦးခြင်းကိစ္စဖြစ်၏။ ပေးသူကလည်း တစ်ဦးခြင်းအပေါ် သူ့အကဲဖြတ်ချက်နှင့်သူ ပေးခြင်းဖြစ်၏။ ယူသူဘက်မှာလည်း ထိုနည်းနှင်နှင်ပင်ဖြစ်၏။ သူ့အကြောင်းနှင့်သူမို့ ရေးကြီးခွင်ကျယ် လုပ်စရာအကြောင်းသိတ်မရှိလှဟု အောက်မေ့၏။ ကျနော်က ထို (၄ဝ၁) ကို “ထောင်တွင်းပေး(၄ဝ၁)” ဆိုချင်၏။

လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကျတော့ တမျိုးဖြစ်၏။ (ထောင်စကားတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို “နိုင်ငံတော်” ဟု ပြော၏)။ သူ့မှာက ချည်ထားတာမရှိ။ လူရွေးပြီး ပေးခြင်းလည်း မဟုတ်တတ်။ အပြီးအပြတ်လွှတ်ခြင်း။ ဆိုတော့ လူတိုင်းလိုလို ယူသည်ချည်းပင်။ လိပ်ပြာမသန့် ဘယ်သူမှမဖြစ်။ စိတ်မလုံ ဘာမှဖြစ်စရာမရှိ။ ဘယ်သူမှ ထောင်ထဲနေချင်သည် မဟုတ်ကြ။ လွတ်ရက်မစေ့ပဲလွတ်မည်ဆိုပါက လွတ်ခြင်းလွတ် “နိုင်ငံတော်” နှင့်သာ လွတ်ချင်၏။ ထို “နိုင်ငံတော်” ဆိုသည်ကို နှုတ်ကဖွင့်မပြောရင်သာရှိမည်။ အပြင်ဘက်တွင် အလှုပ်အရမ်းရှိတိုင်း အထဲကနေ မရဲတရဲတော့ ကြိတ်မျှော်တတ်ကြ၏။ သို့သော် 
ဘယ် နိုင်/ကျဉ်းကမှ “နိုင်ငံတော်” ပေးပါဟု မတောင်း။ အခြားသူများကလည်း “နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေး” ဟုသာ တောင်းကြ၏။ “နိုင်ငံတော်” နဲ့လွှတ်ပေးပါဟု မတောင်း။

နိုင်ငံရေးဆိုသည့်သဘောတွင် “တောင်းပွဲရော၊ တိုက်ပွဲပါ” ပါ၏။ ဤနေရာတွင် “တိုက်ပွဲ”အကြောင်း မပြော။ “တောင်းပွဲ”အကြောင်း နည်းနည်းပြောမည်တွေးမိ၏။ တောင်းယူ၍ ရနိုင်ခြေရှိသည့်ကိစ္စကို တောင်းယူသည်က ကောင်း၏။ မရနိုင်မည့်ကိစ္စကို မတောင်းခြင်းက သာ၍ကောင်းသည်ထင်၏။ ဘယ်ကိစ္စ တောင်းယူ၍ရနိုင်သလဲဆိုသည်က သူ့ဘက်ကိုယ့်ဘက် ပေးနိုင်ရနိုင်ဖြစ်မှုအပေါ် တည်ပြန်၏။
တောင်းရာတွင်လည်း တောင်းပုံတောင်းနည်း ရှိသေး၏။ မပေးပေးအောင်တောင်းနည်း မျိုးကွဲတွေလည်း ရှိမည်ထင်၏။ မပေးချင်ဦး အတောင်းကောင်းလျှင် ရရသွားတတ်တာလည်း ရှိသည်ထင်၏။ ပေးစေဦး အပေးလှ၊ အရလှ လှကြဖို့လည်း လိုသည်ထင်၏။ ပေးပေး ရရ ပေးသူရော ရသူပါကျေနပ်ကြမှကောင်း၏။ နှစ်ဘက်စလုံး မျက်နှာမပျက်ရပဲ “အပေးအရ” တည့်ပါက အလွန်ကောင်း၏။ သို့သော် တစ်ခါတစ်ရံတွင် “ပေးကားပေး၏ မရ” တွေလည်း မြင်ဖူး၏။ ထိုသို့ဖြစ်ခဲ့လျှင် “တောင်းပွဲ” သည် “တိုက်ပွဲ” အသွင်ပြောင်းသွားတတ်သည်လည်း ရှိသေး၏။

ခုတစ်လော “နိုင်ငံတော်” တောင်းသံတွေ ဖြိုးဖြိုးဖျောက်ဖျောက်ကနေ ပိုးပိုးပေါက်ပေါက် ဖြစ်လာ၏။ ဦးသိန်းစိန်တို့က “လာချင်ရင် ပြန်လာပေါ့။ ဒါပေမယ့် ဒါလေးတော့ ရှိတယ်နော်” ဟု ခြွင်းချက်ကလေးခံကာ နှစ်ကြိမ်ပြန်ဆင့်လိုက်တော့ အိမ်အပြန်ခြေလှမ်းပြင်သူတွေပြင်ကြ၏။ ပြင်ကြတာလည်းကိစ္စမရှိ။ ပြန်ကြတာလည်းကိစ္စမရှိ။ “ဧည့်သည်ဒုက္ခ၊ မှီခိုသူဒုက္ခ” တွေ မြင်နေရပါလျှက် ခြေလှမ်းပြင်ရကောင်းလားဟု တစ်ဘက်သတ်ပြောပါက တရားမကျ။ ပြောလည်းမပြောအပ်ဟု ထင်၏။ သူ့အကြောင်းနှင့်သူ။ ခေါ်ပုံခေါ်နည်းနှင့် ပြန်ပုံပြန်နည်းတွေမှာလည်း ပြစရာဆင်ခြေ ခိုင်ကြမည်ထင်၏။ ခေါ်ခြင်းနှင့်ပြန်ခြင်းမှာရော ခေါ်သူနှင့်ပြန်သူမှာပါ သူတရားနှင့်သူ့စကားတို့ရှိ၏။ တစ်ချို့လည်း ပြန်ချင်၏။ သို့သော် သူ့အချိန်အဆ ကိုယ့်အချိန်အဆတွေတွက်ကာ ပြန်ရေးအတွက် စနိုးစနောင့်တွေလည်းရှိနေ၏။ ဦးသိန်းစိန်တို့၏ “ဒါလေးတော့” ကိုဆင်ခြင်မိပြီး “ဘယ်လောက် အာမခံချက်ရှိသလဲ” နှင့် “သိက္ခာရှိရှိ ပြန်ချင်” ဆိုသည့်တို့ဝင်လာကာ ရင်ခံကြရ၏။ အာမခံချက်နှင့်သိက္ခာရှိရှိသည် အလွန်အရေးကြီးပါသည်။ သို့သော် လူတိုင်းအတွက် ဟုတ်ချင်မှတော့ ဟုတ်လိမ့်မည်။ ထားတော့။ ယခု ထို “သိက္ခာရှိရှိ” အကြောင်းက ပြောစရာကိစ္စဖြစ်လာပြီ အောက်မေ့၏။ ကိစ္စရှိလာ၏။

ခတ်ကွင်းပြင်သူတစ်ချို့က သိက္ခာရှိရှိကို ရိုးရိုးမပြော “နိုင်ငံတော်” ပေးပါ။ (အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပါ) နှင့်တွဲတွဲပြော၏။ ယခု ကိစ္စသည် ထောင်စကားနှင့်ပြောရလျှင် “ထောင်ပြင်ပေး(၄ဝ၁)”။ ဖွတ်မြီးနှင့်ဖွတ်ချည်ခြင်းဖြစ်၏။ ခြွင်းချက်ရှိ၏။ တစ်ချို့ အချည်ခံချင်၍ သက်ဆိုင်ရာနိုင်ငံတွေရှိ မြန်မာသံရုံးတွေဆီသွား၏။ သံရုံးမှာ ဘာဖေါင်တွေဘယ်လို့ဖြည့်ကာ ဘာစကားတွေ ဘယ်လိုထားရသည်ကတော့ ကာယကံရှင်တွေသာ သိလိမ့်မည်။ သို့သော် ဦးသိန်းစိန်တို့ဘက်က ရှင်းသည်။ မချည်ချင်သူအား မချည်။ ချည်ချင်သူကိုကား အလွတ်မခံ။ ထောင်တွင်းပေး(၄ဝ၁) ကမှ ထောင်ဝင်နံပတ်နှင့်လာသေး၏။ ထောင်ပြင်ပေး(၄ဝ၁)တွင် နံမည်လေးပင် မပါ။ “ဘယ်သူ့ကို ချည်မယ်” လည်း မဟ။ သည်တော့ ဂွကျကုန်၏။ ဂွကျတော့ ဂွင်ရှာ၏။ ဂွင်က “နိုင်ငံတော်” ကို တွင်တွင်တောင်းရေးဖြစ်လာ၏။ သူတို့တောင်းသည့် “နိုင်ငံတော်” သည် အကျိုးလို၍ညောင်ရေလောင်းခြင်းဟု ယိုးမရအောင် ကာရဆီးရပြန်၏။ “နိုင်ငံတော်ပေးမှ နိုင်/ကျဉ်းတွေ အကုန်လွတ်မှာ” တွေ လုပ်လာ၏။ နိုင်/ကျဉ်းလွတ်စေချင်သူတွေက “နိုင်/ကျဉ်းတွေကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေး” ဟု တောင်းဆို၏။ နိုင်/ကျဉ်းတွေသည် ရာဇဝတ်မှုကြောင့် ထောင်ထဲရောက်နေခြင်း မဟုတ်ကြ။ အပြစ်သားတွေမဟုတ်ကြ။ ရာဇဝတ်ကောင်တွေ မဟုတ်ကြ။ လူ့အခွင့်အရေး အချိုးဖေါက်ခံနေရသူများ (Victims of Human Rights Abuses)၊ ရာဇဝတ်မှုအကျူးလွန်ခံနေရသူများ (Victims of Crime) သာဖြစ်၏။ “နိုင်ငံတော်”သည် ရာဇဝတ်ကောင်များကိုသာ ပေးရခြင်းဖြစ်၏။ ခုတော့ ပြောင်းပြန်တောင်းနေသလိုဖြစ်နေသည် ထင်၏။ လူထုအပေါ်တိုင်းပြည်အပေါ် ရာဇဝတ်မှုအမျိုးမျိုး ထင်သလိုကျူးလွန်ခဲ့ကြ၊ ကျူးလွန်နေကြသူတွေထံတွင် ဘာရာဇဝတ်မှုမှ မကျူးလွန်ခဲ့ရသူတွေအတွက် “နိုင်ငံတော်” ကို တစာစာတောင်းပေးနေကြ၏။ 
နိုင်/ကျဉ်းလွတ်ရေးအတွက်“နိုင်ငံတော်” ဖြင့် “နိုင်ငံရေးအညွန့်ကူချိုး” ပေးနေကြသလားပင် ထင်ချင်စရာဖြစ်နေ၏။ တောင်းခြင်းတောင်း “နိုင်/ကျဉ်းတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေး” ဟုသာ ဖြစ်ရလိမ့်မည်။ နိုင်ငံရေးအရွေ့နှင့်အလှုပ်အရမ်းကြောင့်၊ နိုင်ငံရေးအမြတ်ထုတ်လိုခြင်းကြောင့် သို့မဟုတ် အခြားအခြေအနေတစ်ရပ်ရပ်ကြောင့်  သူတို့ဘက်မှ “နိုင်ငံတော်” ပေးပြီး နိုင်/ကျဉ်းတွေလွတ်လာကြခြင်းမှာ အလွန်ကောင်း၏။ ခုတော ကိုယ့်အတွက် “နိုင်ငံတော်” ကို သူတစ်ပါးအတွက်ခေါင်းစဉ်ဖြင့် တောင်းနေကြသလားဟု မြင်စရာဖြစ်နေ၏။ စဉ်းစားစရာ ဖြစ်လာ၏။ ပြောစရာကိစ္စဖြစ်လာ၏။

သိက္ခာရှိရှိပြန်ချင်ခြင်းသည် အလွန်ကောင်း၏။ ဖြစ်လည်းဖြစ်သင့်၏။ သို့သော် ထိုသိက္ခာရှိရှိကို “နိုင်ငံတော်” နှင့်တွဲပြောခြင်းကိုမူ ဘဝင်မကျ။ ထောင်ပြင်ပေး(၄ဝ၁) မှာ “လူရွေးပေးခြင်း” မဟုတ်သလို “လူမရွေးပေးခြင်း” လည်း မဟုတ်ဟု မြင်မိ၏။ ထို့ကြောင့် ရွေးခြင်းနှင့်ပေးခြင်းသည်လည်းကောင်း ယူခြင်းနှင့်ရခြင်းသည်လည်းကောင်း တစ်ဦးခြင်းကိစ္စအဖြစ်သာ တွေးရန်လိုမည်ထင်၏။ တစ်ဦးခြင်းကိစ္စနှင့် “နိုင်ငံတော်” (အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်) သည် သီးခြားစီဖြစ်ရမည်ထင်၏။

နောက်ဆုံးတချက် ပြောချင်သည်က “အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်သည် ဘယ်သူက ဘယ်သူ့ကိုပေးရမည့်ကိစ္စ” ဆိုသည်ကို လေးနက်ဖို့ လိုမည်ထင်၏။ ကျနော်တို့က သူတို့ကိုပေးရမည်လော။ သူတို့က ကျနော်တို့ကို ပေးရမည်လော။ မည်သူက မည်သူ့ကို ပေးရမည်နည်း။ 
ခုတော့ ငါးဖယ်ကပြောင်းပြန်။
မျိုးမြင့်ချို
မေ ၂၆ ရက် ၂ဝ၁၂

0 comments:

Post a Comment